မွှေး - ခင်နှင်းယု အပိုင်း (၂၁)

#မွှေး

အပိုင်း(၂၁)

မွှေးသည် မဒရပ်ကမ်းခြေကို သတိရ၏။ အဝေးသို့ တလှိမ့်လှိမ့်​ပြေးကာ ကွယ်ပျောက်သွားသော လှိုင်းလုံးကြီးများလို သူ၏အစီအစဉ် အတွေးတို့သည် အဝေးသို့ တဖြည်းဖြည်းလွင့်ကာ ပျောက်ကြပါပြီကော။ အိန္ဒိယပြည် အပြန်တွင် ခွင့်ရက်ရှည်ယူမည်၊ ပင်လယ်ကမ်းခြေ တစ်ခုခုကို သွားရောက်လည်ပတ် နားနေမည်ဆိုသော အစီအစဉ်များမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်တော့၏။ 

ဒါကြောင့် ထွေးနှင့် လေးတို့ကလည်း မနေတတ် မထိုင်တတ်နှင့် ပြန်ကြသည်။ အတွတ်ကလည်း ကိုကိုနိုင့်ကို လေဆိပ်၌ မတွေ့သည်နှင့်တစ်ပြိုင်နက် မျက်နှာပျက်ရခြင်းတို့ကို မွှေးက အခုမှ တွေးမိ၏။ မွှေးသည် ငိုဖို့ကို သတိမရ၊ ယခုအချိန်တွင် ဘာလုပ်ရမည်ကိုလည်း သူစဉ်းစားနေမိသည်။ ဝမ်းနည်းအားငယ်၍နေလို့ကော အကြောင်းထူးမည်လား။ သူ့စိတ်ထဲတွင် ရန်ကုန်သို့ ထွက်ခါစအချိန်ကို သတိရမိ၏။ 

သူများအိမ်၏ အစေခံတန်းလျားမှာနေ၊ ထမင်းဆိုင်မှာ စား၊ သောက်တော့ ​ရေအိုးစင်ဘဝကို မရောက်ရုံတစ်မည်လေး နေရချိန်တွင် သူချစ်ပါသည်ဆိုသော သူ့အချစ်ဦး ဖရက်ဒီက သူ့ကိုစွန့်ခွာသွား၏။ ဒီတုန်းက ထိုအချိန်သည် သူ့ဘဝတွင် အမှောင်ကြီးကျချိန်သာတည်း။ ထိုစဉ်ကသာ သူသည် စိတ်လျှော့၍ စုန်ပစ်မျှောလိုက်လျှင် မမှန်းဆနိုင်သော ကစဥ့်ကရဲအဖြစ်တွေက အများကြီး ဖြစ်နိုင်၏။ ထိုစဉ်တုန်းကပင် သူသည် အံကြိတ်၍ ရင်ကော့ကာ လင်းအရုဏ်တိုင် ကြံ့ကြံ့ခံ၍ ဒုက္ခမှောင်ထဲတွင် တိုက်ခိုက်လာနိုင်ခဲ့သေးသည် မဟုတ်ပါလား။ 

ယခုအဖြစ်ကတော့ ရင်ကွဲစရာတော့ မှန်သည်။ သို့သော် သူ့တွင် ယခင်ကလို ခြေမဲ့လက်မဲ့ “မှောင်ကြီးကျချိန်" မဟုတ်တော့။ ယခု သူ့တွင် သက်တမ်းကလည်း ရင့်လာခဲ့ပြီ၊ သက်တမ်းအလျောက် ခံနိုင်ရည်သတ္တိအတွက် တရားဓမ္မ၏အဆုံးအမကိုလည်း သူရခဲ့ပြီ မဟုတ်ပါလော။ စစ်မြေပြင်အတွေ့အကြုံများသော စစ်သားလိုပင် သူသည် ဘဝတိုက်ပွဲတွင် ဒဏ်ရာဒဏ်ချက်အမျိုးမျိုး ရခဲ့ပြီဖြစ်၍ တော်ရုံတန်ရုံ ဒုက္ခသည် သူ့ဦးခေါင်းကို မညွှတ်နိုင်စေတော့။
ယခုတွေ့ရသော အတွေ့ ကို ဘယ်လိုကျော်တက်ရမည်ဆိုသောနည်းကိုသာ စဉ်းစားနေမိ၏။ ငိုကြွေးဖို့ဆိုရန်ကမူ မျက်ရည်တို့သည် စောစွာသောကာလကပင် ခဏခဏငို၍ ခန်းခြောက်ကုန်ကြလေပြီ။

ပြတင်းအပြင်တွင် မိုးသားများအုံ့ဆိုင်းလာသော ကောင်းကင်ကို မွှေးသည် မွေ့ရာထက်မှ လှမ်းမျှော်၍မြင်နေရသည်။ နေ့လယ်ကပဲ ရာသီဥတုမှာ ကြည်လင်၍နေသေး၏။ ဘဝဆိုသည်မှာလည်း အုံ့တစ်ခါ ကြည်တစ်လှည့်ပေပေါ့။

အာရောဂျံတွင်ပင် သူ့ထက် ကံဆိုးရှာသူ အိန္ဒိယတိုင်းသူကို တွေ့ခဲ့သေးသည် မဟုတ်ပါလား။ ထိုမိန်းမ၏ညိုဝါဝါ သွေ့ခြောက်ခြောက်မျက်နှာမှာ မွှေး၏မျက်လုံးထဲတွင် ထင်းခနဲ ပေါ်လာပြန်သည်။ ထိုအချိန်က သူ့ရုပ်သွင်၏ အေးဆေးပုံ၊ ဟန်မပျက်ပုံကို မွှေးက သတိရလာ၏။ သူ့မှာ ကလေးတွေလည်းရှိသည်၊ ရောဂါကလည်း အိမ်ပြန်ရက်ကို မမှန်းနိုင်ပေ၊ အမှန်ဆိုလျှင်တော့ သေဘက်ကိုသာ နီးကပ်လျက်ရှိသည်။ ထိုမျှအားယုတ်လျော့နေချိန်တွင် လင်ဖြစ်သူထံမှ နောက်မိန်းမယူမည့်အကြောင်း ပေးပို့လိုက်သောစာကို ဖတ်ပြစဉ်တွင် သူသည် တည်ငြိမ်အေးဆေးစွာ နားထောင်နိုင်ခဲ့သေးသည်။ ဒုက္ခအပေါင်းနှင့်တွေ့သော်လည်း တည်ငြိမ်စွာရင်ဆိုင်၍ တုန်လှုပ်ခြင်းမရှိ
သောအရည်အချင်းမှာ လူ့ဘောင်တွင် ရခဲလှစွာတကား။ အာသဝေါကုန်လေပြီးသော ရဟန္တာတို့၏စွမ်းရည်သတ္တိမျိုးသာတည်း။

မွှေးသည် ချီးကျူးဖွယ်ကောင်းသော အိန္ဒိယသူ၏အရည်အချင်းကို သတိရရင်း သူ့စိတ်ကိုဖြေ၏။ သူ့မှာက အသက်ခန္ဓာ မြဲနေသေးသည်။ မှန်မှန် နားနေသရွေ့ ၊ ဆရာဝန့်စကားကို နားထောင်နေသရွေ့ အသက်ရှည်စရာလမ်းအများကြီးရှိ၏။ အသက်ရှင်နေသ၍တော့ လူ့လောကတွင် အများကြီး အလုပ်လုပ်နိုင်သေးသည်။ တန်ဖိုးရှိသေးသည် မဟုတ်ပါလား။ 

တောသုံးတောင်ကို အစိုးရသော ခွန်အားဗလပြည့်စုံသည့် ခြင်္သေ့အသေကြီးနှင့် နှိုင်းစာလျှင် အသက်ရှိသေးသော ခွေးပိန်ဝဲစားလေးသည် တန်ဖိုးအများကြီး ရှိသေး၏။

မွှေးသည် စိတ်ဖြေရင်း ဖြေရင်း ရင်တမမနှင့် အသက်ဝဝ ရှူရ၏။ အလကားနေရင်း လေများမှာလည်း လည်ချောင်းတွင် တစ်နေသလို ဖြစ်နေသည်။ နေ့လယ် လေယာဉ်ကွင်းက ရောက်စတွင် ဧည့်ခန်းပေါ်ရှိ ပန်းအိုးထဲ၌ လှပဖြူစင်သော သစ္စာပန်းခိုင်ကို တွေ့ခဲ့ရပါသေး၏။ ထိုပန်းကို မြင်မြင်ချင်း ကိုကိုနိုင်၏ချစ်မေတ္တာကို ဖြူစင်သန့်ရှင်းစွာ တွေ့ရပေသေးသောနိမိတ်ဟူ၍ သူကယူဆခဲ့၏။ ယခုတော့ ထိုသစ္စာပန်း၏လှပလန်းဆန်းခြင်းသည် တခြားသူအတွက်ပါကလား။

မွှေးသည် ရင်ထဲမှာ ပို၍ပို၍ နာကြည်းလာ၏။ ယခင်က အဆုတ်နာကို ရွံ့ရှာမုန်းတီးသည်ထက် သူသည် ဆယ်ဆမက နာကြည်းလာခဲ့သည်။ ရွံ့ရှာလာခဲ့သည်။ သူ့ချစ်သူများ၏ချစ်ခြင်းကို အဆုတ်နာက ခွင်းခဲ့သည်။ ​မေမေ့ကို ချစ်သည်။ မမကိုလည်း ချစ်သည်။ သူတို့နှစ်ယောက်ကိုလည်း အဆုတ်နာက ခွဲခွာသွားရအောင် လုပ်ပြန်သည်။ အသက်ရှင်နေသေးသရွေ့တော့ အဆုတ်နာကို တိုက်ဖျက်ပစ်ရမည်။ သူ့လိုပင် အဆုတ်နာကြောင့် ဒုက္ခအန္တရာယ်ရောက်နေသော လူသားတို့ကို ကယ်တင်နိုင်ရန်အတွက် ဆောင်ရွက်ဖို့သာ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်အဖြစ် သန္ဒိဋ္ဌာန်ချလိုက်တော့သည်။ 

သူသည် ခေါင်းရင်းမှ ဘဲကို လှမ်းနှိပ်လိုက်လျှင် ကိုသာဆောင် မိန်းမ မမယ်ခင်သည် အပြေးလေး ရောက်လာ၏။

“ကိုကိုနိုင်အတွက် အိပ်ရာတစ်ခု ခေါင်းရင်းမှာ ပြင်ပေးလိုက်ပါ။ မွှေးအခန်းထဲကို ဘယ်သူမှ မလာပါစေနဲ့၊ ညဘက် အတွတ်လာရင်တော့ လွှတ်လိုက်နော်”

မွှေးပြောသမျှ ငြိမ်သက်စွာ နားထောင်၍ မယ်ခင်က ထွက်သွားတော့သည်။ မွှေးသည် အဝတ်အစားများ လဲကာ အိပ်ရာပေါ် ပြန်လှဲနေ၏။ မျက်လုံးထဲတွင် “သားလေး” ဟုပြောစဉ်က ရွှင်ပျသွားသော ကိုကိုနိုင့်မျက်နှာသာ ပေါ်၍ပေါ်၍ လာတော့သည်။

ညဉ့်ဘက် အမှောင်သမ်းလာလျှင် အတွတ်သည် မွှေးတို့အိမ်ဝင်းထဲသို့ သူ့ကားလေးနှင့် ရောက်လာ၏။ ဧည့်ခန်းထဲသို့ ရောက်လျှင် အခန်းထောင့်တွင် ငြိမ်သက်စွာ ထိုင်နေသော ကိုကိုနိုင့်ကို တစ်ယောက်တည်း တွေ့ရ၏။ ကိုကိုနိုင်သည် ဖြူရော်သောမျက်နှာနှင့် သူ့ကို ခေါင်းညိတ်ခေါ်၏။ သူသည် ကိုကိုနိုင့်အနားက ဆိုဖာပေါ်တွင် ထိုင်လိုက်၏။

“မွှေး ကျွန်တော့်အကြောင်း သိသွားပြီ” 

“ဟုတ်လား”

အတွတ်သည် သက်ပြင်းချလိုက်၏။

“သူ သိပ်ပင်ပန်းသွားပြီ ထင်တယ်။ လဲနေပြီး ခုထိလဲ ဘာမှ မစားဘူး။ ညနေက နွားနို့နဲ့ ကြက်ဥသွားပို့တာလဲ ပြန်ပေးလိုက်တယ်”

အတွတ်ရင်ထဲတွင် မွှေး ကျန်းမာရေးအတွက် စိုးရိမ်လာပြန်သည်။ 

“ဘယ်လိုဖြစ်တာလဲ ကိုကိုနိုင်၊ ဖြည်းဖြည်းသိရင်ကောင်းမှာ"

“ကျွန်တော်လဲ မတွေးတတ်ဘူး၊ ဘယ်လိုတိုက်ဆိုင်ပြီး ဖြစ်ကြတယ် မသိပါဘူး၊ ဟိုမှာ ကလေးမျက်နှာမြင်ရခက်တယ်ဆိုလို့ ကျွန်တော် ခဏသွားတွေ့ပြီး လေဆိပ်ကို ဆင်းခဲ့တာပဲ၊ ဟိုမိန်းမကလည်း နည်းနည်းမဏ္ဍပ်တိုင်တက်ချင်တယ် ထင်ပါရဲ့။ ကလေး မျက်နှာမြင်ပြီးတော့ ဆရာမကို အိမ်တယ်လီဖုန်းနဲ့ ဆက်ခိုင်းလိုက်သတဲ့။ တစ်ခါတည်း မွှေးနဲ့ ဆုံနေတာပေါ့။ အဲဒီအချိန် ကျွန်တော်က လေယာဉ်ပျံကွင်းမှာ၊ တမင်လုပ်ရင် ဒါလောက် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာ”

ကိုကိုနိုင်သည် သက်ပြင်းချကာ စကားအဆုံးသတ်လိုက်၏။ 

“ကျွန်တော်ကတော့ ဟိုစာ ရကတည်းက သိပ်စိတ်မကောင်းတာ။ မွှေးဟာ ကိုကိုနိုင့်ကို လက်ထပ်ပြီးမှ ပိုပြီးနားလည်လာတယ်၊ မြတ်နိုးလာပုံရတယ်၊ အာ​ရောဂျံက စထွက်လာကည်းက ကိုကိုနိုင်ဟာ တနိုင်တည်း နိုင်လာတာပဲ။ ဈေးထဲမှာလဲ ကိုကိုနိုင်ဖို့၊ ဟိုဟာမြင်လဲ ကိုကိုနိုင့်ဖို့နဲ့ သူ ဘယ်နေရာမှ ကိုကိုနိုင့်ကို မမေ့ခဲ့ဘူး၊ ပင်လယ်ကမ်းခြေမှာ လေညင်းခံပြီး လမ်းလျှောက်ကြတုန်းကတောင် သူ သဲပြင်ပေါ် 'မှာထိုင်ပြီး ကိုကိုနိုင့်နာမည်ကို သဲပြင်ပေါ်မှာ ရေးခဲ့သေးတယ်”

အတွတ်သည် ကြမ်းပြင်ကို ကြည့်ကာ တစ်လုံးချင်း ပြောနေသည်။ 

"ပြီးတော့ ကိုကိုနိုင့်စာထဲမှာ ရန်ကုန်ပြန်ရောက်ရင် ခွင့်ယူပြီး ပင်လယ်ကမ်းခြေတစ်နေရာကို သွားလည်ဖို့ ပါတယ်ဆိုပြီး သူ စိတ်ကူးနဲ့ တော်တော်ပျော်နေတယ်။ သူက ဒီလိုဖြစ်လေ ကျွန်တော့်မှာ အနေရ အထိုင်ရ ကြပ်လေပဲ” 

“အင်း... မွှေးအဖို့ကလဲ ရင်ကွဲစရာကြီး”

ကိုကိုနိုင်သည် ​မွှေးက သူ့ကိုမြတ်နိုးသည်ကို သိရလေလေ သူ့အဖြစ်အတွက် ရင်ထဲမှာ မခံချည့်မခံသာ ဖြစ်လာလေလေ ဖြစ်တော့၏။ ဖြစ်ခဲ့သည့် အဖြစ်ကလည်း မေ့ပစ်လို့ရသည့်အဖြစ် မဟုတ်ပါတကား။ မွှေးကိုသာ သူက သနား၍ သနား၍လာ၏။

“ခု မွှေးက ဘယ်လိုဆုံးဖြတ်သတဲ့လဲ” 

အတွတ်က မေးလိုက်၏။

“ဘာမှလဲ မပြောသေးဘူး၊ သူ စဉ်းစားဦးမယ်တဲ့။ သူ့အိပ်ခန်းကို အတွတ်ကလွဲလို့ ဘယ်သူမှ မဝင်ရဘူးတဲ့။ ကျွန်တော့်အတွက်တောင် ခေါင်းရင်းမှာ သပ်သပ် အိပ်ခန်းပြင်ထားတယ်”

“အေးဗျာ၊ သူလဲ ဗြုန်းစားကြီး မတွေးခေါ်တာတွေ ဖြစ်လာတော့ လဲမသွားတာပဲ ကံကောင်း”

“ကျွန်တော်လဲ ဒါပဲ စိုးရိမ်တာပဲ။ ဘယ်လိုပဲ သူ ကျွန်တော့်အပေါ် ဆုံးဖြတ် ဆုံးဖြတ်၊ သူ့ကျန်းမာရေး မထိခိုက်အောင်တော့ အတွတ် ကူပါဦး။ ခုလဲ ဘာမှမစားတော့ဘူး" 

“ကျွန်တော် သွားတွေ့ပါ့မယ်” 

“တတ်နိုင်ရင် ကျွန်တော် တောင်းပန်ချင်တာက ဒီညအတွတ် အိမ်မပြန်ပါနဲ့၊ ကျွန်တော် အိပ်ခန်းတစ်ခု ပြင်ပေးပါ့မယ်။ ညဘက် ရုတ်တရက် သတိလစ်သွားမှာ ဘာမှာ ကျွန်တော် သိပ်စိုးရိမ်တယ်။ ကျွန်တော်နဲ့ တွေ့စက သူ့လက်ဖျားတွေ ကိုင်လိုက်တော့ အေးစက်နေတာပဲ” 

“ကဲ...ကျွန်တော် အပေါ်တက်ဦးမယ်။ တယောက်ယောက်နဲ့ ပန်းသီးရယ်၊ နွားနို့ရယ် ပို့ခိုင်းလိုက်ပါ”

အတွတ်သည် ကိုကိုနိုင့်အဖြစ်အတွက်လည်း အတော်ကို စိတ်မကောင်း။ အမှန်တော့ သူကျူးလွန်မိသောပြစ်မှုအတွက် မွှေးကို ဂရုစိုက်မှုမှာ ပိုလွန်နေကာ သနားဖို့ကောင်းလာတော့သည်။ မွှေးနှင့်သူ၏ဘဝသက်တမ်းတွင် ကိုကိုနိုင်သည် ဖျက်မရသော အမည်းစက်တစ်ခုကို ထင်အောင်လုပ်ခဲ့၏။ ထိုအမည်းစက်ကို ပျက်စေလို၍ လုပ်လိုက်ရသည့်ဖြစ်ခြင်း၊ ယောက်ျားရင့်မကြီး ဖြစ်ပါလျက်နှင့် သူနှင့်မဆိုင်သော အိမ်ရှေ့မြက်ခင်း၊ အိမ်တွင်း၊ အိပ်ခန်း၊ မီးဖိုချောင်အထိ အားလုံးလိုက်၍ လုပ်ပေးပေသည်။ သို့သော် အမည်းစက်သည် မွှေး၏အသည်းနှလုံးမှ ပျောက်ပါမည်လော။

လှေကားကို တစ်လှမ်းချင်း တက်ရင်း အတွတ်သည် သူတို့လင်မယားနှစ်ယောက်၏ကံကို စဉ်းစားလာသည်။ သူကိုယ်တိုင်လည်း ဘာကြောင့်များ ဤမရွှေမွှေး၏အချစ်ရေး၊ ကိုယ်ရေးကိစ္စတို့တွင် ဇာတ်လိုက်အဖြစ် ဝင်၍ ဝင်၍ ပါရ သနည်း။

မွှေး၏အိပ်ခန်းထဲသို့ အတွတ် ဝင်လိုက်လျှင် ရိုးရိုးမီးတစ်လုံးမှာ အခန်းအလယ်တွင် လင်းနေ၍ မွှေးကို ခုတင်ပေါ်တွင် လှဲလျက် တွေ့ရသည်။ သူသည် ခုတင်ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ မွှေးမျက်နှာမှာ အတော်နွမ်းနေပုံရပေသည်။ မွှေးသည် သူ့ကို လှမ်းကြည့်ကာ ပြုံးလိုက်လျှင် အတွတ် ရင်ထဲတွင် နင့်သွားတော့၏။ 

“မင်း ပြုံးနိုင်သေးတယ်နော်”

အတွတ်က လွှတ်ခနဲ ပြောလိုက်၏။

“မေမေတို့တောင် မွှေးထက်မက ဒုက္ခတွေ တွေ့ရတုန်းက ပြုံးနိုင်ကြသေးတာပဲ" 

မွှေးသည် ခပ်အေးအေးပင် ပြန်၍ပြောလိုက်သည်။ သူ စကားပြောနေစဉ် မမယ်ခင်သည် နို့နှင့်ပန်းသီးကို ခုတင်ဘေး စားပွဲတွင် လာ၍တင်ကာ ပြန်ထွက်သွား၏။

“မွှေး လေယာဉ်ပျံကွင်းက တက်လာကတည်းက ဘာမှမစားဘူးဆို”

မွှေးက ခေါင်းညိတ်ပြသည်။

“ပြုံးလို့တောင် နေနိုင်သေးတာပဲ မွှေး၊ အစာစားဖို့လဲ တတ်နိုင်ရမှာပေါ့” 

သူက ခပ်ဖြည်းဖြည်းပင် ဆရာဝန်တစ်ယောက်ဟန်နှင့် ပြော၏။ 

“အိန္ဒိယက ဒေါက်တာက ဘာမှာလိုက်လဲ၊ ကောင်းကောင်း စားရမယ်၊ ကောင်းကောင်း နားရမယ်လို့ မှာတယ်မဟုတ်လား”

“အခု နားနေသားပဲ၊ စားဖို့ကိုတော့ ကြိုးစားပါ့မယ်” 

အတွတ်သည် စိတ်ပြီးသား ပန်းသီးတစ်စိတ်ကို လှမ်းယူကာ မွှေးကို ပေးလိုက်၏။ 

“ဒါကို နည်းနည်း စားကြည့်ပါကွယ်။ မွှေး ကိုကိုနိုင့်ကို ချစ်ရင်စားပါ။ မင်း အစာမစားလို့ သူ သိပ်ပြီးစိတ်ပူနေတယ်"

မွှေးသည် အတွတ်လက်ထဲမှ ပန်းသီးစိတ်ကို ယူကာ ဝါးနေ၏။ 

“အမှန်တော့ အာ​ရောဂျံမှာ ဟိုရေပေးကန်လေးဘက် သွားတဲ့ ညနေကို မွှေး သတိရလား။ အဲဒီနေ့က ကိုကိုနိုင့်ဆီက စာရတယ်။ စာထဲမှာ သူ့အဖြစ်ကို မွှေးကို အသိပေးချင်တဲ့အကြောင်း ရေးထားတယ်”

မွှေးသည် အတွတ်ဘက်သို့ မျက်နှာလှည့်ကာ နားထောင်နေ၏။

“အတွတ်က အသိမပေးဖို့ စာပြန်လိုက်တယ်၊ ခုကိစ္စမှာ ကိုကိုနိုင့်မှာ အပြစ်မရှိပါဘူးကွယ်၊ မင်းတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ လားရှိုးမှာ နေတဲ့ ခဏကလွဲလို့ လင်မယားနဲ့များ တူလို့လား၊ မွှေးကတခြား သူကတခြား အမြဲလိုလိုနေခဲ့တာ မွှေးသတိရမှာပေါ့” 

မွှေးက ခေါင်းညိတ်ပြ၏။ 

“ယောက်ျားဆိုတာ ဘာပြောပြော ကိုယ့်မိန်းမနဲ့ ကိုယ့်အိမ်ထောင်လေးနဲ့နေဖို့ကို သာယာတာပဲ။ အထူးသဖြင့် ကိုကိုနိုင်လို အိမ်တွယ်တတ်သူအဖို့ ပိုပြီးသာယာတယ်။ ဒီကြားထဲ ​မွှေးက အိန္ဒိယထွက်လာရပြန်ရော၊ ခုခေတ်က မိန်းကလေးတွေကလဲ အမေရိကန်ဆန်ဆန်တွေမဟုတ်လား။ သူတို့က အချစ်ရေးမှာ အရှက်တို့၊ သိက္ခာတို့ဆိုတာ သိပ်မထားဘူး။ သူတို့အချစ်ကလဲ အသည်းနှလုံးက မလာပါဘူး၊ အကြောတွေက လာတာ၊ အချစ်လို့တောင် ကိုယ်တော့ မခေါ်ချင်ဘူး။ ဒါတွေက သူတို့လိုချင်လာရင် မယားကြီး ငုတ်တုတ်ရှိတာတောင် ကောက်ဖမ်းတာပဲ။ ကိုကိုနိုင့်မှာလဲ မွှေးနဲ့ခွဲနေရချိန်တွေများတော့ ညွှတ်သွားတာပေါ့။ ကိုကိုနိုင်ဟာ မွှေးကို ဘယ်​လောက်ချစ် ဘယ်လောက် ဂရုစိုက်လဲကွယ်၊ မွှေးလဲ သိပါတယ်။ ဒီတော့ ကိုကိုနိုင့်အပြစ်ကို မွှေးက ခွင့်လွှတ်ဖို့ကောင်းတယ်” 

မွှေးသည် ပန်းသီးကိုဝါးရာမှ မျိုမကျသလို နှစ်မျိုရင်း “မွှေး ခွင့်လွှတ်နိုင်ပါတယ်” ဟု တိုးတိုးပြော၏။ 

“ဒီလိုဆိုတော့ ကိုကိုနိုင့်ကို ဘယ်လိုပြောလိုက်မလဲ။ ဘယ်လိုစီစဉ်ရမလဲ”

အတွတ်သည် မွှေး၏အဆုံးအဖြတ်ကို သိချင်လာသည်။ မွှေးက ပြုံးလိုက်ပြန်သည်။ 

“ဒါတော့ နောက်ရက်တွေမှ မွှေး ဖြည်းဖြည်း စဉ်းစားပြီး အဖြေပေးပါရစေ။ သုံးရက် အချိန်ပေးပါ။ ကိုကိုနိုင်ရော သူ့မေမေရော အချစ်တွေ ကျေးဇူးတွေဟာ မွှေးအပေါ် ပုံနေပါပြီ"

အတွတ်သည် သက်ပြင်းချလိုက်၏။ မွှေးကလည်း မျက်နှာလွှဲကာ ခြင်ထောင်အမိုးကို စိုက်၍ ကြည့်နေလေတော့သည်။

“နက်ဖြန်ကိုတော့ အတွတ်လာနိုင်မှာ မဟုတ်ဘူး။ ပြန်နှင့်တဲ့ လူနာဟောင်းတွေရယ်၊ ဆရာဝန်တချို့ရယ်၊ အဆုတ်နာသမားတွေအပေါ် ကူညီချင်တဲ့လူတွေရယ် စုပေါင်းပြီး အစည်းအဝေးလုပ်မလို့တဲ့။ ကိုယ်ပြောပြလို့ မွှေးပါတက်ဖို့ လူကြီးတွေက လိုလားကြတယ်။ မွှေး တက်မလား”

“သူတို့ ကြိုက်တဲ့တာဝန်ပေးလေ၊ မွေးယူဖို့ အဆင်သင့်ပဲ။ ဘယ်နေရာကပဲ လုပ်ရလုပ်ရ၊ နက်ဖြန်တော့ မလိုက်ပါရစေနဲ့ဦး" 

“အေး...အေး နားပါဦးလေ၊ မွှေးရဲ့ ကိုကိုနိုင်က မွှေးကို ဘယ်လောက်ချစ်တယ် အောက်မေ့လဲ။ ကိုယ် ဒီည မပြန်ရဘူးတဲ့။ မွှေး တစ်ခုခုဖြစ်ရင် ကုဖို့ စောင့်အိပ်ရမယ်တဲ့” 

မွှေးသည် ပြင်းစွာ လေကို ရှူလိုက်ပြီးမှ ..“ကိုကိုနိုင် တစ်သက်လုံး စိတ်ချမ်းသာအောင် မွှေး စီစဉ်ခဲ့မှာပါ” ဟုပြောလိုက်၏။ “ခဲ့မှာပါ" ဟူသော စကားသုံးလုံးသည် အတွတ်စိတ်ကို ရုတ်တရက် ချောက်ချား၍သွားစေလေသည်။ မွှေးဘယ်လိုများ ဆုံးဖြတ်မည်လဲ။ သူ့သည် မွှေးကို ဆက်လက် ဖျောင်းဖျလိုသော်လည်း သူ့နှုတ်ဖျားမှ စကားလုံးများသည် မထွက်ရက်သလို ဖြစ်နေတော့သည်။ ကိုကိုနိုင့်ကို ယူရန်အတွက်ကိုလည်း ဟိုတစ်ချိန်တုန်းက သူ ရင်နာနာနှင့် တရားဟောခဲ့ရ၏။ သူသည် တရားဟောဆရာကြီးလို ကြိတ်မှိတ်၍ပြောခဲ့၏။ ယခုအချိန်တွင်လည်း သူပြောရပြန်သည်။

မျက်လုံးလေး အကြောင်သားနှင့် ခြင်ထောင်အမိုးကို စိုက်ကြည့်နေသော မွှေးမျက်နှာမှာ ဘာအရိပ်အယောင်ကိုမှ မတွေ့ရ၍ သူ့စိတ်မှာ အံ့သြနေသည်။ မွှေး ဘာကိုစိတ်ကူး၍ ဘယ်လိုဆုံးဖြတ်သည်ကို သိလိုနေ၏။ ဤငြိမ်သက်သောမျက်နှာလေးတွင် "ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ”ဟူသော သဘောကို နှလုံးသွင်းထားဟန် ပေါ်လွင်နေ၏။ 

ခေတ္တငြိမ်သက်နေသော သူတို့နှစ်ဦးရှိရာ အခန်းထဲသို့ ကိုကိုနိုင် ရုတ်တရက် ဝင်လာ၏။ 

“မွှေး ကိုကိုနိုင့်ကို ခွင့်လွှတ်ပါ။ အတွတ်ရှိတုန်း ကိုကိုနိုင် ပြစရာတွေရှိလို့ ဝင်လာတာပါ” 

ကိုကိုနိုင်သည် ခုတင်ဘေးတွင် မတ်တတ်ရပ်ကာ ပြောလိုက်၏။ သူ့လက်ထဲမှ (၁၀)လက်မခန့် အရှည်ရှိသော သားရေသေတ္တာတစ်ခုကို ဖွင့်ကာ မွှေးခုတင်ဘေးရှိ ပန်းသီးတင်ထားသော စားပွဲပေါ်သို့ တင်လိုက်၏။ မွှေးသည် ကိုကိုနိုင်ဘက်သို့ မျက်နှာလှည့်ကာ ကိုကိုနိုင် လုပ်သမျှကို ကြည့်၍နေသည်။ သေတ္တာထဲမှ ကိုကိုနိုင် ဆွဲထုတ်လိုက်သောအရာများမှာ စာခေါက်တစ်ခေါက်နှင့် စိန်များဖြစ်၏။ စိန်များကို ကိုကိုနိုင်သည် မွှေးလက်ထဲသို့ ထည့်လိုက်သည်။

“ညနေက ဒီအကြောင်းကိုတောင် စကားမစပ်မိဘူး၊ ဟိုကိစ္စ ဝင်ရှုပ်ရတာနဲ့ပဲ”

ကိုကိုနိုင်သည် မွှေး၏ဘေးဘက် ခုတင်စွန်းတွင် ထိုင်ကာ ပြော၏။

“ဒီစိန်တွေက မေမေ့ပစ္စည်းတွေပဲ။ သူ မသေခင် မွှေးကို ပေးဖို့ဆိုပြီး ကိုကိုနိုင့်လက်ထဲ အပ်ခဲ့တယ်။ စာရွက်ကတော့ ဒီအိမ်စာချုပ်ပဲ။ ကိုကိုနိုင်နဲ့မွှေးကို ပေးခဲ့တယ်” 

​မွှေးသည် စိန်များကို လက်ဖဝါးထဲတွင် ပွတ်သပ်ကြည့်ကာ အိပ်ရာခင်းပေါ်သို့ ချထားလိုက်၏။ 

“မေမေဟာ ယောက္ခမပေမယ့် အမေအရင်းလိုပါပဲ။ သူ့ကျေးဇူးတွေကို မွှေးတစ်သက်မှာ မမေ့ပါဘူး" 

မွှေးသည် စိန်များကိုကြည့်ကာ ပြောပြရင်း အိပ်ရာမှ အသာထ၍ စိန်လက်ကောက်၊ စိန်ဆွဲကြိုး၊ စိန်နားကပ်များကို သေတ္တာငယ်ထဲသို့ ပြန်ထည့်လိုက်၏။

"ဒါတွေ ကိုကိုနိုင် ပြန်သိမ်းထားလိုက်ပါဦး။ ကဲ ... မွှေးလဲ အိပ်တော့မယ်”

မွှေးသည် သူတို့နှစ်ယောက်ကို ယဉ်ယဉ်ကလေးနှင့် နှင်လိုက်၏။ ကိုကိုနိုင်သည် စိန်များထည့်ထား​သော သေတ္တာကို ပိတ်လိုက်ကာ မ,ယူ၍ အခန်းထဲမှ ထွက်သွားတော့သည်။ အတွတ်ကား ကိုကိုနိုင့်နောက်မှ လိုက်သွားတော့သည်။ 

ထိုညတွင် အတွတ်သည် ခေါင်းရင်းဘက်ရှိ အိပ်ခန်းနှစ်ခန်းအနက် အနောက်ဘက်အိပ်ခန်းတွင် အိပ်ရ၏။ အရှေ့ဘက်တွင် ကိုကိုနိုင်က အိပ်သည်။ အခန်းပြတင်းများမှ မီးရောင်များသည် ခြံထဲရှိ သစ်ပင်များပေါ်တွင် လင်းနေ၍ တစ်ယောက်အခန်းမှ တစ်ယောက်မအိပ်သေးကြောင်းကို သိနိုင်သည်။ 

ညဉ့်ဦးပိုင်းသည် အမှန်တော့ တိုတောင်းလှသော်လည်း တိတ်ဆိတ်လွန်း၍ အင်မတန်ရှည်လျားလှသည်ဟု အတွတ်က ထင်သည်။ သူသည် လှပသောအိမ်ကြီးမှ တိတ်ဆိတ်နေသည်ကို သည်းမခံနိုင်သလိုဖြစ်လာ၏။ အိပ်ခန်းမှထွက်ကာ အပေါ် ထပ် ​လှေကားထိပ် ဧည့်ခန်းတွင် ထိုင်လိုက်သည်။ အပြင်တွင် လေထန်၍ မိုးသက်လေတိုက်ခတ်နေပုံရ၏။ 

သူသည် ​ရေဒီယိုဂရမ်နားသို့ ကပ်လိုက်ကာ ​ရေဒီယိုဖွင့်လိုက်လျှင် ရေဒီယိုမှ ဂီတသံကြောင့် တိတ်ဆိတ်နေသောအိမ်မှာ အနည်းငယ်လှုပ်ရှားလာသလို ဖြစ်လာတော့သည်။

“ဖြေမပြေနိုင်ဘဲ ကြွေလုသည်း မေတ္တာတောင်ထု ချစ်မှုပိုခဲ့တယ် လမင်းရောင်ရယ်၊ ရွှေအဆင်းပုံနှယ်၊ သာယာ သာယာ ကြည်နူးလှတယ်၊ အဲဒီအချိန်ဝယ် မောင့်အပါးမှာ ခင်လေးထိုင်လို့ရယ် ပလီပလာပြောတတ်ရှာသေးတယ်” 

သီချင်းသံမဆုံးခင် ကိုကိုနိုင်သည် အိပ်ခန်းထဲမှ ကမန်းကတန်း ထွက်လာ၏။ အတွတ်ကို အံ့အားသင့်သလိုကြည့်ကာ “အတွတ် ဖွင့်တာလား" ဟု မေးလိုက်၏။ 

“ဟုတ်ကဲ့" 

“တဆိတ် သည်းခံပါ အတွတ်ရယ်၊ ဒီသီချင်းကို ကျွန်တော် နားမထောင်ပါရစေနဲ့" 

အတွတ်သည် အသာထသွားကာ ​ရေဒီယိုကို ပိတ်လိုက်သည်။ အတွတ် ကုလားထိုင်တွင် ပြန်ထိုင်လိုက်လျှင် ကိုကိုနိုင်သည်လည်း သူ့အနားတွင် လာထိုင်သည်။ 

“ကျွန်တော် ခုခေတ် သီချင်းအဆိုကျော်တွေကိုရော၊ သီချင်းတွေကိုရော သိပ်အထင်မကြီးဘူး။ ဒီ ကိုမင်းသူရဲ့ “ပုံပမာ”သီချင်းကိုတော့ ကျွန်တော် သိပ်စွဲတာပဲ။ ရသပါတယ် ဆိုရမှာပေါ့။ ​မွေးနဲ့ခွဲနေရချိန် ဒီသီချင်းသံကို ကျွန်တော် နားထောင်လို့မရဘူး။ ဒါလောက်ပဲ ကျွန်တော့်စိတ်ကိုလှုပ်ရှားစေတာပဲ”

သူသည် စကားစသတ်ကာ စီးကရက်တစ်လိပ် မီးညှိသောက်လိုက်၏။ အနားတွင် စီးကရက်ပြာများသည်လည်း ပြန့်ကြဲနေ၏။ အိပ်ချင်လာပုံ၊ ငိုက်မျဉ်းလာပုံလည်း မရပေ။ အသည်းအသန်ဖြစ်သော လူမမာကို စောင့်နေသည်လည်း မဟုတ်ပေ။ သို့သော် ကိုကိုနိုင်ကို ကြည့်ရသည်မှာ ရင်မရှင်းနိုင်သေး၊ စိတ်မချသေး၍ အိပ်ရန်စိတ်ရှိပုံမရပေ။ 

“ကျွန်တော် ပြောရခက်တယ် အတွတ်၊ တစ်နေ့နေ့ တစ်ချိန်တစ်ခါမှာ အတွတ်လဲ မိန်းမယူဦးမှာပဲ၊ အခုလဲ မိန်းမတွေအမြောက်အမြားကို အတွတ် တွေ့ခဲ့ဖူးမှာပဲ” 

ကိုကိုနိုင်သည် စီးကရက်မှ တလိပ်လိပ်ထွက်လာသော မီးခိုးငွေ့ကို ကြည့်ရင်းပြော၏။

“ယောက်ျားတွေဟာ တစ်ခါတစ်ခါ လက်ထပ်ပြီး၊ မိန်းမတစ်ယောက်ကို ယူလိုက်ကြတိုင်း ရင်ထဲက နှစ်နှစ်ကာကာ မရှိဘူး။ ဆိုကြပါစို့။ ခန္ဓာကိုယ်ချင်းသာ ပူးပေါင်းလို့ရတယ်၊ စိတ်ချင်းက မရဘူး။ ဒါပေမယ့် အဲဒါကိုပဲ ညားတယ်၊ ပေါင်းသင်းတယ်လို့ ထင်နေကြတာကိုး။ တစ်ခါတစ်ခါတော့လဲ ကျွန်တော်တို့ရင်ထဲက အင်မတန် မြတ်မြတ်နိုးနိုးရှိတဲ့မိန်းမကို ကျွန်တော်တို့ဟာ မရကြပါဘူး။ အတွတ် တစ်ဘဝမှာ သက်တမ်းတစ်ခုမှာ မြတ်နိုးတဲ့သူရယ်လို့ တွေ့ခဲ့ဖူးမှာပဲ”

အတွတ်သည် နားထောင်ရာမှာ ပြုံးလိုက်ကာ ပြန်ပြောမိ၏။ 

“တွေ့ဖူးပါတယ် ကိုကိုနိုင်၊ ကျွန်တော် မြတ်နိုးတဲ့သူကို ကျွန်တော်ခုထိ စောင့်နေတုန်းပဲ”

“ဟုတ်လား ... အေးဗျာ၊ လောကကြီးက တစ်ခါတစ်ခါ အင်မတန် မမျှော်လင့်တာတွေ၊ ဆန်းကြယ်တာတွေ ဖြစ်တတ်တယ်နော်။ ကျွန်တော်ကတော့ ကျွန်တော် တကယ်မြတ်နိုးတဲ့မိန်းမကို တကယ်ရခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမှားကြောင့် မွှေးက ကျွန်တော့်ကို စိတ်နာမှာစိုးတယ်။ ကျွန်တော်လဲ ဘယ်လိုဖြစ်လဲမသိဘူး၊ စိတ်လွတ်သွားတာပါပဲ။ မိန်းမက မေမြို့သူရှမ်းစပ်။ အသားလှလှနဲ့ ပြည့်ပြည့်ဖြိုးဖြိုး ရှိတယ်။ ဒါပေမယ့် အဲဒီအလှတွေဟာ ကျွန်တော့်ကို ဆွဲမထားနိုင်ဘူး။ ကျွန်တော် မှားပြီးတယ်ဆို သိပ်ကြောက်တာပဲ။ ဘာလို့လဲဆိုတော့ ဒီလိုဖွင့်​ပြောရတာ ​ယောက်ျားမပီသရာလဲ ကျပါတယ်လေ။ အဲဒီမိန်းမစားမျိုးတွေမှာ ဦးနှောက်ရဲ့ စဉ်းစားဉာဏ်နဲ့ နှလုံးသားရဲ့ ခံစားမှုရယ်လို့ မရှိဘူး" 

“ကျွန်တော်ဆိုတဲ့ အကောင်ကလဲ စာတစ်အုပ်ဖတ်ပြီး ဆွေးနွေးချင်တယ်။ အဲဒီ ဆွေးနွေးဖို့၊ ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ ဆိုတာတွေ ဘာမှ သူ့ခေါင်းထဲမှာ မရှိဘူး။ နိုင်လွန်ပါတိတ်လောက်ပဲ သူတို့နှုတ်ခမ်းက ထွက်တယ်။ ခက်တယ်ဗျာ၊ ကျွန်တော် စစ်ဗိုလ်ဖြစ်ပြီး ကြောက်နေတယ်။ ဘာကိုကြောက်လဲဆိုတော့ မွှေးက ကျွန်တော့်ကို စိတ်နာမှာ၊ ခွဲသွားမှာ”

သူသည် တကယ်ပင် ကြောက်ရွံ့စိုးရိမ်ဟန်ရှိ၏။ သူ့မျက်လုံးအသွင်အပြင်သည် တကယ်ပင် ပူပန်သောနှလုံးသားမှ အရိပ်အယောင်များ ပေါ်လွင်နေသည်။ 

“မွှေးမှာ ကျန်းမာရေးသာ ကောင်းလိုက်ရင် တော်တော်ထောင်တက်မယ့် မိန်းမပဲ။ ကျွန်တော် သူ့ကိုချစ်တာက သူ့ဟာသူ ဖန်တီးတတ်တယ်ဆိုတဲ့ သူ့ ဒီအရည်အချင်းလေးကို ချစ်တာပဲ”

အတွတ်သည် နှစ်ယောက်ထိုင် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲချလိုက်၏။ လှော်တက်ကို ကိုင်ကာ ရေဆန်တစ်လှည့် ရေစုန်တစ်လှည့်လှော်ခဲ့သော မွှေး၏ငယ်ငယ်က သဏ္ဌာန်ကို မြင်ယောင်လာပြန်သည်။ ငယ်တုန်းက ဒီလိုလှေလှော်နိုင်သောစိတ်ဓာတ်ကို ချီးကျူးဖွယ် အရည်အချင်းဟူ၍ မအောက်​မေ့၊ ချဉ်စရာ ခေါင်းမာသော ကောင်မလေးတစ်ယောက်အဖြစ် မှတ်ထင်ခဲ့၏။ ယခုမှ သူ့မျက်စိအောက်တွင် အတိဒုက္ခတွေ တစ်ပုံတစ်ပင်ကြားက ရေဆန်လှော်ခဲ့သောအဖြစ်သည် အရည်အချင်းတစ်ခုသာတည်း။

ရန်ကုန်ပတ်ဝန်းကျင်သည် တောမှ တက်လာသော ဆင်းရဲသူလေးများ ဒုက္ခရောက်ချိန်၊ စိတ်ဓာတ်ပျက်ပြားချိန်တွင် အလွန်ဝါးမြိုဖျက်ဆီးလွယ်သော ပတ်ဝန်းကျင်ဖြစ်၏။ ကားနှင့် နိုင်လွန်ပင်လယ်ဝယ် စုံးစုံးမြုပ်ကာ ဘဝဆုံးကြသည်သာများခဲ့၏။ မွှေးကတော့ ခုံဖိနပ်စီး၍ ပိတ်အင်္ကျီဝတ်ကာ သူသည် မျက်စိစုံမှိတ်၍ ရေဆန်လှော်ခဲ့သည်တကား။ ယခု မွှေးအရည်အချင်းကို သိ၍ ချီးကျူးမိ၍လည်း ချီးကျူးရုံသာ ရှိတော့မည်။ မြောက်မြားစွာ နောက်ကျခဲ့ပြီမဟုတ်ပါလား။ 

ကိုကိုနိုင်သည် ဆေးလိပ်ကိုသာ ဖိသောက်ဆဲဖြစ်၏။ အတွတ်သည် ဘာကြောင့် သူတို့နှစ်ယောက် ယခုလို အချိန်ဖြုန်းသည်ကို တွေးကြည့်မိ၏။

“ကိုကိုနိုင် အိပ်ကြစို့လား၊ မွှေးလဲ အိပ်မှာပါ။ ပြီးတော့ ကျွန်တော်တို့ ဘာကိုစောင့်နေကြတာလဲ။ မွှေးဟာ အဖြေချက်ချင်း ပြောမှာလဲ မဟုတ်ဘူး၊ အိပ်ကြစို့နော်” 

ကိုကိုနိုင်သည် ငေါက်ခနဲ ထလိုက်၏။

“မွှေးလဲ ဒီည အိပ်နိုင်မှာမဟုတ်ပါဘူးဗျာ။ အာ ဟုတ်တယ်၊ ညဉ့်နက်နေပြီ"

သူသည် အပြောလွယ်သော်လည်း အိပ်မက်ရင်း လမ်းလျှောက်သူလို အခန်းထဲသို့ စိုက်လိုက်မတ်တတ် လျှောက်သွားတော့သည်။

အပိုင်း(၂၂)ဆက်ရန်
-------------------
#ခင်နှင်းယု

Post a Comment

0 Comments