စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
___________________
အခန်း(၁၁)
ဆောင်းဦးပေါက်တွင် ယာတောရှိ အမေတို့အိမ်သားအားလုံးသည် စိမ်းကို ပိုမို၍သတိရနေကြပေသည်။ အာလူးများ ကောက်သိမ်းချိန်က ဦးခွန်နောင်လာရောက်ကူညီ ?? ကိုလည်း သူတို့သည် မီးပုံဘေးတွင် စိမ်းအကြောင်းကို အမေ့အား ပြောပြနေကြသည်။
ယာခင်းတစ်ခုလုံး စိမ်းအကြောင်းကို သတိတရ ပြောနေပေမယ့် ကိုဝဏ္ဏကမူ ဘာမျှမပြောပေ။ တခြားလူများ ပြောသည်ကိုသာ ဆေးတံခဲ၍ ငြိမ်ငြိမ်သက်သက် နားထောင်နေပေသည်။ ပြန်လာတော့မည်မဟုတ်တော့ဘဲ တစ်ခါပြန်၍ သူ့အကြောင်းပြောလျှင် ဆွေးစရာဖြစ်လာမည်။ ပြန်လည်၍ တွေ့ဆုံဖို့ကတော့ မျှော်လင့်စရာမရှိတော့ပေ။ သူနှင့်စိမ်းတို့ ခွဲခွာခြင်းသည် အမုန်းနှင့်ခွဲခွာရခြင်း ဖြစ်သည်ကိုတော့ ဘယ်သူ့ကိုမှ မပြောပြပေ။
အိမ်တွင် အမေသည် ယခင်ကလောက် အလုပ်မလုပ်နိုင်တော့ပေ။ အိုမင်းလာပြီဖြစ်၍ ရင်တွင်းက အပူဓာတ်ကလည်း နည်းပါးလာသည်။ အမေ့အိမ်ရာဘေးတွင် မီးလင်းဖို ဖိုပေးကာ အမေသည် ဂွမ်းစောင်များနှင့် ထွေးထွေးလေး ခွေနေတတ်ပေသည်။
အိမ်အလုပ်များကို မခမ်းလုံလုပ်သော်လည် စိမ်းရှိတုန်းကလို တစ်အိမ်သားလုံး ချိုးဖို့ ရေနွေးအများကြီး မကျိုနိုင်ပေ။ တိုးကြီးက ထင်းများများ စုပေးလျှင်တော့ သူသည် ကြိုးစား၍ ကျိုပေးနိုင်ပေသည်။
ယခု ဆောင်းပေါက်တွင် တိုးကြီးအလုပ်ကလည်း ပို၍များလာပေသည်။ ကိုဝဏ္ဏက သူ့ကို ယာခင်းတွင်လည်း ခေါ်ယူခိုင်းလိုက်သေးသည်။ အိမ်ကိစ္စကြောင့် မခမ်းလုံ မအားချိန်တွင် ကြက်ခြံကိုလည်း သူ့မှာကြည့်ရသေးသည်။ သို့သော် တိုးကြီးသည် အလုပ်ကို နှစ်သက်ပုံရ၍ ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်လုပ်ရင်း သီချင်းဆိုတတ်သည်။ သူ့ခန္ဓာကိုယ်ကလည်း အရွယ်နှင့်မလိုက်အောင် ထွားကျိုင်းလာသည်။ ကိုဝဏ္ဏအသက်လောက်ရောက်လျှင် အရပ်ပါ ပိုပြီး ထွားကျိုင်းလာမည့်ဟန် ပေါက်နေလေ၏။
အတူးတစ်ယောက်ကမူ 'အစ်မ'သို့မဟုတ် 'ဆရာမ' သင်ခဲ့သော စာများဟုပြောကာ တစ်နေ့တစ်နေ့ စာကိုပဲ ဖတ်သည်။ သူတတ်သလောက် ကြိုးစား၍ ဖတ်နေပေသည်။ ယခုအချိန်တွင် စာကို ကောင်းကောင်း မရေးတတ်သေးပေမယ့် သွက်သွက်လက်လက် ဖတ်နိုင်၍လာသည်။ ပို၍အေးသောညများတွင် အမေ့ဂွမ်းစောင်ထဲ၌ ပု၍ကွေးရင်း “အစ်မသာရှိရင် အစ်မက ကျွန်တော့်အိပ်ရာဘေးမှာ မီးလင်းဖို လုပ်ပေးမှာ သိလား”ဟု ပြောတတ်ပေသည်။ တိုးကြီး အတူးအရွယ်လောက်ကမူ အနည်းဆုံး ကြက်ဥဖြစ်ဖြစ် ကောက်ပေးသည်။ အတူးကတော့ ယာခင်းအလုပ်များကို ဘာမှမလုပ်ပေ။ အိမ်ထဲတွင်တော့ မခမ်းလုံကို နည်းနည်းပါးပါး ကူညီသည်။ သို့သော် အိမ်သားထဲတွင် အငယ်ဆုံးမို့ သူ့ကို ခွင့်လွှတ်ကြလေသည်။
ရေစုပ်စက် ဝယ်နိုင်လောက်အောင် ငွေစုမိလျှင် တောင်ခါးပန်းများကိုထစ်၍ ယာလုပ်မည်ဟု ကိုဝဏ္ဏပြောနေသည်။ ရေစုပ်စက် ဝယ်ဖြစ်သည် မဝယ်ဖြစ်သည်တော့ မသိပေ။ အလုပ်နားချိန်တွင် တိုးကြီးသည် လုပ်သားတချို့နှင့်
တောင်ခါးပန်းချုံများ၊ သစ်ပင်များကို ရှင်းလင်းခုတ်ထွင်ရလေသည်။
ယခု ဆောင်းဦးတွင်လည်း တောင်တန်းကြီးပေါ်တွင် နှင်းငွေ့များ ဖွေးဖွေးဖြူ၍ ပိတ်နေကြသည်။ ကိုဝဏ္ဏ စိတ်ထဲမှာမူ တောင်ထွတ်သည် ပိုမိုအိုမင်းလာ၍ ပိုမိုဖြူလာသည် ထင်သည်။ ချောင်းလေး၏ စီးသံမှာမူ ယာတောတစ်ခုလုံးတွင် မပြောင်းလဲသော တေးသံဖြစ်၍ နေပေသည်။
ယနေ့ မိုင်းငေါမှ တိုးကြီးပြန်ချိန်တွင် ယာတောလမ်းခွဲတွင် သူ့လှည်းကို ရပ်ထားသည်။ လမ်းခွဲနှင့် မနီးမဝေးတွင် ဂျစ်ကားတစ်စီးနှင့် လူတစ်စုကို သူတွေ့ရလေသည်။ ကားထဲမှ လူတစ်ယောက်ထွက်လာကာ သူ့အနားသို့ လျှောက်လာသည်။ ဟန်ပန်မှာ မြို့ဟန်ပါနေ၍ တိုးကြီးသည် မိတ်ဆွေလုပ်ကာ စကားသိပ်ပြောချင်သည်။
“ဒီမှာ သူငယ်၊ ဒီယာတောမှာ သောက်ရေ ရနိုင်သလား၊ ရေဘူးက ရှေ့ကားမှာပါသွားလို့”
“ရပါတယ်။ အားလုံးပဲ ကျွန်တော်တို့အိမ်ကို လိုက်ခဲ့ပါလား”
ထိုလူက လှည့်ခေါ်၍ ဂျစ်ကားပေါ် ကားမောင်းသူတစ်ယောက်မှတစ်ပါး အားလုံးလိုက်လာသည်။ သူသည် လှည်းကို ဆက်မမောင်းချင်ဘဲ ဆင်း၍လျှောက်ချင်၏။ လူများကလည်း လှည်းပေါ်မတက်ချင်ပေ။ ပထမဆုံးတွေ့သည့်လူမှလွဲ၍ ကျန်လူများမှာ အရင်တွေ့သော ဦးခွန်နောင်တဲတွင် ကျန်ရစ်ကြ၏။ ပထမလူမှာ တိုးကြီးနှင့် လိုက်လာသည်။ တိုးကြီးသည် လှည်းပေါ်မှ လှမ်း၍လှမ်း၌ စကားပြောလာသည်။ သူ့လှည်းကို ဖြည်းဖြည်းလေး မောင်းလာသည်။
“ခင်ဗျား အိမ်အထိ လိုက်လာတာတော့ အားနာပါတယ်ဗျာ။ ဒါပေမယ့် အမေကတော့ ခင်ဗျားကို တွေ့ရင် ဝမ်းသာမယ်။ ကျွန်တော်တို့အိမ်သားအားလုံး မြို့ကလူတွေကို မျှော်နေတယ်”
အောက်ကလူသည် တိုးကြီး၏စကားရည်မွန်ပုံကို အံ့သြနေသည်။ တိုးကြီး၏ ပါးနှစ်ဖက်ကလည်း လူပျိုပေါက်ဖြစ်လာချိန်တွင် ကလေးတုန်းကလို ဖောင်းဖောင်းကြီးရှိနေသေးသည်။
“ကျွန်တော် အရင်တစ်ခါ ဒီရောက်လာတုန်းက လမ်းခွဲကကြည့်ရင် ဟိုကုန်းမြင့်က အိမ်လေးကို မတွေ့ရဘူး”
“အဲ...အဲဒီကုန်းမြင့်က အိမ်လေးက ကျွန်တော့်တို့အိမ်ပေါ့ဗျာ။ ရေစုပ်စက် ရေသွင်းစက်တွေဟာ ကျွန်တော်တို့ယာတောမှာ အစေ့အင ဝယ်နိုင်ရင် အားလုံး ဒီလိုအိမ်မျိုး ဖြစ်တာပေါ့ဗျာ။ အိပ်မက်လေဗျ။ အိပ်မက် မက်ရတာ။ တကယ်တော့ ရေစက်နား ဘယ်သူမှ မကပ်နိုင်သေးဘူး”
တိုးကြီး၏စကားလုံးများ သစ်ဆန်းနေပုံကို ဧည့်သည်လူသည် ပို၍အံ့ဩလာဟန်ရှိသည်။ အိမ်ဝအရောက်တွင် တိုးကြီးသည် လှည်းကိုမဖြုတ်သေးဘဲ ထားခဲ့ကာ ဧည့်သည်ကို အိမ်ဝင်းထဲသို့ ခေါ်လာခဲ့၏။
“အစ်ကိုက အလွန်စေတနာပိုတဲ့လူဗျ။ တကယ်ဆို ဒီအိမ်မဆောက်ဘဲ ရေစက်ဝယ်လိုက်ရင် ယာခင်းတွေ အများကြီးချဲ့နိုင်တယ်။ တစ်ခုတော့ ရှိတာပေါ့လေ၊ ဆောင်းတွင်းမှာ အုတ်အိမ်နဲ့ဆိုတော့ ပိုနွေးတာပေါ့”
အမေသည် တိုးကြီးနှင့်ဧည့်သည်ကို အိမ်ဝမှ ဆီးကြိုနေသည်။
“အမေ လမ်းသွားရင်း ခဏဝင်တဲ့ဧည့်သည်၊ ရေသောက်ချင်သတဲ့”
သူတို့ကို နေရာပေး၍ အမေသည် အတွင်းခန်းသို့ ဝင်သွားလေသည်။ မကြာခင်ပင် မခမ်းလုံသည် ရေအေးရော ရေနွေးကြမ်းပါ နှစ်ခုလုံး သူတို့ရှေ့တွင် လာ၍ချသည်။ ကန်စွန်းဥပြုတ်တစ်ပန်းကန်ကိုလည်း အမေက ယူလာသည်။
“ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်လဲ ရန်ကုန်ကို ပြန်ရခါနီးလို့ လာလည်တာ”
ဧည့်သည်သည် ရေသောက်ပြီး အမေ့ကို ကိုယ် ညွှတ်၍ ပြောလိုက်၏။
“ခင်ဗျား ရန်ကုန်ကို ပြန်မယ်လား၊ ရန်ကုန်ဟာ ဘယ်လိုမြို့လဲ မသိဘူးနော်။ အစ်မ ရန်ကုန်ပြန်သွားကတည်းက အမေဖြင့် ဧည့်သည်ပဲမျှော်နေတယ်။ အမှန်တော့ ဒီအိမ်လဲ အစ်မကြောင့် ဆောက်ဖြစ်တာပါ”
ဧည့်သည်သည် အစ်မဆိုသည်မှာ တိုးကြီးပြော၍သာ ကြားရသည်။ ဘယ်သူမှန်း မသိပေ။
“ကျွန်တော် အရင်တစ်ခေါက် လာတုန်းကတော့ ဒီယာတောကို စေ့စေ့ငင မကြည့်မိဘူး။ ကားပေါ်ကပဲ ကြည့်သွားရတယ်။ အဲဒီတုန်းက ကျွန်တော် ဟိုဘက်လမ်းကွေ့မှာ ဓားပြတိုက်ခံရတာပေါ့”
“ဟင်”
အမေသည် ဧည့်သည်စကားကို ပိုမိုစိတ်ဝင်စားလာကာ ရှေ့သို့ တိုး၍ နားထောင်မိ၏။
“ကျွန်တော်နဲ့ ကျွန်တော့်အဖော်နှစ်ယောက်ရယ်ကို ဓားပြတွေ ဖမ်းသွားတယ်။ ကျွန်တော့်မိန်းမကိုတော့ ဓားပြပဲဖမ်းသွားလား၊ ဘယ်ကျန်ရစ်တယ်လို့ ကျွန်တော်လဲ မသိဘူး။ မျက်စိပိတ်ထားရုံတင်မဟုတ်ဘူး။ သတိမေ့အောင်လဲ လုပ်ကြသေးတော့ သတိရမှပဲ ကိုယ့်မိန်းမကိုယ် ကြည့်ရတော့တယ်။ ဒီတော့ အဖော်ကလေးမကော ကျွန်တော့်မိန်းမကိုရော မတွေ့ရတော့ဘူး။ အတော်ကြာကြာပဲ ရှမ်းဆရာကြီး တစ်ယောက်အိမ်မှာ မမာနေတာ။ ကျွန်တော် မြို့ပြန်ရောက်လို့ ကြော်ငြာတော့လဲ သတင်းမရဘူး။ မြို့ရောက်ရောက်ချင်း အပြင်းအထန်ဖျားတာ ခြောက်လလောက်ကို ကြာသေးတယ်။ ဒီနေရာရောက်တော့ ကျွန်တော့်စိတ်ထဲမှာ အားလုံးကို ပြန်ပြီးသတိရတယ်”
တိုးကြီးသည် ပါးစပ်ဟခါ ငေးနေသည်။ အမေက ခေါင်းတညိတ်ညိတ်လုပ်ရင်း ...
“အဲဒီမိန်းကလေးရဲ့ နာမည်က စိမ်း မဟုတ်လား”
“ဟင်...ဟုတ်တယ်၊ စိမ်းလေ... စိမ်း၊ ဟုတ်တယ်၊ အဘွား သူ့ကိုတွေ့လို့လား”
ဧည့်သည်သည် အလန့်တကြားလို အော်၍မေးလိုက်၏။
“ကျွန်တော် စိမ်းယောက်ျား၊ မောင်ဝင်းဖေပါ”
“ဟင် ခင်ဗျားက အစ်မရဲ့ယောက်ျားကိုး၊ ခဏနေပါဦးဗျာ။ အစ်ကိုကလဲ တွေ့ချင်မှာပဲ။ ဦးခမ်းလွန်းတဲမှာ သွားခေါ်လိုက်ဦးမယ်။ မိုင်းငေါကို သိပ်မဝေးတော့ပါဘူး။ ခဏလေးစောင့်ပါဦး”
တိုးကြီးသည် ပြောပြောဆိုဆိုနှင့် အိမ်အပြင်သို့ ထွက်၍ ပြေးတော့သည်။ မခမ်းလုံနှင့်အတူးပါ အမေ့အနားတွင် လာ၍ထိုင်ကြသည်။
“မိန်းကလေးက မောင်ရင်ဆုံးတယ်လို့ သတင်းစာထဲဖတ်ရတာနဲ့ စိတ်ပျက်ပြီး ရန်ကုန်မပြန်တော့ဘူး”
“ဟုတ်တယ်၊ ပုလိပ်တွေလဲ သတင်းစာထဲ ကျွန်တော့်တပည့်သေတာကို ကျွန်တော်ထင်ပြီး ထည့်လိုက်တယ်။ အလောင်းတွေ့တော့ ပုပ်ပွနေပြီပဲ။ လက်ဆွဲသားရေအိတ်ကသာ ကျွန်တော့်အိတ်၊ ကျွန်တော့်နာမည်နဲ့ဓာတ်ပုံပါနေတာကိုး။ ခု သူ ဒီမှာပေါ့ ဟုတ်လား။ ကျွန်တော့်ကြော်ငြာကို မဖတ်ရဘူးထင်တယ်”
“သူ ဒီမှာ မရှိတော့ဘူးကွယ့်၊ ရန်ကုန်ကို ပြန်သွားပြီ”
“ဟင်”
ကိုဝင်းဖေသည် စိတ်ပျက်သွားသော်လည်း ရန်ကုန်မှာ ရှာတွေ့နိုင်မည်ကို တွေး၍ဝမ်းသာသွားသည်။ မခမ်းလုံနှင့်အတူးသည် သတင်းစာအကြောင်းကို ဘာမှဝင်၍မပြောကြပေ။ ရင်ထဲမှာတော့ တဒိတ်ဒိတ် ခုန်နေပေသည်။
မကြာခင်ပင် ကိုဝဏ္ဏနှင့်တိုးကြီးသည် အိမ်ထဲသို့ အပြေးအလွှား ဝင်လာ၏။
“အစ်ကို အဲဒါ အစ်မရဲ့ယောက်ျား ကိုဝင်းဖေဆိုတာ”
ကိုဝင်းဖေသည် ကိုဝဏ္ဏကို ထ၍ နှုတ်ဆက်၏။ စိမ်းကို မမြင်ရသော်လည်း စိမ်းယောက်ျားကို တွေ့ရသည့်အတွက် ရင်ထဲတွင် နည်းနည်းအေး၍သွားသည်။ စိမ်း လာရောက်နေသွားပုံကို အမေနှင့်ကိုဝဏ္ဏသည် တစ်လှည့်စီ ပြောပြ၍ အားလုံးလိုလိုလောက် ကိုဝင်းဖေ သိသွားတော့သည်။ ကိုဝဏ္ဏသည် ကိုဝင်းဖေကို စေ့စေ့ကြည့်၏။ ကိုဝဏ္ဏလို မထွားကျိုင်းပေမယ့် ဖြူ၍ မင်းဟန်ပါသူဖြစ်သည်။ နှာတံစင်းပုံမှာ စိမ်းနှင့်ဆင်ဆင်တူ၍ မျက်လုံးကတော့ စိမ်းလောက်မလှပေ။
“နောက်ဆုံး စိမ်းပြန်တာကတော့ ခင်ဗျားရဲ့ကြော်ငြာကိုတွေ့လို့ပဲ။ ကြော်ငြာတွေ့တော့ အချိန်တွေ သိပ်နောက်ကျနေပြီ။ ဖြစ်ပုံက ဒီလိုဗျ”
ကြော်ငြာအကြောင်းကို ပြန်လည်ပြောပြချိန်တွင် တိုးကြီးသည် အသက်မှန်မှန်မရှူနိုင်ပေ။ ကိုဝဏ္ဏပြောပြသည့်အထဲတွင် ကလေးများဝှက်ထားသည်ကိုပဲ ဖော်၍ပြသည်။ စိမ်း သူ့ကို အထင်လွဲမှားသွားသည်ကိုတော့ ချန်ရစ်ခဲ့၏။ ကိုဝင်းဖေသည် နားထောင်ရာမှ သက်ပြင်းချ၍ ...
“အင်း..ဝတ္ထုထက်တောင် ဆန်းနေသဗျာ။ ကဲ ဒီလိုလုပ်လေ၊ စိမ်းကို ပြုစုကြတာတွေ ကျွန်တော် အားလုံး ကျေးဇူးတင်ပါတယ်။ လိုက်လည်ချင်လဲ လည်ကြပါ။ ကျွန်တော် မိုင်းငေါကအပြန် ဒီဝင်ခဲ့မယ်"
ကိုဝဏ္ဏ ခေါင်းကို ဖြည်းဖြည်းခါလိုက်၏။
“ဂျုံခင်းကိစ္စတွေ မအားသေးတော့ ကျွန်တော်တို့ မလိုက်နိုင်သေးဘူး။ ညနေကျရင် စိမ်းဆီကို စာတွေရေးထားမယ်လေ။ ခင်ဗျား မိုင်းငေါက ဆင်းတော့ ဝင်ယူပေါ့"
“ကျွန်တော်လဲ ရေးမယ်”
တိုးကြီးက ဝင်ပြောသည်။
“ခင်ဗျားတို့နှစ်ယောက် မတွေ့ရသေးဘူးဆိုတာပဲ စိတ်မကောင်းဘူးဗျာ”
ကိုဝဏ္ဏသည် ခပ်လေးလေးပြောလိုက်၏။ ကိုဝင်းဖေမှာ အချိန်ကြာကြာ မနေနိုင်၍ နှုတ်ဆက်ကာ ပြန်ရတော့သည်။ ကိုဝဏ္ဏရော တိုးကြီးပါ လမ်းခွဲအထိ လိုက်၍ပို့လိုက်ကြသည်။
ကိုဝင်းဖေက သူ့မိန်းမ ခင်ခင်သန်းအကြောင်းကို တစ်စုံတစ်ရာ ထည့်သွင်းပြောပြမသွား၍ ကိုဝဏ္ဏသည် ဘာမှ မသိလိုက်ပေ။ ရန်ကုန်ကို ပြန်သွားချိန်တွင် စိမ်းနှင့်ပျော်ရွှင်စွာ တွေ့ဆုံကြရလျှင် စိမ်းတစ်ယောက် စိတ်ချမ်းသာရတော့မည်ဟုသာ တွေး၍ဝမ်းသာလိုက်မိသည်။
ဝမ်းသာသည်ဆိုပေမယ့် စိမ်းအကြောင်းသည် အိမ်တွင် ပြန်လည်ဆန်းသစ်လာပြန်သောကြောင့် အောက်မေ့ တသရပြန်သည်။ နယ်ပိုင်လိုလူတစ်ယောက်နှင့် ယာသမားကတော့ ဘယ်လိုမှ နှိုင်းယှဉ်၍ရမည်မဟုတ်။ သူ့မှာတော့ စေတနာကိုသာ မြတ်နိုးစွာပေးနိုင်မည်။ ဆင်ယင်ဖို့တန်ဆာနှင့်ပတ်သက်၍လည်း ယာတောပတ်လည်တွင် ပွင့်ကြသော ပန်းရိုင်းများနှင့် ပန်းဘုရင် သန့်စင်တို့ကိုသာ ခူးဆွတ်၍ပေးနိုင်မည်။
ကျွေးမွေးဖို့ကိုတော့ သူ့လက်နှစ်ဖက် ခြေနှစ်ချောင်း ရှိနေသရွေ့ ဤယာတောတွင် စွမ်းအားရှိသမျှ လုပ်ကိုင်ကျွေးမွေးနိုင်ပါမည်။ ဂီတရယ်လို့လည်း မြို့လိုတော့ မရှိပါပေ။ သူ့လိုပင် စမ်းရေနှင့်ချောင်းငယ်စီးသံကို နားထောင်နိုင်လျှင်တော့ ယာတော၏တေးကို နားထောင်နိုင်ပေလိမ့်မည်။ ဆောင်းသို့ရောက်လျှင် နှင်း၏အဖြူ ပန်းချယ်ရီ၏ပန်းရောင်ဖြင့် မြေပြင်သည် ပန်းမွေ့ရာဖြစ်လာတော့မည်။ နေခြည်ဖြာလာလျှင်တော့ ငွေပန်းများ အစွမ်းကုန်ပွင့်သလို တလက်လက် တောက်ပလာတော့မည်။
“စိမ်းရေ...ဒါပဲ ကျုပ်မှာတော့ ပေးနိုင်တယ်”
သူက ပြန်လည်၍ တွေ့နိုင်သေးသလို ပါးစပ်က ရေရွတ်လိုက်ပြန်သည်။
ညရောက်လျှင် စိမ်းထံကို စာရေးကြည့်၏။ ဒါလောက်စိမ်းသည့် မစိမ်းပင်ကို စာရေးရမှာ ရင်ထဲမှ နာနေသလို ဖြစ်နေသည်။ သို့သော် သူသည် ညဉ့်နက်သည့်တိုင် စာရေးဆရာလို စာအရှည်ကြီးရေး၏။ ပြီးတော့ ခဏခဏ ဆုတ်ပစ်ပြန်သည်။ စာများသည် ရည်းစားစာလည်း မဖြစ်စေရ။ သို့သော် သူ၏တမ်းတ လွမ်းဆွတ်ခြင်းလည်း ပါရမည်။ ကြော်ငြာနှင့်ပတ်သက်၍ ရှင်းလင်းချက်လည်း ပါရပေမည်။ နောက်နေ့မနက်တွင် သူ့စာမှာ ပြီးဆုံး၍သွားသည်။
တိုးကြီးစာမှာမူ အားလုံး စုံနေသည်။ အတူးနှင့် မခမ်းလုံကလည်း သူတို့ပါစေချင်သော အကြောင်းများကို ပြောပြကြသည်။ စာဆုံးသွားလျှင် မခမ်းလုံက သူသိမ်းဆည်းထားသော ချယ်ရီပန်းခြောက်လေးများကို အစ်မအတွက် သတိရလက်ဆောင်အဖြစ် စာအိတ်တစ်ခုထဲတွင် ထည့်လိုက်သည်။ မလှပသော သူ့လက်ရေးဖြင့် စာအိတ်ပေါ်မှာ “အစ်မအတွက် မခမ်းလုံလက်ဆောင်”ဟူ၍ ရေးလိုက်သည်။
ကိုဝင်းဖေပြန်လာသောနေ့တွင် အမေသည် လက်ဆောင်အဖြစ် အာလူးအိတ်အသေးတစ်ခု ပေးလိုက်လေသည်။ ကိုဝဏ္ဏနှင့်တိုးကြီးက စာများကိုပေးကာ လမ်းခွဲအထိ လိုက်၍ပို့ကြသည်။ ဤလမ်းခွဲသို့ ပို့လိုက် ပြန်လိုက်လုပ်နေရသည်မှာ ထုံးစံကြီးလို ဖြစ်နေသည်။
“ကျွန်တော်တို့ယာတောကို အစ်မနဲ့အတူတူ လာပြီး လည်ပါဦး”
ကားထွက်ခါနီးတွင် တိုးကြီးသည် ဟစ်၍မှာလိုက်သည်။ ပြီးတော့ သူ့မျက်လုံးများမှာ မျက်ရည်များဝိုင်း၍ ကျန်ရစ်ပြန်သည်။
ဆက်ရန်
---------------------------
0 Comments