မြကြာဖြူ (ခင်နှင်းယု)
_______________
အပိုင်း (၁၅)
၂၁။
ဆောင်းနံနက်နေခြည်သည် အရောင်တောက်ပပေမယ့် အပူရှိန်မပြင်းသေးပါ။ နှင်းများ ပါးစပြုလာပြီ။
"မြကြာဖြူ"
အစိမ်းရင့်အောက်ခံပေါ်မှာ အဖြူရောင်စာလုံးနှင့် မြကြာဖြူဟူသော ဆိုင်းဘုတ်ကြီးမှာ စကော့စျေး အနောက်ဘက်တန်းတွင် ဝင်းပနေသည်။
ပြောင်လက်နေသော ဗီရိုကြီးများကို ငွေရောင်ဖဲစများနှင့် အုပ်ထားသည်။ ဆိုင်းဘုတ်တင် ဆိုင်ဖွင့်ပွဲဖြစ်၍ နံနက် ၈နာရီလောက်မှာ မွန်းလတ်ဘုန်းကြီးများကို ဒံပေါက်ဆွမ်းကပ်လိုက်သည်။ ၉နာရီလောက်မှစ၍ ဧည့်သည်များကို ဒံပေါက်ကျွေးမွေးသည်။ ဖိတ်ခေါ်ထားသောဧည့်သည်များမှာ မများလှသော်လည်း အရေးပါသူများဖြစ်သည်။ ကုန်သွယ်ရေးဌာနမှ အတွင်းဝန်နှင့် အမှုထမ်းတချို့၊ မြန်မာကုန်သည်ကြီးများအသင်း၏ဥက္ကဌနှင့် အတွင်းရေးမှူး၊ ဦးဘိုးငြိမ်းကုမ္ပဏီ၊ ဆန်းကုမ္ပဏီ၊ စိန်ဘရားသားစသော ဗိုလ်ချုပ်စျေးအတွင်း မြန်မာကုန်သည်ကြီးများနှင့် ပါရာစရမ်အာလာမိုး၊ တီကျူးမား စသော ကုလားကုန်သည်များ၊ ဒေါ်ခင်သက်တင်၏တရုတ်ကုန်သည်များနှင့် ဒေါ်သန်းရီတို့ကိုပါ ဖိတ်ခေါ်ကျွေးမွေးသည်။ ဦးခင်ဆွေကိုတော့ သူ မဖိတ်။ ဦးရွှေဇံအောင်နှင့် ဒေါ်စံကျော့ခိုင်မိတ်ဆွေတချို့လည်း လာကြသည်။
ရှယ်လီက ဆံထုံးမို့မို့ထုံးကာ ပုလဲဆံထိုးတခု ထိုးစိုက်ထားသည်။ သွယ်ပြောင်းဖြူနုသော သူ့လည်တိုင်မှာ ပုလဲသွယ်တကုံးရစ်ခွေလျက် နိုင်လွန်အဖြူလက်ရှည်၊ မန္တလေးပိုး အဖြူရောင်နှင့်ပန်းရောင် နှစ်ရောင်ချိတ်လုံချည်ကို ဝတ်ထားသည်။ လှပကျော့ရှင်းသည်ထက် အရွယ်၏ခန့်ညားခြင်းကျက်သရေနှင့် ရှယ်လီ ငယ်စဉ်ကထက်ပင် အလှပြည့်စုံလာသည်ဟု ထင်ရသည်။
ရှယ်လီသည် ဧည့်သည်များကို ဧည့်ခံကြိုဆိုရင်း ယောက္ခမများနှင့်လည်း မိတ်ဆက်ပေးရင်းက တစုံတယောက်ကို မျှော်လင့်နေမိသည်။
တနေ့ညနေက သူ တူးတူးကို ဖုန်းဆက်သည်။ သူ၏ကုမ္ပဏီဖွင့်ပွဲကိုလာဖို့၊ ယခု ၁၀နာရီ ထိုးလုပြီ။ ဧည့်သည်များလည်းစုံသည်။ သူ့ကို ခွင့်လွှတ်လျှင်ဖြင့် တူးတူး လာကောင်းပါရဲ့။
၁၀နာရီထိုးကာနီး တူးတူး ရောက်လာသည်။ သူ့ပုံစံက ဆံမြိတ်ယှက် ဆံထုံးမြင့်မြင့်မှာ စပယ်တကုံး ရစ်ခွေပန်လျက်။ နိုင်လွန်အဖြူလက်ရှည် ဘရိုကိတ်အစိမ်းခက်ပါသော လုံချည်ဝတ်လာသည်။ ပြည့်ဖိုးကြည်လင်သောမျက်နှာက သူ့ပတ်ဝန်းကျင်ကိုပါ လင်းလက်သွားစေပါသည်။
"တူးတူးရေ ...လာ၊ ရှယ်လီဝမ်းသာလိုက်တာ"
ရှယ်လီက ကားပေါ်မှဆင်းလာသော တူးတူးကို ကိုယ်တိုင်ကြိုဆို၍ ယောက္ခမကြီးများနှင့် မိတ်ဆက်ပေးသည်။
၁၀နာရီတိတိတွင် ဆိုင်ကို အတွင်းဝန်က ဖွင့်လိုက်ကြောင်းကြေညာကာ ကျောက်မျက်ရတနာများထားသော မှန်ဗီရိုကြီးပေါ်မှ ဖဲစကို တဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။ ဆိုင်နှစ်ခန်းတွဲမှာ ညာဘက်တခန်းက အထည်အလိပ်၊ နိုင်ငံခြားဖြစ်မျိုးစုံ။ ဘယ်ဘက်အခန်းက မြန်မာဖြစ် ပိုးထည်ယွန်းထည်များနှင့် လုပ်ပြီးသားလက်ဝတ်ရတနာများဖြစ်သည်။ ဗီရိုကြီးများပေါ်မှ ပိုးစများ တဖြည်းဖြည်း လျှောကျသွားသောအခါ သစ်လွင်တောက်ပသော ပိုးဖဲစတွေ၊ လက်ဝတ်ရတနာတွေအရောင်နှင့် ဆိုင်တခန်းလုံး ဝင်းလက်သွားသည်။
ဧည့်သည်တွေ ပြန်သွားပေမယ့် တူးတူး ကျန်ရစ်သည်။ ရှယ်လီက ဒေါ်ခင်သက်တင်နှင့် တူးတူးကို မိတ်ဆက်ပေးသည်။
"ရှယ်လီ ကုန်သည်တယောက်ဖြစ်အောင် မမက မွေးပေးလိုက်တာပဲ၊ ရှယ်လီရဲ့ကျေးဇူးရှင် မမဒေါ်ခင်သက်တင်ပါ တူးတူး၊ မမ ဒါက ရှယ်လီ့သူငယ်ချင်း အတွင်းဝန်ကတော် ဒေါ်ခင်မေသိုက်၊ ရှယ်လီတို့က တူးတူးလို့ပဲ ခေါ်ကြတယ်"
တူးတူးက ပြုံး၍ ဒေါ်ခင်သက်တင်ကို နှုတ်ဆက်သည်။ သူ့အပြုံးတွင် ခွင့်လွှတ်ခြင်း ပါတန်ကောင်းပါရဲ့ဟု ရှယ်လီ ဆုတောင်းနေမိသည်။
"ဒေါ်လီတို့ မန္တလေးပြောင်းသွားတာ တူးတူး သိတယ်နော်"
ရှယ်လီက မေးလိုက်၏။
"သိပါတယ်။ သူ ဖုန်းနဲ့နှုတ်ဆက်တာ နောက်ကျလို့ ထမင်းတောင် မကျွေးလိုက်ရဘူး"
"ရှယ်လီ့မှာ ဒေါ်လီမရှိတော့ တမျိုး အားငယ်ရတယ်၊ ဘာပဲဖြစ်ဖြစ် တူးတူးကို ဒေါ်လီ့ကိုယ်စား ရှယ်လီ အားကိုးရမှာပဲ"
တူးတူးသည် ရှယ်လီ့လက်ကို ဖြည်းညင်းစွာ ဆွဲယူဆုပ်ကိုင်လိုက်၍ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်။
"တူးတူး တတ်နိုင်တာ ကူညီပါ့မယ် ရှယ်လီ၊ ကဲ ပထမဆုံး ဝယ်သူအနေနဲ့ တူးတူး စျေးဦးဖောက်မယ်"
တူးတူးက ပြောပြောဆိုဆို မြန်မာပိုးထည်များ ခင်းကျင်းပြသထားသော ဗီရိုထဲမှ ပိုးအစိမ်းရင့်နှင့် အဖြူနှစ်ရောင် ချိတ်လုံချည်တထည် ဝယ်လိုက်သည်။ ရှယ်လီက လုံချည်ဖိုးငွေ လက်ခံ၍
"သူတော်ကောင်းပိုက်ဆံ ဝင်လာမစဲ တသဲသဲ ဆိုကြတယ်နော်၊ အခုလည်း တူးတူးမေတ္တာကြောင့် ရှယ်လီ ကြီးပွားပါစေ ဆုတောင်းပါတယ်"
သူ ပြောရင်း အသံတုန်ကာ မျက်ရည်များ ဝဲလာသည်။ ဒီနေ့က မျက်ရည်ဝဲရမည့်နေ့မဟုတ်၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံရမည့်နေ့။ ပြီးတော့ တူးတူးခွင့်လွှတ်ခြင်းကို ခံစားရသောနေ့၊ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
"ရှယ်လီ တူးတူး ပြန်တော့မယ်"
တူးတူးသည် ဦးရွှေဇံအောင်တို့လင်မယားနှင့် ဒေါ်ခင်သက်တင်ကိုပါ နှုတ်ဆက်၍ ပြန်လာခဲ့သည်။
အားလုံး ဧည့်သည်စဲသွားတော့ ဒေါ်ခင်သက်တင်ပဲ ကျန်ရစ်သည်။ ယောက္ခမကြီးတွေလည်း ပြန်သွားပြီ။
"ကဲ ...မမဆိုင်က အရောင်းစာရေး ရှယ်လီ မဟုတ်တော့ဘူးနော်၊ ဒေါ်မြကြာဖြူဖြစ်လာပြီ"
ဒေါ်ခင်သက်တင်က စကားစလိုက်သည်။
"ကုန်သည်ဟာ သံတမန်လိုပဲ၊ သံတမန်ပြုံးလည်းပြုံးတတ်ရမယ်။ လူပေါင်းစုံကို ဝင်ဆန့်အောင် ဆက်ဆံရတာ၊ ရှယ်လီက လှတော့ အန္တရာယ်တခုခုနဲ့ကြုံလည်း ပရိယာယ်နဲ့ ကာကွယ်တတ်ရမယ်။ ဟိုတုန်းကလို ဦးခင်ဆွေ ပါးချခဲ့တာမျိုးတော့ ဆင်ခြင်ပေါ့"
ဒေါ်ခင်သက်တင်က အတိတ်ကို ပြန်လည်ပြောပြသည်။ ပရိယာယ်နှင့် ကာကွယ်ရမည့်အစား ကိုယ်ထိလက်ရောက်ကျူးလွန်သော သူ၏အမှားကို ထောက်ပြသည်။
"သူတို့က အကြမ်းဖက်လာရင် နည်းစုံနဲ့ ကာကွယ်ရမှာပေါ့လေ"
ဒေါ်ခင်သက်တင်က စကားကို ဖြေကာ စကော့စျေးရှိ တချို့အမျိုးသမီးများ ကုန်သွယ်ရင်း အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိကြောင်း ပြောပြရင်း သူ့ကို သတိပေးသွားသည်။ သူ ဒေါ်ခင်သက်တင်ကို အထူးကျေးဇူးတင်ပါသည်။
မြကြာဖြူဖြစ်လာအောင် ဒေါ်ခင်သက်တင် သူ့ကို ကျောက်ရိုင်းလိုသွေးကာ အရောင်တင်ပေးခဲ့သည်မဟုတ်ပါလား။
၂၂။
အင်နီ တက္ကသိုလ်စတက်သောနေ့က ရှယ်လီကိုယ်တိုင် ကားမောင်းကာ သမီးကို ကျောင်းပို့သည်။ အင်နီက အင်္ဂလိပ်စာတဘာသာပဲ ဂုဏ်ထူးရသည်။ အင်္ဂလိပ်စာနှင့် မြန်မာစာတွဲယူကာ တက္ကသိုလ်ဆက်တက်သည်။ လင်း၏ဂျစ်ကားလေးကို ရောင်းချကာ အော်စတင် အေဖော်ဘီ(၄၀)ကို ဝယ်စီးလိုက်သည်။ စာသင်ခန်းရှေ့တွင် ကား ရပ်ကာပေးပြီး သမီး ဆင်းသွားသည်ကို ကြည့်နေမိသည်။
သမီးသည် တည်ငြိမ်အေးဆေးလွန်းသည်။ ဂျင်မီ့လို သွက်သွက်လက်လက်မရှိ။ စကားနည်းသည်။ စာကြည့်ချိန်မှန်သည်။ သူမှာထားသလို စာကြည့်ပြီးလျှင် မီးဖိုချာင်ဝင်သည်။ အလုပ်နှင့် အဘိုးအဘွားကျေနပ်အောင် ပြုစုပေမယ့် တီတီတာတာ ဖွဲဖွဲ့နွဲ့နွဲ့ စကားမပြောတတ်။
အဝတ်အစားကလည်း သူ ငယ်စဉ်ကနဲ့ ဘာမှမတူ။ သူက ငွေကိုင်သုံးရသူမို့ ဆန်းသမျှ ဝတ်သည်။ အင်နီက ဆန်းဆန်းပြားပြားလည်း မပူဆာတတ်။ သူဝယ်ပေးသမျှ ဝတ်သည်။ အဘွားသွင်းပေးသော ပုံစံထင်ပါရဲ့။ ကျောင်းတက်သွားလျှင် ရခိုင်လုံချည်ရောင်စုံပဲ ဝတ်သည်။ ပြီးတော့ အင်နီအမည်ကို ခိုင်ဖြူလင်းဟု တက္ကသိုလ်မှာ ပြောင်းရသည်။
အင်နီတို့ခေတ်ရောက်တော့ ရှယ်လီတို့ခေတ်လိုမဟုတ်။ ဆံပင်တွေလည်း ကျောလယ်ရောက်ပြီ။ အင်္ကျီလည်ဟိုက် လက်တိုဝတ်လာကြ၍ ဘလောက်စ်ကိုလည်း စတင်ဝတ်လာသည်။ အင်နီက အိမ်မှာမူ တိုဘရယ်ကိုးနှင့် ပွင့်ရိုက်လုံချည်များကို ဝတ်သေးသည်။ ကျောင်းတက်လျှင် နိုင်လွန်လက်ရှည်အဖြူနှင့် ရခိုင်လုံချည်ပဲ ဝတ်သော အင်နီ့ပုံစံမှာ ပါတိတ်ရောင်စုံတွေခေတ်စားသော ကျောင်းသူတွေအလယ်မှာ တပုံစံဖြစ်နေသည်။ ဆံပင်ကိုလည်း တပုံစံထားသည်။ ဆံထုံးနောက်တွဲထုံးကာ ပန်းတပွင့်ပွင့်ကိုတော့ ခေါင်းမှာ ပန်သွားသည်။
အင်နီက သူ့လို အသားမဖြူ။ ညိုညိုနွဲ့နွဲ့ နှာတံစင်းစင်းလေးနှင့်။ နှုတ်ခမ်းပါးလေးတွေကတော့ ပြုံးနေတတ်သည်။ ညိုမှောင်သော မျက်ဝန်းကတော့ တည်ငြိမ်အေးဆေးသော စိတ်ကိုပြသည်။ အင်နီ တခါတခါ ရခိုင်လုံချည်အဖြူခံနှင့် နိုင်လွန်လက်ရှည်ဝတ်၍ ကျောင်းတက်သောနေ့မှာမူ အဖြူရောင်ကြိုက်တတ်သော တူးတူးကို သွားသတိရသည်၊ သူ့သမီး အင်နီသည် အရပ်သွယ်သွယ်မြင့်မြင့်နှင့် အဝတ်အစားပြင်ပုံဆင်ပုံ ဟန်ပန်အမူအရာကအစ ဘာကြောင့် တူတူးနှင့် တူနေပါလိမ့်။
အင်နီ စာသင်ခန်းထဲဝင်သွားမှ ကားကို စက်နှိုးကာ ဘွဲ့နှင်းသဘင်ခန်းမနောက်ဘက် အင်းလျားလမ်အတိုင်း မောင်းသွားသည်။ ကားကို သစ်ပင်တပင်အောက် ရပ်ခဲ့၍ သူ ကန်ဘက်သို့ ထွက်သွားသည်။ နံနက်နေခြည်အောက်မှာ ကန်ရေပြင်သည် တည်ငြိမ်လျက်ရှိသည်။
ညနေစောင်းမဟုတ်၍ အင်းလျားကန်ဘောင်မှာ ကျောင်းသူကျောင်းသား စည်စည်ကားကားမရှိ။ သူ ကန်ဘောင်မှာ မတ်တပ်ရပ်နေမိသည်။
ကန်လယ်ကျွန်းလေးတကျွန်းဆီသို့ လှေလေးတစင်း လှော်ခတ်သွားသည်။ လှေပေါ်မှာ စုံတွဲတတွဲ။ သင်တန်း (class)မရှိသော အတွဲဖြစ်မည်။
နံနက်ခင်း လေညင်းသည် ရေမျက်နှာပြင်ကို နမ်းရှုပ်သွားသည်။ သစ်ရွက်ကလေးများကိုလည်း ပွေ့ပိုက်ကစားသွား၍ သစ်ရွက်ကလေးများ၏တိုးညင်းသောရယ်သံများ ထွက်ပေါ်လာသည်။
တခါတုန်းက ဤမြက်ခင်းများပေါ်မှာ၊ ရင်ပြင်ပေါ်မှာ၊ အင်းလျားကန်လယ်ရှိ ကျွန်းကလေးများပေါ်မှာ သူ ခြေရာထပ်ခဲ့သည်။ သူ ထည်လဲတွဲခဲ့သူများသည်လည်း အိုးအိမ်ထူထောင်ကာ နေရာအနှံ့ထွက်ခွာ၍ သက်မွေးဝမ်းကျောင်းတခုခု လုပ်နေကြပေပြီ။
သူ့ကိုလည်း မေ့ပျောက်ကောင်း မေ့ပျောက်ကြပေမည်။ သူသည်ပင် လင်နှင့် သားနှင့် စီးပွားရေးကို ဦးဆောင်နေရသူတယောက်။ တက္ကသိုလ်ကျောင်းသူဘဝကို လွမ်းဆွတ်မိသား။
လင်းနှင့်ကျတော့ တက္ကသိုလ်ပတ်ဝန်းကျင်မှာ ခြေရာဖျောက်၍ ကျောင်းပုရဝုဏ်အပြင်ထွက်ကာ တနေရာရာမှာတွေ့ကြသည်။ လင်းကိုတော့ သူကစ၍ ချစ်မိလေသောကြောင့် အစစ လင်းနှင့်တွေ့ဖို့ သူက အကွက်ဆင်ခဲ့ရသည်။
ဘုရား ....ဘုရား ...သမီးအင်နီသည် တက္ကသိုလ်ကျောင်းသူဘဝမှာ သူ့လိုများ ချစ်သူများများထား၍ အလှည့်ကျအတွဲတွေနှင့် ဤကန်ပတ်ဝန်းကျင်မှာ ကျက်စားခဲ့ပါလျှင် ...။
ပြီးတော့ သူ လင်းကိုတွေ့တော့ ကျောင်းတဝက်တပျက်နှင့်။ သူ လင်းကို မရရအောင် ယူခဲ့သလို အင်နီသည် သူပေးသောပညာကို အပြီး မသင်ယူမှဖြင့်။ သူကိုယ်တိုင် မျက်နှာများခဲ့ပေမယ့် သူ မိခင်ဘဝရောက်လာတော့ အတွေးအခေါ်ပြောင်းလာသည်။
ရည်စားများသောအန္တရာယ် သမီးအပေါ် ကျရောက်လာမှာ စိုးရိမ်လာသည်။
မဖြစ်စေရ။ ဒီလို ဘယ်နည်းနှင့်မှ အဖြစ်မခံနိုင်။ အထူးသဖြင့် လင်မရှိ၍ အဖေမရှိ၍ သားသမီးတွေ ပညာရေးထိခိုက်ရသည်ဆိုသည်ကို နည်းနည်းမှ လက်မခံနိုင်။ သူ အစွမ်းကုန် အလုပ်လုပ်မည်။ သူ့နောက်မှာလည်း ယောက္ခမများက မြေးများကို အုပ်ထိန်းမှုတာဝန်ယူထားသည်မဟုတ်ပါလား။
သူ့အဖြစ်မျိုး အင်နီ ဖြစ်လာဖို့ အကြောင်းမရှိပါ။ သူ့စိတ် သူဖြေကာ ကားရှိရာ လျှောက်လာခဲ့သည်။ ကားပေါ်မှာထိုင်ရင်း သူ ဖြတ်လျှောက်လာခဲ့သော မြက်ခင်းစိမ်းလေးကို ကြည့်လိုက်သည်။ ဤမြက်ခင်းများသည် တခါက သူ့ချစ်သူများနှင့်အတူထိုင်ခဲ့သော ပန်းမွေ့ယာ ရွှေကော်ဇောများပါပဲ။။
ယခင်က သူက ချစ်သူကို မလွမ်းတတ်၊ မမျှော်တတ်။ ရှယ်လီဆိုသူကိုသာ ချိန်းဆိုထားသူချစ်သူက မျှော်လင့်ရမည့်မိန်းမစား။ ပတ်ဝန်းကျင်၏အလှအပမှာ သာယာမိန်းမောဖို့ ကြည်နူးဖို့ သတိမရ။ သူ ကြည်နူးသည်က သူ့အတွဲများဖြစ်သည်။ ကျောင်းသားအများစုကို နိုင်စားခဲ့လေသမျှ လင်းနှင့်ကျတော့ သူ ဒူးထောက်ရပြီ။ အောင်မြေအရပ်ဟု သူထင်ခဲ့သော အင်းလျားပတ်ဝန်းကျင်သည် ယခုတော့လည်း တိုးတိတ်ငြိမ်သက်လွန်းနေသလို ထင်ရသည်။
သရက်၊ ကံ့ကော်နှင့် မရမ်းပင်ကြီးများ အုံ့ဆိုင်း ညှို့မှိုင်းနေသည်။ အဝေးရှိ စားသောက်ဆိုင်များမှာ စားသူ ကျိုးတိုးကျဲတဲနှင့်။ အေးမြသောသစ်ရိပ်ကို ခိုလှုံနေသော ဥဩငယ်၏တိုးညင်းသောတေးသံကို ကြားရစပြုလာသည်။ ကန်ရေပြင် မြသားပေါ်မှာ နေခြည်က စိန်ပွင့်များ ဖြန်ကြဲသွားသည်။ ရေပြင်ကို ဖြတ်သန်းလာသော လတ်ဆတ်သော နံနက်ခင်းလေက သူ့ကို ဖက်ယမ်းနှုတ်ဆက်သည်။ ရစ်မူးမိန်းမောဖွယ်ကောင်းသော ပတ်ဝန်းကျင်။ သူမေ့လျော့ခဲ့သော တက္ကသိုလ်၏တိမ်းမူးဖွယ်ပတ်ဝန်းကျင်မှာ သူ ခုတော့ လွမ်းတတ်လာပြီ။ သူမျှော်ရသောအလှည့်သို့ ရောက်ခဲ့ပြီ။
လေးတွဲ့စွာ သက်ပြင်းချရင်း တက္ကသိုလ်ပုရဝုဏ်မှ သူ့ကားလေးကို ဖြေးညင်းစွာ မောင်း၍ထွက်လာခဲ့သည်။
ဆိုင်ကိုသွားရန် စကော့စျေးသို့ ကားမောင်းလာခဲ့သည်။ ယခုတော့ ကျောက်မျက်ရတနာများ ရောင်းဝယ်သောနေရာမှာ သူ၏အဖေတူ အမေကွဲ ညီမလေးညိုမီကို ခေါ်၍ တာဝန်ပေးသည်။ နေတော့ ဒေါ်ခင်သက်တင်နှင့် အတူနေခိုင်းသည်။ မာမီ့ဘက်က တူတယောက်ဖြစ်သူ ကျော်မင်းဝေက ဆိုင်မန်နေဂျာလုပ်သည်။ အရောင်းကလေးမနှစ်ယောက်နှင့် ဆိုင်က အခြေကျ၍လာပါသည်။ နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းသောကိစ္စနှင့် ပတ်သက်၍တော့ ယောက္ခမကြီး ဦးရွှေဇံအောင်
၏ညွှန်ကြားချက်ကို သူက လိုက်နာသည်။ အတွင်းဝန်ရုံး၊ ဘဏ်နှင့် နိုင်ငံခြားဆက်သွယ်ရေးကို သူက လုပ်ရသည်။
ခုရှုပ်မှ နောင်ရှင်းဆိုသလို ဆိုင်ကို စ၍ထောင်ကတည်းက စာချုပ်ချုပ်ထားသည်။ ရှယ်လီက ရောင်းဝယ်ရေးတာဝန်ယူ၍ လူစိုက်၊ ဦးရွှေဇံအောင်က ငွေရင်း စိုက်ကြရသည်။ အမြတ်ငွေကို တယောက်တဝက်ခွဲယူကြရမည်ဖြစ်သည်။
သူ ဝင်ငွေရှိလာကတည်းက အင်နီကျောင်းစရိတ်ကို သူတာဝန်ယူခဲ့သည်။ ယောက္ခမကြီးများက ဂျင်မီကို ဆရာဝန်ဖြစ်အောင်ထားပေးဖို့ တာဝန်ယူကြသည်။
သူသည် ဆိုင်အဆင်သင့်ဖွင့်ထားသည်ကို ကြည့်ရှု၍ ကျော်မင်းဝေကို မှာစရာရှိသည်များ မှာကာ အတွင်းဝန်ရုံးဘက် ထွက်လာခဲ့သည်။ ကုန်သွယ်ရေးဌာန အတွင်းဝန်လေး ဦးသန်းထွန်းဟု ဆိုင်းဘုတ်ချိတ်ထားသော ရုံးခန်းရှေ့မှာ သူ ရပ်လိုက်၏။ မင်စေလေးကို ခွင့်တောင်းလိုက်သည်။ မင်းစေလေး ရုံးခန်းထဲဝင်ကာ ခွင့်တောင်းပြီး ပြန်ထွက်လာခဲ့သည်။
"ဝင်နိုင်ပါတယ် မမ"
သူ ရုံးခန်းထဲဝင်လိုက်တော့ အံ့အားသင့်သွား၏။
" လာ ...လာ ... ရှယ်လီ၊ ကိုယ်က ဒေါ်မြကြာဖြူဆိုတော့ ဘယ်သူများလဲလို့၊ ထိုင်ပါ"
ရှယ်လီကလည်း စားပွဲရှေ့ ထိုင်လိုက်ရင်း ဝမ်းသာသွားသည်။
"ရှယ်လီကလည်း မမဒေါ်ခင်သက်တင်က အတွင်းဝန်လေး အသစ်ပြောင်းလာတယ်လို့ပြောတော့ အသေအချာ မမေးမိဘူး။ ဝမ်းသာလိုက်တာ၊ ရှယ်လီတို့ သူငယ်ချင်းတွေ ပြန်တွေ့ရတော့ အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့"
ဦးသန်းထွန်းသည် အသားဖြူဖြူ အရပ်မြင့်မြင့် နှာတံက မပေါ်လှ။ မျက်လုံးများက စူးရှ၍ထက်မြက်သော မျက်လုံးမျိုး။ ဖော်ဖော်ရွေ? စကားပြောကောင်းသည်။
"ဆိုပါဦး၊ တက္ကသိုလ်မှာတုန်းက ကိုယ်တွဲခဲ့တဲ့ရှယ်လီ၊ ခု မြကြာဖြူ ဘယ်လိုဖြစ်တာလဲ"
ရှယ်လီက တွဲဆိုသောစကားလုံးကို မကြိုက်။
"ကျောင်းမှာက ရှယ်လီကို မြကြာဖြူလို့ မခေါ်ကြဘူးလေ။ ရှယ်လီ့ကို မာမီပေးထားတဲ့မြန်မာနာမည်က မြကြာဖြူ။ အခု ကုမ္ပဏီထောင်တော့ ရှယ်လီ မြန်မာအမည်နဲ့ ကုမ္ပဏီထောင်တာပေါ့"
" အခု သူဌေးဖြစ်နေပြီလား"
"မဖြစ်သေးပါဘူး ကိုသန်းထွန်းရယ်၊ လည်ပတ်ပြီလို့တော့ ဆိုနိုင်တာပေါ။ ယောက္ခမတွေက ငွေရင်း ထုတ်ပေးတယ်"
ဦးသန်းထွန်းသည် ခေတ္တ ငေးနေရင်းမှ
"ကိုယ် လင်းရွှေအောင်အကြောင်းလည်း ကြားပါတယ်၊ သူ ပြန်မလာတော့ဘူးနော်"
ရှယ်လီ့စိတ်ထဲမှာ လင်းအကြောင်းကို ဦးသန်းထွန်း သိချင်သိနေပေမယ့် နှုတ်မှ ထုတ်ဖော်၍ မပြောစေချင်။ ဦးသန်းထွန်းက စကားဆက်ပြော၏။
"ဒီလိုပေါ့လေ၊ ကိုယ်တို့ တက္ကသိုလ်မှာ နေခဲ့ရတဲ့ရက်တွေကတော့ ကြည်နူးစရာတွေပဲ၊ ကိုယ်လည်း မြစ်ဝကျွန်းပေါ်ဘက်ရောက်တော့ လှေကလေးတွေ မြင်ရတိုင်း ရှယ်လီ့ကို သတိရတယ်"
ရှယ်လီ မျက်နှာမထားတတ် ဖြစ်သွားမိသညိ။ သူ့မျက်နှာကို ကြိုးစား၍ ထိန်းလိုက်သည်။ ဦးသန်းထွန်း သတိရနေပေမည်။ သူနှင့်လှေလှော်ဘက်ကျောင်းသားထဲမှာ ဦးသန်းထွန်းတယောက် ပါဝင်ဖြစ်ခဲ့သည်။ ကျောင်းတုန်းကတော့ ဦးသန်းထွန်းအပေါ် အလေးအနက်မထားခဲ့ပါ။ တွဲဖော်တွဲဘက် လှေလှော်ဘက်တယောက်ပဲပေါ့။
"အကြောင်းတွေပေါ့ ရှယ်လီရယ်၊ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ပဲ အရေးကြီးတယ်။ ကိုယ့်ကံကြမ္မာကတမျိုး၊ ကိုယ့်ဇနီး တနှစ်က ဆုံးသွားတယ်။ ကလေးကတော့ မကျန်ရစ်ဘူး။ ရှယ်လီ့ကို ကိုယ်ချီးကျူးပါတယ်။ လင်းရွှေအောင် မရှိပေမယ့် ရှယ်လီ့ကိုကိုယ်မြင်ရတာ ကျောင်းတုန်းကနဲ့ ဘာမှမတူဘူး။ သိပ်ပြောင်းလဲလာတယ်။ တည်ငြိမ်ရင့်ကျက်လာတယ်လို့ ကိုယ်ဆိုလိုချင်တာ၊ ကိုယ်က ပျော့ညံ့နေသေးတယ်။ ခုထိ ကိုယ့်ဇနီး ဆုံးသွားတဲ့အတွက် ဖရိုဖရဲကျန်ရစ်တဲ့ဘဝကို သိမ်းဆည်းလို့မရသေးဘူး"
"ဒီလိုပေါ့ ကိုသန်းထွန်းရယ်၊ ရှယ်လီ ဒီမနက်ပဲ သမီးကို ကျောင်းပို့ရင်း အင်းလျားကန်ဘက် ရောက်ခဲ့သေးတယ်။ ကျောင်းသားဘဝကတော့ လွမ်းစရာပေါ့။ ဒါပေမဲ့ ရှယ်လီ တက္ကသိုလ်ကျောင်းသူ မဟုတ်တော့ဘူး။ ရှယ်လီ့မှာက သားနဲ့သမီးက ရှိနေသေးတယ်။ သူတို့ရှေ့ ကိုယ်က မားမားမတ်မတ် ရပ်မပြနိုင်ရင် သူတို့ပါ ဖရိုဖစဲဖြစ်ကုန်မှာပေါ့။ ပြီးတော့ အလုပ်က ရှယ်လီ့စိတ်ကို ထိန်းသွားတာ။ ရှယ်လီလေ ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေလည်း တွေးထားတယ်၊ ငွေရင်းက မလိုက်နိုင်သေးလို့၊ ကဲ .... ရှယ်လီ ပြင်သစ်က ဘရိုကိတ်တွေ မှာထားတဲ့ကိစ္စ နည်းနည်းနှောင့်နှေးနေလို့ ကိုသန်းထွန်းကို အဲဒါ လာပြောတာ"
"စာရွက်စာတမ်းကော်ပီတွေ ရှိတယ်မို့လား၊ ပေးထား၊ နောက်လည်း လာပါ။ ကူညီရမှာ ကိုယ့်မှာ ဝတ္တရားရှိတယ်။ ကိုယ် ရှယ်လီနဲ့တွေ့ရတာ ဘယ်လိုဝမ်းသာမှန်းမသိဘူး။
ကိုယ်က အားရင် ကပွဲတွေပဲ သွားနေတာ။ မေရိုမရင်းကလပ်မှာ ဒီစနေနေ့ည Ball Danceရှိတယ်။ အလှူရန်ပုံငွေကပွဲ၊ ကိုယ် လက်မှတ်နှစ်စောင်တောင်ဝယ်ထားရတယ်။ ရှယ်လီ လိုက်မလား"
"အို ...ကိုသန်းထွန်းကလည်း ရှယ်လီ ကပြားဖြစ်ပေမယ့် အကမတတ်ဘူး။ မာမီရှိကတည်းက ဒီBall Dance ရင်ချင်းဆက်အကတွေ မာမီက မကစေရဘူး။ ကျောင်းမှာ ကိုသန်းထွန်းသိသားပဲ၊ တခြား ရှယ်လီ သွားချင်ရာသွားတာ ကပွဲမတက်ပါဘူး"
"ကောင်ပါလေ့ဗျာ၊ နောက် တွေ့ကြသေးတာပေါ့ ရှယ်လီ၊ ကိုယ်တို့ လှေလှော်ကြဦးစို့"
ကိုသန်းထွန်းက ရယ်၍ ပြောလိုက်သည်။
ရှယ်လီသည် ဘာပြန်ပြောရမှန်းမသိ၊ ကြောင်အန်းအန်းဖြစ်သွားပြီးမှ နှုတ်ဆက်ကာ ပြန်လာခဲ့သည်။
ဆက်ရန်
-----------------------------
0 Comments