မြကြာဖြူ - ခင်နှင်းယု အပိုင်း(၁၃)

မြကြာဖြူ (ခင်နှင်းယု)
________________

အပိုင်း (၁၃)

၁၉။

ဆေးရုံအိမ်ခန်းလေးမှ ဒေါက်တာဖေသိန်းတို့လင်မယားနှစ်ယောက် မန္တလေးကို ပြောင်းရွှေ့သွားကြရသည်။ ရှယ်လီတို့မိသားစုမှာလည်း ဦးရွှေဇံအောင်အိမ်ကို ပြောင်းဖို့ပြင်ဆင်နေကြသည်။ 

ရှယ်လီသည် ပစ္စည်းများကို မကြည်တို့လင်မယားနှင့် ကူညီထုပ်ပိုးရင်း သားနှင့်သမီးကိုလည်း အကျိုးအကြောင်း ပြောပြရဦးမည်။ သူ့သားနှင့်သမီးသည် ဆိုနိုင်ခက်ခဲသောကလေးများမဟုတ်ကြ။ ဂျင်မီက ၁၀တန်းသာ ရောက်လာသည်၊ ဒေါ်လီသားသမီးများဖြစ်သော ဖိုးထောင်၊ စုစုသိန်း၊ မာမာသိန်းတို့နှင့် ကစားသည်ကလွဲ၍ အပြင်ထွက် လည်ပတ်တတ်သူမဟုတ်။ 

အင်နီက သာ၍အေးသေးသည်။ သို့သော် သူတို့ ယခု ပတ်ဝန်းကျင်အသစ်ကို ဝင်ရတော့မည်။ အဘိုးအဘွားဆိုပေမယ့် ဦးရွှေဇံအောင်နှင့် ဒေါ်စံကျော့ခိုင်လက်ပေါ်တွင် သူတို့ကြီးပြင်းလာကြသူများမဟုတ်။ ဒါကြောင့် သူက သတိပေးရသည်။ 

"ခု မာမီတို့ ဆေးရုံအိမ်ကနေ ဘိုးဘိုးဘွားဘွားတို့အိမ် ပြောင်းရမယ်၊ ဒက်ဒီက အင်္ဂလန်မှာ အလုပ်ဆက်လုပ်တော့ ဒီအိမ်မှာ မာမီတို့ နေခွင့်မရှိတော့ဘူး"

ထိုစကားကိုတော့ သူ ထိန်း၍ပြောလိုက်သည်။ 

" မာမီက နောက်ဆို စီးပွားရေးဇောက်ချလုပ်ရမှာဆိုတော့ သားတို့ကို နောက်ပိုင်းက အုပ်ထိန်းဖို့ဆန္ဒ ဘွားဘွားက ရှိတယ်။ ဘိုးဘိုးကရော သားတို့နဲ့အတူနေချင်လို့ မာမီတို့ပြောင်းရမယ်။ သားတို့ တခု နားလည်ရမှာက ဘိုးဘိုးဘွားဘွားတို့ဟာ သားတို့အပေါ် စေတနာ အင်မတန်ထားပါတယ်။ ဒါပေမဲ့ ဘိုးဘိုးဘွားဘွားတို့အိမ်ဟာ ခေတ္တခဏ သားတို့နေရမယ့်အိမ်၊ ကိုယ့်အိမ်ကိုယ့်ရာမဟုတ်ဘူး၊ တနေ့ သားရယ်... သမီးရယ် ....မာမီရယ် ကိုယ့်အိမ်လေးနဲ့နေနိုင်အောင် သားတို့ ကြိုးစားပါ။ မာမီလည်းကြိုးစားမယ်၊ ပြီးတော့ ဘိုးဘိုးဘွားဘွားတို့နဲ့နေတဲ့အခါ အမြဲပဲ သူတို့ဆန္ဒကို ဦးစားပေးရမယ်။ သူတို့က သားတို့ရဲ့ဒက်ဒီအစား ကျေးဇူးရှင်တွေ။

အခု ဒီအိမ်မှာ နေသလိုပဲ သားတို့တာဝန် သားတို့လုပ်ရလိမ့်မယ်၊ ဘွားဘွားကပြောတယ်။ ဟံအေးနဲ့မကြည်ခေါ်လာဖို့၊ သူတို့မှာ အစေခံတန်းလျားရှိတယ်တဲ့။ မကြည်ရှိနေနေ ဘွားဘွားတို့အစေခံတွေလည်း ဘယ်လိုပဲနေနေ မီးဖိုထဲကို သမီး ဝင်ရမယ်၊ နံနက်စာ နေ့လည်စာတွေကို ကျောင်းမသွားတဲ့နေ့တွေမှာ ကိုယ်တိုင်ဝင်လုပ်ရမယ်။ ဂျင်မီလည်း ဘိုးဘိုးရဲ့ဝေယျာဝစ္စ မင်း အားလုံးတာဝန်ယူရမယ်။ ညအိပ်ရာဝင်ကာနီး ဘိုးဘိုနဲ့ဘွားဘွားကို ကန်တော့ရမယ်။ အဘိုးအဘွား ချမ်းသာတာနဲ့ သားတို့ အောက်ခြေလွတ်လို့မဖြစ်ဘူး။ သားတို့အရည်အချင်းပဲ သားတို့ကိုယ်ပိုင်ရှိတယ်"

သားနှင့်သမီးသည် ထုံးစံအတိုင်း သူပြောတာကိုသာ နားထောင်သည်။ 'ဒက်ဒီ ဘယ်တော့ပြန်လာမလဲ'ဟူ၍ မမေးကြ။ ဦးရွှေဇံအောင်တို့အိမ် မပြောင်းခင်နှစ်ရက်က သူ ဒေါ်သန်းရီဆိုင်ကို အကြံဥာဏ်တောင်းရင်း စာရင်းရှင်းစရာရှိ၍ ထွက်လာခဲ့သည်။ ဒေါ်သန်းရီပွဲရုံက လမ်းမတော်အောက်လမ်း ညောင်ပင်လေးစျေးနှင့်မျက်နှာချင်းဆိုင် တိုက်ခန်းများမှာ ဖွင့်ထားသည်။ 

တိုက်ခန်းက နှစ်ခန်းတွဲလျက်၊ တစ်ခန်းက ဒေါ်သန်းစီကိုယ်တိုင်ဦးစီး၍ လပွတ္တာ၊ ဖျာပုံ၊ ပန်းတနော် စသည်တို့နှင့် မြိတ်၊ ထးဝယ်၊ ရခိုင်တို့မှလာသော ရေချို ရေငံခြောက်ကို ရောင်းဝယ်သည်။ ပွဲစားလည်း လုပ်သည်။ သူက လက်ကားဖြစ်၍ အရင်းအနှီးကြီးသည်။ 

တစ်ခန်းက သူ့တူမကို ဖွင့်ပေးထားသည်။ ငါးခြောက် ပုစွန်ခြောက်ကို လက်လီကုန်သည်လေးတွေနှင့် ဗျပ်ထိုးရောင်းသူတွေအထိ ရောင်းဝယ်သည်။ 

ကတ္တားကြီးနှစ်ခုရှေ့မှာ စားပွဲကြီးနှင့် ထိုင်နေသော ဒေါ်သန်းရီကို သူ အဆင်သင့်တွေ့ရသည်။ ဒေါ်သန်းရီက ဝဝဖိုင့်ဖိုင့်၊ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ နှာတံက ပေါ်ပေမယ့် မျက်လုံးများက အနည်းငယ်မှေးသည်။ ပြုံးပြုံးရယ်ရယ် စကားပြောတာက ကုန်သည်ဆန်သည်။ ဆံပင်ကို ရွှေဘီးကြီးနှင့် ပတ်ထားသည်မှာလည်း ဝင်းလက်နေသည်။ 

"ရှယ်လီရေ ... လာ ထိုင် ...ထိုင်"

ဒေါ်သန်းရီက သူ့ရှေ့မှာ ကုလားထိုင်ကို ထိုးပေးသည်။ 

"ကိစ္စအထူးရှိလား ရှယ်လီ"

ရှယ်လီက ဖြည်းဆေးစွာ ထိုင်ရင်း ပွဲရုံတခုလုံးကို အကဲခတ်နေသည်။ 

"စာရင်းရှင်းစရာလေး ဒေါ်ခင်သက်တင်က ခိုင်းလိုက်လို့ပါ။ ပြီးတော့ ကိုချင်(အိန္ဒိယတောင်ပိုင်းက ပုစွန်ခြောက်တွလည်း ရှေ့အပတ်မှာ ရောက်မယ်။)"

"ဟုတ်ပါရဲ့၊ မြန်မာရေချိုရေငံခြောက်တွေကတော့ မြို့သုံးပေါ့လေ၊ ကိုချင်ခြောက်တွေကတော့ နယ်က အနုတ်များတယ်။ စာရင်းတွေလည်းရှင်ပေးလိုက်ပါ့မယ်"

သူတို့နှစ်ယောက် စကားပြောနေစဉ် ဆိုင်ထဲမှ ငါးခြောက်အိတ် ကားပေါ်တက်နေသူတွေနှင့် သင်္ဘောဆိုက်၍ ငါးခြောက်များ ပွဲရုံတင်လာနေသူတွေ၊ ကတ္တားနှင့်ချိန်သော အလုပ်သမားများနှင့် စာရေးတွေ၏ပြောသံဆိုသံတွေမှာ ဆူညံနေသည်။ ဒေါ်ခင်သက်တင်၏ဗိုလ်ချုပ်စျေးလိုတော့ သန့်ပြန့်အေးဆေးမှုမရှိ။ ငါးခြောက် ပုစွန်ခြောက်အနံ့များက ပွဲရုံတခုလုံးနံနေသည်။ 

"မမရီနဲ့လည်း ရှယ်လီ တိုင်ပင်ချင်လို့ပါ၊ ရှယ်လီ မမဒေါ်ခင်သက်တင်နဲ့ အထည်အလိပ် တွဲလုပ်ခဲ့တယ်၊ မမကလည်း သင်ပေးပါတယ်။ မမရီဆီတော့ ကိစ္စရှိမှပဲ ရောက်တယ်၊ ပုစွန်ခြောက်လည်း လက်လွှဲရောင်းတာပဲ များတယ်လေ။ ခု ရှယ်လီ့ရဲ့ယောက္ခမတွေက ငွေရင်းငွေနှီးထုတ်ပေးမယ်တဲ့၊ ရှယ်လီ သီးသန့်ကုမ္ပဏီထောင်မလို့၊ အထည်ဆိုင်ပဲ လိုက်ရကောင်းမလား၊ ငါးခြောက်ပုစွန်ခြောက်လိုင်းပဲ လိုက်ရကောင်းမလား စဉ်းစားရင်း မမရီနဲ့လည်း တိုင်ပင်ချင်လို့"

ဒေါ်သန်းရီက စဉ်းစားရင်း အလုပ်သမားတွေကို လှမ်းကြည့်လိုက်သည်။ 

"မြင်တဲ့အတိုင်းပဲ ရှယ်လီရေ ...သင်္ဘောဆိုက်တော့ တမျိုး၊ ကားဆိုက်တော့တမျိုး။ ကုန်တင်ကုန်ချနဲ့ အလုပ်သမားနဲ့ကလည်း ဆက်ဆံရတယ်၊ စည်းရုံးရတယ်။ ဟိုဘက်က မမတူမက လက်လီဝယ်သူတွေကို ရောင်းတယ်။ ပြီးတော့ ဗျတ်ထိုးရောင်းတဲ့ လမ်းဘေးစျေးသည်လေးတွေကို ရောင်းတယ်၊ သူတို့ကတော့ တယောက်မှ တပိဿာလောက်စီကိုတောင် ယူတဲ့လူ နည်းပါတယ်။ မနက် ပုစွန်ခြောက်ယူသွားပြီး ညနေရောင်းလို့ကျန်တဲ့ ပုစွန်ခြောက်ပြန်သွင်း၊ ငွေလည်း ချေတာပေါ့။ တချို့လည်း ပုစွန်ခြောက်အမှုန့်ကြိတ်ပြီးသားဝယ်၊ တမတ်တန် အထုပ်လေးတွေ ထုတ်ရောင်းတယ်။ တမတ်တန် အချိုမှုန့်ထုပ်လေးတွေနဲ့ တွဲရောင်းတယ်။ (ထိုစဉ်က တမတ်ဖိုး အရောင်းအဝယ်ရှိသည်။)

ဒါကတော့ မမအနေနဲ့ ငွေရင်းမတတ်နိုင်တဲ့ လမ်းဘေးစျေးသည်လေးတွေကို ကူတဲ့သဘောပါ။ နေ့ပြန်တိုးနဲ့ လုပ်စားရင် ခမျာများ နစ်နာလွန်းလို့ တချို့စျေးသည်လေးတွေက မမနဲ့ မပတ်သက်ပါဘူး။ တချို့ကတော့ သူတိုယောက်ျားတွေက မမပွဲရုံမှာ ကူလီထမ်းတယ်။ ဒီတော့ သူတို့မိန်းမတွေက ပုစွန်ခြောက်၊ ငါးခြောက် ဗန်းလေးတွေနဲ့ ရောင်းပေါ့လေ။ သူတို့မှာလည်း သူတို့စျေးကွက်နဲ့ သူတို့ရှိတယ်။ ကပ္ပလီကွက်သစ်တွေနဲ့ ပလက်ဖောင်းတွေဟာ သူတို့စျေးကွက်ပေါ့"(ထိုစဉ်က ကွက်သစ်များ ရန်ကုန်မြို့ထဲမှာ ရှိပါသေးသည်။)"

ဒေါ်သန်းရီသည် စကားစ ရပ်လိုက်ရင်း  ဆိုင်ထဲကို သုတ်သီးသုတ်ပြာဝင်လာသော အမျိုးသမီးတဦးကို ကြည့်လိုက်သည်။ 

"ခင်မေ ဘာဖြစ်လာတာလဲ"

အမျိုးသမီးက စားပွဲနား မျက်စိမျက်နှာပျက်ကပ်လာသည်။ 

"ဒေါ်ဒေါ်ရဲ့ ...ကျွန်မ .... ကျွန်မ... ပုစွန်ခြောက်ဗန်းလေး မြူနီစပယ်ရဲ သိမ်းသွားလို့ ပုစွန်ခြောက်ဗန်းပါသွားပြီ"

"ခက်လိုက်တာ ခက်မေရယ်၊ နင်က မလျင်ဘဲကိုး။ ပလက်ဖောင်းပေါ်ရောင်းတယ်ဆိုတာ အပြေးသန်ရတယ်"

"ကျွန်မ ဝယ်သူတယောက်ရောင်းနေတာ သူတို့လာတာ သတိမထားလိုက်မိဘူး။ ညနေ ကျွန်မ ငွေမသွင်းနိုင်တော့ဘူး။ အဲဒါ ဒေါ့်ဒေါ့်ကို လာပြောတာပါ"

"သွား ...သွား၊ ခင်မြကြည်ဆီသွားပြီး အကျိုးအကြောင်း ပြောပြ"

ဒေါ်သန်းရီက တဖက်ခန်းတွင် ထိုင်နေသော သူ့တူမဆီ လက်ညှိုးညွှန်၍
"ခင်မြကြည်ရေ ...ခင်မေကိစ္စ ကြည့်ရှင်းလိုက်ပါ"

လှမ်း၍လည်း ပြောလိုက်သည်။ 

"မြင်တယ်မို့လား ရှယ်လီ၊ လူပေါင်းစုံ ပြဿနာပေါင်းစုံ၊ မမတော့ ရှယ်လီ့ကို အထည်လိုင်းပဲ လိုက်စေချင်တယ်။ ဆက်ဆံရတာလည်း လူသန့်တယ်။ ရှယ်လီနဲ့ ဒီ ရေချိုရေငံကုန်တွေနဲ့ မလိုက်ပါဘူး။ တခုတော့ ရှိတယ်။ မမယောက်ျား မြိတ်ဘက်ကို သွားနေတယ်။ ငါးပုတ်ငါးကိစ္စ ဆက်သွယ်စရာရှိလို့။

ဘယ်လိုလဲ ဆိုတော့ တို့က ငါးပုတ်ပြားကို ပြည်တွင်းမှာပဲ ရောင်းတာ၊ အခု အင်္ဂလန်မှာရော ဟောင်ကောင်နဲ့ အမေရိကတို့နဲ့ နိုင်ငံခြားမှာ ငါးပုတ်ပြားခြောက်ကို ပလတ်စတစ်ထုပ်လေးတွေနဲ့ လေးလက်မလောက်ပေါ့လေ၊ တစ်တစ်ပြီး ရောင်းကြတယ်။ နိုင်ငံခြားမှာ မြန်မာတွေ စားရတယ်။ ငါးခြောက်ထုပ်မှာ တံဆိပ်ကပ်ထားတော့ မလေးရှာမှာ လုပ်သည်လို့ ကပ်ထားတယ်။ အမှန်တော့ မြိတ် ထားဝယ်ခြောက်ကို မလေးရှားက ဝယ်ပြီး သူတို့က ပက်ကင်(packing)လှလှနဲ့ တဆင့်ပြန်ရောင်းတာ။ 

အဲဒါမို့ ပို့ကုန်အဖြစ်လုပ်နိုင်ရင်တော့ ရှယ်လီ လုပ်။ ခုတော့ ကိုထွန်းအေး ထားဝယ်နဲ့မြိတ်က ကုန်သည်တွေနဲ့ သွားဆွေးနွေးတယ်။ ငါးပုတ်ခြောက်က ထားဝယ်က ပိုကောင်းတယ်။ မမထင်တယ်၊ ရှယ်လီနဲ့တော့ အထည်ပဲကောင်းပါတယ်။ ကဲ မမရှင်းစရာရှိတာလေးတွေ ရှင်းပေးလိုက်မယ်။ မောင်သိန်းအောင် ....လာခဲ့ဦး။ ပုစွန်ခြောက်ဖိုးတွေရှင်းရအောင်"

စာရေးတယောက်က ဗီရိုဖွင့်ကာ ဖိုင်တွဲတခုကိုယူ၍ ဒေါ်သန်းရီစားပွဲကို လာသည်။ ရှယ်လီက ပုစွန်ခြောက်ဗန်းအသိမ်းခံရသော မိန်းမကို စိတ်ဝင်စားနေသည်။ 

"မမ အဆင်သင့်လုပ်ထားလေ၊ ရှယ်လီ ခင်မြကြည်ဆီ ခဏ သွားလိုက်ဦးမယ်"

ရှယ်လီသည် ခင်မြကြည်ဘက်ကို ကူးလာသည်။ ဗျတ်ထိုးသည် ခင်မေအနား သွားထိုင်သည်။ ခင်မေသည် သူကို သတိထားနိုင်ပုံမပေါ်။ ခင်မေက ဆံပင်ကို ကော်ဘီးနှင့် ပတ်ထားသည်။ ရှန်သားပွင့်ရိုက်အင်္ကျီ၊ လုံချည်က အနီရင့် ပေါ်ပလင်ပြောင်ကို ဝတ်ထားသည်။ မျက်နှာကတော့ သောကနှင့် ပူလောင်နေပုံရသည်။ နေရောင်အောက်မှာ ရောင်းဝယ်နေရသူမို့ နေလောင်သောမျက်နှာက ညိုမွဲမွဲဖြစ်နေသည်။ 

"အခု ပုစွန်ခြောက်မှုန့် တပိဿာ ထပ်ပေးလိုက်ပါ။ ဒီနေ့ ငွေပြန်မသွင်းနိုင်တော့ဘူး။ မနက်ဖြန်မှ တဝက်စီ သွင်းသွားပါ့မယ်"

ခင်မြကြည်က စာရင်း မှတ်နေသည်။ 

"မခင်မေကလည်း ဘာပဲဖြစ်ဖြစ် အပြေးသန်မှပေါ့။ မြူရဲလာရင် စျေးသည်ချင်း သတင်းပေးတာပဲဟာ။ ရှင်ကိုက အ လွန်းတယ်"

"အမရယ် နက်ဖြန်တော့  အမှုန့်ထုပ်ကို ကွက်သစ်စျေးတွေမှာပဲ သွားရောင်းမယ်။ အန္တရာယ်ကင်းတယ်။ ဒါကြောင့် ကျွန်မ ပုစွန်ခြောက်အမှုန့်တောင်းတာ၊ ဒီနေ့တော့ ပုစွန်ခြောက်အကောင်က မြို့ထဲသုံးဆိုပြီး သံစျေးနားက ပလက်ဖောင်းပေါ် အရောင်းကောင်းလိုက်တာ မြူရဲနဲ့တွေ့သွားတယ်။ ဗန်းပါမရှိတော့ဘူး။ အရင်းပြုတ်ပြီ"

ခင်မြကြည်က ပုစွန်ခြောက်မှုန့်တထုပ် ခင်မေကို လှမ်းပေးလိုက်သည်။ 

"ရှင်... ဘယ်မှာနေလဲ"

ရှယ်လီက ရုတ်တရက်ဝင်မေးလိုက်၍ ခင်မေက အံ့အားသင့်သွားသည်။

"ကမ်းနားမှာ"

ခင်မေက မရဲတရဲ ဖြေလိုက်သည်။ 

"ရှင် ...အိမ်ပြန်မှာမို့လား၊ အပြန် ကျွန်မလိုက်ပို့မယ်လေ"

ခင်မေသည် တအံ့တဩ ရှယ်လီကို ကြည့်လိုက်၏။ 

"ကျွန်မ လိုက်ပို့ပါရစေ၊ ရှင့်အိမ်ကို သိချင်လို့"

"အိမ် .....အိမ် ...ကျွန်မအိမ်က လမ်းဘေးတဲပါ"

"ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ကျွန်မ လိုက်ပို့ချင်လို့ပါ။ ယူစရာတွေ အဆင်သင့် လုပ်ထား"

ရှယ်လီသည် ဒေါ်သန်းရီထံမှ ငွေယူကာ နှုတ်ဆက်၍ ခင်မေနှင့်အတူ ပွဲရုံထဲမှ ထွက်ခဲ့သည်။ ခင်မေက ကားပေါ် ခပ်ရွံ့ရွံ့တက်လာခဲ့၏။ ဟံအေးကလည်း ရှယ်လီလုပ်ပုံကို နားမလည်။ 

"မခင်မေအိမ် ဘယ်နားမှာလဲ၊ လမ်းပြနော်"

ခင်မေသည် မော်တင်ကမ်းနား ဆိပ်ကမ်းနား ပလက်ဖောင်းပေါ်မှ သံစည်းရိုးတိုင်များကို တွယ်၍ တာလပတ်မိုးထားသော တဖက်ရပ် သူ့အိမ်ကိုပြသည်။ (ခု ထိုတဲများ မရှိတော့ပါ။)

ရှယ်လီက လမ်းဘေး ကားရပ်၍ ခင်မေနှင့်အတူ ဆင်းလာ၏။ သူ၏အိမ်လေးမှာ ရှယ်လီ ထိုင်စရာမရှိ။ လေးနှစ်ငါးနှစ်လောက်ရှိမည့် မိန်းကလေးတယောက် ဖျာစုတ်လေးပေါ်မှာ ထိုင်နေသည်။ 

"အမကို အားနာလိုက်တာ၊ ဒါ ....ကျွန်မအိမ်ပဲ"

"ရှင့်ယောက်ျားကော"

"သူက အလုပ်ဆင်းနေတယ်၊ ကမ်းနားမှာ သင်္ဘောတွေဆိုက်ရင် ကူလီလုပ်တယ်။ ကျွန်မမှာ သားကြီး ၁၀နှစ်လောက် တယောက်ရှိတယ်။ သူ့အဖေကိုဘထွန်းက သူ့သားကို ကျောင်းထားချင်တယ်ဆိုတော့ ကျွန်မက စျေးရောင်းတာပါ။ သူ ကူလီထမ်းလို့ရတဲ့ငွေက စားလောက်ပါတယ်။ သားကို ကျောင်းထားရတော့ အရက်ဖိုးမပိုဘူး။ ကျွန်မစျေးရောင်းတော့ သူ့အရက်ဖိုးရတာပေါ့။ သူက မူးရင် အေးအေးအိပ်တာပါ။ ကျွန်မကိုလည်း ကြင်နာပါတယ်။ မသောက်တော့လည်း မနက်ကျ အလုပ်မဆင်းနိုင်ဘူး။ ပုသိမ်သင်္ဘောတွေက အစောကြီး ကပ်တာ"

"ကျွန်မကလေးတွေ ခေါ်လာပြီး မခင်မေအိမ်လာလည်ဦးမယ်။ အခု ကျွန်မပေးတဲ့ ငွေ၂၀ယူပါ။ ပုစွန်ခြောက်ကြွေး ဆပ်နိုင်တာပေါ့။ ကျွန်မ သွားဦးမယ်"

ရှယ်လီသည် မခင်မေရှေ့ ငွေ၂၀ ထားခဲ့ကာ ကားရှိရာ ထွက်လာခဲ့သည်။ ခင်မေက ရှယ်လီလုပ်ပုံကို နားမလည်။ ငေး၍ကျန်ရစ်သည်။ 

အိမ်အပြန်လမ်းတွင် ရှယ်လီက ခင်မေအကြောင်းကိုတွေးရင်း ခင်မေ့စကားကို ကြားယောင်လာသည်။ 

ကျွန်မစျေးရောင်းတော့ သူ့အရက်ဖိုးရတာပေါ့ တဲ့။ ခင်မေ ....ခင်မေ....။ 

ဒီနေ့ သူ့စျေးဗန်းလေး မြူရဲသိမ်းသွားတော့ သူ့ယောက်ျားအရက်ဖိုး ဘယ်က ရမလဲ။ အရက်ဖိုးမရလျှင် သူ့ယောက်ျားကများ ခင်မေ့ကို ရိုက်ဦးမလား။ သူ့လင်က ကြင်နာပါတယ်ဆိုတော့ မရိုက်တန်ကောင်းပါဘူး။ 

လင်ကို အရက်စားပွဲနှင့် အမြည်းနှင့် ရှယ်လီ တည်ခင်းကျွေးမွေးသလို ခင်မေသည်လည်း သူ့ယောက်ျား အရက်ဖိုးရအောင် ကြိုးကြိုးစားစား စျေးရောင်းရှာသည်။ ဒီနေရာမှာ သူနှင့်ခင်မေ စေတနာတူကြသည်။ 

ဆက်ရန်
--------------------------------------------
ခင်နှင်းယု

Post a Comment

0 Comments