ပန်းများကို ပွင့်စေသူ -ခင်နှင်းယု အပိုင်း (၆)

ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
_______________________

အပိုင်း (၆)

နံနက်တွင်မူ တစ်ကိုယ်လုံး နွမ်းပျော့၍ နေပေသည်။ မျက်နှာသစ်ပြီးသော်လည်း အောက်ထပ်သို့ မဆင်းသေးဘဲ ခုတင်ပေါ်တွင် လှဲမြဲလှဲ၍ နေပေသည်။ 

ထိုနေ့နံနက်တွင် ရာသီဥတု သွေ့ခြောက်သဖြင့် ကောင်းကင်ပြာတွင်လည်း စွန်များ ပျံဝဲ၍နေကြပေသည်။ ပြတင်းအပြင်တွင် သရက်ပင်ထိပ်ဖျားသည် ဝါတစ်ကွက် စိမ်းတစ်ကွက် ဖြစ်နေပေသည်။ မိုးတစ်ဖြိုက်ကြောင့် စိမ်းရမလို နွေနှောင်းသည်ကြောင့် ဝါရမလို ဖြစ်နေကြဟန်ရှိပေသည်။

အခန်းထဲသို့ ကြီးကြီးနှင့်မချိန်သည် အတူတူ ဝင်လာကြ၏။ 

" သမီး ...နေမကောင်းဘူးလား"

ကြီးကြီးသည် ကျွန်မနဖူးပေါ်သို့ လက်တင်၍ မေးနေသည်။

" ညက တစ်ညလုံးလိုလို အိပ်မရဘူး၊ ကလေးမျက်နှာကို မြင်ပြီး လန့်နေတယ် "

ကိုထင်ပေါ်ကြောင့် အိပ်မရကြောင်းကိုမူ ဘာဖြစ်၍မှန်းမသိ ကြီးကြီးအား ဖွင့်ဟ မပြောမိပေ။ 

" သွား ....သွား မချိန်၊ နို့တစ်ခွက် ယူလာခဲ့၊ နို့သောက်ပြီး တစ်ရေးအိပ်လိုက်ရင် လန်းသွားမှာပဲ၊ ဖျားတာမှ မဟုတ်ဘဲ "

မချိန် နို့သွားယူရန် ထွက်သွားပြီး ချက်ချင်းလို ပြန်တက်လာသည်။ လက်ထဲတွင်မူ နို့ခွက် မပါသေးပေ။ 

" ကြီးကြီး အောက်မှာ ဧည့်သည်ရောက်နေလို့ လာခေါ်တာပါ၊ ကျွန်မ နို့သွားယူဦးမယ်"

ကြီးပြီးသည် မချိန်နှင့်အတူ ထွက်၍သွားပြန်၏။ မချိန် နို့ယူလာချိန်တွင် ကျွန်မသည် ကုန်အောင် သောက်ပစ်လိုက်၏။ ဧည့်သည် မည်သူဖြစ်သည်ကို မေးလိုက်လျှင် ဒီကို လာနေကျလူ ဟူ၍သာ မချိန်က ဖြေလေသည်။ 

" လာနေကျ ဘယ်သူများပါလိမ့်"

သိချင်စိတ် များနေရာမှ သူများလားဟူ၍ ထိတ်သွားပြန်သည်။ ခုတလော သူသည် ခဏခဏ လာလွန်းနေသည်။ စိတ်ထဲမှာ သူ၏သွားလာဝင်ထွက်ခြင်းကို မကြိုက်သလို ကြောက်သလို ဖြစ်၍နေပေသည်။ နို့သောက်ပြီး ခဏလှဲနေစဉ် ကြီးကြီး ပြန်၍ဝင်လာသည်။ 

" မောင်ထင်ပေါ်ရယ် .... ကလေးအကြောင်း လာပြောတယ်၊ ခြေထောက်နှစ်ဖက်စလုံးကို ပလာစတာ ကိုင်ထားရတယ်တဲ့၊ ကျောရိုးမကြီးကို ထိခိုက်သွားလို့ လူစဉ်မှီဖို့တော့ ခဲယဉ်းတယ်၊ တဖြည်းဖြည်း အောက်ပိုင်း သေတတ်သတဲ့ "

ကျွန်မထင်သည့်အတိုင်းပင် သူမှ သူအစစ် ဖြစ်နေသည်။ ကလေးအကြောင်းလောက်နှင့်တော့ တကူးတကန့် လာစရာမလိုပေ။ ကျွန်မတို့ ညနေစောင်း ဆေးရုံသွားလျှင် တွေ့ရမည်ဖြစ်သည်။ 

" ပြီးတော့ ညစာ လာစားဖို့ပါ ဖိတ်သွားတယ်၊ သူ့ခြံကိုလဲ ကြီးကြီးကို ပြချင်လို့တဲ့၊ သမီးလဲ ညနေလိုက်ခဲ့ပါ ဆိုလို့ လိုက်နိုင်မယ်လို့ ကြီးကြီး ပြောခဲ့တယ်၊ စောစော ညစာစားပြီး ဆေးရုံဆက်သွားတာပေါ့၊ ကလေး အခြေအနေကောင်းရင် ပိုက်ဆံခန်းကို ပြောင်းထားဖို့ စီစဉ်ထားသတဲ့ "

ကျွန်မသည် ညနေတွင် လိုက်သွားရန် စိတ်မပါပေ။ သို့သော် ကြီးကြီးကို မလိုက်လိုဟူ၍လဲ မငြင်းဆန်မိပေ။ 

" သူက မုန်းစရာကြီးလိုပဲ၊ သူနဲ့ တူတူလဲ ဆေးရုံ မသွားချင်ပါဘူး "

" လူတစ်ယောက်ကို မမုန်းကောင်းဘူး မိန်းကလေးရဲ့ "

" ဒီလူဟာ လူတွေအများကြီးကို အန္တရာယ်ပြုခဲ့တော့ သူ့ကို ပေါင်းရသင်းရတာ တထိတ်ထိတ် "

" အေး ...အေး ...၊ မိတ်ဆွေဆိုတာက အထိုက်အလျောက် ပေါင်းသင်းရသပေါ့၊ တချို့ဆို ဘိန်းစားတို့ လူဆိုးတို့တောင် လက်သပ်မွေးထားရသေးတာပဲ "

" တော်ကြာ သရဲမွေးသလို ကိုယ်က နိုင်ရင်နိုင်၊ မနိုင်ရင် သူတို့က ပြန်စားသွားမှဖြင့် ..."

" ဘာတွေပြောနေတာလဲ မိန်းကလေးရဲ့၊ အိပ်စမ်းပါ "

ကြီးကြီးသည် စောင် ဆွဲ၍ ခြုံပေးမှ ကျွန်မသည် မျက်လုံးကို မှေး၍ ထားလိုက်တော့သည်။ 

ညနေ ၃နာရီခန့် အိပ်ရာမှ နိုးလာသောအခါ ပေါ့ပါး လန်းဆတ်၍ နေပေသည်။ ရေချိုးပြီးလျှင် ရွှင်၍လာလေသည်။ ကြီးကြီးသည်ပင် ထမင်းစား သွားရန်အတွက် ပြင်ဆင်ပြီးနေပေပြီ။ 

ကျွန်မသည် ကျောင်းနေစဉ်က ဝတ်ခဲ့သော အလွန်ပင် အဆင်ရိုး၍ ရှေးကျလှပြီဖြစ်သည့် လုံချည်တစ်ထည်ကို တမင် ရွေး၍ ထုတ်သည်။ ထိုလုံချည်ကို ငယ်စဉ်က ကျွန်မတို့သုံးယောက် ဆင်တူတိုက်၍ ဝတ်ခဲ့ကြသည်။ မဝတ်သည်မှာ အချိန်ကြာမြင့်ပြီဖြစ်၍ ရိုးသာရိုးနေသော်လည်း ဟောင်းနွမ်းခြင်း မရှိသေးပေ။ နက်ပြာရွှေတောင် ဗြောင်အပေါ်တွင် နှင်းဆီဖူးအဖြူသေးသေး နှစ်ဖူးစီကို တစ်ထွာခန့် ချဲ၍ ပိုးချည်များနှင့် ထိုးထားသော လုံချည်ဖြစ်ပေသည်။ 

ကြီးကြီးသည် သူ့အခန်းမှ ကူးလာကာ "အောင်မယ် ဒီလုံချည်များ ဝတ်သေးတယ်ဟယ်၊ ရိုးတာကြီး "ဟု မဲ့ပြုံးပြုံးကာ ပြောလိုက်၏။

" အို ဘယ်သွားတာလိုက်လို့၊ သူ့များ ဘာအထူးပြုစရာလိုလဲ"

ကျွန်မက လုံချည်ကို ပြင်ဝတ်ရင်း ပြန်ပြောလိုက်၏။ ကြီးကြီးကမူ သူ့ရှေးထုံးစံအတိုင်း ပန်းနွယ်များ စိုက်ထားသော ဂျော့ဂျက်ပုဝါကြီးကို ခြုံ၍ထား၏။ ကြက်သွေးရောင်ဇင်းမယ်လုံချည်ကြီးနှင့် အထူးပြင်ဆင်ထားဟန်ရှိပေသည်။ 

၄နာရီလောက်တွင် သူကိုယ်တိုင် ကားမောင်း၍ လာလေသည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းပင်_
" တစ်နာရီ ခြံထဲ ကြည့်၊ ၅နာရီ ထမင်းစား၊ ၆နာရီ ဆေးရုံ သွားကြတာပေါ့ "

သူသည် လက်ပတ်နာရီကို မြောက်ကာ သူ စီမံထားသော အစီအစဉ်ကို ဆို၏။ ကျွန်မသည် ပြုံးရုံသာ ပြုံးနေကာ ဘာတစ်လုံးမျှ ပြန်မပြောပေ။ 

" ဦးဝင်းမောင်ကတော့ ပြောသွားတယ်၊ ကလေး အခြေအနေကောင်းရင် အထူးခန်း ၃၉ ကို ပြောင်းထားမတဲ့၊ မကောင်းရင် ဟိုဘက်မှာပဲ ထားဦးမယ်၊ သွားကြည့်ရင် သိမှာပါပဲလေ "

သူ့တစ်ယောက်တည်း ဆက်၍ ပြောနေ၏။ 

"အေး ...အေး ...၊ ကလေးတော့ သတိရလာပြီလား "

" ရပြီတဲ့ခင်ဗျ၊ တကယ်တော့ တွေးကြည့်ရင် အင်မတန် ကြက်သီးထစရာကောင်းတဲ့ ဒဏ်ရာပဲ၊ ကဲ ...သွားကြစို့လား "

သူက အရင်ဆုံး ထလိုက်၏။ ကြီးကြီးကလဲ "အေး ...အေး ..."ဟု ဆိုကာ နောက်မှ လိုက်၍ သွားသည်။ ကားပေါ်ထိုင်သည်အထိ ကျွန်မသည် စကားဆိုရန် နှုတ်နှေး၍ နေပေသည်။ သူကတော့ ကလေးအကြောင်းပြောစဉ်က မျက်နှာညိုသွားသည်မှတစ်ပါး အလွန်ရွှင်ပျ ပေါ့ပါးနေဟန် ပေါက်ပေသည်။ ဗန်ကောက်လုံချည် ရေညှိရောင်နှင့် ပိုပျော့ အဝါနု ရှပ်အင်္ကျီကို သပ်သပ်ယပ်ယပ် ဝတ်၍ထားပေသည်။ မော်တော်ကားကို မောင်းနေစဉ် စတီရာရင်ကို ကိုင်ထားသော သူ့ညာလက် လက်ခလယ်တွင် အင်မတန် နက်၍ တောက်ပသော စိန်နက် ၃ရတီခန့် တစ်လုံးတည်း ဝတ်၍ထားလေသည်။ ဘာကြောင့် ညာဘက်လက်ခလယ်တွင် ရွေးချယ်၍ဝတ်ထားမှန်း မသိပေ။ 

ကျွန်မတို့အိမ်မှာ ကုက္ကိုင်းလမ်းပေါ်တွင်ရှိ၍ ကမ္ဘာအေးဘက်နီးသောကြောင့် ဂွတ္တလစ်လမ်းသို့ ကားပြန်တက်မောင်းလာသောအချိန်မှာ မကြာလှပေ။ သူတို့ခြံထဲသို့ ကားဝင်၍ ဆင်ဝင်အောက် ရပ်လိုက်လျှင် လူတစ်ယောက်က ကားတံခါး လာ၍ဖွင့်ပေး၏။ 

"ကဲ အိမ်ထဲ မဝင်သေးဘဲ မြက်ခင်းပေါ် ထိုင်ကြရအောင်၊ ခြံထဲ ကြည့်ပြီးမှ ဝင်တာပေါ့ "

သူသည် ကျွန်မတို့နှစ်ယောက်အား တောင်ဘက်မြက်ခင်းပေါ်သို့ ခေါ်၍လာသည်။ မြက်ခင်းပေါ်တွင် ခရုယပ်တောင်လေးများသဏ္ဌန်အတိုင်း ထိုးထားသည့် ကြိမ်ကုလားထိုင်သုံးလုံးနှင့် စားပွဲတစ်လုံးကို တွေ့ရသည်။ ခြံသည် အလွန်ကျယ်ဝန်းသည်ဟု ဆိုရမည်။ အကျယ်မှာ ပေနှစ်ရာ နီးနီးခန့်ရှိ၍ နောက်သို့မူ အတော်ရှည်လျားဟန်ရှိပေသည်။ သရက်ပင်အုပ်များ နောက်ပိုင်းတွင် ခံနေ၍ နောက်ဘက်ခြံစည်းရိုးကို မမြင်ရပေ၊ ထူးဆန်းသည်မှာ အိမ်ကို ခြံလယ်တွင် မဆောက်ဘဲ အနောက်မြောက်ထောင့်သို့ ကပ်၍ဆောက်ထားသည်။ သို့သော် တိုက်၏အနောက်မြောက်ဘက်အစွန်းသည်လည်း စည်းရိုးနှင့်ကပ်မနေဘဲ သရက်ပင်အုပ်များက ကြားခံ၍ နေပေသည်။ 

ဦးဝင်းမောင်တို့အိမ်နှင့် ဝင်းချင်းသာ ကပ်နေသော်လည်း အိမ်ချင်းများမှာ အလှမ်းကွာလျက်ရှိ၏။ အိမ်နှစ်လုံးသည် အရှေ့ဘက်သို့ မျက်နှာပြုထားကြ၏။ ဦးဝင်းမောင်အိမ်သည် တစ်ထပ်တိုက်ပုလေးဖြစ်၍ ခေတ်ပေါ် ပုံလှလှလေး ဆောက်၍ထားလေသည်။

သူ့အိမ်မှာမူ မြင့်မားသောနှစ်ထပ်တိုက်ဖြစ်၍ ပုံသဏ္ဌမှာ ရိုးလှသည်။ ရဲတိုက်ကြီးသဖွယ် ရှေးကျ ခန့်ညားလှသည်။ အပြင်မှ ကြည့်ရသည်မှာတော့ ရဲတိုက်များလို အတွန့်အချိုး မများလှ။ ဆင်ဝင်ခန်းနှင့် ဘေးဘက်တွင် ရေချိုးခန်းများဖြစ်ဟန်တူသော  အဆောင်ပုံများ ထုတ်ထားသည်ကလွဲ၍ ခပ်ရှင်းရှင်း ဆောက်ထားပေသည်။ 

ကျွန်မတို့သည် ကြိမ်ကုလားထိုင်တွင် ခေတ္တ ထိုင်ကြသည်။ ဆင်ဝင်ရှေ့တွင် ကားပတ်ရန်လုပ်ထားသော မြက်ခင်းဝိုင်းကြီးဆီသို့ ကျွန်မမျက်စိ ရောက်သွားသည်။ 

မြက်ခင်းအလယ်တွင် တချို့အိမ်များကဲ့သို့  ရေပန်းများကို လှပစွာ တပ်ဆင်ထားသည် မဟုတ်ပေ။ ကျောက်သားအနက်ဖြင့် ပြုလုပ်ထားဟန်ရှိသော ပင်လယ်လပိုင်ကြီးတစ်ကောင်၏ဂုတ်မှ ရေများ ဖြာ၍ထွက်နေကြလေသည်။ လပိုင်ရုပ်ကြီးမှာ ငါးပေခန့်ရှိ၍ သူ့ပတ်ဝန်းကျင်တွင်မူ ကျောက်ကန် နိမ့်နိမ့်ကလေး ရံထားကာ ရေများ ဝင်လျက်ရှိသည်။ လပိုင်ကြီး၏အမြီးမှာ ကော့ပျံလျက်ရှိပေသည်။ ရုတ်တရက် ဘာမှန်းမသိသလိုဖြစ်ပြီး စေ့စေ့ကြည့်မှ လပိုင်ကြီးဟန်ပန်တို့ ပေါ်၍လာလေသည်။ ဘေးပတ်ဝန်းကျင် မြက်ပင်ငယ်တို့မှာ တဖြိုင်ဖြိုင် တဖွားဖွား ကျလာသော ရေလုံးရေစက်များအောက်တွင် နေရ၍လားမသိ၊ စိမ်းစိုရွှင်လန်းလျက်ရှိကြသည်။ 

အမှန်မှာ နွေရတု၏ပူပြင်းသော ညနေခင်းတွင် တသွင်သွင် ဖြာကျသောရေနှင့် မြက်ခင်းတို့မှာ စိတ်ဓာတ်ကို အေးချမ်းစေဖို့ ကောင်းသော်လည်း ကျွန်မနှလုံးသားတွင် အေးကွက်ကို ရှာ၍မရပေ။ လပိုင်ကြီးမှာ အရုပ်ဆိုး၍ မြက်ခင်းအလှကို ဖျက်ဆီးနေသော သတ္တဝါကြီးလို ဖြစ်နေပေသည်။ 

" ကဲ မခင်သိုက်ရေ ...မောမှ လိမ္မော်ရည်လေး ဘာလေး သောက်ရအောင်၊ ခြံတစ်ပတ် လှည့်ကြဦးစို့ "

လပိုင်ကြီးကို ကြည့်ရာမှ သူ့ကို ပြန်၍ ပြုံးကြည့်ကာ ကျွန်မက ခေါင်းညိတ်ပြလိုက်သည်။ သူ့ခြံသည် ကြည့်စရာတွေများ၍ ဘာက စကြည့်ရမှန်းပင် မသိသလိုဖြစ်နေပေသည်။ ကြီးကြီးကမူ စထွက်ကတည်းက ခြေဖဝါးအောက်ကို ငုံ့ကြည့်ကာ မြက်ခင်းကို တအံ့တဩဖြစ်နေသည်။ 

"ဒီမြက်က တို့အိမ်ကမြက်လို မဟုတ်ပါလား၊ ကြည့်စမ်း အပင်အရွက်ကလေးတွေ သေးလိုက်တာကွယ်၊ ကော်ဇောမွေးကျနေတာပဲ မောင်ထင်ပေါ်၊ မခင်သိုက် ကြည့်စမ်း "

" ဟုတ်ကဲ့ ကြီးကြီး၊ ဒါ အမေရိက ကကို တစ်တန်တစ်က မျိုးယူလာခဲ့ရတာ၊  ဒီမြက်ခင်း စပျိုးတဲ့စရိတ်ကလည်း မနည်းဘူး၊ သိပ်နူးညံ့တာပဲ၊ မခင်သိုက်လိုချင်ရင် ကျွန်တော် ပျိုးပေးမယ်လေ၊ အစကတော့ နည်းနည်းခဲယဉ်းတယ် "

" ရှိပါစေ၊ ကျွန်မဥယျာဉ်က အပျိုကြီးခြံဆိုတော့ ရိုးရိုးပဲကောင်းပါတယ် "

ကျွန်မပြန်ဖြေသည်ကို ဘာသဘောကျသည်မသိ၊ တဟဲဟဲ ရယ်မော၍နေလေသည်။ မြက်ခင်းကို လွန်လျှင် ခြံစည်းရိုးအထိ ခပ်ပေါပေါပန်းများကို စိုက်၍ထားသည်။ ပေါသည်ဆိုသော်လည်း အလွန်လှပေသည်။ မော်လမြိုင်ပန်း၊ ပန်းချဉ်ပေါင်၊ ရွှေဒင်္ဂါးအဝါများမှာ ပန်းရေတံခွန်များ အရှိန်နှင့် ထိုးကျနေသလို လေတွင် ပန်းလှိုင်းများ အိကာ ကြည့်မဆုံးတော့ပေ။ 

ပန်းခင်းများနောက်ဘက်တွင်မူ သစ်သားခုံလေးများ သုံးခုကို နောက်ဘက်ခြံရှိရာ သွားလမ်းပေါ်တွင် ခွ၍ဆောက်ကာ ပန်းနွယ်များ တင်ထားပေသည်။ သစ်သားခုံတစ်ခုတွင် ဖြူဖွေးနေသော ပန်းပွင့်များမှာ အရွက်ပျောက်၍ သစ်သားချောင်းများကိုပင် မမြင်ရအောင် ပွင့်၍နေပေသည်။ 

" ဟာ ... သိပ်လှတာပဲနော်၊ ဖြူအိနေတာပဲ "

ကျွန်မသည် ခုတစ်ခါ စကားမပြောဘဲ မနေနိုင်ပေ။

" ဟုတ်တယ်၊ ဒါ မြတ်လေးဖြူလေ၊ အနားတိုးကြည့်ပါဦး၊ ဟိုအတန်းကလည်း မိုးလှိုင်လှိုင်ရွာရင် ပွင့်တော့မယ်၊ စနိုးပန်းလို့ခေါ်တာပဲ၊ သူတို့လေးခု ပြိုင်တူပွင့်ရင် ဘယ်လိုလှမှန်းမသိဘူး၊ ဟိုဘက်က ကရမက်ဆိုတော့ နှင်းလှိုင်လှိုင်ကျမှပဲ ပွင့်လေတော့ ပြိုင်တူဖြစ်ဖို့ မနည်းကြိုးစားရတယ် "

သူသည် မြတ်လေးနွယ်များကို အတော်များများ ဖြတ်လိုက်ကာ ကျွန်မလက်တွင်းသို့ လှမ်း၍ပေး၏။ ဖြူနုနေသော အပွင့်လေးများမှာ ထိရက်စရာမရှိပေ၊ မြတ်လေးအနီသည် လှပသော်လည်း စွဲမက်စရာ မကောင်းလှပေ။ မြတ်လေးဖြူကမူ ကနွဲ့ကလျနှင့် နူးညံ့ဟန်ရှိပေသည်။ သင်းသောရနံ့များမှာ ပျော်ရွှင်အေးချမ်းသော ပန်းတို့ဌာနီ၏ အထိမ်းအမှတ်ပင်တည်း။ မြတ်လေးဖြူများကို ပန်းစုသူတို့ခြံ၌ မကြာခဏဆိုသလို တွေ့ရှိဖူးသော်လည်း ခုလောက် ပြွတ်၍ပွင့်သည်ကို မတွေ့ဖူးပေ။ 

" အခါမဟုတ်ဘူးလို့တော့ မငြင်းလေနဲ့၊ ကျွန်တော့်ခြံမှာ အခါ ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော်က ပွင့်စေချင်ရင် ပန်းတိုင်း ပွင့်ရပေမပေါ့ "ဟု သူက ဆို၏။ 

ကျွန်မသည် အလိုအလျောက် ပြုံးရင်း _
" တယ်ဆိုတဲ့စာပါလား၊ ဒါဖြင့် ရှင်က ပန်းတိုင်းကို ပွင့်စေသူပေါ့ "

" ဟဲဟဲ ...ကြိုးစားတုန်းပါပဲ၊ တစ်ချို့လဲ အောင်မြင်တယ်၊ တချို့လဲ အခါမဟုတ်ဘဲ ပွင့်ရတဲ့အခါ သိပ်မသန်လှဘူးပေါ့၊ စနိုးရယ် ... ကရမက်ရယ်...... မြတ်လေးဖြူရယ် .... ယှဉ်ပြီး ပွင့်ကြတဲ့အချိန်ကြုံလာရင် ကျွန်တော် မခက်သိုက်ကို လာခေါ်မယ်၊ နှင်းပွင့်တွေ ကောင်းကင်က သွန်ကျလာသလိုပဲ၊ ကဲ ...သွားကြဦးစို့ "

ကြီးကြီးသည် နောက်မှ ပါလာသော်လည်း တစ်စုံတစ်ရာ စကားမပြောပေ။ 

နှင်းဆီခင်းများကို ဖြတ်ကျော်ပြီးနောက် သရက်ပင်အုပ်များဆီမရောက်ခင် မှန်များဖြင့် ကာရံထားသော အိမ်လေး သုံးလုံးကို တွေ့ရသည်။ ပိုက်ဆံချမ်းသာသော အနောက်နိုင်ငံသား အထက်လွှာအချို့တွင် စိုက်ပျိုးရေးဝါသနာပါသူတို့ ဆောက်လုပ်ထားလေ့ရှိသော (green house)အိမ်မျိုးပင်ဖြစ်လေသည်။ 

ပထမဆုံးတွေ့ရသော အိမ်လေးထဲသို့ ဝင်လျှင် တော်တော် အေးစိမ့်၍ သွားပေသည်။ အပြင်ရှိ အပူရှိန်ဒီဂရီထက် လျော့နည်းထားဟန်ရှိပေသည်။ အထဲတွင် ထူးထူးခြားခြားပန်းများ မဟုတ်သော်လည်း ဒေလီယာအပွင့်ကြီး မျက်နှာလောက်နီးနီးများကို တွေ့ရသည်။ 

" ဟိုတလောက မခင်သိုက်အိမ် ပို့လိုက်တဲ့ ပန်းတွေလေ၊ အပြင်မှာ နွေအချိန်ဆိုရင် စိုက်လို့တော့ရတယ်၊ ညှက်တယ်၊ ဒီအထဲမှာ အအေးဒီဂရီ ပိုပေးလိုက်တော့ ကလောတို့ မေမြို့တို့ မိုးတွင်းဒေလီယာလိုပဲ အက်နေတာပဲ "

ပန်းပွင့်ကြီးများမှာ ကြီးမားသည်ထက် အရောင်ပို၍ လှလေသည်။ အဝါနှင့် အနက်ရောထားသော ကျားသစ်ကွက်ဆင်များသည် ထူးဆန်းသော အသွေးဖြစ်၍ ကျွန်မ မမြင်ဖူးပေ။ အများသောအားဖြင့် အဖြူနှင့် နီညို ကြားထားသည်များကိုသာ မြင်ဖူးပေသည်။ 

" လာ ...လာ နောက်တစ်အိမ်မှာ အတော်ထူးဆန်းတဲ့ ပန်းတစ်မျိုးရှိတယ်  "

သူသည် တံခါးကို ရှေ့မှ တွန်းဖွင့်ကာ ဒုတိယတစ်အိမ်သို့ ကူးဝင်သွားလေသည်။ ကျွန်မတို့သည်လည် ဝင်္ကဘာဝင်သလို သူ့နောက်မှ လိုက်၍သွား၏။ အိမ်ငယ်၏အလယ်တွင် ပန်းအိုးကြီးနှစ်အိုးကို တွေ့ရ၍ ရှေ့ဆုံးပန်းအိုးတွင် ထူးဆန်းသော ပန်းပွင့်ကြီး သုံးပွင့်ကို တွေ့ရပေသည်။ ထိုအိမ်ထဲရှိအပူရှိန်မှာ အတော်ပင် ပူလေသည်။ အေးသောဘက်မှ ရုတ်တရက် ကူးဝင်လာ၍လားမသိပေ။ ပန်းပွင့်ကြီးနှစ်ပွင့်မှာ အချင်း ခြောက်လက်မခန့်ရှိ၍ ကျန်တစ်ပွင့်မှာ ပွင့်စဖြစ်ဟန်တူသည်။ ပန်းနားတို့သည် ငွေနားကွပ်ထားဟန် တောက်ပနေရုံမက ပွင့်ဖတ်အသားကလည်း ကတ္တီပါအဖြူလို ထူနှစ် ချောမွေ့နေလေသည်။ ပန်းသည် တစ်လွှာတည်းဖြစ်၍ ပိုမို တောက်ပနေသည်။ အရောင်တောက်သော ပန်းပွင့်များကို ကျွန်မ မမြင်ဖူးပေ။ ဝတ်ဆံနားတွင် ကတ္တီပါ ကြက်သွေးရောင်ပွင့်ဖတ်များ ရံလျက် ဝတ်ဆံဝါဝါလေးများသည်လည်း ကျောက်မျက်ရတနာလို တလက်လက် တောက်ပနေလေသည်။ 

" ဒါ ....ဘာပန်းလဲ ဟင် "

ကျွန်မတို့ တူဝရီးနှစ်ယောက်က ပြိုင်တူမေးလိုက်လျှင် သူသည် ပြုံးရွှင်လာကာ _
" ဒီပန်းက ကျွန်တော်လည်း မသိဘူး၊ အာဖရိက တောကြီးတွေထဲမှာ ရှားရှားပါးပါးရှာရတဲ့ ပန်းမျိူးပဲ၊ ဒါကြောင့် သူ့ရာသီနဲ့ကိုက်အောင် အပူချိန်တိုးပေးထားရတယ်၊ အပြင်မှာ မနေ့က မိုးရွာလို့၊ မရွာရင် အပူရှိန် ဒီဂရီ ၁၀၉လောက် ရှိတယ်၊ ဒီအထဲမှာ ၁၁၀လောက် တိုးထားရတယ်၊ အအေးပိုင်းဇုံက လူတွေ ဒီပန်းမျိုးမွေးထားပြီး တချို့ green house ထဲကိုဝင်ရင် အပူရှပ်ပြီး မူးတောင် သွားတတ်တယ်၊ သူ့ကို ကျွန်တော်ယူလာတုန်းက မွန်းဖလားဝါး (moon flower) အမျိုးနွယ်ထဲကလို့တော့ ပြောတာပဲ၊ တကယ့်မွန်းဖလားဝါး အစစ်ကိုတော့ ကျွန်တော် စာထဲပဲ ဖတ်ရတယ်၊ မတွေ့ဖူးဘူး "

" လှတာထက် ထူးဆန်းလိုက်တာ "

" ဒီမျိုးအတွက် မြန်မာငွေ ၂၀,၀၀၀ လောက် အကုန်ခံခဲ့ရတယ်၊ မွန်းဖလားဝါးအစစ်ကိုတော့ ကျွန်တော် အနားမကပ်နိုင်ဘူး "

ကျွန်မသည် သူ့ပြောစကားများကို ယုံရမလို မယုံရမလို ဖြစ်လာသည်။ မြန်မာပြည်တွင် ပန်းတစ်ပွင့်အတွက် ငွေ၂၀,၀၀၀ ဖြုန်းလိုက်သူကို မတွေ့ရသေးပေ။ အနောက်နိုင်ငံတွင်တော့ ဒေါ်လာထောင်ပေါင်းများစွာ အကုန်ခံ၍ စုဆောင်းရှာဖွေသူတို့ကို ကြားဖူးပါ၏။ သို့သော် ပန်းကတော့ အလွန်ထူးဆန်းသော ပန်းပင်ဖြစ်သည်။ 

" ကျွန်တော့်မိထွေး ကောင်းမှုလို့ ပြောရမယ်၊ အဲဒီတုန်းက အီဂျစ်အပါအဝင် အာဖရိကကို ထွက်ဖြစ်တာ သူ့ရဲ့စိန်နက်တစ်လုံးကျေးဇူးပေါ့၊ ခုတော့ ဒါပဲ ကျန်တယ် "

သူသည် သူ့လက်ခလယ်မှ စိန်နက်ကို ထိုး၍ပြ၏။ ကျွန်မသည် နောက်ထပ် စကားမဆိုနိုင်တော့ပေ။ 

နောက်တစ်အိမ်တွင်မူ ထူးထူးဆန်းဆန်း လှလှပပ မဟုတ်သော်လည်း ထင်းရှူးရွက်များကဲ့သို့ အရွက်စိပ်စိပ် ချွန်ချွန်လေးများနှင့် ပြည့်နေသော ပုတက်တက် ဆူးပင်လို အပင်တစ်ပင်ကို တွေ့ရသည်။ ထိုအိမ်ထဲတွင်လည်း အပူချိန်မှာ အတော်ပြင်းလျက်ရှိပေသည်။

"မခင်သိုက်နဖူးမှာ ချွေးတွေတောင် စို့နေပြီ၊ အပြင်ထွက်လိုက်ရအောင်၊ မူးနေဦးမယ် "

ကျွန်မမျက်နှာကို သူ အထူးဂရုစိုက် ကြည့်နေဟန်ပေါ်၏။ ကျွန်မစိတ်ထဲတွင်လည်း ငြီးစီစီဖြစ်လာ၍  အပြင်ကို ထွက်လိုက်၏။ 

" ဒီအပင်က အဆိပ်ပင်ပဲ၊ သူ့အရွက်ထဲကို ပိုးကောင်တစ်ကောင်ဝင်ရင် အဲဒီဆူးရွက်ကလေးတွေနဲ့ ဖမ်းထားတယ်၊ မလှုပ်နိုင်ဘဲ သေတာပဲ၊ သူ့အရွက်ကို တိရစ္ဆာန်တစ်ကောင်ကောင် ကျွေးလိုက်ရင် နေ့ဝက်လောက်ကြာတဲ့အခါ ရူးသလိုဖြစ်ပြီး ခုန်တာ ပေါက်တာပဲ၊ သေတော့ မသေဘူး "

ကျွန်မစိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားကာ အလိုအလျောက် အတွေးတစ်ခု ဝင်လာလေသည်။ 

"မြင်လေးဟာ အင်မတန် သဘောကောင်းတာ ...၊ ဘယ်လိုများဖြစ်လဲ မသိဘူး ... "

ဦးဝင်းမောင် ဆေးရုံတွင်ပြောသောစကားကို သွားသတိရလိုက်၏။

" ဘုရား ....ဘုရား ...ကလေးကိုများ သူ သေကြောင်း ကြံစည်သလား "

ဤကြောက်မက်ဖွယ်ရာ အတွေးကြီးသည် ကျွန်မဦးနှောက်ထဲသို့ ဘယ်လို ဝင်ရောက်လာမှန်းမသိပေ။ 

ဆက်ရန်
---------------------------------
ခင်နှင်းယု

Post a Comment

0 Comments