#မွှေး
အပိုင်း(၂၀)
မွှေးသည် တစ်နှစ်နှင့် ခြောက်လတိုင်တိုင် အာရောဂျံတွင် နေခဲ့ရ၏။ မြန်မာပြည်သို့ ပြန်ရမည့်နေ့တွင်မူ မွှေး၏ပျော်ရွှင်ပုံမှာ မြက်ခင်းပေါ်ရှိ သမင်ငယ်လို မြူးကြွရွှင်လျက်ရှိ၏။ သူ့အသုံးအဆောင် အစားအသောက်များကို အားလုံး ဝေငှခဲ့သည်။ လူနာအိမ်များမှ အစေခံများမှာ အားလုံးဝိုင်းလာကြသည်။ မွှေးသည် ငွေနှစ်ကျပ် သုံးကျပ်စီ ပေးခဲ့၏။
မနက်လင်းအားကြီး အတွတ်လာခေါ်ချိန်တွင် ဘီဘီသည် သူ့မျက်နှာ ညှိုးငယ်စွာနှင့် လာ၍နှုတ်ဆက်ရင်း ကားပေါ်သို့ ပစ္စည်းများ သယ်တင်ပေးသည်။ ကားထွက်လျှင် မွှေး၏အိမ်မည်းမည်းလေးတွင် တစ်ယောက်တည်း ငုတ်တုတ်ထိုင်ကာ သူနေရစ်တော့သည်။
မွှေးကတော့ လွတ်ပြီကျွတ်ပြီ သဘောမျိုးဖြင့် အာရောဂျံကို နောက်တွင်မေ့ကာ ထားခဲ့တော့သည်။ သူတို့နှစ်ယောက် မဒနာပလီမှ ကပဒီအထိ ကားစီးကြသည်။ ကပဒီတွင် မီးရထားပြောင်းစီးကာ မဒရပ်သို့ ထွက်လာ၏။ မီးရထားပေါ်တွင် မွှေးသည် အထူးပျော်ရွှင်နေပုံရလေသည်။
“ကိုကိုနိုင့်ဆီကို သံကြိုးရိုက်ပါဦး အတွတ်၊ သူ ရန်ကုန်မှာ ရှိပါ့မလား၊ နောက်ဆုံးစာမှာတော့ ခွင့်ယူပြီး ရန်ကုန်မှာ လာစောင့်နေမယ်တဲ့၊ ဆက်ဆက်ရိုက်နော်၊ လေယာဉ်ပျံပေါ်က ဆင်းဆင်းချင်း ကိုကိုနိုင့်ကို တွေ့ရမှ၊ မတွေ့ရရင် အတွတ်တော့ အသိပဲ"
မွှေးက ကလေးငယ်လို သွက်လက်ရွှင်ပျစွာ ပြောလေ အတွတ်က မောလေပင်ဖြစ်၏။ သူသည် မျက်နှာပျက်၍ပျက်၍ သွားသောကြောင့် ချက်ချင်းပင် ပြင်သည်မှာ အလုပ်တစ်ခုဖြစ်တော့သည်။
မဒရပ်ရောက်လျှင် လေယာဉ်ပျံလက်မှတ်အတွက် နှစ်ရက်လောက် နားကြရသည်။ ဗစ်တိုးရီးယားဟိုတယ်တွင် တည်းခိုနေစဉ်အတွင်းတွင် မွှေး စျေးသွားရာသို့ အတွတ်က လိုက်ရသည်။ ဘယ်နေရာရောက်ရောက် ဘာကိုဝယ်ယ် “ကိုကိုနိုင်ဖို့လေ၊ ကိုကိုနိုင်ကြိုက်တဲ့ အရောင်လေး၊ ဟာ..ဒါ ကိုကိုနိုင့်ဘောင်ဘီချုပ်ပေးဖို့။ ပလေကပ်လုံချည်လည်း ဖေဖေနဲ့ ကိုကိုနိုင့်ဖို့ ဝယ်သွားရမယ်”
အတွတ်သည် ခေါင်းတညိတ်ညိတ်နှင့် နောက်မှ ပစ္စည်းများ ပိုက်ကာသယ်ကာနှင့် လိုက်၍လာတတ်သည်။ ပါးစပ်ဖျားမှ ကိုကိုနိုင် ဆိုသော စကားလုံးများကို သီးနေလေလေ သူ့ရင်ထဲတွင် ကျပ်တင်းတင်းကြီး ဖြစ်လာတော့သည်။
“ဒါက အတွတ်မေမေနဲ့ ကိုကိုနိုင့်မေမေဖို့။ အထွေးတို့နှစ်ယောက်ဖို့ အရောင်နုနုရွေးရမယ်”
ဆာရီလုံချည်များကိုလည်း သူကြိုက်ရာ ရွေးနေ၏။ အတွတ် ရင်ထဲတွင်မူ မြန်မာပြည် ပြန်ရောက်မည့်အချိန်အတွက် ရင်လေးနေသည်ကို မွှေးက မသိပေ။
မဒရပ်မှ မထွက်ခွာခင် ညနေခင်းတွင်မူ သူတို့သည် မဒရပ်ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်ကြသည်။
လှိုင်းပြာများသည် ကမ်းမှဝေးလေလေ အပြာရင့်ရောင်ကား မှိုင်း၍သွား၏။ မွှေးသည် အတွတ်အပါးတွင်ရပ်ကာ ပင်လယ်ပြင်ကို ကြည့်နေသည်။ သူ့မျက်လုံးလေးများသည် သောကကင်းကာ ကြည်ရွှင်တောက်ပနေပုံရသည်။ ချစ်သူနှင့် တွေ့ရတော့မည့်ဇော ကြွနေပုံရသည်။
မွှေး ထိုနေ့ညက ဝတ်ထားသော လုံချည်မှာ ပင်လယ်ပြာနှင့် ဟပ်နေသည်။ မီးခိုရောင်ပေါ်တွင် နှင်းဆီပွင့်ကျဲကျဲများ ဆင်ထားသော လုံချည်ဖြစ်၍ ပင်လယ်ပေါ်တွင် မိုးနေသော ကောင်းကင်ရှိတိမ်များလို ညိုမှိုင်းမှိုင်းနောက်ခံတွင် ပုစွန်ဆီရောင်အသွေးများက ယှက်သမ်းနေပေသည်။ ခြုံထားသော ပဝါပါးမှာ လေထဲတွင် လွင့်နေ၏။
“ဒီက ပြန်ရင်လေ ကိုကိုနိုင်က ခွင့်ရက်ရှည် ယူထားမယ်တဲ့။ ပြီးတော့ ပင်လယ်ကမ်းခြေတစ်ခုခုကို သွားလည်မယ်လို့ ပြောတယ်။ အတွတ်လည်း လိုက်ခဲ့နော်"
သူသည် အတွတ်ကို လှမ်း၍ပြောကာ သဲပြင်ပေါ် ထိုင်ချလိုက်ပြန်သည်။
“သူများချစ်သူနှစ်ယောက်ကြားမှာ ရှုပ်ပါတယ်။ မလိုက်ချင်ဘူး”
သူက မွှေးကို မကြည့်ဘဲ ပြောလိုက်၏။ မွှေးက ပြုံးကာ သူ့ခြေသလုံးကို ပုတ်လိုက်သည်။
“ဒီတစ်ခါတော့ မွှေး ကိုကိုနိုင်နဲ့ မခွဲတော့ဘူး။ ကိုကိုနိုင် ဘယ်သွားနေနေ လိုက်မှာပဲ၊ တောင်ကြားထဲမှာနေနေ တောထဲမှာနေနေ လိုက်မှာပဲ”
အတွက်သည် သက်ပြင်းကို ချမိပြန်၏။ မတ်တတ်ရပ်ရင်းသာ မွှေးပြောသော စကားများကို မကြားသလို ပင်လယ်ပြင်ကို ငေးမောကြည့်နေ၏။ နေရောင်ခြည်သည် ပင်လယ်တွင် ပျောက်သွား၍ ပြန်ရန်အတွက် မွှေးကို ငုံ့ကြည့်လိုက်သည်။
မွှေးသည် သဲပြင်ပေါ်တွင် တုတ်ချောင်းလေးနှင့် ခြစ်ကာ စာရေးနေသည်။ သဲပြင်ပေါ်မှ စာလုံးများကို သူက ဖတ်ကြည့်လိုက်သောအခါတွင် “ကိုကိုနိုင်" ဟူ၍ တွေ့ရတော့သည်။
* * *
ရန်ကုန်ကို ပြန်ရောက်သောနေ့မှာ မိုးဦးကျစ ဖြစ်သော်လည်း ရာသီဥတု ကြည်လင်လျက်ရှိသည်။ မွှေးသည် သူဝယ်လာသမျှကို အကောက်ခွန်ဌာနတွင် တင်ပြရင်း ခြေကမူ အပြင်သို့ တစ်ဘက်လှမ်းနေပေသည်။ သူ့မျက်နှာကလည်း အပြင်ခန်းဘက်ဆီသို့ တကြည့်ကြည့်ဖြစ်နေ၏။ အားလုံးကိစ္စများပြီးလျှင် အတွတ်သည် မွှေးထံမှ လက်ဆွဲအိတ်ကို လှမ်းယူကာ အပြင်ထွက်ရန် ပြင်လိုက်၏။ မွှေးသည် ရှေ့မှခြေလှမ်းကျဲကြီးနှင့် သွားကာ ဆွဲတံခါးကို တွန်းလိုက်၏။
ဧည့်သည်များစောင့်ရန် အခန်းမှ လေးနှင့်အထွေးက ပြေးလာကာ မွှေးကိုဖက်လိုက်သည်။ မွှေးသည် မျက်ရည်လေး လည်လာအောင်ပင် ပွေ့ဖက် နှုတ်ဆက်၍ ဝမ်းသာသွားတော့သည်။ သို့သော် သူ့မျက်လုံးများသည် ဧည့်ခန်းဆောင်အတွင်း ကိုကိုနိုင့်ကို လှည့်ပတ်ရှာ၏။ ကိုကိုနိုင်၏အရိပ်အယောင်ကိုမျှ မမြင်ရပေ။
မွှေးသည် ညီမများနှင့်အတူ ကားပေါ်တက်ရသော်လည်း စိတ်ထဲမှ ကိုကိုနိုင် လာမကြိုသည်ကို မကျေနပ်နိုင်ပေ။ အတွတ်ကတော့ မျက်နှာမသာမယာနှင့်ပင် သူ့ကို လာနှုတ်ဆက်၏။
“ကဲ ..မွှေး၊ အထွေးတို့နဲ့ သွားတော့နော်၊ အတွတ် ညမှလာခဲ့မယ်"
မွှေးသည် ခေါင်းသာ ညိတ်ပြလိုက်၏။
“ကိုကိုတွတ်ကြီး လေးတို့ဖို့ ဘာပါလဲ၊ ဒါပဲနော် ညနေကျ ယူခဲ့ရမယ်နော်”
ညီအစ်မနှစ်ယောက်က ပြုံးကာရွှင်ကာ ပြောသည်ကို အတွတ်သည် လက်ပြရင်း သူ့ကားရှိရာသို့ ထွက်သွားတော့သည်။
ညီမငယ်နှစ်ယောက်က ပြန်လည်၍ တွေ့ဆုံကြချိန်တွင် ဝမ်းသာအယ်လဲ စကားပြောသလောက် မွှေးကမူ သွက်သွက်လက်လက် သိပ်မရှိလှပေ။ ခွင့်ယူကာ ရန်ကုန်တွင် လာစောင့်နေမည်ဆိုပါလျက် ယခု ဘာကြောင့်မလာပါသနည်း။ ကိုကိုနိုင် မလာနိုင်လျှင်လည်း ယောက္ခမကြီးဖြစ်ဖြစ် လာကြိုသင့်သည်။ မွှေးသည် တစ်လမ်းလုံး အတွေးနှင့် ပျော်ရွှင်လာသလောက် ယခုရောက်ချိန်တွင် စိတ်ထလာတော့သည်။ သူရိုက်လိုက်သော သံကြိုးများ မရလေသလား။ အထွေးတို့ထံနှင့် ယောက္ခမကြီးတို့ထံသို့ တစ်ပြိုင်နက် သံကြိုးရိုက်လိုက်ခြင်းဖြစ်၍ အထွေးတို့ကရပြီး ကိုကိုနိုင်က မရဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ ကိုကိုနိုင်များ ရန်ကုန်လာခွင့် မရ၍လား။
“ကိုကိုနိုင် ရန်ကုန်မှာရော ရှိလား”
မွှေးက ဗြုန်းခနဲ မေးလိုက်၏။ အထွေးနှင့်လေးက မျက်နှာထား အနည်းငယ် ပျက်သွားကြ၏။ အထွေးက သွက်လက်သူပီပီ ဣနြေ္ဒဆည်လိုက်ကာ “ရှိပါတယ်၊ မနေ့က လေယာဉ်ပျံကွင်းမှာ ဆုံကြဖို့ အားလုံး အစီအစဉ်လုပ်ထားပါတယ်။ ကိုကိုနိုင့်မှာ စစ်ရုံးက အရေးတကြီးကိစ္စများ ပေါ်လို့လားမှမသိ” ဟု ပြောလိုက်၏။
“သူ ခွင့်မယူသေးဘူးလား”
“နက်ဖြန် သန်ဘက်လောက်မှ စ,ယူမယ် ထင်တယ်”
ကားမှာ ကမာရွတ်အဝိုင်းကို ကျော်ကာ ပြည်လမ်းအတိုင်း မြို့ထဲမောင်းလာ၏။ မွှေးသည် သူ့ကို ဘယ်ခေါ်လာသည်ကို တွေးမရပေ။ သူတို့အိမ်မှာ ကမာရွတ်ထဲမှာ ဖြစ်သည်မဟုတ်ပါလား။
“ခု ဘယ်သွားမလို့လဲ လေး"
“ကိုကိုနိုင့်အိမ်ကိုလေ၊ ဒီလို... မမမွှေး စိတ်မချမ်းသာမှာစိုးလို့ စာမရေးတာ၊ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ကိုကိုနိုင် မမမွှေးဆီ လိုက်မလို့ဘဲ၊ ဒီရောက်တော့ သူ့မေမေ မမာတာနဲ့ မလိုက်ရဘူး၊ အဘွားကြီးဟာ သွေးတိုးရောဂါနဲ့ ဆုံးသွားတယ်"
“ဟယ် ...မေမေ ဆုံးသွားပြီ”
မွှေးသည် အတော်လေးပင် တုန်တုန်လှုပ်လှုပ် ဖြစ်သွား၏။ သူ့အပေါ်တွင် မိခင်လိုကောင်းသော ယောက္ခမဖြစ်၍ စိတ်ထဲတွင် အတော်ပင် ထိခိုက်သွားမိ၏။
“ဟုတ်တယ်၊ ဒါကြောင့် ကိုကိုနိုင်လဲ အိန္ဒိယကို မလာဖြစ်ဘူး၊ အဘွားကြီးကို ဆေးရုံမှာ သူကြည့်ရသေးတာကိုး၊ အဘွားကြီးက မသေခင် သူပြင်ဆောက်တဲ့ အိမ်ကိုရော အတွင်းပစ္စည်းရော မမမွှေးနဲ့ကိုကိုနိုင့်ကို လွှဲပေးခဲ့တယ်၊ အဲဒီအိမ်ကို မမမွှေး တစ်ခါတည်း တက်နေဖို့ ကိုကိုနိုင်က စီစဉ်ထားတာ။ မနေ့ကဆိုတာ သူ့မှာ ဖတ်ဖတ်မောနေတာပဲ။ အိမ်ကို ကိုဘဆောင်တို့လင်မယားနဲ့ လှအောင် ပြင်ရတာ”
လေးက စကားစ သတ်လိုက်လျှင် မွှေးရင်ထဲမှာ နည်းနည်းပေါ့သွား၏။ ကောင်မလေးတွေ လုပ်ကြံ၍ပြောသည်တော့ မဟုတ်တန်ရာ၊ ကိုကိုနိုင်သည် အသက်နှင့်ကိုယ် မြဲ၍တော့ နေတန်ကောင်းပါရဲ့။ စစ်ဗိုလ်ဆိုသည်မှာ အသက်အန္တရာယ် နီးကပ်လွန်းလှ၍ တစ်ယောက်နှင့်တစ်ယောက် ခွဲခွာပြီး ပြန်တွေ့ရချိန်ကို မှန်းဆကောင်းသည်မဟုတ်ပေ။
ကားသည် အလုံလမ်းသို့ ချိုးကာ ရှမ်းလမ်းဘက်သို့ မောင်းလာ၏။ ရှမ်းလမ်းထဲတွင် အရှေ့ဘက်သို့ မျက်နှာပြုသော တိုက်ခံနှစ်ထပ်အိမ်တစ်ခုဝင်းထဲသို့ ချိုးဝင်လိုက်သည်။ ကိုသာဆောင်တို့လင်မယားမှာ မွှေးကို အားရဝမ်းသာ ကြိုဆိုကြရင်း ပစ္စည်းများကို မာလီနှင့်ဝိုင်းကာ သယ်ကြသည်။
မွှေးသည် အိမ်ကြီးထဲသို့ စိတ်တထင့်ထင့်နှင့် ဝင်လာခဲ့ရ၏။ အိမ်မှာ ပုံစံရိုးသော်လည်း အထဲက ခမ်းနားလှသည်။ ဝင်ဝင်ချင်း အခန်းမှာ လှေကားဦးတိုက်ဖြစ်၍ ဘယ်ဘက်တွင် ဧည့်ခန်း၊ ညာဘက်တွင် ထမင်းစားခန်းရှိလေသည်။ အပေါ်ထပ်တွင် အိပ်ခန်းများ ရှိဟန်တူသည်။ အောက်ခြေကြမ်းပြင်များသည် ပြောင်လက် ချောမွေ့ နေသည်။
“ဗိုလ်မှူးနဲ့ လမ်းမှာ လွဲလာကြတယ် ထင်တယ်။ ဧည့်ခန်းမှာထိုင်ဦးလေ၊ မွှေးပစ္စည်းတွေ ကျွန်တော်တို့ အပေါ်သယ်သွားပါ့မယ်”
ကိုဘဆောင်က တကယ့်အိမ်တော်ပါ အဖော်ကြီးသဖွယ် ပြုစု၏။ ကိုဘဆောင်မိန်းမသည် မွှေးတို့သောက်ရန် လိမ္မော်ရည် ယူလာပြန်သည်။
“ဗိုလ်မှူးရယ် မနေ့ကတစ်နေ့လုံး မွှေး အိပ်ခန်းကို ပြင်ရတာအမော။ နေရောင်ခြည် ကောင်းကောင်းရပြီး၊ လေ ရရမယ်ဆိုလို့ အရှေ့တောင်ဘက်အခန်းကို ပြောင်းရတယ်။ ကျွန်မတို့ မနေ့က တစ်နေ့လုံးပဲ မအားဘူး"
“ဟုတ်ကဲ့ ...ဟုတ်ကဲ့ အတော်မောကြမှာပဲ၊ ကျေးဇူးတင်ပါတယ်”
မွှေးသည် ဟန်ဆောင်ကာ ပြုံး၍စကားပြောရပေမယ့် လင့်မျက်နှာကို မြင်ရမှ ရင်ထဲကအလုံးကျနိုင်မည် ဖြစ်ပေသည်။ လိမ္မော်ရည် ဖန်ခွက်ကို ကိုင်သောက်နေရသော်လည်း ဝမ်းထဲသို့ မျိုမကျနိုင်သေးပေ။
ဧည့်ခန်းစားပွဲပေါ်တွင် ကြည်မြသော ဖန်ပြာအိုးထဲ၌ သစ္စာပန်းအဖြူရောင်ကို စိုက်ထိုးထား၏၊ အဝင်ဝနှင့် မျက်နှာချင်းဆိုင် နံရံပေါ်တွင် ကြာတောတစ်ခု၏ပန်းချီကားကို ဆွဲချိတ်၍ထားဿည်။ ခန်းဆီးများလည်း အပြာနုများဖြစ်၍ အေးချမ်းသောအရောင်ဖြစ်ကာ ဧည့်ခန်းနံရံ မီးခိုးရောင်အနုနှင့် ပနံစားပေသည်။
"ကဲ .. မမမွှေး အပေါ်တက်ပြီး နားဦး၊ အထွေးတို့ ညနေမှလာခေါ်မယ်၊ အိမ်မှာ ဖေဖေတစ်ယောက်တည်းရယ်”
မွှေးသည် ရင်ထဲမှာ အလိုလိုဟိုက်နေ၏။ ဘာဖြစ်၍များ သူတို့သည် ကိုကိုနိုင် လာသည်အထိ မစောင့်လိုကြပါလိမ့်။
“အေးလေ... အပေါ်မှာ လှဲနေဦးမယ်၊ ကိုကိုနိုင်လာမှ ဖေဖေ့ဆီလာခဲ့မယ်။ ခု အထွေးနဲ့လေးဖို့ လုံချည်ရယ်၊ ဖေဖေဖို့ လုံချည်ရယ် တက်ယူကြ"
မွှေးက မတ်တတ်ရပ်လိုက်လျှင် ကိုဘဆောင်ဇနီးက လှေကားတွင် အဆင်သင့်စောင့်နေ၏။
“ကဲ.. အပေါ် အိပ်ခန်းကို ကျွန်မလိုက်ပြမယ်။ ပြီးတော့ ကိုကိုနိုင် ပြောထားလို့ နွားနို့၊ ကြက်ဥနဲ့ ပန်းသီးတွေ အဆင်သင့် ရှိပါတယ်။ မွှေးလိုချင်တဲ့အချိန် ပြောပါ”
မွှေးသည် သူ့အတွက် လိုလေသေးမရှိ စီစဉ်ထားသော ချစ်လင်ကို ကျေးဇူးတင်မဆုံးသလောက် ရောက်ရောက်ချင်း မတွေ့သည်ကိုပဲ စိတ်ထဲက ထင့်နေ၏။
အပေါ်ထပ်အိပ်ခန်းမှာ နံနက်နေရောင်ခြည်ဝင်နိုင်သော အခန်းဖြစ်၍ ပြတင်းပေါက် များပေသည်။ အိပ်ရာဖုံးသည် မွှေးကြိုက်သော အဖြူခံဖြစ်၍ အပေါ်တွင် ပန်းနုရောင် ပဒုမ္မာကြာပန်းပွင့်များ ခပ်ကျဲကျဲ ရိုက်ထား၏။ ကြမ်းပြင်သည် ချောမွေ့ကာ ခုတင်ဘေးတွင် နီညိုရောင် ကော်ဇောတစ်ခု ခင်းထားပေသည်။ မွှေးသည် ဆိုဖာတစ်ခုပေါ်၌ ထိုင်ပြီး လက်ကိုင်အိတ်ထဲမှ သော့ကိုယူကာ လေး၏လက်ထဲသို့ ထည့်လိုက်၏။
“ကဲ ... သေတ္တာဖွင့်ပေတော့။ လေးတို့အတွက် ဆာရီ နှစ်ထည်၊ ဖေဖေဖို့ ပလေကပ်လုံချည် တစ်ထည်ပါတယ်။ ပြီးတော့ အပိုဝယ်လာတဲ့အထဲက လုံချည်နဲ့ ချည်ထဘီတစ်ထည်လဲ ထုတ်ပြီး ကိုဘဆောင်တို့လင်မယားကို ပေးလိုက်ပါ"
မွှေးက ဆိုဖာပေါ်တွင် ခဏမှီနေရင်း လေးတို့ကို ကြည့်နေ၏။
“မွှေး...ကျွန်မတို့ကို ခေါ်ချင်ရင် ခုတင်ခေါင်းရင်းမှာ ဘဲလ်တပ်ထားတယ်၊ နှိပ်ပါနော်။ ကိုကိုနိုင်က မွှေး လှေကားအဆင်းအတက် သိပ်မလုပ်စေချင်လို့တဲ့”
“ကောင်းပါပြီ ...ကောင်းပါပြီ"
မွှေးသည် ကျေနပ်စွာ ပြုံးလိုက်၏။ ကိုဘဆောင်မိန်းမသည် ခေါင်းညွှတ်ကာ အခန်းအပြင်သို့ ထွက်သွားတော့သည်။ အထွေးနှင့် လေးကလည်း ပစ္စည်းများယူကာ မွှေး၏ပါးကို တစ်ချက်စီ နမ်း၍ ထွက်ခွာသွားကြ၏။ မွှေးသည် တစ်ယောက်တည်း ဆိုဖာပေါ်တွင် မှီကာ နေရစ်သည်။ လုံချည်အင်္ကျီကိုပင် လဲလိုစိတ်မရှိသေးပေ။
“ကလင်...ကလင်...ကလင်”
ရုတ်တရက် မြည်လိုက်သော တယ်လီဖုန်းသံကြောင့် မွှေးက လန့်သွား၏။ ပြီးမှ နံရံနားမှ တယ်လီဖုန်းစားပွဲရှိရာသို့ ထသွားမိသည်။ ကိုကိုနိုင့်ဆီက သူရောက် မရောက် မေးသော တယ်လီဖုန်း ဖြစ်ရပေမည်။ သူသည် မြူး၍ရွှင်သွား တော့သည်။ တယ်လီဖုန်းကို ကောက်ကိုင်လိုက်လျှင် တစ်ဘက်မှ မိန်းမ အသံကြောင့် သူအံ့အားသင့်သွား၏။ တယ်လီဖုန်းလက်ကိုင်ကို ကိုင်ရင်း စကားမပြောနိုင်ဘဲ ငိုင်ကာ “အင်း” တွင်တွင် လိုက်မိ၏။
“ဟုတ်ကဲ့ ဟုတ်ကဲ့၊ ပြောလိုက်ပါ့မယ်။ စိတ်ချပါ"
နောက်ဆုံး ထိုတစ်လုံးသာ ပြောပြီး သူသည် တယ်လီဖုန်းကို လွှတ်ချလိုက်၏။ ဆိုဖာရှိရာသို့ မနည်း အားယူသွားရသည်။ ဆိုဖာပေါ်ထိုင်ရင်း ဘာတွေဖြစ်နေကြသည်ကို သူတွေး၏။ ဘာကိုမှ နားမလည်ပေ။ စိတ်ထဲတွင် ပဟေဠိများ အများကြီးဖြေနေရသလို ကျဉ်းကြပ်လာတော့သည်။
ဒေါက်...ဒေါက်နှင့် ဖိနပ်ခွာသံ ကြား၏။ သူ့ခြေသံပေပဲ။ ကိုကိုနိုင်လာပြီ။ မွှေးသည် အခန်းဝသို့ လှမ်း၍ကြည့်လိုက်၏။ ကိုကိုနိုင်၏ရင်ချီနေသော ကိုယ်လုံးသည် အခန်းဝတွင် ဘွားခနဲ ပေါ်လာသည်။
ကိုကိုနိုင်ကို မြင်လျှင်မြင်ချင်း မွှေးသည် ကြိုးစား၍ ရပ်လိုက်၏။ သို့သော် ခြေများက ကပ်နေသလို ထ၍မရပေ။ သူသည် အားယူကာ အနိုင်နိုင်ပြုံးနေသော်လည်း သူ့အပြုံးသည် မဲ့၍ပင်နေလေသလား၊ တကယ်မှ ပြုံးလေသလား မသိပေ။ နှုတ်ခမ်းကလေး နှစ်ခုမှာ ဆတ်ဆတ်တုန်နေ၏။ စီးသွန်ကျလာမည့် မျက်ရည်ကို မနည်းထိန်းနေရသည်။ ထိုင်ရာမှပင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
ကိုကိုနိုင်သည် သူ့လက်များနှင့် မွှေးကိုယ်ကို သိမ်းယူပွေ့လိုက်ကာ ဆိုဖာပေါ်ထိုင်လိုက်၏။ မွှေး၏ပါးလေးကို အထပ်ထပ် နမ်းရှုပ်လိုက်၏။
“မွှေး ပြန်လာပြီနော်၊ ကိုကိုနိုင် လာအကြိုလွှဲသွားတာကို ခွင့်လွှတ်ပါ"
ကိုကိုနိုင်သည် ဒီဂရီအမြင့်ဆုံးရောက်နေသလို တက်တက်ကြွကြွရှိသလောက် သူ့ရင်ခွင်ထဲက မွှေးမှာ ငြိမ်သက်နေသည်။
“မွှေး နေလို့ကောင်းရဲ့လား”
သူသည် ငုံ့ကာ မေးပြန်သည်။
“နေကောင်းပါတယ် ကိုကိုနိုင်၊ မွှေး ပြောစရာတစ်ခု ရှိနေလို့။ ခုန တယ်လီဖုန်း ဒပ်ဖရင်က လာတယ်။ ကိုကိုနိုင့်ဇနီး သားလေး မွေးတယ်တဲ့”
“ဟာ...သားလေး”
ကိုကိုနိုင့်မျက်နှာသည် ရုတ်တရက် ဝင်းထိန်သွားပြီးမှ ချက်ချင်း မျက်နှာပျက်သွားတော့သည်။ သူသည် မွှေးကို စေ့စေ့ကြည့်ရင်း ငိုတော့မလို ဖြစ်လာသည်။ မွှေးသည် သူ့ရင်ခွင်မှ ထကာ ဆိုဖာစွန်းတွင် ပြောင်းထိုင်လိုက်၏။
“မွှေး ... ကိုကိုနိုင်လေ....”
သူသည် ဘာမျှမပြောနိုင်သလို မောလာ၏။ ပြင်းထန်စွာ အသက်ရှူချရင်း မွှေး၏ပခုံးလေးနှစ်ဖက်ကို ကိုင်ဆုပ်ကာ ဖျစ်ပြန်သည်။
“မွှေးရောက်ရောက်ချင်းနေ့မှာမှ ဒီလိုဖြစ်ရတာ သိပ်စိတ်ထိခိုက်စရာပါပဲ။ ကိုကိုနိုင် သိတယ်၊ မွှေး ဘယ်လောက်စိတ်ထိခိုက်မယ်ဆိုတာ သိတယ်။ ကိုကိုနိုင် သေချင်တယ်။ ကိုကိုနိုင့်အဖြစ်ဟာလေ ဘယ်လိုဖြစ်တယ်လို့ ကိုကိုနိုင် ဘယ်လိုပြောရမလဲ မွှေးရယ်"
သူသည် မွှေး၏ပခုံးနှစ်ဖက်ကို မ,ယူ ညှစ်ကာ မျက်နှာချင်း ထိလုမတတ် ဆိုင်ကာ မေးပြန်သည်။ မွှေးကတော့ အသက်မရှိသလို ငြိမ်သက်စွာ ပျော့ခွေနေသည်။
“ဝမ်းနည်းစရာကောင်းလိုက်တာ အချစ်ရယ်”
ကိုကိုနိုင်သည် အားမရသလိုပင် တတွတ်တွတ် ပြောနေ၏။ မွှေးကို လွှတ်လိုက်ကာ လက်နှစ်ဘက် ပေါင်ပေါ်တွင် ထောက်ရင်း ခေါင်းကိုညွှတ်ထားလိုက်၏။ သူ့အသံများ တုန်ကာ ထွက်လာပြန်သည်။
“ဒီမိန်းမနဲ့ ဖြစ်တဲ့အဖြစ်ကို ကိုကိုနိုင် လျှို့ဝှက်မထားချင်ပါဘူး၊ မွှေးဆီကို အသိပေးချင်လို့ အတွတ်ဆီကို စာလှမ်းရေးပါသေးတယ်၊ မွှေးရဲ့ အခြေအနေဟာ ဒီအကြောင်းတွေကို သိရင် စိဘ်ထိခိုက်ပြီး ရောဂါတိုးမလား၊ စိတ်ကို တင်းနိုင်ပြီလား၊ ခံနိုင်ရည်ရှိပြီဆိုရင်လဲ ဖွင့်ပြီး ရေးတော့မယ်လို့ အကြောင်းကြားလိုက်သေးတယ်”
ကိုကိုနိုင့် လည်ချောင်းထဲတွင် တံတွေးများ တစ်နေသလို ဖြစ်လာပြန်သည်။
“အတွတ်က ဖြစ်သမျှအကြောင်းတွေ မြန်မာပြည်ကျမှ ရှင်းတဲ့။ ခု မွှေးကို ဘာမှ အသိမပေးနဲ့ဆိုလို့ ကိုကိုနိုင် မရေးတာ။ ကိုကိုနိုင် လျှို့ဝှက်ထားတာ မဟုတ်ပါဘူး မွှေး”
မွှေးသည် ငြိမ်သက်မြဲ ငြိမ်သက်နေ၏။ ကိုကိုနိုင့်ကို ကြည့်နေဖို့အတွက် မျက်လုံးကို မနည်းအားယူပြီး ဖွင့်နေရသည်။ သူ့ခန္ဓာကိုယ်တွင်မူ သွေးမှရှိသေးရဲ့လားဟု အောက်မေ့ရလောက်အောင် ပျော့ခွေနေတော့သည်။
“ကိုကိုနိုင် ကိုယ့်ကိုယ်ကိုယ် မကာကွယ်ချင်ပါဘူး၊ ဒီမိန်းမ ဖမ်းတာကို မိသွားတာဟာ ကိုကိုနိုင့်အပြစ်လဲ ပါပါတယ်။ ကိုကိုနိုင်ဟာ တစ်ခါပဲ မှားပြီး အဝေးမှာနေခဲ့တယ်။ သူ့ကို မိန်းမလို့ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကလေးရှိလာတယ်ဆိုတော့ တာဝန်အတိုင်း မွေးပေးလိုက်ပါတယ်။ ဒါမှလဲ ကိုယ်တရားမယ်လို့ ယူဆတယ်။ မွှေး ဒီအထိ လက်ခံတယ်မို့လား။ နောက်ဆုံး မွှေးသိစေချင်တာက သူနဲ့ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မွှေးအပေါ် ကိုကိုနိုင့်အချစ်တွေ မလျော့ခဲ့ပါဘူး မွှေး၊ မွှေးဟာ ကိုကိုနိုင်ရဲ့ တစ်ဦးတည်းချစ်သူပါ။ စိတ်ရောကိုယ်ရော မြတ်နိုးတဲ့သူပါ။ ကိုကိုနိုင့်ရဲ့ အချစ်ဆုံးမယားပါ မွှေးရယ်"
ကိုကိုနိုင်သည် မွှေးကိုယ်ကို ကိုင်လှုပ်ပြန်ကာ အကျယ်ကြီး အော်လိုက်၏။
“အချစ်ရယ် ဒီလိုကြီး ငြိမ်မနေပါနဲ့ဟင်၊ စကားတစ်လုံးလောက် ပြန်ပြောစမ်းပါကွယ်”
မွှေးသည် စကားပြောနိုင်ဖို့ထက် အသက်ကို မနည်းရှူဖို့ ကြိုးစားနေရသည်။ ကိုကိုနိုင်သည် ထိုင်ရာမှ ထ,လိုက်ပြန်ကာ မွှေးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
မိုးဦးလေမှာ အခန်းထဲတွင် ဝှေ့ယမ်းတိုက်နေသည်ကလွဲ၍ အားလုံး ငြိမ်သက်သလိုဖြစ်နေသည်။ မွှေးသည် မျက်လုံးကို မှိတ်ထား၏။ ကိုကိုနိုင့်ကို ဘာစကားမျှ ပြော၍မရ၊ သူ့ဘဝအကြောင်းဒဏ်ကို သူသည် ကြိုးစား၍ခံရန် စိတ်ကို တင်းနေရပြန်သည်။
ကိုကိုနိုင့်အဖြစ်ကလည်း ဆောက်တည်ရာမရသလို လူးလာခတ်နေပေသည်။
အခန်းထဲရှိ တိုင်ကပ်နာရီမှ ၃ နာရီခွဲပြီဖြစ်၍ ဒင်ခနဲ အသံထွက်လာသည်။ ကိုကိုနိုင်သည် မွှေး၏အပါးတွင် ကပ်၍ထိုင်ပြန်သည်။
“စိတ်မောနေပြီလား မွှေးရယ်၊ ကိုကိုနိုင် မွှေးပေါ် စေတနာဘယ်လိုထားခဲ့တယ်ဆိုပေမယ့် ကာယကံမြောက်အလုပ်က မွှေးကို နှိပ်စက်ပြီထင်ပါရဲ့”
သူသည် မွှေး၏ဆံစလေးများကို သပ်လိုက်ပြန်သည်။
“ကဲ.. ကိုကိုနိုင့်အပေါ်မှာ မွှေးဘယ်လိုတွေးလဲ၊ ဘယ်လို ယူဆလဲ၊ စကားလေးတစ်လုံးလောက် ပြန်ပြောပါဦး အချစ်ရယ်"
ကိုကိုနိုင့်ရုပ်သည် အနှစ်နှစ်ဆယ်ခန့်ပို၍ အိုမင်းရင့်ရော်လာဟန်ပေါက်တော့သည်။ ယူကျုံးမရခြင်း၊ နှမြောတသခြင်း ဝေဒနာမှာ လပေါင်းများစွာ ခံစားလာခဲ့ဟန်ရှိ၏။ မွှေးသည် ကိုကိုနိုင့်လက်များကို ဖြည်းညင်းစွာ ဖယ်လိုက်ရင်း စကားပြောရန် အားယူလိုက်သည်။ နှုတ်ခမ်းများသည် သွေးမရှိတော့သလို ဖြူရော်နေရုံမက လှုပ်ရှားရန်လည်း အားမရှိတော့သလို အသံသည် ဖြည်းညင်းစွာ ထွက်လာ၏။
“မွှေး... အခု စကားမပြောပါရစေနဲ့ဦး၊ မွှေးကို ခွင့်လွှတ်ပါ ကိုကိုနိုင်၊ မွှေး သုံးလေးရက် စဉ်းစားပြီးမှ စကားပြန်ပါရစေ။ ခု သုံးနာရီခွဲပြီ၊ ဆေးရုံမှာ ကိုကိုနိုင့်သားလေးကို သွားကြည့်ပါဦး"
ကိုကိုနိုင်သည် နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားမိပြန်သည်။ ရင်ထဲမှဒဏ်ကို မခံနိုင်သလို ခေါင်းကို ပြင်းထန်စွာ ယမ်းလိုက်၏။
“သားလေးလို့ မွှေးပြောလိုက်တုန်းက ကိုကိုနိုင့်မျက်နှာဟာ ကြည်ပြီး ဝင်းသွားတာပဲ၊ သားကို တွေ့ချင်မှာပေါ့၊ ဟိုမိန်းမသားလဲ ကလေးမွေးပြီး အပင်ပန်းဆုံးအချိန်မှာ ကိုကိုနိုင့်ကို တွေ့ချင်မှာပဲ။ သွားလေ ကိုကိုနိုင်၊ သွားလေ။ မွှေး ဒီမှာနားဦးမယ်”
မွှေးသည် အားယူ၍ထလိုက်၏။ ကိုကိုနိုင်က ချက်ချင်းပင် မွှေးကို ပွေ့ယူကာ ခုတင်ပေါ်တွင် ယုယစွာ သိပ်လိုက်၏။ မွှေးမျက်နှာကို စေ့စေ့ကြည့်ပြီးမှ မျက်နှာလွှဲလိုက်၏။ တစ်လှမ်းချင်း လှမ်းသွားသော ကိုကိုနိုင့်ခြေသံမှာ အခန်းကြီးကို ချောက်ချား၍ ကျန်ရစ်စေတော့သည်။
အပိုင်း(၂၁)ဆက်ရန်
--------------------
0 Comments