မွှေး - ခင်နှင်းယု အပိုင်း (၁၅)

#မွှေး

အပိုင်း(၁၅)

ပြန်မည့်ညကမူ နှစ်ယောက်စလုံး စိတ်ထဲတွင် လင်မယားဖြစ်ပါလျက်နှင့် သမီးရည်းစားလို ဖြစ်နေသည်။ ဒီတစ်ခါ ခွဲခွာရခြင်းနှင့် ပြန်လည်ဆုံတွေ့ရမည့်အချိန်ကို တွက်ချက်ခြင်းသည် ဘာကြောင့်မှန်းမသိ၊ ရေရေရာရာမရှိလှ။ 

မွှေးကလည်း “ဒီတစ်ခါ ကိုကိုနိုင် ပြန်မှာကို ရင်ခုန်လိုက်တာ”ဟု ဆို၏။

ကိုကိုနိုင့်စိတ်ထဲတွင်လည်း ပြောပြ၍မတတ်သော ခံစားမှုတစ်ခုမှာ လေးနေတော့သည်။ သို့သော် ဘာကိုမျှ ဖွဲ့ဖွဲ့နွဲ့နွဲ့  ရှည်ရှည်လျားလျား ပြော၍တော့မရကြ။ နှစ်ယောက်ဆုံကြတိုင်း ရင်ထဲတွင်တော့ တစ်ခုခု သိုမှီးထားကြရသလို ဖြစ်နေပေမယ့် တိတ်တိတ်ဆိတ်ဆိတ် နေမိကြသည်။ 

မွှေးက သူ့ထုံးစံအတိုင်း နှုတ်ဆက်အနမ်းကို နမ်းစဉ်ကမူ ယခင်ကလို ကြည်ကြည်ရွှင်ရွှင် မရှိလှ။ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ရှိုက်၍ငိုသည်။ “မွှေးကိုလက်ထပ်ရတာ ကိုကိုနိုင် ဒုက္ခပါပဲ”ဟုသာ ပြော၏။ ကိုကိုနိုင်ကမူ ဘာတစ်လုံးမျှ ပြောမထွက်ပေ။

ကိုကိုနိုင် ပြန်သွားပြီးနောက် ခြောက်လလောက်မှ မမအေးကို ဆေးရုံတင်ရန် နားချ၍ရတော့၏။ အမေဖြစ်သူ ဆေးရုံတက်စဉ်က ဆေးရုံဒုက္ခကို တွေ့ရသော အေးသည် ဆေးရုံကိုပင် ကြောက်စရာလို ထင်မိ၏။ ထို့ကြောင့် သူ့ရောဂါကို ဖွင့်မပြောဘဲ ကြိတ်မှိတ်ခံခဲ့သည်။ ယခု ဆေးရုံရောက်ချိန်တွင် လပိုင်းမှ နှစ်ပိုင်းသို့ ရောက်လာသောကြောင့် အေးရောဂါမှာ ကျွမ်းစပြုလာလေသည်။ 

တစ်ရံတစ်ခါ ညများတွင် မွှေးသည် အစ်မကို ကိုယ်တိုင်သွားစောင့်၏။ အဖော်မိန်းကလေး မအေးသင်မှာ သစ္စာရှိ၍ ကြင်နာတတ်၏။ အေးကို ဆရာမလေးတစ် ယောက်လို ပွေ့​ပွေ့ပိုက်ပိုက်ပြုစု၏။ “မမအေး ချောင်းဆိုးနေတုန်းဆိုရင် မမမွှေး ခြင်ထောင်ထဲ မဝင်နဲ့။ ရောဂါ ကူးစက်တတ်တယ်” ဟူ၍လည်း သတိပေးတတ်၏။

ညပိုင်းတွင် မမအေးသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးလာ၏။ ချောင်းဆိုးသံကြားလျှင် မွှေးသည် ခြင်ထောင်မ,ကာ ကြည့်နေမိသည်။ ချွေးစို့နေသော နှုတ်ခမ်းနှစ်ခုမှာ ချောင်းဆိုးလျှင် ဆတ်ဆတ် တုန်နေသည်။ ရင်ထဲမှာ မောလွန်း၍ လှိုင်းလိုလှုပ်ရှားနေတော့သည်။ နားထင်မှ စီးကျလာသော ချွေးများမှာ ဆံပင်များကို စိုရွှဲနေတော့သည်။ အပူရှိန်မှာ တစ်ရာကျော်၍ လာတော့သည်။ 

မွှေးသည် ရေမွှေး ဆွတ်ထားသော လက်ကိုင်ပဝါလေးနှင့် အေး၏နဖူးစများကို တို့ကာတို့ကာ ပေး၏။ ​ရေ​မွှေးရနံ့ဖြင့် အမောပြေအောင် လုပ်ပေး၏။ တစ်ခါတစ်ရံ အပူကျသွားသော်လည်း ချောင်းဆိုး၍ တစ်ညလုံးလိုလို မအိပ်ရပေ။

ခဏမျှ မှေးနေချိန်တွင် မမအေး မျက်နှာသည် အားနည်းလှသည်။ ရောဂါကြီး၏အရှိန်ဒဏ်ကို မခံနိုင်သလို မျက်နှာညှိုးလျနေတော့သည်။ အဖော် ကလေးမလေးသည် မွှေးကို လက်ကုတ်၍ ခေါ်၏။ အခန်းအပြင်သို့ရောက်လျှင် သူသည် နားနားကပ်ကာ “မမအေးကို ကျွန်မ ပြုစုပါ့မယ်၊ မမွှေး သိပ်အပင်ပန်းမခံပါနဲ့” ဟုပြော၏။

“ဘာဖြစ်လို့လဲ၊ ငါ့အစ်မကို ငါပြုစုချင်တာပေါ့။ သူချောင်းဆိုးတိုင်း ငါရင်ထဲကို အပ်နဲ့ဆွသလိုပဲ။ ငါအိပ်လို့မရဘူး” 

“ဟုတ်တော့ ဟုတ်တယ်လေ၊ ဒါပေမယ့် ကိုကိုနိုင်က မပြန်ခင် ကျွန်မကို မှာသွားတယ်။ နင့်မမမွှေး နားချိန်ရဖို့ရယ်၊ ကျန်းမာရေးအတွက်ရယ် အမြဲ သတိ​ပေး ဂရုစိုက်ရမယ်တဲ့။ မမွှေး ကိုယ့်ကိုယ်ကိုယ်လည်း သတိထားဦး”

“မတတ်နိုင်ဘူး မအေးသင်း၊ အထွေးတို့လဲ စာမေးပွဲနီးနေတာ” 

အထဲမှ မမအေး လှုပ်သံကြား၍ မအေးသင်သည် စကားစဖြတ်ကာ အခန်းတွင်းသို့ ဝင်သွား၏။ မွှေးသည် အမှောင်ထဲတွင် တစ်ယောက်တည်း ရပ်နေခဲ့၏။ ဆေးရုံအခန်းတိုင်းလိုလို တိတ်ဆိတ်နေသော်လည်း နံပါတ်ရှစ်အခန်းမှ စပါယ်ရှယ်ဆရာမလေး တစ်ယောက်သာ ရေနွေးဇလုံနှင့် အလုပ်ရှုပ်နေသည်။ 

ကိုကိုနိုင့်မျက်နှာမှာ မွှေးမျက်စိထဲတွင် ပေါ်လာပြန်သည်။ သူ မအေးသင်ကို ငါ့ကျန်းမာရေးအတွက် မှာခဲ့သေးတယ်။ မွှေးသည် သက်ပြင်းချမိ၏။ မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူး။ ခေါင်းကို ယမ်းကာ လက်ကို တင်းတင်း ဆုပ်မိ၏။

ဖြစ်လာတာတွေက ကိုယ်ဖန်တီးသည်မှ မဟုတ်​ပေဘဲ။ သူတို့ကလည်း ဖန်တီးကြသည်မဟုတ်။ ကံအကြောင်းတရား​တွေသာဖြစ်၏။ မေမေရော၊ မမရော အပြစ်မဲ့ကြသူတွေသာဖြစ်သည်။ သူတို့သည် လူ့လောကတွင် ပြုဖွယ်ကိစ္စများကို ပြုကြရင်း ဒဏ်ခံကြရသည်သာဖြစ်၏။ ဒီအခြေကျမှ ကိုယ်ကတစ်ယောက်တည်း ​ခေါင်းရှောင်ထွက်သွားဖို့ဆိုသည်က ဘဝကိုသစ္စာမဲ့လွန်းရာ၊ ကိုယ်ကျိုးကြည့်လွန်းရာကျသည်ဟု မွှေးက တွေးမိပြန်သည်။ 

“အဟွတ် အဟွတ်...အဟွတ်..အဟွတ်” 

ချောင်းသံမှာ အဆက်မပြတ် ထွက်လာပြန်၏။ မွှေးသည် အေးရှိရာသို့ ခြေဖျားထောက်ကာ ပြေးသွား၏။ မမအေးသည် မခံမရပ်နိုင်အောင် မောနေပုံရ၏။ မွှေးက ပွေ့ယူလိုက်မှ ချောင်းဆက်ပြတ်သွားသော်လည်း ရင်အုံမှာ မငြိမ်သေးပေ။ မအေးသင်သည် ဘယ်အချိန်က ထွက်သွားသည်မသိ။ တာဝန်ကျဆရာမလေးမှာ သူ့နောက်တွင် ပါလာသည်။ 

ဆရာမက ဆေးတစ်လုံး ထိုးပေးမှ အေးမှာ အမောသက်သာသွားတော့သည်။ အမောပြေတော့လည်း အေးသည် သူ၏အပြုံးလေးကို အားယူပြုံးကာ မွှေးကိုကြည့်၏။ 

“ဆေးရုံမှာနေတော့ မောတဲ့ပြုတဲ့အခါ ချက်ချင်း ဆေးရတော့ သက်သာတယ်” 

သူသည် မွှေးကို တိုးတိုးနှင့် ဖြည်းဖြည်း ပြော၏။

“ဟုတ်တယ်၊ မွှေးက အစောကြီးက ဆေးရုံတင်ချင်တာ၊ မအေးက မျက်စိမျက်နှာပျက်အောင် ကြောက်နေတော့ မတင်ချင်တော့ဘူး။ ဇွတ်တင်ပြန်ရင်လဲ ရောဂါကူးမှာစိုးလို့၊ အိမ်မှာ မနေစေချင်လို့ လို့ လူနာ အထင်လွှဲမှာလဲ ကြောက်တယ်” 

အေးသည် မွှေးလက်ကို ယုယစွာ ဆွဲယူလိုက်၏။ သူသည် ပျော့ပျောင်းစွာပင် ထပ်မံပြုံးကာ 
“မမအေးက ​မွှေးအပေါ်မှာ ဘယ်တော့မှ အထင်မလွှဲပါဘူး၊ အများကြီး ကျေနပ်ပါတယ်ကွယ်။ ကျေးဇူးလဲ သိပ်တင်ပါတယ်"

​မွှေးသည် ​နောက်စကားလုံးကို ဆက်မကြားတော့၊ မမအေး လက်ကို တင်းတင်းဖျစ်၍ ထားမိ၏။ ဘာမျှလည်း သူပြန်ပြော၍ မတတ်တော့ပေ။

မေမေသည် မဆုံးခင်တစ်ပတ်က ဒီလိုပဲ “ကျေးဇူးတင်ပါတယ်” ဟု မအေရင့်မကြီးက သမီးကို ပြောခဲ့၏။ ယခုလည်း မမက ဆိုပြန်သည်။

“မွှေးကို ကျေးဇူးမတင်ကြပါနဲ့ ... မတင်ကြပါနဲ့ ....”

မွှေးသည် ကြပ်တည်းနေသော ရင်ပွင့်အောင် အော်ချင်သော်လည်း စိတ်ထဲမှသာ ရေရွတ်မိ၏။ သန်းခေါင်ကျော်လျှင် အေးသည် ငြိမ်သက်စွာ အိပ်၍သွားပြန်သည်။ 

နောက်နေ့တွင် မွှေးသည် ရုံးက ခွင့်ယူလိုက်ရ၏။ တစ်ညလုံး အိပ်မရသောဒဏ်ကြောင့် ခေါင်းက မူးဝေနေသည်။ မအေးသင်နှင့်ပင် အေးကို ထားခဲ့ကာ အိမ်ကိုပြန်လာခဲ့သည်။ 

ညီမငယ် နှစ်ယောက်မှာ ကျောင်းသို့သွားချိန်ဖြစ်၏။ အဘိုးကြီးကမူ နို့ဆီခွက်၊ ပုလင်းလွတ်များကို စုပုံကာ အိမ်ရှေ့လှေကားတွင် ငုတ်တုတ်ထိုင်နေသည်။ မွှေးကို မြင်လျှင် ရယ်လိုက်၏။ 

“ငါ ဒါတွေရောင်းပြီး ဝါးခယ်မ ပြန်မလို့" 

မွှေးသည် ခေါင်းကိုညိတ်ပြကာ ခပ်မြန်မြန်ပင် လှေကားကို တက်လာခဲ့သည်။ အဘိုးကြီးအတွက် စိတ်မညစ် စိတ်မရှုပ်နိုင်တော့။ စိတ်လွတ်၍ ထင်ရာသွားကာ ကခုန်မနေသည်ကိုဘဲ မွှေးက ကျေးဇူးတင်မိ၏။

အိမ်ပေါ်ရောက်လျှင် အထွေးကို အိပ်ခန်းထဲတွင် ခွေလျက် တွေ့သည်။ အထွေးမျက်နှာသည် ရွှင်ရွှင်လန်းလန်းမရှိ၊ မွှေးသည် အထွေးနဖူးကို စမ်းလိုက်၏။

“အထွေး ဘာဖြစ်လို့လဲ၊ ကိုယ်လဲ မပူပါဘူး။ ဒီနေ့ ကျောင်းမှာ Class မရှိဘူးလား။ လေးရော၊ မွှေးက ကျောင်းသွားတယ် ထင်နေတာ”

“လေး ကျောင်းကနေ ဆေးရုံဆက်သွားလိမ့်မယ်။ ခုန ရဲဘော်တစ်ယောက် စာတစ်စောင်နဲ့ သေတ္တာနှစ်လုံး လာပို့သွားတယ်။ ဒီမှာ စာ၊ အစ်ကို့ဆီကလို့ ပြောသွားတယ်”

အထွေးသည် ခေါင်းအုံးအောက်မှ စာလေးကို ထုတ်ပေးလိုက်၏။ မွှေးက စာကို တယုတယ လှမ်းယူလိုက်သော်လည်း သူ့မျက်လုံးကမူ ညီမမျက်နှာမှ ခွာမရပေ။

“အထွေးဘာဖြစ်လို့လဲ၊ ပြောစမ်း၊ မျက်နှာ ဘာလို့ ဒါလောက်ညှိုးနေတာလဲ” 

အထွေးသည် အ​တော်ပင် မျက်နှာညှိုးနေရာမှ “စိတ်မကောင်းလို့ပါ” ဟုဖြေ၏။

“ဘာကို စိတ်မကောင်းတာလဲ”

အထွေးက မျက်ရည်လေးများ လည်လာကာ ဝမ်းနည်းပမ်းနည်း ပြောပြ၏။

“ကျောင်းမှာ နေ့လယ်စာကို စိမ်းစိမ်းအခန်းထဲမှာ အထွေးတို့သူငယ်ချင်းတွေ အတူစားနေကျ။ ခုတလော ထွေး ဝင်သွားရင် သန်းသန်းတို့ ရင်ရင်တို့ ဖယ်ဖယ်သွားတယ်။ ဒီနေ့ အ​ထွေး စုံစမ်းကြည့်တော့မှ အထွေးအစ်မကလည်း တီဘီသမား၊ အမေကလဲ တီဘီနဲ့သေလို့တဲ့။ သူတို့က အ​ထွေးကို အရောမဝင်ချင်တော့ဘူး”

အထွေးသည် ဝမ်းနည်းအားငယ်လာဟန် ရှိ၏။ မျက်ရည်များ ကျလာသည်။ 

“အထွေးကလဲကွယ်၊ သူတို့ ဘယ်လိုပဲထင်ထင် အထွေးတို့ ဓာတ်မှန်ရိုက်၊ တံတွေးတွေ ဘာတွေ စစ်ပြီးတာ သုံးလပဲ ရှိသေးတာပဲ။ ဘာမှမရှိဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေပြီဟာ၊ ဝမ်းမနည်းပါနဲ့" 

အထွေးသည် သူငယ်ချင်းတချို့ ဝိုင်းပယ်သည့်အတွက် ဝမ်းနည်းနေဟန်ရှိ၏။ 

“သူငယ်ချင်းတွေစိတ်ကို သိရတာပေါ့။ တစိမ်းမပြောနဲ့၊ ဒေါ်လေးမူရာတောင် မေမေ့ဆီကို ကိုယ်တိုင်မလာတာ ကူးမှာကြောက်လို့တဲ့၊ ဖွင့်ပြောတာပဲဟာ။ ဒါတွေ မတွေးနဲ့ အထွေး။ ကဲ ...ပျော်အောင် အိပ်စမ်း၊ ညနေကျ တို့နှစ်ယောက် ဆေးရုံသွားရအောင်"

အထွေးကို သိပ်ခဲ့ကာ သူ့အခန်းရှိရာသို့ ပြန်လာခဲ့သည်။ ကိုကိုနိုင့်ထံမှ စာကို ဖောက်ဖတ်လိုက်၏။

မွှေး/

နယ်ခြားဘက်ဆီ တစ်ခါထပ်သွားမှာမို့ မလိုတဲ့ အဝတ်အစားသေတ္တာနဲ့ စာအုပ်သေတ္တာတစ်ခု ပြန်ပို့လိုက်တယ်။ ဝန်ပေါ့အောင်လို့ပဲ။ နောင်မှ စာရှည်ရှည် ရေးလိုက်မယ်။ ကိုကိုနိုင် စိတ်ချမ်းသာစေချင်ရင် မွှေးရဲ့ကျန်းမာရေးကိုပဲ အစဥ်ဂရုစိုက်ပါ။
ချမ်းမြေ့ရွှင်လန်းပါစေ။ 

/မွှေးရဲ့ကိုကိုနိုင် 

မွှေးသည် စာရွက်ကို ပါးမှာအပ်ကာ ခုတင်ပေါ်သို့ လှဲလိုက်သည်။ မူးနောက်ဝေနေသော ခေါင်းမှာ အနည်းငယ် ကြည်လင်လာသလိုရှိတော့၏။

နေ့လယ်ပိုင်းတွင် ရေချိုးလိုက်၍ ပေါ့ပါးသွားသောကြောင့် သေတ္တာနှစ်လုံးကို ဖွင့်၍ရှင်းရန် ပြင်လိုက်သည်။ စာအုပ်သေတ္တာမှာ များ၍ အထွေးတို့နှင့်မှ အတူလုပ်ရန် နောက်ချန်ထား၏။ အင်္ကျီသေတ္တာကိုမူ အလျင်ဖွင့်လိုက်သည်။ သေတ္တာထဲတွင် ရိုးရိုးအင်္ကျီ၊ ရှပ်အင်္ကျီနှင့် ဘောင်းဘီအဟောင်းများ၊ ဗန်ကောက်လုံချည်များ ပါလာသည်။ နယ်ခြားဘက်ဖြစ်၍ အနွေးထည်နှင့် အကြမ်းထည်များသာ ယူသွားဟန် ရှိပေ၏။

မွှေးသည် အင်္ကျီအိတ်များ၊ ဘောင်းဘီအိတ်များကို ရှင်းလင်းကာ နေပူလှန်းရန် ပုံ၍ထား၏။ ကိုကိုနိုင်သည် ရုံးစာမဟုတ်သော စာတိုစာစ ဟူသမျှ အင်္ကျီအိတ် ဘောင်းဘီအိတ်များတွင် ထည့်ထားလေ့ရှိသည်။ နွေဘက် ညဝတ်အင်္ကျီ အပါးစားတစ်ထည်၏အိတ်ထဲမှမူ လိပ်စာမတပ်ထားသော လေကြောင်းစာပို့စာတစ်အိတ်ကို တွေ့ရသည်။ စာရွက်များမှာ အိတ်ကို ဆွဲအထုတ်တွင် အန်ကျလာ၏။ မွှေးသည် စာရွက်အစတစ်ရွက်ကို ကောက်ကိုင်ရင်း အံ့အားသင့်သွား၏။ စာမှာ မွှေးထံသို့ ခေါင်းစဉ်တပ်ထားသောကြောင့် ဖြစ်သည်။ 

ချစ်ဇနီးကြီးမွှေး/

အတူနေခဲ့ကြရတဲ့တန်ဖိုးကို ခွဲခွာနေရတဲ့အချိန်ကျမှပဲ ထင်ရှားသိရတော့တာပဲ။ မွှေးပြန်သွားတဲ့နေ့က အိမ်ကြီးဟာ သဲကန္တာရလိုပဲ ခြောက်သွေ့နေတော့တယ်။ အဲဒီနေ့မှာ သီချင်းဆိုနေကျ ငှက်ကလေးတွေတောင် အိပ်ပျော်နေကြသလား အောက်မေ့ရတယ်။ အထူးပဲ တိတ်ဆိတ်ငြိမ်သက်ပြီး ဘာသံမှ မကြားရဘူး။

အလုပ်တွေဟာ အမြဲကိုပဲ များနေပါစေ၊ တိုက်ပွဲ အစဉ်ပဲ သွားနေရပါစေ လို့ ဆုတောင်းနေမိတယ်။ ကိုကိုနိုင်ရဲ့ အားလပ်ချိန်တွေကို ဘယ်လိုသုံးရမယ်ဆိုတာ ကိုကိုနိုင် မတွေးတတ်တော့ဘူး။ Mess မှာလဲ မပျော်ဘူး။ ခက်တာက အရက်ခွက် မကိုင်လိုတော့တဲ့အဖြစ် ရောက်နေတော့ ပိုဆိုးနေတယ်။ စာဖတ်မယ်လို့ စာအုပ်ကိုင်လိုက်တိုင်းလဲ အနားမှာ အမြဲထိုင်ပြီး စာဖတ်ဖော် စာဖတ်ဖက်ဖြစ်နေတဲ့ မွှေးကို ကိုကိုနိုင် သတိရစရာဖြစ်လာပြန်ရော။

​တောကိုထွက်လာရတဲ့ ရက်​တွေကျပြန်တော့လဲ ​တောတန်းရဲ့သာယာပုံ၊ ပန်းတွေရဲ့ လှပပုံကို မြင်ရရင်ပဲ သဘာဝကို မြတ်နိုးတတ်တဲ့ ငါ့အချစ်ဟာ ဒီလိုအလှအပလေးတွေကို မြင်ရင် ချစ်တတ်ရှာပေတယ်၊ ပျော်ရှာပေမှာပဲလို့ တွေးရတာကို အမောပဲ။

Mess က ရဲဘော်လက်ရာက အနောက်ဆန်ဆန် မခေ​ပေမယ့် မွှေးရဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ကြော်ချက်ဟင်းလောက် ကိုကိုနိုင် မမြိန်တော့ဘူး၊ “ဟာ”တာကတော့ ရင်ထဲမှာ အားလုံး ဟာနေတယ် မွှေး။ ကိုကိုနိုင့်ရင်ထဲမှာ ဟာချင် ဟာရပါ​စေတော့၊ မွှေးဟာ စိတ်ချမ်းမြေ့ သာယာစွာနဲ့ နေရတယ်ဆိုရင် ကိုကိုနိုင် ဖြေသာပါတယ်။ ဟိုရက် ရန်ကုန်ကို ပြန်လာတုန်းက မွှေးနေတာကို မြင်တော့ ကိုကိုနိုင့်ရင်ထဲမှာ နာနေတော့တယ်။ အမှန်တော့
​မွှေးကို ကိုကိုနိုင့်အရိပ်မှာခိုပြီး နားနေစေချင်တယ်။ မွှေးဟာ ကိုကိုနိုင့်ရင်ခွင်ထဲမှာတောင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်တဲ့အဖြစ်ပါကလားလို့ တွေးမိတိုင်း မွှေးအတွက် သိပ်မောမိတာပဲ။ 

မွှေးနဲ့ကိုကိုနိုင် လက်ထပ်ကြတာဟာ တခြားအိမ်ထောင်ရေးတွေနဲ့မတူခဲ့ဘူး။ ပိုက်ဆံနဲ့ ပေးဝယ်ပြီး ဂုဏ်ချင်း ဖလှယ်ခဲ့ကြတာလဲ မဟုတ်ဘူး။ အမြတ်ထုတ်ချင် အပိုင်စီးချင်တဲ့ သဘောတွေလဲ မပါခဲ့ဘူး။ မွှေးကို မြတ်နိုးတဲ့စိတ်နဲ့သာ လက်ထပ်တာပဲ။ ကိုကိုနိုင်ဟာ အကြိုက်ဆုံးမိန်းမကို ရခဲ့တာအမှန်ပဲ။ ကိုကိုနိုင်သဘောအကျဆုံး မိန်းမရဲ့ ပုံစံဟာ မွှေးပဲ။ ဒါပေမယ့် လက်ထပ်ပြီးချိန်ကြီးဟာ အမြဲပဲခြောက်သွေ့နေတာကို တွေးမိတိုင်း ကိုကိုနိုင်တို့နှစ်ယောက်ဟာ ဘာကြောင့်များ ဒါလောက် ကြာရှည်အောင် ခွဲခွာနေကြရသလဲလို့ တွေးမိပြန်ရော။ 

မွှေးတို့မိသားစုရဲ့ ချစ်ခင်ကြပုံကိုလဲ ကိုကိုနိုင့်ကြောင့် ဖရိုဖရဲမဖြစ်စေချင်ဘူး။ မွှေးဟာ ကံခေသူပဲနော်။ ကိုကိုနိုင် ရေးရင်း ဘာရေးရမယ်ဆိုတာ တွေးမရပြန်ဘူး။ ခက်တာက အထင်လွှဲမှာစိုးတယ်။ အထင်လွှဲခံရမှာစိုးတယ်။ တကယ် ပြောချင်တာကတော့ ကိုကိုနိုင် မွှေးနဲ့ အကြာကြီး ခွဲမနေချင်ဘူး။ ခုလဲ ခြောက်လကြာ တစ်ခါတွေ့ပြီး မတွေ့တာ နှစ်ချီပြီး ကြာပြီ။ ဘာလို့ ခဏခဏ ပြန်မလာလဲဆိုရင် တီဘီရောဂါသည်ကြီးနားမှာ မောကြီးပန်းကြီး အလုပ်လုပ်နေရတဲ့ မွှေးကို မမြင်ရက်လို့ပဲ။ အေးလေ မွှေးတစ်ယောက်တည်း လင့်အပေါ်ရော၊ မိသားစုအပေါ်မှာရော ထောင့်စေ့ဖို့ ဆိုတာကလဲ ဘယ်တတ်ပါ့နိုင်မလဲ၊ ကိုကိုနိုင်လေ ......

သူ့စာမှာ ဆက်၍ရေးမထားတော့ဘဲ ထိုနေရာတွင် ပြတ်နေတော့သည်။ ထိုစာကိုရေးပြီး အဆုံးမသတ်တော့ဘဲ ထားဟန်ရှိ၏။ သိမ်းဆည်းထားရင်းမှ ပါလာခြင်း ဖြစ်ဟန်တူသည်။ မွှေးသည် စာရွက်ကို ရင်တွင် အပ်ထားမိ၏။ ကိုကိုနိုင် ဘယ်လိုနေမည်ကိုလည်း သူ​တွေးမိ၏။ သူ့ရင်ထဲတွင် နင့်၍လာတော့သည်။ စာ၏ရက်စွဲမှာ စက်တင်ဘာလ၊ တတိယပတ်ထဲတွင် ရေးထား၏။ ယခု သေတ္တာများရောက်ချိန်မှာ ဒီဇင်ဘာလလယ်ဖြစ်ပေသည်။ 

သူသည် သမီးကောင်းတစ်ယောက် (သို့မဟုတ်) ညီမကောင်းတစ်ယောက်ဖြစ်မည် ဖြစ်သော်လည်း၊ မယားကောင်းတစ်ယောက် မဖြစ်သည်ကို တွေးမိသောအခါ မျက်ရည်များ စို့လာပြန်တော့သည်။ အင်္ကျီပုံပေါ်တွင် လှဲချကာ အလုပ်ဆက်၍ မလုပ်တော့ပေ။ 

တစ်ခါတစ်ရံ ကောင်းတာတွေ လုပ်ရင်းက စိတ်မချမ်းမြေ့စရာများ အများအပြားပင် ဖြစ်လာတတ်ပါတကားဟု သူတွေးမိ၏။ သူတို့ဇာတ်လမ်းထဲတွင် လူဆိုးမပါဘဲလျက် ဘာကြောင့် စိတ်မချမ်းမြေ့စရာ အကွက်များ ပါ၍လာပါလိမ့်။ ဘဝဆိုသည်မှာ အလွန်ဆန်းပြားသောဇာတ်လမ်းတို့ က,ပြရာသာတည်း။ 

မွှေးသည် သူတို့နှစ်ယောက်ဘဝကို နှမြောတသလာမိပြန်သည်။ 

အမှန်တော့ မြတ်နိုးကြသည်၊ တစ်ယောက်နှင့်တစ်ယောက် နားလည်ကြသည်၊ ဝင်ငွေကောင်းသည် ဆိုသည့်နောက် အိမ်ထောင်ရေးသည် ပြေပြစ်ဖို့ကောင်း၏။ ယခုတော့ လူဆိုးမပါဘဲ စိတ်မချမ်းမြေ့စရာဇာတ်ကွက်ကို သူတို့နှစ်ယောက် က,ပြလျက်ရှိပေသည်။ 

သူသည် ဘာမျှမလုပ်ဘဲ အလိုလို မောဟိုက်လာ၏။ ရှင်း၍မရသော ချည်ခင်ကြီးများကို တစ်ထွေးပြီးတစ်ထွေး ဖြေနေရသလို စိတ်ထဲမှာ နောက်ကျိ၍ ရှုပ်လာတော့သည်။ အမှန်တော့ ချည်ခင်ကို တစ်နေရာရာမှ တိခနဲ ဖြတ်လိုက်လျှင် အစပေါ်ကာ ရှင်းလာမည်ဖြစ်သော်လည်း ဖြတ်ရမည့်နေရာကိုကား မွှေး ရှာ၍မတွေ့ သေးပေ။

ထိုနေ့ညနေတွင် အထွေးကိုသာ ဆေးရုံသို့ လွှတ်လိုက်၍ သူသည် အိပ်ခန်းထဲမှ မထွက်တော့ပေ။ 

အပိုင်း(၁၆)ဆက်ရန်
---------------------
#ခင်နှင်းယု

Post a Comment

0 Comments