#မွှေး
အပိုင်း(၁၄)
လားရှိုးတွင် ရှည်လျား၍အေးမြသော ဆောင်းရာသီမှာ ကုန်ဆုံးစပြုလာလေသည်။ သန့်စင်ရနံ့သည်လည်း လေတွင်ပါ၍မလာသည်မှာ ကြာမြင့်ခဲ့ရုံမက နှင်းများအောက်တွင် ချယ်ရီပန်းတို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြ၏။ ပူနွေးသောနေရှိန်မှာ မသိမသာ ဝင်ရောက်လာလေသည်။
မွှေးက ပစ္စည်းများကို သိမ်းလျက်ရှိ၏။ ကိုကိုနိုင်ကမူ တစ်ယောက်တည်း စာကြည့်စားပွဲဘေးတွင် ထိုင်လျက်ရှိသည်။ သူ့လက်ထဲရှိစာရွက်ကို ကြည့်လိုက်၊ သူ့ရင်ထဲတွင် ငြိမ်ငြိမ်ထိုင်၍မရသလို ဖြစ်လာလိုက်နှင့် ပြတင်းဘက်ဆီသို့ ထသွားပြန်သည်။
စာရွက်ကလေးသည် စားပွဲပေါ်တွင် ကျန်ရစ်၏။ စာရသောနေ့ကတည်းက ကိုကိုနိုင့်စိတ်မှာ ပေါ့ပေါ့ပါးပါးမရှိလှသော်လည်း မွှေး၏စိတ်ကို အနှောင့်အယှက်မဖြစ်စေချင်ပေ။ စာမှာ အထွေးထံက ဖြစ်သည်။ မမအေး ရောဂါအခြေအနေမှာ ဆိုးရွားလာ၍ မွှေးပြန်လာရန် ရေးလိုက်သောစာဖြစ်၏။ မမအေးရောဂါမှာ ဘယ်နည်းနှင့်မဆို တီဘီပဲဖြစ်ရမည်ဟု ကိုကိုနိုင်က ယူဆပြီးဖြစ်သည်။ သူချစ်သော မယားကို ထိုတီဘီမြုံကြီးထဲသို့ မဝင်စေချင်ပေ။ ဒါပေမယ့် သူ၏လှပသောစိတ်များက ရက်ရက်စက်စက် ကိုယ့်ကိုယ်ကျိုးကြည့်ရန် မဆုံးဖြတ်ရက်ပေ။ “မပြန်ပါနဲ့မွှေး” ဟူ၍လည်း မတားရက်ပေ။
သူသည် မွှေးကိုမြင်စ မွှေးကိုလက်ထပ်မည်ဟု ရည်ရွယ်ကတည်းက မွှေးခံစားရမည့် ဒုက္ခသုက္ခမှန်သမျှ လက်တွဲ၍ ခံကြရန်၊ လက်တွဲ၍ မွှေးကို ကူညီရန် ဆုံးဖြတ်ခဲ့သည်မဟုတ်ပါလား။ ပြီးတော့ စာရသောနေ့က မွှေးက ပြောပြ၏။
“မွှေးမှာဆို ချစ်ရမယ့် အားကိုးရမယ့် ကိုကိုနိုင်တစ်ယောက်လုံးရှိတယ်။ သူတို့တွေမှာ အမေလဲ မရှိဘူး၊ လင်သားလဲ မရှိဘူး၊ အဖေကလဲ သိတဲ့အတိုင်းပဲ။ ဒီတော့ မွှေး သူတို့ကို ပစ်မထားရက်ဘူး ကိုကိုနိုင်။ မမအေးက အင်မတန် သနားစရာကောင်းတဲ့ မိန်းကလေး။ ကိုကိုတို့လူစု နိုင်ငံရေးလုပ်တုန်းကရော၊ မွှေးတို့ စီးပွားလျှောပြီး စာသင်တုန်းကရော မအေးဟာ သူ့လက်မှုပညာလေးနဲ့ တစ်အိမ်ထောင်လုံးကို ကူညီခဲ့တာ။ ဒါကြောင့် မွှေး သူ့ကို ပြန်ကြည့်ဖို့ ကိုကိုနိုင် ခွင့်လွှတ်မယ်ဆိုတာ မွှေးယုံကြည်တယ်”
ကိုကိုနိုင်သည် ထိုနေ့ကတည်းက မွှေးကို ဘာမျှပြန်မပြောတတ်၊ မျက်လုံးလေး အကြောင်းသားနှင့် ကြည့်နေမိ၏။ ပစ္စည်းများကို တိတ်တိတ်ဆိတ်ဆိတ်ပင် ကူသိမ်းပေး၏။
“အကြောင်းက ဖြစ်လာပြီပဲ။ ဘဝဆိုတာ ဒီလို အားငယ် တွယ်ရာမဲ့တဲ့လူတွေကို ကူညီစောင့်ရှောက်ကြရင်း တန်ဖိုးကို ဆုံးဖြတ်တာပဲ”
သူ့စိတ်ကိုတော့ သူကြိတ်၍ ဒီလိုပင် ဖြေခဲ့၏။ ရင်ထဲမှာတော့ မွှေးကို သူ့ရင်ခွင်တွင် အေးချမ်းစွာ နားနေစေချင်ပေပြီ။
မွှေးသည် သူနှင့်အတူ လိုက်နေမှ ယခင်ကထက် ပိုမိုစိုပြည်လာ၏။ ပါးမို့လေးများပင် သွေးရောင်လွှမ်းကာ နီထွေးထွေးဖြစ်လာသည်။ ဆရာဝန်အကြံဉာဏ်ပေးသည့်အတိုင်း အပတ်တိုင်း ကိုယ်အလေးချိန် ချိန်လာသည်မှာ သိသိသာသာ တစ်ပတ် နှစ်ပေါင်ကျ တိုး၍လာခဲ့၏။ မွှေး ရန်ကုန်သို့ပြန်လျှင် ဟိုမှာ မောရမည့်ပုံတို့ကို ကိုကိုနိုင် မြင်ယောင်နေပေသေးသည်။
ပြန်ရမည့်နံနက်ကမူ ရုံးမှခွင့်ယူထား၏။ တစ်မနက်လုံး ကိုသာဆောင်တို့လင်မယား အလုပ်ရှုပ်သလို သူသည် မွှေးအတွက် တစ်ယောက်တည်း အလုပ်ရှုပ်နေ၏။ ဓာတ်မီးဖိုနှင့် နွားနို့ကို ကိုယ်တိုင်ကျိုသည်။ မွှေးသည် နားမလည်သလို ကိုကိုနိုင်လုပ်ပုံများကို ကြည့်၏။ နွားနို့ဆူလာလျှင် ဘယ်တော့မှ ကြက်ဥကို ကိုယ်တိုင် ဖောက်မသောက်သော စစ်ဗိုလ်သည် ကြက်ဥကိုဖောက်လိုက်၏။ ကော်ဖီပန်းကန်ထဲကို ထည့်သည်။ ပြီးတော့ ဆူနေသောနွားနို့ကို ငှဲ့၍ ထည့်လိုက်၏။ လက်ဖက်ရည်ဇွန်းနှင့် ကြက်ဥကြေအောင် မွှေပြီးမှ အိပ်ခန်းထဲသို့ ယူလာသည်။
“မွှေး ဘာမှမလုပ်နဲ့နော်၊ နောက်ဖေးသွားပြီးပြီလား၊ ဝမ်းသွားပြီးရင် အဲဒီနွားနို့ သောက်၊ ငှက်ပျောသီးတစ်လုံးလဲ စားဦး။ ကဲ စားစမ်း”
မွှေးသည် ကိုကိုနိုင့်ရှေ့တွင် စားပြရင်း စိတ်မှ စိတ်မကောင်းသလိုဖြစ်လာသည်။ ကိုကိုနိုင်ကတော့ လက်ဆွဲအိတ်ထဲမှ ဆွယ်တာတစ်ထည်ကို ထုတ်လိုက်၏။
“ရော့ ... ဒါက လေယာဉ်ပျံပေါ်မှာ အေးမှာ၊ မွှေးဝတ်သွားဖို့”
“ကိုကိုနိုင်ကလဲ မွှေးဘာသာ လုပ်ပါ့မယ်”
“အို ... နေစမ်းပါကွယ်၊ ကိုကိုနိုင် အားလုံးလုပ်ပေးမယ်။ ဟိုကျရင် အမြဲသတိထားရမှာက ကျန်းမာရေးပဲနော်။ ကျန်းမာရေးဟာ တစ်၊ ကျန်းမာရေးဟာ နှစ်ပဲ”
သူသည် ဆွယ်တာကို မွှေး၏ပခုံးပေါ်သို့ ခြုံ၍ပေး၏။ မွှေးမျက်လုံးလေးများမှာ အားငယ်၍ မျက်ရည်များသမ်းလာသည်ကို ကိုကိုနိုင် တွေ့ရ၏။
“သူလဲ ငါ့ကို မခွဲချင်ပါဘူးလေ”
သူ့စိတ်ထဲမှာ တစ်ယောက်တည်း ပြောလိုက်၏။ အမှန်တော့ မွှေးပြန်သွားလျှင် တိတ်ဆိတ်ခြောက်သွေ့နေမည့်အချိန်များကို ရင်ဆိုင်ရမှာ သူ့စိတ်တွင် ကြောက်နေသည်။ တိုက်ပွဲများများ ဆင်းရပါစေဟုသာ ဆုတောင်းနေမိ၏။
မွှေးကိုယ်တွင် အရောင်များ ရှိနေသလားဟု သူ့စိတ်မှာ ထင်သည်။ မွှေးသည် ဘယ်နေရာ ရောက်နေနေ ရောက်နေသောနေရာလေးတွင် သူ့အဝိုင်းအဝန်းမှာ သူ့အရောင်ကို ထွန်းပစေသည်။ ထိုအရောင်အရှိန်သည် မွှေး၏တန်ဖိုးပေပဲ။ ထိုအရှိန်အငွေ့ကလေးများသည် မွှေးပတ်ဝန်းကျင်ကို စိုပြည်စေသည်။ လှုပ်ရှားစေသည်။ မွှေးမရှိတော့လျှင် အရောင်မှေးမှိန်ပျောက်ကွယ်သွားသလို ဟာ၍မှောင်ကာ ကျန်ရစ်တော့မည်။ ထိုပတ်ဝန်းကျင်လေးသည်လည်း ဘာလှုပ်ရှားမှုမှမရှိတော့သလို ငြိမ်းနေတော့မည်ဖြစ်သည်။ ထိုသို့ ငြိမ်သက်ခြင်းမျိုး လက်ထပ်ပြီးစ မွှေးကိုခွဲထားရစ်ခဲ့စဉ်က တစ်ခါခံစားရဖူးပြီး၊ ယခုလည်း ခံစားရပေဦးတော့မည်ဟူသော အသိက သူ့နှလုံးသားကို ခဲဆွဲထားသလို လေးတော့သည်။
မွှေးလိုက်ပါသွားသော လေယာဉ်ပျံ ထွက်သွားလျှင် ခြောက်သွေ့တိတ်ဆိတ်နေသော သူ့အိမ်ရှိရာသို့ တယောက်တည်း ပြန်လာ၏။ ပစ္စည်းများမှာ Mess ကို ပြောင်းရွှေ့ရန်အတွက် အဆင်သင့် စုပုံသိမ်းဆည်းပြီးဖြစ်သည်။ မွှေးနှင့်အတူနေခဲ့ရသည်မှာ တစ်နှစ်ပြည့်ရန် တစ်လမျှ လိုတော့သည်။ သူသည် သံသေတ္တာတစ်ခုပေါ်တွင် ထိုင်လိုက်၏။ အိမ်ထောင်ဆိုသည့်အကြောင်းကို စဉ်းစားမိသည်။ စဉ်းစားရင်း အိမ်ခန်းအားလုံး ဟိုဟိုသည်သည် ကြည့်မိ၏။ ယခင်က မွှေး၏သီချင်းသံလေးများသည် အခန်းထောင့်လေးများတိုင်းဆီက ထွက်ပေါ် နေကျဖြစ်၏။ ခပ်မြန်မြန်သွက်သွက် လျှောက်ပုံ၊ သွားပုံများသည် ဤအိမ်ထောင်ကြီးတစ်ခုလုံး၏ အသက်ဝင်နေပုံများတည်း။
ရာသီဥတု ပူနွေးလာပြီဆိုသော်လည်း နှင်းကြွင်းများကို ဆောင်ယူလာသောလေက ပြတင်းဘက်မှ ခပ်အေးအေး တိုက်ခတ်လာပြန်သည်။ သူ့ပတ်ဝန်းကျင်သည် ပိုမို၍ အေးစက်သွားသည်ဟု ကိုကိုနိုင်က ထင်၏။ သူသည် သက်ပြင်းရှည်လျားစွာ ချမိ၏။ မွှေးသည် သူ၏မိသားစုအပေါ်တွင် ထားသင့်ထားထိုက်သော သံယောဇဉ်ထက် ပို၍များနေလေသလား၊ သူ့မိသားစုကို ခင်တွယ်သောစိတ်သည် လင်ဖြစ်သူကို ချစ်သောစိတ်ထက်ပင် ပိုလေသလား။ ထိုအတွေးကလည်း ကိုကိုနိုင့်ခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။
“မကြာပါဘူး၊ သူ့မမ နေကောင်းရင် သူပြန်လာမှာပါ” ဟု ဖြေသာအောင် တွေးလိုက်ရာမှပင် “အင်း ... တီဘီဆိုတာက တစ်ခါပြန်မာလာဖို့ အနည်းဆုံး ခြောက်လ၊ အများဆုံး တစ်နှစ် ... နှစ်နှစ် စောင့်ရမယ်။ ကိစ္စမရှိပါဘူးလေ။ တို့စစ်သားဆိုတာ မိန်းမ ခွဲမသွားလဲ အရေးကိစ္စပေါ်ရင် မိန်းမကိုတောင် ခွဲခဲ့ရသေးတာပဲ”
သူသည် တစ်ယောက်တည်း တွေး၊ တစ်ယောက်တည်း မေးနှင့် တစ်ယောက်တည်း ဖြေနေ၏။ သူသည် တစ်ခါဖူးမျှ လူတစ်ဦးတစ်ယောက်အပေါ်တွင် တမ်းတမ်းတတ လွမ်းဆွတ်ခြင်း မဖြစ်ဖူးသေး။ မွှေးကို ဘာကြောင့်များ ဒါလောက်တမ်းတမိသည်ကို သူ မတွေးတတ်။ ဤမိန်းကလေးတွင် သူတကာမိန်းမတို့ကဲ့သို့ အလှအပ မရှိပါဘဲလျက် ဘာကများ စွဲလမ်းနှစ်သိမ့်စရာ ဖြစ်နေပါလိမ့်။
တဂျိုင်းဂျိုင်းနှင့် မောင်းနှင်လာသော စစ်ကားကြီးမှာ သူ့ပစ္စည်းများသယ်ရန် အိမ်ရှေ့တွင် ထိုးရပ်လိုက်၏။ ထိုအချိန်ကျမှပင် သူသည် အတွေးကို ရပ်ပစ်လိုက်တော့သည်။
* * *
နောက် ခြောက်လတွင် ကိုကိုနိုင်သည် ရုံးကိစ္စနှင့် ရန်ကုန်ကို ဆင်းလာခဲ့၏။ မွှေးက သူ့ကို မီးရထားဘူတာတွင် ဆင်းကြိုသည်။ ဖျတ်လတ်သွက်လက်ပုံမှာ ယခင်ကလိုပင် ရှိသေး၍ မျက်လုံးများမှာ တောက်ပနေသော်လည်း အတော်ပင် ပိန်သွားပုံရသည်။
မမအေး နေကောင်းကြောင်း၊ ကိုကိုနိုင့်မေမေ လာကြောင်း၊ သူအလုပ်ဝင်၍ လုပ်နေကြောင်းတွေကို လမ်းမှာ ပြောလာသည်။
အိမ်မှာ ယခင်ကလိုပင် ဘာမျှ အပြောင်းအလဲမရှိလှ၊ ခေါင်းရင်းဘက် ဖေဖေအိပ်သော အခန်း၏ခြေရင်းခန်းတွင် မမအေးကို ပထမဆုံး သွား၍နှုတ်ဆက်၏။
အခန်းဝ ဝင်ဝင်ချင်း သူ့ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားတော့သည်။ “ရတော့မည် မဟုဘ်” ဟူသော အသိက ခေါင်းတွင် အလိုလို ဝင်လာသည်။ အေး၏မျက်နှာသည် သွေးမရှိသလို ဖြူနေသည်။ မျက်ခုံးနှင့်မျက်လုံးသာ မျက်နှာ၏အသွင်ကို ဆောင်နေပုံရ၏။ အတော်ပင်ကျ၍နေတော့သည်။ သူ့ကို အားယူ၍ပြုံးကာ နှုတ်ဆက်လိုက်သော နှုတ်ခမ်းနှစ်ခုမှာ ဖြူဖွေး၍ အားနည်းလှသည်။
“အေး ... တော်တော် နေကောင်းလာပြီနော်”
သူသည် ကြံဖန်၍ ပြောလိုက်ရသော်လည်း စိတ်က လူမမာ၏အခြေအနေကို သိနေ၏။ အေးက ခေါင်းကိုသာ ညင်ညင်သာသာ ညိတ်၍ ပြသည်။
အေးအခန်းမှ ထွက်လာလျှင် သူ့အခန်းထဲသို့ ဝင်ကာ မောလာသလို လှဲချလိုက်သည်။ မွှေးက သူရေချိုးရန် စီစဉ်နေ၏။
“မွှေး ခဏလာဦး”
မျက်နှာသုတ်ပဝါကို ပိုက်ထားသော မွှေးမှာ သူ့အနား ကပ်လာသည်။
“အေးကို ဒီလိုပဲထားရင် ဒုက္ခရောက်သွားမှာပေါ့၊ ဆေးရုံမတင်ဘူးလား”
မွှေးသည် အတော်ပင် မျက်နှာညှိုး၍သွား၏။
“မမအေးက ဆေးရုံကို သိပ်ကြောက်တယ်။ ဆေးရုံကို ဇွတ်တင်ရင် သူတို့ ငါ့ကို အိမ်မှာမနေစေချင်လို့ ဆိုတဲ့အတွေး သူ့ခေါင်းထဲ ဝင်သွားမှာ”
ကိုကိုနိုင်သည် သက်ပြင်းချကာ ဘာမျှမပြောတော့ဘဲ ငြိမ်နေ၏။
“တဖြည်းဖြည်းကတော့ နားလည်အောင် မွှေးလဲပြောလျက်ပဲ။ ဒေါက်တာ ခဏခဏ နားချလို့ အရင်တလောကတော့ မငြင်းပါဘူး။ ဒါပေမယ့် အခန်းက ခက်သေးတယ် မဟုတ်လား၊ ရိုးရိုးအခန်းကို မွှေးလဲ ကြောက်နေပြီ"
“အင်း... ဒီအခန်းနေရာ ပြဿနာကိုက အဆုတ်နာ လူနာတွေအတွက် စဉ်းစားစရာပဲကွယ်၊ လာပါဦး မွှေးရယ်၊ ရေမချိုးချင်သေးပါဘူး”
ရပ်နေသောမွှေးကို သူသည် လှမ်းဖက်လိုက်ကာ ရင်ခွင်ထဲတွင် သိပ်လိုက်၏။
“ငါ့မိန်းမကြီး အတော်မောလှရော့မယ်”
ပါးစပ်မှပြောကာ မွှေး၏ပါးပြင်ပေါ်သို့ သူ့ပါးကပ်၍ ထားလိုက်သည်။
ညသို့ရောက်လျှင် သူသည် မိခင်နှင့် အကြာကြီးခွဲနေရသော ကလေးလို မွှေးအနားမှာပင် ခွေ၍နေချင်သည်။ လေးနှင့်ထွေးတို့မှာ စာကြည့်နေကြပြီဖြစ်၍ အိမ်မှာတိတ်ဆိတ်နေသည်။ အဘိုးကြီးသည် အရင်ကလောက် က,လိုက် ခုန်လိုက် မရှိတော့ဘဲ ဣေနေ္ဒြရလာသည်။ ခပ်စောစောကပင် အိပ်ရာသို့ဝင်၏။
မွှေးက အေးအခန်းထဲ သွားကာ လုပ်ကိုင်ပေးပြီးမှ သူ့အိပ်ခန်းကို ဝင်၍လာသည်။ ခွေနေသော ကိုကိုနိုင့်ဘေးတွင် ဝင်၍လှဲလိုက်၏။ ကိုကိုနိုင်သည် သူ့ရင်ခွင်ထဲသို့ မွှေးကိုဆွဲသွင်းကာ ဘာမျှမပြောဘဲ ငြိမ်သက်နေသည်။ ထိုငြိမ်သက်နေခြင်းက မွှေးကို မည်မျှနားစေချင်သည်ဟူသော အဓိပ္ပာယ်ကို ဖော်ပြလျက်ရှိ၏။
“အဟွတ် ... အဟွတ်...အင့်”
အဆက်မပြတ် ဆိုးသော ချောင်းသံမှာ တစ်ဖက်ခန်းမှ ပေါ် လာသည်။
“ဟော ... ကိုကိုနိုင်၊ မမအေး သိပ်ချောင်းဆိုးနေပြီ။ မွှေး သွားဦးမယ်”
မွှေးသည် ကိုကိုနိုင့်လက်ကို ဖြေကာ ကမန်းကတန်း ထ,သွားတော့၏။ ကိုကိုနိုင်ကတော့ သက်ပြင်းချကာ ကျန်ရစ်တော့သည်။
ပြန်လာချိန်မှာ သန်းခေါင်သို့ ရောက်နေပေပြီ။ ကိုကိုနိုင်သည် တစ်ခန်းလုံး မှောင်ချကာ ပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ် တွင် ဆေးလိပ်သောက်နေ၏။
မွှေး၏ နူးညံ့သောနှုတ်ခမ်းဖျားသည် သူ့လည်ပင်းကို လာထိ၏။ သူသည် ဆေးလိပ်ကို ဘေးချကာ မွှေးကိုယ်ကို ဆွဲယူလိုက်သည်။
“ကိုကိုနိုင် အိပ်နှင့်ပါလား၊ မွှေးကို စောင့်နေတယ်ထင်တယ်"
“မအိပ်ချင်သေးဘူး"
“အားနာလိုက်တာ၊ မမအေးက ခုလို ဆက်တိုက်ဆိုးလာရင် အပူရှိန်ကလဲပြင်း၊ ချွေးတွေပြန်ပြီး သိပ်ပင်ပန်းတာပဲ။ အနားမှာ ကလေးမ ရှိပေမယ့် မွှေးတို့ရှိတော့ သူအားရှိတာပေါ့”
ကိုကိုနိုင်သည် ဘာမျှပြန်မပြော။ မွှေး၏နှုတ်ခမ်းလေးများပေါ်ကိုသာ သူ့နှုတ်ခမ်းကို ဖိ၍ထားလိုက်သည်။ ညသည် တိတ်ဆိတ်သော်လည်း ပူနွေး၍နေသည်။ ကိုကိုနိုင့်စိတ်ထဲတွင် မထွေးနိုင် မအန်ရက်ဖြစ်နေသည်။ ဒီလိုသာ လူနာနားမှာ သန်းခေါင်တိုင်အောင်နေ၊ နေ့ဘက်တွင် အလုပ်လုပ် ဆိုလျှင် မွှေး ခံနိုင်ပါဦးမည်လား။ သူသည် မွှေးအတွက် ဖွင့်၍ပြောချင်သော်လည်း သူ့ကို အထင်လွှဲမှာ၊ အထင်သေးမှာ စိုးရိမ်နေတော့သည်။ ထိုည တညလုံးတွင် သူသည် မွှေးအား ရင်ခွင်ထဲ၌ အေးချမ်းစွာ အိပ်ပျော်အောင် သိပ်သော်လည်း မမအေးချောင်းဆိုးသံကြားတိုင်း မွှေး၏ကိုယ်လေးမှာ တွန့်ခနဲဖြစ်ကာ လှုပ်ရှား၍သွားတတ်ပေသည်။
သက်ပြင်းတချချ ရင်တမမနှင့်ပင် မွှေးနှင့် ငါးရက်အတူနေကာ သူပြန်လာခဲ့သည်။ အလွန်အချစ်ကြီးသော မိန်းကလေးအား ရပ်နားရန် ဖန်တီးပေးသော်လည်း မွှေးသည် မနားနိုင်သေးပါတကား။
အပိုင်း(၁၅)ဆက်ရန်
------------------------
0 Comments