မွှေး - ခင်နှင်းယု အပိုင်း(၁၀)

#မွှေး

အပိုင်း(၁၀)

ယခုလည်း မေမေက မွှေးတို့အိမ်ကို သွားနှုတ်ဆက်ရန် ပြောနေသည်။ မနေ့ကပင် ကြီးကြီးတင်ကို သွားကြည့်ရင်း သူ လာနှုတ်ဆက်မည့်အကြောင်းကို ပြောပြခဲ့သည်ဟု ဆို၏။

သူသည် ကားလေးကို ကိုယ်တိုင်မောင်းကာ ကမာရွတ်ဘက်သို့ ထွက်လာတော့သည်။ မွှေးတို့ခြံဝတွင် ဖီးယက်မီးခိုးရောင် ကားတစ်စီးကိုလည်း တွေ့ရသည်။

သူ အိမ်ထဲသို့ဝင်လျှင် မွှေးကို ချက်ချင်းမတွေ့ရ၊ အထွေးက ဆီးကြိုကာ ကြီးကြီးတင် အိပ်ခန်းထဲသို့ ပို့ပေးလေသည်။ 

“ဘယ့်နှယ်လဲ၊ ကောလိပ်ကျောင်းသူအသစ်စက်စက်ကြီးတွေ စာလိုက်နိုင်ရဲ့လား"

“လိုက်နိုင်ပါတယ်” "

အထွေးက သူ့မေးခွန်းကို ဖြေ၏။ 

ဒီလိုပြောရဖို့ နှုတ်က သွက်သလောက် ​မွှေးနှင့် ဟိုလိုပြောဖို့အချိန်ဆိုလျှင် သူနှုတ် လေးလှသည်။ ကြီးကြီးတင် ခုတင်ဘေးတွင် ကိုကိုနိုင့်အ​မေကို တွေ့ရသည်။

“ဟော... အတွတ်ပါလား၊ ထိုင်... သားရေ... မောင်မောင်နိုင့်အမေကို သားသိတယ် မဟုတ်လား”

“သိပါတယ်" 

အတွတ်က ပြုံးကာ ပြန်၍နှုတ်ဆက်လိုက်သည်။ 

“ဒါလဲ ကျွန်မသားဆိုပါတော့၊ ဝါးခယ်မတစ်ဘက်ကမ်းမှာ ခြံချင်းကပ်ရက် တစ်မြေထဲနေ တစ်ရေတည်းသောက်တွေပေါ့” 

ကြီးကြီးတင်က သူ့အကြောင်းကို ဖော်ပြနေသည်။ 

“အတွတ်တော့ မောင်မောင်နိုင်ကလဲ ခင်ပါတယ်” 

ကိုကိုနိုင့်အမေကြီးမှာ ကိုကိုနိုင်လိုမဟုတ်၊ အသားလတ်၍ ခပ်နွဲ့နွဲ့ဖြစ်သည်။ ဘယ်တုန်းကများ အမေကြီးမှာ ဒီအိမ်ကို ဝင်ထွက်နေသည်ကို အတွတ်က မသိပေ။

“သား ဘယ်တော့လောက် လန်ဒန်သွားမလဲ”

“ရှေ့အပတ် ဗုဒ္ဓဟူးနေ့ပဲ ကြီးကြီးတင်၊ ကျွန်တော်မရှိလဲ အားမငယ်ပါနဲ့၊ ကျွန်တော့်ဆရာ ဒေါက်တာသန်းအောင်ကလဲ လာကြည့်ပါမယ်တဲ့"

“အေးကွယ် သာဓု သာဓု၊ အတွတ်ကိုလဲ ကြီးကြီး အများကြီးကျေးဇူးတင်ပါတယ်” 

အတွတ်သည် ခေါင်းငုံ့နေ၏။ 

“ကျွန်တော် မွှေးကို သွားရှာဦးမယ်” 

သူသည် အဘွားကြီးနှစ်ဦးအနားမှ အသာထလာခဲ့သည်။

မွှေးတို့အိမ်မှာ တဲသာသာမို့ ယခင်လို စာဖတ်ခန်းဟူ၍ သတ်သတ်မရှိပေ။ မီးဖိုမရောက်ခင် ညီမလေးယောက် စီ၍အိပ်သော အိပ်ခန်းတွင် စားပွဲကလေးချ၍ထား၏။ မွှေးတို့အားလုံး၏စာအုပ်များမှာ ထိုစားပွဲပေါ်တွင်ဖြစ်သည်။ အထဲက စာမရှိဘဲ ဖောက်ပြီးထားသော စာအိတ်တစ်ခုကို တွေ့ရ၏။ စာအိတ်ပေါ်တွင် မွှေးသို့ လိပ်စာတပ်ကာ စာအိတ်ဘယ်ဘက်ထောင့်တွင်မူ 'မောင်မောင်နိုင်'ဟူ၍ လက်မှတ်ထိုးထားသည်။

သူသည် မီးဖိုခန်းကို ဖြတ်၍ နောက်ဘက် အိမ်အပြင်သို့ ထွက်လိုက်၏။ ခြံစည်းရိုးအနီး တရုတ်စံကားပင်အောက်ရှိ ခုံတန်းလျားလေးပေါ်တွင် မွှေးသည် လျှောက်လွှာစာမျက်နှာ ခုနစ်မျက်နှာခန့် စာရွက်များ ဖတ်၍နေပေသည်။ 

သူလာသည်ကို မြင်လျှင်မြင်ချင်းပင် မွှေးက စာရွက်ကို လှမ်းပေးကာ သူ့ကိုခေါ်၏။ 

“ထိုင်ပါဦး အတွတ်ရယ် ... အင်မတန်ထူးတဲ့စာ ဖတ်ကြည့်ပါဦး”

အတွတ် စိတ်ထဲတွင်တော့ ထိုစာမှာ သူ့စားပွဲပေါ်တွင် တွေ့ ခဲ့ရသော စာအိတ်ထဲမှ စာဖြစ်ရမည်ဟု တစ်ထစ်ချ တွက်ပြီးဖြစ်လေသည်။

“ဘယ်ကလဲ"

“ကိုကိုနိုင့်ဆီကလေ" 

အတွတ်သည် စာကို လှမ်းယူလိုက်သည်။ စာမှာ လက်ရေးနှင့်ရေးထားသောကြောင့် ပို၍ရှည်လျားဟန်ရှိသည်။

“မွှေးရယ်... မင်းစာက ဘာစာလဲ၊ ဝတ္ထုစာမူလား”

အတွတ်က စာဖတ်ရင်း မေးလိုက်မိလေသည်။ 

"မွှေး.../ 
ယခုစာကို ရေးတဲ့အချိန်ဟာ သန်းခေါင်ကျူးလို့ အရုဏ်ဦးသို့ ပြောင်းတဲ့အချိန်ပေါ့။ တော်တော်လှမ်းလှမ်းဆီက ခပ်ဆွဲဆွဲ တွန်လိုက်တဲ့ ကြက်သံလေးတွေဟာလည်း လောကဓာတ်တစ်လုံးကို ပိုပြီးအိပ်မောကျစေမှာပဲ။ ​လေညင်း
ကလေးတွေကလဲ လူတစ်ကိုယ်လုံးကို ဖျန်းတော့ ပိုပြီးလန်းနေသလိုပဲ။ သဘာဝလောကကြီးဟာ တယ်ပြီးသာယာပါကလား မွှေးရယ်...။

ကိုကိုနိုင်တို့မှာ နေ့ရှိသမျှ အချိန်ရှိသမျှ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မီးတွေလောင်တဲ့အထဲမှာသာ အာရုံပြုနေကြတော့ သည်လိုသာယာတဲ့ သဘာဝအရသာကို ဂရုမထားနိုင်ခဲ့ကြဘူး။ ခုတော့မှပဲ မွှေးဆိုတဲ့ ညီမငယ်တစ်ယောက်ရဲ့ ဂုဏ်ရည်ကလေးတွေကို တွက်ချက်ရင်းပဲ စိတ်အာရုံထဲမှာ မွှေးရဲ့သဘာအရသာလေးတွေဟာ ဖျောက်မရအောင် စွဲနေရာက ခုလိုသဘာဝအရသာကို ခံစားလိုက်ရပြန်တယ်။

ဟေ့ ...ကိုကိုနိုင်၊ ကမ္ဘာလောကကြီးထဲ ရှိရှိသမျှ အရသာထဲမှာ ဘယ်အရာကို အတပ်မက်ဆုံးလဲလို့ မေးရင် အဲဒီသဘာဝ အေးမြကြည်လင် အပြစ်ကင်းစင်ပြီး အားယူနေတဲ့ လေညင်းကလေးတွေ၊ အေးချမ်းပြီး ဆိတ်ငြိမ်ပြီး အိပ်မောကျနေတဲ့ လူ့လောကမှာ ခပ်အေးအေးကလေး ဖျန်းထားတဲ့လရောင်နဲ့ ပူလောင်မှုကင်းတဲ့ အရုဏ်ဦးကြက်တွန်သံကို အတပ်မက်ဆုံးပဲလို့ ဖြေရမှာပဲ။ 

ဒီလိုအချိန်မျိုးလေးကြုံတုန်းမှာ ကိုကိုနိုင် အတပ်မက်ဆုံး အမြတ်နိုးဆုံးဆိုတဲ့ အကြောင်းအရာကလေးတစ်ခုရယ်၊ သူနဲ့ပတ်သက်တဲ့ မေတ္တာတေးချင်းကလေး တစ်ပုဒ်ရယ်ကိုတော့ ကိုကိုနိုင်ရဲ့ ဝါသနာအလျောက် သီကုံးလိုက်ချင် သေးတယ်။

အင်း... ဒါတွေ ရေးပြတော့ မွှေးအနေနဲ့ ရယ်လိုက်ချင်မှာပဲ။ ဒါပေါ့လေ။ တစ်ဦးရဲ့ပင်ကိုယ်ကို နားလည်မထားသေးတော့ အမှန်ကို ရုပ်လုံးဖော်ကြည့်လို့ ဘယ်မှာရနိုင်ပါ့မလဲ။ သိပါတယ်။ မွှေးတို့အမြင်မှာကတော့ ကိုကိုနိုင်ကြီးဟာလေ ယောက်ျားကြီး၊ စစ်သားကြီး၊ အရာရှိကြီး အစရှိသည်ဖြင့်ပေါ့လေ။ အပြင်ပန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အတွင်းစိတ်ထားကိုပါ တစ်ပါတည်း အရောင်ဟပ်မြင်ကြမှာကိုတော့ သိပါသေးတယ်။ နှလုံးသားကြီးတွေကလဲ ကျွဲပခုံးထအောင် ကြမ်းမာတယ်၊ ဦးနှောက်တွေကလဲ ရွှံ့ဗွက်ရောင် ပေါက်ပြီး မကြည်မလင်နဲ့ စသည်ဖြင့် မြင်ကြပေမှာပဲ။ 

မွှေးတို့အမြင် သည်လိုမြင်မယ်ဆိုတာလဲ မြင်ကြမှာပေါ့။ ကိုကိုနိုင်တို့အနေနဲ့ တချို့အစိတ်အပိုင်းတွေကို သဘောပေါက်အောင်က လုပ်မှမပေးနိုင်ကြသေးဘဲကိုး၊ အမှန်တော့ ကိုကိုနိုင်တို့လို စစ်သားတွေဟာ အကြောင်းကြောင်းတွေ ဆုံဆည်းကြလွန်းလို့သာ အခုလို တိုင်းပြည်ကာကွယ်ရေးမှာ အမှုထမ်းနေကြရတာပါ။ အသည်းကြမ်းကြီး ပိုက်မွေးလာပြီး ငါကြီးလာရင် စစ်သားကြီးလုပ်ဦးမယ်လို့လဲ မသိခဲ့ကြပါဘူး။ သူလိုကိုယ်လို ​မွေး၊ သူလိုကိုယ်လို ကျောင်းအတူတူနေပြီး ကြီးလာကြရာက အပေါင်းအသင်း ပတ်ဝန်းကျင်တွေနဲ့ ကမ္ဘာ့စစ်မီးတောက်လာတဲ့အတွင်းမှာ ထားရာကနေပြီး ပြဇာတ် က,လာကြရသလိုပါပဲ။ တကယ့် တကယ်ကျတော့ သာမန်လုပ်ကိုင်စားတွေထက်တောင်မှ တစ်ခါတစ်ခါ နှလုံးသားတွေဟာ နူးညံ့နေကြပါသေးတယ်။ 

အကြောင်းပြချက်တစ်ခု ပေးမယ်။ သဘာဝတရားဟာ အမြဲတမ်း မျှပေးလေ့ရှိတယ်။ အမြဲတမ်း အပူချည်းလည်းမဟုတ်ဘူး။ အမြဲတမ်းအအေးချည်းလည်းမဟုတ်ဘူး၊ ကာကွယ်ရေးအတွက် လက်နက်ကိုင်ရတဲ့သူဟာ သာမန်ထက်တော့ သွက်ရတယ်၊ မြန်ရတယ်၊ လျှင်ရတယ်၊ မာရတယ်၊ ထက်ရတယ်။ ကဲ အဲဒီလိုချည်း ရက်ဆက်အပူတပြင်း လုပ်နေတာကို ဘယ်အသည်းနှလုံးက ခံနိုင်ဦးမှာလဲ။ ပေးထားတဲ့ အပူဒီဂရီထက် တိုးပြီးလောင်မြိုက်ခြင်းကို ဘယ်မှာခံနိုင်ပါ့မလဲ။ အချိန်တန်တော့လည်း အပူဒီဂရီက တက်ရာက ကျလာရတော့တာပဲ။ အဲလိုကျလာတဲ့ အချိန်ကလေးမှာဖြင့် မွှေးရယ် ... ဘယ်လောက်များ နူးညံ့ပြီး သိမ်မွေ့လိုက်မလဲဆိုတာ၊ ခုလိုသဘာဝ အရသာကလေးတွေကို ဝအောင်ခံစားလိုက်ချင်တယ်။ ချစ်စရာ၊ ကြည်နူးစရာ၊ မြတ်နိုးစရာ အကွက်ကလေးတစ်ကွက် တွေ့လိုက်ရင် ဝအောင် အီအောင် တွေ့ပစ်လိုက်ချင်တယ်။

ကဲ..ကဲ.. ကိုကိုနိုင်လိုလူနဲ့ သဘာဝ အေးမြသာယာမှုတွေဟာ ဘယ်လောက်ဟပ်စပ်လိုက်မလဲဆိုတာကို ဒါလောက်နဲ့ပဲ တစ်ခန်းရပ်လိုက်ပါဦးမယ်။ ဒါလောက်ဆိုရင်ပဲ လူမြင်ရုံနဲ့တော့ အသည်းနှလုံးဟာ ဒီလိုနေမှာပဲလို့ ပုံသေနည်းနဲ့ မှတ်မထားနိုင်လောက်ဘူး ထင်ပါတယ်။ ကိုကိုနိုင်ဟာ လူကြမ်းကြီးမဟုတ်ဘူးဆိုတာ သဘောပေါက်ပြီးတဲ့နောက် “လက်ထပ်ကြခြင်း” ဆိုတဲ့အကြောင်းပေါ်မှာ ကိုကိုနိုင် ယူဆတာကို တင်ပြပါရစေ။ 

သမီးရည်းစားတဲ့၊ နှစ်ဖက်မိဘက သဘောတူလို့ မင်္ဂလာဆောင်တယ်တဲ့၊ မိန်းကလေးက ရိုးလိုက်တာ ဘာမှမသိဘူးတဲ့၊ ဒါပေမယ့် အခု အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးပြီတဲ့ စတဲ့ စကားလုံးတွေဟာ ကိုကိုနိုင်အတွက်တော့ “ဘဦး ရေကူးနေသည်၊ ဆေးကု၍မရပါ” ဆိုတာလောက်ပဲ နားရှိလို့သာ ကြားရတယ်။ အလွတ်ရနေတယ်။ တော်တော်လည်း ရယ်စရာကောင်းတယ်။ ရွံစရာလည်းကောင်းတယ်။ အော့နှလုံးလည်းနာတယ်။ နနွင်းစိမ်းစော်နံတယ်။ ကြက်သွန်နီနဲ့ ဘဲဥရောပြီး ပန်းကန်ဆေးတဲ့ ရေထဲ ပစ်ထားတော့ နံတဲ့အနံ့မျိုး ရတယ်။ အဲဒါကို ချစ်စရာတွေလို့ မအောက်မေ့ဘူး။ လူဖြစ်လာကြပြီး တဘဝအတွင်း တသက်တာမှာ သံပတ်ပေးထားတဲ့ စက်ရုပ်လိုပဲ။ ဘာရယ်လို့ မဟုတ်ပါဘူးထင်ပါရဲ့။ မွေးကြ၊ ကြီးကြ၊ လင်မယားလုပ်ကြ၊ အိုကြ၊ သေကြ။ အဲဒီလို မလုပ်မိမှာစိုးပြီး လုပ်နေကြတာပဲ။ တကယ်တော့ အချစ်ဆိုတာ အသက်ဝိညာဉ် မပါ,ပါဘူး။ ချစ်စရာကလေး၊ ကြည်နူးစရာကလေး၊ သာယာစရာကလေး ဆိုတာက အဲဒါတွေနဲ့ တခြားစီပဲထင်ပါတယ်။ 

မွေးလိုက်၊ ကလေးဖြစ်လိုက်၊ အရွယ်ရောက်လိုက်၊ လင်မယား လုပ်ကြ၊ အိုကြ၊ နာကြ၊ သေကြ ဆိုတဲ့ သံသရာက လူ့ဘဝရဲ့ အတတ်ပညာတစ်ခုနဲ့ပဲ တူပါတယ်။ ကိုယ်ချစ်ချင်တာကလေးတွေ၊ ချစ်စရာအကွက်ကလေးတွေ၊ ဟင်းခနဲ သက်ပြင်းချပြီး လှုပ်ရှားသွားအောင် အကြောတွေစိမ့်၊ အသည်းနှလုံးတွေ ခုန်နေအောင် ချစ်စရာကလေးအတွက် လှုပ်ရှားလိုက်တဲ့ လှုပ်ရှားမှုမျိုး ပါမယ်လဲ မထင်ပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ တကယ့်ပိတောက်ပန်းကလေးများအနံ့ရတာနဲ့ လူဟာ တုန်နေပြီ။ ပန်းအုံကြီးကို လက်ထဲ ပွေ့ရှူလိုက်ရရင် အာဟာရပြည့်ပြီး လူကိုဝလာတယ်လို့ကို ထင်ရလောက်အောင် အားရတယ်။ အရောင်တူအောင် အပွင့်တူအောင်၊ အခက်တူအောင် လုပ်ထားတဲ့ ပန်းစက္ကူလိပ်က ဖြစ်လာတဲ့ ပိတောက်ပန်းကျတော့ ပန်းနဲ့တူတာကလွဲလို့ ဘာတစ်ကွက်များ အရသာတွေ့စရာရှိသလဲ။ မရေးတတ်လို့ စကားတွေလုံးနေရင်လဲ ခွင့်လွှတ်ပါဦး။ စိတ်ထဲက ပြောချင်တာကတော့ အချစ်ဆိုတာ အလွန်အရသာရှိရမယ့်ဟာ တစ်ခုပဲလို့ ဆိုချင်တာပါ။ အတုတွေကို ချစ်စရာလုပ်နေတာတို့၊ အချစ် ဘာညာပေါ့လေ ခေါ်နေကြတော့ တကယ့်အချစ်ရဲ့အနှစ်သာရဟာ ကြာရင်ပျောက်ကုန်မှာစိုးလို့ ခွဲခြားရေးနေတာပါ။ 

မွှေးရယ်... ကိုကိုနိုင်ကတော့ မွှေးကိုချစ်နေပြီလို့ ဆိုလိုက်ရင် တစ်လုံးတည်း ပြီးတာပါပဲ။ ဒါပေမယ့် မွှေးက ပြောမှာပေါ့၊ လာပြန်ပြီအချစ်၊ ဘာအချစ်လဲ၊ နင်ချစ်တာ ငါသိပါတယ်လို့ပြောရင် ကိုကိုနိုင်လိုချင်တာ အချစ်ရဲ့ အရသာပါ။ တစ်သက်အတွက် အဲဒီတစ်လုံးတည်းနဲ့ ပျက်တာပဲ၊ အဲဒါကြောင့် အချစ်ကို အလွဲသုံးစားလုပ်တဲ့အထဲ ပါသွားမှာစိုးလို့ ဘာမှလဲမဟုတ်ဘဲနဲ့ ထည့်ရေးနေရတာပါပဲ။

ကဲ...ထပ်ပြီးရေးပြဦးမယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုကိုနိုင်မှာ အလုပ်ကလဲ ပြီးသွားလို့ ခေတ္တနားချိန်ကလေးရတယ်။ ကိုကိုနိုင့်မိတ်ဆွေတစ်ဦးမှာ အခါလည် သားကြီးကလေးတစ်ယောက်ရှိတယ်။ အခါလည်သာ ဆိုတယ်၊ ကလေးကြီးက တုတ်တုတ်ဝဝ၊ ဖြူဖြူပုံ့ပုံ့ကြီး။ သူ့မအေနဲ့ ဖအေက မအားလို့ထင်တယ်။ သူ့ချည်းတစ်ယောက်တည်း ဧည့်ခန်းထဲက ကြမ်းပေါ် ထိုင်ထားခဲ့တယ်။ မလှုပ်ဘူး၊ ပုံ့ပုံ့ကြီးထိုင်နေပြီး ရှေ့တည့်တည့်ပဲ သူ့မျက်လုံးက ကြည့် နေတယ်။ ကိုကိုနိုင် သူ့ရှေ့ရောက်သွားတော့လဲ တစ်ချက်ပဲ လှမ်းကြည့်လိုက်ပြီး မူလကြည့်မြဲနေရာပဲ ခပ်တည်တည် ကြည့်နေတယ်။ သူ့မျက်လုံးကြီးက ကြည်မြပြီး ဘာအရိပ်အရောင်မှ မပါဘူး။ အပြစ်ကင်းမဲ့တဲ့မျက်လုံး၊ သူတွေးချင်ရာတော့ တွေးနေမှာပဲ။ ဒါပေမယ့် အပြစ်ကင်းမဲ့တဲ့ တွေးပုံမျိုး။ ခြင်္သေ့ကြီးလိုပဲ လက်နှစ်ဖက် ရှေ့ထောက်ပြီး ပုံ့ပုံ့ကြီး ထိုင်နေတာပဲ။ ဝါတော်ငါးဆယ်လောက်ရတဲ့ ဆရာတော်ကြီးများ သမထထိုင်နေတာကျနေတာပဲ။ 

ကြည့်ရင်းကြည့်ရင်းပဲ ကလေးကြီး ပွေ့ခေါ်သွားပြီး လမ်းဘေးကဆိုင်မှာ ကြံရည်တိုက်ဦးမှပဲလို့ စိတ်ကူးပြီး သူ့ကို မပြီး ပွေ့ထားတယ်။ ခပ်တည်တည်ပဲ ပါလာတာပဲ။ ကြံရည်ကုလားလည်း မနေနိုင်ဘူးထင်တယ်၊ သူ့ကို မပြီး ပွေ့ပြန်ရော။ ကုလားလက်ထဲမှာ ဖြူဖြူပုံ့ပုံ့ကြီး ထင်းနေတာပဲ။ 

ကြံရည်ခွက် ပါးစပ်တပ်လိုက်တယ်၊ တပျတ်ပျတ်နဲ့ သောက်တော့တာပဲ။ ပြီးတော့လဲ စားပွဲပေါ် ပြန်ချထားလိုက်တယ်၊ ပုံ့ပုံ့ကြီး ဂွမ်းဆိုင်ကြီး တင်ထားသလိုပဲ၊ သူ့ကို ကြည့်ရင်းကြည့်ရင်း ချစ်စရာအကွက် တွေ့မလာဘူးလား။ အင်မတန် သန့်ရှင်းကြည်လင်ပြီး ဘာဆေးမှ အရောင်မတင်ရဘဲ သဘာဝတောက်နေတဲ့မျက်လုံး၊ အလွန်သန့်ရှင်းတဲ့ သူ့အတွေးအခေါ်တွေ၊ သူ့ရုပ်ရည်၊ သူ့သဘောကောင်းတာတွေဟာ စိတ်ထဲမှာ လှိုက်လှိုက်ပြီး တက်လာတယ်။ သူ့ကို စားပွဲမှာခွဲထားပြီး ကိုယ်က တခြားမှာထိုင်နေတာကို မခံနိုင်ဘူး။ နောက်ဆုံး သူ့ကို တအားပွေ့ပြီး သူ့ကျောကို ပါးနဲ့အပ်ထားလိုက်ရော။ လက်ထဲမှာ ခပ်အေးအေးနဲ့ သူ့မျက်စိကလေး မှိန်းပြီး အိပ်ပျော်လိုက်လာတယ်။ 

ကဲ.. အသည်းနှလုံးတွေဟာ ကြည်လင်မလာဘူးလား။ သည်နေရာမှာ လုပ်ရမယ်ထင်လို့ ဝတ္တရားအတိုင်း လုပ်တာတွေ တစ်ခုမှမပါဘူး။ အလွန်သန့်ရှင်းပြီး ချစ်စရာအကွက်ထဲမှာ တစ်ကြိမ်နစ်မွန်းနေမိတာပဲ။ အဲဒီအချိန်ကလေးအတွင်းမှာ ဘယ်လောက်အေးမြပြီး စိတ်သက်သာလိုက်မလဲဆိုတာ တွေးကြည့်ပေတော့။ အဲဒီလို မွန်းပြီးဝသွားလောက်တဲ့ ချစ်စရာအချိန်တစ်ချိန် တွေ့လိုက်ရတယ်ဆိုရင် လူကို ပိုပြီးအားပြည့်သွားတယ်လို့တောင် ထင်မိတယ်။ နောက်ကျတော့ ဒီကလေးကြီးအပေါ်မှာ ထားလိုက်ရတဲ့ စေတနာ၊ မေတ္တာ၊ အားအားရှိရင် သူ့ဆီကို သွားနေမိတယ်။ သည်အကောင်ကြီးကို ချစ်တယ်ဆိုတဲ့ စကားလုံးဟာ ဟိုချစ်တယ်ဆိုတာတွေနဲ့တော့ တခြားစီပဲ မဟုတ်လား။

ကိုကိုနိုင့်အနေနဲ့ မိန်းမတစ်ယောက်ကို အရမ်းချစ်ပါတယ်လို့ တစ်သက်မှာတော့ တစ်ခါမှမရှိသေးပါဘူး။ ဘာလို့တုန်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပေမီချင်မှမီတာ။ ကိုယ်က ချစ်တယ်ဆိုပေမယ့် သူက ဟိုလိုနားလည်လိုက် ပြန်ရော၊ ရွံ့သွားပြန်ရော၊ အဲဒါလောက်ပဲ ရေးပါရစေတော့။ အတုအယောင်သဘောတွေ များနေတယ်။ ချစ်စရာအကွက် မရှိဘဲနဲ့တော့လဲ ကိုကိုနိုင့်အနေနဲ့ မညာချင်ဘူး၊ ညာလို့လဲ ရမှာမဟုတ်ဘူး။ ရွံလွန်းအားကြီးပြီး ဟန်လုပ်မရတဲ့တစ်နေ့ကျရင် ပေါ်မှာပဲ။

မိန်းကလေးတွေကို မြင်လိုက်ရင် ကိုကိုနိုင့်စိတ်ထဲမှာ သူတို့ရဲ့ လှုပ်ရှားဟန်ပန်၊ သူတို့အတွေးအခေါ်၊ အဲဒါကိုပဲ မှတ်ထားပြီး ပန်းကလေးတွေနဲ့ ရုပ်လုံးဖော်ပြီး၊ ခပ်ဝေးဝေး စိတ်ကူးထဲမှာပဲ သူကတော့ နှင်းဆီလိုဟာလေး။ သူကတော့ စံပယ်လေ။ သူကတော့ ကလောမှာပွင့်တဲ့ ဒေလီယာကြီး။ အဲဒါကြီးကတော့ ခေါင်ရမ်းပွင့်??ကြီးပဲဆိုပြီး စာဖွဲ့စိတ်ကူးယဉ် အရသာခံမိတာပဲ။ ဘာလို့တုန်းဆိုတော့ သူတို့တစ်တွေ အနားကပ်လာရင် ကိုယ်စိတ်ကူးသလို မဟုတ်ဘဲ ဟိုကိစ္စပါလာ၊ သည်ကိစ္စပါလာနဲ့ လူရဲ့အတတ်ပညာတွေ(ပညာတတ် နှိပ်စက်နည်းတွေ)ဟာ ပါလာတော့ စိတ်ပျက် ပျက်သွားတယ်။ 

သူ့အတတ်ညာထဲမှာလဲ ကိုယ်နဲ့ နီးစပ်တဲ့ပညာ၊ ကိုယ်နဲ့မနီးစပ်တဲ့ပညာဆိုပြီး ပါလာတတ်တယ်။ ကိုယ်ချစ်တတ်တဲ့ ပန်းကလေးနဲ့လဲ နှိုင်းလို့ရမယ်။ လုပ်ရည်ကိုင်ရည် အစွမ်းမှာလဲ နီးစပ်မယ်ဆိုရင် ချစ်စရာအတွက် စွဲလမ်းစရာအတွက် .. တစ်သက်မှာ လက်တွဲသွားလို့ရမယ့်အကွက်တွေ ပါလာတယ်။

အဲဒီအခါမှာ အခြေအနေက ခွင့်ပြုရင် နီးစပ်ပြီး နောင်တစ်သက်မှာ မိတ်ဆွေကောင်းအဖြစ် တသက်လုံး လက်တွဲသွားလို့ရတာပဲ။ ပူးပေါင်းလို့ရတာပဲ။ အဲဒါမှလဲ တအားတက်ပြီး လောကမှာ ကိုယ်နှစ်သက်တဲ့လုပ်ငန်းမှာ ရွပ်ရွပ်ချွံချွံ လုပ်သွားအားရှိမှာပဲ။ ကိုကိုနိုင့်အနေနဲ့တော့ အချစ်အကြောင်းကို အဲသည်လိုပဲ နားလည်တယ်။ တိုလီမိုလီတွေကိုတော့ ထည့်လဲမစဉ်းစားဘူး၊ နားလဲမလည်ဘူး..”

အတွတ်သည် စာဖတ်ခြင်းကို ခဏနားကာ ကိုကိုနိုင် ဘာဆိုလိုသည်ကို စဉ်းစားရသေး၏။ ပြီးမှ ဆက်၍ဖတ်ရသည်။

"... အခုအပိုင်းမှာဆိုရင် မွှေးကို ကိုကိုနိုင်က ဟောသည်လို စိတ်ကူးမိတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပထမကြည့်တာကတော့ ပေမီတယ်၊ အသားပြည့်ဖြိုး ကျစ်လျစ်တယ်။ အချိုးကျတယ်။ မျက်နှာပြည့်တယ်။ မျက်လုံးက အေးမြကြည်လင်တယ်။ ဘယ်လိုပဲ အလုပ်တွေများတယ်၊ ဆင်းရဲလို့ ဇယားရှုပ်တယ်ပဲပြောပြော၊ အဲသည် အကြားက နေပြီး အပြစ်ကင်းတဲ့ တွေးခေါ်ပုံရှိတယ်။ ဉာဏ်သွက်တယ်ဆိုတဲ့မျက်လုံးဟာ ပေါ်နေတယ်။ ကျန်းမာသန်စွမ်းတယ်။ အများစုနဲ့ ကိုယ်လက်လှုပ်ရှား ကစားလေ့ကျင့်ခဲ့ဖူးတယ် ဆိုတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ်။ သွက်လက်တယ်။ အမြဲတမ်းကြည်လင်ပြီးနေတယ်။ အလုပ်လုပ်နေဖို့ ရွှင်ပျကြည်လင်စွာနဲ့ အသင့်လုပ်ထားတဲ့ ဟန်ပန်ရှိနေတယ်။ လုပ်လဲ လုပ်နေတယ်။ အသားအရောင်လဲ မဆိုးပါဘူး၊ မိန်းကလေးနဲ့တူသားပဲ၊ သပ်ရပ်တယ်။ ယတိပြတ် clear cut ပုံရှိတယ်။ သန့်တယ်။ ခန္ဓာကိုယ်အကြောင်းနဲ့ပတ်သက်ပြီး လုံလောက်ပြီ။

ကိုကိုနိုင်ရဲ့ မူလစိတ်ဝင်စားဆုံး အပိုင်းဖြစ်တဲ့ နှစ်သိမ့်စရာအကွက်တွေ၊ ဟင်းခနဲ သက်ပြင်းချပြီး အေးအေးကလေး အနားရနိုင်မယ့် အကွက်တွေ (အဲဒါတွေက တစ်သက်တာ တွဲသွားရမယ့် စွဲလမ်းစရာ ချစ်စရာအကွက်တွေပေါ့)။ အကြောင်းမြင်သလောက် ပုံဖော်ရရင် သဘောထားကြီးတာက စ,ရမှာပဲ။ သည့်ပြင်လူတွေကတော့ ပြောမှာပဲ၊ မိန်းမဟာ အူတိုမျိုးလို့။ မဟုတ်ပါဘူး။ အခု မွှေးဟာ အသက်နုနုလေးနဲ့ အိမ်ထောင်ကြီးအတွက် တွက်ချက်ပြီး အလုပ်လုပ်နေတယ်။ မောရပန်းရမှန်းမသိ လုပ်တယ်။ ကိုကိုနိုင့်မျက်စိရှေ့မှာ မြင်နေရတာပဲ။ မခိုမကပ်ပဲ လုပ်နေတယ်။ အများကိစ္စတွေမှာလည်း ကိုယ်မောလို့ လဲသေပေစေ၊ အပြုံးလေးမပျက်ဘဲနဲ့ လုပ်ပေးတာတွေ မြင်နေရတာပဲ။ ဒါမျိုးမှ သဘောထားမကြီးဘူးဆိုရင် ဘယ်ဟာမျိုးကို ဆိုရဦးမလဲ။

တက်ချင်လိုက်တဲ့ တက္ကသိုလ်၊ လိုချင်လိုက်ရတဲ့ ဒီဂရီ၊ အရူးကလေးကျနေတာပဲ။ ဒါပေမယ့် အောင့်အည်းပြီး အိမ်ထောင်ကြီးအတွက် ကျိတ်ပြီးအလုပ်လုပ်နေရတယ်။ ရေဆန်ကိုလက်ပစ်ကူးနေသလို နေမှာပေါ့။ တစ်ခါတစ်ခါလဲ မောပေမှာပဲ၊ ဒါပေမယ့် မမောပါဘူးဆိုပြီး ကျိတ်လုပ်နေတယ်။ ဝတ္တရားမလစ်ဟင်းရုံမကဘူး၊ ရေရှည်နဲ့ အကွက်ကျယ်ကျယ်ကြည့်ပြီး ​စေတနာနဲ့ကို လုပ်ပေးနေတယ် ဆိုတာဟာလဲ ထင်ရှားသားပဲ။ မွှေးရဲ့ရုံးမှာရှိတဲ့ အလွန်တော်ပြီးတတ်နေတဲ့ လူတွေအကြားမှာ မျက်နှာကလေးငယ်ငယ်နှင့် မမီမကမ်း အကွက်မိအောင် လိုက်နေရတဲ့ ဒုက္ခကိုလည်း မှိတ်ကျိတ်ခံပြီး လိုက်နေတာပဲ မဟုတ်လား၊ ထားရာကနေ ကျွေးသလောက်စားပြီး အကွက်မဟာရအောင် လိုက်နေတာဟာ သာမန်မှမဟုတ်ဘဲ။ ကိုကိုနိုင်တို့ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်က ရဲဘော်တွေ စိတ်ထားမျိုးပဲ။ ဘောင်းဘီဝတ်ပြီး သေနတ်ကိုင်တာဘဲ ကွာတာပဲ။"

အတွတ်သည် စာကို ခေတ္တကိုင်ကာ ဆက်မဖတ်ဘဲ နားနေရပြန်သည်။ ခုံစွန်းမှ မွှေးကို လှမ်းကြည့်လိုက်လျှင် သူသည် လက်ထဲမှ တရုတ်စံကားပွင့်များကို တစ်ဖတ်စီ ချွေကာ ငေးကြောင်ကြောင် ဖြစ်နေသည်။ 

အတွတ်သည် စာရွက်ကိုတလှည့် ​မွှေးကိုတစ်လှည့် ကြည့်မိ၏။ သူတို့မတော့ ရေးတတ်လိုက်သည့်ဖြစ်ခြင်း၊ သူ့မှာတော့ ပွဲထဲက ပြောသကဲ့သို့ “ကျွန်တော်ပြောမယ့်စကားတွေဟာ သူပြောတာနဲ့ အတူတူပါပဲ” ဆိုသလိုပင် ကိုကိုနိုင်မြင်သလို မွှေးကို သူကမြင်ခဲ့ပါ၏။ သို့သော် သူသည် သူ့ရင်ထဲမှာ ခံစားရချက်ကို ကိုကိုနိုင့်လို မဖော်ပြတတ်ပါကလား။ ထို့ကြောင့်ပင် သူများရေးထားသောစာကို သူ ဆက်ဖတ်ရပြန်၏။

“ကိုကိုနိုင်တို့ စစ်ဗိုလ်ဆိုတာ ကျဉ်းထဲကျပ်ထဲ အခက်အခဲရောက်လာရင် ကိုယ့်စွမ်းရည် ကိုယ်အားကိုးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တတ်တဲ့ စစ်သားကို ချစ်တတ်တယ်။ မွှေးကလည်း မွှေးဘဝတိုက်ပွဲမှာ သတ္တိရှိပုံ၊ ခေါင်းမာပုံ၊ ရွပ်ရွပ်ချွံချွံရှိပုံတွေကို ကိုကိုနိုင် အသည်းစွဲခဲ့တာပဲ။ ယောက်ျားတိုင်းဟာ မတူကြပါဘူး။ တချို့ကတော့ ကလော ဒေလီယာလို ဖောင်းဖောင်းအိအိကြီးတွေမှ နှစ်သက်ပေမယ့်၊ ကိုကိုနိုင်ကတော့ ဒါမျိုးကြီးတွေ ကြောက်တယ်။ သူတို့ဟာ အခက်အခဲရောက်လာရင် စွမ်းရည်မထုတ်ချင်ဘဲ သူတို့အလှ ရောင်းစားချင်တာပဲရှိမယ်။ အဲဒါမျိုးကြီးတွေက ခန္ဓာကိုယ်ချင်းသာ ပူးပေါင်းကောင်းမှာ၊ စိတ်ဓာတ်ကတော့ ရမှာမဟုတ်ဘူး။ ခန္ဓါကိုယ်ချင်း ပူးပေါင်းဖို့လောက်အတွက်နဲ့တော့ ကိုကိုနိုင် ကြီးကြီးကျယ်ကျယ် အိမ်ထောင်ကြီးတစ်ခု မထူထောင်ပါရစေနဲ့။ တာဝန်တစ်ခု မယူချင်ပါဘူး။ စိတ်စေတနာ တကယ်သက်ရောက်ပြီး ပူးပေါင်းနိုင်တဲ့ မိန်းမမျိုးကျတော့ တစ်ဘဝလုံး ပခုံးထမ်းပို့ပါရစေ၊ ကိုကိုနိုင်  မမောပါဘူး။ ပြီးတော့ မိန်းမပီလွန်းပြီး ထမင်းပွဲ ကိုကိုလာမှ စားမယ်ဆိုပြီး ထိုင်စောင့်နေတာမျိုးလည်း မလိုချင်ပါဘူး။ ကိုကိုနိုင့်ဘေးမှာ ကိုကိုနိုင့်လို စာဖတ်၊ ကိုကိုနိုင် လိုချင်တဲ့ ဖြေချင်တဲ့ပြဿနာတွေမှာ နှစ်ယောက်လက်တွဲ ဖြေရှင်းသွားနိုင်ရင် ကိုကိုနိုင် ကျေနပ်ပြီ။

တစ်နေ့က ပြင်ဦးလွင်မှာ ရုပ်ရှင်ကြည့်ရင်းပါလာတဲ့ ကြော်ငြာလေးတစ်ခုကို သွားသတိရတယ်။ Tarzan and his mate ဆိုတဲ့ ဇာတ်ကားကို ​ကြော်ငြာထိုးပြတဲ့​နေရာ for the love of Tarzan ဆိုတာ ထိုးပြပြီး

She made her home 
She made her love 
She made her culture

ဆိုတဲ့စာကို ပြတယ်။ ဒါကိုမြင်တယ်ဆို မွှေးကို ချက်ချင်း သတိရတယ်။ အင်မတန် အဖိုးတန်တဲ့ စာပိုဒ်လေး သုံးပိုဒ်ပဲ။ အနောက်က အနုပညာဆရာကြီးက သူ့မင်းသမီးရဲ့စွမ်းရည်ကို တိုတိုနဲ့သရုပ်ဖော်ပေးလိုက်တာပဲ။ ကိုကိုနိုင် ဆိုလိုချင်တာလဲ ဒါပဲ။ အဲဒီ ၃ အချက်ဖြစ်ဖို့ဆိုတဲ့ အမျိုးသမီးဟာ အတော့်ကို ရှားတယ်။ မွှေးမှာတော့ သဘာဝကိုက ဒီလိုဖြစ်နေတာ ပါရမီတစ်ရပ်ပဲ။ ဒီလိုမိန်းမမျိုးဟာ ဒီပြင်လူတွေနဲ့ညားရင် ဟိုလူအဖို့ သိပ်ကံကောင်းတာပဲ။
ဟိုလူဆိုလို့ မွှေးမှာ ဖရက်(ခေါ်)တင်အောင်ထွန်းလို့ ခေါ်တဲ့ ချစ်သူရှိခဲ့ဖူးတယ်လို့ သိရတယ်။ သူ့အချစ်ကို ကိုကိုနိုင် ဝင်လုတယ်လို့တော့ မထင်စေလိုပါ။ အဲဒီ လန်ဒန်ပြန်ကြီးကို စောင့်ဖို့အခွင့်ရှိသေးရင်လဲ စောင့်ပါလေ၊ ကိုကိုနိုင် ကလဲ မွှေးကို​စောင့်မှာပဲ။ အို ဘယ်လောက်ပဲ စောင့်ရစောင့်ရ စောင့်မှာပဲ။ စိတ်ပျက်လိမ့်မယ်လို့တော့ မအောက်မေ့နဲ့။ မွှေးမှာ ကလေးခုနစ်ယောက်မွေးပြီးသား အအိုကြီးပဲဖြစ်နေပါစေ၊ ကိုကိုနိုင်ကတော့ ချစ်မှာပဲ။ 

အမှန်တော့ ချစ်တယ်ဆိုတဲ့ စကားလုံးထက် မြတ်နိုးတယ်လို့ သုံးရင်ပိုမှန်မယ်၊ ဖရက်လို အချစ်အညွန့်အဖူးကို မပေး​တောင်မှ သဗ္ဗေသတ္တာထက်ကျော်ပြီး ကျွန်တော် မောင်မောင်နိုင့်ကို စေတနာနဲ့ ချစ်စေချင်တာပဲ။

ကဲ...မွှေးရယ်၊ အရှေ့ကလဲ ရောင်နီလာပြီ။ ပြင်ဦးလွင်ရဲ့ မိုးတွင်းဟာ ရန်ကုန်လို မဟုတ်တော့ စိမ့်အေးနေတာပဲ။ မွှေးဆီကို စာရေးနေတယ်ဆို စာလုံးလေးတွေကိုက ကိုကိုနိုင့်ကို ထွေးနွေးထားသလိုပါပဲ၊ စိတ်ထဲရှိတာတွေ ဆက်
ရေးရရင် ခုနစ်ည မိုးအလင်း ဖြစ်မှာပဲ။ မွှေးလဲ စာဖတ်ရလို့ ညောင်းလှရော့မယ်။ 

အမှန်တော့ ဒီရည်းစားစာဟာ “တသက်စာ” အတွက် ရေးတာပါ။ အခြေအနေမဟန်ရင်လဲ ဒီစာဟာ နောက်ဆုံးရေးခြင်းပဲမွှေး၊ ဒါလောက် ရှည်လျားတဲ့စာကို သည်းခံဖတ်တာပဲ ကျေးဇူးတင်လှပါပြီ။ 

ကိုကိုနိုင့်ကို ခွင့်ပြုပါ။ 

မွှေးတစ်ယောက် ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ ရွှင်လန်းပါစေ။
/ကိုကိုနိုင် (ပြင်ဦးလွင်)

အတွတ်သည် စာဖတ်၍ဆုံးလျှင် သက်ပြင်းကြီးချကာ မွှေးကို လှမ်း၍ကြည့်ပြန်သည်။ မွှေးလက်ထဲတွင် ပွင့်ဖတ်များအားလုံး ခြွေပြီး၍ ပန်းပွင့်အူတိုင်ပင် မကျန်ရစ်တော့ဘဲ အညှာကလေးတစ်ခုသာ ရှိတော့သည်။ မွှေးမျက်နှာကလည်း အပျိုဖော်ဝင်စက ဖရက်ထံမှ စာလေးများရတုန်းကလို ရှက်စနိုးပြုံးတုံ့တုံ့နှင့် သွေးနီ​ရောင် လွှမ်းနေပုံ မရပေ။ သူသည် ခပ်ငြိမ်ငြိမ် အေးအေးပင် စံကားပင်ပေါ်ရှိ အပွင့်ဖြူများကို ငေးကြည့်နေသည်။ 

အပိုင်း(၁၁) ဆက်ရန်
-----------------
#ခင်နှင်းယု

Post a Comment

0 Comments