#မွှေး
အပိုင်း(၇)
ခုမှ ဘဝအစသို့ရောက်သည်ကို မွှေး သတိပြုလိုက်၏။ နောက်တစ်နေ့မနက်တွင် ကိုထွန်းမောင်၊ မသိန်းတို့က သူ့စားရေးသောက်ရေးအတွက် စီစဉ်ပေးကြသည်။ ဒေါ်လေးမူရာနှင့်တော့ ကြာကြာ စကားမပြောဖြစ်ခဲ့ပေ။ ဒေါ်လေးသူဇာသည် လွန်ခဲ့သော ခြောက်လခန့်ကပင် အိမ်က သဘောမတူသူတစ်ယောက်ကိုယူ၍ ဒေါ်လေးမူရာက ပြန်၍မကြည့်တော့ကြောင်း ကိုထွန်းမောင်ထံမှ မွှေး သတင်းမေးယူရ၏။
ဒေါ်လေးမူရာ ယောက်ျားကလည်း မွှေးကို တွေ့စဉ်တွင် ဟက်ဟက်ပက်ပက်မရှိလှသောကြောင့် မွှေးသည် အိမ်ကြီးဘက်သို့ မသွားတော့ပေ။
ထမင်းစားချိန်တွင်သာ ကိုထွန်းမောင်သည် ချိုင့်တစ်လုံးဆွဲ၍ လာပို့၏။
အတွတ်ကို နောက်လဆန်းမှပင် တွေ့ရသည်။ အတွတ် ခဏခဏ လာပေမယ့် မွှေး အလုပ်သွားနေ၍ မတွေ့ရခြင်းဖြစ်၏။ ယနေ့တော့ တနင်္ဂနွေနေ့ဖြစ်၍ ဆိုက်ဆိုက်မြိုက်မြိုက် မွှေးကို အတွတ်တွေ့ရသည်။ ခုတင်လေးပေါ်တွင် စာတစ်အုပ်ကို မွှေးက ခွေခွေကလေး ဖတ်နေရာမှ တံခါးဝတွင် အတွတ် လာရပ်သောအခါ ဝမ်းသာအားရ ဆီး၍ကြိုသည်။ အတွတ်သည် အခန်းပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။
“မွှေးကို အိမ်ပေါ်မှာ ဘာလို့ မနေစေတာလဲ”
“မွှေး ဘယ်သိမလဲ”
မွှေးက အေးအေးပင် ဖြေ၏။ ခုတင်ခြေရင်းဘက်သို့ ရွှေ့ပေးကာ အတွတ်အတွက် နေရာပေးသည်။
"ထိုင်ဦးလေ"
"ဖရက်ကို တွေ့ပြီလား"
" မွှေးဒီရောက်နေတာတော့ သူ့ဆီကို စာကြိုပေးထားလို့ သိရောပေါ့”
“သိပါတယ်။ ဒီမှာ စာပါလာတယ်”
သူ့အိတ်ထဲမှ စာထုတ်ကာ အတွတ်က မွှေးလက်ထဲသို့ ထည့်လိုက်၏။ ခုတင်ခေါင်းရင်းတွင် ထိုင်ရင်း သူ့မျက်နှာမှာ တစ်ခုခု အလိုမကျသလို ဖြစ်၍နေသည်။
“မဟုတ်သေးဘူး မွှေး၊ မင်းတို့အိမ်မှာ သူတို့နေတုန်းကတော့ အိမ်ပေါ်ထပ်မှာ အတူတူစား၊ အတူတူနေ။ မင်းလာနေတဲ့ အလှည့်ကျတော့ ဒီအစေခံတန်းလျားမှာ၊ ထမင်းစားတော့ကော”
အတွတ်၏မေးခွန်းကို မွှေးက ရုတ်တရက် မဖြေသေးဘဲ ငေးနေ၏။ ဖရက်ထံမှ စာလေးကို တယုတယကိုင်ရာမှ သူ မဖြေချင့် ဖြေချင်နှင့် ဖြေလိုက်၏။
“ထမင်းဆိုင်မှာ"
“ဟယ် ...တကယ်ပြောတာလား မွှေး”
“ညာစရာ မလိုပါဘူး။ ဆိုင်မှာတော့ သွားမစားဘူး၊ ထမင်းချိုင့် ကိုထွန်းမောင် ယူလာပေးတယ်”
မွှေး ဖြေသံသည် တိုး၍ မပွင့်တစ်ပွင့်ဖြစ်သည်။
“မွှေး အလုပ်ဝင်လုပ်တာ လခ ဘယ်လောက်ရလဲ”
“တစ်ရာ့ငါးဆယ်ကျပ် ရတယ်၊ မေမေ့ဆီ တစ်ရာကျပ် ပို့ပေးတယ်၊ ထမင်းလခက သုံးဆယ့်ငါးကျပ်”
“ကျန်တဲ့ တစ်ဆယ့်ငါးကျပ်က ခရီးစရိတ်လား”
“ရုံးက ပြည်လမ်းမှာ ဆိုတော့ သိပ်မကုန်ပါဘူး”
အတွတ်သည် ခေါင်းကို တွင်တွင်ခါရမ်းလိုက်သည်။
“မဟုတ်သေးပါဘူး မွှေးရယ်၊ မွှေး ဆင်းရဲလွန်းလှတယ်။ မွှေး ဒီလိုနေတာတွေ ကြီးကြီးတင် သိမှာမဟုတ်ဘူးထင်တယ်၊ ကိုယ် စာရေးလိုက်မယ်”
“မွှေးကိုချစ်ရင် မွှေးနေထိုင်ရတဲ့ဒုက္ခတွေ မေမေ မသိပါစေနဲ့အတွတ်ရယ်။ မေမေဟာ မလွှဲသာလို့ မွှေးကို ခွဲလွှတ်ရတယ်ဆိုတာ မွှေးနားလည်တယ်။ မွေးဒီလိုနေရတာ သိရင် မေမေ ရင်ကွဲမှာပေါ့။ အတွတ် မပြောရဘူး”
အတွတ်သည် ငိုင်သွားတော့၏။
“ဒါတွေ အဆန်းမဟုတ်ပါဘူး၊ ကိုယ်တို့မြို့က လာပြီးအလုပ်လုပ်ရတဲ့ မိန်းကလေးတွေ ပြည့်လို့ပါကွယ်။ သူတို့လဲ ဒုက္ခရောက်ကြတာပဲ။ အတွတ်ကလည်း ငိုင်မနေပါနဲ့”
“မွှေး ဒီလိုစီစဉ်တယ်။ နောက်လကျရင် မေမေ့အထဲက ငွေနှစ်ဆယ်ယူမယ်၊ ရုံးရှေ့က ဆရာမက စာသင်ပေးမယ်တဲ့။ မွှေးက ဂျပန်ခေတ်က ဆယ်တန်းဆိုတော့ ရုံးအုပ်က အလုပ်သာခန့်တယ်၊ အထင်သေးသလိုပဲ။ ဒီနှစ် မက်ထရစ်အောင်အောင် သင်မယ်”
မွှေး၏ ငွေရေးကြေးရေးအခက်အခဲများကို အတွတ်က ကူချင်သည်။ သို့သော် မာနကြီးသောကောင်မလေးသည် သူ့ထံမှ ငွေအကူအညီကို လက်ခံမည်မဟုတ်သောကြောင့် အတွတ်သည် ပါးစပ်မှ ငွေပေးလိုကြောင်း မထွက်ရက်ပေ။
"စာအုပ်တွေ ဘာတွေ အတွတ် ရှာပေးမယ်နော်။ လိုတာ ပြော”
မွှေးကို မှာခဲ့၍ပြန်သာလာခဲ့ရသည်၊ အတွတ်အဖို့ တစ်လမ်းလုံး စိတ်မကောင်းတော့ပေ။
မွှေးသည် အတွတ်ပေးခဲ့သော ဖရက်ထံမှ စာကိုဖွင့်၍ ဖတ်၏။
အချစ်/
ရန်ကုန်ကို ပြောင်းလာတယ်ဆိုတော့ မောင်သိပ်ဝမ်းသာတယ်။ ဒါပေမယ့် ခေတ်ပျက်ပြီး ရှုပ်ထွေးနေတဲ့ ရုံးတွေမှာ အချစ် အလုပ်လုပ်ရတာဆိုတော့ မောင်မကြည့်ရက်ဘူး၊ တတ်နိုင်ရင် အလုပ်ထွက်ပြီး ပြန်ပါအချစ်ရယ် ...။ မောင် နှစ်စဉ်မှန်မှန် ဝါးခယ်မကို ပြန်လာခဲ့မယ်။ မောင်ရဲ့မွှေးကို မောင်မမွှေးရတာ ကြာခဲ့ပြီကော အချစ်ရယ်။ တွေ့ကြဦးစို့။
/မွှေးရဲ့မောင်
မွှေးသည် စာဖတ်ရင်း မျက်ရည်များ စို့၍စို့၍လာသည်။ ပြီးတော့ ရှိုက်ကာရှိုက်ကာ ငိုမိသည်။ မျက်ရည်စများကို သိမ်းလိုက်ကာ ကြမ်းပေါ်တွင် ထိုင်လိုက်၏။ စာရေးစက္ကူစာအုပ်ကို သေတ္တာပေါ်မှ ဆွဲကာ မောင့်ထံသို့ သူသည် အသေးစိတ် စာရေးလိုက်တော့သည်။
မောင်/
စာကို ဖတ်ရတော့ ဝမ်းသာတာနှင့်အမျှ ဝမ်းလဲနည်းမိတယ်၊ ဘဝဟာ မွှေးတို့ထင်သလို စိတ်ကူးယဥ်ကဏ္ဍ မဟုတ်ပေဘူး ဆိုတာလည်း မွှေးတော့ ရန်ကုန်ရောက်ပဲ သိတော့တယ်၊ မောင်က အလုပ်မလုပ်စေချင်သလို မွှေးလည်း မလုပ်ချင်ပါဘူး။ ဟိုတုန်းက အတွေးတွေကတော့ မိန်းမပီသအောင်နေမယ်။ ကြိုးစားမယ်။ အိမ်ထောင်ထိန်းသိမ်းနိုင်မယ့်အချိန်ကျရင် လက်ထပ်မယ်ပေါ့။ ခုတော့ မွှေး အလုပ် ကြိုးစားလုပ်ရမယ်။ မိန်းမပီသဖို့တို့၊ ဘာတို့ ဆိုတာတွေကို ခဏမေ့ထားရမယ်။
စစ်အတွင်းတစ်လျှောက်လုံး မွှေးတို့ရဲ့ စီးပွားရေးဟာ ဘာမှ မရှိဘူး၊ စစ်ပြီးတယ်ဆို မွှေးတို့လက်ထဲမှာ အိမ်ကလွဲလို့ အင်္ဂလိပ်ငွေတောင် တစ်ပြားမှမရှိခဲ့ဘူး။ အားကိုးရာရယ်လို့ ယောက်ျားမားမားလည်း မရှိဘူး။ ပြီးတော့ စစ်ပြီးခေတ်မှာ အဆမတန် တက်လာတဲ့ ဈေးနှုန်းတွေက မိသားစုတစ်အိမ်ထောင်မှာ လူစုံတက်စေ့ အလုပ်လုပ်နိုင်မှ ဝလင်တော့မယ့်အခြေဖြစ်နေတယ်။ အခု နေရတာလဲ ပျော်လှတယ်မထင်နဲ့။ မွှေးနေရတဲ့ အခန်းလေးက အစေခံတန်းလျား၊ စားရတာက ထမင်းဆိုင်က ထမင်းပဲ။ မောင်ကတော့ ထင်မယ်။ ဒီလောက် အခြေပျက်အနေပျက်ဖြစ်ရသလား မိန်းကလေးရယ်လို့ ထင်လိမ့်မယ်။ မွေးကိုယ်မွှေးတောင် ဒီလောက် အပြောင်းအလဲမြန်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမယ့် အခြေတွေ ဘယ်လိုပျက်ပျက် မွှေးစိတ်ကိုတော့ မပျက်အောင် မွှေးအစဉ်ထိန်းမှာပဲ။ အခြေဆိုတဲ့သဘောကတော့ မွှေးမှ မပိုင်လေပဲဟာ။
မွှေးလဲ မောင်ကို တွေ့ချင်ပါတယ်။ မေမေ့ကိုတော့ မတွေ့ ပါဘူးလို့ ကတိပေးခဲ့တယ်။
ခုတော့ စိတ်နောက်နေတဲ့အဖေ၊ အိုမင်းလာတဲ့အမေနဲ့ အရွယ်မရောက်သေးသူ ညီမငယ်များအတွက် မမအေးကို မွှေး ကူနေရတာပဲ။ ဒါပေမယ့် မစ်ထရစ်အောင်အောင် ကြိုးပမ်းလိုက်ပါဦးမယ်။ အဆင်သင့်ရင် မောင်နဲ့အတူ မွှေးတက္ကသိုလ်မှာ နေနိုင်ဦးမှာပေါ့။ လဆန်း (၁၄)ရက်နေ့တိုင်ရင်သာ တစ်မြေထဲနေပေမယ့် မတွေ့နိုင်တဲ့ မွှေးရဲ့ချစ်သူကို မျှော်မှန်းလိုက်ပါဦးမယ်။
ချမ်းမြေ့ရွှင်လန်းပါစေ။
/မောင့်ရဲ့မွှေး
ထိုစာကိုလည်း အတွတ်မှတစ်ဆင့် ဖရက်သို့ ပေးခဲ့ရ၏။
နွေရာသီ ကျောင်းပိတ်ရက်နီးချိန်တွင် အတွတ်သည် မွှေးကို လာတွေ့၏။ စာမေးပွဲရက်များအတွင်းက နှစ်ယောက်လုံး စာကြိုးစား၍ မတွေ့ခဲ့ကြပေ။ ကျောင်းပိတ်အပြန်တွင် ဝါးခယ်မကို မှာစရာရှိက မှာရန် အတွတ်က သက်သက်လာတွေ့ခြင်း ဖြစ်သည်။
ယခုတစ်ခါ မွှေးကို တွေ့တွေ့ချင်း အတွတ် အံ့ဩသွား၏။ မွှေးသည် အတော်ပင် ပိန်၍သွားသည်။ မျက်နှာဝိုင်းဝိုင်း မို့မို့လေးမှာ ရှည်သွယ်သွယ် ဖြစ်၍နေ၏။ မျက်နှာကတော့ ခပ်ပြုံးပြုံးဟန်နှင့်ပင် အတွတ်ကို ဆီးကြိုနှုတ်ဆက်၏။
“မွှေး ဘာဖြစ်လဲဟင်၊ နေလို့မကောင်းဘူးလား”
တစ်ခါမှ မထိစဖူး မွှေး၏နဖူးကို လက်နှင့်ထိ၍ မေးလိုက်သည်။
“ဝမ်းပျက်နေတယ်၊ အစားမမှန်လို့ ထင်တယ်။ ဒီနေ့ ဆရာဝန်ဆီက ဝမ်းစစ်တဲ့စာရပြီ၊ ဖတ်ကြည့်ပါဦး”
မွှေးကပေးသောစာကို အတွတ်က ဖတ်ကြည့်၏။ ဝမ်းတွင် ဝမ်းကိုက်ပိုးများ ရှိရုံမက ဥပင် တွယ်၍နေပြီ။
“ဝမ်းက သိပ်မကောင်းဘူး၊ အစားအစာကလဲ မသန့်ရင် ဖြစ်တတ်တယ်”
“မသန့်တာကတော့ မပြောနဲ့။ ဟိုတစ်နေ့က ငါးကြော်ခေါင်းထဲမှာ ပိုးတွေ့၊ ပြီးတော့လဲ ထမင်းဆိုင်ဆိုတာလဲ ဘယ်သန့်ပါ့မလဲလေ၊ ဒီလိုပဲပေါ့။ ကျောင်းက မနက်ကနေ စာသင်ပြီး ရုံးဆက်သွား ဆိုတော့လဲ မနက်စာ မစားရတာက များတယ်။ ရုံးမှာ ခေါက်ဆွဲ ဝယ်ဝယ်စားတာလဲ ဝမ်းပျက်တယ်ထင်ပါရဲ့”
အတွတ်က လျှာထုတ်ခိုင်းကြည့်၏။ မျက်လုံးကို ဖြဲ၍ကြည့်၏။ မွှေးမှာ သွေးအားလည်း အတော်နည်းနေသည်။
“ကိုယ် ဆေးလာပြီး ထိုးပေးမယ်လေ။ ဒီဂရီ မရသေးပေမယ့် နောက်ဆုံးနှစ် ပထမပိုင်းသမားတွေပဲ၊ ဆေးထိုးနိုင်ပါတယ်”
မွှေးသည် သူ့ရောဂါအကြောင်းကို ဆက်၍ပြောချင်ပုံမရပေ။ ရုတ်တရက် စကားကြောင်း ပြောင်းလိုက်၏။
“နေပစေတော့ အတွတ်။ အခု ဆရာဝန်ကလဲ ဆရာမရဲ့မောင်ပဲ။ ကဲ... သိပ်မစိုးရိမ်ပါနဲ့။ စာမေးပွဲ ဖြေနိုင်ရဲ့လား”
“မွှေးကော ဖြေနိုင်လား”
“ဖြေနိုင်ပါတယ်"
“ဒေါ်ဒေါ်တင်တို့ဆီ ဘာမှာဦးမှာလဲ”
“သာကြောင်း မာကြောင်းနဲ့ မွှေး စာမေးပွဲဖြေထားတာသာ ပြောလိုက်ပါလေ။ ဖရက်ကိုလဲ မတွေ့ပါဘူးဆိုတာ ပြောလိုက်ပါ”
“ဖရက်ကို တွေ့ချင်လို့လား”
အတွတ်က မွှေးကို သနားသလို မေးလိုက်၏။
“တွေ့ချင်တာပေါ့ အတွတ်ရယ်၊ ဘယ်လိုပြောပါလိမ့်။ ဒါပေမယ့် ဖရက်နဲ့ တွေ့တာတွေ၊ သွားတာတွေကို ဒေါ်လေးမူရာ သိရင် မွှေးကို မိန်းမပျက်၊ မိန်းမပေါ့လေးလို့ ထင်မှာပေါ့။ အတွတ်နဲ့တောင် မွှေး သွားလို့လား။ ဖရက်ဆီကို တစ်ပတ်တစ်စောင် စာထည့်ပါတယ်၊ ကျောင်းပိတ်တော့မှ သူ့အိမ်ကို ရေးလိုက်တယ်"
“သူနဲ့တောင် မတွေ့တာ ကြာသွားပြီ။ တွေ့ရင်ကော မွှေးရဲ့ ဒုက္ခတွေကို ကိုယ်ပြောလိုက်ရမလား”
“မွှေးကိုယ်တိုင် စာရေးလိုက်ပြီးပြီ"
အတွတ်မှာ မွှေးကို ကြည့်ရင်း စိတ်မောလှ၏။ နှမြောသလိုလည်း ဖြစ်သေးသည်။ ဝါးခယ်မတွင်နေစဉ်က နှင်းစက်နှင့် ပွင့်လာသော ပန်းလေးလို လန်းလန်းဆန်းဆန်း ရွှင်ရွှင်လေးဖြစ်၏။ ယခု မြင်ရသည်မှာ မိုးဒဏ်လေဒဏ်ကြားတွင် ပွင့်နေရသော ပန်းလို နွမ်းခွေခွေ ကြွေလုလုဖြစ်နေတော့သည်။
* * *
မက်ထရစ်အောင်စာရင်းများ ထွက်ချိန်တွင် မွှေးနာမည်သည် ပါ၍လာသည်။ မေမေ့ထံမှလည်း စာရှည်ကြီးတစ်စောင် ရောက်လာ၏။
သမီးလေး မွှေး/
မနေ့က သတင်းစာထဲမှာ သမီး စာမေးပွဲအောင်တာ တွေ့ရတော့ အိမ်သားတွေအားလုံး ပျော်ကြတယ်။ ဖေဖေဆိုတာတော့ မပြောနဲ့တော့၊ စိတ်လွတ်နေတဲ့သူဆိုတော့ ကွေးနေအောင် ကတာပဲ။ သမီးစိတ်ထဲမှာ ဘာတွေ ဖြစ်နေမလဲဆိုတာ မေမေ အမြဲတွေးလျက်ပါပဲ။
ခုလို စာမေးပွဲအောင်တော့ သမီးလေး ကောလိပ်ဆက်သွားချင်မှာပဲ။ မေမေကလဲ သမီးကို အားပေးချင်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးလိုချင်သလောက် ́ ပညာမပေးနိုင်လို့ မေမေဟာ တာဝန်မကျေဘူးဆိုတာ သိပါတယ်။
သမီး ရန်ကုန်မှာ ဘယ်လိုနေရတယ် ဆိုတာကိုလဲ သမီး ဘယ်လိုပဲ ဖုံးပေမယ့် မေမေ အားလုံးသိရလို့ တစ်နေ့မှ စိတ်မပျော်ဘူး။ ဒါပေမယ့် သမီး ... ဘဝဆိုတာ ဒီလိုပဲ။ ကံ၊ ကံ၏အကျိုးတရား အကြောင်းတရားဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဆင်းရဲတာဟာ အပြစ်မဟုတ်ပါဘူး။ တစ်ခုပဲ၊ ဘယ်လိုပဲ ဆင်းရဲပေမယ့် ကိုယ်ကျင့်တရားမပျက်ဘဲ ကြံ့ကြံ့ခံနိုင်ဖို့တော့ သမီး သတ္တိရှိရလိမ့်မယ် “
မေမေ မကြာခင် ရန်ကုန်ပြောင်းနိုင်အောင် ကြိုးစားလျက်ပဲ။ မေမေတို့နဲ့အတူနေရတော့ သမီး စိတ်ချမ်းသာမှာပေါ့။ ထမင်းစားဝိုင်းမှာ ဖြစ်ဖြစ်၊ ပရိတ်ရွတ်ချိန်မှာဖြစ်ဖြစ် တစ်နေရာလစ်နေတာ တွေ့ရတိုင်း မေမေလဲ မပျော်ဘူး။
သမီး “သူငယ်' နဲ့ မတွေ့ရတာကိုလဲ မေမေ့ကို သမီး အပြစ်တင်ချင်မှာပဲ။ ဒါပေမယ့် သမီးရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို ကုန်စင်အောင် သမီးချစ်သူဆီ စာရေးကြည့်ပါ။ ပြီးတော့မှ တွေ့ကြတာပေါ့။ ညတိုင်းတော့ ဓမ္မစကြာ မပြတ်ရွတ်စေချင်တယ်။ သံသရာမှာ ကျင်လည်သရွေ့ တွေ့ရမယ့်ဒုက္ခတွေက လွတ်မြောက်ရာ အခြေခံတရားကတော့ ဓမ္မစကြာပဲ သမီး။
အတွတ်အပြန်မှာ သမီးစားဖို့ ငါးကြော်နဲ့ ငါးပိကြော်ကို ငရုတ်သီး နည်းနည်းပဲထည့်ပြီး ကြော်ပေးလိုက်မယ်။
မိဘလုပ်ကျွေးသူ သမီးကို ဘုရားသခင်ဟာ အစဉ်စောင့်ရှောက်ပါလိမ့်မယ်။ သမီးလေး ချမ်းမြေ့ရွှင်လန်းပါစေ..။
/မေမေ
မွှေးသည် စာရွက်ကို နမ်းလိုက်၏။
“မွှေး ဒုက္ခတွေနဲ့ မွှေးရဲ့ အခြေအနေအမှန်ကို မောင့်ဆီ စာရေးလိုက်ပြီးပါပြီ မေမေ”
သူသည် တိုးတိုးလေးရွတ်ကာ ပြောလိုက်သည်။
စားပွဲပေါ်တွင်မူ အဆင်သင့် ဖြည့်စွက်ပြီး တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာသည် လေတိုက်၍ တဖျတ်ဖျတ် လှုပ်နေသည်။
စာမေးပွဲအောင်ပြီးစမို့ မွှေးသည် အရူးလေးနှင့် တူနေသည်။ မျက်စိထဲ မြင်နေရသည်မှာ တက္ကသိုလ်ဘွဲ့ထူး၊ ပြီးတော့ ဖရက်နှင့် လက်ထပ်ကြမည်။
အမှန်တော့ သူ့အတွေးများသည် သက်တံ့ပေါ်တွင် ဥယျာဉ်တည်သောအဖြစ်ကို မွှေးသည် ရုတ်တရက် သတိမရ။ စာမေးပွဲအောင်သောအရှိန်က မွှေးစိတ်ကို ဘက်ထရီအားသွင်းပေးလိုက်သည်နှင့် တူနေသည်။ ဘာပဲဖြစ်ဖြစ် စာဆက်သင်ရန် လျှောက်လွှာသွားတင်ဖို့ ထွက်လာခဲ့သည်။ ခြံဝတွင် ဒေါ်လေးမူရာနှင့် သွား၍ဆုံနေလေသည်။ ဒေါ်လေးမူရာသည် အေးစက်စက်ဟန်နှင့် မွှေး အပြင်ထွက်သည်ကို မကြိုက်သလို ကြည့်နေသည်။
“မွှေး... ကောလိပ်ကို ခဏသွားဦးမယ်”
မွှေးက ကိုယ်ကို အနည်းငယ်ရို့လိုက်ကာ ခွင့်တောင်းလိုက်၏။ ဒေါ်လေးမူရာသည် မွှေးစာမေးပွဲအောင်သည်ကို မသိဘာသာ နေဟန်ရှိပေသည်။
“အိုင်အေမှာ ဆက်နေချင်လို့ လျှောက်လွှာသွားတင်မလို့။ ရုံးက ခွင့်တစ်ရက် ယူထားတယ်”
မွှေးက ဝမ်းသာသလို မရဲသလို အသံတုန်တုန်နှင့် ထပ်၍ ပြောပြန်၏။
“ဘာ.. အိုင်အေ ဆက်နေမလို့၊ ကိုယ့်ဘဝလဲ ကိုယ်သိဦးလေ၊ ကျောင်းဆက်နေလို့ အိမ်ကလူတွေ ဘာ သွားစားမလဲ။ ဘယ်သူ လာထောက်ပံ့ဦးမှာတဲ့လဲ”
ဒေါ်လေးသည် ဒါပဲပြောကာ ပုဏ္ဍရိက်ပန်းရုံဘက်ဆီသို့ ထွက်သွားသည်။ မွှေးရင်ထဲတွင် ထင့်ခနဲဖြစ်၍သွားသည်။ ဒေါ်လေး စကားသည် သတိပေးတာလား၊ ဘဝင်မြင့်သည်ဟု ရှုတ်ချတာလား။ ကိုယ့်ဘဝကိုယ်သိဖို့တော့ လိုသည်တဲ့၊ မွှေးက မသိသည်မှ မဟုတ်ဘဲ။ ဒါပေမယ့် ထည့်တော့ စဉ်းစားစရာတွေ အများကြီးပင်ဖြစ်သည်။ သူ ကျောင်းဆက်နေလျှင် ကျောင်းစရိတ်တွေ လိုလာမည်။ အိမ်စရိတ်အတွက်လည်း လိုလာမည်။ လူလားမမြောက်သေးသည့် ကျောင်းသားတွေကလည်း အိမ်မှာရှိသေးသည်။
မွှေးသည် နှုတ်ခမ်းကို ကိုက်လိုက်၏။ အံကို ကြိတ်လိုက်သည်။ သူ့ရင်ကို မတ်မတ်ထားကာ ကားလမ်းဘက်သို့ ခပ်မြန်မြန် ထွက်၍သွားသည်။
"ဘယ်နည်းနှင့်မဆို အိုင်အေကိုတော့ အောင်ရမည်"
သူ့ရင်ထဲတွင် ဒါတစ်ခုကို သတ်မှတ်ထားလိုက်တော့သည်။
အင်းစိန်ကားသည် လှည်းတန်းထိပ်အဝိုင်းကြီးတွင် ရပ်လိုက်သည်။ မွှေးသည် တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်ကာ ဘွဲ့နှင်းသဘင်လမ်းပေါ်တွင် ခပ်သွက်သွက် လျှောက်လာသည်။ ရှေ့မှ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးကိုသာ မွှေးက အထီးတည်း မြင်နေသည်။ သူ ဘယ်လောက် မြန်မြန်လျှောက်လာသည်မသိ။ ညာဘက်ရှိ တက္ကသိုလ်ရုံးအနီးရောက်မှ အတော်လေး မောနေမှန်း သတိရလာသည်။ ဇွန်လနောက်ပိုင်း ရောက်နေ၍ မိုးဦးဆိုသော်လည်း နေရောင်သည် ခပ်ပြင်းပြင်း ပူ၍နေပေသည်။ မွှေးသည် ရေတမာပင်ရိပ်အောက်ကို ခေတ္တဝင်၍ ရပ်နေသည်။ ရေတမာပင်များသည် ရုံးရှေ့ ဘွဲ့နှင်းသဘင်လမ်းမကြီးတစ်လျှောက် စီ၍ပေါက်နေသည်။
ရုံးခန်းတွင် ကျောင်းသူကျောင်းသားများ၏ အဝင်အထွက်တို့မှာ ရှုပ်ယှက်ခတ်နေသည်။ သူတို့မျက်နှာလေးများ ရွှင်လန်းတက်ကြွနေပုံမှာ ဆောင်းဦး၏ပွင့်စပန်းတို့နှင့် တူလှ၏။ ငယ်သွေးကြွဟန် စိတ်ပျိုမျစ်ခြင်း၏ အရောင်ပြန်ဟပ်ဟန်တို့မှာ သူတို့မျက်နှာများ၏ အလှများပေပဲ။
ကျောင်းသူများအားလုံးသည် လှပသည်မဆိုသော်လည်း လှသရွေ့တော့ လှကြသည်။ မလှဘူးဆိုသူတို့ပင် ဝတ်ပုံစားပုံ သပ်ရပ်ကြော့ရှင်းသည်။ နိုင်လွန်ပေါ်စမို့ အသားရောင်လေးတွေမှာ အထူးလှပစွာ နိုင်လွန်သားအောက်မှာ ပေါ်လွင်နေကြပေသည်။
တစ်ဝက်ဖြတ် ဆံပင်ကောက်လေးများကို ဖဲပြားစနှင့် ချည်ထားသည့်ဟန်များမှာလည်း တော်တော်များများလေးပင် ဖြစ်သည်။ ထိုကျောင်းသူတွေထဲမှာ တမာပင်အောက်မှ ရပ်နေသော မွှေးကို ကြည့်သည်မှာ တောကျီးကန်လေးနှင့် တူနေသည်။ ဘဝ၏ဒဏ်ချက်များအောက်မှ မျက်နှာဝိုင်းဝိုင်းလေးမှာ ရာသီဥတုဒဏ်ကြောင့် ရင့်ရော်နေသော တံငါသည်၏မျက်နှာနှင့် တူနေသည်။ မွှေးအင်္ကျီသည် ပင်နီဖျင်မဟုတ်၊ ပိတ်အင်္ကျီ ဖြစ်သည်။ မွှေးသည် နိုင်လွန်ပေါ်နေသည်ကို သိပေမယ့် ပေါ်စ တစ်ကိုက် လေးဆယ့်ငါးကျပ်ကို ဝယ်၍မဝတ်နိုင်သေးပေ။ သူ့သရက်ထည် ထဘီတိုတိုအောက်မှ ခြေမျက်စိ ပြည့်ပြည့်လေးသာ ပေါ်နေသည်။
နဖူးမှချွေးကို လျှောက်လွှာစာရွက်နှင့် ခတ်ရင်း မွှေးသည် လျှောက်လွှာတင်သင့် မတင်သင့်ကို စဉ်းစား၍နေပေသည်။ သက်ကြီးတက္ကသိုလ်ရှိသည် ဆိုပေမယ့် မွှေးတက်ဖို့ နေရာဝေးလှသည်။ မွှေးရှေ့တွင် ကားများသည် တစ်စီးပြီး တစ်စီး ရပ်လိုက်၊ ထွက်လိုက်၊ ဖြတ်၍သွားလိုက်နှင့် ရှုပ်ယှက်ခတ်နေပေသည်။ မွှေးလိုချင်သည်က ဆရာဝန်အတတ်ဖြစ်၏။ ကျောင်းမတက်ဘဲ လက်တွေ့ ဆင်းစရာတွေနှင့် စာမေးပွဲအောင်ဖို့ ခဲယဉ်းလှသည်။
မွှေးနဖူးမှ ချွေးများ စို့လာပြန်သည်။ အင်းလျားရေပြင်ဖက်ဆီမှ တစ်ချက်တစ်ချက် လေအေးများ တိုက်ခတ်လာလျှင် မွှေးရင်ထဲတွင် အေး၍သွားပြန်သည်။
ခုနေများ မောင်တစ်ယောက် ဘယ်ဆီတွင် ရှိနေမည်လဲဟုလည်း သူ့စိတ်ကူးနှင့်သူ မျှော်၍ ကြည့်နေသည်။
စတေရှင်ဝက်ဂွန်းကားညိုတစ်စီးမှာ မွှေး၏ရှေ့တည့်တည့် လမ်းပေါ်တွင် ထိုးရပ်လိုက်သည်။ ကားမောင်းသူသည် မွှေးကို စေ့စေ့ကြည့်နေသည်။
“မောင်...”
မွှေးက လေသံလေးထွက်ကာ တိုးတိုးလေး ခေါ်လိုက်မိသည်။ မွှေးမျက်နှာ ဝင်းထိန်၍သွားသည်။ ကားမောင်းလာသူသည် ဖရက်ပေပဲ။ ဖရက်သည် မွှေးကို စေ့စေ့ကြည့်ပြီးမှ ဆင်းရန် ဖွင့်အံ့ဆဲဆဲ ကားတံခါးကို ပြန်ပိတ်ကာ ကားစက်ပြန်နှိုး၍ မောင်းထွက်သွားလေတော့သည်။
လျှပ်ပြက်သလို မြန်ဆန်သော အချိန်အတွင်းတွင် ဒက်ဒက်နှင့် ဖြစ်လိုက်သည်မှာ တရားမှတ်သလို ဘာမျှမကြာလိုက်။ ကားသည် မွှေးမျက်စိအောက်တွင် ပျောက်၍သွားသည်။ ကိုယ်တိုင်လည်း ဘာအဓိပ္ပာယ်မှ နားမလည်လိုက်။ ပြီးတော့မှ အသက်မှန်မှန် ပြန်ရှူရသည်။
ဝေ့လာသော မျက်ရည်ကို ပြန်ထိန်းလိုက်ရသည်။ ရေတမာပင်ကို အားပြုကာ လက်တစ်ဖက်နှင့် မြဲမြဲဆုပ်၍ ထားလိုက်သည်။ လက်ထဲမှ လျှောက်လွှာစာရွက်ကို မွှေးက အစိတ်စိတ်အမြွာမြွာဖြဲ၍ မြက်ခင်းပေါ် ကြဲပစ်လိုက်သည်။ မျက်စိထဲတွင် ဘွဲ့နှင်းသဘင်ခန်းသည် ဟင်းလင်းပွင့်ကာ မြေပြင်လွင်တီးခေါင်ကိုသာ မြင်လိုက်တော့သည်။
သူသည် အားလုံးကို ကျောခိုင်းလိုက်၏။ ဘွဲ့နှင်းသဘင်လမ်းမကြီးတစ်လျှောက် လျှောက်ကာ ကားဂိတ်ဆီသို့ ထွက်လာခဲ့သည်။ လမ်းလျှောက်သည်မှာ ပြေးလုလုဖြစ်အောင်ပင် မြန်လှ၏။ ကျောင်းကြီးပျော်တို့၏ ကားပုံစံအမျိုးမျိုးများသည် အနား သီကာ ပွတ်ကာ ဖြတ်၍ ဖြတ်၍ မောင်းသွားကြသည်။
မွှေးသည် ခြေထောက်ကို သုံးရသည်မှာ အားယူနေသလို ပင်ပန်းလှ၏။ ယခုပင် စစ်ကိုင်းဆောင်ရှေ့သို့ ရောက်စရှိသေးသည်။
“ထွေပြား...သစ္စာဆိုသူ .. မေတ္တာညို့မူ ငြီးပြီထင့်လေး.. သွေလျားပစ်ခွာ သစ္စာဆိုသူ ရှိပြီထင့်လေး...”
စစ်ကိုင်းဆောင်ပေါ်မှ ကျောင်းမသွားဘဲ ကျန်ရစ်ဟန်ရှိသော ကျောင်းကြီးပျော်တစ်ယောက်၏ သူ့အတွေးနှင့်သူ ဟစ်လိုက်သော သီချင်းသံမှာ မွှေးနှလုံးသားကို ဆုပ်၍ချေသလို ဖြစ်သွားသည်။ မွှေးသည် ဤကျောင်းဆောင်ရှေ့မှ တစ်ဟုန်ထိုး ဖြတ်ပြေးသွားလိုက်ချင်သည်။ ဝေ့လာသော မျက်ရည်က ပြည့်၍ပြည့်၍လာသောကြောင့် လက်ကိုင်ပဝါဖြူနှင့် ခဏခဏတို့ရသေးသည်။
ဘွဲ့နှင်းသဘင်လမ်းမကြီးဆုံးလျှင် ညာကွေ့ကာ အင်းစိန်ဘတ်စ်ရှိရာသို့ အမြန်သွား၏။ မှတ်တိုင်တွင် အဆင်သင့်တွေ့ရသော ကားတစ်စီးပေါ် ပြေးတက်သွားတော့သည်။
သူ့နောက်မှ အပြေးအလွှားလိုက်လာသော အတွတ်ကိုပင် သူ မတွေ့၊ သတိမထားမိတော့ပေ။ တက္ကသိုလ်၏အသိုင်းအဝိုင်း အလှအပတို့သည် မွှေးအတွက် သုသာန်တစပြင်သာတည်း။
အတွတ်က မမီလိုက်တော့သဖြင့် ကားဆိပ်တွင် မောလွန်း၍ ထိုင်ချလိုက်၏။ ကျောင်းသားတချို့က သူ့ကို ဝိုင်းကြည့်၏။ ဘယ်သူကြည့်ကြည့် သူ့မျက်လုံးများမှာ မြက်ခင်းပေါ်တွင်သာ ပုံကျနေတော့သည်။ ဖြစ်ပုံကလည်း ပြောမပြောချင်တော့။
မွှေး ရေတမာပင်အောက်မှာရပ်နေပုံ၊ ဖရက် ကားထိုးရပ်ပြီးမှ ထွက်သွားပုံတို့ကို သူ အားလုံးမြင်လိုက်သည်။ မွှေး စာရွက်များဆုတ်၍ ထွက်အသွား အပြေးအလွှားလိုက်မည်အလုပ်တွင်မှ ဆရာတစ်ယောက်နှင့်တွေ့၍ ဣန္ဒြေရရ ရပ်ကာ စကားပြောနေရသေးသည်။ ယခုတော့ မွှေးကို မမီလိုက်တော့ပေ။ ယခုတစ်ကြိမ်လည်း နောက်ကျရပြန်သည်တကား။
ဒီလိုအဖြစ်တွေ တစ်နေ့နေ့ ဖြစ်လာမည်ကို အတွတ်က သိပြီးဖြစ်သည်။ သူသည် ဖရက်အကြောင်း မွှေးကို ပြောပြရန် နှုတ်လေးသည်။ ဖရက်က အင်းလျားရေပြင်တွင် “လှေကလေးကို လှော်မည်” ဇာတ်ကို ဒေါရစ်အောင်ကြီး၊ စတယ်လာ၊ အေမီတို့နှင့် ခင်းကျင်းခဲ့သည်မှာ တတိယနှစ် အင်ဂျင်နီယာသင်တန်းတက်ကတည်းကပင်ဖြစ်သည်။ မွှေး၏ဖရက်သည် အရင်လို ရိုးရိုးအေးအေး မဟုတ်တော့သည်ကို အတွတ်က ဘယ်လိုမှ ပြောမထွက်တော့ပေ။
တကယ်တော့ ဖရက်သည် အုံ့ပုန်းလေးပါတကား။
သူ့ရှေ့တွင် ကားတစ်စီး ရပ်ပြန်သည်။ ကားမောင်းသူမှာ ဖရက်ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်ကို ကားဆိပ်သို့ လာပို့ဟန် ရှိသည်။ သူသည် ဖရက်ရှိရာသို့ ထပြေးသွား၏။ ဖရက်က သူ့ကို တအံ့တသြ ကြည့်နေသည်။
“မွှေး... မွှေးကို မင်းတွေ့လိုက်လား...”
ဖရက်သည် မဖြေသေးဘဲ ကြောင်ပြီး ကြည့်နေပြီးမှ ခေါင်းခါလိုက်၏။
“ဗြောင်လိမ်တဲ့ကောင်ကွာ.. စေ့စေ့ကြည့် ဆင်းမယ်လုပ်ပြီးမှ ကားမောင်းထွက်သွားတာ ငါမြင်တယ်”
“အခု အတွတ် ဘယ်သွားမလို့လဲ... ကိုယ်လိုက်ပို့မယ်”
ဖရက်က အသံတုန်တုန်နှင့် မျက်နှာပျက်သွားကာ ပြော၏။
“မပို့နဲ့၊ အေမီ့ကို သွားတင်ပါကွာ။ ငါတော့ မွှေးဆီသွားမယ်။ စိတ်ချမ်းသာအောင် အားပေးရမယ်။ ခုတော့ မင်းပြောခဲ့တဲ့စကားတွေ မင်းမေ့ပြီပေါ့။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လိုအခက်အခဲတွေ၊ ဖြားယောင်းမှုတွေ တွေ့ပေမယ့် ကျောက်တိုင် ကျောက်စိုင်လို ခိုင်ခိုင်မြဲမြဲရှိရမတဲ့။ ထွီ...ရေ.....ရေလို အကောင်"
သူသည် ဒေါသအလွန်ထွက်လာကာ အော်ပစ်လိုက်၏။ ဖရက်မျက်နှာသည် ဖြူပြာပြာဖြစ်၍ ကျန်ရစ်သည်။ သူကတော့ နောက်လာသော အင်းစိန်ဘတ်စ်ကားပေါ်သို့ ပြေးတက်သွားတော့သည်။
အပိုင်း(၈) ဆက်ရန်
----------------------
0 Comments