မြကြာဖြူ (ခင်နှင်းယု)
_______________
အပိုင်း (၁၆)
၂၃။
"ရှယ်လီ... မမ စကားပြောနေတယ်"
တဖက်မှ ဒေါ်ခင်သက်တင် စကားပြောသံ တယ်လီဖုန်းထဲမှ ကြားနေရသည်။
"ဆိုပါ မမ"
"ရှယ်လီစိတ်ဝင်စားမယ့်လူတယောက် ရောက်နေတယ်"
"ဘယ်သူလဲ မမ"
"တွေ့တော့ သိရမှာပေါ့။ အဲဒီလူ ရှယ်လီနဲ့တွေ့ရင် ရှယ်လီသိချင်တာတွေ မေးနိုင်တာပေါ့။ သူက ပဲရစ်က ကုန်သည်ပါပဲ၊ ဖက်ရှင်ကုမ္ပဏီတခုက။ မမ ဒီလိုစီစဉ်ထားတယ်။ တခြားလူတွေလည်း မဖိတ်ဘူး၊ ရှယ်လီပဲ ဖိတ်မယ်။ မမယောက်ျား ဦးဖေမြင့်နဲ့ မမရယ် ဆိုတော့ ဒီလူနဲ့ဆို လေးယောက်။ informal ပေါ့။ သံကြီးတမန်ကြီးတွေလို စကားပြောမနေရဘူး။ ပေါ့ပေါ့ပါးပါးပဲ ကိုယ်ဆွေးနွေးချင်တာ ဆွေးနွေးနိုင်တယ်။ လာမယ့် စနေနေ့ညနေ ရနာရီလောက် မမတို့အိမ် လာခဲ့ပါ၊ ညစာကျွေးမယ်"
"ဟုတ်ကဲ့၊ လာမယ် မမ"
ရှယ်လီသည် တခါက မမဒေါ်ခင်သက်တင်နှင့် ဆွေးနွေးခဲ့ဖူးသည်။ ပဲရစ်သည် ဖက်ရှင်ပြပွဲတွေ ခေတ်စားသောနေရာဖြစ်သည်။
အကယ်၍ မြန်မာချိတ်လုံချည် ပိုးထည်တွေကိုပဲ ပဲရစ်မှာ ဖက်ရှင်ပြပွဲလုပ်နိုင်လျှင် ချိတ်ပိုးထည်တွေ အနောက်နိုင်ငံစျေးကွက်မှာ ဝင်ရောက်နိုင်မည်။ သူ့မှာ ဆန္ဒသာရှိသည်။ တိုးချဲ့ဖို့ငွေရင်းလည်း မရှိ။ အဆက်အသွယ်ကလည်း မရှိ။
ဦးဘိုငြိမ်းကုမ္ပဏီက လန်ဒန်သွား၍ ကုန်သွယ်ရေးလေ့လာစဉ်ကများ သူ လိုက်သွားချင်လိုက်တာ။
ယခု တွေ့ရမည့်သူက ဘယ်သူလဲ မသိပါပေ။ သူစိတ်ဝင်စားသော အကြောင်းနှင့် ဆက်နွယ်၍သာ မမက ဖိတ်ခေါ်ခြင်းဖြစ်မည်။
စနေနေ့ညနေကျတော့ မာမီ့ကို ခွင့်တောင်းကာ ဟံအေးနှင့်သူ မမတို့အိမ် ၆မိုင်ခွဲကို ထွက်လာသည်။ ဒေါ်ခင်သက်တင်အိမ်ရောက်တော့ ဟံအေးကို ပြန်လွှတ်လိုက်ကာ ဒေါ်ခင်သက်တင်ကို ပြန်ပို့ခိုင်းမည်ဟု မှာလိုက်သည်။
မြက်ခင်းပေါ်မှာ ကြိမ်ကုလားထိုင် လေးလုံး ချထားသည်။ ည ၇နာရီလောက်မှာ မှောင်စပျိုးနေပေမယ့် သူတို့ထိုင်နေသော မြက်ခင်းပေါ်မှာ အလင်းရောင်ရှိသည်။ ယုဇနရုံနှင့် ဇီဇဝါပန်းရုံများမှာ ရောင်စုံမီးလုံးလေးများ ထွန်းထား၍ သူတို့နေရာတွင် မီးရောင်တွေ ဖြာကျနေသည်။
ညစာက ၈နာရီမှ စမည်။ ညစာမစခင် မြက်ခင်းက စားပွဲပေါ်မှာ အအေးနှင့် ဧည့်ခံမည်။ ယောက်ျားနှစ်ယောက်အတွက်တော့ ယမကာပေါ့။
ချိန်းဆိုထားသော ပဲရစ်ဧည့်သည် ကားနှင့် ခြံဝင်းထဲ ဝင်လာသည်။ ဒေါ်ခင်သက်တင်က ကြိုဆိုလာကာ စားပွဲရောက်မှ မိတ်ဆက်ပေးသည်။
"ဒါက ကျွန်မမိတ်ဆွေ ဒေါ်မြကြာဖြူ"
"ကျွန်တော်က မွန်စီယာမီရှယ်ပါ။ ကျွန်တော့်ဖက်ရှင်ကုမ္ပဏီက lves St.Laurent(အိဗ်စိန့်လောရင့် ကုမ္ပဏီ)ပါ"
"တွေ့ရတာဝမ်းသာပါတယ်"
ရှယ်လီကလည်း လက်ဆွဲနှုတ်ဆက်ကာ ဝမ်းသာကြောင်း ပြောပြသည်။ ပြီးတော့မှ ဒေါ်ခင်သက်တင်က သူ့ခင်ပွန်းဦးဖေမြင့်နှင့် မိတ်ဆက်ပေးကာ စားပွဲမှာ ထိုင်ဖြစ်ကြသည်။ စကားပြောရင်း ဒေါ်ခင်သက်တင်က ထိုည ထမင်းစားပွဲမှာ မိတ်ရင်းဆွေရင်းများတွေ့ဆုံပွဲလို သူကျွေးခြင်းဖြစ်၍ ဘာမှ(ETEQUETIE) ဓလေ့ထုံးစံ ဟန်ပန်တွေ မရှိပါကြောင်း ပြောပြသည်။
မွန်စီယာမီရှယ်သည် နှာတံမြင့်မြင့်မှာ အနည်းငယ်မို့နေသော အာရစ်တိုကရက်တစ် မင်မျိုးမင်းနွယ်တွေမှာ ပါတတ်သော နှာတံမျိုး၊ မျက်လုံးညိုညိုနှင့် မျက်နှာသွယ်သွယ်၊ ဆံပင်က အညိုရောင်၊ အရပ်ကတော့ မြင့်သည်။ ပြုံးရွှင်ဖော်ရွေသော ဆက်ဆံမှုက ကုန်သည်ကောင်းတယောက်ပီသပါသည်။
ရောင်စုံဖြာကျနေသော မီးရောင်အောက်တွင် ရှယ်လီသည် နိုင်လွန်အင်္ကျီအဖြူလက်ရှည်နှင့် ချိတ်လုံချည်အနက်ခံပေါ်တွင် ငွေချည်ချိတ်ထားသော နှစ်ရောင်ချိတ်လုံချည်ကို ဝတ်ထားသည်။ လည်တိုင်ဖြူသွယ်သွယ်အောက်မှာ သူ့ဖက်ရှင် ပုလဲသွယ်က ရစ်ခွေလျက်၊ ပုလဲနုရောင်မျက်နှာက ဝင်းပနေသည်။ ဆံထုံးကိုလည်း မြန်မာဆန်ဆန် ထုံးဖွဲ့ထားသည်။
မွန်စီယာမီရှယ်သည် ရှယ်လီကို ခေတ္တမျှ ငေးကြည့်ပြီး မျက်စိလွှဲလိုက်သည်။ ပြီးတော့မှ သူ စကားဆက်သည်။
"ဦးဘိုးငြိမ်းကုမ္ပဏီကမိသားစု လန်ဒန်လာတော့ ကျွန်တော်ကလည်း လန်ဒန်မှာ ရှိနေတာနဲ့ မြန်မာလူမျိုးကို စိတ်ဝင်စားသွားတာ၊ သူတို့ကိုတွေ့တုန်းက သူ့သမီးထင်တယ်၊ ပြင်ဆင်ထားတာ အခု ဒေါ်မြကြာဖြူတို့ ဝတ်ထားသလိုမဟုတ်ဘူး၊ မင်းသမီးအဝတ်အစားလို့ ဆိုပါတယ်"
"ပေါ့ပေါ့ပါးပါး ရင်းရင်းနှီးနှီး စကားပြောရအောင်၊ ကျွန်မနာမည် ရှယ်လီပါ"
ရှယ်လီက ဒေါ်မြကြာဖြူဟူ၍ ထစ်အဲထစ်အဲမို့ မီရှယ်ခေါ်သည်ကို အားနာဟန်နှင့်ပြောလိုက်သည်။
ဒေါ်ခင်သက်တင်က ဝင်ရောက်ပြောလာသည်။
"ဟုတ်ကဲ့ အဲဒီအဝတ်အစားမျိုးကို လုံချည်က ဗလာထဘီခေါ်ပါတယ်၊ အင်္ကျီက ထိုင်မသိမ်းအင်္ကျီခေါ်ပါတယ်။ ကျွန်မတို့မြန်မာဘုရင်များရှိစဉ်က နန်းတော်မှာ မိဖုရားတွေ၊ ဘုရင်သမီးတော် အပျိုတော်တွေ၊ ရံရွေတော်တွေ အဲဒီလိုဝတ်ကြပါတယ်။ ခုခေတ်မှာလည်း မင်္ဂလာဆောင်သတို့သမီးနဲ့ နားသပွဲတွေမှာ အမျိုးသမီးတွေ ဗလာထဘီနဲ့ ထိုင်မသိမ်းအင်္ကျီဝတ်ဆင်ကြပါတယ်၊ များသောအားဖြင့် အချိတ်ဆင်ကို ဗလာထဘီချုပ်ကြပါတယ်။ အပြင်အရပ်သူတွေကတော့ ကျွန်မတို့လိုပဲ ဝတ်ကြပါတယ်"
"ကျွန်တော် သေသေချာချာ လေ့လာမိတယ်၊ မြန်မာအမျိုးသမီးဝတ်တဲ့ဝတ်စုံဟာ နန်းတွင်းဝတ်စုံရော အခုခေတ်ဝတ်စုံပါ ကိုယ်လုံးအလှကိုပေါ်စေတယ်"
"ဟုတ်ပါတယ်"
ရှယ်လီက ဖြေလိုက်သည်။
"ကျွန်တော်လာရောက်နေတဲ့အတောအတွင်း ကုန်သည်လောကကို လေ့လာကြည့်တော့ မြန်မာအမျိုးသမီးတွေဟာ ကုန်သွယ်ရေးမှာ အတော်များများ ဦးစီးလုပ်ကိုင်နေကြတယ်"
"ဟုတ်ပါတယ် မွန်စီယာ၊ ကျွန်မမိတ်ဆွေ ဒီက ရှယ်လီခေါ် ဒေါ်မြကြာဖြူဆိုလည်း မြကြာဖြူဆိုတဲ့ကုမ္ပဏီဖွင့်ပြီး သူကိုယ်တိုင် ဦးစီးနေတာပါ"
ဒေါ်ခင်သက်တင်ပြောလိုက်တော့ တအံ့တဩနှင့် ရှယ်လီကို မီရှယ်က လှမ်းကြည့်လိုက်သည်။
"အချိန်အားရရင် စကော့စျေးအနောက်ဘက်တန်းမှာ ရှယ်လီရဲ့ မြကြာဖြူကုမ္ပဏီရှိပါတယ်။ လာကြည့်ဖို့ ကျွန်မဖိတ်ခေါ်ပါတယ်"
"ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လာချင်ပါတယ်၊ ကြိုပြီးပြောပါ့မယ်"
"ကျွန်မရောင်းတဲ့ကုန်တွေက နိုင်ငံခြားအထည်တွေလည်း ရှိပါတယ်။ မြန်မာရက် ပိုးချိတ်ထဘီ၊ ရခိုင်ချိတ်တွေနဲ့ ကျောက်မျက်ရတနာတွေပါ"
"ကျွန်တော်က ဖက်ရှင်ကုမ္ပဏီကဆိုတော့ အထည်ဒီဇိုင်းတွေကို စိတ်ဝင်စားပါတယ်"
ရှယ်လီမှာ သူ့အကွက်ဝင်လာ၍ ဝမ်းသာသည်။
"မွန်စီယာ ကျွန်မတို့ဆိုင် လာခဲ့ပါ။ ကျွန်မဆန္ဒက မြန်မာချိတ်ထဘီတွေကို နိုင်ငံခြားသူတွေဝတ်တဲ့ ဘလောက်စ်တို့ စကတ်တို့ပုံစံနဲ့ ဖက်ရှင်ပြပွဲတွေမှာ ဝတ်ပြရင် နိုင်ငံခြားသားတွေများ စိတ်ဝင်စားမလားလို့ စမ်းကြည့်ချင်တယ်"
မီရှယ်က ခေါင်းတညိတ်ညိတ်လုပ်ပြီး စဉ်းစားနေဟန်ရှိသည်။
"ဒီဇိုင်အဆင်နဲ့ပတ်သက်ပြီး အခုအချိတ်အဆင်တွေထက် အနောက်နိုင်ငံသားအကြိုက် အဆင်တွေကိုလည်း မွန်စီယာတို့ အကြံဥာဏ်ပေးစေချင်တယ်"
"ကောင်းပါတယ်ရှယ်လီ၊ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်"
"ကဲ ...ညစာစားပွဲ အဆင်သင့်ဖြစ်ပါပြီ"
ဒေါ်ခင်သက်တင် ဖိတ်ခေါ်လိုက်၍ အားလုံး နေရာမှ ထကာ အိမ်ထဲ ဝင်လာခဲ့သည်။
ထမင်းစားပွဲမှာ ဒေါ်ခင်သက်တင်က မြန်မာထမင်းဟင်းများနှင့် မီရှယ်ကို မိတ်ဆက်ပေးသည်။
"Course နဲ့ အနောက်တိုင်းလို စီစဉ်မထားဘူး မီရှယ်၊ မြန်မာလိုပဲ ထမင်းဟင်းအားလုံး စားပွဲမှာ ချကျွေးမယ်။ ပြီးတော့ မီရှယ်တို့ အစပ်မစားနိုင်လို့ မြန်မာဟင်းပေမယ့် အစပ်လျှော့ထည့်ထားပါတယ်"
ဒေါ်ခင်သက်တင်က ပြောပြ၏။ အိမ်ဖော်များက ပန်းကန်ပြားထဲ ထမင်ထည့်ပေးသည်။ ဟင်းချိုပန်းကန်လုံးများကိုတော့ တယောက်တလုံးစီ သီးသန့်ထည့်ပေးသည်။
"ကောင်းပါတယ် ခင်ဗျာ၊ မြန်မာဓလေ့ကို ကျွန်တော် သိရတာပေါ့၊ တည်းခိုတဲ့ဟိုတယ်တွေက အနောက်တိုင်းလိုကျွေးတော့ မြန်မာအစားအစာရော စားရပုံဟန်ကိုရော ကျွန်တော်တို့ မလေ့လာရဘူး။ အခု ဒေါ်ခင်သက်တင်ကို သိပ်ကျေးဇူးတင်ပါတယ်"
"တကယ်လို့များ မွန်စီယာမီရှယ် အချိန်ရမယ်ဆိုရင် ရှယ်လီကလည်း ဖိတ်ခေါ်ချင်ပါတယ်၊ နေ့လည်စာပေါ့။ ကျွန်မတို့ မြန်မာမုန့်ဟင်းခါး ကျွေးချင်ပါတယ်"
ရှယ်လီက ဖိတ်ခေါ်ချင်ကြောင်း စကားစလိုက်သည်။
"ဝမ်းသာလိုက်တာ၊ ခင်ဗျားဖိတ်ခေါ်တာကို ကျွန်တော် လက်ခံနိုင်လိမ့်မယ်ထင်ပါတယ်။ အားလပ်ချိန်ကို ကြည့်လိုက်ပါဦးမယ်။ ဂျပန်ကို ခရီးဆက်ထွက်ရပါဦးမယ်၊ မြန်မာအမျိုးသမီးတွေဟာ အင်္ဂလိပ်စကားကို အတော်လည်လည်ဝယ်ဝယ်ပြောတတ်တာပဲ။ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပဲရစ်တို့ လန်ဒန်တို့ကို ခရီးထွက်စေချင်တယ်"
ရှယ်လီက ဟင်းပန်ကန်ကိုယူကာ မီရှယ့်ကို ခွင့်တောင်း၍ ထည့်ပေးသည်။ မီရှယ်က ပြုံး၍ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ပြီးမှ
"ရှယ်လီ ဟင်းထည့်ပေးတာတွေ့လို့ ကုန်သွယ်ရေးနဲ့မဆိုင်တာ ကျွန်တော်တခုပြောရဦးမယ်"
မီရှယ်က စကားဆက်သည်။
"ကျွန်တော့်သူငယ်ချင်းက သံရုံးအမှုထမ်းပါ။ တနှစ်က မြန်မာအမျိုးသမီးကို လက်ထပ်ထားပါတယ်။ သူက ပြောတယ်။ ထမင်းစားရင် ဟင်းကို သူ့ဇနီးက သူ့ပန်းကန်ထဲ အရင်ထည့်ပြီးမှ သူစားတယ်။ အဲဒါ မြန်မာ့ဓလေ့ဆို"
"ဟုတ်ပါတယ်၊ မြန်မာလို ဦးချတယ် ခေါ်ပါတယ်"
ရှယ်လီက ပြောလိုက်၏။
"ဦးချတယ်"
မီရှယ်က မပီကလာ ပီကလာနှင့် မြန်မာလိုဆိုသည်။
"ဟုတ်ပါတယ်၊ ကိုယ်မစားခင် ဦးဦးဖျားဖျား လင်သားကိုကျွေးတာပါ၊ လင်သားကို လေးစားတဲ့သဘောပါ"
ရှယ်လီက ပြောလိုက်၏။
"မြန်မာတွေ လင်ကို ကြောက်ရလား"
"မကြောက်ရပါဘူး၊ ဒါပေမဲ့ လင်ကို ရိုသေလေးစားကြတယ်"
မီရှယ်၏အမေးကို ဒေါ်ခင်သက်တင်က ဖြေလိုက်၏။
ရှယ်လီက ဦးချခြင်းအဓိပ္ပါယ်ကို ဆက်ပြော၏။
"ရှယ်လီတို့မြန်မာမှာ လင်ကိုတင်မဟုတ်ပါဘူး၊ ကိုယ်မိသားစုထမင်းဝိုင်းမှာ မိဘပါရင် မိဘကို အရင်ဦးချပြီးမှ ကိုယ့်ထမင်း ကိုယ်စားပါတယ်၊ မိဘမပါရင် လင်သား ဒါမှမဟုတ် ကိုယ့်ထက်ကြီးတဲ့လူတယောက်ပါရင် ကြီးတဲ့လူကို အရင်ဦးချပြီးမှ စားတတ်ကြပါတယ်။ ကျွန်မမာမီဆိုရင် ထမင်းဟင်းနဲ့ ဆွမ်းတော်တင်တယ်၊ ပြီးတော့ ဘာအသီးအနှံပဲ အိမ်ကို ရောက်လာလာ ဘုရားကို ဦးချ ဆွမ်းတော်တင်ပြီးမှ အိမ်သားတွေ စားရတယ်"
"တယ်ပြီး ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံဗျာ"
မီရှယ်က လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်၏။ တမင်းကို ဆက်စားရင်း ငါးပေါင်းထုပ်ကို အတော် သဘောကျပုံရ၏။ ထမင်းနည်းနည်းစားကာ ငါးပေါင်းထုပ်ကို တခုပြီးတခု စားသည်။ ငါးဖယ်သုပ်၊ ဘူးသီးဟင်းချို၊ အသီးအရွက်ကြော်၊ ကြက်သားဆီပြန်ဟင်းများဖြစ်သည်။
"အနောက်နိုင်ငံသားတွေ ဆီသိပ်မကြိုက်ဘူးဆိုလို့ ကျွန်တော့်မိန်းမက ကြက်သားဆီပြန်တခုပဲ ဆီများများထည့်တယ်"
ဦးဖေမြင့်က ထမင်းစားရင်း မီရှယ်ကို ပြောလိုက်သည်။ မီရှယ်က ပြုံး၍
"ဦးဖေမြင့် ဒေါ်ခင်သက်တင်ကိုရတာ သိပ်ကံကောင်းတာပဲ၊ ကျွန်တော်လည်း ကံကောင်းချင်ပါတယ်"ဟု ပြောလိုက်၍ အားလုံးဝိုင်းရယ်ကြသည်။
မီရှယ်က ဆက်ပြောသည်။
"ကျွန်တော်ဆိုလိုတာက ကျွန်တော်က လူပျိုပါ။ ကျွန်တော် တယောက်တည်းပဲ နေပါတယ်"
သူ့ဘဝတပိုင်းတစကို ဖော်ပြလိုက်သည်။
"ကုန်သွယ်ရေးမှာရော အိမ်တွင်းမှုမှာပါ ကျွမ်းကျင်တဲ့မိန်းမရထားတော့ ဦးဖေမြင့် ကံကောင်းတယ်လို့ ဆိုလိုတာပါ၊ ကျွန်တော်လည်း ဒီလိုမိန်းမမျိုးရချင်တာပေါ့။ မြန်မာမိန်းမတွေက ယောက်ျားတွေထက် ပိုအလုပ်လုပ်သလား"
"ဒီလိုရှိပါတယ်"
ဦးဖေမြင့်က ဝင်ပြောလိုက်သည်။
အိမ်ထောင်တခုမှာ မြန်မာအမျိုးသားတွေဟာ အိမ်ထောင်ဦးစီးအနေနဲ့ အစိုးရဝန်ထမ်းဖြစ်ဖြစ် ကုန်သည်မှာဖြစ်ဖြစ် ဝင်ရောက် ထမ်းဆောင်ကြပါတယ်။ ကျွန်တော်ဆို အသက်၆၀အထိ အစိုးရအမှုထမ်းပါ။ အဲဒီအချိန်မှာ ဒေါ်ခင်သက်တင်က အိမ်ရှင်မကောင်းတယောက်ပေါ့။ အခု ကျွန်တော် အနားယူပင်စင်ရတော့ သူက ကုန်သွယ်ရေးဘက်ဝင်ပြီး တဖက်စီးပွားရှာတာပါ။ မြန်မာလူမျိုးတွေ အိမ်ထောင်ရေးက ပါရမီဖြည့်ဘက်သဘော ရှိပါတယ်။ တဦးနဲ့တဦး တဖက်သတ်လွှမ်းမိုးမှုတွေ မရှိကြပါဘူး"
"ပါရမီဖြည့်ဘက်ဆိုတာ ဘာကို ဆိုလိုတာလဲ"
မီရှယ်က နားမလည်၍ ဦးဖေမြင့်က ရှည်လျားစွာ ရှင်လင်းပြောပြသည်။
"မီရှယ် ဘယ်နားလည်မလဲ၊ ပါရမီဆိုတာ ပါဠိစကား၊ 'သံသရာတဖက်ကမ်း နိဗ္ဗာန်သို့ရောက်အောင် ကျင့်ကြံအားထုတ်ရသော မြတ်သောအကျင့်' လို့ အဓိပ္ပါယ်ရတယ်၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရှေ့ဘဝ နောက်ဘဝဆိုတာ ယုံကြည်တယ်။ ဒီလိုဘဝတွေမှာ ကျင်လည်ရတာကို သံသရာလို့ခေါ်တယ်။ သံသရာအဆုံးမှာ နိဗ္ဗာန်ရှိတယ်။ နိဗ္ဗာန်ရောက်ရင် ဘဝက ပြန်မဖြစ်တော့ဘူး။ ဗုဒ္ဓဘာသာဝင်တွေလက်ထပ်ရင် ဒီတစ်ဘဝတည်းအတွက် ဆုမတောင်းကြဘူး။ ဘဝအဆက်ဆက် နိဗ္ဗာန်ရောက်သည်အထိ ပေါင်းရပါစေလို့ ဆုတောင်းကြတယ်။ နိဗ္ဗာန်မရမီ ကျင်လည်ခဲ့ရတဲ့ဘဝတွေမှာ သုခဒုက္ခတွေ့သမျှ လက်တွဲရင်ဆိုင်ပြီး နိဗ္ဗာန်ရောက်အောင် အားထုတ်ရတဲ့ ဒါနသီလ အစရှိတဲ့အကျင့်တွေကို ကျင့်ကြံကြတဲ့ ဇနီးမောင်နှံကို ပါရမီဖက်လို့ ခေါ်ပါတယ်"
မီရှယိက စိတ်ဝင်စားစွာ နားထောင်ရင်း "ကျွန်တော်သဘောပေါက်ပါတယ်"ဟု ဆိုပြီးမှ "ဒါပေမဲ့ ကျွန်တော်ထင်တယ်၊ ဇနီးမောင်နှံတိုင်းဟာ ဆုတောင်းတိုင်းမပြည့်ကြပါဘူး။ ဦးဖေမြင့်လိုကံကောင်းသူတွေကတော့ ပါရမီဖြည့်ဘက်ဇနီးကောင်းရမှာပါ"
ဦးဖေမြင့်က ရယ်ရင်း "ဟုတ်ပါတယ်၊ တချို့ ဆုတောင်းမပြည့်ပါဘူး"ဟု ပြောလိုက်သည်။
"ကျွန်တော်တို့ခရစ်ယာန်များလည်း လက်ထပ်တဲ့အခါ ဘုန်းကြီးရှေ့မှာ ဇနီးမောင်နှံနှစ်ယောက် အိုနာကျိုးကန်း သေတဲ့အထိ သစ္စာရှိပါ့မယ်လို့ ကတိသစ္စာပြုကြတာပါပဲ။ ဒါပေမဲ့ တချို့ကျတော့ မအိုမနာခင် အလှတောင် မပျက်သေးဘူး။ လက်ထပ်ထားတဲ့သူရှိပေမယ့်လည်း နောက်တယောက်နဲ့ အိမ်ထောက်ရေးဖောက်ပြန်ကြတာရှိတာပဲ"
"မြန်မာမှာလည်း လင်ကွာမယားကွာတချို့ရှိကြပေမယ့် ဘာသာရေးအရရော ယဉ်ကျေးမှုအရရော ဥပဒေအရရော တလင်တမယားစနစ်ကို ဦးစားပေးပါတယ်၊ အများစုကတော့ တယောက်နဲ့တယောက် ခွင့်လွှတ်သည်းခံပြီး အိုအောင်မင်းအောင် ပေါင်းကြပါတယ်"
"အေးဗျာ၊ ကျွန်တော် အံ့ဩပါတယ်၊ အိမ်ထောင်ရေးမှာ တဖက်သတ်မဟာဖိုဝါဒနဲ့ လင်သားတွေက ကြီးစိုးနေတဲ့ အိန္ဒိယပြည်နဲ့တရုတ်ပြည်အကြားမှာရှိတဲ့ မြန်မာတွေရဲ့ ဇနီးမောင်နှံဆက်ဆံရေးဓလေ့ထုံးစံဟာ ခေတ်မှီပြီး ချစ်စရာကောင်းတယ်နော်"
"ဟုတ်ပါတယ်၊ အမွေဆက်ခံပိုင်ခွင့်လည်း လင်သေရင် မယားအားလုံးရတယ်၊ မယားသေရင် လင်အားလုံးရတယ်"
"မြန်မာအမျိုးသမီးဖြစ်ရတာ ကံကောင်းလိုက်တာ"
မီရှယ်ရော ဦးဖေမြင့်ပါ စကားပြောရင်းမှ ထမင်းစားပြီးကြောင်း ဇွန်းခက်ရင်းကို ပန်းကန်ပြားပေါ် ပက်လက်ချ၍ ပြလိုက်ကြသည်။
ထမင်းစားပွဲကို အိမ်ဖော်များက သိမ်းလိုက်၍ အချိုပွဲများ ချလာသည်။ ဆနွင်းမကင်း၊ လက်ဖက်ရည်ကြမ်းနှင့် ငါးခြောက်ဖုတ်၊ လက်ဖက်သုပ်၊ ငှက်ပျောသီးများ ချကျွေးသည်။
ရှယ်လီက ပန်းကန်ပြားအလယ်မှာ လက်ဖက်စုံ တပုံစီပုံကာ ဇွန်းငယ်တပ်၍ မီရှယ်လက်ထဲ ထည့်ပေးသည်။
"ကျေးဇူးတင်ပါတယ်" ပြောကာ မီရှယ်က မြည်းစမ်းစားကြည့်သည်။
"လက်ဖက်ကတော့ မြန်မာ့ရိုးရာဓလေ့အစားအစာအစစ်ပဲ၊ ရှေးခေတ်ရော ခုခေတ်ရော လူတန်းစားမရွေး ကြိုက်တယ်။ မြန်မာဘုရင်တွေလည်း သုံးဆောင်တယ်။ နန်းတော်ထဲမှာလည်း ရွှေချထားတဲ့ လက်ဖက်အုပ်ဟာ တော်ဝင်ပစ္စည်းပါပဲ။ ပြီးတော့ မြန်မာဘုရင်လက်ထက်က လွှတ်တော်မှာ အမှုအခင်း အဆုံးအဖြတ်ပေးပြီးရင် တရားလိုရော တရားခံပါ အမှုပြီးပြတ်ပြေငြိမ်းတဲ့သဘောနဲ့ လက်ဖက်ကို လက်ဆုံစားရပါတယ်၊ လက်ဖက်ကို အဲဒီလို အရေးပါတဲ့အခန်းက ပါဝင်ခဲ့တာပါ"
ရှယ်လီပြောသမျှကို မီရှယ်က ဘေးက နားထောင်နေသည်။ နှစ်လိုဖွယ်အပြုံးနှင့် ခေါင်းကလေးညိတ်ကာ တလေးတစား နားထောင်သည်။
"ရှယ်လီဆိုရင် ရှယ်လီ့ယောက္ခမတွေက ရခိုင်တွေပါ၊ သူတို့လည်း မြန်မာတိုင်းရင်းသားဆိုတော့ လက်ဖက်ကြိုက်ပါတယ်၊ ထမင်းစားပြီး လက်ဖက် အမြဲပြင်ကျွေးရပါတယ်"
ရှယ်လီသည် သူ အပျိုမဟုတ်ကြောင်း သွယ်ဝိုက်ပြောလိုက်သည်။
"အို ...ရှယ်လီ ခုထိ ယောက္ခမနဲ့နေတယ်"
မီရှယ်က တအံ့တဩ မေးလိုက်သည်။
"ကျွန်မမှာ သားတယောက် သမီးတယောက်ရှိတယ်၊ သားက ဆေးကျောင်းသားပါ၊ သမီးက တက္ကသိုလ်ရောက်နေပြီ။ ကျွန်မယောက္ခမတွေက သူ့မြေးတွေကိုချစ်တော့ အတူနေပါတယ်"
"ကျွန်တော့်မှာတော့ အဲလစ်နဲ့အံ့ဖွယ်တိုင်းပြည်စာအုပ်ဖတ်ရသလိုပဲ၊ ဒီတိုင်းပြည်ဓလေ့အဆန်းကို တွေ့ရပြန်ပြီ၊ သားကို တက္ကသိုလ်အထိ မိဘက တာဝန်ယူတယ်၊ အဘိုးအဘွားနဲ့လည်း တစည်းတလုံးတည်းရှိကြတယ်။ ယောက္ခမနဲ့လည်း ချွေးမ အတူနေကြတယ်၊ ကျွန်တော်တို့ဆီမှာတော့ ၁၈နှစ်သားကလည်း အတူမနေလိုတော့ဘူး။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြတာပဲ၊ အိမ်ထောင်ကျပြီဆို သီးသန့်ခွဲနေကြတာများတယ်"
"မီရှယ်တို့ဓလေ့ကလည်း တနည်း ကောင်းပါတယ်။ ကျွန်မတို့မြန်မာမှာတော့ ဝတ္တရားဆိုပြီး ထိုဓလေ့ထုံးစံက သင်ကြားထားပါတယ်။ သားသမီးကို ပညာပြည့်စုံအောင် မိဘက ပညာသင်ပေးရမယ်။ အချိန်တန်ရင် မိဘကပဲ သားသမီးကို လက်ထပ်ပေးစားရမယ်။ ဒါ မိဘဝတ္တရားပါပဲ။ သားသမီးကလည်း မိအိုဖအိုကို ပြန်လည်ပြုစုလုပ်ကျွေးရမယ်ဆိုတာ သားသမီးဝတ္တရားလို့ ပြဌာန်းထားပါတယ်"
မီရှယ်က ခေါင်းညိတ်နားထောင်ရာမှ "ရှယ်လီဆိုတဲ့နာမည်က အင်္ဂလိပ်နာမည်နော် " ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်မတို့ငယ်ငယ်က လွတ်လပ်ရေးမရသေးပါဘူး။ ၁၀တန်းအထိ ကျွန်မ ပြင်ဦးလွင်က ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ နေလာခဲ့ရတော့ အင်္ဂလိပ်အမည်တွေ ယူရပါတယ်။ ရှယ်လီတို့မာမီက ရှယ်လီကိုပေးထားတဲ့မြန်မာနာမည်က မြကြာဖြူပါ"
"အဓိပ္ပါယ်က"
"မြ (Emerald) ဆိုတာ မြရဲ့အစိမ်းရောင်က အေးမြချမ်းငြိမ်းတဲ့သဘောဆောင်ပါတယ်။ ကြာဖြူ (White Lotus) ကတော့ နွံထဲက ထွက်လာပေမယ့် သန့်ရှင်းကြည်လင်တဲ့သဘောပေါ့"
"အို ...သိပ်အဓိပ္ပါယ်လေးနက်တာပဲနော်၊ လှလည်းလှတယ်။ ကျွန်တော် မြကြာဖြူဆိုတဲ့နာမည်ကို ပိုသဘောကျတယ်"
မွန်စီယာမီရှယ် စကားပြောသည်မှာ မြန်မာမှုကို စိတ်ဝင်စားနေကြောင်းထက် ရှယ်လီ့အလှမှာ မိန်းမောချင်ပုံရသည်။ ရှယ်လီ့မျက်လုံးများက ကျောင်းသူဘဝလို ရမ္မက်ဖြင့် ဝင်းဝင်းတောက်မနေ။ အနည်ထိုင်တည်ငြိမ်နေသောစိတ်ကြောင့် အကြည့်ခံရသူကို အေးမြစေသည်။ မီရှယ်သည် သူ့ရင်ကို ချမ်းမြေ့စေသော ရှယ်လီ့အကြည့်နှင့်အလှမှာ နစ်မြုပ်နေမိသည်။ စကားပြောကြရင်း ည ၁၁ နာရီထိုးမှ ထမင်းစားပွဲက ပြီးသွားပြီး မွန်စီယာမီရှယ်က ကျေးဇူးတင်စကားပြော၍ နှုတ်ဆက်ထွက်ခွာသွားသည်။ ရှယ်လီ့ကိုတော့ ဒေါ်ခင်သက်တင်ကိုယ်တိုင် သူ့ကားနှင့် လိုက်ပို့ကာ ပြန်သွားသည်။
ဆက်ရန်
-----------------------------
0 Comments