ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
_________________________
အပိုင်း (၈)
နွေရာသီကျောင်းပိတ်ရက်ရှည် ပြီးနောက် ကျောင်းပြန်ဖွင့်ချိန်တွင် သူ့အကြောင်းများသည် ကျွန်မ၏ဦးနှောက်အတွင်းဝယ် တဖြည်းဖြည်း လျော့ပါး၍လာလေသည်။
သင်ခန်းစာများအတွက် ပြင်ဆင်ရခြင်း၊ ကလေးတို့လေ့ကျင့်ခန်းများကို ပြင်ပေးရခြင်း၊ ကျောင်းနှင့်ဆိုင်ရာ စာအုပ်များကို လေ့လာဖတ်ရှုနေရခြင်းတို့ကြောင့် သူ့အကြောင်းကို တွေးတောချိန် နည်း၍လာလေသည်။
ကျောင်းခန်း၏အပြင်သည် ယခင်လများကဲ့သို့ သွေ့ခြောက်၍မနေတော့ပေ။ ပြတင်းမှကြည့်လျှင် မိုးပေါက်မိုးစက်တို့သည် မရန်းပင်အကိုင်းအရွက်များပေါ်သို့ မြူးတူးပျော်ပါးစွာ ကျဆင်းလာကြ၏။ ရွှန်းရွှန်းစိမ်းမြသော ရွက်သစ်ပျိုတို့သည်လည်း မိုးရေစက်နှင့် ထိလိုက်လျှင် မိုးမမြင်လေမမြင် ရွှင်ကြည်ပျော်မြူးဟန်ရှိပေသည်။ မုတ်သုန်လေက ခပ်ပြင်းပြင်း ဝှေ့လိုက်လျှင်လည်း သေသောက်ကျူးသော လုလင်ပျိုသဖွယ် တိမ်းနွဲ့တိမ်းပါး လှုပ်ရှားမြူးကြွလျက်ရှိပေသည်။
ကျောင်ဆင်းချိန်တွင် ကလေးတချို့တို့သည် မိုးသံနှင့်ပြိုင်၍ သီချင်းကို ဟစ်ဆိုကြသည်။ အပြင်သို့ ထွက်မကစား၍ ကျောင်းဝရံတာနှင့် ကစားရုံထဲတွင် ခုန်ပေါက်ပြေးလွှားနေကြသည်မှာ မိုးစက်မိုးရေပေါက်များဟန် ရွက်သစ်နုတို့ မြူးကြွဟန်နှင့် တစ်ပုံစံတည်းပင်ဖြစ်တော့သည်။
ေဩာ် ... ဘဝ၏အစ တက်ကြွပုံ၊ ရွှင်လန်းနုပျိုပုံ၊ အားသစ်တက်ကာ မြူးပျော်ပုံတို့သည် မိုးဥတု၏အစသဖွယ်ပင် ဖြစ်တော့သည်။ ဖြိုးကြွကြည်ရွှင်သော သူတို့၏မျက်နှာလေးများတွင် သောက၏အရိပ်အယောင် မတွေ့ရ။ ဘဝ၏အခက်အခဲတို့နှင့်လည်း မကြုံရသေးပေ။
ကုန်ခဲ့သောနွေက မြေတွင်သက်၍ ဘဝပြောင်းခဲ့ကြသော ရွက်ဆိုးရွက်ဟောင်းတို့၏သင်္ခါရသဘောကို ရွက်သစ်နုတို့သည် ယောင်၍မျှ မတွေးမိခဲ့ကြ၊။ တစ်နှစ်ကူးပြောင်းလျှင် သူတို့လို အိုမင်းရင့်ရော်ကြရမည့်အဖြစ်ကို မဆင်ခြင်မိသလိုပင် ကလေးတို့သည်လည်း မတည်မြဲခြင်း ပျက်ခြင်းသဘောတို့သည် သူတို့၏နှလုံးသားတွင် ဘယ်ကဲ့သို့ ထင်ပါမည်နည်း။ ကျွန်မသည် သူတို့ကိုကြည့်ရင်း ငယ်စဉ်ကစိတ်လို ရွှင်းမြူးပေါ့ပါးလာသလို ဖြစ်လာလေသည်။
အရွယ်ရောက်ပြီးသော မိန်းမပျိုကျောင်းသူကြီးသုံးယောက်သည် ကျွန်မ ခေတ္တနားနေသော ရုံးခန်းရှေ့ဝရံတာကို ဖြတ်၍သွားကြသည်။ သူတို့မျက်နှာလေးများသည် ကလေးတို့ကဲ့သို့ ရွှင်လန်းနုပျိုကြသော်လည်း လှပခြင်းမှာ ကလေးတို့ထက် ပိုပေသည်။ တစ်ဖြိုက်ရွာသွန်းလိုက်သော မိုးနတ်ရှင်၏အနမ်းငွေ့ကြောင့် ဖြိုးဖြိုးကြွကာ ပွင့်လာသော ပန်းငုံဖူးကဲ့သို့ အလှဆုံးအသွင်ဖြင့် မြူးကြွလျက်ရှိပေသည်။
အကယ်၍သာ မိုးနတ်ရှင်၏ဂီတကဲ့သို့ နှလုံးသားကို စိမ့်ယိုချမ်းမြေ့စေမည့်အချစ်နှင့် တွေ့ကြပါလျှင်လည်း အမူးအမေ့ ပျော်ကြဦးမည်ပါတကား။
သူတို့အကြောင်းကို တွေးရင်း ရင်ထဲတွင် ဟာကာ မျက်ရည်မှာ အလိုလို ဝိုင်း၍လာလေသည်။
ကျောင်းတက်ခေါင်းလောင်းထိုးလိုက်သည်ကိုပင် ဝမ်းသာ၍သွားမိသည်။ ကလေးများကို စိတ်ပါလက်ပါ စာသင်၍ရလာသောအခါ အလိုလို ပျော်၍လာပြန်သည်။
ညနေကျောင်းဆင်း၍ အိမ်ပြန်ရောက်လျှင်မူ ဧည့်သည်ယောက်ျားပျိုနှစ်ယောက်နှင့် ကြီးကြီးကို ဧည့်ခန်းတွင် တွေ့ရလေသည်။ ကျွန်မရောက်ရောက်ချင်း ကြီးကြီးသည် ဧည့်ခန်းကို ဆီးခေါ်၏။
"ဒါက ကြီးကြီးတူမကွယ့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိုက် ဆိုတာ .... ၊ သမီး ....သူတို့က မြေတိုင်းစာရေးကြီး ကိုခင်မောင်ရီ ဆိုတာပေါ့ကွယ့်၊ ဝယ်မယ့်မြေကွက်ကို မြေတိုင်းကြည့်မယ့်အကြောင်း မနက်က သမီးကိုတောင် မပြောလိုက်ရဘူး၊ ဟိုဘက်က ခြံသမားတွေက ဟောဒီ ကိုခင်မောင်ရီတို့ လာတုန်းလက်စနဲ့ ကြီးကြီးဝယ်မယ့်မြေကွက် တိုင်းကြည့်ပါဆိုလို့ တိုင်းကြည့်တယ်၊ အားလုံး ငါးမူးမပြည့်တတ်ဘူးနော်၊ နည်းနည်းပဲ လိုတယ် "
ကျွန်မသည် ကုလားထိုင်တစ်လုံးတွင် ဝင်၍ ထိုင်လိုက်၏။ မြေတိုင်းစာရေးနှစ်ယောက်မှာ ပြုံး၍ လေးစားစွာ ကျွန်မကို နှုတ်ဆက်ကြ၏။ ကြီးကြီး၏မျက်နှာမှာ သားဖြစ်သူ ရှာဖွေ၍ရသော ငွေလေးကို စုဆောင်းကာ မြေတစ်ကွက်ဝယ်လိုက်ရသောကြောင့် ကျေနပ်နှစ်သိမ့်ဟန် ပေါက်နေပေသည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ သူတို့က နွေကတည်းက ဖဲ့ရောင်းမယ့်အကြောင်း စကားပြောထားပါတယ်၊ ခုလို တိုင်းထွာပြီးရင် စာချုပ် မြေပုံကူးပြီး မှတ်ပုံတင်ဖို့ပဲ လိုတော့တာပေါ့ "
ကျွန်မကလည်း ဝမ်းသာအားရ ပြောလိုက်၏။
"နက်ဖြန်မှပဲ အတိအကျ အဆုံးသတ်ရပါ့မယ်၊ ဒီနေရာတဝိုက်က မြေပြန့်ကျယ်ကြီးလည်းဖြစ်ပြန်၊ မြေစျေးတွေ တက်လာတော့ ဘိုးဘွားပိုင်မြေကြီးတွေကို ခုမှ အကွက်ခွဲခွဲယူကြတော့ နည်းနည်းရှုပ်ချင်တယ်၊ ခု ဒီက ကြီးကြီးတို့ဝယ်တဲ့ မြေရှင်ရဲ့တောင်ဘက်စွန်းက မြေ နည်းနည်း စကားများနေလို့ လာတိုင်းရတာပါ။ တိုင်းရင်း ဒီကကြီးကြီးကိစ္စပါ အကြမ်းဆောင်ရွက်ပေးခဲ့တာပါ။ နက်ဖြန်ဆိုရင် ဝန်ထောက်ဆီက အမိန့်ရလာပါလိမ့်မယ်၊ ကျွန်တော်တို့ အသေအချာ တိုင်းပါ့မယ်၊ ဒီနားတစ်ဝိုက်မှာ ခဏခဏ မြေအတွက် စကားများရတယ်ဆရာမကြီး၊ အတွင်းဝန် ဦးထင်ပေါ်ဆိုတာကို သိမှာပေါ့၊ ဂွတ္တလစ်လမ်းမကျယ်ကြီးကလေ "
" သိတာပေါ့ မောင်ရင်ရယ်၊ အမျိုးလိုပါပဲ "
ကြီးကြီးက ကျွန်မ မဖြေခင် ဝင်၍ဖြေ၏။
" သူတို့တုန်းကဆို ကျွန်တော်တို့ မျက်နှာပူလိုက်ရတာ၊ အမှန်တော့ ဦးထင်ပေါ်က စဝယ်ကတည်းက ပါလာတဲ့ခြံစည်းရိုးအတိုင်း နေခဲ့တာပဲ၊ ဘာမှ မပြင်ဘူး၊ မနှစ်ကတော့ ဟိုတစ်ဖက်က ဝန်ထောက်ကတော် ဒေါ်တင်တင်ဦး ထင်တယ်၊ သူက သူ့မြေ တိုင်းမယ်ဆိုပြီး ကျွန်တော်တို့ ခေါ်တိုင်းတယ်၊ ကဲဗျာ သူ့မြေက ၁၀ ပေလောက် ကိုထင်ပေါ်အထဲ ပါနေတယ်၊ အဲဒီအပေါ်မှာ ကံ့ကော်ပင်တွေ စိုက်ထားလိုက်တာ စီလို့၊ အဲဒါ ဒီမင်းကတော်က ဦးထင်ပေါ်ကို ရန်တွေ့လိုက်တာဗျာ၊ ဒီမိန်းမဟာ ကတော်ဆိုတဲ့ဂုဏ်နဲ့ မလိုက်ပါဘူး၊ နှုတ်က တော်တော်သရမ်းတယ်၊ ဦးထင်ပေါ်ကို မြေသူခိုးတဲ့ဗျာ "
" အို "
ကျွန်မသည် ဦးဝင်းမောင်ကတော်မျက်နှာနှင့် ဦးထင်ပေါ်မျက်နှာကို ကွက်ခနဲ မြင်လိုက်သည်။
" အမှန်တော့ခင်ဗျာ၊ ဟိုတုန်းက ကမန်းကတန်း တိုင်းကြ၊ ယာယီသတ်မှတ်ကြနဲ့ ဒါမျိုးဟာ ဖြစ်တတ်တာပဲ၊ ဦးထင်ပေါ်ကလည်း မသိပါဘူး "
တစ်ယောက်က ဝင်၍ ပြောပြ၏။ ခင်မောင်ရီဆိုသူက ဆက်၍ပြောပြန်၏။
" အဲဒီ ဦးထင်ပေါ်ကလဲဗျာ၊ ပြုံးပြုံးလေးပဲ နားထောင်ပြီး နေတယ်၊ ကျွန်တော်တို့လည်း တိုင်းပြီးရော သူ့လူတွေခေါ်၊ ချက်ချင်း ခြံစည်းရိုး ဖျက်၊ နောက်ဆုတ်ပေးလိုက်ပါတယ်။ ဝန်ထောက်ကတော်ယောက်ျားကလဲ တောင်းပန်လိုက်တာ၊ ဒီလူနှစ်ယောက်ကြည့်ရတာ သဘောကောင်းပုံရတယ်။ ဟိုမိန်းမကဖြင့် ဘာတွေမှန်းမသိပါဘူး၊ အဖေသူခိုး သားသူခိုးနဲ့ ဆိုပြီး ရန်တွေ့နေတာပဲ "
" အေးကွယ့်၊ မိန်းကလေးကြည့်ရတာ ရန်တွေ့ကောင်းပုံပဲ၊ ကဲ ...ကဲ မြေပဲလိပ်လေး သုံးဆောင်ပါဦး "
ကြီးကြီးသည် ရေနွေးကြမ်းနှင့် မြေပဲလိပ်ကို ဧည့်သည်များအား ကျွေးနေပေသည်။
" ကဲ ကျွန်မကို ခွင့်ပြုပါဦး၊ အဝတ်လဲလိုက်ဦးမယ် "
" လဲပါ ...လဲပါ၊ ကိစ္စမရှိပါဘူး "
ကျွန်မသည် သူတို့အပါးမှ ခွာခဲ့၏။ အိမ်ပေါ်ရောက်၍ အဝတ်လဲစဉ် သူ့အကြောင်းကို စဉ်းစားမိပြန်သည်။ ဖိုးမောင်ထံမှ သတင်မကြားရသေးခင် ခုကြားရသော သတင်းမှာ အတော်ခိုင်လုံပေပြီ။ ဦးဝင်းမောင်ဇနီးမှာ ပဲခူးတွင် နေဖူးဟန်ရှိ၏။ ကိုထင်ပေါ်တို့အကြောင်းကို သိသောကြောင့်သာ' အဖေသူခိုး သားသူခိုး 'ဟု ရန်တွေ့ခြင်း ဖြစ်ရပေမည်။
ဘာမဟုတ်သည့် စကားလေးတစ်လုံးအတွက် ဝင်းမြင့်အောင် လူဖြစ်ရှုံးရချေပြီ။ ကိုထင်ပေါ်ဆိုသည့်လူကလည်း မထိလိုက်နှင့်၊ ထိလျှင် ကိုက်လိုက်မည်ဆိုသည့် မြွေပွေးလိုလူပါတကား။
ခုတင်ပေါ် ပစ်လှဲလိုက်ကာ အသက်ကို ပြင်းစွာ ရှူရှိုက်လိုက်မိ၏။ ကျွန်မထင်သည့်အတိုင်း တကယ်ပင် ကိုထင်ပေါ်သည် မြင်းအား အဆိပ်ရွက်ကျွေးခြင်းကြောင့် ယခုလိုဖြစ်ခဲ့လျှင် အတော်ရုပ်ဆိုး၍ ရက်စက်သောအကြောင်းပင်ဖြစ်သည်။ သူတို့လူကြီးချင်း ရန်ငြိုးဖွဲ့ကြသည်နှင့် အပြစ်မဲ့သောကလေးငယ်ခံရသည့်အဖြစ်ကလည်း အတော်ရက်စက်၍ ကရုဏာကင်းသောအပြုအမူ လူမဆန်သောအပြုအမူဖြစ်ပေသည်။
ထိုမျှ ကရုဏာကင်းမဲ့သော မတရားမှုများကို သိလျက်နှင့် မဆိုင်၍ လျစ်လျူရှုခဲ့ပါလျှင် ကျွန်မကော တရားပါမည်လား။ လျစ်လျူမရှုဘူး ဆိုငြားအံ့၊ ကျွန်မက ဘာများတတ်နိုင်ပါမည်နည်း။
ကာယကံရှင်များက ထိုကိစ္စနှင့်ပတ်သက်၍ ကိုထင်ပေါ့်ကို သံသယမဖြစ်ကြ။
မြင်းကလေးပင် စိတ်ရူးပေါက် ပြေးလွှားကာ ရေကန်ထဲသို့ ဆင်းသွားသောကြောင့် ရေနစ်သေပြီဟု သိရသည်။ ဘယ်သူကမှ ထိုမြင်းသေကို ခွဲစိတ်၍ အဆိပ်မိ မမိ ရှာဖွေဖို့ သတိပြုကြမည်မဟုတ်။ ယခုလောက်ဆိုလျှင် မြေကြီးထဲတွင် ဆွေးမြေ့စ ပြုနေပေပြီ။ အခြေအနေသည် ဝင်းမြင့်အောင် ခံလိုက်ရသည်ကလွဲ၍ အားလုံးငြိမ်သက်ကာ နေသားတကျ ဖြစ်နေပေပြီ။ ဒါကို ကျွန်မက အစပြန်ဖော်ရမည်မှာ ပထမ အတော်သတ္တိရှိဖို့လိုသည်။ ဒုတိယ ကျိုးကြောင်းပြ မှန်ကန်ဖို့နှင့် သက်သေအထောက်အထား ခိုင်လုံဖို့လိုသည်။ ကျွန်မစိတ်ကူးတစ်ခုတည်းနှင့်ဆိုလျှင် လူများကပင် ဝိုင်းရယ်ကြပေဦးမည်။
သို့သော် အကြောင်းတစ်ခုကို ထပ်မံစဉ်းစားမိသည်မှာ ကိုထင်ပေါ်ကို ဗြောင် ဖွင့်မေးမည်။ ကိုထင်ပေါ်က ဖွင့်ဟ ဝန်ခံခဲ့ပါလျှင် နောင် ယခုကဲ့သို့ မေတ္တာစိတ်ကင်းမဲ့လွန်းသော လက်စားချေမှုများကို မပြုလုပ်ရန် မေတ္တာရပ်ခံဖို့ကလွဲ၍ ကျွန်မအဖို့ မတတ်နိုင်တော့ပေ။
တင်းမာနေသော အရေးအခင်းများကို အားနွဲ့သူတစ်ယောက်အနေဖြင့် လျော့ပါးအောင် စွက်ဖက်လုပ်ဆောင်ရမည့်နည်းမှာ မေတ္တာရပ်ခံခြင်းကလွဲ၍ ဘာမှမရှိပေ။ လက်ပိုက်ကြည့်နေဖို့ဆိုသည်က အတော်ပင် စိတ်မသက်သာဖွယ်ဖြစ်သည်။ ကိစ္စတစ်ခုသည် မတရားသဖြင့် ဖြစ်နေသည်၊ အနိုင်ကျင့်ခံနေရသည်ကို သိလျက်နှင့် ကြည့်နေသူသည် အတော်သတ္တိနည်းသူဟု ကျွန်မ ထင်ပေသည်။
ကျွန်မကကော မည်မျှ သတ္တိရှိပါသနည်းဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လျှင် သာမာန်မိန်းမတို့ထက်ပင် ကြောက်စိတ်များသောသူဖြစ်ပေသည်။ ဒါကြောင့် ခရုလေးလိုပင် ကိုယ့်ကမ္ဘာကျဉ်းကျဉ်းလေးထဲတွင် ကိုယ်တစ်ယောက်တည်း နေခဲ့ပေသည်။ လက်ထပ်ရေးသည်ပင်လျှင် စွန့်စားခန်းတစ်ခုဟု ထင်သောကြောင့် မစွန့်စားရဲ၍ အပျိုကြီးဘဝထိ နေလာခဲ့လေသည်။ အကယ်၍များ အခြေအနေက တောင်းဆိုလာလျှင်တော့ ကျွန်မသည် သူရဲကောင်းကြီးများ ဖြစ်လာလေမည်လားမသိပေ။
* * * * *
ညစာစားပြီးချိန်တွင် ကြီးကြီး ညနေက သူတို့အကြမ်းဖျင်းတိုင်းခဲ့သော မြေကြီးကို လိုက်ကြည့်ရန် ခေါ်သည်။ ခြံမြေမှာ တစ်စပ်တည်းဖြစ်ကာ အိမ်၏ဘယ်ဘက်တွင်ရှိ၍ စည်းရိုးမလွယ်ပေါက်မှ တူဝရီးနှစ်ယောက် ထွက်လာခဲ့ကြ၏။
မြေသည် ဧကဝက်မပြည့်တတ်သော်လည်း အဆောက်အအုံမရှိသောကြောင့် အကျယ်အဝန်းကို မမှန်းဆတတ်ပေ။ ယခုလို မိုးဦးတွင် ထပ်မံစိုက်ပျိုးထားခြင်းမရှိသော်လည်း ကုန်ခဲ့သောဆောင်းက မျိုးစေ့များ ကြွင်းကျန်ရစ်ဟန်တူ၏။ ချဉ်ပေါင်၊ ရွှေဒင်္ဂါး၊ သာလိကာမျက်စိပန်းကလေးများသည် မြောင်းအလိုက် ကြိုးတိုးကျဲတဲ ပေါက်နေကြသည်။
တစ်ဖက်တွင်မူ မြေကိုဖဲ့၍ရောင်းလိုက်သော ယာသမားတို့၏စိုက်ခင်းသည် ဖြိုးဖြိုးဝေလျက်ရှိပေ၏။ သစ္စာပန်းပင်တို့ပင် အညွန့်ဝါလေးများ ထိုးထိုးထောင်ထောင်နှင့် ထွက်စပြုနေပေပြီ။ နှင်းဆီပန်းများကလည်း အနီတစ်ကန့် ဖြူတစ်ကန့်နှင့် အရောင်ချင်း ယှက်ကာ တိမ်တောင်ကြားမှ နေခြည်ပါးကို မျှော်လင့်ဟန်ရှိပေသည်။ ယာသမား၏ဇနီးသည် ခြင်တောင်းငယ်တစ်ခုနှင့် စံပယ်ဖူးများကို ခူးဆွတ်လျက်ရှိသည်။ ယခုညတွင် သီထား၍ နံနက်တွင် စျေးပို့ရပေမည်။ ဇိမ်ခံရန် အလှစိုက်ပျိုးခြင်း မဟုတ်သော်လည်း ပန်းခင်းမှာ ကျက်သရေရှိနေပေသည်။
ကျွန်မမောင်လေး၏ခြံစပ်တွင် ငွေပန်းရုံတစ်ရုံသည် အစွမ်းကုန် ပွင့်၍နေလေသည်။ ကျွန်မသည် အလွန်ပင် ပျော်ရွှင်သွားမိ၏။ ငွေပန်း၏သင်းသောရနံ့ကို ဖြည်းညင်းစွာ ရှူရှိုက်လိုက်မိ၏။ ငွေပန်းရနံ့တို့ဖြင့် သင်းပျံ့သော ဘုရားဂူကျောင်းတွင် သစ္စာတိုင်ဟန်၊ မောင်က မယ့်ကို ငွေပန်းတို့ဖြင့် ဆံခွေတွင် ဆင်သစေဟန် ဖွဲ့နွဲ့သီကုံးခဲ့သော လက်ဝဲသုန္ဒရအမတ်ကြီး၏ကဗျာများကို သင်ကြားရတိုင်း ငွေပန်းကို ကျွန်မ တမ်းတမိ၏။ မြတ်နိုးမိ၏။ ခု ဆရာမဘဝတွင် ကလေးတို့အား ပြန်လည်ပို့ချ သင်ကြားရသောအခါ ကျွန်မသည် ငွေပန်းကို ပိတောက်ထက်ပင် ဖွဲ့နွဲ့၍ သင်ကြားမိပေသည်။
ကျွန်မသည် ငွေပန်းများကို တစ်ပွင့်စီ ခူးလိုက်၏။
" ဒီညတော့ သမီးရဲ့မောင်လေးဆီ စာရေးပါဦး "
ပန်းများနှင့် မွေ့နေ၍ ကြီးကြီးကို ကျွန်မ မေ့နေပေသည်။ သူသည်လည်း မြေသစ်ကို ရသောပီတိဖြင့် ရွှင်လန်းနှစ်သိမ့်နေဟန်ရှိ၏။
" သိလား၊ သေသေချာချာ ရေးပါကွယ်၊ သားမွေးနေ့မှာ မေမေက လက်ဆောင်ပေးတာလို့၊ ဒီမြေဖိုးထဲမှာ သား လစဉ် ပို့ပေးတဲ့ငွေလဲ စုပြီးထည့်ဝယ်တဲ့အကြောင်းလဲ သူ ဝမ်းသာအောင် ရေးပါကွယ်၊ ပြီးတော့ လောပီတဘက်မှာ သစ်ခွပန်းတွေလည်း မျိုးစုံရှိတတ်တော့ ရသမျှ ဝယ်ခဲ့ပါလို့၊ ခြံမှာတော့ သီးပင်စားပင်ပဲ စိုက်ထားနှင့်မယ့်အကြောင်း ထည့်ရေးနော်၊ သားက ဒီစာဖတ်ပြီး ဝမ်းသာရှာမှာပဲ "
သူ့အတွေးနှင့်သူ ပြုံးပြုံးလေးပြောကာ ခပ်လှမ်းလှမ်းသို့ လျှောက်သွားပြန်သည်။
ကျွန်မသည် ငွေပန်းများကို ကိုင်ကာ ဝမ်းနည်း၍ သွားပေသည်။ အမေရှိသည်ဆိုသည်မှာ ကိစ္စအားလုံးပြီးသည်နှင့် တူ၏။ မွေးနေ့သို့တိုင်လျှင် အမေပေးသော လက်ဆောင်ထက် ဘယ်လက်ဆောင်သည် ပို၍မွန်မြတ်ပါမည်နည်း။ သားအတွက် အမေက အားလုံးလိုလို ပြင်ဆင်ထား၏။
ကျွန်မသာ 'က' မှ 'အ'အထိ ကိုယ့်ဖာသာ ပြင်ဆင်ရသည်။ မော၍မှ နားစရာအမေ့ရင်ခွင် မရှိခဲ့။ ကျွန်မမွေးနေ့တွင် အမေ့လက်ဆောင်ကို မျှော်မှန်းနေ၍လည်း မဖြစ်ပေ။ မေမေနှင့် ကွေကွင်းရခြင်းမှာ မိုးရေနှင့်ကင်းရသော ပန်းပွင့်လို ပွင့်သာပွင့်ရသော်လည်း စိုပြည်ခြင်း ကင်းရသည်တကား။
" ဟော ...ခြံထဲကို ကားတစ်စင်း ဝင်လာတယ်၊ မောင်ထင်ပေါ့်ကားပါလား၊ လာ .... လာ ...သမီး၊ သွားတွေ့ရအောင် "
ကြီးကြီးသည် ခြံဘက်သို့ ရေးကြီးသုတ်ပျာ ရှေ့က ထွက်သွားနှင့်၏။ ကျွန်မသည် ခပ်ဖြည်းဖြည်းပင် ပန်းများကို ကိုင်ကာ လိုက်ပါလာသည်။ ကျွန်မ၏ခြံစပ်သို့ အရောက်တွင် ကားမှာ ဆင်ဝင်အောက်သို့ ရောက်၍နေပေပြီ။ သို့သော် ကားပေါ်မှ ဆင်းလာသူမှာ ဦးထင်ပေါ်မဟုတ်ဘဲ မိန်းမကြီးတစ်ယောက်ဖြစ်၏။
သူသည် အဝေးကြီးကပင် ကြီးကြီးကို ကျယ်ကျယ်လောင်လောင် ရင်းရင်းနှီးနှီး နှုတ်ဆက်၏။
" ဘယ့်နှယ့်လဲ ဒေါ်ခင်မ၊ နေလို့ကောင်းရဲ့လား၊ ကျွန်မကိုများ မှတ်မိသေးရဲ့လား "
ကြီကြီးသည် ပြေးမတတ် သူ့အနားသို့ တိုးကပ်သွားကာ ဖက်လဲတကင်း နှုတ်ဆက်ကြသည်။ ကျွန်မသည် အနားသို့ရောက်သွားမှ ထိုအမျိုးသမီးကြီးကို မှတ်မိတော့သည်။
" ဒေါ်ဒေါ် ....ဒေါ်ရွှေခင် "
ကျွန်မက သူ့နာမည်ကို ဖွင့်၍ခေါ်လိုက်၏။
" အမလေး ငါ့တူမကြီး မခင်သိုက် မာရဲ့နော်၊ ခုလိုပြန်တွေ့ရတာ ဝမ်းသာပါသကွယ်။ မင့်အမေဆုံးပြီး အိမ်ကြီးကို ရောင်းသွားတာတွေ၊ တခြားကို ပြောင်းသွားတာတွေ သတင်းသာကြားရတယ်။ မိန်းကလေး ဘယ်ရောက်သွားတယ်လို့လဲ မသိရ၊ ဒေါ်ဒေါ် ပဲခူးမှာ စုံစမ်းတော့ ဒေါ်ခင်မ မင်းနဲ့လိုက်နေတာသာ သိရတာပဲ၊ စိတ်နည်းနည်းအေးပေမယ့် ဘယ်စိတ်ကောင်းပါ့မလဲကွယ်၊ ခုလို ပြန်ထူလာတာ ဒေါ်ဒေါ် အများကြီး ဝမ်းသာပါတယ်၊ မိဘ ...မိဘ အင်မတန် ခိုကိုးရပါတယ်ကွယ် "
ဒေါ်ရွှေခင်သည် သူ့တူ ဦးထင်ပေါ်လိုပင် စကားကို ရွှန်းရွှန်းဝေအောင် လှလှပပ ပြောတတ်၏။ ကြီကြီးက သူ့ကို ဧည့်ခန်းသို့ ခေါ်သွားသောအခါတွင် သူသည် နောက်ချန်ရစ်ကာ ကျွန်မပခုံးကို ဖက်၍ လိုက်ခဲ့လေသည်။
ဧည့်ခန်းထဲတွင်လည်း မေမေ့တစ်ခေတ်တွင် ရွှေထီးဆောင်းခဲ့ဖူးသော ကျွန်မတို့ဘဝကို သူက တခမ်းတနား ပြန်၍ ဖော်နေပြန်သည်။ ကြီးကြီးကမူ မချိန်အား လက်ဖက်သုပ်ခိုင်း၊ ငါးခြောက်ဖုတ်ခိုင်း၊ ရေနွေးကြမ်း ကော်ဖီတွေ ပြင်ခိုင်းလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
" ဒေါ်ဒေါ်လည်း ပဲခူးပြောင်းပြီး မောင်ထင်ပေါ့်အဖေလက်ငုတ်ကို ဆက်လုပ်နေရင်း မိန်းကလေးတို့နဲ့ အဆက်ပြတ်သွားတယ်၊ ခုလဲ သူ့မွေးနေ့မှာ သူ့အမေ၊ သူ့မိထွေး၊ သူ့အဖေအတွက် ဆွမ်းကျွေးချင်သတဲ့။ ညပိုင်းမတော့ သူ့မိတ်ဆွေတွေကို ပါတီပေးချင်လို့ ဒေါ်ဒေါ် လာခဲ့ပါ ဆိုလို့ လာရတာ၊ ဒီကျတော့ မင်းတို့အကြောင်းပြောပြလို့ ဝမ်းသာလိုက်တာ၊ သူ ရုံးက ဆင်းဆင်းချင်း ဒေါ်ဒေါ် ကားယူထွက်လာတာ "
ကျွန်မက ပြုံး၍ သူ့စကားကို ခေါင်းတညိတ်ညိတ် နားထောင်နေ၏။
" ဒါနဲ့ မိန်းကလေးက ဘာလို့ အိမ်ထောင်မပြုသေးလဲကွယ် "
" ကြောက်လို့ပေါ့"ဟု ကျွန်မက လေသံအေးအေးနှင့် ဖြေလိုက်သောအခါတွင်မူ သူသည် ဟက်ဟက်ပက်ပက် ရယ်၍နေတော့သည်။ ကြီးကြီးကမူ မချိန်လာချပေးသောရေနွေးကြမ်းကို ပန်းကန်စေ့ ငှဲ့ပေးနေသည်။
" ပုစွန်ခြောက်က ချိုချိုနဲ့ လက်ဖက်သုပ်ကို အားရပါးရ စားစမ်းပါ မရွှေခင်၊ ငါတို့မလဲ ဘက်တွေမရှိကြတော့ နေရတာ အားမရှိဘူးနော်၊ စကားပြောရတာလဲ အရသာမရှိဘူးကွယ့် "
သူတို့နှစ်ယောက်သည် သားအကြောင်း သမီးအကြောင်း အားရပါးရပြောနေရာမှ_
" မိန်းကလေးရဲ့မောင်ကိုလဲ မဆုံးမတော့ဘူးလားကွယ်၊ မမြမေနဲ့ ပြန်ပေါင်းဖို့ကို "
သူသည် ကျွန်မဘက်ကို လှည့်၍ စကားဆိုပြန်သည်။
" ကျွန်မက သာပြီး ပြန်ပေါင်းစေချင်တာပေါ့ "
" အေးကွယ်၊ ဒေါ်ဒေါ်ဖြင့် တစ်မြို့ထဲနေရတော့ မမြမေကို မြင်ရတိုင်း မျက်နှာပူပါတယ်၊ ဘယ်လိုပဲ ဖျောင်းဖျပေမယ့် သူငယ်က တယ် ဇွတ်တရွတ်နိုင်တာကိုး၊ ခုလို ကြာကြာနေရင် သူ ပျက်စီးမှာ စိုးရတယ်၊ ရောက်စညကလဲ ဒေါ်ဒေါ်တော့ ခရီးရောက်မဆိုက် ဒီအကြောင်းတွေ ပြောပြတာပဲ "
သူသည် လက်ဖက်ရိုးတစ်ရိုးကို သေသေချာချာရွေး၍ ဝါးနေပြန်သည်။ သူ့မျက်နှာကျသည် ကိုထင်ပေါ်နှင့် ဆင်သော်လည်း နှာတံကျပုံမှာ သွယ်သွယ်မြင့်မြင့်ဖြစ်၍ ကိုထင်ပေါ်ထက် လှပေသည်။
"ဒေါ်ဒေါ်က စိတ်ပြတ်ရင်လည်း တခြားမိန်းမတစ်ယောက်ကို အတည်တကျယူဖို့ ပြောပါတယ်၊ သူ တကယ်ချစ်တာတော့ ရှိတယ်တဲ့၊ အဲဒါပဲ ပြောတာပဲ "
" ဟင် မမြမေကိုတော့ တကယ်မချစ်ဘူးပေါ့လေ၊ ဒါနဲ့များ ကလေး ၈ယောက်ရအောင် ပေါင်းရသေးလား "
ကျွန်မသည် ခပ်သွက်သွက်ပင် ပြောလိုက်မိ၏။
" အေးပါကွယ်၊ ဒီသူငယ့်စိတ်ဟာ အင်မတန် သိရခက်တဲ့စိတ်ပဲ၊ ဒါနဲ့ ရှေ့အပတ် စနေဟာ သူ့မွေးနေ့ပဲ၊ မနက်ပိုင်းရော ညနေရော ဒေါ်ခင်မတို့နှစ်ယောက်လုံး လာပါ၊ ရိုးရိုးလာဖို့မဟုတ်ဘူး၊ တစ်ခါတည်း အိမ်သားအဖြစ် ဧည့်ခံပေးကြပါ၊ ည ပါတီပွဲမှာ လူ ၅၀ လောက်ပဲ ဖိတ်တယ်၊ မနက် ဆွမ်းကျွေးတော့ ဘယ်သူ့မှမဖိတ်ဘူး၊ ဘုန်းကြီးအပါး ၃၉ ပါး ပင့်ထားတယ် "
" မနက်ဘက် ကျောင်းအစည်းဝေးရှိတယ် ဒေါ်ဒေါ်ခင်၊ ကျွန်မတော့ လာနိုင်မယ်မထင်ဘူး "
" ကိစ္စမရှိဘူး၊ ဒေါ်ခင်မ လာနေပါ၊ ညနေဘက်သာ စောစောလာပါ၊ မိန်းကလေးမောင်ကြီးကလည်း သေသေချာချာ ဖိတ်ပါတဲ့၊ သူကိုယ်တိုင် လာခေါ်ပါမတဲ့၊ ခုတစ်လော သူ အလုပ်များနေပုံရတယ် "
" အေး ......အေး ၊ ဟုတ်လိမ့်မယ်၊ အိမ်မလာတာတောင် ကြာသွားပြီနော် "
" နေပါစေ၊ ဒေါ်ဒေါ်ခင့်တူကို ပြောလိုက်ပါ၊ ကျွန်မကားနဲ့ပဲ လာခဲ့ပါ့မယ်လို့"
"ပြည်လမ်းတုန်းကလို အိမ်ချင်းမကပ်ပေမယ့် ခုလို နီးနီးစပ်စပ် သိုက်သိုက်ဝန်းဝန်းဖြစ်ရတာ သိပ်ဝမ်းသာတာပဲ၊ ဘာမဆို အသစ်လုပ်ပြီး မပြောတော့ပါဘူး၊ ဆိုစရာရှိ ဆို၊ ပြောစရာရှိ ပြောပါ ဒေါ်ခင်မရယ်၊ မိန်းကလေးကလည်း တတ်နိုင်သလောက် မင်းမောင်ကို ထိန်းပါကွယ် "
ကျွန်မသည် သူ့စကားကို မဲ့ပြုံးပြုံးကာ နားထောင်၍နေလိုက်လေသည်။
အဘွားကြီးနှစ်ယောက်သည် မြန်မာမိသားစုထုံးစံအတိုင်း သင်္ခါရကို မြင်သော်လည်း တရားမကျင့်နိုင်သေးကြောင်း၊ သံယောဇဉ်တွေအတွက် ပူပန်သေးကြောင်း စကားစကြပြန်လေသည်။
ဆက်ရန်
------------------------------------------
0 Comments