ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________
အပိုင်း (၇)
ကျွန်မမျက်နှာ အရိပ်အကဲကို ခေတ္တမျှ သူသည် စူးစိုက်ကြည့်ပြီး "ကဲ ..ကဲ ...ခေါင်းနောက်သွားပြီထင်တယ်၊ မြက်ခင်းပေါ် ထိုင်ရအောင် "ဟု ဆိုကာ ရှေ့မှ သွားနှင့်သည်။ ကြီးကြီးသည် ဘယ်အချိန်က ကျွန်မတို့ကို ခွဲကာ ကြိမ်ကုလားထိုင် ရှိရာသို့ သွားထိုင်နေမှန်းမသိပေ။ ကျွန်မသည် တစ်စုံတစ်ရာ ပြန်မပြောဘဲ သူ့နောက်မှ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
ဘယ်ဘက် ခြံကွက်တွင်မူ သရက်ထည် ပန်းရောင်စုံများ၊ ဂန္ဓမာနွယ် ကြည်ပြာရောင် ပန်းပင်ပုလေးများကို အကွက်ကြီးကြီးချကာ စိုက်ထား၍ ပန်းပင်လယ်ပြင်ဟု ခေါ်ရလောက်အောင် တမျှော်တခေါ်ကြီး ဖြစ်နေပေသည်။ ညနေစောင်းနေရောင်ခြည်သည် ပန်းပွင့်များပေါ်တွင် နားစပြုနေ၍ ရောင်စုံပြိုးပြက်နေသော ပန်းလွင်ပြင်နှင့်လည်း တူပေသည်။ အမှန်တော့ နွေရာသီတွင် အပွင့်ကျ၍ ခပ်ကျဲကျဲ ပွင့်နေသော်လည်း အပင်များသောကြောင့် အုံနှင့် ထုကြီးနေဟန် ရှိပေသည်။
ရန်ကုန်တွင် ကျွန်မရောက်ဖူးသော မျက်နှာကြီးပိုင်း အိမ်များထဲမှာဆိုလျှင် သူ့အိမ်၏ပန်းခင်းသည် အလှဆုံး၊ မြိုင်မြိုင်ဆိုင်ဆိုင်အရှိဆုံးဟု ဆိုရမည်ဖြစ်သော်လည်း ကျက်သရေနှင့် ပြည့်ဝသည်ဟူ၍ မထင်ပေ။ ကျွန်မတို့ အကြောက်ရွံ့ အရက်စက်ဆုံး သေမင်းကြီးစိုးရာ သုသာန်တစ်စပြင်တွင် ရှုဖွယ်ရှိအောင် ပြုပြင်ထားသော ဥယျာဉ်ခင်းသဖွယ် ကျက်သရေတုံးလှသည်ဟု ကျွန်မက ထင်သည်။
ကျွန်မဥယျာဉ်သည် ရိုး၏။ ပန်းတို့ကလည်း ကြိုးကျဲ၏။ သို့သော် ပိုင်ရှင်ကျွန်မသည် နေ့စဉ်လိုပင် တပည့်တို့အပေါ်တွင် မေတ္တာရည်သွန်းလောင်း၍ အပြုဘက်ဖန်တီးလိုသော စေတနာတို့နှင့် ပြည့်ဝှမ်းသော နှလုံးသားကို ပိုင်သူဖြစ်၏။ ထို့ကြောင့် မေတ္တာရေစင်ဖြင့် သွန်းအပ်သော ကျွန်မ၏ခြံကြိုးကျဲလေးသည် သူ၏မဟာဥယျာဉ်ထက် ကျက်သရေမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံသည်ဟု စိတ်ထဲမှာ ထင်သည်။
ရန်ငြိုးတို့ဖြင့် တညီးညီးတောက်လောင်နေသော သူ့နှလုံးသားမှ ဖန်တီးထားသော ဤဥယျာဉ်သည် အဘယ်မှာလျှင် ကျက်သရေမင်္ဂလာဖြင့် ပြည့်ဖြိုးနိုင်ပါမည်နည်း။ အပွင့်ခက်ကလေးတိုင်း အပွင့်ခက်ကလေးတိုင်းတွင် အဆိပ်မီးလျှံတို့ တလူလူ တက်နေဟန်ရှိ၍ ပြောင်ပြောင်ညီးညီး မီးပုံကြီးလို ဖြစ်နေပေသည်။
" မခင်သိုက် ဘာကိုတွေးနေလဲ၊ တော်တော်နွမ်းသွားပြီ ထင်တယ်၊ အိမ်ထဲဝင်စို့နော် "
သူ့စကားသံကြားမှပင် ကျွန်မသည် မြက်ခင်းပေါ်ရပ်၍ မြောက်ဘက်ပန်းခင်ကို ငေးမောနေသည်ကို သတိရမိ၏။
" ကဲ ... ကြီးကြီးလဲ ပန်းရောပေါ့၊ ဆေးရုံအချိန်နောက်ကျမယ်၊ ထမင်းစားစို့၊ မြောက်ဘက်မှာဆိုရင် သစ်ခွပန်း အမျိုးတစ်ရာကျော်ရှိတယ်၊ နောက်မှ ပြဦးမယ်၊ ကျွန်တော်မသေခင် တစ်ထောင်ပြည့်အောင် စုမယ်လို့ ဆုံးဖြတ်ထားတာပဲ "
" ကဲ ...လာ သမီး၊ အိမ်ထဲ သွားစို့၊ မောင်ထင်ပေါ့်ပန်းခြံက ကြည့်မဆုံးပါဘူး "
ကျွန်မသည် အရုပ်လိုပင် သူတို့နောက် လိုက်ပါသွား၏။ ကျွန်မတို့အားလုံး အိမ်ထဲရောက်ချိန်တွင် မီးများသည် အခန်းတိုင်း၌ ထိန်ထိန်လင်း၍ နေလေပြီ။ ကြက်သွေးရောင်အောက်ခံပေါ်တွင် နှင်းဆီပန်းနွယ်များ ယှက်နေသော ကော်ဇောကြီးကို ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ခင်းထား၍ ဖက်ဖူးရောင်ဆိုဖာကြီးများကို နံရံများတွင် ကပ်၍ထားပေသည်။ ကျောက်ဖြူသား လေးထောင့်စားပွဲရှည်ပုပုကို ဧည့်ခန်းအလယ်တွင် ထား၏။ စားပွဲပေါ်တွင်မူ စလင်းရောင်ပန်းအိုးလေးထဲ၌ ဂန္ဓမာပန်းများကို ထည့်၍ထားပေသည်။
ဆိုဖာတစ်ခုပေါ်တွင် ထိုင်လိုက်စဉ် ကျွန်မမျက်လုံးများသည် ကော်ဇောပေါ်တွင် စူးစိုက်နေမိပေသည်။ သူ့ကို ခေါင်းမော်၍ ပြန်ကြည့်လိုက်ကာ "မမြမေဟာ ကော်ဇောပေါ်က နှင်းဆီခက်မျိုးကို သိပ်ကြိုက်တာပဲ "ဟု သူ့ကို ပြောလိုက်၏။
သူက မဲ့ပြုံးပြုံးလိုက်၏။
" မခင်သိုက်ကလဲ ဒါကြောင့် နှင်းဆီခက်ပါတဲ့လုံချည်ကို ဝတ်လာတာလား "
" မမြမေရဲ့ ချစ်တဲ့သူဆီလာတဲ့အခါ မမြမေနှစ်သက်တဲ့ အဆင်အသွေးကို သတိတရ ဝတ်လာရတာပေါ့ "
ကျွန်မက သွက်လက်စွာပင် ပြန်၍ ဖြေလိုက်၏။
" အေးကွယ်၊ ဘယ်လိုပဲ မောင်ထင်ပေါ့်အိမ်က ခမ်းနားလှပေမယ့် အိမ်ရှင်မ မရှိတော့ မသာယာဘူးပေါ့"
ကြီးကြီးက ဆုံးမသံလိုလို အကြံပေးသံလိုလို ပြောလိုက်၏။
သူသည် အသာအယာပင် ပြုံး၍နေပေသည်။ တစ်စုံတစ်ရာ ပြန်လည်ချေပပြောဆိုခြင်းကိုမူ မပြုပေ။
စကားပြောနေကြစဉ် ဘောင်းဘီရှည်နှင့် အင်္ကျီဖြူကို ဝတ်ထားသော လူတစ်ယောက်သည် ဗန်းငယ်တစ်ခုဖြင့် ထည့်ထားသည့် လိမ္မော်ရည် သုံးဖန်ခွက်ကိုယူ၍ အခန်းတွင်းသို့ ဝင်လာ၏။ ကျွန်မတို့ထိုင်နေရာ ဆိုဖာဘေးရှိ လေးထောင့် ကျောက်စားပွဲအသေးပေါ်၌ ဖန်ခွက်များကို ချထားလိုက်၏။
လေးထောင့်စားပွဲမျက်နှာပြင်၏ကျောက်သားမှာလည်း ဖြူဆွတ်ချောမွတ်ကာ ကျောက်၏အကြောအကွက်များ သဘာဝအလျောက် သွယ်ယှက်သွားပုံကပင် တိမ်တောင်များ၊ ပန်းခက်ပန်းနွယ်များလို ဖြစ်နေပေသည်။
"ကဲ... လိမ္မော်ရည် သောက်လိုက်ကြပါဦး၊ ထမင်းနောက်ကျနေဦးမယ် "
သူက ပြုံးရွှင်စွာပင် ဆို၏။ ကျွန်မသည် ကောက်ကိုင်ထားလိုက်သော်လည်း သောက်လိုစိတ်မရှိပေ။ အိမ်ထောင်ပရိဘောဂများမှာ ခမ်းနားကောင်းမွန်သော်လည်း အိမ်ရှင်မ မရှိသောအိမ်ဖြစ်၍ ပြင်ဆင်ပုံ ရိုးနေပေသည်။
မကြာခင်ပင် ယခင်လူပြန်ဝင်လာကာ ထမင်းပွဲအဆင်သင့်ပြင်ပြီးကြောင်း ပြောကာ ပြန်ထွက်သွားသည်။
" ကဲ ...ထမင်းစားစို့၊ ထမင်းစားခန်း သွားရအောင် "
ကျွန်မတို့အားလုံး မှန်တံခါးကြီးမှ ထွက်လာကြ၏။ မျက်နှာချင်းဆိုင်အခန်းသည် စာဖတ်ခန်းဖြစ်ဟန်တူ၏။ စာအုပ်ဘီရိုများကို ခန်းစီးများကြားမှ မြင်၍ နေရပေသည်။ သို့သော် အခန်းများအားလုံးသည် အသံလုံအခန်းများဖြစ်ဟန်တူ၍ တိတ်ဆိတ်နေပေသည်။ ဧည့်ခန်းနှင့် စာဖတ်ခန်းကြား လှေကားဦးတိုက်ထားရာ အဝင်ဝအခန်းကို လွန်သွားမှ ကျယ်ဝန်းသော ထမင်းစားခန်းကို ရောက်၍လာလေသည်။ အခန်းလယ်တွင် ဧည့်ခန်းမှ စားပွဲမျိုး ကျောက်သားနှင့်လုပ်ထားသော စားပွဲရှည်အမြင့်ပေါ်တွင် သုံးယောက်စာ ထမင်းပွဲပြင်ဆင်၍ထားပေသည်။ ကြမ်းပြင်သည် မဟောဂနီရောင် တဖိတ်ဖိတ်တောက်ပနေ၍ ကျောက်ဖြူစားပွဲမှာ ပိုမိုထင်ရှားကာ ပန်းတစ်ပွင့်လို လှပ၍နေလေသည်။
အဝင်ဝ ညာဘက်နံရံထောင့် ထွာဆိုင်ခန့် ကျောက်တိုင်နှစ်ခုပေါ်၌ ရွှံ့စေးများနှင့် လုပ်ထားသော အိန္ဒိယလူနီတစ်ဦး မြှားပစ်နေဟန် တစ်တောင်ခန့်အမြင့်ရှိသည့် အရုပ်တစ်ခုကို တင်ထားသည်။ ဘယ်ဘက်ထောင့်တွင်မူ အလားတူ ကျောက်တိုင်ဖြူဖြူ လုံးလုံးလေးပေါ်တွင် အီဂျစ်ပြည် ရှေးစစ်သားတစ်ယောက် မြှားဆွဲ၍ ပစ်နေဟန်အရုပ်တစ်ခုကို တွေ့ရပေသည်။
နံရံများပေါ်တွင် ထူးထူးထွေထွေပန်းချီကားများ ချိတ်ဆွဲထားခြင်း မရှိသော်လည်း အရုပ်နှစ်ခုကြား နံရံပေါ်တွင်မူ မွန်းဖလားဝါးအနွယ်ဟု သူပြောပြသော ပန်းပွင့်ကို ဓာတ်ပုံရိုက်ကူး၍ အကြီးချဲ့ထားသော ဓာတ်ပုံကားတစ်ခုသာ ချိတ်ဆွဲထားလေသည်။
အဝင်ဝဘက်ရှိ စားပွဲထိပ်တွင် သူက ဝင်ထိုင်၍ ကျွန်မအား ညာဘက်နေရာကို ပေးကာ ကြီးကြီးကို ဘယ်ဘက်တွင် နေရာချထားပေးသည်။ ကျွန်မတို့ ထိုင်လိုက်လျှင် စားပွဲထိုးနှစ်ယောက်အနက် တစ်ယောက်က မှောက်ထားသော ဟင်းချိုပန်းကန်လုံးများကို လှန်ကာ ဟင်းချိုကို ထည့်ပေး၍ တစ်ယောက်က ပန်းကန်ပြားထဲသို့ ထမင်းများ ထည့်နေပေသည်။ ဇွန်းခက်ရင်းများ ချထားသော်လည်း တပြိုင်နက် မြန်မာလိုပင် ကျွေးရန် ဟင်းများအားလုံး စားပွဲပေါ်တွင် ပြင်၍ထားလေသည်။
မျက်နှာကျက်တွင် ပန်ကာလည်နေသည်နှင့်အမျှ ငွေရောင်ဇွန်းခက်ရင်းများပေါ်တွင် အမဲရိပ်များ ဖြတ်သန်းသွားကာ တလက်လက် တောက်ပနေသည်။
ကြီးကြီးအား သူကိုယ်တိုင် ဟင်းများ ဦးချထည့်ပေးရင်း သူတို့နှစ်ယောက် စကားအချီအချ ပြောနေကြ၏။ သူ့စကားလုံးများထဲတွင် မိထွေးဖြစ်သူ ဒေါ်မြရင်အား အထူးဂုဏ်ပြုဖော်ပြလျက် သူ့ငွေကြေးများကြောင့်သာ သူသည် ခုလိုနေနိုင်ကြောင်း ပြောပြနေသည်။
ကျွန်မဘက်သို့လည်း လှည့်၍လာကာ မမြမေနှင့် ကွဲကတည်းက သူသည် ဥယျာဉ်နှင့် ပန်းစိုက်ပျိုးရေးဘက်ကို စိတ်ပြောင်းလိုက်ကြောင်း၊ ဆေးပညာအတတ်လိုက်စဉ်ကပင် ရုက္ခဗေဒကို ပိုမို စိတ်ဝင်စားကြောင်း ပြောပြပြန်သည်။
"ဒါပေမဲ့ ကျွန်တော်ဟာ 'ပညာ'ဆိုတဲ့ ဆေးအတတ်ကို စွန့်လွှတ်ပြီး ' အာဏာ 'ကို ပိုင်ဆိုင်နိုင်တဲ့ အရာရှိဖြစ်လိုတဲ့ဘက်ကို ဘာကြောင့် ပြောင်းတယ်ဆိုတာတော့ အလျဉ်းသင့်တဲ့အခါ မခင်သိုက်ကို ဖွင့်ပြောပြနိုင်ပါလိမ့်မယ် "
သူ့စကားကို ပါးစပ်ဟ၍နေမိအောင်ပင် ငေး၍ ကျွန်မ နားထောင်လိုက်မိ၏။ နောက်ပိုင်းတွင်လည်း သူသည် အမေရိက၊ ဥရောပနိုင်ငံများထက် တိဘက်၊ အာဖရိကအလယ်ပိုင်းနှင့် တောင်အမေရိကတို့သို့ ပိုမို စိတ်ဝင်စားကြောင်း၊ အခွင့်ကြုံတိုင်း သွားရောက်မည်ဖြစ်ကြောင်း ပြောပြပါသည်။ သို့သော် တချီတချီ သူ့စကားများကို ကြားလိုက် မကြားလိုက်နှင့် စိတ်မဝင်စားမိပေ။ ကြီးကြီးကလည်း လောပီတရေတံခွန် လျှပ်စစ်ဓာတ်အား တိုးတက်ဖွံ့ဖြိုးရေးဘက်၌ တာဝန်ကျနေသော သားမွေးနေ့တွင် မြေတစ်ကွက်ဝယ်ပေးမည့်အကြောင်း၊ သို့သော် ကိုထင်ပေါ်၏ခြံကဲ့သို့ ကြီးကျယ်ခမ်းနားမည်မဟုတ်သော်လည်း စားပင်သောက်ပင်များကို အထူးစိုက်ပျိုးမည်ဖြစ်ကြောင်း၊ သူ့သားမြေးတို့သည် ထိုခြံမြေတို့မှ စားသောက်ပင်တို့ကို သုံးစွဲကြတိုင်း သူ့ကို သတိရစေမည့်အကြောင်းတို့ကို စီကာပတ်ကုံး ပြောပြနေလေသည်။
တစ်ခါတစ်ရံလည်း မြေယာနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ အုန်းပင်ပေါက်များနှင့် ငရုတ်ကောင်းပင်အကြောင်းကို စကားရောက်သွားကြပြန်သည်။
ကျွန်မအတွက် ထိုညစာသည် စိတ်မဝင်စားဆုံး၊ ပျင်းရိညည်းငွေ့ဖွယ်အကောင်းဆုံး ဖြစ်ပေသည်။ လောကွတ်စကားများ ပြောရန်လည်း မေ့လျော့နေသည်။
ဝင်းမြင့်အောင်အား ဘယ်လိုရန်ငြိုးကြောင့် ခုလို လုပ်လိုက်သည်ကို သိချင်၍နေပေသည်။ ထိုသိချင်သောဆန္ဒသည် ဣနြေ္ဒပျက်လောက်အောင်ပင် ကျွန်မစိတ်အား လွှမ်းမိုး၍နေပေသည်။ ဤလိုနေရာမျိုး၌ အလွန်ကျွမ်းကျင်၍ ကျင့်သားရနေသော စုံထောက်ကြီးများသာ ဟန်မူရာမပျက်နိုင်မည်ဖြစ်သော်လည်း ကျွန်မ၏အဇ္ဈတ္တသန္တာန်တွင်မူ သူ့အား မုန်းတီးစိတ်၊ ဝင်းမြင့်အောင်အား သနားစိတ်၊ ရန်ငြိုးတစ်ခုခုကို လက်စားချေလိုတိုင်း အပြစ်မဲ့သူ ကလေးနှင့်မိန်းမတို့အား ဒုက္ခပေးသော သူ့အကျင့်ကြီးတို့ကို ရွံရှာသော စိတ်တို့မှာ အုံကြွလှုပ်ရှားနေကြပြီဖြစ်၍ ကျွန်မမျက်နှာဟန်ပန် မူပျက်၍နေသည်မှာ သူပင်ရိပ်မိနေလေပြီလား မသိပေ။
ဆေးရုံကို ထွက်လာကြသည်အထိ ကျွန်မသည် ကိုယ့်ကိုယ်ကို ထိန်း၍မရသေးပေ။ သူ့အမူအရာများကမူ ကျွန်မ၏ပြောင်းလဲပုံကို ဘယ်လိုမှ နားမလည်သလို ပြောဆိုပြုမူနေပေသည်။
ဆေးရုံကြီးအထူးခန်းရောက်လျှင် 'ဧည့်သည်များ မဝင်ရ'ဟူသော စာတန်းလေးသည် အခန်းအမှတ် ၃၉ တံခါးတွင် ဆွဲချိတ်ထားသည်ကို တွေ့ရ၏။
ကျွန်မတို့ခြေသံကြောင့် ထင်သည်။ ဦးဝင်းမောင်သည် ဖြည်းညင်းစွာ ထွက်လာ၍ ကျွန်မတို့ကို အခန်းထဲသို့ ခေါ်သွင်းသွား၏။ ခုတင်ပေါ်တွင် ဝင်းမြင့်အောင်သည် အိပ်ပျော်လျက်ရှိသည်။ သူ့ပါးကလေးများသည် ယမန်နေ့ ညနေကလောက် ဖောင်းဖောင်းမို့မို့လေး မဟုတ်တော့ဘဲ ပြင်းထန်သောဒဏ်ရာ၏ဝေဒနာကြောင့် ချောင်၍ကျသွားပုံရသည်။ မျက်ခွံလေးများသည် အားယူ၍ မျက်လုံးကို မှိတ်ထားဟန် ပေါ်နေပေသည်။ စင်းကော့နေသော မျက်တောင်လေးများသည် အိပ်ပျော်နေသော သူ့မျက်နှာကို ချစ်စဖွယ် ဖြစ်နေစေသည်။ ခြေထောက်အောက်ပိုင်းအထိ စောင်ကြီးနှင့် လွှမ်းခြုံထား၍ ဘာမျှ မမြင်ရပေ။ အထူးသူနာပြုဆရာမမှာ မီးလုံးကို အဝတ်နက်နှင့် စည်းနေသည်။
ဦးဝင်းမောင်သည် သူ့ဇနီးနှင့်ကျွန်မတို့အား အပြင်သို့ ခေါ်ထုတ်လာသည်။ အပြင်ရောက်လျှင်_
"ခုနကလေးကမှ သူ အိပ်ပျော်သွားလို့၊ ကျွန်တော်တို့ အပြင်မှာပဲ စကားပြောရအောင် "
သူက တောင်းပန်သံနှင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ခုလို စိတ်ချရတဲ့အခြေအနေတွေ့ရတာပဲ စိတ်ချမ်းသာလှပါပြီ၊ ဖြစ်တာချင်းတူပေမယ့် ကလေးဖြစ်နေတော့ ပိုပြီး စိတ်ဆင်းရဲတယ်၊ သူတို့က အပြစ်မဲ့သူတွေလိုဖြစ်နေတော့ စိတ်ထဲက ရောဂါတို့ ဒဏ်ရာတို့ မဖြစ်ထိုက်သလိုပဲ ထင်နေတယ် "
ကျွန်မက မင်းကတော်ကို မျက်နှာချင်းဆိုင် ပြောပြလိုက်လျှင် ကိုထင်ပေါ်သည် အနည်းငယ် အံ့ဩသွားဟန် မျက်နှာထားကို ပြသည်။ တစ်လမ်းလုံး စကားမပြောဘဲ ခုမှပြောသည်ကို အံ့ဩလေသလား၊ ကလေးကို အပြစ်နဲသူဟု ဆိုလိုက်သည်ကိုပင် ဣနြေ္ဒပျက်သွားလေသလား မသိပေ။
"ဟုတ်ပါတယ်ဆရာမရယ်၊ ကျေးဇူးတင်ပါတယ်၊ အသက်မသေတာပဲ 'တင်'ဖြင့် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ် "
ကျွန်မတို့ဘေးတွင် ဦးဝင်းမောင်သည် ကိုထင်ပေါ်အား စကားဆက်၍ ပြောနေ၏။
ကံကြမ္မာမကောင်းသောအခါ အကုသိုလ်ဝင်တတ်၍ ဘုရားသခင်၏တရားဓမ္မများကို မမေ့မလျော့နှလုံးသွင်းရန် ကြီးကြီးကလည်း သူတို့နှင့်အတူ ဝင်ရောက်ပြောဆိုနေ၏။ ၈ နာရီလောက်တွင် လူနာရှင်များအား နှုတ်ဆက်ကာ ပြန်လာကြသည်။
လမ်းတွင် ကလေး၏ကျောရိုး ကျိုးသွားသောကိစ္စကို ယခုတိုင် ဦးဝင်းမောင်က မိခင်ဖြစ်သူအား ဖွင့်ဟမပြောသေးကြောင်း ကားမောင်းရင်း သူက ပြောပြနေပေသည်။
အိမ်ရောက်လျှင် ကျွန်မသည် အရင်ဆုံး ဆင်း၍ ကြီးကြီးအတွက် ကားတံခါးကို ကိုင်ပေးလိုက်၏။ ပြီးမှ သူ့ကို ကားတံခါး ဖွင့်ပေးလိုက်သည်။
" ခဏ ဆင်းပါဦးလား ကိုထင်ပေါ် "
ကျွန်မသည် ပြုံး၍ သူ့ကို ဖိတ်ခေါ်လိုက်လေသည်။ သူသည် ကားတံခါးမှ ခေါင်းပိုင်းကို မီးရောင်ဘက်သို့ ထွက်လိုက်ကာ _
" နေပါစေတော့ မခင်သိုက်ရယ်၊ မခင်သိုက်လည်း နွမ်းလှပါပြီ၊ ခုလို ပြုံးတာပဲ ဝမ်းသာလှပါတယ်၊ နက်ဖြန် တနင်္လာနေ့ဆိုတော့ အလုပ်တွေ ရှိသေးလို့ ခွင့်ပြုပါဦး "
"ကျေးဇူးသိပ်တင်ပါတယ်၊ ညကလဲ အိပ်မရလို့၊ ပြီးတော့ ဥတုကလဲ နည်းနည်းပူတော့ ကျွန်မ နေမကောင်းသလို ဖြစ်သွားလို့ပါ "
" ဟုတ်ပါတယ်၊ ပျော်အောင် အိပ်လိုက်နော်၊ ကြီးကြီးရော မခက်သိုက်ပါ သွားတော့မယ်နော်၊ ဂွတ်နိုက် "
" ဂွတ်နိုက် "
သူသည် ကားတံခါးကို ဆွဲပိတ်ကာ ဖြည်းဖြည်းမောင်း၍ ထွက်သွားတော့သည်။
ထိုနေ့ညတွင်မူ ကိုထင်ပေါ်နှင့် ဦးဝင်းမောင်တို့ဆက်ဆံရေးကို ကျွန်မ ဒရိုင်ဘာမှတဆင့် စုံစမ်းရန် ဆုံးဖြတ်လိုက်၏။ အကယ်၍သာ အာဃာတဖြစ်စရာတစ်ခုခု ဦးဝင်းမောင်အပေါ်တွင် ရှိခဲ့လျှင် ဝင်းမြင့်အောင်ဖြစ်ရသောကိစ္စသည် ကိုထင်ပေါ်သာ တရားခံဖြစ်ရမည်ဟု ကျွန်မက တွေး၏။ ဆူးပင်ရွက်ကို မြင်းအား နေ့လည်က ကျွေးလျှင် ညနေစောင်းတွင် မြင်းသည် စိတ်ရူးပေါက်ရမည်။
ကိုယ့်ကိုယ်ကိုယ် ဦးစံရှားဟန် တွေးနေပြန်သည်။ တွေးရင်းတွေးရင်း အိပ်မရသလိုဖြစ်လာပေသည်။ သူနှင့် ပြန်တွေ့ကတည်းက ကျွန်မညဉ့်ဦးယံများသည် ချမ်းမြေ့အေးချမ်းခြင်းမရှိပေ။
အမှန်ပင် ပြစ်မှုကို ကိုထင်ပေါ် ကျူးလွန်သည် မှန်လျှင်လည်း အပြစ်ကိုပြုလုပ်သူမှာ သူ့မကောင်းမှုအတွက် သူ ဘယ်လိုယူဆမည်မသိ၊ သူ၏အကုသိုလ်ကို ဂရုတစိုက်ကြည့်ရှုလေ့လာနေသော ကျွန်မတွင်မူ စိတ်သောကနှင့် ပူပန်စ ပြုလာလေသည်။ သူ့ပြစ်မှုတို့သည် ကျွန်မကိုယ်၌ လိမ်းကျံစ ပြုလာလေပြီလား။
စိတ်ထဲတွင် ကိုယ့်ကိုယ်ကို သံသယဖြစ်လာသည်။ သူ့အကုသိုလ်များကို သိချင်စိတ်ပြင်းပြနေသော ကျွန်မ၏ဆန္ဒသည် သန့်မှ သန့်ရှင်းပါလေစ။ အမှန်တရားကိုထုတ်ဖော်လိုသော စိတ်ပင်လား၊ သူ့အား ဒုက္ခဖြစ်စေလိုသောစိတ်၊ သူ၏ယုတ်မာမှုများအတွက် အပြစ်များကျခံစေလိုသော စိတ်ယုတ်များပင် ဖြစ်နေလေသလားဟု တွေးတောမိပြန်သည်။
ညဉ့်နက်မှပင် အိပ်ပျော်၍သွားတော့သည်။
နံနက်စောစောတွင် မချိန်သည် မြတ်လေးပန်းခက် အတော်များများကို စာတစ်စောင်နှင့်အတူ အခန်းထဲသို့ ယူလာ၏။
" ဦးထင်ပေါ်က ပေးခိုင်းလို့တဲ့၊ သူ့ဒရိုင်ဘာက ပေးသွားတယ် "
" အေး .....အေး ...၊ ကြီးကြီး ဘုရားတင်ဖို့ ပေးလိုက်၊ တချို့ စားပွဲပန်းအိုးထိုးဟေ့ "
ကျွန်မသည် စာသာ ယူထားလိုက်ကာ ပန်းကို မချိန်သို့ ပေးလိုက်သည်။ စာအိတ်မှာ အစိမ်းနုဖြစ်၍ မခင်သိုက်ဟု ရိုးရိုးပင် စာအိတ်ပေါ်မှာ ရေးထားပေသည်။ သူ့စာကို ဖောက်၍ ဖတ်လိုက်၏။
မခင်သိုက်/
မနေ့ညနေက ကျွန်တော်ခူးပေးလိုက်တဲ့မြတ်လေးဖြူတွေဟာ ကျွန်တော် အိမ်ပြန်ရောက်တော့ မခင်သိုက် ထိုင်သွားတဲ့ ကြိမ်ကုလားထိုင်ပေါ်မှာ နွမ်းနေပြီ။ နွမ်းနေတဲ့ပန်းတွေအစား ယနေ့မနက် ပန်းသစ်များ ထပ်ခူး၍ ပေးလိုက်ပါသည်။ ကျွန်တော်၏ရိုးသားသောလက်ဆောင်အား တစ်နေရာရာတွင် မေ့၍ ပစ်ထားခဲ့လိမ့်ဦးမည်မဟုတ်ဟု မျှော်လင့်ပါသည်။
ရွှင်လန်းပါစေသော်
ပန်းများကိုပွင့်စေသူ
ထင်ပေါ်
စာဆုံးလျှင် ကျွန်မသည် အသံထွက်အောင် ရယ်လိုက်မိ၏။ ကျွန်မပေးခဲ့သောအမည်ကို သူသည် အတော်နှစ်ခြိုက်ဟန်ရှိ၏။ ထို့ကြောင့် ပန်းများကို ပွင့်စေသူဟု သူ့လက်မှတ်ပေါ်တွင် ရေးသားထားပေသည်။ ယခုမှပင် သူပေးသောပန်းများကို မေ့ထားခဲ့မိကြောင်း သတိရလာသည်။
ပန်းများကို ထိုမျှချစ်သောသူသည် သူဖွင့်ဟဝန်ခံသလို သို့မဟုတ် မိတ်ဆွေများထံမှ ကြားသိရသလို ယုတ်မာသောပြစ်မှုကို ကျူးလွန်သည်ဆိုသည်မှာ အံ့ဩဖွယ်ဖြစ်ပေသည်။
ပန်းပွင့်များ၊ ကလေးနှင့် ဂီတကို မြတ်နိုးသူတို့၏နှလုံးသားသည် ပျော့ပြောင်းနူးညံ့သည်ဟု ဆိုကြ၏။ ဤစကားအတိုင်း မှန်ပါမူ သူ့နှလုံးသားသည် ယခု သူတင်ပြခဲ့သော နှလုံးသားမျိုး မဖြစ်နိုင်ပေ။
သို့သော် သူ ဖွင့်ဟဝန်ခံသော အကြောင်းမျှလောက်နှင့် သူ၏နှလုံးသားတို့သည် ခက်ထရော်လှသည်ဟု ကျွန်မ ဘယ်သို့ ဆိုနိုင်ပါမည်နည်း။
ဂဏန်း ၂ ခု ပေါင်းခြင်းသည် ၄ ဖြစ်သည်ဆိုရုံဖြင့် ထို ၄ ဂဏန်းသည် ၂ နှင့်၂ တို့ ပေါင်းသောကြောင့် ဖြစ်ရသည်ဟု ဆိုရမည်မှာ ကျိုးကြောင်းပြ မခိုင်လုံပေ။ အဘယ်ကြောင့်ဆိုသော် ၃ နှင့် ၁ ပေါင်းလျှင်လည်း ၄ ဖြစ်တတ်သောကြောင့်တည်း။
ဆက်ရန်
--------------------------------
0 Comments