#စိမ်းသင့်မှစိမ်း
အခန်း (၁၃)
(ဇာတ်သိမ်းပိုင်း)
ဒေစီ သံဆွဲတံခါးဝတွင် ရပ်ရင်း အံ့သြ၍နေလေသည်။ သူ့အိမ်ရှေ့တွင် မြင်းလှည်းတစ်စီးလာ၍ ရပ်နေသည်။ သားကို ညတိုင်းပြောပြရသည့် ပုံပြင်ထဲက နတ်သမီးလေးကို သွား၍သတိရသည်။ နတ်သမီးလေးသည် ဗြုန်းဆို ပေါ်လာလိုက်၊ ဗြုန်းဆိုပျောက်သွားလိုက်နှင့် နားထောင်သူ သားလေးအဖို့ အံ့သြထူးဆန်းဖွယ် ဖြစ်နေသည်။
ယခုလည်း စိမ်းသည် ယခင်တစ်ခါ ပျောက်သွားရာမှ ယခု ဗြုန်းခနဲ ပေါ်လာပြန်သည့်အတွက် သူ့မှာ အံ့သြစရာဖြစ်လာပြန်သည်။ ယခုတစ်ခါ ပြန်လာရခြင်းမှာ အရင်ကလောက် ကသီကရီမရှိပေ။ သေတ္တာနှစ်လုံး၊ အိပ်ရာလိပ်ကြီးကြီးတစ်ခုနှင့် တခြား တောက်တိုမယ်ရ ပစ္စည်းလေးတွေ စုဆောင်းထည့်ထားသောခြင်းတစ်လုံးပါ ပါလာ၍ မိန်းမတစ်ယောက်နှင့် အတော်တူလာသည်။ စိမ်းနောက်တွင် ဒေါ်ရွှေသွယ်ပါလာ၍ ဒေစီပင် တအား တက်သွားသည်။
“ဒီလိုမှပေါ့၊ မိန်းမဆိုတာ အဖော်တစ်ယောက်တော့ ရှိသင့်တယ်” ဟုပြောကာ စိမ်းကို ဆီး၍ကြို၏။ စိမ်း၏မျက်လုံးများသည် ပြောချင်သည့်အရာများ များစွာရှိသော်လည်း ပါးစပ်မှ တစ်စုံတစ်ရာ မပြောလိုသလို ခပ်စေ့စေ့ ဖြစ်နေလေသည်။
ကုလားထိုင်များပေါ်သို့ ထိုင်ရင်း မျက်နှာသည် ငြိမ်ငြိမ်သက်သက်နှင့် ဣနြေ္ဒရလွန်း၍ ဒေါ်ရွှေသွယ်ပင် အံ့ဩ၍နေလေသည်။
“စိမ်း ဒီမှာ သုံးလေးရက်တော့ နေရဦးမယ် ဒေစီ""
“နေနိုင်ပါတယ်၊ ဒီတစ်ခါတော့ သုံးလလောက် နေသွားနိုင်ပါတယ် စိမ်းရယ်၊ ပြီးတော့ မင်းဝမ်းသာဖို့လဲ တစ်ခု ပြောရဦးမယ်။ မနက်ဘက်က ကိုဝင်းဖေ ဒီကိုလာတယ်”
“ဟေ”
ဒေါ်ရွှေသွယ်သည် သူ့ထုံးစံအတိုင်း ဝမ်းသာအားရ အော်လိုက်ပြန်သည်။
“လာတော့ ....”
စိမ်းအဖို့တော့ ဘာမှမထူးခြားသလို ခပ်အေးအေး ဆက်မေးလိုက်သည်။
“သူ ရှမ်းပြည်နယ်က ပြောင်းလာရတယ်၊ တစ်ရက် နှစ်ရက်အတွင်းတော့ အလုပ်များနေသေးတယ်တဲ့။ မင်းအကြောင်းလဲ မေးလိုက်တာ စုံနေတာပဲ။ နက်ဖြန်မနက်ဖြစ်ဖြစ် သန်ဘက်ခါမနက်ဖြစ်ဖြစ် သူလာလိမ့်မယ်။ ဒေစီနဲ့အတူ မင်းကိုလိုက်ရှာဖို့ တိုင်ပင်ထားတယ်။ တကယ်ဆို စိမ်းပြောင်းသွားတဲ့ နေရာကိုတော့ ပြောသွားဖို့သင့်ပါတယ်”
စိမ်းသည် ငိုင်၍နေပြန်သည်။
“ပြီးတော့ မင်းအတွက် စာနှစ်စောင်လဲ ဒေစီကို ပေးခဲ့တယ်”
“စိမ်း ဒေစီ့ဆီကို လာမယ်ဆိုတာ သိနေနှင့်လို့လား"
“မဟုတ်ဘူး၊ သူအလုပ်ရှုပ်နေတုန်း ဒေစီနဲ့မင်းနဲ့ တွေ့ခဲ့ရင် ပေးဖို့တဲ့ဆိုပြီး ထားခဲ့တာပဲ၊ ဒေစီကလဲ စိမ်း အင်းစိန်မှာရှိနေတယ်ဆိုတာ သတင်းရလို့ နက်ဖြန်တနင်္ဂနွေနေ့မှာ လာရှာမလို့ဘဲ”
ငြိမ်မြဲပင် စိမ်းသည် ငြိမ်ငြိမ်လေး ထိုင်နေ၏။ ကိုဝင်းဖေနှင့် အတွေ့ခံလိုက်ရလျှင် ကောင်းမည်လား။ တွေ့ရရင်တော့ ရင်ထဲတွင် လပေါင်းများစွာ မျိုသိပ်ရသမျှကတော့ ပေါက်ကွဲထွက်မည်မလွဲပေ။ ကိုဝင်းဖေရင်ခွင်မှ လွင့်စဉ်ထွက်ခွာသွားရကတည်းက ခင်းခဲ့ရသည့်ဇာတ်ပေါင်းကို ပြောပြလိုက်ချင်ပါရဲ့။
“ရော့ ဒီစာတွေက ကိုဝင်းဖေ ပေးခဲ့တာ”
စိမ်းသည် ငြိမ်သက်နေရာမှ လှုပ်ရှားလိုက်၍ စာနှစ်စောင်ကို ယူကြည့်လိုက်သည်။ ပထမဆုံး မျှော်လင့်ချက်သည် သူ့ရင်ခွင်တွင် လွင့်စဉ်ကင်းကွာ၍ သွေးဆုတ်သလို မျက်နှာမှာ ဖြူရော်ရော်ဖြစ်သွားတော့သည်။ စိတ်ထဲမှာတော့ နှစ်စောင်ထဲမှ ကစ်ခုခုသည် ကိုဝင်းဖေက ပေးထားသောစာ ဖြစ်မည်ဟု တွက်ထားမိ၏။ ကာလရှည်လျားစွာ ကွေကွင်းခဲ့ရသော ချစ်လင်နှလုံးသားမှ စာများကို ဖတ်လိုသော်လည်း စာနှစ်စောင်မှာ ကိုဝင်းဖေထံမှ မဟုတ်ပေ။
စာလုံးကြီးကြီးနှင့် လက်ရေးမလှသော စာအိတ်ကို အရင်ဖောက်၍ ဖတ်လိုက်၏။ စာလေးမှာ တိုးကြီး၏စာဖြစ်လေသည်။ စာမှာ မရှည်လှသော်လည်း စိမ်းသည် ဆုံးအောင်ဖတ်၍ မ၀နိုင်ပေ။
“အတူးကလဲ မီးဖိုပုံနားမှာ ထိုင်တိုင်း အစ်မအကြောင်းကို ပြောနေတယ်၊ မခမ်းလုံကလဲ အစ်မလုပ်သလိုပဲ အိမ်အလုပ်တွေ လုပ်နေရတယ်တဲ့ အစ်မကို ပြောပြပါတဲ့”
တိုးကြီးသည် စာစီစာကုံး မကောင်းလှပေ။
“ရှေ့နှစ် မိုးကျရင် ကျွန်တော် အစ်ကိုနဲ့အတူ ယာခင်းမှာ အလုပ်လုပ်နိုင်တော့မယ်။ အခုစာနဲ့အတူ မခမ်းလုံက အစ်မဖို့ ချယ်ရီပန်းအခြောက်လေးတွေ ပေးလိုက်ပါတယ်။ အမေနဲ့ ကျွန်တော်တို့အားလုံး အစ်မကို မျှော်နေတယ်”
တိုးကြီးသည် စာအောက်ဆုံးတွင် သူ့လက်မှတ်ကို ဖရိုဖရဲ ထိုးထား၏။ သူ့စာမှာ ကျနလှပသောအရေးအသား မဟုတ်ပေမယ့် စိမ်းရင်ထဲမှာ နင့်လာသည်။
နောက်တစ်အိတ်ကို ဖောက်လိုက်သောအခါ ကိုဝဏ္ဏ၏ဟန်ပါသောလက်ရေးနှင့် စာများကို တသီကြီး ဖတ်ရတော့သည်။
ဖတ်ရင်း ဖတ်ရင်း မျက်လုံးက ဝေ၍လာသည်။ သတင်းစာဖြတ်ပိုင်းတိုကလေးများ သိမ်း၍ဝှက်ထားကြောင်း ဖတ်ရသည့်နေရာတွင်မူ စိမ်းရင်ထဲတွင် ဝေဒနာတစ်ခု ခံစားရသလို နာကျင်လှုပ်ရှား၍လာသည်။ စာသည် ပန်းချီကားတစ်ချပ်လို စုံစုံလင်လင် ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။
ယာခင်းတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ပုံ ရေးသည့်နေရာတွင်လည်း ရင်နာစရာကောင်းလှသည်။
“တစ်နေ့နေ့တော့ဖြင့် တောင်ခါးပန်းက ယာခင်းတွေကို ချဲ့နိုင်ကောင်းပါရဲ့။ မြေမြင့်ဘက် ယာကိုလည်း ရေသွင်းစက်တွေနဲ့ ရေသွင်းနိုင်လိမ့်မယ်လို့ တွေးခေါ်နေရတာပါပဲ။ စိတ်ကူးထဲမှာတော့ အိပ်မက် မက်ရတာပေါ့လေ။ စိမ်း ပြန်လာတဲ့တစ်နေ့ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကျွန်တော်တို့ယာခင်းပတ်ဝန်းကျင်မှာ ရေစက်သံ၊ ကားသံတွေ တညံညံ ဖြစ်လာပါစေလို့ ဆုတောင်းမိတာပဲ။ ခုထိတော့ ကျွန်တော်လဲ တစ်ယောက်တည်း၊ ယာခင်းကြီးကလဲ ကျွန်တော် မမွေးခင်က အဘိုးတို့စိုက်သွားသလိုပဲ ဘာမှပိုပြီး မပြောင်းလဲပါဘူး”
ယာခင်းစိုက်ပျိုးရေးမှာ ဘာမှမတိုးတက်ပုံကိုလည်း ခပ်ရိုးရိုးပင် ဖော်ပြထားပြန်သည်။
စိမ်းမသွားခင်ကသာ ဒီသတင်းစာဖြတ်ပိုင်းတွေကို ဘယ်သူဝှက်ထားတယ်လို့ သိရရင်ဖြင့် ကျွန်တော်တို့နှစ်ယောက် ခွဲခွာရခြင်းဟာ အမုန်းနဲ့ဖြစ်မှာ မဟုတ်ပါဘူး။ ဆောင်းညတွေကို မြန်မြန် ကုန်စေချင်ပါတယ်။ ဒီမှာကလည်း ဆောင်းရာသီဟာ ရှည်လျားလှတယ်။ နွေဆိုပေမယ့် အအေးရိပ်က မပျောက်ပေဘူးပေါ့။ စိမ်းနဲ့ကိုယ် နောက်ဆုံးခွဲကြရမယ့် ညအကြောင်းများကို တွေးမိရင် လောကကြီးမှာ နေ့ဆိုတာ အမြဲပဲ “နေ့” ချည်း ဖြစ်စေချင်ပါရဲ့"
"နောက်နေ့မနက်မှာ ကျွန်တော်လေ ချယ်ရီပင်အောက်ကနေ စိမ်းရဲ့လေယာဉ်ကို ထွက်ကြည့်ပါသေးတယ်။ မိုးနဲ့မြေဟာ ဝေးလှတယ်ဆိုတာသိပေမယ့် စိမ်း စီးသွားတာက လေယာဉ်ပျံပဲ။ လေယာဉ်ပျံဆိုတာ တစ်နေ့နေ့ မြေကြီးကို ဆင်းသက်ရတာပဲ မဟုတ်လား၊ အစဉ် ကောင်းကင်မှာ မတည်နိုင်ပါဘူး။ ဒါပေမယ့် လေယာဉ်ပျံဆိုတာ မြေညီလွင်ပြင်မှာ ဆင်းသက်မြဲကိုး။ ကိုယ်တို့လို တောင်ကုန်း တောင်ချိုင့်တွေကြားမှာ မဆင်းဘူးဆိုတာ ယုံပါတယ်"
"ဦးဝင်းဖေနဲ့တွေ့ပြန်တော့လဲ စိမ်းယောက်ျားရဲ့ ချစ်စရာ၊ စွဲမက်ရာကောင်းတဲ့ မျက်နှာကိုမြင်ရတော့ ကိုယ်တောင် သူ့ကို ချစ်လိုက်ပါသေးတယ်။ ခုတော့ အားလုံးရှင်းလောက်ပါပြီ စိမ်း။ ကိုယ်တို့နှစ်ယောက်ကြားမှာ လုံးခဲခဲဖြစ်နေတဲ့ သတင်းစာဖြတ်ပိုင်းကိစ္စကို ခုလို ဖြေရှင်းခွင့်ရတဲ့အတွက် ကျေနပ်ပါပြီ။ စိမ်းလဲ ခုလောက်ဆို ကိုယ့်ကို ခွင့်လွှတ်တန်ကောင်းပါရဲ့။ ရှမ်းကုန်းမြေမြင့်တစ်နေရာက ကျုပ်တို့မိသားစုရဲ့ မေတ္တာ၊ စေတနာရင်းမှန်ကို ခုလောက်ဆိုရင်တော့ သိကောင်းပါရဲ့။ အသိအမှတ်ပြုတယ်ဆိုရင် စိမ်းရဲ့ချစ်လင်၊ သားမြေးတွေနှင့်အတူ ယာတောကို တစ်ခေါက်လာဖို့ ဖိတ်လိုက်ပါတယ်။
ရွှင်လန်းပါစေ
ဝဏ္ဏ
“စိမ်းကို ခွင့်လွှတ်ပါ ကိုဝဏ္ဏရယ်၊ အားလုံး ခွင့်လွှတ်ကြပါ အမေတို့ အတူးတို့ရယ်”
စိမ်းသည် ရင်ထဲမှ ရွတ်ဆိုရင်း ပါးစပ်များပင် တလှုပ်လှုပ် ဖြစ်လာသည်။ ဒေစီနှင့်ဒေါ်ရွှေသွယ်ကမူ စိမ်းအမူအရာ လှုပ်ရှားသမျှကို ငြိမ်သက်စွာ ကြည့်နေကြသည်။ စိမ်းသည် နောက်ဆုံးစာအိတ်ကို ဖောက်လိုက်လျှင် ချယ်ရီပန်းအခြောက်လေးများမှာ သူ့လက်ဝါးပေါ်တွင် နီညိုညို ပေါ်လာလေသည်။ စိမ်းမျက်လုံးများမူ မျက်ရည်ပေါက်ကြီးများသည် ပန်းခြောက်လေးများပေါ်သို့ တစ်ပေါက်ပေါက် ကျလာသည်။ ပန်းလေးသည် နွမ်းခြောက်နေပေမယ့် အမေတို့ မိသားစုမေတ္တာရောင်ကြောင့် စိုပြည်ဝင်းလက်၍ နေပုံရသည်။
အမေတို့ယာခင်းမှ သူထွက်လာကတည်းက ကြုံရသည့်ကြမ္မာတို့ကို အမေတို့သာသိလျှင် ... “ချောင်းကိုပစ်၍ မြစ်ကိုရှာပေသောမိန်းကလေး” ဟူ၍ သူ့ကို ယိုးစွပ်ကြပေမည်လား။ အမေတို့က စွပ်စွဲပါလျှင်လည်း သူက ဝန်ခံရပါပေမည်။ ရှမ်းရိုးမတောင်ကို ဖြတ်ကျော်၍လာကတည်းက အပြောကျယ်သော ဤမှာဘက် မြစ်ကြီးတွင် ရေသာများခဲ့၍ ဖြူဖွေးသန့်စင်သော မေတ္တာတရားနှင့်တူသည့် ငါးကို မတွေ့ခဲ့ရပေ။ ဟိုစဉ်ကတော့ သူ့ဆုံးဖြတ်ချက် မှန်ခဲ့ပါသည်ဟု သူ့ကိုယ်သူ ဆင်ခြေပေး၏။ မှန်ပေသည်။ မိန်းကလေးတစ်ယောက်သည် ကိုယ့်ချစ်လင်ထံသို့ ပြန်လည်သွားရောက်ခြင်းမှာ သစ္စာရှိခြင်း၊ ချစ်ခင်မြတ်နိုးခြင်းတို့၏ အထိမ်းအမှတ်ပင် ဖြစ်ပေသည်။
သူက ကြိုးစား၍တွယ်ရှာပါ၏။ သို့သော် ကိုဝင်းဖေကို လက်လွတ်နေပေပြီ။ ကြီးကြီးနုထံမှ လွင့်စဉ်လာပြီးနောက် ကိုဘကောင်းကို သူက အားကိုးအားထားနှင့် တွယ်သော်လည်း သူတကယ်မြတ်နိုးသော မေတ္တာ၏တုံ့ပြန်ချက် စေတနာကို မရရှိခဲ့ပေ။ ယခုတော့လည်း တွယ်ရာမဲ့ရှာသောဘဝတွင် အားငယ်လှ၏။
စိမ်းသည် ထိုင်ရင်း အမျိုးမျိုးတွေးနေသည်။ ဘာလုပ်ရမည်နည်း၊ ဘယ်လိုဆက်၍ စခန်းသွားသင့်သနည်း။ သူ ဆက်၍သွားရသောစခန်းသည် ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေရ။ ဆင်းရဲပင်ပန်းသော်လည်း မေတ္တာ၊ စေတနာတို့ ပေါက်ရောက်ရာ စခန်းလည်းဖြစ်ရပေမည်။ အိမ်ကြီးဝင်းကြီးနှင့် အနေသက်သာပေမယ့် အပျော်မယားလို ပေါ့ရွှတ်ရွှတ်လည်း မနေချင်ပေ။ ကိုဘကောင်းနှင့်ဝေးရာသို့ ထွက်လာသည့်တိုင် ဆရာမအလုပ်မှလည်း ထွက်လိုက်ဖို့ သူဆုံးဖြတ်လိုက်လေသည်။ ,
ဒေါ်ရွှေသွယ်သည် သူ့ကလေးမ ဟန်ပန်ကို ကြည့်နေ၏။ ဆုံးဖြတ်ချက် ဘာထွက်လာမည်ကို စောင့်၍နေသည်။ ဒေစီကမူ သူ့အိမ်လေးတွင် ဆက်လက်နေဖို့ တောင်းပန်ရန် စိတ်ကူးနေသည်။ ဒေါ်ရွှေသွယ် ပါလာ၍ သူ့ယောက်ျားအန္တရာယ်မှာ စိုးရိမ်စရာမရှိလှပေ။ အနည်းဆုံးတော့ သုံးလလောက် သူငယ်ချင်းကို နေသွားစေချင်သည်။
“ဒေစီ”
စိမ်းသည် ရုတ်တရက် ခေါ်လိုက်၍ ငြိမ်သက်နေကြသော သူတို့နှစ်ယောက်လုံး လှုပ်ရှားလာကြသည်။
“ကိုကိုလာရင် စိမ်း မတွေ့ချင်တော့ဘူး”
ဒေါ်ရွှေသွယ့်မေးခွန်းကို မဖြေသေးဘဲ ချယ်ရီပန်းခြောက်များကို ယုယစွာကိုင်၍ စိမ်းသည် ထိုင်ရာမှ ထလိုက်၏။
“စိမ်း ရှမ်းပြည်ကို ပြန်တော့မယ်”
သူ့စကားလုံးထဲတွင် “ပြန်တော့မယ်” ဟူသော စကားသည် ခဏ သွားရောက်လည်ပတ်ခြင်း၏အဓိပ္ပာယ် မဟုတ်ဘဲ နေရာချက်မြှုပ်အိမ်သို့ “ပြန်ခြင်း”ဟူသော ပိုင်နိုင်သည့်အဓိပ္ပာယ်ဖြစ်သည်ကို ဒေစီရော ဒေါ်ရွှေသွယ်ပါ နားလည်လိုက်ပါ၏။
“မိန်းကလေးကသာ ပိုင်နိုင်တဲ့ ကိုယ်ပိုင်ရှိတယ်ဆိုရင် ကမ္ဘာ့အပြင်ကိုပါ သွားဦးမလား လိုက်ဖို့ အဆင်သင့်ပါပဲကွယ်”
ဒေါ်ရွှေသွယ်သည် တိုးတိုးလေး ရေရွတ်၍ ထိုင်ရာမှ ထသွားသည်။ ပစ္စည်းများကို ဆက်လက်သိမ်းဆည်း၍ အဆင်သင့် ပြင်ထားခြင်းသည် သူ့အတွက် မမှားနိုင်သောအလုပ်ပင် မဟုတ်ပါလော။
ပြီးပါပြီ။
----------------------------------
0 Comments