#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၇)
မြမြစိန် ရင်ထဲတွင် မိန်းမတွေ ကိုးကွယ်သည့်ဘုရားမှာ များလွန်းလှသည်ဟု ထင်ပါသည်။ “သားကိုသခင် လင်ကိုဘုရား”တဲ့၊ ရှိစေတော့ မိဘ ငုတ်တုတ်ရှိသည်ဆိုတောင် လင်ဆိုသည်မှာ မိန်းမတို့၏မှီခိုရာ အားထားရာ လဲလျောင်းရာဖြစ်၏။ အိမ်ဦးနတ်လည်း ဖြစ်သည်ဟု ဆိုသည်။ သူသည် အလယ်တန်းတွင် မြန်မာစာပြ ဆရာမဖြစ်၍ ဝေဿန္တရာစာအုပ်ကို ခဏခဏ ပြရလွန်းသောကြောင့် မဒ္ဒီဒေဝီ၏စကားလုံးများမှာ ကျက်စရာမလို ပါးစပ်ထဲတွင် "အခိုးအလျှံမရှိသော မီး၊ အလံမရှိသောရထား၊ လင်မရှိသောမိန်းမ” စသော မတင့်တယ်သောအရာများကို ဖော်ပြသော စကားလုံးများမှာ နှုတ်တက်ရနေပေပြီ။
အမှန်တော့ လင်ချစ်လွန်းသော မဒ္ဒီသည် ခပ်ရှင်းရှင်း ခေတ်မှီမှီသာပြောရလျှင်တော့ စာရေးဆရာမလုပ်ဖို့ကောင်းသည်။ မြေပေါ် ခြေမချရသော နန်းတွင်းသူက ဟိမဝန္တာကို စိတ်ကူးနှင့် ချီးမွမ်းပြလိုက်သည်မှာ စာရေးဆရာ မမှီပါချေ။ အမှန်တော့ မမြင်ဘူးသော ဟိမဝန္တာကို ချီးမွမ်းချင်သည်က တော်တော်၊ လင်တော်မောင် ဝေသန္တရာမင်းကြီးနောက် လိုက်ချင်လွန်းသောကြောင့် ဟိမဝန္တာကို တခန်းတနားဖွဲ့နွဲ့ ၍ ယောက္ခမများကို ချီးမွမ်းပြနေရ၏။
သူသည် ကိုကို့ကိုချစ်ပါ၏။ လင်ချစ်သော မဒ္ဒီဒေဝီကိုလည်း ထောက်ခံပါ၏။ သို့သော် ယခုတဖန် မေမေက ယောက္ခမဆိုသည်မှာလဲ မိဘနှင့်တဂိုဏ်းထဲထား၍ ရိုသေရမည်တဲ့။
“မဟုတ်ဘူးလား သမီးရယ်၊ သူ့ခမျာ မေမေဆေးရုံတက်တုန်း အိမ်မှာလာပြီး မေမေ့ကိုယ်စား သမီးတို့ကို စောင့်ရှောက်ပေးနေတာ ကျေးဇူးတင်ရမယ်၊ ကိုယ့်မိဘလိုပဲ ပြုစုရိုသေရမယ်၊ သမီးက စိတ်မြန်တယ်၊ ပါးစပ်မြန်တယ်၊ သတိ
ထားနော်..”
“ဟင်း.."
မြမြစိန်သည် သက်ပြင်းချလိုက်၏။ အိမ်မှာသာဆိုလျှင်လား မေမေ့ကို ဒိုးဒေါက်နှင့် ပြန်ပြောလိုက်ပြီးပေပြီ။
“မိဘဟာ ဘုရားနဲ့ တဂိုဏ်းထဲဆိုတော့ ယောက္ခမကိုလဲ မိဘလိုဘဲ ရိုသေရမယ်ဆိုရင်၊ လင်ကလဲ ဘုရားဆိုတော့ သမီးတို့အိမ်မှာ ကြာရင် နှစ်ကျိပ်ရှစ်ဆူ ဖြစ်တော့မှာပေါ့နော်...” ဟု သူပြောမိမည် ဖြစ်သည်။ ယခုတော့ ဘာမျှမပြောချင်။ ဆေးရုံပေါ်မှာလည်းဖြစ်ပြန်၊ မေမေ့မှာ တင်ပဆုံရိုး ပြုတ်ထွက်သွား၍ ကိရိယာတန်ဆာပလာတွေနှင့် ချည်နှောင်ထားသလို ငြိမ်ငြိမ်သက်သက်နေရချိန်ဖြစ်၍ မေမေ့ကို ကြည့်ရင်း သနားနေသည်။ အသက်အန္တရာယ်ကိုတော့ စိုးရိမ်ရသောအပိုင်းမှ လွန်လာခဲ့ပြီ။ သို့သော် အရိုးကုဆရာဝန်ကြီး ဒေါက်တာဘပုက တလလောက် ဆေးရုံမှာ ငြိမ်သက်စွာ နေရဦးမည်။ ဆေးရုံက ဆင်းလျှင်တောင် အိမ်တွင် တလခန့် နားနေအုံးမည်ဟု ဆိုသည်။
ဘယ်လောက်ပင် နားရနားရ၊ မေမေ၏ငြိမ်သက်စွာ နားနေချိန်တွင် စိတ်၏သက်သာမှုကိုရော၊ ခန္ဓာကိုယ်၏သက်သာမှုကိုရာ သူ အစွမ်းကုန်လုပ်ပေးလိုပါသည်။ သူသည် မေမေ၏ တဦးတည်းသောသမီးဖြစ်သလို သူ့တွင် နောက်ဆုံး ပြုစုရမည်မှာ မေမေတယောက်သာ ရှိတော့သည်။ သို့သော် သူ့စဉ်းစားခန်းထဲတွင် 'သို့သော်'တွေ များလှချည့်။ မေမေ့ကို နှစ်လ မက နှစ်နှစ် သို့မဟုတ် တသက်လုံးပင် ပြုစုရပါစေ၊ သူ ဘယ်လိုမျှ သဘောမထား။ ဒီယောက္ခမ ဒေါ်ဂျိုးဥနှင့် နှစ်လ နေရမည်ကို တွေးမိတိုင်း နှစ်ကမ္ဘာလောက်ထင်ကာ ရင်မောသွားသည်။
“စိန်စိန်ရယ် ကိုကို အကြံတခု ပေးချင်တယ်၊ စိန် အခု ရသင့်သမျှ လစာအပြည့်နဲ့ ခွင့်တလရချိန်မှာ အိမ်ကို ထိန်းသိမ်းရမှာပေါ့၊ ခလေးတွေလဲ ကြည့်ရမယ်၊ ဒီတော့ စိန် မပင်ပန်းအောင် တနေ့လုံး အိမ်အလုပ်လုပ်နေရတော့ ညမှာကောင်းကောင်းနားဘို့ လိုတယ်။ ညဘက် မေမေ့ကိုကြည့်ဘို ညစောင့် သူနာပြုဆရာမလေးတယောက် ငှားပါ။ ငွေအတွက် စိတ်မညစ်ပါနဲ့ စိန်ရယ်၊ ဒို့များ စုဆောင်းထားတဲ့ငွေဟာ ဒီလိုအရေးအခင်းမှာ အသုံးချရတာပေါ့။ တည နှစ်ဆယ့်ကိုးကျပ်ဆိုတော့ သုံးဆယ်ဘဲထားပါတော့လေ၊ သေရောကြရော တလမှာ ငွေကိုးရာပေါ့"
ကိုကိုက သူ့အမေအပေါ်တွင် ငွေကို ပဓာနမထား၊ စိတ်စေတနာသက်ရောက်စွာနှင့် ညစောင့်စပယ်ရှယ် သူနာပြုဆရာမတယောက် စီစဉ်ပေးခဲ့၏။ သူ့အမေအပေါ်တွင် ကိုကိုက ယခုလို ကောင်းပါလျက်နှင့် သူက ကိုကို့မေမေကြီးနှင့် ဒီနှစ်လအတွင်း မနေနိုင်ပေ ဟူ၍ ခါးခါးသီးသီး သူဘယ်လိုလုပ် ပြောရက်ပါမည်နည်း။ ဒေါ်ဂျိုးဥကိုခေါ်ရန် စီစဉ်တုန်းကလည်း ကိုသန်းချိန်သည် တိုင်တိုင်ပင်ပင်နှင့် သူ့သဘောတူညီချက်နှင့် ခေါ်ခြင်းဖြစ်၏။ လင်ကိုလဲ စိတ်ချမ်းသာ မေမေလဲ စိတ်အေးရင် ပြီးပါပြီလေ။ သူသည် သူ့စိတ်သူ လျှော့လိုက်၏။ မိခင်စိတ်ချမ်းသာအောင်သာ ဖြေ၍ပြောလိုက်သည်။
“မေမေရာ အိမ်အတွက် ဘာမှမပူနဲ့။ မေမေ အခု အနားယူသလို သဘောထားနေ။ မေမေကြီးနဲ့ သူ့မြေးတွေနဲ့ အဆင်ပြေပါတယ်။ သမီးနဲ့လဲ အဆင်ပြေပါတယ်....."
သူသည် ဆေးရုံတွင် လုပ်စရာရှိသည်များကို လုပ်ပေးခဲ့ကာ ဧည့်သည် ပြန်ရန် ခေါင်းလောင်းထိုးချိန်တွင် ဆေးရုံကြီးမှ ပြန်လာခဲ့၏။ ဘတ်စ်ကားပေါ် တွင် စီးရင်း မနက်က အကြောင်းမှာ ခေါင်းထဲတွင် ဖျောက်မရ။ ဒေါ်ဂျိုးဥက နောက်ရက်များတွင် သူ နေ့တိုင်း ဈေးသွားပေးမည်ဟု ဆိုသည်။ သို့သော် မသွားတတ်သေး၍ ယနေ့မနက် လိုက်ပို့ပါဟုဆို၏။ သူသည် ၃၈ လမ်းဈေးရော၊ ၂၆ လမ်းဈေးရော အချိန်သင့်သလို ယနေ့တော့ ယောက္ခမနောက်က ဈေးခြင်းကိုင်ကာ သူတို့ ၂၆ လမ်းဈေးသို့ သွား၏။ မေမေမှာသော ဩဝါဒအတိုင်း ဘာတလုံးမျှမပြော၊ ယောက္ခမကြီးလက်ထဲ ငွေထည့်၍ သူ့နောက်က တကောက်ကောက်လိုက်၏။
“ကြက် တပိဿာ ဘယ်ဈေးလဲ....”
“ရေလွတ် ကိုးကျပ် “
"အမလေး....ဘုရားရေ၊ ကျုပ်တို့အညာမှာ တပိသာ ခုနစ်ကျပ်....”
“ဒါ ရန်ကုန်၊ ဒါ ..ရန်ကုန်......”
ကြက်သည်က ခပ်တည်တည် အသံမာမာနှင့် ပြောလိုက်၏။ ဘုရား ..ဘုရား၊ မြမြစိန်သည် စိတ်ညစ်သွားသည်။
“တစိတ် ရောင်းသလား....”
ယောက္ခမကြီးက မေးပြန်သည်။
“တခြမ်းဘဲ ရောင်းတယ်....”
“တခြမ်းဘဲဝယ်လိုက်ပါ မေမေကြီးရယ်၊ ပိုတော့လဲ ပြုတ်ကြော်လုပ်ထားရတာပေါ့..”
ဒေါ်ဂျိုးဥသည် မကျေမနပ်နှင့် ကြက်တခြမ်း ဝယ်လိုက်၏။ ရှေ့ဆက်လျှောက်သွားပြန်သည်။
“ပုဇွန်ဖော့ချိတ် တပိသာ ဘယ်ဈေးလဲ.. "
“တဆယ်သား တကျပ်၊ ငါးကျည်း ၁၆ ကျပ်၊ ငါးရံ့ ၁၄ ကျပ်....”
ဒေါ်ဂျိုးဥသည် သက်ပြင်းချပြန်၏။ ပုဇွန် တဆယ်သား ဝယ်သည်။ ပြီးတော့ ချဉ်ပေါင်ရွက် ခြောက်စီး ဝယ်သည်။
“လာ ပြန်ကြစို့ ၊ ဒီရန်ကုန်ကကောင်မတွေ ဈေးရောင်းပုံက ဝန်ကတော်တွေကျနေတာဘဲ...”
ယောက္ခမသည် ဖျစ်တောက်ဖျစ်တောက်ပြောကာ ရှေ့မှ သွား၏။
မြမြစိန်သည် ဘာတလုံးမျှမပြော၊ သူ့စိတ်ကူးနှင့်သူ မောနေသည်။ ၂၆ လမ်းစျေးနှင့် အိမ်မှာ မဝေးလှ၍ လမ်းလျှောက်ပြန်လာကြ၏။ ကြက်တခြမ်းကို ဘယ်လိုလုပ် စားရပါ့။ သားကြီးတို့အတွက် မနက်ထမင်း သုံးချိုင့်ကို ဟင်းထည့် ပေးရအုံးမည်။ ကိုကိုတယောက်ထဲပင် ကြက်သား တစိတ်လောက် ကုန်မည်။ ညစာ၊ မနက်စာဆိုတော့ ...။ " ဟင်း" ။ သူသည် သက်ပြင်းချမိပြန်၏။
လမ်း ၃ဝ အနားတွင် တိုက်တခု ပြင်နေ၏။ ဖြုတ်ကနဲ ယောက္ခမကြီးသည် သဲပုံနား ကပ်သွားကာ တစုံတခုကို ရှာနေပုံရသည်။ မြမြစိန် ရင်ထဲမှာလည်း ထိတ်ကနဲ ဖြစ်သွား၏။
“မေမေကြီး ဘာရှာလဲ ဟင်....”
မြမြစိန်၏အမေးကို မဖြေသေးဘဲ သဲပုံနားရှိ နို့ဆီခွက် ဟောင်းလောင်းတခုကို ယူလိုက်ကာ ဒေါ်ဂျိုးဥသည် သဲကို ကျုံးထည့်၍ ပြန်လာခဲ့သည်။ သူသည် ဘာမျှ ယောက္ခမကြီးကို မမေး။ အိမ်ရောက်လျှင် ဈေးခြင်းတောင်း ချကာ ယောက္ခမကြီး အမိန့်ကို စောင့်နေ၏။
“မနေ့က ခရမ်းချဉ်သီးဝယ်ထားတာနဲ့ အဲဒီကြက်တစိတ် မောင်သန်းချိန်ဘို့ ချက်၊ ကျန်တဲ့တစိတ် ပြုတ်ကြော်လုပ်ထား၊ အဲဒါက မငြိမ်းမယ်ဆီ ပို့ဘို့။ ပုဇွန်တဆယ်သားနဲ့ ချဉ်ပေါင်ရွက်ခြောက်စီး အရေသောက် ချက်တာကတော့ တအိမ်လုံး စားဖို့ ”
မြမြစိန်သည် “မိဘအပေါ် ဆိုးခဲ့လေသမျှ သူနဲ့ကျမှ ဝဋ်လည်တယ်ထင်”ဟူသော မေရှင်ကြီး၏သီချင်းကိုသာ ဟစ်ဆိုလိုက်ချင်သည်။ သို့သော် သူသည် စကားနည်းရန်စဲဝါဒကို လက်ကိုင်ထားရမည်။ ယောက္ခမကြီးသည် မေမေမဟုတ်ဆိုသည်ကို ဖောင်းတယ်ပိန်တယ် ဝိပဿနာရှုသလိုကို ရှုနေရမည်။ လက်က ယောက္ခမ ခိုင်းသည်ကိုသာ လုပ်နေရသော်လည်း စိတ်ထဲတွင် မနက် သားလေးတွေ ထမင်းချိုင့်ထဲ ဘာဟင်းထည့်ပေးရမလဲ ဆိုသည်ကိုသာ သူ စိတ်စောနေသည်။ သူ ချက်ပြုတ်နေဆဲ ယောက္ခမကြီး ဘာလုပ်နေသည်ကို တစေ့တစောင်း ကြည့်နေ၏။
အိမ်ရှေ့ ဝရံတာပေါ်တွင် ထင်းရှူးပုံး အဟောင်းတခု ရှိသည်။ ထိုအထဲတွင် ကလေးများ ဆော့ထားသော သဲရောနေသည့်မြေကြီးရှိသည်။ ဒေါ်ဂျိုးဥသည် ယူလာသောနို့ဆီခွက်ထဲမှ သဲများကို လောင်းထည့်ကာ သမအောင် မွှေလိုက်၏။ ပြီးလျှင် သူ အညာမှယူလာသော စွန်တာနီပဲများကို သဲပေါ်ကို ကြဲလိုက်၏။ အပေါ်မှ တောင်းအစုတ်တခုနှင့် အုပ်ထားလိုက်သည်။
မြမြစိန်သည် ထမင်းဟင်း ချက်ပြုတ်ပြီးသည်များကို လက်စသတ်ရင်း “မေမေကြီး၊ အဲဒါ ဘာလုပ်ဖို့လဲဟင်”ဟု မေးလိုက်၏။ အငယ်ဆုံး နို့စို့ကောင်အား ထမင်းခြေပြီးသားကို ဆားနှင့် နယ်ကျွေးရန် သူသည် ဆက်၍လုပ်နေ၏။ ပူစူးနှင့် မာလေးကတော့ ယခင်က သူတို့ဖွားဖွားလို သူတို့ကို တခမ်းတနား ကျွေးမည့်သူမရှိ၍ သံပန်းကန်ပြားကိုယ်စီနှင့် သူတို့ဖါသာ ထမင်းစားနေ၏။
“သုံးလေးရက်ကြာမှ ဒီတောင်းကိုဖွင့်၊ ဒို့ဆီမှာတော့ ပဲညှောက်ပေါက်ပေါ့အေ၊ အဒါ ပဲကြီးဆီပြန်ချက်သလို ချက်စားစမ်း၊ အင်မတန် အရသာရှိ။ တပတ် နှစ်ခါလောက် ချက်။ ခရမ်းချဉ်သီး ပေါတုန်း များများဝယ် ဖြန့်ထား၊ ခရမ်းချဥ် သီးကြော်နဲ့ ဟင်းချိုအရေသောက်တခွက်ဆို ပြီးရော။ ဘယ့်နှယ် နေ့တိုင်း စျေးသွား၊ ဒီကလေးတွေလဲ အသားဟင်း နေ့တိုင်းကျွေးနဲ့၊ ညည်းတို့ စိန် မစုတာ ကားမဝယ်နိုင်တာ အဆန်းမဟုတ်ပါဘူး.....”
မြမြစိန်သည် ပထမတော့ သူ့ ပြန်ပက်အုံးမည်ဟု ပါးစပ်ပြင်မိသေးသည်။ နောက်တော့ ရယ်ချင်လာပြန်၏။ ဘာမျှ ဆက်မပြောတော့။ တော်ပါသေး၏။ ကိုကိုက ညက ချက်ထားသော ဆိတ်သားလုံးကြော်နှင့် ထမင်းစားကာ အစောကြီး ရုံးသွားနှင့်ပေပြီ။ သူသည် စားပွဲပေါ် ခူးခပ်ပြင်ဆင်ပြီးသော ထမင်းဟင်းများကို သံဇကာနှင့် အုပ်လိုက်၏။
“မေမေကြီး ဆာရင် စားနှင့်တော့နော်၊ ကလေးသုံးယောက်လုံးကို သိပ်လိုက်တော့မယ်....”
သူသည် တကယ်တော့ ဒေါ်ဂျိုးဥကို မျက်နှာချင်းမဆိုင်မိအောင် မျက်နှာလွှဲနေလိုခြင်းဖြစ်သည်။ သူ့နားထဲတွင် မော်လီ၏ ဖိုးဖိုးကြီး၏ 'ငါးနုသန်း လေးကောင်စီမံကိန်း'၊ သူ့ဖွားအေ၏ (ဒေါ်ငြိမ်းမယ် အမေ)'ခေါင်းတရာ ရှိသော စီမံကိန်း'တွေ ထပ်တလဲလဲနှင့် မကြားချင်အဆုံး ဖြစ်နေသည့်အထဲ လာပြန်ချေပြီ၊ 'စွန်တာနီ ပဲညှောက်ပေါက်စီမံကိန်းကြီး'။ သူသည် ပြုံးလိုက်၏။
"အမကြီး လမ်း ၃၀ မှတ်တိုင် ရောက်ပြီ..”
ဘတ်စ်ကားစပယ်ရာ အော်သံကြားမှ ပြုံးနေမိသောသူ့မျက်နှာကို ပြင်လိုက်ရ၏။
“မေ့သွားလို့ပါနော်”
သူသည် ဘတ်စ်ကားပေါ်မှ ကမန်းကတန်း ဆင်းလိုက်ရ၏။ ဘတ်စ်ကားပေါ်မှာသာ တယောက်တည်း ရယ်နေလျှင်တော့ သူ့ကို အရူးဟူ၍ထင်ကြတော့မည်။ မနက်က ယောက္ခမနှင့် စခန်းသွားခဲ့ပုံကို ဆေးရုံပေါ်ရှိ မေမေ့အား သူ ဘာမျှမပြောခဲ့။ အိမ်အရောက် လှေကားပေါ် တက်ခါနီး ဒေါ်သန်းဌေးနှင့် ဆုံမိနေသည်။
“စိန်စိန် ဆေးရုံကပြန်လာပြီလား၊ လာ အိမ်ခန်းထဲ ဝင်ထိုင်ဦး။ ငါ့သူငယ်ချင်းကြီး ငြိမ်း ဘယ်လိုနေသေးလဲ”
“သက်သာပြီ ကြီးကြီးဌေး၊ ဒီလကုန်ရင် ဆင်းရမယ်။ အိမ်မှာ သက်သက်သာသာ တလလောက် ဆက်နားနေရဦးမှာပေါ့လေ...”
မြမြစိန်သည် ဒေါ် သန်းဌေး၏အခန်းဧည့်ခန်းတွင် အမောပြေ ဝင်ထိုင်ရင်း ဖြေလိုက်၏။
" ကြီးကြီး ဒီနေ့ လာမလို့။ မပြောချင်ပါဘူး၊ မင်းကွန်းဥပုသ်ဇရပ်ကအပြန် ဘောင်ဒရီကွေ့မှာ ကလေးတယောက် ကားတိုက်ခံရတယ်၊ တိုက်တဲ့ကားက ရပ်မပေးပြန်တော့ ကျုပ်မှာ အနီးအနား အသိနဲ့ ကားစီမံပေးလိုက်လို့ ဆေးရုံရောက်သွားလေရဲ့၊ အိမ်ရောက်ရောက်ခြင်းဘဲ ပုမက နေ့ခင်းက မမစိန်လာပြီး ငါးဝယ်ခိုင်းသွားတယ်ဆို ..."
မြမြစိန်သည် အမောကြီး မောသလို သက်ပြင်းရှည်လျားစွာ ချလိုက်၏။ ပြီးမှ သူသည် ဖြေးဖြေးခြင်း မနက်က ယောက္ခမကြီးနှင့်ခင်းခဲ့သော ဇာတ်လမ်းကို ပြောပြ၏။
“အေး... ကြီးကြီးဌေးကလဲ ငါးဈေးကြီးမှန်းသိရတော့ ရတဲ့ အမဲသားဘဲ ဝယ်၊ ပြုတ်ကြော်သာ လုပ်ထားပါအေလို့ ပုမပြောထားရတယ်။ ပင်လယ်ငါးက တန်းစီရတာ အချိန်ကုန်လွန်းလို့....”
“ဘာဘဲရရ ကြီးကြီးဌေးရယ်၊ မနက် ကလေးတွေ ထမင်းချိုင့်ထဲထည့်ပေးဘို့ ဟင်းရရင် ပြီးတာပါဘဲ....”
“ပုမက အပြင်ကပြန်ရောက်ရောက်ခြင်း မမစိန် မှာသွားတာတွေဆိုပြီး ပြောပြတော့ ကြီးကြီးဌေး ရယ်လိုက်တာလေ ပုမတောင် အံ့အားသင့်သွားတယ်.."
“ဘာဖြစ်လို့ ရယ်တာလဲ ဟင်”
မြမြစိန်သည် သူ့မှာတော့ ခံစားရသည်မှာ အမောတကော၊ ကြီးကြီးက ရယ်ရက်လေခြင်းဟူသော အတွေးနှင့် အံ့သြစွာ မေးလိုက်၏။
“စိတ်မဆိုးပါနဲ့ တူမကြီးစိန်စိန်ရယ်၊ စိတ်ထဲက ပုမကလဲ ပြောရော မငြိမ်းမယ်ကို ချက်ချင်းသတိရပြီး ငြိမ်းရဲ့ ဇာတ်ထုပ်ကို မရွှေစိန်တော့ ဝင်ကနေရပြီလို့ တွေးမိပြီး ရယ်တာပါ။ စိန်စိန်တို့ကလဲ ငြိမ်းလက်ထဲ လခပုံအပ်တာပါဘဲ၊ စားစရိတ် စားခငွေ မလောက်ရင် ငြိမ်းရယ်လေ သူ့ရွှေဒင်္ဂါးလေးတွေ တပြားပြီး တပြား ကြီးကြီးဌေးကို ရောင်းခိုင်းပြီး ဖြည့်ဖြည့် သုံးသွားရှာတယ်"
ဤနေရာအရောက်တွင်တော့ ဒေါ်သန်းဌေးသည် လေသံကိုနှိမ့်၍ ငြိမ်သက်တည်ငြိမ်စွာ ပြောပြ၏။ မြမြစိန်သည် အတော်လေးပင် ငိုင်ကာ တွေးနေသည်။ သူ့ရင်ထဲတွင် သနားကြေကွဲခြင်းနှင့် ဖြစ်ရလေခြင်း ဟူသော အတွေးနှင့်အတူ တဖက်ကလည်း “ ယောက္ခမ”ဆိုသော လူတန်းစားတရပ်အပေါ် ဒေါသစိတ်က ဝင်လာကာ သူ့ရင်ထဲ တိုက်ခိုက်နေကြသည်။
“စိန်စိန်ကို ကြီးကြီး အပြစ်တင်ချင်လဲ တင်နော်၊ မေမေ ပေါင်ကျိုးလိုက်တာဟာ ယောက္ခမဆိုတာနဲ့ မိခင်ဆိုတာရဲ့ ခြားနားချက်ကို သင်ခဏ်းစာပေးလိုက်သလို စိန်စိန့်အဖို့ ဖြစ်သွားတယ်။ အိမ်မှုကိစ္စ ဗာဟီရများရတာချင်းတူတူဘဲ၊ မေမေကတော့ ပြသနာတွေဟာ သူ့ဆီမှာဘဲ ပြီးပြတ်သွားစေတယ်၊ စိန်တို့ဆီ ရောက်မလာဘူး။ မေမေကြီးကတော့ တယ်ပြသနာတက်တာကိုး..."
“ဒီလိုလဲ ဟုတ်သေးဘူးလေ”
ဒေါ်သန်းဌေးသည် သူ့ဝါဒအတိုင်း တရားဟောလေပြီ။
“မောင်သန်းချိန်ဟာ သူ့သားဘဲ၊ ဒေါ်ဂျိုးဥစေတနာကလဲ သားကို ကားစီးစေချင်တယ်၊ ချွေးမလဲ စိန်နားကပ် ပန်စေချင်တယ်ဆိုတဲ့ စေတနာလေးတွေရှိတယ်ဆိုတာ သတိပြုလိုက်ပါအုံး တူမကြီးရယ်၊ ဒေါ်ဂျိုးဥဟာ ယောက္ခမ မဟုတ် ဘဲ အမေဆိုရင် စိန် တမျိုးတွေးမှာ"
“သူ ပန်စေချင်တဲ့ စိန်နားကပ်လဲ မပန်ပါရစေနဲ့၊ မော်တော်ကား မစီးရလဲ စိန့်ခြေထောက် မတိုသွားပါဘူး။ ဒီစွန်တာနီ ပဲညှောက်ပေါက် စီမံကိန်းကြီးကိုတော့ မလိုက်နာပါရစေနဲ့ ကြီးကြီးရယ်။ နှစ်ဆယ့်ငါးပြားပေးရင် ပဲပင်ပေါက် အစိတ်သားရတယ်၊ အချိန်ကုန်ခံပြီး ဒီပဲပင်ပေါက် ဘယ်သူလုပ်နေနိုင်မလဲ၊ စိန် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံဥဏ်ပေးပါအုံး၊ ယောက္ခမကြီးကို ပြန်ပို့လိုက်ပါလို့လဲ ကိုကို့ကို စိန်စိန် ဘယ်ပြောရက်ပါ့မလဲ..”
ဒေါ်သန်းဌေးသည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
“ဒို့များမိန်းမမှာ အာဝေနိက ဒုက္ခငါးပါးဆိုတာ ဒါဘဲနော်၊ ဒါတောင် စိန်ဟာ ယောက္ခမအိမ်ကို လိုက်နေရခြင်းဆိုတဲ့အဖြစ် မရောက်သေးဘူး။ စိတ်ဖြေပါအုံးသမီးရယ်၊ တဖြည်းဖြည်းတော့ ပြဿနာဟာ ပြေလည်လာမှာပေါ့။ ခုခေတ် ကြီးကြီးဌေးတို့ ငြိမ်းတို့ ငါးဆယ်ကျော် ခြောက်ဆယ်ဆိုတာတွေဟာ အရင်ခေတ်လို ဘင်္ဂလီအင်္ကျီကြီးတွေ ခါးချပ်ဝတ်လို့ ဆံပင်ကို ထိပ်တင်ပတ်ပြီး အဖွားအိုဂိုက်နဲ့ နေကြတာမှုတ်ဘူး၊ ဒို့လဲ ပညာတွေသင် အလုပ်တွေ လုပ်လာကြတာ။ ဒို့မြန်မာမမှာမှ တော်သေးတာ၊ အိန္ဒိယတို့ တရုပ်တို့မှာဆိုရင် ရှေးခေတ်က ချွေးမတယောက် လက်ထပ်ဖိုရွေးရင် ယောက္ခမတွေက ကျွန်တယောက်ရသလို နွားဝယ်သလို ပြုမူကြတယ်၊ သွားဘယ်နှချောင်း ပေါက်တယ်ဆိုတာ ပါးစပ်ကအစ ဖြဲကြည့်တာ။ အိန္ဒိယတိုင်းသူတွေကဆို ယောက္ခမအိမ်ကို လိုက်သွားရမယ့်ဘဝကို ထောင်နဲ့တောင် နှိုင်းတယ်။ မြန်မာမ ဖြစ်ရတာ အများကြီးကံကောင်းတယ် အောက်မေ့၊ ယောက္ခမထဲမှာ မိခင်လိုကောင်းတဲ့သူတွေ ရှိပါသေးတယ်လေ”
“ကိုကို့ကိုသာ စိန် အားလုံးဖွင့်ပြောချင်တယ်...”
သူသည် ဒေါ်သန်းဌေးကို အားကိုးစွာ မေးလိုက်၏။
“အေး...ပြောတဲ့နေရာမှာ လိမ္မာပါးနပ်ပေစေနော်၊ ငါ့သမီး တရားခံပြန်ဖြစ်မှာစိုးလို့ ကြီးကြီးဌေး သတိပေးတာ။ နက်ဖြန် တရားအားထုတ်နေတဲ့ တချို့ ယောဂီအသစ်တွေအတွက် လိုတဲ့ဆေးလေးဝါးလေး ဝယ်ခြမ်း သွားပို့အုံးမယ်။ ပြီးတော့မှ မဂျိုးဥဆီလာပြီး တရားချရသေးတာပေါ့.."
“အမလေး မချပါနဲ့၊ ငါက သီလရှင် ခြောက်နှစ်ဝတ်လာတဲ့ ကောင်မတဲ့၊ ငါ့ကို ဘယ်သူမှ တရားပြစရာမလိုဘူးတဲ့....”
“ဪ.....အဲဒါတွေ ခက်တာပေါ့။ ခြောက်နှစ်မကလို့ တသက်လုံးဝတ်လာတဲ့ ငယ်ဖြူသီလရှင်တွေ ဘုန်းတော်ကြီးတွေတောင် ဒီဝိပဿနာကို အားထုတ်ရသေးတာဘဲ။ အေးလေ ဒါကတော့ ကြီးကြီးဌေး ကြည့်ပြောပါမယ်။ ဒါကြောင့် ထင်တယ်၊ တနေ့က လှေကားရင်း တွေ့ကြတော့ “ယောဂီထဘီဝတ် ကြည့်ရတာ ပူဇာစကျနေတာဘဲတဲ့။ ဟိုစပ်စပ် ဒီစပ်စပ် အခု ဘယ်သွားအုံးမလို့လဲတဲ့” ကြီးကြီးလဲ ပထမ အားသင့်သွားတယ်၊ နောက်မှဘဲ “အသစ်ရောက်လာတဲ့ ယောဂီတွေအတွက် မြို့ထဲ လိုအပ်တာလေးတွေ ဝယ်ပေးမလို့" လို့ ဖြေလိုက်ရတယ်။ ယောဂီသစ်ဆိုတာ အမှတ်စိပ်ဖို့၊ သမာဓိရဘို့ မနဲကြိုးစားရတာကွယ့်။ အေးလေ ဒီတရားကို ဥာဏ်စဉ်နာပြီးအထိ မထိုင်ရသေးသူတွေအတွက် သဘောပေါက်ဖို ခဲယဉ်းသား။ သူ့မျက်စိထဲ ယောဂီထဘီဝတ်ပြီး လမ်းသလားနေတယ် ထင်ချင်ထင်နေမှာ။ ကဲလေ စိန် သွားနိုင်ပါပြီ။ ကြီးကြီးဌေးပြောသလိုသာ စကားပြောရင် သတိထား....”
ဒေါ်သန်းဌေး၏ ရှည်လျားသော ဆုံးမစကား ပြီးပြတ်မှပင် မြမြစိန်သည် ဖြည်းညှင်းစွာ အိမ်ပေါ်သို့ တက်ခဲ့၏။
အပိုင်း(၈)ဆက်ရန်
---------------------
0 Comments