မွှေး - ခင်နှင်းယု အပိုင်း (၉)

#မွှေး

အပိုင်း(၉)

အိမ်ရောက်လျှင် ချွေးသီးချွေးပေါက်ကျကာ မော၍နေပေသည်။ အတွတ်က သူ့ကို ဆီးကြို၏။ 

“စာမေးပွဲ ဖြေနိုင်လားမွှေး၊ ကြီးကြီးတင် နေမကောင်းဘူး ဆိုလို့ ကိုယ်လာကြည့်တာ”

“ဖြေနိုင်ပါတယ်၊ ထူးထူးဆန်းဆန်းတွေ့ခဲ့လို့ အတွတ်ကို မေးမလို့” 

မွှေးသည် လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်ကာ အတွတ် အနားမှာ လာထိုင်၏။

“အတွတ်မှာ မောင်မောင်နိုင်ဆိုတဲ့မိတ်ဆွေ ရှိလား” 

အတွတ်က ခဏ စဉ်းစားနေ၏။

“ရှိတာပေါ့ ကိုကိုနိုင်ကြီးလေ၊ သူ့ကို ကိုယ်တို့ကတော့ ကိုကိုနိုင်လို့ ခေါ်တယ်၊ အစက တစ်ခန်းတည်း အတူတူပဲ။ သူက တစ်နှစ် စီနီယာကျတယ်။ သောင်းကျန်းသူတွေ ထလာတော့ ကျုပ်မနေနိုင်တော့ဘူး ဆိုပြီး ကျောင်းကထွက်သွားတယ်။ စစ်တပ်ထဲမှာ အခု ဗိုလ်မှူးဖြစ်ပြီဆိုလားပဲ၊ အဲဒါ ဘာဖြစ်လို့လဲ” 

“မွှေးနဲ့တွေ့ခဲ့တယ်၊ သူက မွှေးကို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တာ၊ မွှေးကလဲ တစ်ခါမှမသိတော့ ကြောင်နေတာပေါ့”

“သိမှာပေါ့၊ အတွတ်က စကားဆိုမိတိုင်း မွှေးရဲ့အကြောင်းကို ခဏခဏ ပြောနေမိကိုး။ ခုမှ သတိထားမိတာ၊ ရေတမာပင်အောက်မှာ မွှေး စာရွက်ဆုတ်ပစ်နေတော့ သူက အနားမှာပဲ။ လူက လူ​တော်ပါပဲ။ တစ်ဦးတည်းသား၊ အမေပဲရှိတယ်။ အမေကလဲ လိုလေသေးမရှိ သူ့ဆန္ဒလိုက်ပါတယ်၊ ကွန်မြူနစ်သဘောတရားရေးဆရာ ကိုအောင်ကြီးနဲ့ တစ်ခန်းတည်းပေါ့။ သူတို့နှစ်ယောက် ဘယ်လောက်ထူးဆန်းလဲဆို ကိုကိုနိုင်ကျတော့ သမထဆရာ”

မွှေးက အတွတ်ပြောသည်ကို ရယ်ချင်လာပုံရ၏။

“အဟုတ်ပြောတာ၊ ဆေးကောလိပ်ရောက်တဲ့နှစ်ကဆို သူ့အခန်းထဲမှာ တစ်ခါတစ်ခါ သမထထိုင်နေတာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အဲဒီတုန်းက တိုင်းပြည် အတိဒုက္ခရောက်နေတဲ့အခါ ကျောင်းစာသင်ခန်းကို စွန့်ပြီး ဝင်ဆောင်ရွက်တဲ့ ကျောင်းသားတော်တော်များများ စိတ်ဓာတ်ကိုတော့ ချီးကျူးစရာပဲ။ ကြီးကြီးတင်ပြောတဲ့ ကိုယ်ကျိုးမငဲ့တဲ့စိတ် ဆိုတာ ဒါမျိုးထင်ပါရဲ့”

​မွှေးသည် သူ စ၍မေးသော မေးခွန်းကို ​ဖြေနေသော အတွတ်၏စကားကို ဆက်လက် နားထောင်လိုဟန် မရှိသလို လက်ထဲမှ ဖြေဆိုခဲ့ပြီး မေးခွန်းလွှာကို ဖြန့်၍နေတော့သည်။ သူဖြေဆိုခဲ့သည် အဖြေများ မှန်မမှန် အတွတ်ကို ပြန်၍ မေးနေတော့၏။ ပြီးတော့မှ ကြီးကြီးတင် အိပ်နေရာသို့ သူတို့နှစ်ယောက် ဝင်လာကြသည်။ 

ကြီးကြီးတင်သည် အိပ်ရာပေါ်မှာ လှဲနေရ၍ ပျင်းရိနေပုံရသည်။ မျက်နှာမှာ ဖြူလျော်၍ အတော်ပင် ပိန်ကျနေပေသည်။

“ခုနပဲ ကြီးကြီးတင်ကို အတွတ် ဆေးထိုးပေးခဲ့တယ်။ တစ်နေ့ နွားနို့လေးဆယ်သားနဲ့ ကြက်ဥ နှစ်လုံးတော့ မှန်မှန်တိုက်ရင် ကောင်းမယ် မွှေး” 

မွှေးသည် မေ​မေ့လက်များကို ဆုပ်နယ်လိုက်၏။ ​မေ​မေ့မျက်နှာသည် နှစ်သိမ့်ခြင်းဖြင့် ပြုံးယောင်ယောင်ဖြစ်နေသည်။ 

“ရောဂါက နားရင် ပျောက်လွယ်တာပဲ၊ ဘာမှမပူပါနဲ့ မေမေရာ၊ မွှေးလခလဲ နှစ်ရာ့ငါးဆယ်တောင် ရလာပြီပဲ။ မေမေ မြန်မြန်ကျန်းမာလာမှာ၊ ဆရာဝန်တစ်ယောက်လုံး အနားမှာရှိနေတာပဲ၊ ဆေးဖိုး
လဲ မပူနဲ့တော့” 

မွှေးက အတွတ်၏မျက်နှာကို လှမ်းကြည့်၍ ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သောအခါ အတွတ်စိတ်ထဲတွင် အနာဂတ်ကို တွေး၍ ကြည်နူးလိုက်မိပေသည်။

မမအေးသည် ကြက်ဥနှင့် နွားနို့ပေါင်းပြီးသား ထည့်၍ထားသော ပန်းကန်ကို ဗန်းငယ်တွင်ထည့်ကာ ယူလာသည်။ 

“မွှေးရောက်နေတာတောင် မမအေး မသိဘူး၊ မိလေးနဲ့ မိထွေးလဲ မက်ထရစ်ဖြေနိုင်လို့တဲ့၊ ရွှင်နေတာပဲ" 

“သူတို့ကတောင် မွှေးထက် ဒီဂရီ စောဦးမယ်၊ မွှေးက ပြတ်တောင်း ပြတ်တောင်းနဲ့ ဖြေရတာ" 

​မေမေသည် ​မွှေးမျက်နှာကို ကွက်ခနဲ လှမ်းကြည့်လိုက်သောကြောင့် မွှေးစိတ်ထဲတွင် ထင့်၍သွားပြန်သည်။ မေမေက ထထိုင်၍ မမအေးလက်ထဲမှ ပန်းကန်ကို လှမ်းယူလိုက်၏။ မမအေးက မပေးဘဲ မေမေ့ကို ဇွန်းနှင့်ခပ်ကာ ကလေးငယ်လို ကျွေး၍နေသည်။

အတွတ်နှင့် မွှေးသည်လည်း အပြင်သို့ ခဏထွက်လာကြသည်။ 

“မင်းကလဲ ကျောင်းမနေရတာတွေ၊ စာမေးပွဲ မဖြေဖြစ်တာတွေ လွှတ်ခနဲ မပြောပါနဲ့ကွာ။ ကြီးကြီးတင် စိတ်မကောင်းပါဘူး”

“အေးကွယ်၊ မွှေး နောက် သတိထားပါ့မယ်” 

“ဒီနေ့ ဓာတ်မှန် result ရော တံတွေးစစ်စာရော ရခဲ့ပြီ။ ကြီးကြီးတင်ရောဂါက တော်တော်ကျွမ်းနေပြီ။ တကယ်လို့ ဆေးရုံမှာ နားပြီး တစ်နှစ်လောက်ကြာလို့ ညာဘက်အဆုတ်ကောင်းသွားရင် ဘယ်ဘက်ကို ခွဲစိတ်ပြီး ထုတ်ပစ်ကုသရင်တော့ ကောင်းမယ်တဲ့။ ဒါက ဒေါက်တာသန်းအောင်ပေးတဲ့ အကြံဥာဏ်ပဲ။ ကိုယ်လဲ သူယူဆပုံကို သဘောကျပါတယ်"

မွှေးက နားထောင်ရင်း ခွေနုန်းနုန်း ဖြစ်သွား၏။ ဒီရောဂါမှာ ကြီးကျယ်ခမ်းနားရုံမက ရှည်လျားစွာ အနားယူခြင်း၊ အဖိုးတန် အားရှိသော အစားအစာများကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားနေရခြင်းမှာ လူနာများအတွက် စိတ်မောစရာ ဖြစ်သည်ကို မွှေးက နားလည်ပြီး ဖြစ်၏။

“ဆေးရုံမှာ နားတာတော့ ပိုပြီး ကောင်းတာပဲ။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးရဲ့ အဆုတ်နာအခန်းအကြောင်းကို အတွတ် သိမှာ​ပေါ့"

အတွတ်က ခေါင်းညိတ်လိုက်၏။

“နေရာ... နေရာဟာ သိပ်လိုတာပဲ။ တော်ရုံလူနာဟာ ဒီအခန်းတက်တာနဲ့ အချင်းချင်းပြန်ကူးမှာတောင် စိုးရတယ်။ ပြီးတော့လဲ ခုတင်တစ်ခုရဖို့ဟာ မလွယ်ဘူး”

အတွတ်က စိတ်ပျက်စွာ ပြောပြ၏။ 

“အေးကွယ်၊ ပိုက်ဆံခန်းကို မွှေးကြိုးစားမယ်၊ မေမေ သဘောတူရင် တင်ရအောင်” 

“ဒါကလဲ မွှေးစဉ်းစားကြည့်၊ အခန်းတစ်ခုလုံးမှ ဒေါက်တာသန်းအောင်က နှစ်ခုတင်ပဲ ရတယ်။ တီဘီလူနာတစ်ယောက် တစ်ခါ နားရင် ခြောက်လကနေ တစ်နှစ်အထိ ကြာတယ်။ နောက်တစ်ယောက်တက်ဖို့ ဘယ်လောက် စောင့်ရမလဲဆိုတာ စဉ်းစားကြည့်ပေတော့။ ကိုယ် တီဘီရိုးရိုးအခန်းဘက်ကျတုန်းက တော်တော်စိတ်မချမ်းမြေ့စရာတွေ တွေ့ခဲ့ရတာပဲ။ နားချင်တယ်ထားဦး၊ နေရာမရှိလို့ ပြန်လွှတ်ခဲ့ရတာတွေ၊ လာပြတုန်းအချိန်က အချိန်မီရောဂါအခြေအနေက မဆိုးသေးပေမယ့် နေရာကြောင့် ပြန်သွားပြီး ပြန်လာတော့ ရောဂါလွန်နေတာတွေဟာ တော်တော်စိတ်မချမ်းမြေ့စရာပဲ။ ဒေါက်တာတွေအနေနဲ့လဲ ဆေးနဲ့ကုသနည်းသာ တတ်နိုင်တာကိုး။ အခန်းပြဿနာ၊ ခုတင်ပြဿနာကို သူတို့သိပ်ခေါင်းခဲတာပဲ”

“ဒီလိုဆို မေမေ့ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲ” 

“အတွတ်လဲ ဒေါက်တာသန်းအောင်ကို တိုင်ပင်ကြည့်မှာပါ။ ခု ဒီခြံက လေကောင်းလေသန့်ရသားပဲ၊ ဒီမှာ နားနိုင်ပါတယ်။ မွှေးတို့ကိုယ်ကိုလဲ ဂရုစိုက်ပေါ့။ သောက်ရေခွက်၊ စားခွက် မရောဘဲ သီးခြားထား၊ ကိုယ်လဲ ဆေးမှန်မှန်လာထိုးမယ်။ ဒေါက်တာသန်းအောင်က အခန်းအားတဲ့အခါ အကြောင်းကြားမယ်တဲ့။ ဒီတော့မှ အထူးခန်း တင်တာပေါ့၊ အထူးခန်းမှာဆို ကြီးကြီးတင်လဲ စိတ်ချမ်းသာမယ်။ ရိုးရိုးအခန်းက လူနာအချင်းချင်း မြင်ရတာနဲ့ စိတ်မချမ်းမသာဖြစ်ပြီး ရောဂါတိုးမှာ” 

မွှေးသည် ခေါင်းငုံ့ကာ နားထောင်မြဲ နားထောင်နေ၏။

“ကဲ ... ကိုယ်ပြန်ဦးမယ်၊ ကိုကိုနိုင့်ကို တွေ့တဲ့အခါ အတွတ် ခေါ်လာခဲ့ဦးမယ်”

မွှေးက ခေါင်းတစ်ချက်ညိတ်ပြကာ ကျန်ရစ်တော့သည်။

ကိုကိုနိုင် ခွင့်ရက်မစေ့၍ မပြန်သေးခင် အတွတ်သည် နှစ်ကြိမ်လောက် ကိုကိုနိုင်ကို ​မွှေးတို့အိမ်သို့ ခေါ်လာသည်။ နောက်ပိုင်းတွင် ကိုကိုနိုင်သည် သူတစ်ယောက်တည်း ခဏခဏ သွား၏။ မွှေးတို့မိသားစုကို တွေ့တွေ့ချင်းပင် မိတ်ဆွေဟောင်းများလို ရင်းရင်းနှီးနှီး ဆက်ဆံသည်။ တစ်ခါတစ်ရံ မျက်နှာပြုံးလိုက် ငိုလိုက်နှင့် ကွေးနေအောင် ကနေသော မွှေးအဖေကြီးနှင့်ပင် ခြံထောင့်၌ စကားလက်ဆုံကျအောင် ပြော၍နေတတ်ပေသေးသည်။

နောက်ဆုံး ပြန်ခါနီးတစ်ခေါက်တွင်မူ ကြီးကြီးတင်၏အိပ်ခန်းထဲ၌ ရောဂါအကြောင်းများ၊ သူ့စစ်တပ်အကြောင်းများကို ပြော၍ပြ​နေ၏။ ကြီးကြီးတင်ကလည်း တော်လှန်ရေးကြောင်း၊ သူ့သားအကြောင်းကို ပြန်လည်ပြောရင်း သူတို့ ရင်းနှီးပုံများမှာ အံ့သြစရာလို ဖြစ်လာသည်။

သူတို့နှစ်ယောက် ပြန်ချိန်တွင်မူ မွှေးသည် ခြံဝသို့ လိုက်၍ပို့၏။ ကိုကိုနိုင်က သူ့ကားကို မောင်း၍ထွက်သွားသည်အထိ မွှေးကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သေးသည်။ 

“မွှေးလဲ တော်တော်ပိန်တယ် အတွတ်။ ကျန်းမာရေးဂရုစိုက်ခိုင်းပါဦးဗျာ

ကိုကိုနိုင်က ကားမောင်းရင်း အတွတ်ကို ပြော၏။

“ဒဏ်ကလည်း ပြင်းတယ် ကိုကိုနိုင်၊ ရန်ကုန်မှာ ငွေရှာရတယ်။ ကျောင်းကလဲ တစ်ဘက်တက်နေရတယ် ဆိုတော့ လွယ်တာ မဟုတ်ဘူး၊ ညနေ ရုံးဆင်းချိန်ကျရင်လဲ သတင်းစာတိုက်တစ်ခုမှာ အလုပ်သင်ပြီး ဝင်ကူနေတယ် ကြားတယ်။ အဲဒီက သူ ငွေပိုလေး ဘာလေးရသတဲ့။ Editorial အဖွဲ့ထဲတောင် ပါသလိုလိုပဲ။ မွှေးက ခေါင်းကလဲမာ၊ ဘယ်သူ့အကူမှလဲ လက်မခံဘူး။ ပြီးတော့ တီဘီ လူမမာတစ်ယောက် အိမ်ရှိနေတယ်ဆိုရင် ငွေကတော့ ဒလဟောပဲ။ သူများမိန်းကလေး ဘဝကို စကြတယ်ဆိုတာက သုညက စရတာ၊ မွှေးက သုညမှာ နောက်က အနုတ်လက္ခဏာပါသေးတယ်"

“အေး...ကျွန်တော်တော့ မွှေးကို ဘာသဘောကျမှန်း မသိဘူး၊ သိပ်သဘောကျတာပဲ။ သူ့ပုံစံဟန်ပန်က စစ်သားလိုပြောရရင် မာတယ်၊ သွက်တယ်၊ ထက်ပုံရတယ်ဗျ။ မျက်လုံးကရော အတွေးအခေါ်နဲ့ စွမ်းရည်အတော်ရှိတဲ့ မျက်လုံးမျိုး"

အတွတ်ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြန်သည်။ ယခု ရင်ခုန်သံသည် လွန်ခဲ့သော ခုနစ်နှစ်ကျော် ရှစ်နှစ်လောက်က ရင်ခုန်သံနှင့်ထပ်တူထပ်မျှပါတကား။ ဘုရား ... ဘုရား လွန်ခဲ့သော ရှစ်နှစ်လောက်က မွှေးတို့အိမ်သို့ ဖရက်ကို သူပင်ခေါ်လာခဲ့သည် မဟုတ်ပါလော။ 

“စကားပြောပုံကလဲ မရှင်းဘူးလား၊ မပြတ်သားဘူးလားဗျာ။ ကျွန်တော်သာ မွှေးနဲ့ စကားပြောနေရင် ဘယ်တော့မှ ငြီးငွေ့မယ် မထင်ဘူး”

ကိုကိုနိုင်စကားသံသည် ကားမောင်းရင်း လေတိုးသံကြောင့် မကြားပါရစေနှင့်ဟု အတွတ်က ဆုတောင်းမိ၏။ သို့သော် စကားသံများမှာ ပိုမို၍ပင် ပြတ်သားစွာ ကြားနေရပေသည်။ 

ကိုကိုနိုင်သည် နောက်နှစ်ရက်တွင်ပင် ပြင်ဦးလွင်သို့ ပြန်သွားခဲ့ပေသည်။ 

ဧပြီလ၏နောက်ဆုံးပတ်သို့တိုင်လျှင် စာမေးပွဲအောင်စာရင်းများ ထွက်လာခဲ့သည်။ မွှေးတို့ညီအစ်မသုံးယောက်လုံး စာမေးပွဲအောင်မြင်ကြသည်။ အတွတ်သည်လည်း အမ်ဘီဘီအက်စ် ဒီဂရီရ၍ ကိုကိုနိုင်လည်း ဘီအေအောင်၍ သွားတော့သည်။ 

အတွတ်က သူကိုယ်တိုင်အောင်သည်ထက် မွှေး အောင်သည်ကို ပျော်ရွှင်ကျေနပ်၍မဆုံးပေ။ သူ့အတွက်မူ လန်ဒန်သို့ ဆက်လက်ပညာသင်သွားဖို့ စီစဉ်နေသည်။ ဒီကြားအချိန်တွင် မွှေးနှင့် မေမေ့ကို သူဘယ်လို ဖွင့်ပြောရပါ့။ အလိုလိုသာ မွှေးသည် သူ့စိတ်ကို သိတတ်ပါလျှင် မည်မျှအဆင်​ပြေမလဲဟု စိတ်ကူးကလည်း ယဉ်ပေသေးသည်။ မွှေးလက်ခံသည် ဆိုမှ ​မေ​မေ့ကို ပြောချင်သည်။ ​မေ​မေက​တော့ ပင်ကိုယ်က ​ပေးစားချင်ချင်မို့ မွှေးတို့မေမေကို နားဖောက်ဖို့ အများကြီး လွယ်သည်။ မွှေးကများ ခေါင်းခါလိုက်ပါလျှင် သူရင်ကျိုးရချည်ရဲ့။ 

တစ်ယောက်တည်း မထွေးနိုင် မအန်နိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာရမည့်အချိန်မှာ တဖြည်းဖြည်း နီးလာတော့သည်။ 

ကြီးကြီးတင်ကို သွားကြည့်ရသည့် ညနေတိုင်း မွှေးမျက်နှာကိုသာ ပန်းပွင့်အလှကြည့်သလို ကြည့်၍ပြန်ခဲ့၏။ သူ့ရင်ထဲတွင် ဘာတွေ ဖြစ်နေသည်ကို စာထဲတွင် ချရေးလို့မရ၊ ပါးစပ်ကလည်း ဘယ်ကစပြောရမည်ကို တွေး၍မတတ်ပေ။

တစ်ညနေကများ မိုးတွင်းဖြစ်၍ စံပယ်ပန်းများ လှိုင်လှိုင်ဖူး၍နေချိန်ဖြစ်သည်။ အေးမှတစ်ပါး ကျန်ညီအစ်မသုံးယောက်မှာ စံပယ်ဖူးများကိုခူး၍ ဗန်းခုံးလေးများထဲတွင် ထည့်နေကြသည်။ သူသည် ကြီးကြီးတင်ကို ဆေးထိုးပြီး အိမ်အဝထွက်ကာ မတ်တတ်ရပ်နေသည်။ မွှေးတို့ဆီသို့ မျှော်ကြည့်ရင်း စိတ်က အလိုလိုမောနေသည်။ ဤခေတ်တွင် သူ့လိုနှုတ်နှေးသူ သူငယ်တစ်ယောက် ရှိနေသေးသည်ဆိုလျှင် မည်သူကမျှ ယုံမည်မဟုတ်ပေ။

နေ့လယ်က မိုးစိမ့်စိမ့် ရွာထားသောကြောင့် မြေမှာ သိပ်နေသည်။ ညနေ နေသာပုံလေးသည် ရွှင်ကြည်ကြည်နှင့် လေကလည်း အေးမြမြတိုက်လာသည်။ ​မွှေးအနားသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် မွှေးကိုလက်ထပ်ပြီး လန်ဒန်ကို တစ်ပါတည်း ခေါ်သွားမည့်အကြောင်းကို သူသည် ဘာစကားမျှ ပလ္လင်မခံဘဲ ပြောရန် ထွက်သွားတော့သည်။

မွှေးရှေ့ရောက်လျှင် မွှေးသည် လက်ထဲမှ ပန်းပွင့်တချို့ကို သူ့ကို လှမ်းပေးလိုက်၏။

“မိုးရေထိ သွားပေမယ့် ပန်းကလေးတွေက မွှေးတုန်းပဲ အတွတ်ရယ်” 

အတွတ်သည် ဘာမှမပြော။ မွှေးကို ကြောင်၍ ကြည့်နေသည်။ နှုတ်ခမ်းများ လှုပ်ရန် အားယူပြီးမှ ... " “ကြီးကြီးတင်ဟာ မိုးအေးလို့ ထင်တယ်၊ ရောဂါတိုးနေတယ်” ဟု ပြောချလိုက်သည်။ 

မွှေးသည် သူ့မျက်နှာကို ထိတ်လန့်သလို ဖျတ်ခနဲ ကြည့်ကာ မြေပေါ်မှ ဗန်းခုံးလေးကိုပင် မကောက်တော့ဘဲ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။

အတွတ်သည် သူ့အဖြစ်ကို ရယ်ရမလား၊ ငိုရမလား တွေး၍မတတ်တော့ပေ။ စိတ်ထဲမှာလည်း ရှုပ်ထွေးလာတော့သည်။ တစ်ချီဖြင့် လွတ်၍ သွားပြန်သည်တကား။

အပိုင်း(၁၀) ဆက်ရန်
---------------------
#ခင်နှင်းယု

Post a Comment

0 Comments