မွှေး - ခင်နှင်းယု အပိုင်း (၁၆)

#မွှေး

အပိုင်း(၁၆)

နောက်နေ့ နံနက် ဆေးရုံသို့ ထမင်းသွားပို့ချိန်တွင် မွှေးသည် မမအေးအခန်းဝသို့ ဝင်ဝင်ချင်း ခြေလှမ်းတုံ့သွား၏။ မမအေးဘေးတွင် ဒေါ်လေးသူဇာသည် ပရိတ်များကို ရွတ်ဖတ်လျက်ရှိကာ မမအေးက မျက်စိကိုမှိတ်၍ မှိန်းနေပေသည်။ ​မွှေးသည် သူ့မှာ ဒုက္ခရောက်နေသော ကျဉ်းထဲကျပ်ထဲ အချိန်ကျလျှင် ဒေါ်လေးသူဇာ ရောက်လာတတ်၍ စိတ်ထဲမှ ကျေးဇူးတင်မိသည်။

“မွှေးလား” 

မမအေးက မျက်လုံးဖွင့်၍ မေးလိုက်၏။ 

“ဟုတ်တယ် မမအေး၊ ညက မွှေး နည်းနည်းပန်းနေတာနဲ့ လာမအိပ်တာ”

သူသည် ခေါင်းကိုညိတ်၍ မွှေးကို အနားသို့ခေါ်၏။ မွှေးက နားဝကို အေးပါးစပ်နားသို့ ကပ်လိုက်၏။

“ညက တစ်ညလုံး မမအေး မောလိုက်တာ၊ အောက်စီဂျင် ရှူရတယ်။ ဒီနေ့မနက်ကျတော့ မမအေးခြေထောက်တွေ အေးနေပြီ။ စမ်းကြည့်စမ်း၊ မေမေ့တုန်းက ဒီလိုပဲ အေးလာတာပဲ” 

မမအေးသည် တစ်လုံးချင်း အားယူပြောသော်လည်း မျက်နှာပုံပန်းက တစ်ချက်မျှမပျက်၊ တည်တည်ငြိမ်ငြိမ်ပင်ရှိ၏။ မွှေးရင်ထဲမှာမူ တဒိတ်ဒိတ်ခုန်ကာ ဗြောင်းဆန်သွားတော့သည်။ 

အေးသည် သူသေရတော့မည်ကို သိလျက်နှင့် မတုန်လှုပ်သည်ကို မွှေးက အံ့သြနေ၏။ အေးကို ပျော့ညံ့သည်၊ အေးစက်သည်၊ သတ္တိကြောင်သည် ဟူသော အယူအဆများသည် တစ်မုဟုတ်ချင်း ပျောက်သွားတော့သည်။ သူသည် စွာကျယ်စွာကျယ်နှင့် သတ္တိရှိသည်ဟု အများအထင်တွင် အထင်ခံခဲ့ရသော်လည်း သေခြင်းတရားကို ယခုလိုများ ရင်ဆိုင်ရပါလျှင်၊ သေမည်ကို သိရပါလျှင် မမအေးလိုမှ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခံနိုင်မည်လား။

“ဒေါ်လေးသူဇာ ရွတ်ပြီးရင် မွှေး ဓမ္မစကြာကို ရွတ်ဖတ်နော်၊ ကဲ ... ငြိမ်ငြိမ် နားထောင်စမ်း”

အေးသည် ပါးစပ်မှ ပြောနေသော်လည်း မျက်စိကိုမှိတ်ကာ ပရိတ်ကို ဆက်လက်နားထောင်နေ၏။ မွှေးကမူ ငြိမ်ငြိမ် မနေနိုင်။ ပျာယာခတ်နေပေပြီ။ သူသည် အခန်းစောင့်ဆရာဝန်ထံ ပြေးသွား၏။ ထိုနေ့မှာ ဒေါက်တာဒေါ်မြကြည်အလှည့် ဖြစ်ပေသည်။ သူ့ကိုမြင်မြင်ချင်း ဒေါ်မြကြည်က ခေါင်းကို ဖြည်းညင်းစွာ ယမ်း၍ပြ၏။ 

မွှေးသည် လူက ​ကျောက်ရုပ်လို ငြိမ်သက်သွားသော်လည်း စိတ်ကမူ ဆောက်တည်ရာ မရသလို အော်ဟစ်၍ ထွက်ပြေးသွားချင်သည်။ 

“မနက်က ဒေါက်တာကိုကိုကြီးရော ဦးသန်းအောင်ရော လာပါတယ်။ သူ့ရောဂါက လွန်နေပြီပဲကွယ်။ သိပ်မောတဲ့ဒဏ်ကို မခံရအောင် ကိုယ်တို့ လုပ်ပေးပါ့မယ်၊ သူ သွေးဆုတ်နေပြီ” 

ဒေါ်မြကြည်သည် သူ့ပခုံးကို ပုတ်၍ ညင်သာစွာ ပြောပြ၏။ 

မွှေးသည် မျက်ရည်အဖြိုင်ဖြိုင် ကျရပြန်သည်။ ခဏခဏငိုကြွေးရသော ဒုက္ခမှ ဘယ်သောအခါမှ လွတ်မြောက်ရပါလိမ့်။ လူ့ဘဝဆိုသည်မှာ မျက်ရည်တို့ဖြင့်လွှမ်းနေသော ပင်လယ်ပြင်များလေလား။

သူသည် ဆရာဝန်အခန်းမှ ထွက်ကာ မျက်နှာကို ရွှင်လန်းအောင် ပြုပြင်ပြီးမှ အေးထံသို့ ဝင်သွားသည်။ အေးသည် လှမ်း၍ပြုံးပြ၏။ ဒီလိုပြုံးပြလေလေ မွှေးရင်ထဲတွင် မချိရလေဘဲ ဖြစ်၏။ သူတို့သားအမိသည် သေခြင်းတရားကို ရင်ဆိုင်ရသည့်တိုင်အောင် အပြုံးမပျက်ကြပါတကား။

“ကဲ ... မွှေး ရွတ်လေ” 

အေးက ဆိုပြန်၏။ 

မွှေးသည် ဓမ္မစကြာကို စ၍ရွတ်နေစဉ် ဆရာမတစ်ယောက်သည် အေးကို ဆေးတစ်လုံး လာထိုးပြန်၏။ အေး၏အသက်ရှူပုံမှာ ပြင်းလာ၍ အောက်စီဂျင်ပိုက်ကို သယ်ယူလာကာ နှာခေါင်းတွင် ပြွန်တံလေးကို တပ်ထား၏။

“ဇာတိပိဒုက္ခာ၊ ဇာရာပိဒုက္ခာ၊ ဗျာဓိပိဒုက္ခာ၊ မရဏမ္ပိဒုက္ခံ၊ အပိယေဟိ၊ သမ္မယောဂေါဒုက္ခာ၊ ပိယေဟိဝိပ္ပယောဂေါ ဒုက္ခာ၊ ယမုံ့ဝံ့လတိတမ္ပိဒုက္ခံ၊ သံဓိတွေ့နပဉ္စပါဒါနက္ခန္ဓာပိဒုက္ခာ”

မွှေးက ထိုအပိုဒ်ကို ရွတ်ဖတ်ရင်း အသံ တဖြည်းဖြည်း တုန်လာ၏။ ကွယ်လွန်အံ့ဆဲဆဲ လူတစ်ယောက်ကို ဤသံသရာဝယ် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေနေခြင်းတို့နှင့်တကွ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲ၊ လိုချင်ခြင်းကိုမရသောဆင်းရဲတို့ကို အဖန်တလဲလဲ ခံရခြင်းမှ လွတ်မြောက်ရာသည် မဂ္ဂင်ရှစ်ပါးတရားသည်သာလျှင် အခြေခံဖြစ်သည်ဟု သတိပေးလို၏။ သို့သော် သတိပေးချင်သူ မွှေးကိုယ်တိုင်က ဆောက်တည်ရာမရ တရားမဲ့လှ၏။ 

အသံမှာ တုန်၍တုန်၍သာလာသည်။ အေးကတော့ ငြိမ်သက်စွာပင် နားထောင်မြဲဖြစ်၏။ 

“​မွှေးကလဲ အသံတွေ တုန်လာလိုက်တာ၊ ပီပီရွတ်ပါကွယ်”

အေးကပင် ပြန်၍ သတိပေးပြန်၏။ မွှေးသည် စိတ်ကိုတင်းကာ အဆုံးသတ်သည်အထိ ရွတ်ဖတ်ရပြန်သည်။ 

နောက်တစ်ကြိမ်မူ ​မွှေးသည် ရတနာ့သုတ်ကို သတိရ၏။ ကံအကြောင်းကုန်ပြီဖြစ်၍ မစိုးပိုင် မတားဆီးနိုင်သော သေခြင်းတရားကို နောက်ဆုံးအကြိမ် တားဆီး၍ရလိုရငြား သူသည် ရတနာ့သုတ်အနက်ကို ရွတ်ဖတ်ပြန်၏။ မျက်စိစုံမှိတ်၍ စိတ်ကိုထိန်းကာ ရွတ်၏။ 

“နွေလေးလတို့တွင် ရှေးဦးစွာ နွေလဖြစ်သော တန်ခူးလတို့၌ ဖူးပွင့်စည်ကား ပင်လုံးကျွတ် အဖျားရှိသော တောအုပ်ကြီးသည် ရွှန်းရွှန်းအိအိ အသရေရှိသကဲ့သို့၊ ထိုတောအုပ်ကြီးသဖွယ် တင့်တယ်လှသော နိဗ္ဗာန်ရောက်ကြောင်း ပရိယတ္တိ တရားတော်မြတ်ကို လောကုတ္တရာစီးပွားအလို့ငှာ မြတ်စွာဘုရား ဟောကြားတော်မူလေ၏။ ဤမြတ်စွာဘုရားသာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော သစ္စာစကားကြောင့် သတ္တဝါတို့နှင့်တကွ တပည့် တော်မ၏အစ်မ၌ ကပ်ရောက်သော ဘေးရန်​ဝေဒနာခပ်သိမ်းသည် ချမ်းသာအေးမြခြင်းဖြစ်ပါစေသတည်း”

“စကြဝဠာတိုက်တိုင်း ..."

​မွှေး၏လက်ကို တစ်စုံတစ်ယောက် လာ၍လှုပ်၏။ မွှေးသည် မျက်လုံးကို ဖွင့်ဖွင့်ချင်း မမအေးမျက်နှာပေါ်သို့ သူ့မျက်လုံး ရောက်သွားတော့သည်။ မမအေးသည် ခပ်ပြုံးပြုံးပင် ငြိမ်သက်စွာ အိပ်ပျော်နေဟန်ရှိ၏။ သူ့ရင်တို့သည် ဘယ်သောအခါမျှ မလှုပ်သော ငြိမ်သက်ခြင်းမျိုးနှင့် ငြိမ်သက်လျက်ရှိပေပြီ။ 

သေခြင်းတရားကို ပြုံးရွှင်စွာ ရင်ဆိုင်နိုင်သူကလေးအတွက် ကောင်းရာသုဂတိသို့ လားစေရန် နောက်ဆုံးဆုမွန်ကိုသာ မွှေးက တောင်းမိ၏။ သူ့မှာတော့ မျက်ရည်ဖြိုင်ဖြိုင်တို့သည်သာလျှင် မိုးသို့ စွေရပြန်သည်တကား။

* * *

မတ်လဆန်းတွင် စစ်စခန်းတစ်နေရာမှ ကျိုင်းတုံသို့ ကိုကိုနိုင် ခေတ္တပြန်ရောက်လာ၏။ မမျှော်လင့်ဘဲ သူ့မိခင်ထံမှ စာတစ်စောင် ရောက်နေတော့သည်။ သူက မွှေးထံမှ စာရောက်နေမည်ထင်သော်လည်း မွှေး၏စာ အစအနကိုမျှ မတွေ့ရပေ။ မေမေ့ထံမှ စာကို ဖောက်၍ဖတ်လိုက်၏။ 

သား/
မေမေ စာရေးလိုက်တယ်။ သားဟာ မေမေထံကစာကို ချက်ချင်းရမည်မဟုတ်ဘူးဆိုတာတော့ သားရဲ့ တပ်ရင်းမှူး ပြောလို့ သိပါတယ်။ ဒါကြောင့် မေ​မေစီစဥ်ပုံတွေကို သားထံ ကြိုတင်အကြောင်းမကြားတာကို သားခွင့်လွှတ်လိမ့်မယ်လို့ မေမေ မျှော်လင့်တယ်။

အဖြစ်တွေကတော့ တော်တော် ဖရိုဖရဲပဲ။ ဒီဇင်ဘာလတုန်းက အေး ဆုံးသွားတယ်။ အေး ဆုံးပြီး မွှေးဟာ သိပ်အားနည်းပြီး လဲတာပဲ။ 

ကိုကိုနိုင်သည် စာကို ဆက်မဖတ်ရဲသလို တန့်သွား၏။ 

“ထင်သားပဲ။ တီဘီတွယ်ပြန်ပြီ” 

သူသည် တစ်ယောက်တည်း ပြောပြီးမှ စာဆက်ဖတ်၏။

မွှေးကို ချက်ချင်း ဆေးရုံတင်၊ နှစ်ကြိမ်လောက် စစ်ဆေး၊ ဓာတ်မှန်ရိုက်ကြည့်တယ်။ သားဆီ အကြောင်းကြားချင်ပေမယ့် သားဟာ ပြန်လာနိုင်မယ့်အခြေမဟုတ်ဘူးလို့ သိရတယ်။ အဆက်ကလည်း ဝေးလွန်းလို့ပဲ။ မွှေးရောဂါက တီဘီပဲ။ ဒီရောဂါဟာ အားနည်းနေတုန်း ရောဂါရှိသူ အနားမှာနေရင် ခြောက်ပတ်အတွင်း အလျင်အမြန် ကူးစက်နိုင်တယ်။ မေမေတော့ မေမေ့သဘောနဲ့ အစီအစဉ်တစ်ခု အမြန်ဆုံးလုပ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း မဒရပ်ကို ပို့လိုက်တယ်။ 

သားက သားကိုမတိုင်ပင်ဘဲ ဗြုန်းစားကြီးလုပ်တာကို မေ​မေ့ကို အပြစ်တင်လိုမှာပဲ။ မေမေ့ဆန္ဒကတော့ အဆုတ်နာအမြစ်ကြီးကို မွှေးတို့အိမ်မှာ ပြတ်သွားစေချင်တယ်။ ဒါကြောင့် အထွေးနဲ့လေးလည်း စာမေးပွဲဖြေရင်း တန်းလန်းနဲ့မို့ ကျန်ရစ်ကြတယ်။ သူတို့နှစ်ယောက်တော့ မေမေနဲ့ အတွတ်ရဲ့အမေ စောင့်ရှောက်ထားပါတယ်။ 

မွှေးကို ဆရာဝန် လူကြုံတစ်ယောက်နဲ့ ထည့်လိုက်တယ်။ သား ခွင့်ရရင် ပြန်လာခဲ့ပြီး အိန္ဒိယကို လိုက်ချင်လိုက်သွားပါ။

မေမေရဲ့ အစီအစဉ် မြန်ဆန်ပုံကိုသာ ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မေမေလဲ အကောင်းဆုံးတွေး လုပ်လိုက်တာပဲ။

သား .. ချမ်းမြေ့ပါစေ။

/မေမေ

ကိုကိုနိုင်သည် ရုတ်တရက် ကြက်သေ, သေနေမိ၏။ ဘာလုပ်ရမှန်းမသိ။ ရန်ကုန်ပြေးလိုက်သွား၍လည်း မွှေးနှင့်တွေ့ရတော့မည်မဟုတ်။ ဒါလောက် သေရေးရှင်ရေးကိစ္စတွင် မေ​မေသည် ယခုလို မြန်မြန်ကြီး စီစဉ်လိုက်ခြင်းမှာ မသင့်လျော်လှဟု တွေးမိပြန်သည်။ သူ့ကိုစောင့်သင့်သေးသည်ဟု သူ့ဘက်မှ တွေးမိသော်လည်း သေရေးရှင်ရေးဖြစ်၍သာ မေမေက အလျှင်အမြန်စီစဉ်ခြင်း ဖြစ်ချင်ဖြစ်မည်။ 

ယခုစာပင် တစ်လနီးမှ သူ့ထံ ရောက်လာ၏။ မွှေးမှာ အဆုတ်မှရှိသေးရဲ့လား၊ ဒါလောက် မြန်မြန်နှင့်တော့လည်း အဆုတ်မှာ အပေါက်တွေ ဘာတွေ ဖြစ်သည်အထိတော့ မဖြစ်နိုင်ဟူ၍လည်း ရော်ရမ်းကာ သူတစ်ယောက်တည်း တွေးမိပြန်၏။

ချက်ချင်း မွှေးထံသို့ သံကြိုးရိုက်မေးရန် ထမည်လုပ်ပြီးမှ မွှေး၏လိပ်စာကိုလည်းမသိ၊ မွှေး ဘယ်ဆေးရုံတက်သည်ကိုတောင် မသိသောအဖြစ်ကို တွေးမိပြန်ကာ ​မေမေ့ကို ဒေါသဖြစ်လာပြန်သည်။ မေမေ့ထံသို့ သံကြိုးအရှည်ကြီးရိုက်ရန် ပြင်ဆင်ပြီးမှ စိတ်ကိုလျှော့လိုက်ပြန်၏။ မွှေး၏လိပ်စာကို ပို့ပေးရန် သံကြိုးတစ်စောင်သာ မေမေ့ထံ ရိုက်လိုက်၏။

အိန္ဒိယကို လိုက်ပါသွားဖို့အထိ တပ်၏အခြေအနေမှာ မဖြစ်နိုင်သေး။ ခွင့်ရက်ရှည်လည်း မပေးနိုင်သေးဆို၍ ကိုကိုနိုင်အဖို့ ဘာမျှမလုပ်ဖြစ်တော့ပေ။ သူသည် ရင်ထဲမှာ တင်းကြပ်ရှုပ်ပွလာသော အရှိန်ဒဏ်ကို မခံမရပ်နိုင်သလိုသာ ဖြစ်လာတော့သည်။ ဒေါ်တင်တင်နှင့် မမအေး၏ ဖြူလျော်လျော် ခြောက်သွေ့သွေ့ မျက်နှာတွေသာ သူ့မျက်လုံးထဲတွင် ပေါ်၍ပေါ်၍လာ၏။ မွှေးကို အိပ်ရာပေါ်တွင် ဒီလိုများ ခွေခွေလေး မြင်ရဦးမှာလား။ 

မွှေး မသေပါစေနဲ့။ သူများကို မသေအောင် စောင့်ရှောက်ရင်းမှ သူပါသေသွားမှဖြင့် ...။ 

ကိုကိုနိုင်သည် ကြောက်စရာ၊ စိတ်မချမ်းမြေ့စရာများကို တွေးရင်း တွေးရင်း စိတ်တိုလာသည်။ နှစ်လ ဆိုသည့် အချိန်အတွင်း မွှေးဘာဖြစ်သည်ကို သူသိသင့်သည် မဟုတ်ပါလား၊ တကယ်ဆို ခယ်မများကဖြစ်ဖြစ် စာရေးသင့်၏။ သူသည် ခယ်မလေးများကို ဒေါသဖြစ်ပြန်တော့သည်။

မွှေးသည် အိန္ဒိယကိုများ ဝမ်းနည်းအားငယ်စွာနှင့် လိုက်သွားရလေသလား။ ဘာမဆို သူများအလှည့်ကျရင် “မေမေ အားငယ်နေလိမ့်မယ် ကိုကိုနိုင်၊ မမ ဝမ်းနည်းနေတော့မယ်” စသည့် တွေးခေါ်မှုတွေနှင့် အားပေးလိုက်ရသည့်ဖြစ်ခြင်း၊ သူ့အလှည့်ကျတော့ တစ်ယောက်တည်း ဖရိုဖရဲ ထွက်ခွာသွားရသည်ကို ကိုကိုနိုင့်ရင်ထဲတွင် တငွေ့ငွေ့ဖြစ်နေသည်။

လိုက်သွားလိုက်မည်ကြံတိုင်း တာဝန်က နောက်ပိုင်းမှ ချည်ထားပြန်သောကြောင့် သူ့ရင်ထဲတွင် တနုံ့နုံ့သာ ဖြစ်လာပြန်တော့သည်။ သူသည် မကျေမနပ်ဖြစ်ရင်းနှင့်ပင် နယ်ခြားဘက်သို့ တစ်ခါပြန်၍ထွက်သွားရပြန်သည်။ 

မွှေး၏ပုံပြင်တစ်ပိုင်းတွင် ကိုကိုနိုင်ပါဝင်ခဲ့ရသော အခန်းမှာ ဤအတိုင်းသာ ဖြစ်ခဲ့သည်။ မွှေး၏အတိတ်သည် ဝါးခယ်မမြစ်ကမ်းခြေမှ စ,ခွာကတည်းက မလှမပအဖြစ်တွေ တစ်ပုံတစ်ပင် တဖြည်းဖြည်း ရွေ့လျားပျောက်ကွယ်ခဲ့လေသည်။ ယခုတော့ ပုံပြင်ထဲရှိ အရုပ်ဆိုးသော မိန်းကလေးသည် မဒနာပလီသို့ သွားသော လမ်းမကြီးပေါ်တွင် အတွတ်နှင့် ပြန်လည်၍တွေ့ဆုံရပါပကော။

အပိုင်း(၁၇)ဆက်ရန်
--------------------------
#ခင်နှင်းယု

Post a Comment

0 Comments