အပိုင်း (၁၈)
သို့သော် တကယ်ဖြစ်လာသည်ကတော့ တစ်မျိုးဖြစ်နေလေသည်။
“ဟင်... ဒါဆိုရင် ကဲကဲတို့သုံးယောက် အတူတူ မနေရဘူးပေါ့”
ကဲကဲက အံ့ဩဝမ်းနည်းစွာ မေးသည်။ မျက်နှာကလေး နီမြန်းပြီး တုန်တုန်လှုပ်လှုပ် ဖြစ်နေလေသည်။ အစ်ကိုကြီးဖြစ်သူ ကိုဦး၏လက်မောင်းကို အားကိုးတကြီးနှင့် အတင်းဖက်တွယ်ထားသည်။
“ကြီးကြီးစိန်ဆီမှာက ပိုကောင်းတာပေါ့ သမီးရယ်၊ နောက်ပြီး ကြီးကြီးက သားသမီးမရှိတော့ သမီးတစ်ယောက်တည်းကိုပဲ ချစ်ရမှာ ”
ဦးသက်ထွန်းက ချော့မော့သော လေသံနှင့်ပြောသည်။ သူ၏ဇနီးဖြစ်သူ မခင်မြက ကွယ်လွန်သူ မခင်လှ၏ညီမရင်းဆိုတော့ ကျန်ရစ်ခဲ့သော ကလေးသုံးဦးနှင့် ဆွေမျိုးအနီးဆုံး ဖြစ်လေသည်။
ထိုကြောင့် ဤဥမမည်၊ စာမမြောက်သေးသော ကလေးသုံးဦးလုံး၏တာဝန်သည် သူတို့၏ခေါင်းပေါ်သို့ အလိုလို ရောက်ရှိလာခဲ့သည်။ သူက နယ်မှ ဆရာဝန်ကြီးမို့ အတော်လေး ချောင်ချောင်လည်လည်ရှိသော်လည်း ထိုတာဝန် အားလုံးကို လိုလိုလားလား လက်ခံရန်ကိုကား တော်တော်လေး ဝန်လေးနေမိလေသည်။ သည်ဝန်တာတွေကို ဘယ်သူကများ မျှဝေထမ်းနိုင်ပါ့မလဲဟု အထပ်ထပ် အပြန်ပြန် စဉ်းစားခဲ့မိသည်ကတော့ အမှန်ပင်။
ထိုအချိန်တွင် ကိုရန်ဝေး၏အစ်မဝမ်းကွဲတော်သူ အပျိုကြီး ဒေါ်ခင်စိန်က ယောက်ျားလေးတွေကိုတော့ မလိုချင်။ မိန်းကလေးဆိုလျှင်ကား လက်တိုလက်တောင်း အဖော်အလှော်လေး ရမည်ဖြစ်၍ ခေါ်ထားနိုင်ပါကြောင်း၊ ကလေးမလေး လိမ္မာလျှင်လည်း လိမ္မာသလို ကြည့်ရှုပြီး ရွှေလေး ငွေလေး ဆင်ပေးမည်ဖြစ်ကြောင်း (အမွေစား အမွေခံအဖြစ် မွေးစားခြင်းတော့မဟုတ်) ပြောလာသည့်အတွက် ဦးသက်ထွန်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူကလည်း ခပ်စွာစွာ၊ ခပ်ဆိုးဆိုး၊ ခပ်ကဲကဲလေးဖြစ်သော (သူ့စိတ်ထဲတွင် ထိုသို့ပင် သတ်မှတ်ထားသည်။) ကဲကဲကို လန့်သည်။ သူ့ကလေးတွေနှင့် မကြာခဏ ရန်ဖြစ်ပြီး လက်ဦးအောင် တီးတတ်သော ကဲကဲ၏တာဝန်ကို တတ်နိုင်လျှင်တော့ ရှောင်လွှဲချင်သည်။
“နာမည်ကိုက ကြည့်ပါလား၊ ကဲကဲဆိုမှတော့ ကဲတော့မပေါ့ "ဟု တစ်လမ်းလုံး တွေးလာခဲ့မိသေးသည်။
“ကဲကဲကိုယ်ဝန်နဲ့တုန်းက မခင်လှက အတော်ကို ချူချာတာ၊ သားသမီး ဒုက္ခ ထပ်ခံရမှာလည်း သူ့ခမျာ ကြောက်နေရှာတော့ ကြီးကြီးက ယောက်ျားလေးဆိုရင်တော့ မလိုချင်ဘူး၊ မိန်းကလေးဆိုရင်တော့ ငါ့ကို ပေးဟယ်၊ ငါမွေးပေးမယ်လို့တောင် ပြောဖူးတာ၊ တကယ်မွေးလာတော့ ....မောင်ရန်ဝေးက “ကျွန်တော့်သမီးလေး မပေးနိုင်ဘူးဗျ၊ အစ်မကြီး လိုချင်ရင် ကိုယ့်ဟာကိုယ်ပဲ မွေးယူပါတော့တဲ့လေ.."
ကြီးကြီးစိန်က အသံညက်ညက်ကလေးနှင့် ပြောသည်။ ခေါင်းကို မသိမသာ ခါပြီး ရယ်လိုက်တော့ သူ့နားမှ စိန်နားကပ်ကြီးက အရောင်တဖျတ်ဖျတ် လက်သွားသည်။ ကဲကဲကို သူက ခေါ်ယူမွေးစားမည်ဟု ဆိုသည့်အတွက် သည်ကလေး သိပ်ပြီး ကံကောင်းတာပဲဟု ပြောကြ၊ ဆိုကြ၊ မှတ်ချက်ချကြလိမ့်မည်ဟု ယုံကြည်ထားပုံရလေသည်။
သို့သော် ကဲကဲကတော့ သူ့ကိုယ်သူ ကံကောင်းသည်ဟု မထင်ပေ။ ကြီးကြီးစိန်ကို ကြည့်ရင်း အထိတ်တလန့်ဖြစ်ကာ ငိုချင်နေသည်။ ကြီးကြီးစိန်ကို ဖေဖေကရော မေမေကပါ သဘောကျ ချစ်ခင်ခြင်း မရှိလှကြောင်း သူသိသည်။
ကြီးကြီးစိန်သည် ချမ်းသာသော်လည်း ကပ်စေးနှဲလှကြောင်း၊ စကားပြောက ချိုချိုနှင့် စီးပိုးတတ်ကြောင်း၊ ကဲကဲ ငယ်ငယ်တုန်းက ဆေးဖိုးကုန်လှ၍ ငွေပြတ်လျှင် သူ့ဆီက ငွေချေးဖူးကြောင်း၊ ဆွေမျိုးပင်ဖြစ်သော်လည်း အတိုးကြီးကြီး ယူပြီး ထိုအတိုးကိုလည်း ရက်တွက်နှင့် အတိအကျပေးရကြောင်း (မေမေ ပြောပြဖူးသမျှ) စသည်တို့ကို သိထားခဲ့ရသည်။
နောက်တော့ မေမေ ငွေလိုရင် ဘွားရွှေဆီမှာပဲ ဒီဆွဲကြိုးလေး ဖြုတ်ပြီး ပေါင်တော့သည်။ သူက မှတ်ကျောက် နာနာတိုက်တတ်လို့ ရွှေပွန်းပေမယ့် တော်ရုံတန်ရုံ ရက်တွက်ကို လျော့ပေးတတ်တယ်” ဟု ပြောဖူးသော မေမေ့စကားများကို ပြန်ပြီး ကြားယောင်နေသည်။
ကဲကဲ ကြီးကြီးစိန်နောက်ကို လိုက်မသွားချင်၊ လုံးဝ မလိုက်ချင်။
“မေမေရယ် သမီးတို့ဆီ တကယ်ပဲကို ပြန်မလာတော့ဘူးလား” ဟုတွေးရင်း ကဲကဲ ခေါင်းလေးငုံ့ကာ မသိမသာရှိုက်ရင်း မျက်ရည်သုတ်သည်။
“ဒီကလေးတွေကို ငါ ဘာမှ မကူညီနိုင်တော့ဘူးလား”
ကဲကဲတို့မောင်နှမရှေ့တွင် ထိုင်နေသော ဦးဘပွားက စိတ်မချမ်းသာစွာ တွေးသည်။ သိသိသာသာကြီး အမ်းပြီး ဖောင်းတောင်းတောင်းဖြစ်နေသော မျက်နှာကြီးသည် စိတ်ဆင်းရဲမှုကြောင့် ပိုပြီးအိုမင်းနေသည်။ ခါတိုင်းလို ဆေးမကူဘဲ လွှတ်ထားလိုက်သော ဆံပင်များမှာလည်း ဖြူပြီးဖွာနေသည်။ သူ့ကြည့်ရသည်မှာ ရုတ်တရက် ချက်ချင်း အိုကျသွားသလို ဖြစ်နေလေသည်။
ဦးထင်ကတော့ သူ့ရင်ခွင်တွင် ကျောမှီ၍ ထိုင်နေသော ကိုတူးကို ခပ်ဖွဖွ ဖက်ထားသည်။ သူ၏မျက်စိအောက်တွင် ကြီးပြင်းလာကြသော သည်ကလေး သုံးဦး တကွဲတပြားစီ ဖြစ်သွားကြမည်ကို တွေးပြီး စိတ်မချမ်းမသာဖြစ်နေသည်။ မျက်ရည်ကို ထိန်းထားသော်လည်း ကျိတ်ကျိတ်ပြီး သက်ပြင်းရှိုက်လိုက်တော့ ကိုတူး၏ကျောလေးသည် သိမ့်ခနဲ တုန်၍တုန်၍ သွားသည်ကို သူသတိထားမိနေရင်း သူပါ ရောပြီး ပင့်သက်ရှူနေမိသည်။
“ဒီလိုဆို ကဲကဲတို့သုံးယောက်က အတူတူ မနေရဘူးပေါ့ဟင်၊ ဟုတ်လားဟင်”
ကဲကဲကစ ထိုစကားကိုပင် ကယောင်ကတမ်းလေး ထပ်ပြောနေသည်။ ငိုင်တွေတွေကြီး ထိုင်နေသော ဘွားရွှေကိုလည်းကောင်း၊ ခေါင်းငုံ့ထားသော အန်တီမွှေးကိုလည်းကောင်း၊ ကံကောင်းကိုချီထားသော ဦးကောင်းကိုသော်လည်းကောင်း အားကိုးတကြီး လှမ်းကြည့်သည်။ ဘဖိုးထင်၏မျက်လုံးများသည် အခါတိုင်းလို အရက်ခိုးတွေ ဝေမနေဘဲ ကြည်လင်နေသည်။ သူတစ်သက်လုံး စွဲခဲ့သော အရက်ကို ပရိတ်ရေသောက်ပြီး အပြီးဖြတ်နိုင်ခဲ့သော်လည်း သူ့နှလုံးသားတွင် အတပ်ထပ်ရစ်ပတ်နေသော သံယောဇဉ်ကြိုးများကိုကား သူက ဘယ်လိုမျှ မဖြတ်နိုင်။
“ဘဖိုးထင်ရဲ့” ဟု ကဲကဲက ငိုသံပါလေးဖြင့် ခေါ်တော့ သူ မနေနိုင်ဘဲ မျက်ရည်တွေ လည်လာသည်။
“ဒီကလေးတွေကိုတော့ ခွဲဖို့ မကောင်းပါဘူးဗျာ”
ဦးဘပွားက အသံအက်အက်ကြီးဖြင့် ပြောသည်။ မည်သူ့ကိုမျှ မကြည့်ဘဲ ကျွန်းသားစားပွဲကြီးကိုသာ စိုက်ကြည့်နေသည်။ အစ်ကိုနှစ်ဦးကြားထဲတွင် ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နှင့် ခပ်နွဲ့နွဲ့လေး ဆိုးနေတတ်သော ကဲကဲ၏ရုပ်သွင်လေးများကို ထင်ယောင်မြင်ယောင်ဖြစ်မိသည်။ မိဘနှစ်ပါးလုံး ဖြုန်းကနဲ ဆုံးပါးသွား၍ ပူပန်ညှိုးလျကာ စိတ်အားငယ်နေသော သည်ကလေးမလေးသည် အစ်ကိုနှစ်ဦးနှင့်ပါ ထပ်ပြီးခွဲခွာရမည်ဆိုလျှင် ရင်ကွဲနာကျ သွားနိုင်သည်။ ဟုတ်သည်။ ရင်ကွဲနာကျသွားလိမ့်မည်။ ထိုသို့ပင် သူယုံကြည်သည်။
“ဒါကတော့ ဦးရယ်၊ ကျွန်တော်တို့လဲ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် စီစဉ်ရတာပါ၊ သုံးဦးလုံး တာဝန်ကို တစ်ဦးတည်း ယူဖို့ကျတော့လဲ”
ဦးသက်ထွန်း စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်သည်။ ကျန်စကားများကို ဆက်ပြောစရာမလို။ လူတိုင်း နားလည်ပြီးသားကိစ္စဖြစ်သည်။
“ဟုတ်ပါတယ်၊ အဲဒါကလဲ အဲဒါပေါ့လေ”
ဦးဘပွားက သက်ပြင်းကြီးချပြီး အတန်ကြာအောင် ငြိမ်နေသည်။ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပြောသင့် မပြောသင့် ချိန်ဆရင်း သူ့ရင်ထဲတွင် မောနေသည်။ ဦးသက်ထွန်းကတော့ အတန်ငယ် နေရထိုင်ရခက်နေသည်။
သည်ကလေး သုံးဦးကို ခွဲချင်လွန်း၍ ခွဲရခြင်းမဟုတ်ကြောင်း၊ အစစအရာရာ အဆင်ပြေအောင် လုပ်ရခြင်းဖြစ်ကြောင်း စသည်တို့ကို ဘေးလူများ နားလည်အောင် သူဘယ်လိုရှင်းရမည်နည်းဟု စိတ်ပင်ပန်းစွာ တွေးနေမိသည်။
ပြဿနာတစ်ခုခု ဖြစ်လာလျှင် ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းရန် ဘာမှအကူအညီမရဘဲ ဘေးမှထိုင်ပြီး ဝေဖန်လေကန်တတ်သောသူများနှင့် တွေ့နေရပြီဟု ထင်မှတ်ကာ စိတ်ညစ်နေမိလေသည်။
“ဘဘကြီး”
,
ကဲကဲက အားကိုးတကြီး ခေါ်သည်။ ထို့နောက် ငိုသည်။
“ကဲကဲတို့ ဒီမှာပဲ နေချင်တယ်နော် ဘဘကြီး”
ကဲကဲ၏စကားကို ကြားတော့ ဦးသက်ထွန်းရော၊ ဒေါ်ခင်စိန်ပါ မျက်စိမျက်နှာပျက်သွားကြသည်။ ဆွေမျိုးတွေက ကောင်းရာကောင်းကြောင်း စီစဉ်သည်ကို ကောင်းမွန်စွာ မနာခံဘဲ၊ သူစိမ်းတွေကို လှည့်ပြီး တိုင်တည်သော အပြုအမူဖြစ်၍လည်း စိတ်ထဲတွင်လည်း အတန်ငယ် မျက်သွားကြသည်။ မျက်နှာရိပ် မျက်နှာကဲကို နားလည်သော ကိုဦးက ကဲကဲ၏လက်ကလေးကို ညှစ်ကိုင်ပြီး တားသော်လည်း ကဲကဲက မလျှော့၊ ဦးဘပွားကို အားကိုးတကြီး ကြည့်ရင်း ဆက်ပြောသည်။
“ကဲကဲ ကိုဦးတို့နဲ့ပဲနေချင်တယ် ဘဘကြီးရဲ့ နော်”
“သမီး ဘယ်မှ လိုက်မသွားချင်ဘူးလား”
“ဟင့်အင်း”
ကဲကဲက ရှိုက်ရင်း ခေါင်းခါသည်။
“ကဲကဲ ဘဘကြီးနဲ့ အန်တီမွှေးနဲ့ ပြီးတော့ ဦးကောင်းတို့နဲ့အတူတူ ..... ဘွားရွှေနဲ့ ဘဖိုးထင်နဲ့ ပြီးတော့ ကံကောင်းလေးနဲ့ အတူတူ”
ငိုရင်းရှိုက်ရင်း ပြောနေသော ကဲကဲ၏အသံက ဗလုံးဗထွေး ဖြစ်နေသည်။ ဘွားရွှေက မျက်ရည်သုတ်နေစဉ် ဦးထင်က နှပ်ညှစ်သည်။ ဦးဘပွား၏မျက်လုံးတွေကတော့ နီကျင်လာသည်။
“ကဲ...ထားပါတော့၊ ဒီမှာနေချင်တာက ထားပါတော့”
ဦးသက်ထွန်းက ဝင်ပြောသည်။ သူသည် အတန်ငယ် စိတ်ဆိုးနေပုံရသည်။
“ဒီမှာ နေချင်လို့ နေတယ်ပဲထားပါတော့။ သမီးတို့ရဲ့တာဝန်ကို ဘယ်သူက ယူနိုင်မှာမို့လဲ၊ သမီးတို့ရဲ့ နေရေး ထိုင်ရေး၊ စားရေး သောက်ရေး နောက်ပြီး ပညာရေးနဲ့ကျန်းမာရေး အဲဒါတွေကို ဘယ်သူက အကုန်အကျခံမှာလဲ”
ဦးသက်ထွန်းက စိတ်တိုသည်ကို ထိန်းပြီး ခပ်ချိုချို ပြောသည်။ ဒေါ်ခင်စိန်ကတော့ ခပ်မာမာ ခပ်ဆတ်ဆတ် ဖြစ်လာလေသည်။
“ဒါကတော့ ကျွန်မတို့က ဆွေမျိုးဝတ္တရားအတိုင်း စောင့်ရှောက်ရမယ့်အပိုင်းမို့ ပြောနေရတာပါ၊ တာဝန်ဆိုတာ ဘယ်လောက်ကြီးသလဲဆိုတာ ထမ်းကြည့်မှ သိတာနဲ့ ပါးစပ်ကလေးတစ်ခု အရင်းစိုက်ပြီး ထိုင်သနားနေရတာလောက်တော့ မလွယ်ဘူး”
ဒေါ်ခင်စိန်၏စကားက အနှောင့်အသွား မလွတ်လှပေ။ ပစ္စည်းအတော်အတန် ချမ်းသာသောသူတို့၏ ထုံးစံအတိုင်း ဒေါ်ခင်စိန်သည် လူတစ်ဖက်သားကို မည်သူမည်ဝါဟု စိတ်ဝင်စားရမည်ထက် ငါ့ကို မည်သူမည်ဝါမှန်း သိရဲ့လားဟူသော မာန်က အလျင် တက်လာတတ်လေသည်။ ယခုလည်း ဦးဘပွားကို ပါးစပ်ကလေးတစ်ခု အရင်းစိုက်ပြီး လူတွင်ကျယ်လုပ်နေသော အဘိုးကြီးတစ်ဦးဟု ထင်ပြီး မြင်ပြင်းကတ်နေမိပုံရသည်။
“ကဲ...ပြောလေ သူတို့တွေကို ဘယ်သူက ကျောင်းထားပေးပြီး ဘယ်သူက ထမင်းအလကား ကျွေးထားနိုင်မှာမို့လဲ”
ဒေါ်ခင်စိန်က ထပ်ပြောသည်။ ဦးဘပွားကို တည့်တည့်ရင်ဆိုင်ကြည့်ပြီး လှောင်သလိုလို ပြုံးလိုက်သော်လည်း ဦးဘပွား၏မျက်နှာက အထူးပင် တည်ငြိမ်နေသည်ကို အံ့သြစွာ သတိထားလိုက်မိသည်။
“ကျုပ် ကျောင်းထားပေးနိုင်ပါတယ်၊ နောက်ပြီး ထမင်းလဲ ကျွေးနိုင်ပါတယ်ဗျာ”
ဦးဘပွား၏အသံက တိုးရုံသာမက အတန်ငယ်တုန်ကာ ရှတတ အက်တက်တက် ဖြစ်နေသည်။ သို့သော်လည်း သူတို့အားလုံး ပြတ်ပြတ်သားသား ကြားလိုက်ရသည်။
“ဒီက ကလေးတွေရဲ့ ဦးလေးတွေ အဒေါ်တွေကသာ သဘောတူ ခွင့်ပြုမယ်ဆိုရင် ဒီကလေးသုံးယောက်လုံးရဲ့တာဝန်ကို ကျုပ် အဲ...ကျုပ်တို့ ယူပါရစေလို့ တောင်းပန်ပါတယ်ဗျာ”
တအံ့တသြ ဖြစ်နေသော မျက်နှာနှစ်ခုကို တစ်လှည့်စီကြည့်ရင်း ဦးဘပွားက အနူးအညွတ် တောင်းပန်သည်။ ဦးဘပွားကို မြင်ဖူးတွေ့ဖူးလာခဲ့သည့် နှစ်ပေါင်း အတော်များမျာအတွင်း၌ သူ့မျက်နှာ ဤမျှ နူးညံ့သည်ကို လည်းကောင်း၊ သူ့အသံ ဤမျှ ပျော့ပျောင်းသည်ကိုလည်းကောင်း၊ ဤမျှ ခခယယ ပြောသည်ကိုလည်းကောင်း၊ တစ်ခါမျှ မကြုံဖူး မကြားဖူးသောကြောင့် ဒေါ်ရွှေနုသည် ပါးစပ်ကြီး အဟောင်းသားနှင့် တအံ့တဩ ဖြစ်နေမိလေသည်။
ဆက်ရန်
--------------------------
#မစန္ဒာ
0 Comments