မွှေး - ခင်နှင်းယု အပိုင်း (၁၂)

#မွှေး

အပိုင်း(၁၂)

မွှေး၏လက်ထပ်ပွဲကို တန်ဆောင်မုန်းလတွင် စီစဉ်သည်။ လက်ထပ်ပွဲမတိုင်ခင် ဆေးရုံမှာ သွားနေချင်သည်ဟု မွှေး၏​မေ​မေက ဆိုသည်။ မထနိုင်သော လူနာကြီးတစ်ယောက်အဖြစ်နှင့် မင်္ဂလာပွဲတွင် ပါဝင်ရန် အားတုံ့အားနာဖြစ်နေပုံရသည်။ ဒေါက်တာကလည်း ရိုးရိုးအခန်းတွင် ​ခေတ္တတက်ရောက်နေမှ ပိုက်ဆံခန်းရလျှင်ရချင်း ပြောင်းရသည်မှာ လွယ်ကူကြောင်း၊ ဆေးရုံတွင် ပိုမို၍ သင့်လျော်မည့်အကြောင်း အကြံဉာဏ်ပေးပေသည်။ 

ကိုကိုနိုင်သည် လက်ထပ်ပွဲမတိုင်မီ တစ်ပတ်စောရောက်လာ၏။ မွှေးတို့ညီအစ်မတစ်စုအတွက် ကမာရွတ်မှာပင် လက်ရှိအိမ်ထက် ကျယ်ပြန့်သည့် ခြေတံရှည်ပျဉ်ထောင်အိမ်တစ်ခုကို ကိုကိုနိုင်၏အမေ ဒေါ်မမညွန့်က ရှာ၍ ပေးသည်။ လူနာကို ဆေးရုံပို့ပြီး သူတို့အားလုံးက အိမ်သစ်သို့ ရွှေ့ပြောင်းကြရန် ဖြစ်ပေသည်။ 

ကိုကိုနိုင်သည် မွှေးနှင့်အတူတူပင် ဒေါ်တင်တင်ကြီးကို ဆေးရုံသို့ လိုက်၍ပို့သည်။ ၁၅ ​ပေ-ခန့်ကျယ်သော အခန်းထဲတွင် လူနာအတွက် ခုတင်တစ်လုံးရပေသည်။ ထိုအခန်းလေးထဲတွင် အားလုံး ခုတင်ခြောက်လုံးရှိ၏။ ခြေရင်းခေါင်းရင်း ခုတင်များရှိ လူနာများကို ကြည့်ရသည်မှာ အတော်စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပေသည်။ 

တစ်ကိုယ်လုံး ဝါထိန်ကာ ဖောနေသော မိန်းမကြီးတစ်ယောက်မှာ မျက်လုံးပိတ်၍ လူရုပ်နှင့်မတူတော့ပေ။ သူ့ဆံပင်များသည် ကျဲ၍ လက်တစ်ဆစ်ခန့်ထိ အပေါ်သို့ ထောင်နေပေသည်။ ဆေးရုံအဝတ်အစားများမှာ များသောအားဖြင့် သွေ့ခြောက်ခြောက် အရောင်အဆင်းကင်းမဲ့သော “ပြာ" ရောင်များဖြစ်၍ လူနာရုပ်မှာ ပိုမိုကျက်သရေကင်းမဲ့နေတော့သည်။  

မေမေနှင့် အနီးဆုံးခုတင်တွင်မူ ဝါးခြမ်း​လောက်ရှိ လက်ချောင်းများကို ထောင်ကာ ညည်းညူနေသော မိန်းမတစ်ယောက် ဖြစ်၏။ သူသည် ကိုကိုနိုင်တို့ရပ်နေသော တစ်နာရီအတွင်းတွင်ပင် ဝမ်းလေးခါမျှ သွား၍ပြီးပေပြီ။ 

တောင်ဘက်နံရံတွင် ကပ်နေသော လူနာကမူ မျက်လုံးမှတပါး လှုပ်လှုပ်ရှားရှားမရှိတော့ပေ။ ငြိမ်သက်စွာပင် သေရမည့်အချိန်ကို စောင့်မျှော်နေဟန်ရှိ၏။ မြောက်ဘက်နံရံတွင် ခုတင်လွတ်တစ်လုံး ကပ်ထား၍ ထိုခုတင်အနီးတွင်မူ တရုတ်မကြီးတစ်ယောက်သည် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်တိုင်း သွေးများပါ၍ ထွေးခံထဲသို့ အန်ချလိုက် ဆိုးလိုက်ဖြစ်နေသည်။ သူ့အသားများမှာ ဖျော့တော့၍ မျက်လုံးတွင်လည်း လုံးဝအရောင်မရှိသလို ဖြစ်နေတော့သည်။

ကိုကိုနိုင်သည် ဒေါ်တင်တင်ကြီး၏မျက်နှာကို လှမ်း၍ကြည့်၏။ လူနာသည် စိတ်တင်းထားပုံရသော်လည်း ပတ်ဝန်းကျင် အနိဋ္ဌာရုံများကို ကြောက်ရွံ့ဟန်မှာ သူ့မျက်လုံးတွင် ဖုံးကွယ်၍မရပေ။

ဆရာမတစ်ယောက် ရောက်လာ၏။ 

“ရော့ ...ဒီဆေးရုံအင်္ကျီတွေကို လဲဝတ်။ ဒီမှာ ရှင့်အိမ်က အဝတ်အစားတွေ မဝတ်ပါနဲ့”

ဆရာမ ပြောပုံမှာ မာကျောလှသည်။ ဆေးရုံအဝတ်အစားတွေလည်း ဘယ်လိုပင် ပိုးသတ်ထား၍ သန့်ရှင်းသည်ပြောပြော မျက်စိထဲတွင်တော့ အကွက်မပေါ်၊ အစုတ်ကလည်း ပါသေးသည်။ ကျက်သ​ရေအတော်တုံးသော အဝတ်အစားများသာတည်း။

မွှေးသည် ဆရာမပေးသွားသော အဝတ်အစားများကို လှမ်းယူလိုက်ကာ မေမေ့အနားသို့ တိုးကပ်သွား၏။ ကိုကိုနိုင့်စိတ်ထဲမှာလည်း အတော်ပင် ရှုပ်ပွေလာသည်။ လူနာများသည် နှာခေါင်းနှင့် ပါးစပ်တွင် အဝတ်စည်းထားသော်လည်း တာရှည်မတပ်ထားနိုင်ကြပေ။

“မွှေးရာ ... မေမေ့ကို အိမ်ပြန်ခေါ်သွားပါစို့။ ဆေးရုံဆိုတာ စိတ်ချမ်းသာစရာ ကောင်းမှပေါ့၊ ခုမြင်ရတာ ကိုကိုနိုင်တောင် သေချင်တယ်”

မွှေးသည် မေမေ့မျက်နှာကို တစ်လှည့်၊ ကိုကိုနိုင်ကို တစ်လှည့်ကြည့်နေ၏။ ​မေမေကတော့ ဘာမျှမပြောပေ။

“ကိစ္စမရှိပါဘူး မေ​မေ၊ ကျွန်တော်တို့လက်ထပ်ပွဲက တစ်နေရာမှာ လုပ်မှာ၊ မေမေ့ကိုလည်း အနှောင့်အယှက်မဖြစ်ပါဘူး”

“သားတို့ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ” 

“ဟာ... ကိစ္စမရှိပါဘူး၊ ဒီနေရာတော့ မထားချင်ဘူး”

သူတို့က စကားပြောနေတုန်းပင် ဆရာဝန်ကြီးရောက်လာ၏။

“မွှေး သိပ်ကံကောင်းတာပဲဟေ့၊ ခုပဲ ထားဝယ်က လူနာ ချက်ချင်း ဆင်းချင်လှချည့်ရဲ့ဆိုပြီး လာပြောတယ်။ သူ့အခြေအနေလဲ အတော်ကောင်းသွားပြီ။ အခန်းတစ် (ဘီ) အားသွားပြီ။ ကဲ ပိုက်ဆံခန်း ရွှေ့ နိုင်ပြီ” 

မွှေးမှာ ဝမ်းသာ၍ မဆုံးတော့ပေ။

“အတွတ်ဆီကရော စာလေးဘာလေး လာရဲ့လား” 

“လာပါတယ် အန်ကယ်”

“ကဲ ... အန်ကယ် ဆိုင်ရာကို ပြောလိုက်မယ်။ သူတို့ လာရွှေ့လိမ့်မယ်နော်"

ဆရာဝန်ကြီးသည် လူနာကို စမ်းသပ်ကြည့်ပြီး ထွက်သွားမှ သူတို့အားလုံး အသက်ရှူချောင်သွားတော့သည်။

“ကဲ ..မေမေအခန်းရွှေ့ပြီးတဲ့အထိ မွှေးစောင့်နေ၊ ကိုကိုနိုင် ငွေပြန်ယူပြီး ဟိုကိုလိုက်လာခဲ့မယ်။ ပထမဆုံး ငွေ ၂၀ဝိ တင်ထားရသေးတယ် မဟုတ်လား"

မွှေးသည် ဘာပြန်ပြောရမှန်းမသိသလို ငိုင်နေသည်။ ကိုကိုနိုင်သည် ခပ်မြန်မြန် အပြင်သို့ထွက်သွားတော့၏။

* * * 

ကိုကိုနိုင်မှာ ခွင့်ရက်များများ မရတော့၍ မေမေ့ကို ဆေးရုံတင်ပြီးပြီးချင်းပင် လက်ထပ်ပွဲကို စီစဉ်ရသည်။ ကိုကိုနိုင်၏အ​မေမှာ နောက်ဆုံး အခန်းအပ်သည်အထိ လက်ထပ်ပွဲကို သိပ်သိပ်သည်းသည်း စီစဉ်ပေးရှာ၏။ သူ၏ချိုပြုံးသော မျက်နှာနှင့်ပင် မွှေးအနားသို့ ခဏခဏ ကပ်လာ၏။ 

“မေမေလဲ အရွယ်ထောက်လာတော့ သား အတည်တကျရှိပြီဆိုရင်ပဲ ဘယ်လိုဝမ်းသာမှန်းမသိဘူး၊ မေ​မေ့မှာ သွေးတိုးရောဂါကလဲ ရှိတယ်မဟုတ်လား။ သမီးတို့မေမေလဲ မြန်မြန်ကျန်းမာလာမှာ၊ သမီး ဘာမှမပူနဲ့”

မွှေးက သူ့တွင် ထိုမျှကြင်နာသော မိခင်လို ယောက္ခမ ရလာလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ဖူးပေ။

ဧည့်သည်များအားလုံး မရှိတော့သည့်အချိန် ညဘက်ရောက်မှ အဘွားကြီးက အိမ်ပြန်ရန်ပြင်၏။ ကိုကိုနိုင်ရော မွှေးပါ ကန်တော့ကြ၏။ မွှေးသည် ကားပေါ်အထိ လက်တွဲကာ ယောက္ခမကို လိုက်၍ပို့လိုက်သည်။ 

ကားထွက်သွားလျှင်မူ ကိုကိုနိုင်သည် သူ့အပါး ကပ်၍ ရပ်လျက်ရှိသည်။ အိမ်သည် အမြင့်ဖြစ်၍ ပြတင်းများမှ မီးရောင်မှာ တချို့ နေရာများတွင် ခြံထဲသို့ မိုးကာ လင်းနေသည်။ 

“ကဲ ..မေမေကရော မွှေးကို ဘယ်လောက်ချစ်သလဲ။ ​မွှေးကိုယ်ကိုသာ ကန္တာရထဲရောက်နေသလို မွှေးကထင်နေတာ။ အမှန်တော့ အချစ်တွေ အချစ်တွေဆိုတာ မွှေးပတ်ဝန်းကျင်မှာ ပုံသိပ်နေတာပဲ”

မွှေးသည် ငြိမ်သက်စွာ ခေါင်းငုံ့နေ၏။ သူတို့အနားတွင် လရောင်မှာ ထိန်ထိန်သာ၍နေသည်။ အံ့သြဖွယ်ကောင်းသည်မှာ မွှေးလက်ထပ်သောနေ့သည် တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ဖြစ်၏။ မွှေးသည် လမင်းကို မော်၍မကြည့်ရဲသလို ဖြစ်နေသည်။ လွန်ခဲ့သော ခုနစ်နှစ်ခန့်က ထိုလရောင်အောက်တွင် မွှေးနှင့်အတူ ယှဉ်ရပ်ခဲ့သည်မှာ ဖရက်ဖြစ်၍ ယခုညတွင်မူ သူ့အပါးမှာ ရပ်သူမှာ ကိုကိုနိုင် ဖြစ်ပေသည်။

“ဘယ့်နှယ်လဲ မိန်းကလေးရယ်” ဟု လမင်းကပင် သူ့ကို မေးတော့သလို သူ့စိတ်ထဲတွင် စိတ်မလုံတော့ပေ။ 

“မွှေးကို ခွင့်လွှတ်ပါ လမင်းကြီးရယ်၊ မွှေးအပြစ် မဟုတ်ပါဘူး၊ မွှေးရဲ့ ချစ်မေတ္တာဟာ လမင်းကြီးရဲ့ ရောင်ခြည်လိုပဲ အစဉ်သန့်ပြန်ခဲ့ပါတယ်” 

သူသည် စိတ်ထဲမှာ လမင်းကို စကားပြောနေမိ၏။ 

“မွှေး”

ကိုကိုနိုင်သည် သူ့ပခုံးလေးကို ဖျစ်ညှစ်၍ ဖက်ထားကာ လက်တစ်ဘက်က မွှေး၏​မေး​စေ့လေးကိုကိုင်ကာ မွှေးမျက်နှာကို ဆွဲယူ မော့လိုက်သည်။ မျက်လုံးများသည် လရောင်ခြည်ကြောင့် အရောင် တဖျတ်ဖျတ် ​တောက်ပနေသည်။

“မွှေး မပျော်ဘူးလားဟင်၊ လ​ရောင်ကလဲ သိပ်လှတာပဲနော်”

“မွှေးက လရောင်ကို ရှက်နေလို့ပါ” 

“ဟောဗျာ ...” 

ကိုကိုနိုင်သည် ပြုံးရယ်လိုက်၏။ 

"လရောင်ကို ရှက်တယ်"လို့ အဓိပ္ပာယ်နားမလည်သလို ကိုကိုနိုင်က ပြောလိုက်၏။ 

“ဟုတ်တယ်၊ ဟိုး လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ညရဲ့ လရောင်အောက်မှာ သွားတွေ့ခဲ့တာက ယောက်ျားတစ်ယောက် ဆိုတော့ ကိုယ့်သိက္ခာကို ရိုသေတဲ့မိန်းကလေးဆိုရင် လမင်းကြီးကို ရှက်တာပေါ့"

“သိပါတယ်ဗျာ၊ ကိုကိုနိုင် မသိတာမှမဟုတ်ဘဲ၊ အဲဒီလူက တင်အောင်ထွန်း (ခေါ်) ဖရက်ဒီ မဟုတ်လား"

မွှေးသည် ခေါင်းငုံ့၍နေ၏။ 

ကိုကိုနိုင်က မွှေးကို တင်းကြပ်စွာ ဖက်လိုက်ပြီးမှ “ဒီလို လက်ထပ်ညဦးဆိုရင် ချစ်သူနဲ့ မပေါင်းရတဲ့သူတွေဟာ ကိုယ့်အချစ်ဦးကို သတိရတာ ဓမ္မတာပဲ။ ကဲ ဒါတွေ မေ့လိုက်ပါတော့၊ မွှေးရဲ့ဘဝက ဟိုဘက်မှာ ပြည်ဖုံးကားချလိုက်ပြီပဲ။ ဒီဘက်မှာ ကိုကိုနိုင်နဲ့အတူ ကဏ္ဍအသစ်တစ်ခု ဖွင့်ရတော့မယ် မိန်းကလေးရယ်။ စိတ်ကို ပျော်ပျော်ထားလိုက်စမ်းပါ။ ကိုကိုနိုင်ဟာ မွှေးကို တကယ်မြတ်နိုးတဲ့သူပါ၊ ယုံစမ်းပါကွယ်” 

ကိုကိုနိုင်သည် မွှေး၏မျက်နှာလေးကို မ,ယူကာ သူ့ပါးနှင့် အပ်လိုက်သည်။ မွှေးပါးပေါ်မှ မျက်ရည်စများကြောင့် အေး​သောအတွေ့ မှာ ကိုကိုနိုင့်အသည်းသို့တိုင်အောင် စိမ့်၍သွားတော့၏။

* * * 

ခွင့်ရက်စေ့၍ ပြန်သည့်တိုင်အောင် မွှေးနှင့်အတူနေခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကို ကိုကိုနိုင်က ကျေကျေနပ်နပ်ရှိခဲ့၏။ မွှေးသည် ကျွမ်းကျင်လိမ္မာသော အိမ်ထောင်ရှင်မကြီးဟု မဆိုနိုင်သော်လည်း သူသည် တတ်သမျှ မှတ်သမျှကိုတော့ စေတနာရှိရှိနှင့် ပြုစုဆောင်ရွက်ပေးသည်ဆိုသော ဟန်မှာ အမြဲပေါ်လွင်နေ၍ ကိုကိုနိုင်က ကျေနပ်၏။ ဒီလိုဟန်များကပင် လင်သားတစ်ယောက်၏အသည်းနှလုံးကို အစဉ် ပူနွေးစေသည် မဟုတ်ပါလား။ 

“အမှန်ကတော့ ကိုကိုနိုင် မွှေးကို ခွဲမထားရက်ခဲ့ချင်ပါဘူး။ ဒါပေမယ့် ကိုကိုနိုင့်နေရာက ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဘက်ကို ပြောင်းရမယ်၊ မွှေးအဖို့ ပင်ပန်းမှာစိုးတယ်။ ပြီးတော့ မွှေးမေမေ ကျန်းမာရေးအခြေအနေ ဆိုးနေတုန်း မွှေးကိုခေါ်သွားလို့ ကိုကိုနိုင် ဘယ်တရားမလဲ။ ကျန်းမာရေးကို ဂရုစိုက်၊ အလုပ်လည်း ထွက်လိုက်တော့နော်”

မွှေးသည် သက္ကလပ်အင်္ကျီကို ဝက်မင်ဘီးနှင့် ပွတ်တိုက်နေရာမှ ရပ်လိုက်၏။ ကိုကိုနိုင့်ကို ကြင်နာစွာ ကြည့်လိုက်ပြန်သည်။ 

“ကိုကိုနိုင် ခေါ်တဲ့အခါကျရင် မွှေး အလုပ်ထွက်ပြီး လိုက်ခဲ့မယ်၊ ခုတော့ ကိုကိုနိုင့်မေဂျာလခနဲ့ မွှေးတို့တစ်အိမ်ထောင်ရော ကိုကိုနိုင်ပါ ခွဲသုံးရမှာ။ မေမေ့ဆေးခန်းခက ထိုးဆေး ဘာဆေးမပါ တစ်လကို ၄၅ဝ ကျတယ်။ ဒီတော့ မွှေးအချိန်ရှိတုန်း အလုပ်လုပ်ပါရစေ”

“အို ...ကိုကိုနိုင်ရဲ့မေမေတစ်ယောက်လုံး ရှိပြီပဲကွယ်၊ မွှေးကလဲ ...”

“မဟုတ်ဘူးကိုကိုနိုင်၊ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာတဲ့အခါ အမေ့ကို တာဝန်မပေးသင့်ဘူး။ အမေကတော့ လိုရင်ပေးမှာပဲ။ ​မွှေးလည်း သိပ်မကြာပါဘူး။ လေးတို့ ဒီဂရီရပြီးရင် လက်လွတ်​ရော၊ တာဝန်လဲကျေရော။ ဒီကြားထဲ မွှေး ကိုကိုနိုင့်ကို ကူညီပါရစေ။ ခု လခတိုးတော့ ၃၅၀ ဆိုတဲ့ ငွေဟာ မနည်းဘူး၊ ဒီအတိုင်းကြီးနေရမှာတော့ မွှေး ကိုကိုနိုင့်ကို အားနာတယ်”

“ဟား ... ဟား ...ဟား” 

မွှေးပခုံးလေးကို ထဖျစ်ကာ ကိုကိုနိုင်သည် ခွက်ထိုးခွက်လန် ရယ်၏။ 

“လင်ကို အားနာတဲ့ မိန်းမတဲ့ကွာ” 

သူ့ဘာသာသူ တစ်ယောက်တည်း သဘောကျနေတော့သည်။

ကိုကိုနိုင် ပြန်သွားပြီးနောက် မေ​မေ့အခြေအနေမှာ ဆိုးရွားလာ​ခဲ့သည်။ နေ့ဘက်တွင် အေးကို အနားမှာ ​စောင့်​စေကာ ညဘက်တွင် ​မွှေးက စောင့်၍အိပ်ရ​ပေသည်။ မွှေးတို့တွင် သိုက်သိုက်ဝန်ဝန်း အမျိုးအဆွေမရှိလှပေ။ ဒေါ်လေးမူရာထံကမူ ဟောလစ်တစ်ပုလင်းကို ထွန်းဆောင်ကို အပို့လွှတ်လိုက်သည်။ တီဘီဖြစ်၍ လာမမေးရဲကြောင်း မှာလိုက်သေးသည်။ ​မွှေးအဖို့ ထိုလောကဓံလောက်ကို မမှုတော့​ပေ။

တစ်ညဦးတွင်မူ ဒေါက်တာသန်းအောင်သည် အလည်သဘောမျိုး မွှေးထံ ရောက်လာခဲ့သည်။ မေ​မေက အိပ်ရာပေါ်တွင် မှိန်းနေ၍ သူ့ကို ဝရန်တာဘက်တွင် ဒေါက်တာက စကားပြောရန် ခေါ်သွားလေသည်။ 

“အတွတ်က သွားခါနီး မွှေးစိတ်ချမ်းသာအောင် ကူညီဖို့ တတွတ်တွတ် မှာတယ်။ အန်ကယ်လည်း သူ့ကို တော်တော်ချစ်တယ်။ ဒါကြောင့် မွှေးစိတ်ချမ်းသာပါစေတော့လို့သာ မင့်​မေမေကို လက်ခံလိုက်ရတယ်။ ဆေးရုံတင်ကတည်းက အန်ကယ်တော့ သိပ်အားမရဘူး”

မွှေးသည် ဒူးတွင် အားမရှိတော့သလို ယိုင်ညွတ်ညွတ် ဖြစ်သွား​တော့သည်။ 

“ခုလဲ ပွင့်လင်းလင်း ပြောရရင် ဘာမျှမျှော်လင့်စရာတော့ မရှိတော့ဘူး၊ အန်ကယ့်သဘောပြောရရင် ငွေကုန်ရုံပဲရှိမယ်။ မွှေး တကယ်လို့ အိမ်ပြန်ခေါ်ချင်လဲ ခေါ်နိုင်တယ်။ ဒီမှာထားချင်လဲထား၊ ဘယ်ဘက်အဆုတ်တစ်ဖက်က ကောင်းလာလိမ့်မယ်လို့ မျှော်လင့်တာ မျှော်လင့်သလို ဖြစ်မလာဘူး။ လူကလဲ အရွယ်ကျသွားပြီ မဟုတ်လား။ ညာဘက်တော့ လုံးလုံးမကောင်းတော့ဘူး၊ အဆုတ်ကို ထုတ်ပစ်ပြီး ကုဖို့က သူ့မှာ ခံနိုင်ရည်အားလည်း မရှိဘူး၊ ဒီမှာလဲ မလုပ်နိုင်ဘူး”

မွှေးသည် ငြိမ်သက်နေ၏။ ဘာလုပ်ရမှန်း မသိပေ။

“ကဲ ... အန်ကယ် ပြန်ဦးမယ်။ မင်းလည်း ကျန်းမာရေးဂရုစိုက်ဦး၊ မွှေးက ပိန်တယ်"

“ကျေးဇူးတင်ပါတယ် အန်ကယ်၊ မွှေးလည်း စဉ်းစားပါဦးမယ်”

မွှေးနားထဲတွင် ဒေါက်တာ၏ တဒေါက်ဒေါက်နှင့် ဖိနပ်သံမှာ သူ့အသည်းကို ခေါက်နေသလို နာကျင်နေတော့သည်။ ဝရန်တာအပြင်ရှိ အမှောင်ထုသည် ပိုမို၍အားငယ်စရာကောင်းနေတော့သည်။ မွှေးစိတ်ထဲတွင် လူတစ်ယောက် သေရတော့မည်ကို သိပါလျက်နှင့် ဘာမှမလုပ်နိုင်သည်ကို မခံချည့်မခံသာ ဖြစ်နေသလိုလည်း ခံစားနေရသည်။ 

မေ​မေ... မကြာခင် သူချစ်သော မေမေ့ကို ခွဲရတော့မည်။ မေမေသည် သူ့ကိုယ်သူ ကြိုတင်၍ တွက်တတ်၍လားမသိ။ သမီး လက်ထပ်ပွဲကို အမြန်စီစဉ်ခဲ့သည်။ အခြေတကျဖြစ်အောင် စီမံခဲ့ပေသေးသည်။

ဘယ်လိုပင် အလုပ်ကမော၍ လူကနွမ်း၍နေဦးတော့၊ ပြုံးရွှင်ကြည်လင်သော မေ​မေ့မျက်နှာက ဆီး၍ကြိုလိုက်လျှင် ချမ်း​မြေ့အေးချမ်း၍ သွားခဲ့ရသည်တကား။ ဘာမျှမကူညီနိုင်သည်ထားဦး၊ မေမေရှိနေသေးသည်ဆိုသော အသိကကို အမြဲအားပေးနေသည်။ အိမ်ထောင်ကြီးတစ်ခုလုံးကို မေမေသည် အိပ်ရာပေါ်ကပင် စီစဉ်ထိန်းသိမ်းခဲ့သည်။ 

“မွှေး ...ဟဲ့မွှေး ဘာငိုင်နေတာလဲ”

မွှေး၏လက်ကို တစ်ယောက်ယောက်က ဆွဲလှုပ်နေ၏။ မွှေးလည်း ဘေးကိုလှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားတော့သည်။

“ဒေါ်လေးသူဇာ... ဒေါ်လေးသူဇာ မွှေးတို့ကို သတိရတယ်နော်” 

​မွှေး၏အသံများ တုန်ကာ မျက်ရည်များမှာ လှိမ့်၍ဆင်းလာတော့သည်။ ဒေါ်လေးသူဇာမှာလည်း အသံတုန်တုန်နှင့် သူ့ကိုကိုင်ရင်း စကားပြန်ပြော၏။

“သတိရပါတယ် တူမရယ်၊ ဒေါ်လေးဘဝက အစ်မကလဲ စွန့်ထားတာနဲ့ စိတ်ညစ်ပြီး ဘယ်ဆွေမျိုးနဲ့မှ အတွေ့မခံတာ။ မင်းတို့အားလုံးကို အမြဲသတိရပါတယ်။ ဝါးခယ်မမှာ မင်းတို့နဲ့ အတူနေခဲ့ရတဲ့အချိန်ကိုလဲ အမြဲသတိရ ကျေးဇူးတင်ပါတယ်။ မင်းအမေဟာ ဒေါ်လေးတို့ကျေးဇူးရှင်မကြီးပါ။ မင်းတို့အကြောင်းတွေကိုလဲ အမြဲ နားစွင့်လျက်ပဲ။ ခု မမတင် နေမကောင်းဘူးကြားလို့ လာခဲ့တာ”

“ဟုတ်တယ်၊ ဒေါ်လေးကတော့ တီဘီကူးမှာကြောက်လို့တဲ့၊ မွှေးတို့အိမ်ဘက်ကို ခြေဦးမလှည့်ဘူး” 

“အေး..သူ့သတင်းတွေလဲ ကြားပါတယ်၊ မမတင်ကတော့ ဒေါ်လေးအဖြစ်ကို သိပါ့မလား၊ ခွင့်လွှတ်နိုင်ပါ့မလား” 

“မေမေဟာ အားလုံးကို ခွင့်လွှတ်နိုင်တဲ့မိန်းမပါ။ အနစ်နာလဲ ခံနိုင်တဲ့ မိန်းမပါ၊ ဒါကြောင့်လဲ သူ လူ့ပြည်မှာ ကြာကြာမနေရတော့ဘူး" 

မွှေးသည် အသံများ တုန်လာ၏။ ဒေါက်တာသန်းအောင် ​ပြောခဲ့သည်ကို ဒေါ်လေးသူဇာအား ဖွင့်၍ပြောပြလိုက်၏။ ဒေါ်လေးသည် လူနာအခန်းဘက်သို့ ကြည့်ရင်း မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ကြိတ်၍ငိုရှာသည်။ 

“ကြံဖန်ပြီးတော့ စိတ်ကိုဖြေပါ တူမရယ်။ သူဟာ လူ့ပြည်မှာ နေခဲ့တဲ့အချိန်အတွင်းမှာ တိုင်းပြည်အပေါ်မှာရော၊ သူနဲ့နီးစပ်သမျှ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်မှာရော အင်မတန် စေတနာကောင်းကောင်းနဲ့ မျှမျှတတ သဘောထားကြီးခဲ့တဲ့ မိန်းမတစ်ယောက်ပဲ။ ဒီအကျိုးတွေက တမလွန်မှာ သူ့ကို အေးချမ်းစေမှာပါ။ သားတွေ နိုင်ငံ​ရေးလုပ်ချိန်မှာလဲ စီးပွားရေးလှည့်ကြည့်ပါလို့ တစ်လုံးမဟဘူး။ သူကပဲ ကလေးတွေ အတွေးအခေါ် ရင့်သန်အောင် စာအုပ်စု​ပေး၊ အကြံဉာဏ်တွေပေးခဲ့တယ်။ သားကြီး ထောင်ကျလို့ နောက်ဆုံးတိုက်ပွဲမှာ အသက်စွန့်ခဲ့တဲ့အထိ သူဟာ ကြံ့ကြံ့ခိုင်ခိုင် စိတ်တင်းနိုင်တယ်။ လင်သားအပေါ်မှာလဲ စိတ်နောက်နေတဲ့အရူးကြီးကို မိခင်လို စောင့်ရှောက်ခဲ့ ပါတယ်။ လင်ဘက်က အမျိုးဆိုရင် ခြေမသန်တဲ့ဘကြီးတို့ ကြီးဒေါ်ခင်တို့ဟာ မမတင်ကို ခိုကိုးရတာပဲ။ သူများဆိုရင် လင်ဘက်က အမျိုးဆို အိမ်ရိပ်နင်းတာတောင် မကြိုက်ဘူး မဟုတ်လား။ ဒီဒဏ်တွေကို ခံရတော့ မင့်မေမေမှာ အသက်တိုရတာပဲ။ စိတ်ကိုဖြေပါ မွှေးရယ်။ တို့ဟာ လူ့လောကမှာ သူ့လိုမှ ဝတ္တရားကျေပွန်နိုင်ပါ့မလား မသိဘူး”

ဒေါ်လေးသူဇာသည် မျက်ရည်သုတ်ကာ တိုးတိုး တိုးတိုးနှင့် ပြော၏။ 

“မင်းတို့က ငယ်လို့မသိတာ၊ အဲဒီဘကြီးရဲ့ ကြွေးတွေလဲ ထောင်သောင်းချီပြီး မမတင်က ဆပ်ပေးခဲ့တာပဲ။ ကြီးဒေါ်ခင်ကလဲ ထမင်းကျတော့ မမတင်ဆီမှာ စားခဲ့ပေမယ့် သူ့မှာရှိတဲ့ ရွှေတွေကျတော့ တခြားအမျိုးတွေ ပေးခဲ့တယ်။ မမမူရာပေါ်မှာရော ... သူ့လုပ်ပုံမျိုးဆို ဘယ်သူမှ ခွင့်မလွှတ်နိုင်ဘူး မဟုတ်လား” 

လူနာမှာ အနည်းငယ် လှုပ်လာ၍ သူတို့နှစ်ယောက် စကားလက်စသတ်ကာ အခန်းထဲသို့ တဖြည်းဖြည်း ဝင်လာကြ၏။ ဒေါ်လေးသူဇာကို မြင်မြင်ချင်း မေ​မေက လက်ကမ်းပေးလိုက်၏။ ဒေါ်လေးသူဇာ၏လက်ကို ဖြည်းညင်းစွာ ဆုပ်နယ်ရင်း အားယူ၍ပြုံးနေသည်ကို ဒေါ်လေးသူဇာသည် မကြည့်ရက်တော့ပေ။

“မူရာတစ်ယောက်ကော နေကောင်းလား” 

“ကောင်းပါတယ် မမတင်”

မေမေသည် ခပ်ပြုံးပြုံးပင် ငြိမ်သက်နေရာမှ ဒေါ်လေးသူဇာလက်ကို လွှတ်လိုက်၏။ ဒေါ်လေးသည် မေမေ့ဘေးမှ ကုလားထိုင်တွင် ထိုင်ချလိုက်၏။ မွှေးမျက်နှာကို မေမေက စေ့စေ့ကြည့်ရင်း ပို၍ပြုံးလာပြန်သည်။

“ဒီညနေ မေမေ မှေးလိုက်ရတာ အားပြည့်သလိုလဲ သမီးရယ်၊ ဒါပေမယ့် မေမေနေရတာ ပေါ့လဲမလာဘူး၊ သမီးလက်ကို မေမေ ကိုင်ချင်တယ်” 

မွှေးသည် သူ့လက်ကို အဘွားကြီးလက်ထဲသို့ ထည့်လိုက်၏။ မေမေ့လက်မှာ ပူနွေး၍နေတော့သည်။

“သမီးကို မေမေ အများကြီးကျေးဇူးတင်ပါတယ်”

မွှေးတစ်ကိုယ်လုံးသည် သိမ့်သိမ့်တုန်ကာ စကားမပြောနိုင်ဘဲ ပါးစပ်ဟ, နေမိတော့သည်။ 

“မောင်မောင်နိုင့်ဆီ စာရေးရင်လဲ မေ​မေက ကျေးဇူးတင်တဲ့အကြောင်း ထည့်ပါ။ မေမေလဲ ငယ်ရာက ကြီးလာသူပါ။ လက်ထပ်ပြီးစ ဇနီးကို မေမေ့အတွက် ခွဲထားရစ်ခဲ့တာလဲ ဘယ်တော့မှ မမေ့ပါဘူး”

မွှေးသည် မျက်ရည်မကျအောင် အားခဲထားရ၏။

“သမီးတို့ကသာ မေ​မေ့ကို ကျေးဇူးတင်ရမှာ။ မေမေ့ကျေးဇူးတွေဟာ ဆပ်လို့မကုန်ပါဘူး”

“မေမေနားလည်ပါတယ် သမီး။ သမီးအခြေအနေနဲ့ တစ်လ လေးရာ့ငါးဆယ်ကျပ်ခန်းမှာ အ​မေ့ကို ထားဖို့ဟာ တော်ရုံသဒ္ဓါ​စေတနာနဲ့ မဖြစ်နိုင်ပါဘူး။ ကျေနပ်ပါတယ်ကွယ်၊ ကျေးဇူးလဲ တင်ပါတယ်”

​မွှေးသည် ကျောက်ရုပ်သဖွယ် ငြိမ်သက်နေမိတော့သည်။ မိခင်၏မေတ္တာအဟုန်ဆိုသည်မှာ ရေတံခွန်လို အစဉ်စီးဆင်းနေသော်လည်း မကုန်ခန်းနိုင်ပါတကား၊ ထိုမကုန်ခမ်းနိုင်သော မေတ္တာရှင်တို့က သားသမီးတို့ထံမှ ရေတစ်စက်စာမျှ ကျေးဇူးတုံ့ပြန်မှုကို တွေ့ရလျှင် သူတို့စိတ်ထဲ၌ ထိုရေတစ်စက်ကို ပင်လယ်အဏ္ဏဝါဗွေမျှ ထင်ကာ ကျေးဇူးတင်၍မဆုံးတော့ပေ။ 

မေမေသည် မွှေးတို့အားလုံးကို နောင်နှစ် ကဆုန်လဆန်းလောက်တွင် ခွဲခွာ၍သွား၏။ သနားစရာအကောင်းဆုံးမှာ ​အေးဖြစ်၏။ သူသည် သူ၏အိမ်လေးထဲတွင် မေ​မေ့ကို ကမ္ဘာတစ်ခုလို ပေါင်းသင်းနေရသူဖြစ်၏။ လေးနှင့်ထွေးလို ကျောင်းမိတ်ဆွေလည်းမရှိ။ မွှေးလို ချစ်သူရယ် ချစ်လင်ရယ်ဟူ၍ ရှိရှာသည် မဟုတ်ပေ။ ဘယ်နေရာတွင် သွားထိုင်ထိုင် တစ်အိမ်လုံးသည် သွေ့ခြောက်၍ ဟာနေတော့သည်။

မွှေးအလုပ်သွားပြီး ညီမငယ်နှစ်ယောက် ကျောင်းသွားချိန်တွင် အေးသည် မျက်ရည်တစိမ့်စိမ်နှင့် ကျန်ရစ်၏။ ဖေဖေကလည်း သတိကောင်းစဉ်တွင် ငိုလိုက်၊ သတိလွတ်စဉ်တွင်မူ သီချင်းတကျော်ကျော် ဟစ်၍နေတော့သည်။ 

ဝါဆိုဦးတွင် ကိုကိုနိုင်က မွှေးကိုလာခေါ်သည်။ ကိုကိုနိုင့်အမေကလည်း မွှေးလိုက်သွားစဉ်တွင် အေးတို့ညီအစ်မတစ်စုအား လာရောက်စောင့်ရှောက်မည်ဟု ဆိုသည်။

မွှေးရင်ထဲတွင်မူ အေးတို့ကို ထားရစ်၍ လိုက်သွားရန် မသွားရက်သလို ဖြစ်နေတော့သည်။ သူ့စိတ်ကိုလည်း ကိုကိုနိုင်အား ဖွင့်မပြောရဲ၊ ညီမတွေနှင့်လည်း မခွဲနိုင်ပေ။ 

မမအေးက မွှေးစိတ်ကို နားလည်ပေသည်။

“မွှေး လိုက်သွားမှပေါ့၊ လက်ထပ်ပြီးကြပြီပဲ။ သူက ဒါလောက်ခွဲပြီးထားရစ်တာပဲ တို့များက ကျေးဇူးတင်ဦးမယ်။ ကိုယ့်မှာ ဝတ္တရားရှိတယ်၊ မွှေးလိုက်သွား၊ မမအေးတို့အတွက် မပူနဲ့” 

အေးက ညီမငယ် စိတ်ချမ်းသာအောင် ဖျောင်းဖျနေသလောက် မွှေးရင်ထဲတွင်မူ မထွေးနိုင် မအန်နိုင်သလို ဖြစ်လာပြန်၏။ 

ကိုကိုနိုင်ကတော့ ထင်းရှူးပုံးတွေကိုသာ တစ်ခုပြီးတစ်ခု ဝယ်နေတော့သည်။ 

“စခန်းက လားရှိုးမှာဆိုတော့ မွှေး လားရှိုးမှာနေရမယ်။ ဟောဒါက ဆေးထည့်ဖို့ ပုံး၊ ဟောဒါက ဂွမ်းကပ်ထည့်ဖို့၊ ဒါက မွှေးဖတ်ဖို့စာအုပ်တွေ ထည့်ဖို့၊ သက္ကလပ်စောင်တွေကတော့ သံသေတ္တာနဲ့ထည့်" 

ကိုကိုနိုင် စီမံပေးသလို လေးနှင့်အထွေးတို့က လိုက်၍လုပ်သည်။

“မောင်မောင်နိုင်... သားရေ... မင်းငှားထားတဲ့ အိမ်က ဆောင်းတွင်းမှာ အအေးလုံပါ့မလား၊ မွှေးက ကျန်းမာရေးသိပ်မကောင်းဘူး။ ပြီးတော့ ဘဆောင်တို့လင်မယားကို မေမေ ထည့်ပေးလိုက်မယ်။ မွှေး ရေအေးမချိုးစေနဲ့၊ သူတို့ကို ရေနွေးအမြဲတယ်ခိုင်း၊ သိလား”

ယောက္ခမကြီးက ထပ်၍ သတိပေးပြန်သည်။

“စိတ်ချပါ မေမေရာ၊ တပ်ထဲက အိမ်မဖြစ်တောင် မွှေးအတွက် သပ်သပ်တစ်လုံး ရှာထားသေးတယ်။ ဟိုမှာ နွားနို့လဲပေါ၊ ကြက်ဥလဲ ​ပေါ။ လူဟာ ကောင်းကောင်းနားပြီး အစာအာဟာရ ကောင်းကောင်းစားရင် တီဘီမဝင်နိုင်ပါဘူး၊ ဟုတ်တယ်နော် မွှေး”

မွှေးသည် သူ့ဘဝကို သူနားမလည်သလိုပင် အူကြောင်ကြောင် ဖြစ်လာတော့သည်။ သူ့ဘဝသည် ကံကောင်းသည်ဟု ဆိုရမည်လား၊ ကံဆိုးသည်ဟု ဆိုရမည်လား၊ မတွေးတတ်ပေ။ 

ကိုကိုနိုင် ဝယ်လာသော ဆေးပုလင်းများကို မွှေးက ထင်းရှူးပုံးတစ်ခုနှင့် သပ်သပ်ထည့်၏။ ဟဲလီဘတ်အဝိုင်း၊ စကော့အီမာရှင်း၊ နေဗီတာမော့၊ ဘီဝမ်း၊ ဘီတွဲ၊ မာလတီဗိုက်တာပလက်စ်၊ ကလ်ဒီစီ၊ ဟပ်ပါတိုဂလိုဘင်၊ ဗိုက်တာမင် အေနှင့်ဒီ။

မွှေးသည် ဆေးပုလင်းများအပေါ်မှ စာကိုဖတ်ရင်း စိတ်ရှုပ်လာ၏။ တစ်မျိုးကို အနည်းဆုံး သုံးပုလင်းစီလောက် ဝယ်လာသည်။ တချို့မှာ ဒါဇင်ဝက်ရှိ၏။ 

“ကိုကိုနိုင့်ဟာက မလွန်ဘူးလား၊ ဒါတွေအားလုံး မွှေး​သောက်ရမယ်"

“ဒီလိုလေ၊ ဒေါက်တာနဲ့ တိုင်ပင်ပြီးဝယ်လာတာ၊ စကော့အီမာရှင်းက အအေးခံနိုင်တယ်၊ အဆုတ်အတွက် ကောင်းတယ်။ ဟယ်လီဘတ်အဝိုင်းနဲ့ မာလတီပိုက်တာပလက်စ်က နေ့စဉ်လိုတဲ့ အာဟာရဓာတ်တွေပဲ။ ဟိုက တောမြို့မဟုတ်လား၊ လိုလိုမယ်မယ် ဝယ်သွားတာပေါ့ မွှေးရယ်၊ လိုရင် အသုံးချရတာပေါ့”

အေးတို့ညီအစ်မသုံးယောက်သည် မွှေးကို ချစ်ရှာသော ကိုကိုနိုင်အား ကျေးဇူးတင်၍ မဆုံးတော့ပေ။

သို့သော် မွှေး လားရှိုးသို့ လိုက်သွားသောနေ့တွင်မူ ဝါးခယ်မက မွှေးထွက်သွားသည့်နေ့ကကဲ့သို့ ငိုမဲ့ငိုမဲ့ မျက်နှာကလေးများနှင့် ကျန်ရစ်ကြတော့သည်။

အပိုင်း(၁၃)ဆက်ရန်
---------------------
#ခင်နှင်းယု

Post a Comment

0 Comments