မွှေး - ခင်နှင်းယု အပိုင်း (၁၉)

#မွှေး

အပိုင်း(၁၉)

နွေဦးပေါက်လာလျှင် မွှေးသည် လွတ်လပ်လာ၏။ လွန်ခဲ့သောတစ်ပတ်ကတည်းက ၄ ဖာလုံ လမ်းလျှောက်ခွင့်ကို မွှေး ရခဲ့လေသည်။

အတွတ်နှင့် တစ်ရက်ခြားလောက်လိုလို ညနေခင်းဘက်တွင် လမ်းလျှောက်ကြသည်။ တစ်ခါတစ်ရံ မဒနာပလီလမ်းမကြီးပေါ်လျှောက်ကာ ဝင်လုဆဲ နေရောင်အောက်မှာ ကျောက်တောင်တန်းများကို ကြည့်ကြသည်။ ကျောက်တောင်များသည် သဲပထဝီမြေပုံထဲကလို အဝေးတွင် အဖျားချွန်ချွန်လေးများဖြင့် မြင်နေရ၏။ တောထူထပ်သည့်နေရာ မဟုတ်၍ တောင်တန်း တောင်ထွတ်များသည် မြေမှာ ဘွားဘွား ပေါ်နေကြသည်။

တစ်ခါတစ်ရံ သူတို့နှစ်ယောက် မဒနာပလီဘက်မှ ကုန်များ တင်လာသော လားအုပ်ဘေးတွင် လမ်းလျှောက်လာကြသည်။ လားများသည် ပုကြသော်လည်း ပစ္စည်းများကျောပိုး၍ လျှောက်လာဟန်မှာ ချစ်ဖွယ်ကောင်းပေသည်။ မန်ကျည်းရွက်ကြွေများ လားများပေါ်တွင် ဝဲကာပျံကာ ကျလာကြသည်။ လမ်းဘေးတွင်မူ အိန္ဒိယတိုင်းရင်းသားများ၏ တဲငယ်များမှာ ဖရိုဖရဲနှင့် ခပ်ကျဲကျဲ တွေ့ရပေသည်။

မွှေးသည် ရှုမျှော်ခင်းအသစ်များကို မြင်ရ၍ စိတ်ပြောင်းလာဟန်ရှိသည်။ အတွတ် မျက်စိထဲတွင်မူ ငယ်ငယ်တုန်းက လယ်ကွင်းဘေးတွင် လမ်းလျှောက်ကြစဉ်ကလို မွှေးသည် နုပျိုရွှင်လန်းကာ အားတက်လာဟန်ရှိသည်ဟု ထင်မိ၏။ မွှေး၏ပါးလေးများတွင် သွေးရောင်သမ်းလာကာ ငယ်တုန်းကလို မျက်စိကလည်း ကြည်ကြည်လင်လင် တောက်တောက်ပပ ရှိလာပြန်သည်။

တစ်ညနေ မွှေးထံသို့ ထွက်မလာခင် အတွတ်သည် စာတစ်စောင်ကို ဖတ်နေ၏။ စာမှာ ကိုကိုနိုင့်ထံမှ ဖြစ်ပေသည်။ သူသည် စာကို သိမ်းဆည်းထားလိုက်ပြီး မွှေးထံသွားရန် စိတ်မပျော်သလိုဖြစ်လာသည်။ သူ မသွားလျှင် မွှေးက မျှော်နေကာ အိမ်ထဲကထွက်တော့မည် မဟုတ်သည်ကို သတိရပြန်သည်။ မွှေးကို ငဲ့ညှာစိတ်၊ တွယ်တာသောစိတ်တို့မှာ ပို၍သာပြင်းပြလာရပါတကား။ 

မွှေးကိုတော့ ညနေတိုင်း တွေ့ချင်၏။ ပစ္စန္တရစ်လို ထင်ခဲ့ရသော အာရောဂျံသည် မွှေးရောက်လာကတည်းက နေပြည်တော်လို သာယာခဲ့၏။ သို့သော် ယနေ့ရရှိသော စာက ခေါင်းထဲတွင် ဝင်နေသောကြောင့် မွှေးရှေ့ရောက်လျှင် သူဟန်ပျက်မှာကို စိုးနေ၏။ 

သူသည် စာကို​မေ့ပစ်ကာ အဝတ်လဲ၍ မွှေးရှိရာသို့ ထွက်လာခဲ့သည်။ မွှေးသည် သူ့ကို အဆင်သင့် ကြိုနေသည်။ အမြဲမပြတ်ပွင့်သော အာရောဂျံ၏ စံပယ်ပန်းကို သီကာ ဆံထုံးတွင် ပန်ထားပြန်သည်။ သူ့လုံချည်သည် နန်းလုံးကြိုင်လို အဝါလုံးလေးများကျဲကျဲပါသော အပြောခံလုံချည်ပင်တည်း။ ပဒုမ္မာလက်တိုလေးနှင့် သူ့ဘေးတွင်ယှဉ်ကာ လိုက်ပါလာ၏။

မွှေး၏ကြည်ပြုံးသော မျက်နှာလေးကိုမြင်လေလေ အတွတ်သည် ဟန်ပျက်၍ပျက်၍သွားတော့၏။ စကားစများကို ရှာဖွေကာ သူသည် တတွတ်တွတ် ပြောလာ၏။ 

“ဒီတစ်ခါ တို့များ ရေပေးတဲ့ကန်ဘက် လျှောက်ရအောင်နော်မွှေး”

မွှေးက ငှက်ငယ်ကလေးလိုပင် ကြော့ကြော့မော့မော့နှင့် ခေါင်းညိတ်ပြ၏။ 

“အဲဒါက ပဲခူးက လာဆေးကုနေတဲ့ မမဝင်းတို့အိမ်လေ။ သူ့ညီမ မမစန်းက လာပြီးပြုစုနေရတာ၊ သူတို့လဲ မိန်းမသားနှစ်ယောက်ပဲ။ ဟိုဘက်ကဟာက ​မွှေးကို တစ်ခါက အတွတ်​ပြောတဲ့ မောင်ရန်ခွင်း နေတာ။ ဒီဘက်တွဲနေတာက ဦးစစ်ကူးတို့ပေါ့။ ကဲ ...လာ၊ ဒီလမ်းဘေးက ရေပေးကန်ကို သွားတဲ့လမ်းပဲ” 

သူတို့သည် ဆင်ခြေလျှောတစ်ခုကို ဆင်းလိုက်လျှင် လမ်းလေးတစ်ခုကို တွေ့ရ၏။ လမ်းတစ်လျှောက်တွင် လျှော်ပင်အခက်အဖျားချွန်အပင်ကြီးများမှာ တန်း၍ပေါက်နေလေသည်။ ထနောင်းပင်တန်းမှာ ရေကန်ဘက်သို့ နီးလာလေလေ စိပ်၍လာလေလေဖြစ်၏။ ဆေးရုံအလုပ်သမားတို့၏ နေအိမ်တန်းလျားများ၏ ဥယျာဉ်ဝင်းကလေးများကို ဖြတ်ကျော်လာပြီးမှ ရေကန်ရှိရာသို့ ရောက်လာသည်။ 

ရေကန်မှာ ပေ (၅၀)ခန့်အကျယ်ရှိ၍ အရှည်မှာ ပေ (၁၀၀)ကျော်ခန့် ခပ်မျောမျောပင် တူး၍ထားပေသည်။ အုတ်နံရံများစီကာ အထူးသန့်ရှင်းအောင် လုပ်ထား၏။ 

မွှေးက မောသည်ဆိုကာ ထနောင်းပင်ခြေရင်းတွင် ထိုင်၍နေပေသည်။ နေညိုစပြုလာပြီဖြစ်သောကြောင့် ချိုးကူသံမှာ ပျင်းတွဲ့တွဲ့လွမ်းဟန်ပေါက်လာ၏။ အဝေးရှိ ဆူးချုံစည်းရိုးလေးများအနားတွင် ဆိတ်ငယ်လေးများသည် ခုန်ပေါက်ပြေးလွှားနေကြပေသည်။ 

အတွတ်က မွှေးအနားတွင် လာ၍ထိုင်ပြန်သည်။ မွှေး၏မျက်နှာပြင်မှာ ညနေ နေခြည်ဝါရွှေရွှေအရောင်ကြောင့် ပိုမို၍လှပနေသည်ဟု သူကထင်၏။ 

“ကိုကိုနိုင်တစ်ယောက်တော့ ပျင်းနေမှာဘဲ။ ခုလို လမ်းလျှောက်တာတို့၊ ညဘက် လ,ရောင်အောက်မှာ လမ်းလျှောက်တာတို့ သူ သိပ်ဝါသနာပါတာပဲ”

မွှေးက အဝေးသို့ မျှော်ကြည့်ရင်းမှ ကိုကိုနိုင့်ကို တမ်းတလာမိဟန်ရှိပေသည်။

“ပြန်ရတော့မှာပါကွာ၊ ကိုယ်လဲ နောက် ခြောက်လဆိုပြီးရော၊ အတွတ်နဲ့ တူတူပြန်ပေါ့" 

“ဆရာဝန်ကရော မွှေးရဲ့အခြေအနေကို ဘာပြောလဲ” 

“အို ... အနာက ခြောက်လာပြီ၊ နောက်ဆို ကျက်သွားရော။ နောက်ထပ် ခြောက်လဆို ပြန်ရပါတော့မယ်။ အနာကို ဘယ်တော့မှမတွေးနဲ့၊ ပျော်ပျော်သာနေ” 

“အတွတ်က ပျော်ဖို့သာ ပြောနေ၊ ဘယ်ပျော်နိုင်မလဲ တစ်ခါတစ်ခါ ကိုကိုနိုင့်ကို တွေးမိရင် သိပ်ဝမ်းနည်းတာပဲ။ သူဟာ မွှေးရဲ့ ဒုက္ခမြုံကြီးကို သက်သက် ဝင်သယ်ရသလိုပဲ” 

မွှေးသည် ဝါးခြမ်းလေးတစ်ခုနှင့် မြေပြင်တွင် ဟိုခြစ် ဒီခြစ် ခြစ်ရင်း ပြော၏။

“ဒီလိုပဲ​ပေါ့၊ သက်သက်ရယ်လို့တော့ ဘယ်ဟုတ်မလဲ။ တကယ်ချစ်လာတော့ ဒုက္ခရယ်လို့လဲ မထင်ပါဘူး၊ ကဲ ...မွှေးကို အတွတ်က ကိုကိုနိုင့်ကို ယူဖို့ပြောတုန်းကဆိုရင် မွှေးစိတ်ထဲမှာ သိပ်စိတ်ချမ်းသာမှာ မဟုတ်ဘူး။ လက်ထပ်ပြီးတော့ ကိုယ်ပြောတာထက်တောင် ကိုကိုနိုင်ဟာ သဘောထားကြီးတယ်၊ စိတ်ပြည့်တယ်မဟုတ်လား။ ရှင်းရှင်းပြောရရင် ဖရက်နဲ့မညားခင်က ကွဲသွားကြရတာ ဘုရားမ,တာပဲ။ နို့မို့ရင် မြင်ယောင်သေးတယ်၊ မွှေးကို ကလေးတွေနဲ့ ဒီကောင်ပစ်ပြေးမှာ၊ မွှေးရဲ့ဒုက္ခတွေကို ဒီကောင်ဘယ်ခံနိုင်မလဲ”

“ဟုတ်တော့ ဟုတ်ပါတယ်၊ မွှေး ဒုက္ခတွေကရော မလွန်လွန်းဘူးလား” 

"ဒါတော့ တမင်ဖန်တီးကြတာမှ မဟုတ်ဘဲ၊ အကြောင်းက ဖြစ်လာတာကိုး။ ဒါပေမယ့် ချစ်လာပြီဆိုရင် လူတစ်ယောက်ဟာ နိမ့်တဲ့အခါမှာရော မြင့်တဲ့အခါမှာရော လက်တွဲနိုင်ရမှာပေါ့ မွှေး”

“ကျေးဇူးတင်ပါတယ်၊ အတွတ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အမှန်တော့ ကိုကိုနိုင့်ကို မေမေ စိတ်ချမ်းသာပါစေတော့လို့သာ မျက်စိမှိတ်ပြီး လက်ထပ်လိုက်ရတယ်၊ စိတ်ထဲက နှစ်နှစ်ခြိုက်ခြိုက်မရှိလှဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုကိုနိုင်ဟာ မွှေးထင်တာထက် မွှေးအပေါ်မှာ သည်းခံနိုင်တယ်၊ ယုယတယ်၊ ပြီး ကြင်နာတယ်။ ပြီးတော့လဲ စစ်သားဖြစ်ပေမယ့် မွှေးကြိုက်တဲ့ စာ​ပေသမားတစ်​ယောက်ဖြစ်နေတော့တယ်” 

“ဒါပေါ့၊ မိဘစကား နားထောင်တိုင်းလဲ အခါခပ်သိမ်း စိတ်မချမ်းသာတယ်လို့ မဟုတ်ပါဘူး။ တစ်ခါတလေ ကိုယ်ကြိုက်တာယူပြီး ဒူးနဲ့မျက်ရည် သုတ်နေရတာတွေ ပြည့်လို့”

“အံမယ် အတွတ်က ကြီးကြီးကျယ်ကျယ် ပြောနေလိုက်တာ၊ အတွတ်ကတော့ တစ်ယောက်တည်း ဘာလို့နေနေလဲ၊ အတွတ် လက်ထပ်ဖို့ မစဉ်းစားသေးဘူးလား” 

မွှေးသည် ငယ်တုန်းက ဟန်လေးမျိုးဖြင့် ခေါင်းလေးငဲ့ကာ ခပ်ရိုးရိုး မေးလိုက်၏။ အတွတ်မှာ မွှေးမျက်နှာကို ရဲရဲမကြည့်ရဲတော့သလို အဝေးရှိ ခြံစည်းရိုးများဘက်သို့ မျက်နှာလွှဲလိုက်သည်။ 

“စဉ်းစားတာကတော့ အမြဲပေါ့” 

သူသည် ခပ်တိုးတိုး ဖြေ၏။

“စဉ်းစားရင်လဲ ဒီကပြန်ရင် ရန်ကုန်ကျ လက်ထပ်ဖို့ကောင်းပြီ။ ယောက်ျားလေးတွေဟာ တစ်ယောက်တည်း အကြာကြီးနေလို့ မကောင်းဘူး”

မွှေးက ထပ်၍ပြောလာပြန်သည်။ အလိုက်မသိတတ်သော မိန်းကလေးကို ဘယ်လိုများ အဖြေပေးရပါ့။ အတွတ်သည် သက်ပြင်းချလိုက်ကာ ခေါင်းယမ်းပြန်၏။

“ခက်တယ်မွှေးရေ၊ အတွတ်က ဆရာဝန်သာ ဖြစ်တယ်၊ စိတ်ကူးယဥ်သမားလဲ ဆန်သား။ တစ်သက်မှာ တစ်ခါသာ မြတ်မြတ်နိုးနိုး ချစ်ချင်တယ်။ ချစ်မိတဲ့သူကလည်း ကိုယ့်အပေါ်မှာ မချစ်၊ အဲဒီမိန်ကလေးကိုချစ်တဲ့ အချစ်မျိုးနဲ့လဲ တခြားမိန်းမအပေါ်မှာ ချစ်မရလေတော့ ခက်တယ်။ အတွတ်မှာ အိမ်ထောင်ရယ်လို့ ပြုဖြစ်မယ်မထင်ပါဘူး" 

အတွတ်သည် ခပ်ညည်းညည်း စကားစ သတ်လိုက်၏။ မွှေးမျက်နှာမှာမူ ပကတိစင်ကြယ်လျက်ပင် ရှိပေသေး၏။

“ဒီလိုဆို ရန်ကုန်ကျရင် ပြောပါ၊ မွှေး ဆောင်ရွက်ပေးမယ်။ ဒီမိန်းကလေးကလဲ စိတ်ညွှတ်စေရမယ်၊ အတွတ်မေမေ ဒေါ်ဒေါ်သောင်းစိန်ကိုလဲ မွှေးကိုယ်တိုင်ပြောပြမယ်၊ အတွတ်တို့လက်ထပ်ပွဲကို မွှေးကိုယ်တိုင် စီစဉ်ပေးမယ်။ အတွတ်ကိုလဲ မွှေး မြလက်စွပ်လေး လက်ဖွဲ့ မယ်။ ဒီမှာ အတွတ် လက်ဖွဲ့တဲ့ စိန်လက်စွပ်လေးလေ” '

မွှေးက ခပ်သွက်သွက်လေး ပြောရာမှ ဘယ်လက်ခလယ်ရှိ စိန်လက်စွပ်လေးကို ထောင်ပြ၏။

“မြလက်စွပ် ဆိုကတည်းက စိမ်းတဲ့သဘောပေါ့လေ” 

အတွတ်မှာ လွှတ်ခနဲ ပြောလိုက်ပြီးမှ ကြောင်သွား၏။

“ဒီလို ဒီလို၊ မင်းနဲ့ကိုယ် ငယ်ငယ်တုန်းက ခဏခဏ ရန်ဖြစ်တဲ့ အထိမ်းအမှတ်လား" 

သူသည် ကမန်းကတန်း သူ့စကားကို ပြန်အုပ်လိုက်၏။ 

မွှေးသည် ဟက်ဟက်ပက်ပက် ပွင့်ပွင့်လင်းလင်း ရယ်လိုက်၏။

“မဟုတ်ပါဘူး အတွတ်ရာ၊ မြရဲ့သဘောက အေးချမ်းတဲ့သဘောမို့လို့ပါ။ အတွတ်ကို ချမ်းမြေ့ အေးချမ်းပါစေလို့ပါ” 

အတွတ်သည် ခပ်မဲ့မဲ့ပင် ပြုံး၍ပြလိုက်သည်။

အပိုင်း(၂၀)ဆက်ရန်
-------------------
#ခင်နှင်းယု

Post a Comment

0 Comments