စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
__________________
အခန်း (၁၂)
ကိုဝင်းဖေ ပြန်လာချိန်တွင် စိမ်းသည် ဇာတ်ထုပ်အသစ်တစ်ခုကို ခင်း၍နေရပြန်သည်။
စနေနေ့မနက်တွင် စိမ်းလက်ထဲသို့ ကိုဘကောင်းထံမှ စာတစ်စောင်ရလေသည်။ စာသည် ပိုင်နိုင်လွန်း၍ စိမ်း ရင်ထဲတွင် မခံချင်သလို ဒေါသဖြစ်လိုက်သေးသည်။
စိမ်းရေ/
နေ့လယ်စာ စိမ်းတို့အိမ်မှာ ကိုစားမယ်၊ ဒီမနက် ကားယူထားလိုက်တော့။ နေ့လယ် ရုံးဆင်းချိန်မှာ စိမ်းကိုယ်တိုင် ကို့ကို လာကြိုပါ။ ကိုမျှော်နေမယ်နော်။
/ဘကောင်း
စိမ်းသည် စာကို ဒေါ်ရွှေသွယ်အား ပြလိုက်၏။ ဒေါ်ရွှေသွယ်သည် စာကို ဆုံးအောင်ဖတ်လိုက်၍...
“နေ့လယ်ကျ စိမ်းသွားခေါ်လိုက်ပေါ့။ ဒီမှာ ဒေါ်ရွှေသွယ် ထမင်းလက်သုပ် လုပ်ထားလိုက်မယ်လေ ဟုတ်လား” ဟု ပြောလိုက်သည်။
စိမ်း၏ခေါင်းထဲမှာတော့ နည်းနည်းရှုပ်သွားသည်။ သူ၏ထမင်းသုပ်သည် လဲ့၏ခေါက်ဆွဲနှင့် တူသွားမှာစိုးရသည်။
“အို..ငါက ဖမ်းတာမဟုတ်ဘဲ"
သူသည် စိတ်ကို တင်းလိုက်၏။ ခါတိုင်း လာရောက်လည်ပတ်ခြင်းကို လက်ခံတွေ့ဆုံရခြင်းမှာ ဘာမှမထူးခြားပေ။ ယခုတစ်ခေါက်ကတော့ တစ်စုံတစ်ရာပဲ ထူးခြားရတော့မလို။ ရင်ထဲတွင် ဖိုလှလေသည်။ ဘယ်နေရာမှလည်း ငြိမ်ငြိမ်ထိုင်၍မရ၊ နောက်ဖေး ခန်းတွင် ဒေါ်ရွှေသွယ်သည် ချွေးတလုံးလုံးနှင့် ချက်ပြုတ်နေသည်။ သူသည် ကူညီဖို့ ဝင်သွားတိုင်း သူ့မျက်နှာထား ဣနြေ္ဒမရသည်ကိုတော့ သူက ဝန်ခံရပါမည်။ မနေ့ညနေ ကိုဘကောင်း ပြန်သွားကတည်းက သူသည် တည်ငြိမ်နေ၍ မရပေ။ ဒီလိုဖြစ်သည်ကိုက အပြောင်းအလဲတစ်ခု စိတ်မှာ ဝင်နေသည်မှာ ထင်ရှားနေပေသည်။
နောက်ဖေးကွင်းရှိ စပါးတောမှာ လေဝှေ့တိုင်း ရယ်မောသလို အသံထွက်လာလေသည်။ သူ့ကိုများ ??လေသလားဟု စိတ်ထဲမှ မလုံသလို ဖြစ်သွားမိသေးသည်။ မလုံတော့လည်း မလုံစရာပေပဲ။ မနေ့ညနေ စပါးခင်းများမှ နှုတ်ဆက်၍ ခွဲခွာကြစဉ်က ကိုဘကောင်းသည် သူ့ပခုံးကို ဖျစ်၍ နှုတ်ဆက်လိုက်သည်။
“စပါးပင်တွေသာ လူဆိုရင်တော့ ငါ့အကြောင်းကို ပြောပြီး ရယ်နေကြမှာပဲ၊ မတတ်နိုင်ဘူး ... မတတ်နိုင်ဘူး။ သူ့ဘာသာသူ ပြောင်းလဲလာတာပဲ”
စိမ်းသည် အရူးလိုရေရွတ်ကာ သူ့အိမ်ခန်းထဲတွင် လမ်းလျှောက်နေသည်။
နာရီမှာ (၁၁)နာရီပြနေ၍ ရေချိုးရပြန်သည်။ ပိုးတွန့် ခရမ်းရောင်ပြောင်တွင် အဝါသစ်သီးခိုင်လေးများ ကျဲကျဲထိုးထားသော လုံချည်ကိုထုတ်လိုက်၍ နိုင်လွန် အဖြူလက်ရှည်ကို ကြယ်သီးတပ်လိုက်သည်။ မျက်နှာကို ခြယ်ရန်အတွက် မှန်ရှေ့တွင် ထိုင်လိုက်ပြန်သည်။ တစ်ခါက ထိုမှန်ရှေ့တွင် ကိုဘကောင်းမိန်းမသည်လည်း ထိုင်ခဲ့ပေလိမ့်မည်။
သူ့မျက်နှာကို အောက်ခံအလှဆီကို လိမ်းလိုက်ရင်း ပါးနှစ်ဖက်မှာ အိ၍ဖောင်းဖောင်းလေး ဖြစ်လာသည်ကို ကြည့်နေမိ၏။ မျက်နှာကို ပေါင်ဒါရိုက်ပြီးချိန်တွင် နှုတ်ခမ်းဆိုးဖို့ သတိရလာသည်။ ဘယ်တုန်းကမှ နှုတ်ခမ်းမဆိုးဘဲ ခုမှ ဘာကြောင့် ဆိုးချင်ပါသလဲဟု သူ့စိတ်ကိုသူ ခိုးကြောင်ခိုးဝှက် မေးမိပြန်သည်။ အံဆွဲထဲမှ ကြာဟောင်းလှပြီဖြစ်သော နှုတ်ခမ်းဆိုးဆေးတောင့်ကိုယူ၍ နှုတ်ခမ်းပေါ်တို့ရင်း မျက်လုံးထဲမှ မျက်ရည်များသည် ပါးပေါ်ကို စီးကျလာကြသည်။
ဤမျက်လုံးများက ဘာဖြစ်၍များ ငိုကြွေးရပြန်ပါသနည်း။ မျက်ရည်များက မှုန်ရီနေ၍ မှန်ထဲတွင် သူ့မျက်နှာကိုမမြင်။ ကိုဝင်းဖေရုပ်မှာ ထင်ထင်ရှားရှား ပေါ်လာပြန်သည်။
ဗြုန်းခနဲ နှုတ်ခမ်းဆိုးဆေးများကို ပွတ်ပစ်ကာ ထိုင်ရာမှ ထသွားလိုက်တော့၏။ ပြီးမှ ခုတင်ပေါ်တွင် ပစ်လှဲကာ ငိုမိပြန်သည်။
“စိမ်းတော့ လျှော့မိပြီ ကိုရေ"
ပါးစပ်မှလည်း အသံထွက်အောင် ရွတ်ရင်း ရှိုက်၍ ရှိုက်၍နေသည်။
အမှန်တော့လည်း သူသည် တင်းနိုင်သမျှ တင်းရှာပါ၏။ ခုတော့ သူ့စိတ်များကို အရှုံးပေး၍ လျှော့လိုက်သည်။
“ဤအရာကား တားဆီး၍မရပါ”
ထိုစကားလုံးများသည် သူငယ်တန်းမှ ကလေးများကို သူပို့ချ၍ သင်ကြားပေးရပေမယ့် ယခုတော့ သူ့အတွက် အဆီလျော်ဆုံးသော စကားလုံးလေးများ ဖြစ်၍လာကြလေပြီ။ မော၍မှိန်းနေရာမှ မျက်လုံးသည် တစ်ချက်ချက်မြည်နေသော နာရီပေါ်သို့ ရောက်၍သွားပြန်သည်။
၁၂ နာရီထိုးခါနီးတွင် လှဲနေရမှ ထကာ မျက်နှာကို ပြင်ရပြန်၏။ အဝတ်အစားပါလဲ၍ အောက်ထပ်သို့ ဆင်းလာသည်။ ဒရိုင်ဘာကလည်း သူ့ကို အဆင်သင့်စောင့်နေသည်။ စိမ်းသည် ကားပေါ်တက်ထိုင်ရင်း ...
“ရှင့် ဆရာကို သွားကြိုရမယ် . . "
ခပ်တည်တည် လျှာအရသာခံ၍ ပြောရင်း ရင်ထဲမှ ရှက်လာ၏။ ပညာမင်းကြီးရုံးကို သူတစ်ခါမှ မရောက်ဖူးပေ။
ရုံးရောက်လျှင် ဒရိုင်ဘာက သူ့ကို လမ်းညွှန်လိုက်သည်။ ရုံးတွင် တခြားလူများ ရုံးဆင်းသွားကြ၍ တိတ်ဆိတ်နေပေတော့သည်။ စိမ်းသည် ကိုဘကောင်း ရုံးခန်းဝတွင် ရပ်ကာ ငိုင်နေမိ၏။ အထဲကို ရုတ်တရက် မဝင်ရဲသေးပေ။ ရုံးခန်းဝတွင် မင်းစေလေးကလည်း ဘယ်ကိုသွားနေမှန်း မသိပေ။ အထဲတွင် ဧည့်သည်တစ်ယောက်၏အသံကို ကြားနေရ၍ သူက ဝင်ရမှာကို ပိုရွံ့နေသည်။ ရပ်၍နားထောင်ရင်း ဧည့်သည်အသံမှာ ကိုမောင်မောင်တင်မှန်း သိလိုက်သည်။
“ခင်ဗျား ခု ရုံးဆင်းရင် ဘယ်သွားမလဲ”
“စိမ်းလာခေါ်လိမ့်မယ်”
ကိုဘကောင်းအသံသည် အောင်နိုင်သူလို ရွှင်ရွှင်ပျပျ ပေါ်လာ၏။
“တယ်ဟုတ်ပါလားဗျို့၊ ကျွန်တော်တော့ အပွဲပွဲ နွှဲခဲ့သမျှ ဒီပွဲမိနေပြီ။ လဲ့ကို လက်ထပ်ရတော့မယ်”
“ဟဲ...ဟဲ ကိုယ့်လူ လျော်တာပဲ။ လှည့်ထွက်လို့ မရတော့ဘူးလားဗျ”
“မရဘူး ... မရဘူး၊ အဘွားကြီးက ဒီစီတွေ ဘာတွေပါ ကိုင်ထားတာကိုး”
စိမ်းသည် ရှေ့ကို ခြေလှမ်းမတိုးရဲပေ။ သူတို့ပြောသော စကားလုံးများကို အံ့ဩ၍ သံသယဖြစ်လာသည်။
“ခင်ဗျားကော စိမ်းနဲ့ ဘယ်တော့လက်ထပ်မလဲ”
ကိုမောင်မောင်တင်၏မေးခွန်းမှာ စိမ်းအတွက် အရေးအကြီးဆုံးဖြစ်၏။
“ဟဲ...ဟဲ...ဟဲ...ဟဲ”
ကိုဘကောင်း၏ရယ်သံသည် ပထမဆုံး ထွက်လာပြီးမှ စကားဆက်ပြောသည်။
“ဘယ်သူ့ကို လက်ထပ်ရမှာလဲ”
“စိမ်းကိုလေ”
“ကိုယ့်လူ ရယ်စရာတွေ သိပ်မပြောပါနဲ့ဗျာ၊ ကျုပ် သူ့ကို အိမ်ပေးထားတယ်။ အလုပ်ပေးထားတယ်။ ဒါနဲ့ ကျွန်တော်က လက်ထပ်ရဦးမယ်လား”
စိမ်းမျက်လုံးများသည် နားထောင်ရင်း ပြာ၍လာသည်။ နံရံကို လက်တစ်ဖက်နှင့် ကိုင်ထားရသည်။ စကားသံများကိုတော့ ဆက်၍ကြားနေရသည်။
“ကျွန်တော့်ရာထူး ကျွန်တော့်အခြေအနေနဲ့ အပျိုတွေ ငွေထုပ်အပြည့်နဲ့ လိုက်နေကြပါတယ်ဗျာ။ ဒါတွေကြားထဲက ကျွန်တော်က သူ့လို တစ်ခုလပ်၊ အိမ်ခြေယာခြေမရှိတဲ့ မိန်းမကို ယူရမယ်၊ ဟား...ဟား”
ရယ်သံသည် နံရံကိုဖောက်ကာ စိမ်း၏နှလုံးသားကို သံပူနှင့်ထိုးလိုက်သလို စူးဝင်သွား၏။ နံရံများအားလုံး ပြိုလဲကာ မျက်စိအောက်တွင် မြေပြင်သည် ဟင်းလင်းဖြစ်သွားတော့သည်။
“အိမ်နဲ့ အလုပ် ရတဲ့အတွက် သူက ကျွန်တော့်စိတ်ပျော်အောင်တော့ တစ်ခုခု ပြန်ပေးရဦးမှာပေါ့ဗျာ”
စိမ်းသည် ချာခနဲလှည့်ကာ လှေကားရှိရာသို့ ပြေးဆင်းလာ၏။ နောက်မှ သရဲနှင့်သရဲကောင်ကြီးတွေ လိုက်လာသလို အပြေးအလွှား ပြေးလာ၏။ ကားပေါ်သို့ ပြေးတက်ရင်း
“မြန်မြန်မောင်း အင်းစိန်ကို မောင်း၊ ရှင့်ဆရာ ရုံးဆင်းသွားပြီ”ဟု ပြောလေသည်။
ဒရိုင်ဘာမှာ ဘာမှပြန်မမေးဘဲ ကားကို မောင်းထွက်လာတော့သည်။ ကားဘေးပတ်ဝန်းကျင်တွင် ဘာကိုမှ စိမ်းသည် မမြင်မိတော့ပေ။ ကားနောက်ကူရှင်တွင် မှီကာ မောနေတော့၏။ မျက်လုံးစုံမှိတ်ထားသည့်ကြားတွင် ကိုဘကောင်းမျက်နှာသည် ပေါ်၍လာသည်။
“အပျော်.. အပျော်ပေါ့”
ကိုဘကောင်း စကားလုံးနှင့်ရယ်သံမှာ သရဲကြီး ဟစ်သလို နားထဲမှဖျောက်၍မရ။ လှပသော ကိုဘကောင်းပါးစပ်မှ စကားလုံးများကား ရက်စက်ဆိုးသွမ်းလှပါတကား။
အိမ်ဝ ကားကိုဆိုက်ဆိုက်ချင်း တစ်ဟုန်ထိုး တံခါးဖွင့်ဆင်းကာ လှေကားကို ပြေးတက်သွားသည်။ အပြေးအလွှားတက်လာသော ခြေသံကြောင့် ဒေါ်ရွှေသွယ်သည် အလန့်တကြားဖြစ်ကာ မီးဖိုခန်းဝသို့ ပြေး၍လာသည်။
စိမ်းသည် ထမင်းစားခန်းရှိ ကုလားထိုင်တစ်ခုပေါ်တွင် ပစ်ထိုင်ရင်း ဒေါ်ရွှေသွယ်ကို အစွမ်းကုန် ဟစ်ခေါ်လိုက်၏။
“ဒီမှာပါ မိန်းကလေး၊ ဘယ်လိုဖြစ်လာတာလဲကွယ်”
စိမ်းသည် နတ်ပူးသလို တဆတ်ဆတ်တုန်၍ တစ်မျက်နှာလုံး ရဲနေသည်။
“ဒေါ်ရွှေသွယ်၊ နောက်ဖေးက ထမင်းသုပ်တွေ အကုန်လုံး သွန်ပစ်လိုက် သိလား....သွန်ပစ်လိုက်”
“ဘာဖြစ်လို့လဲကွယ်...”
ဒေါ်ရွှေသွယ်သည် သူ့အနား ကပ်လာသည်။
“သွန်ပစ်လိုက်ဆို ...သွန်ပစ်လိုက်ပါ"
“နှမြောစရာကွယ်၊ ဘယ့်နှယ့် သွန်ပစ်ရမှာလဲ”
“အဘွားကြီး စကားရှည်မနေနဲ့၊ ခုသွားပြီး သွန်မလား၊ မသွန်ဘူးလား ဟင်။ စိမ်းကိုယ်တိုင် သွားသွန်မယ်”
ဗြုန်းခနဲ စိမ်းသည် ကုလားထိုင်မှ ထလိုက်၍ ဒေါ်ရွှေသွယ်သည် ကမန်းကတန်း ပြေးကပ်ကာ စိမ်းကိုဆွဲလိုက်သည်။ စိမ်းသည် တစ်ခါမှ အသက်ကြီးသူတို့ကို ယခုလို ရိုင်းပျစွာ မပြောပေ။ ယခုလို ဖြစ်လာသည့်အတွက် ဒေါ်ရွှေသွယ်မှာ စိုးရိမ်လာသည်။
“ထိုင်စမ်းပါဦး ... မိန်းကလေးရယ်၊ သွန်ပစ်ဆို သွန်ပစ်မယ်။ အကျိုးအကြောင်းတော့ ဒေါ်ရွှေသွယ် သိပါရစေ။ ဒေါ်ရွှေသွယ်နဲ့မိန်းကလေးဟာ နှစ်ယောက်တည်းပါ။ စိမ်း ဘာဖြစ်လာတယ်ဆိုတာ ဒေါ်ရွှေသွယ် သိပါရစေဦး”
ကုလားထိုင်ပေါ်သို့ စိမ်းသည် ပြန်၍ထိုင်ချလိုက်၏။ မျက်စိမျက်နှာပျက်နေသော ဒေါ်ရွှေသွယ်ကို သနားသွားပြန်သည်။ အံတစ်ချက်ကြိတ်ရင်း အော်ပြန်၏။
“ဒီထမင်းတွေကို သွန်ပစ်ဖို့ပဲ ကောင်းတယ်သိလား”
“အေးပါ၊ သွန်ပါ့မယ်”
“ဟင်း..လောကကြီးမှာ အိုးတစ်လုံး၊ ဖျာတချပ် အတွက်တော့ ဘယ်ကောင်ရဲ့အပျော်မယားမှ အဖြစ်မခံနိုင်ဘူး သိလား၊ ဘယ်တော့မှ အဖြစ်မခံဘူး၊ စိမ်းတို့ သိပ်မှားခဲ့တယ် ဒေါ်ရွှေသွယ် ... သိလား”
စိမ်းသည် မျက်နှာကို လက်ဝါးနှင့်အုပ်လိုက်ကာ စားပွဲပေါ် မှောက်လိုက်၏။ သူ့ကိုယ်ကိုသူ အများကြီး အပြစ်တင်မိသည်။ အိမ်ကြီးနှင့် ခြံဝင်းကြီးတွင် နေချင်ခဲ့မိသည့် သူ့စိတ်ကို ဝန်ခံမိပါ၏။ ဤနေလိုသောဆန္ဒက သူ့အား ချုပ်နှောင် ရစ်ပတ်လိုက်သည့်ဖြစ်ခြင်း။
“စိမ်းတို့ လက်မတင်လေး လွတ်တာ၊ ခုလဲ ဒီကောင် လိုက်မလာနိုင်အောင် ကားကိုပြန်စီးလာတာ”
“ဘယ်ကောင်လဲ စိမ်း”
သူကသာ ဒေါသနှင့် ပြောနေသည်။ ဒေါ်ရွှေသွယ်ခမျာ ဘာမှမသိရသေးပေ။ ခုမှပင် သူသည် ကိုဘကောင်းနှင့် တွေ့ခဲ့ပုံများကို တစ်လုံးစီ ပြောပြတော့သည်။
“အို . . .ဘုရားမ,တာပဲ၊ ဖြစ်မှဖြစ်ရလေခြင်း၊ ဒီလိုသဘောဆိုရင်တော့ ဒေါ်ရွှေသွယ် နည်းနည်းမှ သဘောမတူပါဘူး”
“ပြေးရဦးမယ်လား”
ဒေါ်ရွှေသွယ်သည် အစဉ်ပင် ရပ်တည်ခြင်းမှာ မစွမ်းနိုင်သော သူ့ကလေးမ၏ဘဝအတွက် ရင်ထုမနာဖြစ်နေလေသည်။
“ဟုတ်တယ်၊ ရှိသမျှ မြန်မြန်သိမ်းပေတော့၊ ကျွန်မတို့ သွားစို့”
စိမ်းသည် ထိုင်ရာမှထကာ မီးဖိုဆောင်သို့ ပြေးဝင်သွားသည်။ ဒေါ်ရွှေသွယ်မှာ အမီလိုက်လာသော်လည်း သူ မရောက်ခင် ထမင်းလက်သုပ်ပွဲအတွက် ကြက်သွန်စိမ်း၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်နှင့် ထမင်းမှာ အိမ်အောက် မြေကြီးပေါ်တွင် ပြန့်ကြဲသွားတော့သည်။
ကမန်းကတန်းပင် ဒေါ်ရွှေသွယ်ခမျာ ရှိသမျှပစ္စည်းလေးများကို သိမ်းနေ၏။ အားလုံး ထုပ်ပိုးအပြီးတွင် စိမ်းသည် အောက်သို့ ပြေးဆင်းသွားသည်။ ဒရိုင်ဘာမှာ စ၍ကားရပ်ကတည်းကပင် စိမ်း ပျာယာခတ်သွားသည်ကို အံ့သြနေသည်။ စိမ်းသည် ကားနားသို့ လာရပ်၍ ...
“ရှင့်ဆရာ ရုံးမှာပဲကျန်ရစ်တယ်၊ သွားခေါ်ပေတော့။ ဒီကိုလိုက်ပို့တာလဲ ကျေးဇူးတင်ပါတယ်။ နောင်လဲ ရှင်တော့ ကျွန်မဆီ ဘယ်တော့မှ မလာရတော့ဘူး။ ကျွန်မတို့ ဒီမှာ မရှိတော့တဲ့အကြောင်းကို ရှင့်ဆရာကို ပြောလိုက်ပါ”
ခပ်ပြတ်ပြတ်ပင် ပြောကာ စိမ်းက ချာခနဲ လှည့်ထွက်သွားတော့သည်။ ဒရိုင်ဘာသည် ဘာမှန်းညာမှန်းမသိ စိမ်းတစ်ယောက် စိတ်များပင် နောက်လေသလားဟု ထင်မိသည်။ သို့သော် ကြာကြာမနေဘဲ ပညာမင်းကြီးရုံးသို့ ကားကို ပြန်၍မောင်းလာသည်။
နောက်တစ်နာရီအတွင်း ဒေါ်ရွှေသွယ်ငှား၍လာသော မြင်းလှည်းလေးနှင့် ကိုဘကောင်းအိမ်ကြီးမှ နှစ်ယောက်သား ထွက်လာကြသည်။ အိမ်ကြီး၏နောက်မှ စပါးခင်းကြီးသည် ရိုးသားသော သူတို့နှစ်ယောက်အဖြစ်ကိုကြည့်၍ တဟဲဟဲ ရယ်မောနေသလို ကျန်ရစ်ပေသည်။
မြင်းလှည်းသည် ဘူတာရုံသို့ မောင်းနေ၏၊ မြင်းလှည်းစီးရသည်ကို စိမ်းက ကျေနပ်နေသည်။ ကျွန်ဘဝတွင် ယခုလို မြင်းလှည်းစီးရခြင်းသည် ယောက်ျားတစ်ယောက်၏ အပျော်မယားဘဝနှင့် ပစ်ကပ်ကားကြီးစီးရသည်ထက် ချမ်းငြိမ်း၍ ဣနြေ္ဒရသည်ဟု ထင်မိသည်။
ဒေါ်ရွှေသွယ်ကမူ ရေစီးကြောင်းတစ်လျှောက် မျောပါလာသော သစ်ရွက်လို ဘယ်သောင် ဘယ်ကမ်းတွင် တင်ကြမည်ကို မမေးရဲတော့ပေ။
ဆက်ရန်
-------------------------------
0 Comments