#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၈)
ညဥ့်နက်ပေပြီ။ ဒေါ်ဂျိုးဥသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ကလေးများသိပ်ပြီးသော မြမြစိန်သည် စာကြည့်စားပွဲရှိရာသို့ ထလာသည်။ စာကြည့်စားပွဲနားတွင် သားကြီးတို့ သမီးတို့ ကျောင်းသင်ခဏ်းစာများ လုပ်ပြီး၍ ဖရိုဖရဲ တချို့ကျန်ရစ်သော ခဲတံအတိုအစ၊ စာအုပ်များကို သိမ်းလိုက်သည်။
ကိုသန်းချိန်သည် ပက်လက်ကုလားထိုင်ပေါ်တွင် ခေါင်းမှီထိုင်ရင်း စာတအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသည်။ စာကြည့်စားပွဲပေါ်ရှိ စာဖတ်ရန် မီးပွင့်သည် စားပွဲပတ်ဝန်းကျင်တွင်သာ ခပ်အုပ်အုပ် လင်းနေသည်။ ခေါင်းရင်းရှိ ဘုရားစင်လေးထောင့်ပေါ်က မီးပြာလေးတလုံးထဲ၏ အရောင်ကတော့ ငြိမ်သက်အေးမြနေပုံရ၏။ ပြာလဲ့လဲလေး လင်းနေသည်။ မြမြစိန်သည် ဘုရားစင်ကိုကြည့်ရင်း ရင်ထဲတွင် အမောပြေသွားသည်။
ကိုသန်းချိန်နှင့် မျက်နှာချင်းဆိုင် တဖက်စွန်းရှိ ကုလားထိုင်တခုတွင် သူသည် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်၏။ စားပွဲပေါ် ခေါင်းတင်၍ သူ့မျက်လုံးကို မှိတ်ထားသည်။
ရွက်နုတောသည် စိမ်း၍မနေ၊ သစ်ကိုင်းများတွင် အညွန့်သည် ပန်းရောင်သွေး ကြွနေသည်။ ပန်းရောင်အနားကွပ်နှင့် ကံ့ကော်ပွင့်ဖတ်များ ပွင့်ပြီးမှ ဤရွက်နုတို့ ထွက်လာကြ၏။ ကံ့ကော်တောသည် နွေနွေမိုးမိုး လှပနေသလိုပင်တည်း။
ကံ့ကော်မြိုင်တန်းကို တက္ကသိုလ်တွင် ကွန်းခိုခဲ့သူတို့က စာတွေ ကဗျာတွေ့ ဖွဲ့ခဲ့ကြသည်။ သို့သော် ဤကွန်းက ခွာခဲ့ပြီးသည်မှ တနှစ်တခေါက် အရောက်လာကြဘို့တော့ ဝေးခဲ့ကြပြီ။
နွေကို ချစ်သော စာဆိုသူ မောင်ဥဩသာ နွေစ,ခါနီး ဆောင်း၏နှုတ်ဆက်ပွဲတွင် သူမှန်မှန်ရောက်လာသည်။ တနွေလုံး ကံ့ကော်တော၏အလှကဗျာကိုလည်း ဖွဲ့ခဲ့သည်။ ဆောင်းကိုနှုတ်ဆက်သောအခါ သူသည် ကြေကွဲသံကိုပြု၍ သူ့တေးတွင် လွမ်းဆွတ်ပါကြောင်းကို ဖွဲ့နွဲ့သီကျူး၏။ နွေလာတော့မည်ကို ကြိုဆိုချိန်ရောက်တော့လည်း လောကတွင် သူသည်သာလျှင် အိမ်ကြီးရှင်ဖြစ်သလို ဝမ်းပန်းတသာ ကြိုဆိုလေဟန်၊ တက်ကြွသောတေးသံဖြင့် သူကြွေးကြော်နှုတ်ဆက်၏။ သူလွန်သော် သူ့မြေးမြစ်၊ အို.... သားစဉ်မြေးဆက် အဆက်ဆက် ရောက်လာ၍ သူတို့ဘိုးဘွားများ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြသည်မှာ ဤတက္ကသိုလ်ပင် နှစ်ငါးဆယ်မြောက်ပေတော့မည်။
“ဒီလိုဘဲပေါ့၊ ဒီလိုဘဲပေါ့”
မြမြစိန်သည် အသံမထွက်ဘဲ ရင်ထဲမှ ရေရွတ်လိုက်၏။ သူ့နဖူးပေါ် တွင် ညင်သာသော လက်ချောင်းငယ်များ ရောက်လာသည်။ သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
“စိန် အိပ်ပျော်နေပြီလားလို့ ၊ အိပ်ချင်ရင် သွားအိပ်လေ၊ နဖူးမှာ ခြင်ကိုက်နေတယ်”
မြမြစိန်သည် ကိုသန်းချိန်လက်ကို ညင်သာစွာ ဆုပ်လိုက်၏။ ကိုသန်းချိန်သည် သူ့ရှေ့ရှိ သစ်သားကုလားထိုင်ပေါ် ထိုင်လိုက်သည်။ မြမြစိန် မျက်လုံးများသည် မီးရောင်အောက်တွင် စိန်လိုပင် တဖိတ်ဖိတ် တောက်ပနေသူဖြစ်၏။ နားထင်နှင့် ပါးမို့များမှာတော့ ယခင်လို ပြည့်ပြည့်ဝဝ မဟုတ်တော့ပေ။ ပါးမို့များ လျော့ကျသွား၏။ နှာတံသည် အပျိုတုန်းကထက် ပို၍ပေါ်လာ၏။
“စိန်တို့လေ မေမေ ဆေးရုံက ဆင်းရင် တနေ့လောက် အနားယူရအောင်၊ ကလေးတွေကိုလဲ ဆရာမတယောက် နေ့တွက်ဘယ်လောက်ပေးရပေးရ ပေးပြီး အပ်ခဲ့မယ်”
ကိုသန်းချိန်မှာ မြမြစိန်စကားကြောင့် အံ့အားသင့်သွား၏။
"ဖြစ်သင့်တာက မေမေ အိမ်ပြန်ရောက်ရင် သူနာပြုဆရာမ နေ့ရော ညရော ငှားထားခဲ့ပြီး သားတို့ သမီးတို့ပါ ခေါ် ၊ ငပလီဖြစ်ဖြစ် မောင်းမကန်ဖြစ်ဖြစ် ကိုကိုတို့ တပတ်လောက် သွားနားမယ်လေ၊ အဲဒါ မကောင်းဘူးလား.....”
“အို.. အဲလောက်ကြီးလဲ ဇိမ်မခံချင်ဘူး၊ အဲဒါလောက် နားနိုင်လောက်အောင်လဲ ငွေမလွယ်လှဘူး၊ မေမေ့အတွက် သုံးရအုံးမှာ။ တနေ့ထဲ ... တနေ့ထဲရယ်...”
“တနေ့ထဲ ဘာလုပ်မှာလဲ....”
“စိန်နဲ့ ကိုကိုနဲ့ နှစ်ယောက်ထဲ လှေကလေးတစင်း ငှားပြီး အင်းလျားကန်အလယ် ကျွန်းတခုခုကို သွားရအောင်။ စိန်တို့လေ ကျောင်းတုန်းကလို ကြည်နူးတာလေးတွေ၊ အို... ဟိုတုန်းက ရင်ခုန်သံကိုက ဂီတသံပါတယ်နော်....”
“ဘုရားရေ... စိန် ဘာတွေလျှောက်ပြောနေတာလဲ... "
ကိုသန်းချိန်သည် အံ့ဩစွာ မေးလိုက်၏။ စိတ်ရင်းကောင်းသော်လည်း ခပ်စွာစွာ ပြောတတ်သော သူ့ဇနီးသည်သည် ယနေ့ လေသံပြောင်းလို့ပါတကား။
“အို.. စိန် အတည် ပြောနေတာပါ၊ စိန်တို့လေ အဲဒီလိုအချိန်မှာ ဘယ်လိုခံစားမှုတွေ ရှိနေတယ်၊ အရင်နဲ့ တူသေးလား ဆိုတာရယ်၊ ပြန်ပြီးစမ်းသပ်ဖို့ ကောင်းတယ်နော်"
အတည်ပေါက် မြမြစိန်က ပြောနေ၍ ကိုသန်းချိန်သည် ဇနီးသည်ကို အကဲခတ်သလိုသာ ငြိမ်သက်စွာ ကြည့်နေ၏။
“ဘယ်တူတော့မှာလဲ....”
“မတူတော့ဘူး ဟုတ်လား...”
-
“ဟုတ်တယ်လေ၊ ဒီလှေကလေးနဲ့ ဒီရေပြင်ပေါ်မှာ လှော်ခတ်သွားပေမယ့် မြမြစိန်နဲ့ကိုသန်းချိန်ဆိုတဲ့ လူသတ္တဝါနှစ်ယောက်က ကျောင်းသူလေးနဲ့ ကျောင်းသားလေးမှ မဟုတ်တော့ဘဲ"
“အင်းပေါ့လေ၊ ဥဩလေးတွေတောင် တက္ကသိုလ်ရဲ့ ကံ့ကော်ပင်ပေါ်မှာ သူတို့ အချိန်မှန် လာခဲ့ကြပေမင့် ဒီနှစ် လာတဲ့ ဥဩလေးတွေဟာ မနှစ်ကလာပြီး ကံ့ကော်ပင်ပေါ်မှာ အော်မြည်ထားကြတဲ့ ဥဩလေးတွေ ဟုတ်ချင်မှ ဟုတ်တော့မှာနော်။ ဒါပေမင့် ဒါပေမင့် ....ကိုကို မလိုက်ချင်နေ၊ စိန်လေ တနေ့တော့ တယောက်ထဲ အင်းလျားရေပြင်မှာ လှေသွားလှော်အုံးမယ်။ ပြီးတော့...ပြီးတော့ လှိုင်းဂယက်သံကလေးတွေကို ပြန်နားထောင်မယ်၊ သူတို့ ပုံပြင်တွေအများကြီး ပြောကြလိမ့်မယ်။ နှစ်ပေါင်းငါးဆယ်ပုံပြင်တွေ စိန်တို့အကြောင်းကိုရော သူတို့မေ့ကြပြီလား.."
မြမြစိန်သည် ပြောရင်း မျက်ရည်တွေစီးကျလာ၏။ ကိုသန်းချိန်သည် ဇနီးသည်၏ပါးပေါ်မှ မျက်ရည်များကို တယုတယ သုတ်လိုက်၏။
"ကိုကို နားလည်ပါတယ်၊ စိန်စိန် ဘာဆိုလိုတယ်ဆိုတာ ကိုကိုနားလည်ပါတယ်။ ကဲ..ထပါ အချစ်ရယ်၊ ကိုယ်တို့ အိပ်ရအောင်နော်"
မြမြစိန်သည် ညင်သာစွာ ထရင်းမှ သူ့မျက်နှာကို ကိုသန်းချိန် ရင်ခွင်တွင် အပ်ကာ အသံမထွက်ဘဲ တီးတိုးရှိုက်၍ ငိုလိုက်၏။ သူကသာ အင်းလျားကန်ရေပြင်၏ လှိုင်းဂယက်များသည် ကမ်းခြေအပါးသို့ကပ်ကာ၊ နှစ်ပေါင်းငါးဆယ် အတွင်း ဤပတ်ဝန်းကျင်ရှိပုံပြင်များကို ပြောကြလိမ့်မည်ဟု ထင်၏။ ပုံပြင်များသည် တထောင့်တည မက မဆုံးသောပုံပြင်များသာတည်း။ ဘယ်တော့မှ မဆုံးသလို ဘယ်တော့မှလည်း ဆွေးမြေ့မသွား။ သို့သော် လူ့အဖြစ် ဆိုသည်က သမိုင်းဘဲ။ သမိုင်းသည် ထပ်ကာ ထပ်ကာ ဖြစ်သလို၊ အမှန်တော့ အင်းလျားပုံပြင်များသည် မသစ်ဆန်းတော့သော ပုံပြင်များ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဇာတ်လိုက်လုပ်သူတွေကသာ တနှစ်တွင် တမျက်နှာပြောင်းကြ၍ သူတို့ပုံပြင်များကို အသစ်စက်စက် ဟု ထင်ကြသည်။ အင်းလျားကန်ကသာ စကားဆိုတတ်ပါလျှင် “ရိုးလှပါပကော... ရိုးလှပါပကော၊ ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားသည့် ပုံကမှ ဆန်းသစ်သေးသည်”ဟု ဆိုကောင်းဆိုပေမည်။
ယခုလည်း မြမြစိန်သည် ရေဂယက်သံများ ပြောစကားကို သွား၍နားမထောင်ခင်၊ သူ့မျက်ရည်တို့သည် သွင်သွင်စီး၍ ကိုသန်းချိန် စွပ်ကျယ်မှစိမ့်ကာ ရင်အုံကိုထိ၍ သူ့ဝေဒနာကို ဖွင့်လှစ်ပြောကြား၏။ သူ့စိတ်ဝေဒနာသည် အချစ်အကြောင်းလည်း မဟုတ်၊ နွေအိပ်မက်ခန်းလည်း မဟုတ်တော့။ အိမ်ရှင်မတယောက်၏ လက်တွေ့ မျိုသိပ်ခံစားရချက်များသာတည်း။ သူသည် အားရစွာ ရှိုက်၏။ သူ့ပါးနှင့် ကိုသန်းချိန်ပခုံးကို ထိထား၏။ သူ့လက်များသည် လင်တော်မောင်၏ပါးမှ ခပ်ဖွဖွလေး နားထင်တိုင် စမ်းနေသည်။
ကိုသန်းချိန်သည် တင်းကြပ်စွာ ပွေ့ဖက်ထားရင်း မြမြစိန် ငိုချင်သမျှ ငိုခွင့်ပြု၏။ သူတို့သည် ပြည်ကိုစိုးသော ဘုရင်မပင်ဖြစ်လင့်ကစား ဒီလိုသာ လင့်ရင်ခွင်ကို မျက်နှာအပ်၍ မျက်ရည်သွန်ချရလျှင် စိတ်ပေါ့ပါးမြဲသာတည်း။
“ကိုကိုက နားထင်တွေတော့ ကျသွားပြီနော်၊ ကိုကိုရဲ့ နဖူးထောင့်ကြီးတွေကလေ မေမေကြီးလိုဘဲ လေးထောင့်ကျကျနဲ့၊ အင်း...ဒါပေမင့် နားထင်က ဆံစတွေကလဲ ဖြူလာပြီနော်....”
ရှိုက်သံ ဝေးသွားသောအခါ စိန်စိန်သည် တီးတိုးစွာ ပြော၏။
“ကိုကို လေးဆယ်ပြည့်တော့မယ်လေ၊ ပြီးတော့ စာပေလိုက်စားသူတွေဟာ ဆံပင်ဖြူလွယ်တယ်”
ကိုသန်းချိန်က ဖြေလိုက်သည်။
“ကိုကို အိမ်ကိစ္စတွေအတွက် စိတ်ညစ်လို့ မဟုတ်ပါဘူးနော်... ၊ စိန် ငိုတာလေ... ကိုကို စိတ်ညစ်လား.....”
ကိုသန်းချိန်သည် မြမြစိန်၏မေးစေ့ကို ကိုင်၍ မျက်နှာကို ပင့်လိုက်သည်။ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။ သူသည် ပြီးတော့ ပြုံး၍ပြလိုက်၏။
ဪ.....ချစ်ဇနီးပါးစပ်သည် သူ့ပခုံးဝယ် ထိလာသောအခါ သူသည်လည်း အပြုံးနှင့် သနားဖွယ်သော မိန်းမငယ်၏နှုတ်ခမ်းကို ဖိရတော့သည်။ သနားဖွယ်ကောင်းသော ဤသတ္တဝါမလေးများသည် တခါတရံ အဏ္ဏဝါကိုပင် ပစ်ကူးကာ ချစ်သူနောက်သို့ လိုက်ကြ၏။ မယ်ဟေမာ၏ အချစ်ဒန္တာရီဖြင့် သူတို့သတ္တိကို စံတင်၍ပြောကြ၏။ လျော့ချင်သောအခါတွင်မူ ချစ်သူ၏ရင်ခွင်ကို မဟာပထဝီမြေကြီးလို အားထား၏။ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
အလှူရှင်သည် ရေစက်ခွက်ကို ကိုင်ကာ ဒါနကို ဝသုန္ဓရေနတ်မင်းအား တိုင်တည်၏။ ရေဖြင့် မြေကို သွန်းလောင်း၏။ မြမြစိန်သည် မျက်ရည်ဖြင့် ချစ်သူ့ရင်ခွင်ကို သွန်းလောင်းကာ သူ့စိတ်ခံစားချက်ကို ဖွင့်ဟဆို၏။ ပါးစပ်ဖြင့်တော့ မပြောရက်၊ ဤရင်ခွင်ကိုစောင့်သော နတ်မင်းသည် ဝသုန္ဓရေ နတ်မင်းလို ခင်ပွန်းသည်အား ပြောကြားပါမည်လော။
လူရိုင်းကြီးမဟုတ်သော ကိုသန်းချိန်သည် ချစ်ဇနီးအား ညင်သာစွာ တွဲကာ အိပ်ခန်းသို့ ခေါ်ယူသွား၏။ ယနေ့ညတွင်မူ သူသည် မိခင်တယောက်က သားငယ်ကို ဆက်ဆံသလို ချစ်ဇနီးအား သိမ်မွေ့စွာ ရင်ခွင်ထက်တွင် သိပ်၏။ တော်ပေသေး၏။ ယနေ့ည မြမြစိန် ငိုခြင်းသည် ရမက်ကြောင့် ငိုခြင်းမဟုတ်သည်ကို ကိုသန်းချိန် နားလည်သောအခါ အားလုံးသည် ပြေလည်သွားသည်ကား။
နောက်နေ့ ညနေဘက်တွင် မြမြစိန်သည် ဆေးရုံမှ ပြန်မလာသေး၊ ကိုခင်မောင်ရင်က ကိုးနာရီခွဲပွဲ ရုပ်ရှင်ကြည့်ရန် ကိုသန်းချိန်ကို အဖော်စပ်နေသည်။
“ကျွန်တော်က တမင် ၉-နာရီခွဲ ရွေးလိုက်တာက မြမြစိန် ပါစေချင်လို့ဘဲ...”
ခင်မောင်ရင်က ဆို၏။
“ဟုတ်တယ်၊ စိန့်ကို ကျွန်တော်လဲ နားနားနေနေ အနားပေးချင်တယ်လေ၊ ဟိုတုန်းက သူ အလုပ်လုပ်တာတောင် သီချင်းလေး တညည်းညည်းဆိုပြီးတော့ လုပ်တယ်။ ခုတော့ သူ သိပ်ပြီး စိတ်ကို အလုပ်ပေးနေရသလိုဘဲ..”
“ကျွန်တော်တို့လိုဘဲ သူတို့မှာလဲ နားချိန်ဆိုတာ လိုတယ်။ ဒါကြောင့် မော်လီကို ဝိုင်းထိုင် (ဖဲချခြင်းကို ဆိုလိုသည်) မိန်းမစားမျိုးတွေ အလုပ်ကလွဲရင် မော်လီ ပျော်ပျော်နေတာကို လွှတ်ပေးတယ်။ သားကို လင်ကို ချစ်တယ်ဆိုပေမဲ့၊ ကြာကြာနေတော့လဲ ကျွန်တော် ကြည့်ကြည့်နေတယ်၊ အိမ်ရှင်မအလုပ်ဟာ ညည်းငွေ့စရာကောင်းသား.....”
ခင်မောင်ရင့်စကားကို နားထောင်ရင်း ကိုသန်းချိန်သည် သူ့နဂါးဆေးလိပ်ကြီးကို ရှိုက်၍ရှိုက်၍ ဖွာပြန်သည်။ ညက မြမြစိန် ငိုသည်ကို သတိရပြန်သည်။
“ဒေါက်..ဒေါက်..ဒေါက်..”
ခင်မောင်ရင်က တံခါး ထဖွင့်ပေးလိုက်၏။ ဝင်လာသူမှာ အန်ကယ် ဦးကောင်းဇံ ဖြစ်၏။ သူက သူ့ပုံစံမပျက် ပန်းရောင်နှင့်အဖြူစင်း မန္တလေးလုံချည်၊ ပိုးအပေါ်ဖုံးအင်္ကျီအနက်၊ ပန်းရောင်ခေါင်းပေါင်းနှင့် ဖြစ်၏။ ကိုသန်းချိန်လို ပင် အရပ်မြင့်မား၍ ကိုသန်းချိန်လိုတော့ မပိန်ပေ။ သူ့နှုတ်ခမ်းမွှေးကြီးသည် သူ့မျက်နှာ၏ကျက်သရေဖြစ်၏။ ဒေါ် ဂျိုးဥက အသားဖြူသော်လည်း ဦးကောင်းဇံလောက် စိုစိုပြေပြေ ဝင်းဝင်းပပ မနေပေ။ ခုနှစ်ဆယ်တွင်း ရောက်နေ သော သူ့အသက်နှင့်ဆိုသော် နုပျိုသည်ဟု ဆိုရမည်။
“မဂျိုးဥ တယောက်ကောဟေ့....”
ကုလားထိုင်တခုတွင် ဝင်ထိုင်ရင်း မေးလိုက်၏။
“မေမေ အထဲမှာ ရှိပါတယ်.....”
ကိုသန်းချိန် ဖြေ၍မှ မဆုံးခင် ဒေါ်ဂျိုးဥသည် အိမ်ခန်းထဲမှ ထွက်လာ၏။
“နက်ဖြန် မနက် ဆယ်နာရီလောက် ငါ ဝင်ခေါ်မယ်။ ဒီမှာ မအေးပိုနဲ့ စိန်စိန်နဲ့ တရက် နှစ်ရက်တော့ အဆင်ပြေတယ်မို့လား.....”
“ပြေပါတယ် အကိုကြီး.....”
“ပြေပါတယ် အန်ကယ်၊ မေမေလိုက်သွားတာပေါ့..”
“ ငါ အေးပုံကို ကော်ဖီဖျော်ခိုင်းအုံးမယ်....”
ဒေါ်ဂျိုးဥ မီးဖိုထဲ ထသွားစဉ် ဆေးတံကြီးကို ခဲကာ ဦးကောင်းဇံသည် ခင်မောင်ရင်ကို စကားဆက်ပြောနေ၏။ တခါက ခင်မောင်ရင် ဘီ-အယ်လ် တက်စဉ်က ဦးကောင်းဇံသည် တက္ကသိုလ်တွင် ဆရာဖြစ်ခဲ့ဘူးသည်။
“လောလောဆယ် ဘာမှု လိုက်နေလဲ ခင်မောင်ရင်...”
ဒေါ်ဂျိုးဥသည် ခုံဝိုင်းလေးများကို ဧည့်သည်များရှေ့ ချကာ သူက ကုလားထိုင်တလုံးတွင် ဝင်ထိုင်ရင်း သူတို့ပြောစကားများကို နားထောင်နေသည်။
“အမှုရယ်လို့လဲ မဟုတ်သေးဘူး အန်ကယ်၊ မနေ့ကဘဲ စစ်တွေက ကျွန်တော့်သူငယ်ချင်း ကိုအောင်ဇော်ရဲ့ မိတ်ဆွေဘဲ ဆိုပါတော့၊ ဒေါ်လှကြာဖြူဆိုတာ လာတယ်။ ကိုအောင်ဇော်ဘဲ ခေါ်လာတယ်။ အဒေါ်ကြီးက သားသမီးမရှိတော့ သူ့သွေးသားထဲက မိန်းကလေးတယောက် မွေးစားထားတယ်၊ အမွေစား အမွေခံဘဲ။ မိန်းကလေးက အကောက်ခွန်အရာရှိတယောက်နဲ့ လက်ထပ်ထားတယ်။ တလောက အဖွားကြီး စစ်တွေ လေဘေးအပြီးလောက် နေပါလိမ့်မယ် ရန်ကုန်လာနေတယ်၊ တနေ့ မင်္ဂလာဆောင်ရှိတော့ သူ့သမီးကို ဒေါ်လှက လက်ဝတ်လက်စားတွေ ထုတ်ဆင်တယ်။ စိန်လက်ကောက်ရော၊ စိန်နားကပ်ရော၊ စိန်ကြယ်သီး၊ စိန်ဆွဲကြိုးတွေပေါ့လေ..”
ဒေါ်ဂျိုးဥသည် ခင်မောင်ရင့်စကားကို နားထောင်ရင်း သူ့လက်မှ ဆေးလိပ်ပင် လွတ်ကျသွား၏။ ပြီးမှ ပြန်ကောက်ကာ မီးပွားများကို ငြိမ်းသတ်နေ၏။
“အဲဒါ..မင်္ဂလာဆောင်ကပြန်သာလာရော တခုမှ သမီးက အမေ့ကိုပြန်မအပ်ဘူး၊ အခု စစ်တွေကို ဒေါ်လှကြာဖြူက ပြန်ချင်ပြီ၊ ဒီလက်ဝတ်လက်စားတွေ ပြန်ပေးပေါ့၊ သွားဘို့ လာဘို့ ဝတ်စရာလိုတယ်ဆိုရင်လဲ စိန်နားကပ်လောက်တော့ ယူထားလိုက်ပေါ့.."
“အင်း..”
ဒေါ်ဂျိုးဥက အင်း လိုက်၏။
“အဲဒါကို သမီးကရော၊ သားမက်ကရော တခုမှ ပြန်မပေးနိုင်ဘူးတဲ့၊ တရားရုံးမှာ ရင်ဆိုင်ရရင်လဲ ရင်ဆိုင်ပေစေတဲ့၊ ပြောင်ပြောင်ဘဲ ပြောတယ်ခင်ဗျာ.... “
"ဟောတော့”
ဒေါ်ဂျိုးဥကပင် မျက်လုံးပြူး မျက်ဆံပြူးနှင့် အသံပြု၏။
“ဒေါ်လှကြာဖြူကတော့ အသိဆွေမျိုးထဲက ရခိုင်လူကြီးလူကောင်းတွေကတဆင့် သူ့သမီးကို ပြောပေးကြပါပေါ့၊ သားအမိ မသေခင် တရားတဘောင် မဖြစ်ချင်ဘူးပေါ့။ သားမက်ကလဲ ခပ်တင်းတင်းဘဲ။ အဲဒါ မနေ့က ဘာလုပ်ရမလဲဆိုတာ လာတိုင်ပင်တယ် အန်ကယ်ရေ...”
“အင်း ”
ဦးကောင်းဇံသည် ဆေးတံကြီးကို ရှူလိုက်၏။
“တရားတွေ ပျက်ကုန်ပြီနော်....”
“မွေခံထိုက်စေ ဆိုပေတဲ့ မိဘ ကွယ်လွန်မှ ပေးချင်သသောက် ပေးတာကို သားသမီးကလဲ ယူသင့်တာဘဲ၊ သားသမီး လုပ်ကျွေးတာကို မိဘက ခံယူရင်လဲ သူတို့သားသမီး သဒ္ဓါသလောက် ပေးတာဘဲ မိဘက ခံယူသင့်တာပါဘဲ။ ခုတော့ သားသမီးကလဲ အမွေတောင်းတာကအစ လည်ပင်းညှစ်ယူသလိုဘဲ။ မိဘဘက်ကလဲ လခမှန်မှန်မပို့ရင် ကျိန်ဆဲတဲ့မိဘ ရှိတယ်ကွယ့်။ ဒါပေမင့် ဒီလိုမိဘမျိုးက နဲပါတယ်လေ၊ ဒါက ဥပဒေသဘော ပြောတာမဟုတ်ပါဘူး၊ လူ့ ဝတ္တရားသဘော ပြောတာ၊ အင်း..အခက်အခဲရှိလဲ လာတိုင်ပင်တာပေါ့။ အန်ကယ်.. မနက်မှ မဂျိုးဥ လာခေါ် တော့မယ်။ မောင်သန်းချိန်ရေ ..ကဲ မဂျိုးဥ သွားမယ်... "
ဦးကောင်းဇံသည် ထ ပြန်သွားတော့သည်။ ဒေါ် ဂျိုးဥတယောက်တည်းသာ စိတ်လှုပ်ရှားသလို ဝရန်တာဘွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေ၏။ ခင်မောင်ရင်နှင့် ကိုသန်းချိန်ကတော့ ပြောလက်စ စကားများကို ဆက်ပြောနေ၏။
“ကျွန်တော်လဲ ခင်ဗျားလိုဘဲ စာရေးဆရာလုပ်အုံးမယ်”
ကိုသန်းချိန်က ခင်မောင်ရင့်စကားကို နားထောင်ရင်း ပြုံး၏။
“တကယ်တော့ ခင်ဗျားနဲ့ကျွန်တော်လဲ အလုပ်ချင်းဆက်နေတာဘဲ၊ ကျွန်တော် လိုက်နေတဲ့ အမှုတွေကို ကျွန်တော် ဒိုင်ယာရီရေးပြီး အနားယူချိန်လောက်မှာ စာအုပ်ရေးချင်တယ်...”
“ဟုတ်တယ်၊ တကယ့်အဖြစ်တွေဟာ အချစ်ဝတ္ထုတွေထက် စီတ်ဝင်စားစရာကောင်းတယ်။ ခင်ဗျားတို့အဖို့ အမှုစစ်တဲ့ရုံးတွေ နယ်မြေအလိုက် ခွဲပစ်လိုက်တော့ ရှေ့နေတွေ ဝတ်လုံတွေအဖို့ သွားရလာရ စိတ်ညစ်စရာဘဲနော်။ ဒါပေမင့် ကျွန်တော်တော့ အဲဒီပုလိပ်ရုံးကြီး လူရှင်းသွားတာတခုတော့ သိပ်သဘောကျတာဘဲ.."
“ဟုတ်တာပေါ့ ကိုသန်းချိန်ရာ၊ ကျွန်တော်တို့ အသိဆုံးပေါ့။ ရှေ့နေထဲမလဲ လူရှုပ်ရှိတာဘဲ။ အမှုပွဲစား၊ ဆွဲချ အရာရှိတွေ၊ အို ...တချို့လာဘ်စားတဲ့ တရားသူကြီးတွေ အမှုထမ်းတွေနဲ့၊ တကယ်ကို အကုသိုလ်အမှုပေါင်းစုံ စုဝေးရာကြီးဘဲဗျာ။ ကျွန်တော်တောင် ခဏခဏ မော်လီကို ပြောမိတယ်။ ဒီရုံးကြီးမှာ အမှုလိုက်ပြီး ရုံးတက်ရုံးဆင်း လုပ်သာနေရတယ်၊ “ပွန်ပီအိုင်မြို့၏ နောက်ဆုံးနေ့” ဇာတ်ကား ကြည့်နေရသလို၊ ဝတ္ထုဖတ်နေရသလိုပဲ"
ကိုသန်းချိန်သည် ခေါင်းတညိတ်ညိတ် လုပ်နေရာမှ “ကျွန်တော်ပြောပြရအုံးမယ်”ဟု ဆို၏။
“တနေ့ကမှ (၂၉-၆-၇ဝ) နေ့ထုတ် သတင်းစာထဲမှာ အောင်ဗလ၏ ကြည့်သောသူမြင်၏” ဆိုတဲ့ အခန်းမှာ "ရင်နင့်အောင် လွမ်း” ဆိုတာ ခင်ဗျား ဖတ်လိုက်ရသေးလား။ အထူးအယူခံ ခုံရုံးက လက်ခံစစ်တဲ့ ခလေးမလေးနှစ်ယောက် အယူခံလွှာ နှစ်ခုအကြောင်းလေ၊ သတ္တ၀ါတွေရဲ့ စိတ်ဓာတ် ညစ်ညမ်းလာတာတွေဟာ သောင်းကျန်းလာလွန်းအားကြီးတော့ သူတို့ကြမ္မာကလဲ သူတို့ကို ဖန်တီးဘို့ အကြောင်းပေါ်လာရတယ်နော်၊ အဲ.... သူတို့တွေကြားထဲမှာ အပြစ်မဲ့သူတွေ ဝင်ဓားစာခံရတာ တယ်ဆိုး။ အောင်ဗလရေးတဲ့ ပပက စာရေး မအူပင်က မခင်ညွန့်ကြည်နဲ့ မန္တလေးက မထွန်းထွန်းမေဆို အပြစ်ပေးမခံရခင် ခုနစ်နှစ်၊ ရှစ်နှစ် ထောင်ထဲ အချုပ်ခံနေရတဲ့အဖြစ်တွေဟာ မဖြစ်သင့်တာတွေပေါ့...”
ကိုသန်းချိန်သည် ဆေးလိပ်ကို ရှိုက်ဖွာ၍ သူ့စကားသူ ဆက်ပြန်၏။
“တနေ့ စာရေးဆရာခင်နှင်းယု ကျွန်တော့်တိုက်လာရင်း ဂန္ဓမာမဂ္ဂဇင်းမှာလဲ ဝတ္ထုရေးပေးဘို့ ကျွန်တော်ပြောတယ်။ သူပြောပြတာလဲ စိတ်ဝင်စားစရာဘဲ၊ ကျန်းမာရေးကြောင့်သာ နားနေရတယ်တဲ့။ အဲဒီပုလိပ်မင်းကြီးရုံး (ရဲချုပ်ရုံး) ကို မြင်ရတိုင်း(စန္ဒယားတလုံး)ဆိုဘဲ ဝတ္ထုတပုဒ်ရေးဖို့ သူ အမြဲသတိရတယ်တဲ့။ သူ့ကိုယ်တွေ့ ဆိုတော့ နေကောင်းလာရင် သူ သေသေချာချာ ရေးအုံးမယ်တဲ့။ အမှုတခုကို ဘယ်လောက်ကြာအောင် ဆွဲပြီး လုပ်စားနေကြလဲဆိုရင် ပထမ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရတဲ့ဗျာ၊ နောက် ဒုတိယ သန့်ရှင်းအစိုးရ၊ နောက်ဆုံး တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄-ခုနှစ်မှ ပြီးတယ်။ အောင်မယ်လေး စုစုပေါင်း ခြောက်နှစ်ကြာသတဲ့။ သူကိုယ်တိုင်ကလဲ အဲဒီတုန်းကများ ဒီပုလိပ်ရုံးကြီးကိုကြည့်ရတာ မကောင်းမှုတွေ အနိုင်ကျင့်မှုတွေနဲ့ စုဝေးရာ ဗဟိုဌာနချုပ်ကြီးလိုဘဲတဲ့၊ ခုမှ သူလဲ စိတ်ချမ်းသာသွားတယ်။ ခု အောင်ဗလ ရေးတဲ့ အဖြစ်မျိုးကျပြန်တော့လဲ မဖြစ်စေချင်ဘူး။ အခုတလော(အထူးရာဇဝတ်ရုံးတော် အယူခံအဖွဲ့) ဖွဲ့ပြီး အမှုတွေကို လက်ခံ၊ မြန်နိုင်သလောက် မြန်မြန်စစ်၊ တရားခံကို တရားသေ မြန်မြန်လွှတ်ပေလို့ပေါ့၊ နို့မို့ရင် တခါထဲကို ဒီမိန်းကလေးနှစ်ယောက် ဘဝဆုံးမှာဘဲ"
" စာရေးတဲ့သူတွေလဲ မသက်သာဘူး၊ စွန့်စားရတာဘဲ ”
ခင်မောင်ရင်က ညည်းညည်းလေး ဆို၏။
အဲဒီလိုမှ ထောက်မပြရင်လဲ ကျွန်တော်တို့ ကလောင်ကိုင်နေကာ အပိုပေါ့ဗျာ၊ ရင်ထဲမှာ အာဃာတမရှိပါဘူးဆိုတဲ့ သစ္စာဆိုပြီး ကျွန်တော်တို့လဲ ဘယ်သူအုပ်ချုပ်အုပ်ချုပ် လွဲမှားမယ်ထင်တာကိုတော့ ထောက်ပြရတာဘဲ”
“အေးပေါ့လေဗျာ၊ ကျွန်တော်လဲ ခဏခဏ ကိုယ့်ဟာကိုယ် သတိပေးရတယ်။ ကိုယ့်ဝင်ငွေ များရေးအတွက်တော့ အမှုကိုရှည်အောင် လုပ်မစားဘူးဆိုတာ၊ လူစိတ်က ဥပဒေကို ထိန်းသိမ်း၊ ဥပဒေက လူ့စိတ်ကို တဖန်ထိန်းသိမ်းနဲ့ အပြန်အလှန် ဆက်သွယ်နေတာဘဲ။ လူဆိုတာကလဲ ပုထုဇဉ်။ ဥပဒေ ဆိုတဲ့ ဘောင်ကလဲ ကျယ်ပြန့်သား၊ လူသားရဲ့ စိတ် လိုအပ်သလို ဥပဒေက ဆန့်ယူဆွဲယူလို့ ရတယ်။ ဒီလိုပေါ့လေ အတတ်နိုင်ဆုံး ကျွန်တော်တော့ ကြိုးစားတာဘဲ...”
မြမြစိန်တို့လူစု ဆေးရုံကပြန်လာ၍ သူတို့စကားစ ပြတ်သွားတော့၏။ မြမြစိန်အဖို့တော့ ရုပ်ရှင်ကြည့်ဘို့ထက် နက်ဖြန် မေမေကြီး ရွှေတောင်ကြားအိမ် ခဏသွားနေမည်ဆိုသည်ကို ကြားရ၍ စိတ်လက်ပေါ့ပါးသွားလေသည်။
အပိုင်း(၉)ဆက်ရန်
-------------------
0 Comments