ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၇)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၇)

အပေါ်ထပ်က ဦးထင်တစ်ယောက် အရက်ကို ပြတ်ပြတ်တောက်တောက်ကြီး ဖြတ်ပစ်လိုက်သည်ဟု ကြားရတော့ ဦးဘပွား ချက်ချင်းပင် မယုံမိပေ။ သည်ခေါင်းဖြူ စွယ်ကျိုး အဘိုးကြီးကို အရက်က လုံးလုံးလျားလျား အနိုင်ယူထားပြီဟု သူသာမက လူတိုင်းက ထင်ခဲ့ကြသည်။

အခုတော့ ဦးထင်က ဦးကံမြင့်ဆီမှ အားဆေးများနှင့် ဆရာတော်ကြီး၏ပရိတ်ရည်ကို တစ်လှည့်စီသောက်ရင်း အရက်ကို ပြန်လည်အနိုင်ယူရန် ကြိုးစားနေသည်။

သူ့ကို ဘယ်လိုမှ မနေဘူးလားဟု မေးလာသူတိုင်းကို “အရေးကြီးတာက စိတ်ပါဘဲဗျာ၊ စိတ်ကိုသာနိုင်ရင် ဒီခန္ဓာကိုယ်ကြီးက မိုးပေါ်ကိုတောင် တက်ပြီး ဈာန်ပျံနိုင်သေးတာပဲ မဟုတ်လား” ဟု ခပ်အေးအေး ပြန်ပြောခဲ့လေသည်။ 

သူ့မိတ်ဆွေကြီး ဒေါ်ရွှေနုကတော့ သူ့ကို ယုံကြည်ပုံမရ။

“ပရိတ်ရည်ထဲ ဟိုအရည်တွေ ရောထည့်ပြီး သောက်ချင်သောက်နေမှာ၊ သိပ်ယုံရတာမဟုတ်ဘူး” ဟု စကားတင်း ဆိုသည်။ 

ကိုကောင်းထက်ကတော့ “အဖေဟာ သူ့စိတ်ကို သူ ဒီလောက်နိုင်မယ် ပြတ်သားမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်မိဘူး” ဟု တအံ့တဩ ပြောသည်။ 

ဦးဘပွားကမူ ဦးထင်သည် သူကြိုးစားပြီးဖြတ်နေသော အရက်ကို လုံးလုံးလျားလျားကြီး ပြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။ 

“အင်း ကိုရန်ဝေးတို့လင်မယား ရုတ်တရက်ကြီး ဆုံးသွားကြလို့ ဦးထင် အရက်ပြတ်တာဆိုတော့လဲ အရှုံးထဲက အမြတ်ထွက်လာတယ်လို့ ပြောရမှာပေါ့လေ” 

ဦးဘပွားသည် သူ့ရှေ့တွင် ခပ်ငိုင်ငိုင် ခပ်​ငေး​ငေး ထိုင်နေသော ကိုဦးကိုကြည့်ရင်း တွေးနေမိသည်။ ကိုဦးသည် စားပွဲပေါ်တွင် အလှတင်ထားသော ကျောက်ဖြူသားဆင်ရုပ်ကလေးကို ငေးကြည့်နေသော်လည်း မြင်ပုံမရ။ သူ့မျက်လုံးလေးများက မှုန်ပြီး မှိုင်းဝေနေသည်။

“ကိုဦး.....မင်း ဘာတွေ တွေးနေလဲ”

“ဒီလိုပါပဲ ဘဘကြီးရာ” 

ကိုဦးက အသံတိမ်လေးနှင့် ဖြေပြီး ခေါင်းငုံ့လိုက်သည်။ ညှိုးလျော်ခြောက်သွေ့ သော ကံ့ကော်ပွင့်လေးတစ်ပွင့်ကို ကြမ်းပေါ်မှ ကောက်ယူလိုက်ပြီး လက်ထဲတွင် လှည့်ကစားနေသည်။

“အင်း ရက်လည်ဆွမ်းတောင် ကျွေးပြီးသွားပြီ ဆိုတော့လဲ ဘဝတစ်ခုရဲ့ နောက်ဆုံးကိစ္စပါ အဆုံးသတ်သွားပြီပေါ့လေ”

မနေ့တုန်းကပင် ကိုရန်​ဝေးတို့အတွက် ရက်လည်ဆွမ်းကျွေးခဲ့သည်။ ရက်လည်ဆွမ်းကျွေးခြင်းသည် လူ့လောကထဲသို့ ရောက်လာသူတစ်ဦးအတွက် နောက်ဆုံးလှုပ်ရှားမှုပင် ဖြစ်သည်။ ထို့နောက်တွင်ကား လူတစ်ယောက်၏ဘဝသည် တကယ်ပင် အဆုံးသတ်သွားပြီ ဖြစ်လေသည်။

သူက နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကို လှမ်း၍ကြည့်မိသည်။ စာလုံးအနက်ကလေးများနှင့် ထင်ထင်ရှားရှားရေးထားသော ရက်စွဲများကို တစ်ခုချင်း လိုက်ကြည့်နေရင်း ထိုနေ့များထဲမှ တစ်နေ့နေ့သည် သူ့အတွက် ရက်လည်ဆွမ်းကျွေးသောနေ့ ဖြစ်လာလိမ့်မည်ဟု တွေးနေမိသည်။ ထိုနေ့သည် ဘယ်နေ့များ ဖြစ်လေမည်နည်း။ ထိုနေ့တွင် မည်သူတွေရောက်လာပြီး သူ့အကြောင်းကို ဘာတွေ ပြောကြ မှတ်ချက်ချကြ ငြင်းခုန်ကြမည်နည်း။

သူ့ကို တစ်စုံတစ်ဦးက “အတော်ကို ဘဝင်မြင့်ပြီး၊ ကြီးကြီးကျယ်ကျယ်နိုင်တဲ့ အဘိုးကြီးဗျ” ဟု မှတ်ချက်ချလျှင် ကိုဦးတို့မောင်နှမက “ဘဘကြီးက သိပ်သဘောကောင်းတာ၊ အဲဒီလို မပြောပါနဲ့” ဟု ပြန်လှန်ငြင်းခုန်ကြလိမ့်မည်ဟု သူထင်သည်။

“ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ပိုင်းကလေးမှာ သူတို့လေးတွေနဲ့ တွေ့ရကြုံရလို့ ငါစိတ်ချမ်းသာရပါတယ်”

အခန်းကျဉ်းကျဉ်းကလေးထဲတွင် တံခါးကိုလည်းပိတ် အသည်းနှလုံးနှင့် ဦးနှောက်ကိုလည်း ပိတ်ပြီး အထီးတည်းနေခဲ့သော သူသည် အသက်ရှု၍ပင် မဝဘဲ မွန်းနေခဲ့သည်မှာ ကြာပေပြီ။ သည်ကလေးတွေ ရောက်လာသောအခါမှ တင်းတင်းကြီးပိတ်ထားသော တံခါးများ အလိုလိုပွင့်လာပြီး လေပြေလေညှင်းကလေး ဝင်လာသလို ခံစားရသည်။ ပိတ်လှောင်မွန်းကျပ်နေသော ဝေဒနာမှ အတန်ငယ် သက်သာခွင့်ရခဲ့သည်ကို သူသိသည်။

“အခုတော့ သူတို့ဟာ ရေနွေးပူနဲ့ အလောင်းခံလိုက်ရတဲ့ ပန်းကလေးတွေလိုပဲ ညှိုးပြီး နွမ်းသွားလိုက်ကြတာ”

ပျော်ရွှင်တက်ကြွခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း စသည်များသည် သူ့ရှေ့တွင် ထိုင်နေသော ဆယ့်သုံးနှစ်သား လူငယ်လေးဆီမှ ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားကြသည်။ သူ့မျက်နှာ ငယ်ငယ်နုနုလေးတွင် ဝမ်းနည်းကြေကွဲခြင်း၊ ပူပင်ကြောင့်ကြခြင်း စသော အရိပ်အယောင်များကသာ ယှက်သမ်းနေသည်။

“ဒီကလေးတွေကို အလျင်တုန်းကလို ပြုံးနေအောင်၊ ပျော်နေအောင် ငါ ဘယ်လိုနည်းနဲ့ လုပ်ပေးရပါ့မလဲ”

ဦးဘပွား၏တစ်သက်တာတွင် တစ်ခါမျှ သည်လောက် စိတ်ထဲတွင် ဆင်းရဲပင်ပန်းခြင်း မဖြစ်ခဲ့ဖူးပေ။ ကလေးများ၏ငိုရှိုက်သံကို ကြားနေရခြင်း၊ နီရဲဖောင်းမို့နေသော မျက်နှာလေးများကို မြင်နေရခြင်းသည် သူ့အတွက် ကင်ဆာရောဂါဖြစ်ရသည်ထက်ပင် ပိုမိုပြီး စိတ်ပင်ပန်းဆင်းရဲရသည်ဟု ထင်သည်။

သူတို့၏ မိခင်နှင့်ဖခင်သည်လည်း အသေမှဖြောင့်နိုင်ပါရဲ့လား။ နာကျင်ပြင်းပြသောဝေဒနာကို ခံစားပြီး ရုပ်နှင့်နာမ် မကွဲကွာခင် သူတို့ ဘာအတွက် တွေးတောပူပန်သွားကြမည်နည်း။ လူလားမမြောက်သေးသော သားသမီးသုံးဦးအား ခိုကိုးရာမဲ့ တွယ်ရာမဲ့ ထားခဲ့ရခြင်းအတွက် သူတို့၏နှလုံးသားများသည် မည်မျှ ကျွမ်းလောင် ကြေကွဲသွားကြရမည်နည်း။ 

ဦးဘပွားသည် ဆက်၍ မတွေးချင်တော့သဖြင့် ခေါင်းကို ခါယမ်းပစ်လိုက်သည်။ ကြုံတွေ့ရသောသူကို မဆိုထားနှင့်၊ တွေးကြည့်ရသော သူပင်လျှင် ရင်ထဲတွင် မွန်းကျပ်ပြီး နာကျင်လာရသည်။

“ငါ ကံကောင်းပါတယ်” 

ဦးဘပွားသည် သူ့တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ကံကောင်းသည်ဟု ထင်လိုက်မိလေသည်။

“ငါ့မှာ နောက်ဆံတင်းစရာ၊ ပူပင်စရာ၊ သံယောဇဉ်နှောင်ဖွဲ့ စရာ ဘာမှမရှိဘူး” 

ပစ္စည်းသံယောဇဉ်ကိုလည်းကောင်း၊ သားသမီးသံယောဇဉ်ကို လည်းကောင်း၊ သူကြိုးစားပြီး ဖြတ်နိုင်ခဲ့သည်ဟု သူ့ကိုယ်သူ ထင်သည်။ သည်တစ်ဘဝ သည်တစ်သက်တာအတွက် သူပိုင်ခဲ့သော (တကယ်တော့ ပိုင်ခြင်းမဟုတ်ဟု ဆိုသည်ကို သူ တရားသဘောအရ ရေးရေးမျှ သဘောပေါက်ခဲ့ပြီး ဖြစ်သည်။) တိုက်တာ၊ အိမ်ယာခြံမြေများနှင့် ငွေကြေးဥစ္စာများကို သူက လှူသင့်သည်ကိုလှူပြီး သားသမီးများအတွက် အမွေပေးသင့်သည်များကိုလည်း ပေးခဲ့ရန် စီစဉ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ စနစ်တကျ စီစဉ်နိုင်ခြင်းသည် သူ့သေနေ့ကို သူကြို၍ ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

“ငါသေတော့မယ်ဆိုတာ ငါကြိုပြီး သိခဲ့ရတာဟာလဲ တစ်နည်းတော့ ငါကံကောင်းတာပါပဲလေ” 

ဦးဘပွားက အဆိုးထဲမှ အကောင်းလေးများကို ကွက်ကွက်ကွင်းကွင်း မြင်လာသည်။

“ငါက ငါ့ကိုယ်ငါ သေမိန့်ကျပြီရယ်လို့ စိတ်ဆင်းရဲနေမိတယ်၊ အမှန်က သက်ရှိသတ္တဝါရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက သတ္တဝါတိုင်းဟာ သေမိန့်ကျလာကြတာပဲ။ ဒါကို ဘယ်သူ ရှောင်လွဲလို့ရမှာလဲ၊ ကိုရန်ဝေးတို့ခမျာမှာတော့ ဝုန်းဝုန်းဒိုင်းဒိုင်းကြီး ဖြုန်းခနဲ ရင်ဆိုင် တွေ့သွားကြရတော့ ကိုယ်သေဖို့အတွက်ရော နေခဲ့ရမယ့်သူတွေအတွက်ရော ဘာဆိုဘာကိုမှ မပြင်နိုင်၊ မဆင်နိုင်” 

ဦးဘပွား၏အတွေးသည် သူ့ရှေ့တွင် ငူငူလေးထိုင်နေသော ကိုဦးဆီသို့ ပြန်ရောက်လာသည်။ 

“အခုတော့ ဒီကလေးတွေ ဘယ်လိုဘယ်ပုံဆက်ပြီး စခန်းသွားရရှာမှာလဲ”

ကိုဦးတို့မောင်နှမတစ်တွေအတွက် သူ့စိတ်ထဲတွင် ကြောင့်ကြပူပန်နေမိသည်။ အနီးဆုံး ဆွေမျိုးဖြစ်သည့် မခင်လှ၏ညီမ (တကယ်လာမည်က ညီမ၏ခင်ပွန်း) ရောက်လာမှ သူတို့၏ ရှေ့ရေးကို အသေအချာ သိခွင့်ရမည်ဖြစ်သည်။

“ဦးလေးသက်နဲ့အတူတူ ကျွန်တော်တို့ လိုက်သွားရမယ် ထင်တယ်”

ကိုဦး၏အသံက တိုးတိုးတိမ်တိမ်လေး ဖြစ်နေသည်။ 

“မင်းတို့မှာ ဒီ့ပြင်ဆွေမျိုးတွေရော ရှိသေးလား”

“မသိပါဘူး ဘဘကြီးရယ်။ ရက်လည်တုန်းကလာတဲ့ ဖေဖေ့အမဝမ်းကွဲ ကြီးကြီးစိန်ကတော့ ကဲကဲကို သူနဲ့လိုက်နေမလားလို့ မေးတယ်”

“ကဲကဲတစ်ယောက်တည်းကိုလား”

“ဟုတ်ကဲ့”

ကိုဦး၏ရင်ထဲတွင် ဆို့တို့တို့ကြီးဖြစ်နေသည်။ ဖေဖေက သူ့ကို စူးစိုက်၍ကြည့်ကာ "ညီလေးနှင့်ညီမလေးကို ဂရုစိုက်နော်” ဟု မှာသွားသည်။ ထိုစကားကို သူ မမေ့။ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

သူကလည်း “စိတ်ချပါ ဖေဖေ.....သား ဂရုစိုက်ပါ့မယ်” ဟု ပြန်ပြောခဲ့သည်။

သို့သော် လောလောဆယ်အခြေအနေတွင် သူသည် ကိုယ့်ကိုယ်ပင် အားကိုးနိုင်သူမဟုတ်သေး။ သူ့အစွမ်း သူ့အစနှင့် ငွေကြေး တစ်ကျပ်တစ်ပြားပင် မရှာဖွေနိုင်သေး။

“သူခေါ်ရင် မင်းတို့လိုက်သွားရမှာပေါ့”

“ဟုတ်......ကဲ့” 

ကိုဦးခေါင်းလေးက ပိုပြီးငုံ့သွားသည်။ 

“လိုက်ချင်ရဲ့ လား” 

ကိုဦးက မဖြေပေ။ ဖေဖေ မေမေတို့နှင့်အတူ ပျော်ပျော်ပါးပါး နေခဲ့ရသောဘဝ၊ လုံခြုံနွေးထွေးသောဘဝ၊ ကြောင့်ကြမဲ့သောဘ၀၊ ထိုဘဝကို သူတို့ဘယ်တော့မှ ပြန်ရတော့မည်မဟုတ်ချေ။

ဦးလေးသက်နှင့် ဒေါ်လေးမြသည် သူတို့၏အရင်းဆုံးသော ဆွေမျိုးများဖြစ်သော်လည်း တွေ့ ခဲဆုံခဲသည်မို့ ကိုဦး၏စိတ်ထဲတွင်တော့ စိမ်းနေသည်။ ဒေါ်လေးမြ၏သားသမီးများဖြစ်သော ကျော်ကျော်တို့၊ အောင်အောင်တို့၊ နောက် တိုးတိုးတို့၊ အငယ်လေးတို့နှင့်တော့ စိတ်ထဲတွင် ရင်းရင်းနှီးနှီး ခံစား၍ရသည်။ တစ်နှစ်တစ်ခါပင် မဆုံမိကြသော်လည်း ဆုံမိသည့်အခိုက်အတန့်တွင် ဝုန်းဒိုင်းကျဲအောင် ဆော့စကားပြီး ပျော်ကြရသည်။

သို့သော် ကဲကဲက စွာပြီး ကိုထူးက ဆော့သည်။ ကျော်ကျော်တို့ အောင်အောင်တို့ကလည်း အလိုလိုက်သားသမီးများဆိုတော့ အတန်ငယ် ဆိုးချင်သည်။ သည်တော့လည်း ဆော့ရင်း စကားရင်း ကုတ်ကြ၊ ဖဲ့ကြ၊ နပန်းလုံးကြနှင့် ထ၍ ရန်ဖြစ်တတ်ကြသည်ကို ကိုဦးက သတိရမိရင်း ရင်ထဲတွင် လေးလံနေလေသည်။

“ကိုဦး..”

ဦးဘပွားက ညင်သာစွာ ခေါ်သည်။

“မင်း ဘာဖြစ်ချင်သလဲ” 

ကိုဦးက ဦးဘပွားကိုမကြည့်ဘဲ ခေါင်းကို ဖြည်းလေးစွာ ခါယမ်းသည်။ မည်သည့်အရာကို ဖြစ်ချင်သည်ဖြစ်စေ၊ မည်သည့်အရာကို မမြင်ချင်သည်ဖြစ်စေ၊ ဖြစ်မည့်အရာကတော့ ဖြစ်ချိန်တန်လျှင် သူ့ဟာသူဖြစ်သွားမည်သာ ဖြစ်သည်။ သူ့အသက် ဆယ့်သုံးနှစ်သာရှိသေးသော်လည်း ဖြစ်ချင်တိုင်းလည်း ကြိုးစား၍မရ၊ မဖြစ်ချင်တိုင်းလည်း တားဆီး၍မရဟု ဆိုသည်ကို ကိုဦးသည် ရေးရေးမျှ သဘောပေါက်နေမိပြီဖြစ်သည်။

“မင်း မလိုက်ချင်ပါဘူး ကိုဦးရယ်၊ ဘဘကြီး သိပါတယ်” 

ဦးဘပွားက ပြောတော့ ကိုဦးက ဟန်ဆောင်၍ ပြုံးသည်။ သို့သော် မျက်လုံးအိမ်တွင် ရစ်ဝိုင်းနေသော မျက်ရည်များကို မနိုင်၍ လက်ဖမိုးနှင့် မသိမသာ ပွတ်လိုက်သည်။

“ဦးလေးသက်ရော ဒေါ်လေးမြရော သဘောကောင်းကြပါတယ် ဘဘကြီးရယ်၊ ကျွန်တော်တို့ကိုလဲ ချစ်ပါတယ်”

အလိမ္မာဖက်၍ ပြောသော ကိုဦးကို ဦးဘပွားက စိတ်မကောင်းသလို စိုက်ကြည့်နေသည်။ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးရမည်ဟု ဆိုသည်ကို ကလေး နားလည်နေပါပေါ့လားဟု တွေးနေမိသည်။

ဆက်ရန်
----------------------------
#မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments