ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၆)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၆)

သည်တစ်ခါတော့ ဦးထင်သည် အရက်နာမကျဘဲနှင့် ခေါင်းထဲတွင် စစ်စစ်ကိုက်ခဲနေလေသည်။ ကလေးများ၏ ဝမ်းပမ်းတနည်း ငိုရှိုက်သံသည် သူ့နှလုံးသားကို ဓားနှင့် ရိပ်ရိပ်မွန်းနေသလို နာကျင်စေသည်။ မိဘရင်ခွင်တွင် ကြောင့်ကြမဲ့စွာ နေလာခဲ့ကြသော ကလေးငယ်သုံးဦး၏ ဘဝရှေ့ရေးကို သူ မတွေးရက်ချေ၊ ကလေးများ အငိုတိတ်အောင်လည်း သူ မနှစ်သိမ့်တတ်၊ မချော့တတ်ချေ။ 

“သူတို့ နှစ်ယောက်လုံး သေသွားကြပြီတဲ့၊ အဲဒါ တကယ်လား၊ ဟုတ်မှဟုတ်ရဲ့လား”

ကလေးတွေ မဆိုထားနှင့်၊ သူလို အသက်ခြောက်ဆယ်ကျော် အဘိုးကြီးကပင်လျှင် ထိုကိစ္စကို မယုံချင်။ တစ်စုံတစ်ဦးကများ အတည်ပေါက်နှင့် နောက်ပြောင်လေရော့သလားဟု တွေးနေသည်။ ထိုသို့ပင် ဖြစ်ပါစေဟုလည်း မဖြစ်နိုင်မှန်းသိလျက်နှင့် ဆုတောင်းနေမိလေသည်။

သူ့သား ကိုကောင်းထက်ကတော့ “ဖြစ်မှဖြစ်ရလေဗျာ” ဟု မချိတင်ကဲပြောရင်း သက်ပြင်းကြီး တဟင်းဟင်း ချနေသည်။ မမွှေးကြူကမူ ကိုတူးနှင့် ကဲကဲကို မလွတ်တမ်း ဖက်ထားသည်။ ကလေးတွေကို “မငိုပါနဲ့ကွယ်” ဟု ပြောနေသော်လည်း သူက မျက်ရည်ကျနေသည်။ အဆိုးဆုံးကတော့ ဟိုအဘွားကြီး ဒေါ်ရွှေနုဖြစ်သည်။

“အံမာ... လေးရဲ့ လေး။ အဖြစ်ဆိုးလှချည်လား မခင်လှရဲ့” ဟု ခုနှစ်အိမ်ကြား အော်သည်။ ရှိုက်ငင်နေသော ကဲကဲ၏ပခုံးလေး နှစ်ဖက်ကို ကိုင်လှုပ်ပြီး "ကဲကဲရေ... မြေးလေးရဲ့၊ နင့်အမေ ပြန်မလာတော့ဘူး..”ဟုလည်း အလိုက်ကန်းဆိုးမသိ ပြောသေးသည်။ 

“တစ်ခုတော့ ကောင်းပါတယ်လေ၊ ငါ့မှာ သူ့ကို အမြင်ကတ်နေရတော့ စိတ်ထဲမကောင်းဖြစ်နေတာ လျော့သွားတာပေါ့”

ရုတ်တရက် ချက်ချင်း အသုဘအိမ်ဖြစ်သွားသော သူတို့တိုက်တွင် လူဝင်လူထွက် ရှုပ်လာသည်။ ဆင်းကြ တက်ကြ မေးကြ မြန်းကြနှင့် ဆိုတော့ မမွှေးကြူတို့သားအမိက လုံးဝမအားကြတော့ချေ။ ကံကောင်းကို တစ်ယောက်တစ်လက် ဝိုင်းချီနေကျဖြစ်သော ကဲကဲတို့မောင်နှမကလည်း ဂရုမစိုက်အားကြသောအခါ ဖိုးကံကောင်းခမျာ ဦးထင်၏လက်ပေါ် ရောက်လာသည်။ 

ဦးထင်သည် ကံကောင်းကို ချီကာ လမ်းလျှောက်လိုက်၊ ကိုရန်ဝေးနှင့် မခင်လှတို့ကို ကြေကွဲစွာ သတိရလိုက်၊ ကလေးတွေကို သနားလိုက်၊ ဒေါ်ရွှေနုကို မြင်ပြင်းကတ်လိုက်နှင့် အချိန်နာရီအတော်များများကို လူရောစိတ်ပါ ပင်ပန်းစွာနှင့် ကုန်ဆုံးခဲ့ရသည်။

ညနေစောင်းရောက်တော့ ဖိုးမူနှင့် ဖိုးခွား မောင်နှမနှစ်ယောက် မျက်နှာငယ်ကလေးများနှင့် ရောက်လာသည်။ ဦးထင်၏လက်ထဲတွင် ပျင်းပြီးငိုက်နေသော ကံကောင်းကို ခေါ်သွားကြသည်။

“မောင်မင်းကြီးသားတို့ မောင်နှမ ကျေးဇူးတင်လိုက်တာဗျာ”

ဦးထင်သည် မီးဖိုချောင်နံရံကိုမှီကာ သမံတလင်းပေါ်တွင်ပင် ခြေပစ်လက်ပစ် ထိုင်ချသည်။ သူ ဘယ်သူနှင့်မှ စကားမပြောချင်။ ကဲကဲတို့မောင်နှမတစ်တွေနှင့် မျက်နှာချင်းဆိုင်ရမှာကိုလည်း ဝန်လေးနေသည်။ မည်သူနှင့်မျှ မတွေ့ရသော ချောင်ကလေးတစ်ချောင်တွင် တိတ်တိတ်ဆိတ်ဆိတ်ကလေး ထိုင်နေချင်သည်။ ထို့နောက် အရက်တွေမူးအောင်၊ ဒေါင်ချာစိုင်းအောင် သောက်ပစ်လိုက်ချင်သည်။ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ သနားခြင်း၊ ဝမ်းနည်းခြင်း စသော စသော ဝေဒနာများကို သူ မခံစားလိုပေ။

“သူတို့နှစ်ယောက်လုံး ငါ့ထက် အများကြီး ငယ်ကြသေးတယ်၊ လောကမှာလည်း အသုံးကျနေကြတယ်၊ အနည်းဆုံး ကလေးသုံးယောက်အတွက် သူတို့ကိုလိုအပ်တယ်”

သို့ပါသော်လည်း သေခြင်းတရားသည် ကြီးခြင်း၊ ငယ်ခြင်း၊ လူ့လောကတွင် လိုအပ်ခြင်း၊ မလိုအပ်ခြင်း၊ အသုံးကျခြင်း၊ အသုံးမကျခြင်းများကို မကြည့်ခဲ့ပေ။

“ငါကတော့ အသက်ခြောက်ဆယ်ကျော်နေပြီ။ လောကမှာလဲ အသုံးမကျဘူး၊ ငါမရှိလို့လဲ ဘယ်သူ့မှာမှ မနစ်နာဘူး”

ဦးထင်က သက်ပြင်းကြီး ဟင်းခနဲချသည်။

“ငါ ဘာကုသိုလ်ကောင်းမှုကိုမှ သတ်သတ်မှတ်မှတ် မလုပ်ဖူးဘူး”

ဦးထင်က သူကျော်ဖြတ်ခဲ့သော အချိန်များကို ပြန်ပြောင်းတွေးနေမိသည်။ ဒါနနှင့်ပတ်သက်သော ကောင်းမှု၊ သီလနှင့်ပတ်သက်သောကောင်းမှု၊ ဘာဝနာနှင့်ပတ်သက်သောကောင်းမှု၊ ဘာတစ်ခုမျှ ရေရေရာရာမရှိခဲ့သည်ကို သတိရရင်း ရင်ထဲတွင် လေးလေးလံလံကြီး ဖြစ်သွားသည်။ ကောင်းသောအလုပ်ကို မလုပ်ခဲ့သူသည် သေသည်၏အခြားမဲ့၌ ကောင်းသောနေရာသို့၊ ကောင်းသောဘုံဘဝသို့ ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူသိသည်။

ဘုရား တရားကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်ပြီး ကိုးကွယ်ဆည်းကပ်ခြင်း မပြုခဲ့မိသော်လည်း နောက်နောင်ဘဝများနှင့် သံသရာ၏အကျိုးဆက်ကိုတော့ သူယုံကြည်သည်။

“ကိုရန်ဝေးတို့လိုသာ ငါလဲ ရုတ်တရက် သေသွားမယ်ဆိုရင်”

ကြောင်အိမ်အောက် ပြေးဝင်သွားသော ပိုးဟပ်တစ်ကောင်ကို ငေးကြည့်နေရင်းမှ ဦးထင်က တွေးမိသည်။ 

“ငရဲကျရင်လဲကျ၊ ငရဲမကျရင်လဲ တိရစ္ဆာန် ၊ အင်း... ဟောဟိုက ပိုးဟပ်လို ဘဝမျိုးကိုတောင် ရောက်ချင်ရင် ရောက်သွားနိုင်တယ်” 

ပိုးဟပ်များကို တံမျက်စည်းနှင့် ရိုက်သတ်ပြီး မသေမရှင် လှည်းထုတ်ခဲ့သည်များကို သတိရပြီး ဦးထင်၏စိတ်ထဲတွင် မအီမသာဖြစ်သွားသည်။ 

ညနေစောင်းလာသောအခါတွင်ကား ဦးထင်သည် အိမ်ထဲတွင် မနေနိုင်တော့ပေ။ ယောင်လည်လည် ငုံ့လျှိုးလျှိုးနှင့် မသိမသာ ထွက်လာခဲ့သည်။ ထုံးစံအတိုင်း သောက်မည်။ ထို့နောက် ထုံးစံအတိုင်း မူးမည်။

“ဒီနေ့တော့ ထုံးစံအတိုင်းတောင် မဟုတ်ဘူး၊ ထုံးစံထက် ပိုပြီး မူးချင်တယ်၊ အားလုံးကို မေ့သွားအောင် မူးချင်တယ်။ ကိုရန်ဝေးတို့လင်မယား၊ ကိုဦးတို့မောင်နှမ နောက်ပြီး...နောက်ပြီးတော့ ...အဲဒီ သေခြင်းဆိုတဲ့တရား” 

ဦးထင်သည် အရက်မသောက်ရသေးဘဲနှင့် မူးချင်ချင်ဖြစ်နေသည်။ ခေါင်းထဲတွင်လည်း လေးလံကိုက်ခဲနေသည်။ သူ အတန်ကြာအောင် မေ့လျော့နေခဲ့သော သေခြင်းတရားက သူ့ဆီ တစ်ကျော့ပြန်လာကာ “ကျုပ်ကို မမေ့နဲ့ဗျ“ ဟု ခြိမ်းခြောက်နေသလို ခံစားရသည်။ သူ၏မိခင်ဖခင်၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်သင်္ဂဟများကိုသာမက သူ၏ချွေးမနှင့် မြေးလေးကိုပါ ခေါ်ဆောင်သွားဖူးသော သေခြင်းတရား၏ အေးစက်စိုထိုင်းသော လက်မည်းကြီးများ၏အရိပ်ကို ပြန်လည်တွေ့ရပြန်ပြီး၊ နာကျင်ကြေကွဲခြင်းများကို ခံစားရပြန်ပြီ၊ ငိုကြွေးသံများကို ကြားရပြန်ပြီ။

“ဘယ်တော့ ရောက်မလဲဆိုတာသာ အသေအချာ မသိရတာ၊ ငါ့အလှည့်လဲ ရောက်လာဦးမှာပဲ” 

ဦးထင်က သူ့အလှည့်ကိုတွေးရင်း ကျောထဲတွင် စိမ့်တက်လာသော်လည်း မထီတရီပြုံးရန် ကြိုးစားမိသည်။ သို့သော် အောင်မြင်ချေ။ ​သေခြင်းတရားကို ကြောက်လှသည် မဟုတ်သော်လည်း၊ ထိုသေခြင်းဆိုသော တံခါးဝကြီး၏ ဟိုမှာဘက်တွင် ရှိနေမည့် တမလွန်ကို တွေးပြီးကြောက်နေမိသည်။

“ဪ ... တရားပွဲရှိနေတယ်ထင်” 

မြသိန်းတန်ဓမ္မာရုံနား ရောက်လာတော့ စည်ကားလှုပ်ရှားနေသောသူများကို တွေ့ရသည်။ ဓမ္မာရုံထဲတွင်လည်း လူတွေပြည့်နေသည်။ နေရာမရတော့၍ လမ်းဘေးတွင် မတ်တပ်ရပ်နေသူများလည်း မနည်းလှပေ။ 

“ဘယ်ဆရာတော်ကြီးများ ကြွလာမှာလို့လဲ” 

“တောင်တန်းသာသနာပြု ဆရာတော်ကြီးလေ”

ဦးထင်က “​ဪ” ကို လေရှည်ဆွဲ၍ ရွတ်မိရင်း ထိုဆရာတော်ကြီး၏အကြောင်းကို စဉ်းစားသည်။ ဘုရားတရားနှင့် ခပ်ဝေးဝေးနေသူမို့ ထိုဆရာတော်ကြီးကို တစ်ခါမျှ မဖူးဘူးသော်လည်း ဆရာတော်ကြီး ပရိတ်ရွတ်လျှင် ပရိတ်အိုးများ ဆူကြောင်း ဝေကျကြောင်းကိုကား ကြားဖူးလေသည်။

“ဟို ပရိတ်အိုးဆူတယ်ဆိုတဲ့ ဆရာတော်ကြီးလား” 

“ဟုတ်ပါ့ဗျာ”

ဦးထင်၏ဘေးတွင်ရပ်နေသော ပုဆိုးအညိုကွက်နှင့်လူက အားရပါးရ ခေါင်းညိတ်သည်။

“အဲသလို ဆူတာကို မြင်ဖူးလားဟင်”

ဦးထင်က မေးကောင်းလား မမေးကောင်းလားတော့မသိ၊ သိချင်ချင်ရှိသေးသည်ကို တဲ့တိုးကြီး မေးမိသည်။ 

 “ဝေကျတာကိုတော့ မမြင်ဖူးသေးဘူး၊ ပုလင်းထဲမှာ ပလုံစီလေးတွေ ထပြီး ပွက်လာတာကိုတော့ မြင်ဖူးတယ်”
 
“အဟုတ်လား” 

ဦးထင်က အံ့သြနေသည်။

“အဟုတ်ဗျား။ ပုလင်းကိုကိုင်ကြည့်တော့လဲ တရှိန်းရှိန်းနဲ့ကို သိသိသာသာကြီး ပူခြစ်လာတာပဲ”

“ပုလင်းတိုင်းလားဗျ”

“ဟုတ်ဘူးဗျ။ အဲဒီတုန်းက ကျွန်တော်လဲ ပရိတ်ရည် လိုချင်လို့ ပုလင်းထားတာပဲ၊ ဒါပေမယ့် ကျွန်တော့်ပုလင်းက နဂိုအတိုင်း အေးစက်လို့။ ဒါကတော့ ပုလင်းပိုင်ရှင်ချင်းကလဲ သီလသမာဓိ ကွာဦးမှာကိုး” 

ဦးထင်သည် အရက်ဖြူဆိုင်ကို ခေတ္တမျှ မေ့လျော့သွားသည်။ သည်ဆရာတော်ကြီးအကြောင်း သူကြားဖူးနေသည်မှာ ကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင် လာပြီးကြုံကြိုက်နေမှတော့ ဖူးဖြစ်အောင် ဖူးလိုက်ဦးမည်ဟု တွေးရင်း နေရာတွင် ဆက်လက်၍ ရပ်နေမိသည်။ သူ့ရင်ထဲတွင်သာမက သူ့ခေါင်းထဲမှာပါ လေးလံနောက်ကျိနေခြင်းများသည် ဆရာတော်ကြီးကို ဖူးလိုက်ရလျှင် အတန်ငယ် သက်သာသွားလိမ့်မည်ဟု ထင်နေသည်။

“လူတွေက နေဖို့ပဲ စဉ်းစားနေကြတယ်။ သေဖို့တော့ မစဉ်းစားကြဘူး၊ ကောင်းကောင်းနေရဖို့ချည်းပဲ ကြိုးစားနေကြတော့ ကောင်းကောင်းသေရဖို့အတွက် အချိန်မပေးနိုင်ကြဘူး​လေ"

သူ့ဘေးတွင် ဖြတ်သွားသော အမျိုးသမီးကြီးနှစ်ဦးက ပြောသွားကြသည်။ နှစ်ဦးလုံး ယောဂီရောင်ထဘီတွေ ဝတ်ထားကြပြီး စိပ်ပုတီးလေးများ ပတ်ထားသော ပရိတ်ရေပုလင်းကို ကိုယ်စီကိုင်သွားကြသည်။ 

“အင်း ငါဆိုတဲ့အကောင်ကတော့ ကောင်းကောင်းနေဖို့လဲ မကြိုးစား၊ ကောင်းကောင်းသေဖို့လဲ မစဉ်းစား ဟတ် ... ဟတ်....... ဟတ်.... ဟား” 

ဦးထင်က ရယ်ရန် ကြိုးစားရင်းမှ ငိုချင်နေသည်။ ကုန်လွန်ခဲ့သောအချိန်များ၊ သူ ဖြတ်သန်း ကျော်လွှားပြီး ဖြုန်းတီးခဲ့သောအချိန်များ၊ ထိုအချိန်များအတွက် တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တရချင်ချင်ဖြစ်နေလေသည်။ သူ့ကို ချွေးမနှင့်မြေးက တရားမပြနိုင်ခဲ့သော်လည်း ကိုရန်ဝေးနှင့်မခင်လှကတော့ တရားပြနိုင်ခဲ့ပြီထင်သည်။

“ဟုတ်ပါရဲ့ဗျာ၊ သေခြင်းတရားဆိုတာက ဘယ်သူ့ကိုမှ ကြိုတင်သတိပေးနေမှာမဟုတ်ဘူး၊ သူလာချင်တဲ့အချိန်မှာ ဗြုန်းခနဲရောက်လာပြီး ကိုယ့်ကိုဆွဲခေါ်မှာဆိုတော့ ကိုယ်ကလဲ အမြဲအသင့်ရှိနေမှ တန်ကာကျမှာ”

ခုနတုန်းက ပရိတ်အိုးဆူကြောင်း ပြောပြခဲ့သည့် ပုဆိုးအညိုကွက်နှင့်လူက သူ့ဘေးမှ ရှမ်းဘောင်းဘီဝတ်ထားသောသူကို လှည့်ပြောသည်။

“ဘယ်သူအသင့်ရှိနိုင်မှာတုန်းဗျာ”

ဦးထင်က စိတ်ထဲမှ ခပ်ချဉ်ချဉ်နှင့် တွေးနေမိသည်။

“သေမင်းကိုများ ဧည့်ကောင်းစောင်ကောင်းကြီး လုပ်လို့၊ စောင့်ကြိုနေရမှာလားဗျာ၊ ထွတ်.....ပြောချင်ပါဘူး”

သီလနှင့်ဘာဝနာ ပါးရှားခြင်းကိုတွေးပြီး စိတ်အားငယ်နေမိလေသည်။ ကိုရန်ဝေးနှင့် မခင်လှတို့ကိုလည်း သတိရကာ တုန်လှုပ်စိတ်ကို အနိုင်နိုင်ထိန်းနေရသည်။ 

“ကျွန်တော်တော့ လှူသင့်တာကိုလှူ ပေးသင့်တာကို ပေးခဲ့ပြီးပြီ၊ ခုလိုပင်စင်ယူပြီး အချိန်ပိုလေး ရှိလာပြန်တော့လဲ သီလနဲ့ဘာဝနာကို အချိန်လေး အပြည့်ပေးလာနိုင်ပြီဆိုတော့ အခုနေ သေဆိုရင် သေရဲပြီဗျ၊ အထက်ကို မဆန်ရင်တောင် ကိုယ့်ကိုယ်ကိုရဲ့ အောက်တော့ မစိုင်းတန် ကောင်းတော့ဘူးလို့ ထင်တာပဲ” 

ရှမ်းဘောင်းဘီနှင့်လူက ပြောသည်။ ဦးထင်ကတော့ ခပ်မဲ့မဲ့ပြုံးရင်း ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်သည်။ သေခြင်းအကြောင်းတွေကို သူဆက်ပြီးမကြားချင်၊ သို့သော် သူ မသွားဖြစ်ခဲ့ချေ။ ဆရာတော်ကြီး ကြွလာသောကြောင့် ဖြစ်သည်။ 

“ရောက်လာမှတော့ ဖူးလိုက်ဦးမယ်” ဟု တွေးရင်း ဦးထင်သည် ဆရာတော်ကြီးကို ကောင်းကောင်းမြင်နိုင်ရန်အတွက် အုတ်ခံလေးပေါ်တွင် တက်၍ ရပ်ကာ မျှော်ကြည့်လိုက်သည်။

ဆရာ​တော်ကြီး၏အနားတွင် ကြိုဆိုသူ​တွေ ဝိုင်းဝိုင်းလည်​နေသည်မို့ ကောင်းစွာမမြင်ရ၊ သို့သော် ပြင်ဆင်ခင်းကျင်းထားသောနေရာတွင် ထိုင်ပြီးသောအခါတွင်ကား ဆရာတော်ကြီးအနီးတွင် လူတွေ ရှဲသွားလေသည်။

“ကြည့်စမ်း ရုတ်ရုတ်သဲသဲနဲ့ လှုပ်နေလိုက်တဲ့လူတွေ နည်းပါဘူး။ ဒီလူတွေဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင် ဆက်ပြီး လှုပ်နိုင်ကြမှာမို့လဲ၊ နောင် လေးငါးနှစ် ဆယ်နှစ် ထားပါတော့၊ နှစ်ပေါင်းအစိတ် အင်း နှစ်ပေါင်း အစိတ်ဆိုရင် တစ်ဝက်လောက်တော့ ကုန်လောက်ပြီ၊ သေချာတာကတော့နောင်နှစ်ပေါင်းတစ်ရာဆိုရင်တော့ ဒီနေရာမှာရှိနေတဲ့လူတွေ တစ်ယောက်မှ လူ့ပြည်မှာ မရှိနိုင်တော့တာပဲ”

တလှုပ်လှုပ် တရွရွနှင့် နေရာယူနေကြသော လူများကို အထက်ဘက်ဆီမှ ဆီး၍ ကြည့်ရင်း ဦးထင်က တွေးနေမိသည်။

“အင်း ... ငါကတော့ နောက်ဆယ်နှစ်နေရရင်တောင် ကံကောင်းလှပြီ၊ ငါဖြုန်းခဲ့တဲ့အချိန်တွေက နှစ်ပေါင်းခြောက်ဆယ်ကျော်သွားပြီ” 

ဦးထင်သည် လူအများဆီမှတစ်ဆင့် ဆရာတော်ကြီးကို လှမ်း၍ မျှော်ကြည့်လိုက်သည်။

“ဘုရား.....”

ဘုရားကို မတစဖူး တရင်း ဦးထင် ရင်ထဲတွင် သိမ့်ခနဲဖြစ်သွားသည်။ တရားဟောစင်မြင့်မှနေပြီး ပရိသတ်ကို ဆီး၍ကြည့်နေသော ဆရာတော်ကြီး၏မျက်လုံးများနှင့် သူ့ မျက်လုံးများသည် တည့်တည့်ကြီး ရင်ဆိုင်တိုးမိသောကြောင့် ဖြစ်သည်။ မေတ္တာရိပ် မေတ္တာရောင်လွှမ်းကာ စင်စင်ကြယ်ကြယ် နူးနူးညံ့ညံ့ရှိလှသည့် မျက်လုံးအစုံကို မှင်တက်မိသလို ပြန်လည်ကြည့်နေရင်း ဦးထင်သည် ခေါင်းကိုငုံ့လိုက်မိသည်။ အပြစ်လုပ်ထားသော ကလေးငယ်ပမာ ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ 

“အချိန် ဘာမှမကျန်တော့ဘူး။ ရှေ့လျှောက်ပြီး မိုက်နေဦးမည် ဆိုရင်တော့ သံသရာမှာ အရှုံးကြီးရှုံးရလိမ့်မယ်”

ဆရာတော်ကြီးက သူ့ကို ထိုသို့ပင် ပြောလိုက်သည်ဟု ဦးထင် ခံစားလိုက်ရသည်။ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်ဟုပင် ထင်လိုက်မိသည်။ လက်အုပ်ကို အလိုလိုချီမိပြီး မော်ကြည့်လိုက်တော့ ဆရာတော်ကြီးက သူ့ကို ကြည့်မနေတော့ပေ။

“ငါမိုက်တယ်......မိုက်ခဲ့ပါတယ်” 

ဖခင်ရှေ့ရောက်ပြီး အဆူခံလိုက်ရသော ကလေးဆိုးတစ်ဦးလို ဦးထင်သည် အလိုလိုငိုချင်နေသည်။

“ဟုတ်ပါရဲ့ ။ သိ.....သိကြီးနဲ့ ဆက်ပြီးမိုက်နေဦးမယ် ဆိုရင်တော့ ငါအရှုံးကြီး ရှုံးရတော့မယ် ထင်ပါရဲ့” 

မျက်လုံးအိမ်တွင် ဝေ့လည်လာသောမျက်ရည်များကို မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ထိန်းရင်း ကွယ်လွန်ခဲ့ပြီးပြီဖြစ်သော မိဘများ၊ ဆွေမျိုးများ၊ မိတ်သင်္ဂဟများအားလုံးကို တစ်ဦးပြီးတစ်ဦး သတိရနေမိသည်။ သူတို့တစ်တွေ လူ့ဘဝရောက်လာပြီး ရှုံးသွားကြလေသလော၊ မြတ်သွားကြလေသလော၊ လူ့ရပ်လူ့ရွာမှ ဒေါသကိုလည်းကောင်း၊ လောဘကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဆုပ်ကိုင်တွယ်ဖက် ဘဝကူးသွားကြသူများကိုလည်း မြင်ယောင်လာသည်။ 

သူတို့တွေ ဘယ်ရောက်သွားကြမည်နည်းဟု ဆက်၍တွေးရင်း ရင်ထဲတွင် ဟိုက်ကာ မောလာသည်။ ဘဝကို ခင်မင်တွယ်တာသော ဘဝတဏှာလည်း ရုတ်တရက် ပြတ်ချင်ချင်ဖြစ်ကာ ငြီးငွေ့ စိတ်ကုန်သွားသလို ခံစားလိုက်ရသည်။

“ငါ တစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး” 

ဦးထင်သည် သူ့ကိုယ်သူ အံ့သြနေသည်။ သူ့ဘဝသည် ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်လုံခြင်း မရှိလှ၍ နေပျော်စရာ သိပ်မကောင်းသော်လည်း သူသည် ဘဝကို ခင်မင်တွယ်တာလှသည်။ ပျင်းခြောက်ခြောက်ဘဝပင်ဖြစ်သော်လည်း ထိုဘဝကို တွယ်တွယ်တာတာနှင့် ဖက်တွယ်ထားခဲ့သူဖြစ်သည်။ အခုတော့ သူသည် ထိုဘဝကိုပင် တွယ်တာစိတ်၊ ခင်မင်စိတ်တွေ ကုန်ခမ်းကာ ငြီးငွေ့သလို ဖြစ်သွားသည်။ 

“ဒီဘဝသာမက သံသရာတစ်လျောက်လုံး အရှုံးကြီး ရှုံးရတော့မှာပါလား”

ဦးထင်သည် သူ့စိတ်ကိုသူ တည်ငြိမ်အောင် ကြိုးစားရင်း ဆရာတော်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ဆရာတော်ကြီးသည် မျက်လွှာကိုချကာ တစ်စုံတစ်ခုကို တိုင်ပေးနေသည်။ သူ့စိတ်တွေ ဝေဝါးနေ၍ ပထမတော့ ဘာတွေ တိုင်ပေးပြီး ပရိသတ်က ဘာတွေလိုက်ဆိုနေသနည်း သတိပင် မထားမိ။

“ကာမေသုမိစ္ဆာစာရာ၊ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟူသောအသံကို ကြားလိုက်သောအခါမှ “ဪ ... ငါးပါးသီလ ပေးနေတာပါလား” ဟူ၍ သဘောပေါက်သည်။ သူက မတ်တပ်ရပ်ရင်းမှ လက်အုပ်ကိုချီထားသော်လည်း လိုက်မဆိုမိ။ သူများရွတ်သည်ကို နားထောင်ပြီး တွေးတွေးငေး​ငေးကြီး ဖြစ်နေမိသည်။

ထိုစဉ်တွင် ဆရာတော်ကြီးက အားလုံးကိုလွှမ်းကာ ခြုံ၍ ကြည့်သည်။ ထို့နောက် စိုက်စိုက်ကြီးနေသော ဦးထင်ကို ခေတ္တမျှ စိုက်၍ကြည့်သည်။ မေတ္တာကြီးမားနက်ရှိုင်းသော မျက်လုံးများနှင့် သူရာခိုးမပြယ် ဝေနေတတ်သော မျက်လုံးများသည် စက္ကန့်အနည်းငယ်မျှ ဆုံမိလိုက်ကြပြန်သည်။

“သူရာ​မေရိယ မဇ်ဇပမာဒဌာနာ ​ဝေရာမဏိ သိက်ခါပဒံ သမာဒိယာမိ” 

ဆရာတော်ကြီးက ဆက်၍ရွတ်သည်။ အခြားသူများအတွက်က ဤမျှသာဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း ဦးထင်အတွက်မူ ထိုအသံသည် ပဲ့တင်သံအဆင့်ဆင့် မြည်ဟီးကာ ရင်ထဲနှလုံးထဲထိ စီးဆင်းသွားသလို ခံစားလိုက်ရသည်။ 

“သံသရာမှာပါ အရှုံးကြီးရှုံး၊ အဆုံးကြီး ဆုံးရလိမ့်မယ်နော” 

သူ၏ဦးနှောက်က သူ့ကို ထပ်ခါတလဲလဲ ပြောနေသည်။ ဦးထင်သည် စက္ကန့်အနည်းငယ်မျှ မှင်တက်မိနေပြီး ရင်ဝယ်ယှက်ထားသော လက်ဝါးနှစ်ဖက်ကို နဖူးအထိ ချီပင့်လိုက်သည်။ အသက်ကို ပြင်းပြင်းကြီးရှိုက်၍ ရှူလိုက်သည်။ ထို့နောက် ပြတ်ပြတ်သားသား လိုက်၍ ရွတ်ဆိုလိုက်သည်။

“သူရာမေရိယ မဇ်ဇပမာဒဌာနာ ​ဝေရာမဏိသိက်ခါပဒံ သမာဒိယာမိ"

“အာမဘန္တေပါ အရှင်ဘုရား”

ဆက်ရန်
----------------------
#မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments