မွှေး - ခင်နှင်းယု အပိုင်း (၁၁)

#မွှေး

အပိုင်း(၁၁)

“ကိုကိုတွတ်ရေ... မေမေက ခဏလာပါဦးတဲ့” 

ထွေးက သူတို့ရှိရာသို့ ပြေးထွက်လာကာ လာ၍ခေါ်၏။

“အေး...အေး... လာမယ်”

အတွတ်က အထွေးသို့ ပြန်ဖြေပြီး သူ့လက်ထဲမှစာကို မွှေးလက်ထဲ ပြန်ထည့်လိုက်၏။

“ကိုယ်ပြန်လာခဲ့ဦးမယ်။ မွှေး ဒီကပဲ စောင့်နေနော်”

မွှေးက သူ့ကိုခေါင်းညိတ်ပြ၏။ ကြီးကြီးတင် အခန်းရှိရာသို့ လျှောက်လာသော်လည်း အတွတ် စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး မရှိလှ။ သူ အခန်းထဲသို့ ဝင်လာချိန်တွင် ကိုကိုနိုင်၏မေမေကိုလည်း မတွေ့ရတော့။

“သား... ကြီးကြီးတင်အနားမှာ လာထိုင်ပါဦး။ မောင်မောင်နိုင့်အမေလဲ ခုပဲ ပြန်သွားတယ်"

အတွတ်သည် ကြီးကြီးတင် ဘေးတွင် ဝင်ထိုင်လိုက်၏။ မျက်နှာအရောင်မှာ အင်မတန် ဖျော့တော့၍ သွေးအားနည်းဟန်ရှိသော်လည်း ကြီးကြီးတင် မျက်လုံးများသည် အရောင်တောက်ပ၍ နေပေသည်။ သို့သော် လက်ချောင်းများကမူ မြှောက်ရသည်ကိုပင် အနိုင်နိုင် အားယူရဟန်ရှိ၏။ 

“သား...သွားခါနီးမှာ ကြီးကြီးတင် ပြောစရာတွေ အများကြီးရှိတယ်"

ကြီးကြီးတင်က သားဟူ၍ ခေါ်လိုက်တိုင်း သူ့ရင်ထဲတွင် ဒိတ်ခနဲ ဒိတ်ခနဲ ဖြစ်၍သွား၏။

“ကြီးကြီးတင်တို့အခြေအနေကို သားလဲသိပြီးသားပဲ။ ကြီးကြီးဟာ မောင်အောင်တို့ မောင်နောင်တို့ မရှိကြတော့တဲ့နောက် အတွတ်ကိုပဲ သားလိုချစ်ခဲ့တယ်။ ဒီတော့ သားကို ကြီးကြီး ပြောခဲ့ချင်တယ်။ ကြီးကြီးရောဂါဟာ အပြုအစုကောင်းလို့ အသက်ရှင်နေတာပဲ။ အရွယ်ကျလို့ အားဆုတ်ချိန်မှာ ကျွမ်းနေတဲ့ တီဘီရောဂါသမားတစ်ယောက်အဖို့ အသက်ရှင်ဖို့ရာ မျှော်လင့်စရာမရှိပါဘူး။ ဒီတော့ ကြီးကြီးတင် မျက်ကွယ်ရောက်ရင် အေးတို့ညီအစ်မတွေဟာ ဘယ်လောက် ကသီမလဲဆိုတာ သားတွေးမိမှာပဲ။ သူတို့မှာ အဖေကျန်ရစ်တယ်ဆိုပေမယ့် ဦးနှောက်က ကျပ်ပြည့်တဲ့သူမဟုတ်၊ အဲဒီ အဖေကပဲ သူတို့ကို အားကိုးရမယ်။ သိတဲ့အတိုင်း အဒေါ်တွေကလဲ မွှေးတစ်ယောက် လာနေတာတောင် ဘယ်လိုနေရလဲ။ တိတိကျကျ တာဝန်ယူ အားကိုးဖို့ဆိုတော့ ဆင်းတဲ့သူတွေအတွက် ဆွေမျိုးဟာမရှိဘူး။ အေးကလဲ အကြီးဆုံးဆိုပေမယ့် အင်မတန် အေးရှာတယ်။ သူ့ကိုလက်ထပ်ဖို့လဲ ကြီးကြီး ဘယ်လိုမှတိုက်တွန်းလို့မရဘူး။ ဒီတော့ မွှေးကို လက်ထပ်ပေးခဲ့ဖို့ ကြီးကြီးတင် စီစဉ်ချင်တယ်”

အတွတ်၏မျက်နှာကလေးမှာ ရွှင်ရွှင်ပျပျ တောက်ပလာသည် ဟု အတွတ်က သူ့ကိုယ်သူ ထင်မိ၏။

“ဟုတ်ကဲ့ ... ဒီအစီအစဉ်ဟာ အင်မတန်ကောင်းပါတယ်”

ဘုရား...ဘုရား၊ အတွတ်သည် ရင်ထဲတွင် အလိုလို ဖိုလာပြန်၏။ ဘုရားသိကြားမလို့ သူနှင့်မွှေးကို ပေးစားချင်သည့်အကြောင်း ကြီးကြီးတင်က ဖွင့်ပြောခဲ့ပါလျှင် သူသည် ဒီတစ်ခါတော့ ခေါင်းညိတ်လိုက်တော့မည်။ ကိုကိုနိုင့်စာတွေ ဘာတွေက မွှေးစိတ်ကို လှုပ်ရှားလာအောင် တတ်နိုင်တော့သည်မှ မဟုတ်။ သူက အတင်းဝင်လုသည်လည်းမဟုတ်။ အကြောင်းက အလိုလိုဖြစ်လာခြင်း ဖြစ်သည်။

“သားကလဲ ​မွှေးစိတ်ကိုသိတဲ့အတိုင်း တစ်ချီတစ်ချီ အင်မတန်ခေါင်းမာတယ်။ သူ့ဖရက်ကလွဲလို့ ကမ္ဘာမြေပြင်မှာ ယောက်ျားမရှိတော့သလိုပဲ။ ဖရက်နဲ့မွှေးဟာ ပူးပေါင်းလို့ မဖြစ်နိုင်ပါဘူး အတွတ်။ မွှေးရဲ့ ဒုက္ခသုက္ခတွေကို သိတဲ့တစ်နေ့ ဖရက်ဟာ မွှေးကို စွန့်ပြေးမယ့် သူငယ်လေးပါ”

အတွတ်သည် စိတ်ထဲမှ ပြုံးမိ၏။ မွှေး၏နောက်ပိုင်းဇာတ်လမ်းကို ကြီးကြီးတင် မသိရှာသေးသော်လည်း ကြီးကြီးတင် ​ဗေဒင်ကြိုဟောထားသကဲ့သို့ ဖြစ်လာခဲ့ပေပြီ။ 

“မွှေးအပေါ် သဘောထားကြီးကြီးနဲ့ စောင့်ရှောက်နိုင်မယ့်သူမှ မွှေးလက်ထပ်လို့ဖြစ်မှာပဲ။ ဒီတော့ ကြီးကြီးတင် ဆန္ဒက..”

အတွတ် ရင်များသည် တဆတ်ဆတ် ခုန်ကာ လက်ဖျားများ အေးလာ၏။ 

“မောင်မောင်နိုင်နဲ့ မွှေးကို ...”

နောက်ဆက်သော စကားလုံးများကို အတွတ်သည် မကြားသလိုဖြစ်သွား၏။ မျက်လုံးက ပြာတာတာဖြစ်သွားကာ ရင်ထဲ၌ လှိုင်းတံပိုးထလာသလို အခံရကျပ်လာတော့သည်။ ဒဏ်ရာအပြင်းထန်ဆုံးရ၍ သေအံ့ဆဲဆဲလူနာတွေ့ချိန်ကပင် သူ ဒါလောက် စိတ်မလှုပ်ရှားဖူး​ပေ။ မျှော်လင့်ချက် ဆုံးပြန်ပြီတကား။

“မောင် ... မောင် ...နိုင် ..."

သူသည် တစ်လုံးစီ တုန်တုန်ယင်ယင်နှင့် ရွတ်၏။ ကြီးကြီးတင်က ဘာမျှသိရှာဟန်မတူပေ၊ စကားစဉ်မပျက် ဆက်ပြော၏။

“အေး .. မောင်မောင်နိုင်ဟာ မွှေးအတွက် အကောင်းဆုံး လက်ထပ်သင့်တဲ့လူလို့ ကြီးကြီး ယူဆတယ်။ သူ့မှာ သဘောထားကြီးရုံမက အတော်ဆုံးအရည်အချင်းက သူဟာ သူ့ကိုယ်ကျိုးကြည့်တတ်တဲ့သူငယ်မဟုတ်ဘူး။ သူ့အမေကလဲ သုံးလေးခေါက်ရှိပြီ၊ လာပြီးတော့ မွှေးကို တောင်းနေတယ်” 

အတွတ်သည် တင်းထားသမျှ အားတွေကို အကုန်လျှော့ပစ်လိုက်၏။ ကိုကိုနိုင်က စစ်ဗိုလ်တစ်ယောက်ပဲ၊ တိုက်ပွဲတစ်ပွဲကို အောင်နိုင်ရေးအတွက် နည်းပရိယာယ်အမျိုးမျိုးသုံးကာ စစ်ဆင်ရေးတွင် ဘယ်တောင်ပံတွင် ဘယ်သူ ချီတက်၍ ညာတောင်ပံတွင် ဘယ်သူက ဘာလက်နက်ကို သုံးရမည်ကို ခန့်ခွဲတတ်သူဖြစ်၏။ မွှေးကိုရဖို့နေရာတွင်လည်း တစ်ဖက်က လူကြီးချင်းလွှတ်၍ ချဉ်းကပ်၏။ တစ်ဘက်က မွှေး၏စခန်းသို့ သူကိုယ်တိုင် ထိုးဖောက်လာ၏။ အတွတ်သည် သူ့ကိုယ်ကို အလိုလိုအထင်သေးသလို ရွံသလိုဖြစ်လာသည်။ ရရှိသည့်အခွင့်အရေးကို မြန်မြန်ထက်ထက်နှင့် ယိုင်ယိုင်ညွတ်ညွတ် ပြုရမည့်နေရာတွင် သူသည် ဘာကြောင့်နှောင့်နှေးသည်ကို မတွေးတတ်။ ကြီးကြီးတင်စကားသံသည် အဝေးကြီးမှ ပြောသလို တိုးတိုး တိုးတိုး ကြားနေရ၏။

“ကြီးကြီးတင် တောင်းပန်ချင်တာကတော့ ... အတွတ်က အတွတ်ရဲ့ ညီမလေးကို ကူပြီးနားချပေးပါ” 

ကြီးကြီးတင်သည် စကားကို အဆုံးသတ်လိုက်၏။ 

အတွတ်သည် သူ့စိတ်ကို သူ ယခုမှနားလည်၏။ အမှန်တော့ ကြီးကြီးတင်က သူ့ကို သားလိုချစ်သည်။ မွှေးတို့က အစ်ကိုလို ချစ်သည်။ ဒီလိုမြတ်နိုး သန့်စင်သော အချစ်နှင့် သူတို့အားထားတိုင်း သူသည် မွေးအပေါ် ချစ်ခွင့်ကို ဖွင့်ပြောဖို့ရာ၌ တုံ့ဆတုံ့ဆနှင့် နှောင့်နှေးမိခြင်းဖြစ်၏။ ယခုတော့လည်း အစ်ကိုတစ်ယောက်စိတ်မျိုး​မွေး၍ ညီမငယ် နောင်​ရေးကို မျှော်ခေါ်ကာ နားချပေးရဦးတော့မည်။ သူချစ်သောသူအား သူများနှင့်လက်ဆက်ရန် နားချသော အလုပ်ဆိုသည်မှာ ဆင်းရဲတကာ့ ဆင်းရဲတွင် ကြီးစွာသော ဆင်းရဲပါတကား။ 

“သား မသွားခင် ကြီးကြီးကို ဒါတစ်ခုတော့ ဆောင်ရွက်ပေးခဲ့ပါ။ ကြီးကြီးလဲ စိတ်ချမ်းသာနိုင်မှာပဲ။ မွှေးက သားကိုချစ်လဲ ချစ်တယ်။ နာလဲ နာခံပါတယ်” 

အတွတ်သည် ကြီးကြီးတင်မျက်နှာကို စူးစိုက်၍ ပြန်ကြည့်မိ၏။ သူ့တစ်ကိုယ်လုံးတွင် ချွေးများပြန်သလို ပူရှိန်းလာပြန်သည်။ 

“ဟုတ်ကဲ့၊ ကြီးကြီးတင် စိတ်ချမ်းသာအောင်နေပါ၊ ဒီရောဂါက စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ အတွတ် မွှေးကို ရေလည်အောင် ပြောပြပါ့မယ်၊ မွှေးဟာ ခေါင်းမာတယ်ဆိုပေမယ့် အမေကို သိပ်ချစ်ပြီး အမေ့အတွက်ဆိုရင် သိပ်ငဲ့တဲ့ မိန်းကလေးပါ” 

“ကျေးဇူးတင်ပါတယ် သားရယ်၊ သူ့ကိုယ်သူ စက်ကြီးလို အောက်မေ့ပြီး မွှေးတစ်ယောက် မနားမနေ အလုပ်လုပ်သွားဖို့ကိုလဲ ကြီးကြီးတင် မကြည့်ရက်ဘူး။ ပြီးတော့ သူ့ခန္ဓာကိုယ်ကရော ခံနိုင်မလား၊ မွှေးဟာ အသက်တိုမယ်”

“ဟုတ်ပါတယ်၊ ကိုကိုနိုင်နဲ့ဆို သူနားရမှာပဲ။ ကျွန်တော် ခုပဲ သွားပြောမယ်” 

အတွတ်သည် စိတ်ထဲမှ အားတင်းကာ ထိုင်ရာမှ ထလျှောက်လာ၏။ ကြီးကြီးအနားမှာ ကြာကြာမနေချင်ပေ။ ​မွှေးအနားသို့ ရောက်ချိန်ထိ အံကြိတ်ထားမိပေသည်။ အသက်ကိုလည်း ပြင်းပြင်းရှူပစ်လိုက်၏။ 

“မရွှေမွှေးရဲ့၊ ခင်ဗျားကတော့ ဘာမှမသိဘူး၊ သိရဲ့လား။ ကျုပ်မှာတော့ ကျုပ်အသည်းကွဲရမယ့်ဇာတ်လမ်းကို ကျုပ်ကိုယ်တိုင် ဝင်ကရတော့မယ် သိလား" 

အတွတ်သည် ယခုလိုပင် အော်၍ပြောလိုက်ချင်သော်လည်း စကားလုံးများသည် နှုတ်ခမ်းဖျားမှ မထွက်ပေ။ ဒီလိုသာ မျိုသိပ်ဖန်များလျှင် စကားလုံးတို့ အဆုတ်မှာကြပ်ကာ တီဘီရောဂါ စွဲချည့်ရဲ။

“မွှေး ကိုကိုနိုင့်ဆီကစာ ဖတ်ပြီးတော့ ဘယ်လိုစဉ်းစားလဲ" 

“ဘယ်လိုမှ မစဉ်းစားဘူး” 

ခပ်အေးအေးပင် ပြန်ဖြေသည်။ 

“တစ်ခုခုတော့ စဉ်းစားရမှာပေါ့ မွှေး” 

“ဘာ ...” 

မွှေးသည် မျက်လုံးလေးပြူးကာ သူ့ကို အထူးအဆန်းသဖွယ် ကြည့်၍မေးသည်။ 

“စဉ်းစားရမယ်လို့ ပြောတာ၊ မွှေးရဲ့ လက်ထပ်ရေးဟာ မွှေးတို့မိသားစုရဲ့ နောင်ရေးပဲ။ မွှေးက အားမာန်တွေတင်းပြီး ဒီခရီးအထိလာခဲ့တာ ဝတ္တရားကျေပါတယ်။ ရှေ့ဆက်ပြီး ကြီးကြီးတင်မရှိတဲ့နောက် မွှေးတို့ညီအစ်မတစ်သိုက် နေရေးထိုင်ရေးဟာ မလွယ်ဘူး”

“အတွတ်ကကွယ် ဒီတစ်ခါ ကြီးကြီးကျယ်ကျယ်စကားတွေ ပြောလိုက်တာ”

မွှေးသည် မျက်လုံးကလေး ပြုံးရယ်ရယ်နှင့် ငယ်ငယ်တုန်းက ဟန်မျိုးနှင့် သူ့ကိုဆို၏။ အတွတ်ကတော့ အလွန်မျက်နှာညှိုးနေတော့သည်။

“မှန်တယ်မွှေး၊ ဟိုတုန်းကတော့ မင်းနဲ့ကိုယ်နဲ့ဟာ လယ်ကွင်းဘေးမှာ ရန်ဖြစ်ကြတဲ့အချိန်ပဲ။ တည့်တဲ့အခါလဲ ပြေးလွှားကစားတဲ့ အချိန်တွေပေါ့။ ခုတော့ တို့နှစ်ယောက်ဟာ တို့ဇာတ်လမ်းတွေမှာ ဇာတ်ကောင်တွေ၊ ဇာတ်လိုက်တွေအဖြစ် ပါလာကြပြီ။ ဒီတော့ တို့ဟာ တစ်ခါတလေ လေးလေးနက်နက် စဉ်းစားပြီး လေးလေးနက်နက် ပြောရတော့မယ်”

​မွှေးမျက်နှာသည် အံ့ဩသလို တစ်မျိုးပင် ပြောင်းလဲသွားကာ အတွတ်ကို လေးလေးစားစား ကြည့်၏။ 

‘‘ကြီးကြီးတင် ရောဂါအခြေအနေကလဲ တိတိလင်းလင်းဖွင့်ပြောရရင် သိပ်မဟန်ဘူး၊ ဆေးရုံမှာ နားခွင့်ရလို့ အခန်းရတောင် အနည်းဆုံးခြောက်လ၊ အများဆုံး တစ်နှစ်ပဲ။ သူ မရှိတဲ့နောက် အတွတ်တို့က မွှေးတို့ညီအစ်မတစ်စုကို မောင်လို အစ်ကိုလို ...”

သူသည် အသံများ တုန်လာလွန်း၍ စကားကို ခဏရပ်ထားရ၏။ မျက်လုံးကို မွှေးမျက်နှာမှ လွှဲပစ်လိုက်ကာ ခြံစည်းရိုးတန်းရှိ ကင်ပွန်းချဉ်ပင်များပေါ်သို့ ကြည့်လိုက်၏။ နောက်စကားလုံးများအတွက် မနည်းအားယူရပြန်သည်။

“စောင့်ရှောက်နိုင်တယ်ဆိုဦး အဝေးကပဲ နေနိုင်ကြမယ် မဟုတ်လား၊ ဦးလေးထွန်းအေးဆိုတာက သူ့ဘဝက သွားပြီပဲ။ ​မွှေးက ဒီလိုပဲ ဆက်အလုပ်လုပ်သွားမယ်ဆိုဦး၊ ပင်ပန်းလွန်းလှတယ်။ အငယ်မတွေ ဒီဂရီရအောင်၊ ပြီးတော့ ကြီးကြီးတင် စရိတ်ကြွေးတွေ ဘယ်လို တင်လာပြီဆိုတာလဲ အတွတ်သိပါတယ်။ ဒီတော့ လျှော့လိုက်ပါ မွှေးရယ်၊ မင်းလက်ထပ်ပါတော့။ မွှေးလက်ထပ်မှ ကြီးကြီးတင်လဲ အသေဖြောင့်မယ်။ အားလုံးအဖို့လည်း ပြေပြေပြစ်ပြစ် ချောချောမောမောရှိမယ်” 

သူ့အသံသည် ပြောရင်း တိမ်၍ဝင်သွားသည်။ တံတွေးမျိုချလွန်း၍ လည်ချောင်းသည် ခဏခဏ လှုပ်ရှားနေ၏။

“ပြီးတော့ ကိုကိုနိုင်အပေါ်မှာ အမြတ်ထုတ်တာမှ မဟုတ်ဘဲ။ ကိုကိုနိုင်ကလဲ အားလုံး သိပြီးသားပဲ၊ သဘောထားကြီးတယ်။ ပညာတတ်တယ်။ ရည်မွန်တယ်။ အမျိုးချစ်တဲ့စိတ် ရှိတယ်ဆိုတဲ့ လူတစ်ယောက်ကိုမှ လက်မထပ်ရင် ဘယ်သူ့ကို လက်ထပ်မလဲ မွှေး၊ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ်နှိုင်းယှဉ်ပြရရင် ဖရက်ဟာ တကယ်ဆို မွှေးကို လက်မထပ်ရင်နေပါ။ ဒုက္ခတွေအနန္တရောက်နေပြီလို့ သိတဲ့အချိန်မှာ မိတ်ဆွေကောင်းအနေနဲ့ဖြစ်ဖြစ် ဒီတစ်ကွေ့တော့ အားခဲဦး လို့ အားပေးသင့်တယ်။ Encourage လုပ်သင့်တယ် မဟုတ်လား။ နောက်မှ တဖြည်းဖြည်း နောက်ဆုတ်ချင်ဆုတ်ပေါ့။ ခုတော့ မွှေးအဖို့ တွယ်ရာမဲ့ အားကိုးရာမဲ့ အဆိုးဆုံးအချိန်မှာ မွှေးကို မုန်းပြီလို့ လုံးလုံးပစ်ရက်တဲ့သူပဲ၊ ဖရက်ဟာ အတွတ်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ။ ကိုကိုနိုင်ကတော့ မွှေးကို အနစ်နာခံပြီး ချစ်နိုင်တဲ့စိတ်ရှိတယ်။ အဆိုးဆုံးအချိန်မှာ လက်တွဲပြီး ကူချင်တဲ့စိတ်ရှိတယ် မဟုတ်လား” 

သူသည် မောင်ကြီးက ညီမငယ်ကို ပြောဟန်များ တဖြည်းဖြည်း ဝင်လာ၏၊ ​လောင်သောတဏှာဖြင့် ပြွမ်းသည့်အချစ်မှ တဖြည်းဖြည်း မွန်မြတ်သောမောင်နှမချစ်သို့ ကူးပြောင်း၍ ပြောဆိုရသောကြောင့်လားမသိ၊ သူ့မျက်နှာသည်လည်း တဖြည်းဖြည်းအေး၍ ဣနေ္ဒြရလာသည်။

“အတွတ်တို့ ဖရက်တို့ကမှ တိုင်းပြည်မီးလောင်ချိန်မှာ ကျောင်းစာသင်ခန်းက ဖင်နေရာမရွေ့ဘူး၊ ဟိုကောင်ဆို ပညာတော်သင်ဘဝနဲ့ အေးလို့။ ကိုကိုနိုင်ကြီးလဲ အေးနိုင်သားပဲ။ သူတစ်ယောက်တည်း။ အတွတ်???ဆို ခု ဒေါက်တကောင်းကောင်းဖြစ်နေပြီ။ ဒါပေမယ့် တိုင်းပြည်မီးလောင်နေပြီဆို သူ့အပေါင်းအဖော်နဲ့ စာသင်ခန်းထဲက ထွက်သွားကြတာပဲ။ အဲဒီစိတ်ကလေးတွေဟာ မြတ်နိုးစရာမကောင်းဘူးလား၊ မွှေးရဲ့စိတ်ကို သိပ်လည်းတင်းမထားနဲ့။ မွှေးဟာ မိန်းမ။ အသည်းနှလုံးတို့၊ ဦးနှောက်တို့ ဆိုတာတွေမှာ အကန့်အသတ်ရှိကြတယ်။ သူတို့ရှိတဲ့အား သူတို့ခံနိုင်ရည်အင်းအားထက် အလုပ်ပိုမလုပ်နိုင်ကြဘူး။ လုပ်လာရင် မြန်မြန်ပျက်စီးသွားမှာပဲ။ ခုလိုမနားမနေ အလုပ်လုပ်၊ တစ်ဘက်က စာသင်၊ တစ်ဘက်က တာဝန်ကြီးတစ်ခုနဲ့ဆို မွှေး မြန်မြန် အသက်တိုမယ်။ မင်းမေမေကို ကြည့်၊ ငါးဆယ့်သုံးနှစ်ဆိုတာ အများကြီးနေပျော်ပေမယ့် သူခံလိုက်ရတဲ့ ဒဏ်တွေကြောင့် သူဟာ ရှေ့နှစ်ဆို လူ့လောကမှာ မနေရတော့ဘူး၊ မွှေး အတွတ်ပြောတာတွေ သဘောပေါက်တယ်နော်"

သူသည် ​မွှေးဘက်ကို ပြန်လှည့်ကာ မေးလိုက်၏။ 

မွှေးသည် ခေါင်းမဖော်တော့။ မျက်ရည်ပေါက်များမှာ မွှေးပေါင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေတော့သည်။ အတွတ်၏ရင်ထဲတွင်လည်း ထိုအချိန်မှာ ခံစားနေရသော ​ဝေဒနာကို ဘယ်လိုမှ ထုတ်ဖော်မပြောနိုင်တော့ပေ။

“ကိုယ်နားလည်ပါတယ် မွှေး၊ မင်းက ဖရက်ကို အသက်လို ချစ်တယ်ဆိုတာ၊ ငယ်ကချစ် အနှစ်တစ်ရာ မ​မေ့သာဘူးပေါ့။ ဒါပေမယ့် သူကတောင် ကိုယ့်ကိုစိမ်းပြီး အေမီ့ရင်ခွင်မှာ ပျော်နိုင်သေးတာပဲ။ မွှေးက ဆိုးရတာမှ မဟုတ်ဘဲ မွှေးရယ် ...တိတ်ပါ၊ တိတ်၊ တိတ်၊ မငိုနဲ့”

သူသည် တသိမ့်သိမ့် လှုပ်နေသော မွှေးပခုံးလေးကို ပုတ်လိုက်၏။

“ကြီးကြီးတင် သိရင် စိတ်ညစ်ဦးမယ်။ အတွတ်လဲ ပညာတော်သင်သွားရတော့မယ်။ အတွတ်လဲ စိတ်ချလက်ချ သွားနိုင်တာပေါ့"

သူသည် ထိုစကားကို မနည်းဟန်ဆောင် ပြောလိုက်ရပြန်သည်။

“ကဲ ... အတွတ် ကြီးကြီးတင်ကို နှုတ်ဆက်ပြီးပြန်မယ်။ မွှေး ငိုတဲ့ရုပ်ကြီးနဲ့ ကြီးကြီးအနား မသွားနဲ့နော်။ တိတ်ပါကွယ်၊ လောကကြီးဟာ ဒီလိုပဲ၊ ကိုယ်လုပ်ချင်တာ လုပ်လိုက်တိုင်းလဲ စိတ်ချမ်းသာဖို့အကြောင်းက ဖြစ်ချင်မှဖြစ်လာတယ်။ ကိုယ်မလုပ်ချင်တာကို လုပ်လိုက်ပေမယ့်လဲ စိတ်ချမ်းသာစရာအကျိုးတွေ ဖြစ်ချင်ဖြစ်လာတတ်တာပဲ။ သွားတော့မယ် မွှေး”

သူသည် မွှေး၏ခေါင်းလေးကို ပုတ်ကာ အိမ်ထဲသို့ ဝင်သွားတော့၏။ 

ငိုနေသော မိန်းကလေး၏ပတ်ဝန်းကျင်တွင် ဝင်လုဆဲဆဲ နေရောင်မှာ ပြန့်ကျဲ၍ နေရစ်တော့သည်။

လန်ဒန်သို့ မထွက်ခွာခင် သူသည် ဝါးခယ်မသို့ တစ်ညအိပ် ထွက်လာခဲ့၏။ ​မေ​မေကတော့ အခြေအနေမကောင်းသေး၍ သူတို့ဘက်ကမ်းတွင် မအိပ်ဘဲ ဝါးခယ်ဘက်တွင် အိပ်ရန် မှာလိုက်သည်။ အတွတ် စိတ်ထဲတွင်တော့ သူ့အိမ်တွင် အိပ်ဖြစ်အောင် အိပ်ရန် ဆုံးဖြတ်လာခဲ့သည်။

မြို့သည် ကမ်းခြေတစ်လျှောက် တဲများဖြင့် ရှုပ်ပွ၍ နေတော့သည်။ သကျမဟာသီရိ ဘုရားကြီးသာ ရွှေရောင်တဝင်းဝင်း ပန်းရနံ့တသင်းသင်းဖြင့် မပျက်မစီး မပြောင်းလဲသလို ရှိတော့သည်။

ကျန်သည့် အခြေအနေများကတော့ သူငယ်စဉ်က နေသွားရသည်နှင့် ဘာမျှမတူပေ။ သူ့ကိုပင် မြို့နေလူများကာ တစိမ်းတစ်ရွာသားတစ်ယောက်လို စိမ်းစိမ်းကြည့်ကြ၏။ ဘုရားဖူးပြီး တဘက်ကမ်းသို့ ဦးကွန့်နှင့်အတူ ကူးလာခဲ့သည်။ ကမ်းနဖူးတွင် အိမ်အိုကြီးနှစ်ဆောင်ကို မြင်လိုက်သည်နှင့်ပြိုင်နက် သူ့ရင်ထဲတွင် ဆို့၍သွားသည်။

ရေဆိပ်တံတားကို တစ်လှမ်းချင်း တက်ရင်း မျက်ရည်​ဝေ့မလာအောင်ပင် စိတ်ကို တင်းရတော့သည်။ အတွတ်လေးတို့၊ မွှေးလေးတို့ ပြေးလွှားကစားသံ၊ တေးသံလေးများ သစ်ပင်များကြားမှ ထွက်လာသလို ဖြစ်လာသည်။

ခုတော့ အိမ်ကြီးနှစ်ဆောင်သည် သွေ့ခြောက်နေသည်။ ​မွှေးတို့အိမ်မှာ အသစ်ပြုပြင် မွမ်းမံမည့်သူမရှိ၍ ပို၍ဟောင်းနွမ်းကာ တချို့ အဆောင်များမှာ ယိုင်လုလုဖြစ်နေတော့သည်။ ပိတောက်ပင်ကြီး တစ်ပင်တည်းသာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရှည်လျားသည့်ဘဝအတွက် ညည်းညူလှုပ်ရှားနေဟန်ရှိသည်။

သူသည် ပိတောက်ပင်အောက်တွင် ခဏရပ်လိုက်၏။ ဤနေရာမှဖြတ်ကာ မွှေးထံ ခဏခဏသွားခဲ့ရသည်။ ဤနေရာတွင် ရပ်ကာ မွှေးနှင့် မျက်နှာဆုံကာ စကားပြောခဲ့ရ၏။ စိတ်ထဲတွင် မိုးမှုန်လေးများပင် သွန်ကျလာကာ ပိတောက်၏ရနံ့သည် လေတွင် သင်းပျံ့လာခဲ့ဟန်ရှိ၏။

ပန်းများ ပွင့်သောနေ့က သူချစ်သော မွှေးကို ဖရက်က စခဲ့ ၏။ ပန်းခိုင်ရွှေဝါများကို ပွေ့ကာဖက်ကာ ပြေးနေသော မွှေးသဏ္ဌာန်ကို မြင်ယောင်လာပြန်သည်။ 

ပန်းရနံ့သည် လေတွင်ပျောက်သွားပြန်၏။ ဪ မိရွှေမွှေးကို တမ်းတသောစိတ်၊ ချစ်ခဲ့ရသောစိတ်တို့ကိုမူ နှလုံးသားမှ ဘယ်တော့မှလည်း မပျောက်။ နှလုံးသားအပြင်သို့လည်း ထွက်၍ဖွင့်ဟရန် ခဲယဉ်းခဲ့ပါတကား။ 

သူ .. အိမ်ဘက်သို့ ပြန်ကူးလာကာ လှေကားကို တစ်လှမ်းချင်း တစ်ထစ်ချင်း တက်လာခဲ့၏။ အနောက်ဆောင်ကို သွားရာလမ်းမှာ ဖုံများ ထပ်နေ၍ လင်းနို့ချေးနံ့ နံလျက်ရှိနေပေသည်။ အနောက်ဆောင်သည် ​ရေညှိများနှင့် စိမ်းညစ်ညစ်ရောင် ပေါက်နေ၏။

သော်ကဘုရားလမ်းဘက်ဆီသို့ မျှော်ကြည့်လိုက်သောအခါတွင်မူ မျက်ရည်များမှာ ဝေ့၍ လာလေတော့သည်။စေတီ၏ လုံးပတ်တော်သည် ရွှေရောင်မှိန်ကာ မည်းညိုညိုကြီးဖြစ်နေတော့သည်။ နားထဲတွင် ခြူသံ၊ လှည်းသံ၊ မွှေး၏မျက်လုံးလေးရီရီနှင့် သီချင်းဆိုသံများမှာ စီညံညံ ပေါ်လာပြန်၏။ ဝင်ဆဲနေလုံးရဲရဲနှင့် အရောင်ဟပ်နေသော ​စေတီတော်၏ ကြည်ညိုဖွယ်ရာ သပ္ပာယ်သော မြင်ကွင်းသည်လည်း ရိုးရိပ်မျှမြင်ကာ ပျောက်၍သွားတော့သည်။

“ဦးကွန့်ရေ လာဗျာ၊ ဟိုဘက်က ဦးဆယ်ကိုပါ ခေါ်။ ကျွန်တော်တို့ သော်ကဘုရား သွားရအောင်၊ ဖယောင်းတိုင်လဲ ယူခဲ့”

သူ့နောက်တွင် ရပ်နေသော ဦးကွန့်မှာ ပါးစပ်လေးဟကာ ကြောင်နေသည်။ 

"အတွတ်ရယ် ဖြစ်ပါ့မလား၊ တော်တော်ကြာ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ တွေ့နေမှ"

“အိုဗျာ၊ ကျွန်တော့်မှာ ရန်သူမရှိပါဘူး၊ ကျွန်တော်တို့ သုံးယောက် စုတ်စုတ်နုပ်နုပ်သွားတာပဲဟာ၊ သွားခေါ်ဗျာ၊ သွားမယ်။ လှေပါထုတ်၊ ဒီအချိန်မှာ လယ်ကွင်းထဲက သွားလို့မဖြစ်ဘူး၊ သော်က ကူးတို့ဆိပ်ထိ လှေလှော်၊ ဟိုကျမှ လျှောက်သွားတာပေါ့” 

ဦးကွန့်မှာ သူစီစဉ်သည့်အတိုင်း လုပ်၍ပေးရှာ၏။

သော်က ကူးတို့ဆိပ်မှ ဘုရားသို့ သွားရာ အုတ်လမ်းသည် အတော်ပင် ပျက်စီး၍နေတော့သည်။ အုတ်လမ်းသည် မိုင်ဝက်ခန့် ရှည်လျား၏။ နှစ်ဖက်မှ ကုက္ကိုပင်တန်းမှာ အချို့အပင်များ ယိုင်စပြု၍နေပေသည်။ ဘေးဘက် လယ်ကွင်းများထဲတွင်မူ စပါးပင်များ စိမ်းနေသေးသည်။ သူတို့ငယ်ငယ်တုန်းကလိုတော့ ကလေးတို့သည်လယ်ရိတ်သိမ်းပြီးချိန်တွင် ပြေးလွှားဆော့ခွင့် မရှိတော့ပေ။ မငြိမ်းချမ်းသော ကာလတွင် ကလေးတို့၏ရယ်သံသည်လည်း ဆိတ်ခဲ့ပြီတကား။ လယ်တောသူတို့၏ တေးသံသည်လည်း ငြိမ်ကာ နွေအလှူခင်းမှ တေးသံသည်လည်း ပျောက်ခဲ့ရပြန်ပကော။

တန်ဆောင်းကြီးမှာ ပြိုပျက်နေ၍ အမိုးတစ်ခြမ်းပင် ဟင်းလင်းပွင့်နေသည်။ ဂန္ဓကုဋီတိုက်ခန်းရှိ ကျောက်ဆင်းတုနှစ်ဆူမှာ အလယ်မှ အင်္ဂတေ ကွဲအက်နိမ့်ကျသွား၍ ဒူးတော်နှစ်ခု ဆိုင်ကာ ယိုင်လဲလု ဖြစ်နေတော့သည်။ 

မွှေးတို့ အခြေပျက်ခဲ့သလိုပင် ​မွှေးဘွားဘွား၏ ဒါနအဆောက်အဦးသည်လည်း ပျက်စီးယိုယွင်းခဲ့၏။ အတွတ်သည် ဦးကွန့်လက်မှ ဖယောင်းတိုင် ၂ထုပ်ကို လှမ်းယူကာ ဘုရားရှေ့တွင် ထွန်းညှိလိုက်သည်။ ဖယောင်းတိုင်အဖျား၌ မီးရောင်တငြိမ့်ငြိမ့် တလှုပ်လှုပ် ထွက်ပေးလာလျှင်ပင် လှပသော လက်ချောင်းရှင်ကို သတိရမိပြန်သည်။ မွှေးသည် သူ၏လှပသော လက်ချောင်းလေးများဖြင့် ဤနေရာတွင် တစ်ခါက အတွတ်နှင့်အတူ ဖယောင်းတိုင်လေးများ စိုက်ထူကာ ဘုရားမီးပူဇော်ခဲ့၏။ ထိုလက်ချောင်းလေးများ၏ပိုင်ရှင်နှင့် တစ်မြေထဲတွင်မွေးဖွား၍ တစ်ရေထဲသောက်ကာ အတူတကွ ကြီးပြင်းလာခဲ့ပါလျက်နှင့် ချစ်ခွင့်ကိုမူ သူ မရခဲ့ပါတကား။ 

သူသည် တန်ဆောင်းအပြင်သို့ ထွက်လာခဲ့၏။ လယ်ကွင်းဘက်ဆီမှ လေအေးများ တိုက်ခတ်လာကြသည်။ ဗျိုင်းဖြူအုပ်သည် စိမ်းသောလယ်ကွင်းကိုဖြတ်၍ ညိုညိုပြာပြာကောင်းကင်တွင် ပန်းပွင့်တန်းကြီး ရွေ့လျားသလို ပျံ၍သွားကြသည်။ မွှေးနှင့်အတူ ငွေဗျိုင်းဖြူတို့ကို မကြည့်နိုင်တော့ပြီတကား။ 

“အဲဒီလယ်ကိုတောင် ကမန်းကတန်း စိုက်ကြပျိုးကြရတယ် အတွတ်ရဲ။ ဝေးတဲ့ခေါင်တဲ့နေရာကျတော့ အကြမ်းဖက်သောင်းကျန်းသူကို ဆက်ကြေးပေး၊ အကြမ်းဖက်သောင်းကျန်းသူနဲ့ နားလည်မှုယူပြီး စိုက်ကြ၊ ပျိုးကြရတာပဲ” 

ဦးကွန့်ကတော့ အတွတ်သည် သူ့လယ်ယာများအကြောင်းကို သိချင်မည်ထင်၍ နောက်မှလိုက်ကာ ပြောပြ၏။

"မသောင်းစိန် လယ်သမားတွေထဲကဆို ကိုဖိုးမောင်တို့က တော်တော်သစ္စာရှိတယ်၊ ရသမျှ စပါးရော လယ်ခရော မနှစ်က လာပေးရှာတယ်”

“ကဲ... ပြန်စို့ဗျာ”

သူသည် ရှေ့မှ ခပ်စိုက်စိုက် လျှောက်ကာ ဘုရားပရဝုဏ်မှ ပြန်ထွက်လာ၏။ ဦးကွန့်ကတော့ စကားတပြောပြောနှင့် နောက်မှလိုက်လာခဲ့၏။

“ဝါးခယ်မကတော့ ဘုရားတန်ခိုးတော်ပဲ။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တယ်လို့ မရှိဘူး၊ မြို့ဖျားတော့ ခဏခဏ လာပစ်တယ်၊ ဒါပေမယ့် ရာသီလိုက် ပွဲတော်တွေကတော့ မပျက်ဘူးကွယ့်၊ သီတင်းကျွတ်လဲ စည်တာပဲ။ တန်ဆောင်မုန်းရောက်လို့ ကထိန်ပွဲရောက်ရင် မမတို့ကို တယ်သတိရတယ်”

“တော်ပါတော့ဗျာ၊ ကျွန်တော်လဲ အမြဲ လွမ်းရက်ပါပဲ”

သူသည် ဒါပဲ ပြန်ပြောလိုက်၏။ သူတို့သည် တိတ်ဆိတ်စွာ လမ်းလျှောက်ပြန်လာခဲ့ကြ၏။ အိမ်ရောက်လျှင် အတွတ်သည် သူ့အိပ်ခန်းလေးရှိရာသို့သာတန်းတန်းမတ်မတ် တက်လာခဲ့သည်။ ဦးကွန့်က သူ့အတွက် အိပ်ရာ ခင်းပေး၏။ သူသည် အိပ်ရာပေါ်လှဲရင်း မမြင်ရသော အငွေ့အသက်တို့ကို ပြန်၍လွမ်းဆွတ်မိသည်။ သူ လွမ်းဆွတ်တမ်းတချိန်တွင် ဖရက်သည် သူ့ကို သတိမှ ရပါလေစ။ မွှေးကရော သူ့ကို တမ်းတပါလေစ။

ညဉ့်သို့ ရောက်လာသောအခါတွင်မူ ​မွှေး၏အိမ်ဘက်ဆီသို့ ​ငေးမောမိပြန်သည်။ အိမ်ကြီးသည် မည်းမှောင်နေသောကြောင့် လ​ရောင်ရေး​ရေးတွင် မလှပတော့​ပေ။ ခြံကြီးထဲတွင်မူ လရောင်အကွက်အပြောက်ကလေးများကို ခပ်ရေးရေး မြင်ရ၏။ တစ်ခါက ဤအိမ်ကြီးပေါ်မှ ကြေးစည်သံ၊ ပရိတ်ရွတ်သံတို့သည် သူ့ဆီသို့ အေးငြိမ့်စွာ လွင့်လာကြသည်။ တေးသံနှင့် ရယ်သံတို့သည်လည်း ပျံ့လွင့်လျက်ရှိ၏။ယခုတော့ အစိုးမရခြင်း၏သဘော၊ ပြောင်းလဲခြင်း သဘောတို့က ဤအိမ်ကြီး၏ သာယာချမ်းငြိမ်းခြင်းကို အားလုံးဖျက်ဆီး၍ပစ်လေသည်။

အတွတ်သည် လရောင်မှုန်မွှားမွှားအောက်တွင် တငြိမ့်ငြိမ့်နှင့် အလျဥ်မပြတ်ခဲ့သော မြရောင်ပြင်ကို လှမ်းမျှော်ကြည့်လိုက်ကာ နောက်ဆုံး ပြတင်းတံခါးကို ပိတ်လိုက်တော့သည်။ 

ရန်ကုန်သို့ နောက်နေ့တွင် ပြန်လာပြီးနောက် ဗုဒ္ဓဟူးနေ့မတိုင်ခင် ညနေတွင် သူ မွှေးကို နောက်ဆုံးတွေ့ခဲ့၏။ 

မွှေးသည် သူနှင့်ကြီးကြီးတင်တို့၏ အစီအစဉ်ကို လက်ခံကြောင်း ကြီးကြီးတင်ထံမှ သိခဲ့ရ၍ မွှေးကို နောက်ထပ် သူ ဘာမျှမပြောတော့ပေ။ သို့သော် ပြန်ခါနီးတွင် မွှေးအား ခြံဝရှိ ဇီဇဝါပင်နားအထိ သူခေါ်လာခဲ့သည်။ မွှေးသည် သံပတ်ပေးထားသော အရုပ်ကလေးလို အသက်မပါသော လှုပ်ရှားခြင်းမျိုးဖြင့် လျှောက်ကာ သူ့နောက်မှ လိုက်ခဲ့၏။သူတို့အနားတွင် ဇီဇဝါပန်းရနံ့သည် သင်းပျံ့လျက်ရှိသည်။ 

“မွှေး...ကိုယ် နက်ဖြန် သွားတော့မယ်။ မင်းနဲ့ ကိုယ်နဲ့ ဒီနေ့ နောက်ဆုံးတွေ့ခြင်းပဲ။ မင်းတို့လက်ထပ်ပွဲကို မစောင့်နိုင်တဲ့အတွက် ခွင့်လွှတ်ဖို့ ကိုကိုနိုင်ကို ပြောပေးပါ။ ကိုယ်ကတော့ အင်္ဂလန်မှာ သင်ပြီးလဲ ပြန်မလာသေးဘူး၊ ဆွစ်ဇာလန်သွားမယ် စိတ်ကူးတယ်။ ကိုယ်ပြန်လာချိန်ကျရင် မွှေးလဲ သားတွေ သမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိရောပေါ့နော်၊ မွှေးရဲ့ အိမ်ထောင်ရေးဟာ သာယာချမ်းမြေ့ပါစေ လို့ ဆုတောင်းခဲ့ပါတယ် မွှေး။ ရော့ ဒါ မွှေးအတွက်၊ ခေါင်းမာတဲ့ကောင်မလေးအတွက်၊ အတွတ်ဆီက ဘာအကူအညီမှ မလိုချင်တဲ့ မိန်းကလေးအတွက် အတွတ်ရဲ့ မင်္ဂလာလက်ဆောင်ကို ပေးခဲ့ပါတယ်”

အတွတ်သည် ကျောက်ရုပ်လို ရပ်နေသော မွှေး၏ဘယ်လက်ကို ဆွဲယူလိုက်၏။ မွှေး၏လက်ခလယ်တွင် သူသည် တစ်လုံးတည်း စိန်လက်စွပ်ကလေးတစ်ကွင်းကို ဝတ်၍ပေးလိုက်သည်။ လှပ၍ နူးညံ့သော လက်ဖမိုးကလေးကို မ,ယူကာ သူသည် နမ်းရှုပ်လိုက်၏။ မွှေးမျက်နှာကို လှမ်းကြည့်လိုက်သောအခါတွင် ရွဲ့၍ဝိုင်းစက်နေသော မျက်လုံးလှလှကြီးတွင် မျက်ရည်များ စို့နေတော့သည်။ မွှေးကို မြင်ခဲ့ရသော တစ်သက်တာ၌ ထိုအချိန်တွင် မွှေး၏မျက်လုံးတို့သည် အလှပဆုံးပါတကား။

အပိုင်း(၁၂) ဆက်ရန်
---------------------
#ခင်နှင်းယု

Post a Comment

0 Comments