မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၈)
၁၂။
ရှယ်လီသည် နေမကောင်းသေး၍ ကလေးများကို လာမခေါ်သေးကြောင်း လင်း၏ဒက်ဒီထံ ဖုန်းဆက်လိုက်သည်။ အမှန်တော့ လူအကောင်း စိတ်က မကောင်းခြင်းဖြစ်သည်။
ဒေါ်လီမှတပါး သူ ဘယ်သူမှ အတွေ့မခံချင်ပေ။ အိပ်ရာထဲမှာ ခွေနေချင်သည်။ ဒါပေမဲ့လည်း မဖြစ်သေး။ လင်းရဲ့မာမီကိုလည်း သွားရောက်တွေ့ဆုံရဦးမည့်ဝတ္တရားရှိသည်။ လင်း သွားစဉ်က သူ့မာမီ နေမကောင်း၍ လိုက်မပို့နိုင်။
ချက်ချင်းလိုပင် သူ၏တောင်ပေါ်မြို့ကလေးက ရန်ကုန်ပြောင်းလာသောအိမ်နီးချင်း ဒေါ်ခင်သက်တင်ကို သတိရသည်။ ဒေါ်ခင်သက်တင်၏ကုမ္ပဏီကို တခေါက်နှစ်ခေါက်ပဲ ရောက်သေးသည်။ သူ့တူမ သလ်မာအကြောင်းကို သိကောင်းသိမည်။
သူသည် တပတ်လောက် အိမ်ကုပ်နေပြီးမှ စကော့စျေး (ဗိုလ်ချုပ်စျေး) ထွက်ခဲ့သည်။ မာမီ့ဖို့ ဟောလစ်နှင့်သစ်သီးများဝယ်ကာ ဒေါ်ခင်သက်တင်ဆိုင်ရှိရာ စကော့စျေးအရှေ့ဘက်တန်းကို ထွက်လာသည်။
ဒေါ်ခင်သက်တင်ဆိုင်မှာ ဝယ်သူတွေများကာ ဒေါ်ခင်သက်တင်က ကောင်တာမှာ ငွေသိမ်းနေသည်။ ရှယ်လီကို ဒေါ်ခက်သက်တင်က နေရာပေးပေမယ့် သူက မထိုင်။
"မထိုင်တော့ဘူး မမ၊ မာမီနေမကောင်းတာ ပစ္စည်းတွေ သွားပို့မလို့၊ မမ ညနေဆိုင်သိမ်းပြီး ရှယ်လီ့အိမ် ဝင်ခဲ့ပါ"
ဒေါ်ခင်သက်တင်ကို နှုတ်ဆက်ကာ မာမီ့အိမ်ရှိရာ အင်းလျားလမ်းသို့ ထွက်လာသည်။
ယောက္ခမများအိမ်ရောက်တော့ သားတို့နှင့် အဘိုးအဘွားများ ပြေလည်နေကြ၍ သူ စိတ်သက်သာရာရပါသည်။ မာမီ့အိပ်ခန်းသို့ဝင်ကာ ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သည်။
မာမီသည် အိပ်ရာပေါ်မှာ အိပ်နေသည်။ အဖျားကျစဖြစ်၍ အားမရှိသေး၊ အသံက ပျော့နေသည်။
"မာမီ၊ ဟောလစ်သောက်ပေးပေါ့၊ ရှယ်လီလည်း လင်းမရှိတော့ အားနေတယ်။ မာမီ့ကို ပြုစုဖို့လိုရင် ခေါ်လိုက်ပါ။ ရှယ်လီလာခဲ့မယ်။ တခုပဲ မာမီ့ရဲ့မြေးတွေကတော့ ဆူမယ်"
မာမီက ပြုံးနေသည်။ ဒီလိုတော့လည်း သူ့ယောက္ခမကြီးသည် ပျော့ပျောင်းနူးညံ့သား။
"ကိစ္စမရှိပါဘူးကွယ်၊ နှင်နုထွေးကလေးတွေလည်း တခါတခါလာကြတော့ ဆူနေကျပဲ၊ သူတို့လည်း ကလေးအချင်းချင်းတွေ့ကြတာပေါ့"
သူတို့စကားပြောနေစဉ် ဒက်ဒီဝင်လာသည်။ သူ့အနားမှာ ထိုင်လိုက်၏။
"လင်းရွှေအောင်အတွက် မပူနဲ့ရှယ်လီ၊ စံကျော့ခိုင်အကို ဝတ်လုံထွန်းလှအောင်က လန်ဒန်မှာ ရှိတယ်၊ လင်း လိုအပ်တဲ့ငွေ ပေါင်နဲ့ လင်းကိုပေးပါလို့ မှာထားတယ်။ သူက အိပ်ခန်းလည်း ငှားနေချင်သေးတာကို။ တို့က ဘဏ်မှာရှိတဲ့ထွန်းလှအောင် ဘဏ်ကစာရင်းထဲ မြန်မာငွေထည့်ရုံပဲ၊ အစိုးရစရိတ်နဲ့ သူ မလောက်မှာစိုးလို့"
သူက ဘာမှမပြောချင်။ သူ့မိဘများသည် ခုတော့လည်း လင်းအပေါ် ကောင်းရှာကြသည်။
မိဘတွေပေးသောငွေနှင့် သလ်မာကို လန်ဒန်မှာ လင်း ကောင်းကောင်းထားနိုင်မှာပါ။ လင်းလိုအပ်သမျှ ဖြည့်ဆည်းသည့် မိဘများဖြစ်သည်။
သလ်မာအကြောင်းကိုတော့ ယောက္ခမကြီးများကို သူ ဘာတခုမှ ဖွင့်မပြောသေး။ မကြာခင် ကလေးတွေ ကစားရာမှ ဝင်လာသည်။
"သားတို့ ကျောင်းဖွင့်မှလာမယ် မာမီ"
သီတင်းကျွတ်ကျောင်းပိတ်ရက်က ၁၀ရက်ဖြစ်သည်။
"သားတို့ ဖုန်းဆက်လိုက်၊ မာမီ လာခေါ်မယ်"
"ရှယ်လီကလဲ ဒက်ဒီကိုယ်တိုင် လာပို့မယ်၊ ကဲ ထမင်းစားပြီးမှ ပြန်"
ရှယ်လီသည် မာမီအတွက် ဟောလစ်ဖျော်၍ ကိုယ်တိုင်တိုက်၏။ ဘာပဲပြောပြော သားတို့ရှေ့ရေးက ရှိသေးသည်။
လင်းက အပြတ်လုပ်သွားပေမယ့် ဒီကလေးတွေနောင်ရေးကို သူ့အဘိုးအဘွားများက ဖန်တီးမည်ဖြစ်လေတော့ သူ့ယောက္ခမများကို ပြေလည်စွာ ဆက်ဆံရမည်။
ဒေါ်ခင်သက်တင်နှင့် ချိန်းထား၍ ညနေမစောင်းခင် သူ အိမ်ပြန်လာခဲ့သည်။ ၅နာရီလောက်မှာ ဒေါ်ခင်သက်တင် ရောက်လာသည်။
"မမရေ ထိုင်၊ ရှယ်လီ့မှာတော့ အရေးပေါ်ပြန်ပြီ"
ရှယ်လီက နေရာပေးရင်း ပြောလိုက်၏။
"ဘာအရေးလဲဆိုတာ မမ သိပါတယ်၊ မမကိုယ်တိုင်က အစောကြီး လာပြောဖို့ အသိနောက်ကျသွားတယ်"
ရှယ်လီက ငိုင်နေ၏။
"မမ သိပြီးသားပေါ့"
"သိတယ်၊ ဒါပေမဲ့ မနေ့ကမှ သိတယ်၊ မမရဲ့အမကြီး ဒေါ်ခင်အေးမေက မြေထဲမှာ နေတယ်လေ၊ မနေ့က ရန်ကုန်ရောက်လာတယ်၊ သူကလည်း ကောင်းကောင်းမမာဘူး။ ရောက်ရောက်ချင်း မမကို စာတစောင်ပြတယ်၊ အဲဒါက လင်းနဲ့သလ်မာ လက်ထပ်စာချုပ်၊ မသွားခင်လေးပဲ တိတ်တိတ် လက်ထပ်ထားတာ"
"ဟင်"
ရှယ်လီက အလန့်တကြား ရေရွတ်လိုက်သည်။
"သူတို့ အင်္ဂလန်သွားတဲ့နေ့မှ ထည့်လိုက်တာ၊ ငါးရက်လောက်ကြာမှ မမကြီးလက်ထဲရောက်တာ။ မမကြီးလည်း ငိုလို့ ယိုလို။ လုပ်တာကိုင်တာ ပိရိလိုက်တာ"
ရှယ်လီက မလှုပ်၊ ဘာမှလည်း မပြောချင်၊ သွားကာနီး ၂ရက် ၃ရက် အရေးတကြီးကိစ္စရှိသည်ဟု အကြောင်းပြကာ လင်းထွက်သွားသည်က ဒီကိစ္စလည်း ပါပေမည်။
"အဲဒါ မမကြီးက ရှယ်လီ့ကို သွားတောင်းပန်ပေးဖို့ ပြောတယ်။ ရှယ်လီရောက်လာတာနဲ့ အတော်ဖြစ်သွားတယ်။ မမလည်း ဘာလုပ်ရမှန်းမသိဘူး ရှယ်လီ၊ ဒီကိစ္စမှာ မမရော၊ မမကြီးရော မပါဘူးဆိုတာ ယုံပါ။ ရှယ်လီ့ကို အနူးအညွတ်တောင်းပန်ပါတယ်"
ရှယ်လီသည် သက်ပြင်းလေးချကာ ငြိမ်နေသည်။ ဘာမှဆက်မပြောချင်၊ အဘွားကြီးတွေကိုလည်း အပြစ်မတင်သာ။
ကိစ္စက သေချာသွားပြီ၊ မမမေးသလိုပဲ သူ ဘာဆက်လုပ်မလဲ။
ရှယ်လီသည် ဒေါ်ခင်သက်တင်နှင့် ခွဲခွာလာကတည်းကစ၍ လင်း အင်္ဂလန်ထွက်သွားသည်အထိ အကြောင်းစုံ ပြောပြသည်။ တူးတူးနှင့် လင်းအကြောင်းလည်းပါသည်။
"ဖြစ်ပြီးတဲ့ကိစ္စတော့ ဖြည်းဖြည်းစဉ်းစားပေါ့၊ မမ အကြံပေးချင်တာက ရှယ်လီ ထိုင် စိတ်မညစ်နေစေချင်ဘူး။ ရှယ်လီ အလုပ်လုပ်ပါ၊ အခု အစိုးရအမှုထမ်းကတော်တွေကအစ သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်နေကြတာ၊ လုပ်ပုံလုပ်နည်းကို မမ အားလုံးသင်ပေးမယ်၊ ကုလား တရုတ်နဲ့ မပတ်သက်ဘဲ ကောင်းသောကုန်သွယ်ခြင်းဖြစ်ဖို့လိုတယ်။ မြန်မာမမှာ မုဆိုးမဖြစ်ဖြစ် တခုလပ်ဖြစ်ဖြစ် အပျိုကြီးပဲဖြစ်ဖြစ် အိမ်ထောင်တခုရဲ့စီးပွားရေးကို ဦးဆောင်လာခဲ့တဲ့ အစဉ်အလာရှိတာပဲ၊ အခုလည်း အိမ်ထောင်နဲ့ပေမယ့် မမ စီးပွားရေးလုပ်ရပြီ။ မမယောက်ျား ပင်စင်ယူတော့ မမ ကုမ္ပဏီဖွင့်ပြီး မမပဲလုပ်တာပဲ၊ သူ အနားယူပြီလေ၊ မောင်တထမ်း မယ်တရွက်ပေါ့၊ ရှယ်လီကျတော့ သူ ပြန်မလာဘူးပဲ ထား၊ ကလေးတွေနောင်ရေး ရှိသေးတယ်"
ရှယ်လီသည် ဒေါ်ခင်သက်တင်ကို ကြည့်နေမိ၏။ ကျောက်တိုင်ကြီးသဖွယ် အားကိုးအားထားလောက်သော အဆွေခင်ပွန်းပါပေတည်း။ မှောင်ထဲမှာ ငုတ်တုတ်ထိုင်နေသော သူ့ကို အလင်းပေးသူဖြစ်သည်။
နာလန်ထလူမမာလို ချောင်ကျသွားသော ရှယ်လီ့မျက်နှာကို ဒေါ်ခင်သက်တင်က စူးစိုက်ကြည့်နေသည်။ ရှယ်လီ အခု ရက်သတ္တပတ်အတွင်း မည်မျှခံစားရသည်ကို ရှယ်လီရုပ်က ဖော်ပြနေသည်။
သွယ်ပြောင်းသော နှာတံဘေးမှာ မျက်ကွင်းဟောက်ပက်နှင့် မျက်လုံးနှစ်ခုက ပြူးကြောင်ကြောင် အရောင်ကင်းမဲ့နေပုံရသည်။
"ရှယ်လီ အိပ်မပျော်ဘူးလား၊ အစာလည်း ကောင်းကောင်းမစားဘူးထင်တယ်"
" စားလို့မရတာ "
"အို ရောဂါမှမဟုတ်ဘဲ၊ ရှယ်လီ ဒီလိုနေလို့ လဲသွားမှာပေါ့၊ ရှယ်လီ မိန်းမတို့ဝတ္တရားရှိသည့်အတိုင်း အိမ်မှုမီးဖိုချောင်ကိစ္စတွေနဲ့ လုံးပမ်းနေရတာ အိမ်ထောင်တသက်လုံးပဲ၊ ပြီးတော့ ကလေးမွေးရ၊ လင်ပြုစုရနဲ့ လုံးလည်လိုက်နေတာ။ တို့မှာ ဥပဒေတို့ ဇာတ်တို့ကြောင့် လင်ကို ပြုစုနေတာမဟုတ်ဘူး၊ တို့လူမျိုးအစဉ်အလာ ယဉ်ကျေးမှုအရ မယားဝတ်ငါးပါး၊ လင့်ဝတ်ငါးပါးတွေနဲ့ နေလာတာ၊ ချစ်လို့ ပြုစုတာ၊ အနောက်နိုင်ငံတွေမှာ ဒီဝတ်ငါးပါးတွေ ဘာတွေ ရှိတာမဟုတ်ဘူး။ အခု သူထွက်သွားပြီ၊ ကိုယ့်တာဝန်လည်း ကျေခဲ့ပြီ၊ ကိုယ့်ဘဝကိုယ်စဖို့ အချိန်ရောက်ပြီ။ စလည်းစရမယ်။ ဘယ်နှယ့်တော် သူတို့မယားငယ်ယူတိုင်း အရက်နာကျတိုင်း တို့မိန်းမတွေက ဘုန်းဘုန်းလဲရမယ်ဆိုရင် သေရချည်ရဲ့၊ မြန်မာအမျိုးသမီးတယောက်ရတဲ့ အခွင့်အရေးလွတ်လပ်မှုကို မီးဖိုချောင်ထဲမှာ အသုံးမချလိုက်စမ်းပါနဲ့ ရှယ်လီ။ ဘာလုပ်ရမလဲဆိုတာ စဉ်းစား၊ မမကူညီမယ်၊ တောင်ပေါ်မြို့လေးတုန်းက မမပြောခဲ့တယ်၊ ဒီလင်သား မီးဖိုချောင် စိတ်သောကတွေနဲ့ အိပ်မောကျမနေပါနဲ့လို့ ပြောခဲ့တာမှတ်မိသေးလား"
ရှယ်လီ ငိုင်၍နားထောင်ရာမှ
"ရှယ်လီ ဒီလိုလုပ်မယ်၊ မမ စာချုပ်ကို ရှယ်လီ့ပေးပါ၊ မာမီကောင်းကောင်းနေကောင်းမှ ဒီစာချုပ်ပြပြီး ရှေ့ ဘာဆက်လုပ်ရမယ်ဆိုတာ စီစဉ်မယ်လေ၊ မမပြောသလို ကုမ္ပဏီထောင်ရင်လည်း အရင်းအနှီးက သူတို့ပဲ ထုတ်ပေးရမှာ "ဟု ပြောလိုက်သည်။
ဒေါ်ခင်သက်တင်က စဉ်းစားနေသည်။
"မမ တခုသံသယဖြစ်တယ်။ ရှယ်လီ အခုန တူးတူးအကြောင်း ပြောခဲ့တဲ့အထဲမှာ လင်းနဲ့တူးတူးက တခါက ချစ်သူတွေဆိုတော့ တူးတူးယောက်ျားဦးဘဇံက လင်းလင်းနဲ့တူးတူး ဝေးအောင် စီစဉ်တာများလား"
ဒေါ်ခင်သက်တင် စဉ်းစားသလို ရှယ်လီ တခါမှမစဉ်းစားမိ။ ရှယ်လီရော တူးတူးရော လင်းကောင်းစားရေး ရှေ့ရေးအတွက် ကြိုးစားကြခြင်းဖြစ်သည်။ သလ်မာကိစ္စက ကြားဖောက်ဝင်လာခြင်းဖြစ်သည်။
"ဒါတော့မဖြစ်နိုင်ဘူးမမ"
" အေး ဒါပေမဲ့ စဉ်းတော့စဉ်းစားစရာပဲ"
ဒေါ်ခင်သက်တင်ပြန်သွားတော့ ရှယ်လီသည် တယောက်တည်း ဒေါ်ခင်သက်တင်၏တွေးခေါ်ချက်ကို အပြန်ပြန်စဉ်းစားနေမိသည်။ မဖြစ်နိုင်ဘူးဟူ၍လည်း ပြောနိုင်သည်။ သို့သော် ဖြစ်နိုင်ချေများလည်း ရှိနေသည်။
ဖြစ်နိုင်ချေရှိသည်ဟု တွေးလိုက်မိသည်နှင့်တပြိုင်နက် ရင်တွေက ခုန်လာသည်။ အာခေါင်တွေ ခြောက်သလို မောသလို ဖြစ်လာသည်။ စိတ်ကယောင်ခြောက်ခြား ဖြစ်ချင်လာသည်။ တူးတူးနှင့် ပထမဆုံး မြေထဲမှာ တွေ့ခဲ့သောညက ကောင်းကင်ကို ကြည့်ရင်း သူ့အတွေးထဲက ညနတ်သမီးလို စိန်လည်ဆွဲတွေ ဘာတွေ ဖြတ်တောက်ပစ်ပေါက်လိုက်ချင်သည်။ ဆောက်တည်ရာမရ ဖြစ်လာသည်။
ဒေါ်လီ့စကားအရ တူးတူးက သူနှင့်လင်း ကျောင်းမှာနေစဉ်က ချစ်ခဲ့ကြောင်း ဦးဘဇံကို ဖွင့်ပြောပြီးပြီဆိုတော့ ဦးဘဇံရင်ထဲမှာ ဘယ်လိုပဲပြောပြော သံသယရှိနိုင်သည်။ ပြီးတော့ လင်းကလည်း တူးတူးကို ခွဲစိတ်စဉ်က ပြုစုယုယမှုတွေ ပိုခဲ့သည်။ ဒီလိုသာ နီးနီးစပ်စပ်အနေကြာလာလျှင် လင်းနှင့်တူးတူးအခြေအနေက အန္တရာယ်ကို မရောက်လာနိုင်ဘူးလို့ မပြောနိုင်။
ဦးဘဇံက ပညာတတ်တယောက်၊ အခြေနေတခုကို သိမ်မွေ့စွာ ကိုင်တွယ်တတ်သည်။ ကိုင်တွယ်နိုင်စွမ်းရှိသည်။ အခုကိစ္စမှာရော ဦးဘဇံဆင်ထားသောအကွက်များ မဖြစ်နိုင်ဘူးလား။ ဦးဘဇံအပေါ် သံသယတွေ ဝင်လာသည်။ ဒီလိုတွေးမိလျှင် သူ့ရင်တွေ ပူလောင်လာပြန်သည်။ ဒေါ်လီအိမ်ဘက်ကူးသွားကာ တူးတူးဆီ သွားချင်သည်ပဲ ပူဆာသည်။
ဒေါ်လီက ယောက်ယက်ခတ်ဖြစ်နေသော ရှယ်လီအတွက် စိုးရိမ်လာသည်။
"လိုက်ပို့ပါ့မယ် ရှယ်လီရယ်"
သူငယ်ချင်း၏အခြေအနေကိုကြည့်ကာ ဒေါ်လီက နှစ်သိမ့်လိုက်၏။ ရှယ်လီ၏မျက်လုံးတွေက ပြူးကြောင်ကြောင်နှင့် ဇွတ်တရွတ်လုပ်ချင်နေပုံရသည်။
ဒေါ်လီသည် ရှယ်လီကိုခေါ်ကာ တူးတူးအိမ်သို့ရောက်ခဲ့ပြန်သည်။ ကြိုတင်မချိန်းထား၍ အိမ်စေမိန်းကလေးက သူတို့ဧည့်ခန်းမှာ ထိုင်နေခိုင်းပြီးမှ တူးတူး ဧည့်ခန်းထဲ ဝင်လာသည်။
"စောင့်နေရတာ ကြာပြီလား၊ တူးတူး သားတို့ကျောင်းကို အစားတွေပို့ဖို့လုပ်နေလို့ အားနာလိုက်တာ"
တူးတူးက တောင်းပန်စကားပြောကာ ရှယ်ခီတို့အနား လာထိုင်သည်။ ဒေါ်လီက ရှယ်လီကို လက်ညှိုးထိုးပြလိုက်၏။
"ရှယ်လီမှာ ကိစ္စအရေးကြီးလာပြန်လို့ မချိန်းဘဲလာရတာ၊ တူးတူး အနှောင့်အယှက်ဖြစ်သလား"
"မဖြစ်ပါဘူးကွယ်၊ ပြောနေရမယ့်လူတွေ မဟုတ်ပါဘူး"
တူးတူးက ရှယ်လီ့မျက်နှာကို လှမ်းကြည့်လိုက်၏။ ဆံပင်ကလည်း ကပိုကရို၊ ဟို ညစာစားစဉ်ကလို သူ့အလှသည် လန်းဆတ်စိုပြေခြင်းမရှိ။ နှင်းဆီလွှာနှုတ်ခမ်းများသည် သစ်ရွက်ခြောက်သဖွယ် ဖျော့တော့ရင့်ရော်နေသည်။ နားထင်နားရင်းကျကာ နာလံထလူမမာလိုဖြစ်နေသည်။ မျက်လုံးများက မျက်ရည်နှင့် စိုစွတ်နေသည်။ ဘာအကြောင်းကများ ရှယ်လီကို ဒါလောက်ပြောင်းလဲလိုက်ပါလိမ့်။
"ဘာအကြောင်းများလဲရှယ်လီ၊ တူးတူးကိုပြောပါ၊ တူးတူးမှာ ကူညီရမယ့်ဝတ္တရားရှိပါတယ်"
ရှယ်လီသည် ရုတ်တရက် စကားမပြောနိုင်၊ ဝေ့လာသော မျက်ရည်တို့ကို လက်ကိုင်ပဝါဖြင့် တို့လိုက်သည်။ သူ့ဟန်ပန်က မတည်ငြိမ်၊ စိတ်လှုပ်ရှားနေပုံရသည်။
"လင်းကိစ္စပါပဲ"
ရှယ်လီက အားတင်း၍ စကားစလိုက်သည်။ တူးတူးက ရှယ်လီ့စကားစကို ကြားရတော့ ထိတ်သွား၏။
"လင်း အင်္ဂလန်ကို ထွက်သွားတာ တယောက်တည်းမဟုတ်ဘူး တူးတူး၊ ဆရာမသလ်မာကို ခေါ်သွားတယ်၊ ပထမတော့ လေဆိပ်မှာ မြင်လိုက်ရုံပဲ၊ နောက် စုံစမ်းကြည့်မှ သူတို့မသွားခင် လက်ထပ်သွားတာ"
တူးတူးသည် ဘာမှမပြောနိုင်ပါ။ ပါးစပ်လေး အဟောင်းသားဖြစ်နေသည်။
"ဒီဆရာမက ဘယ်သူလဲ "
တူးတူးက မေးလိုက်၏။
"ရှယ်လီ မြေထဲမှာနေတုန်းက လင်း ရန်ကုန်ပြောင်းရအောင် တူးတူး လာပြောတယ်လေ၊ အဲဒီတုန်းကအကြောင်း တူးတူးကို ရှယ်လီ ဖွင့်မပြောခဲ့ဘူး။ မြေထဲမှာ အဲဒီဆရာမနဲ့ မရှင်းမရှင်းဖြစ်နေလို့ ရှယ်လီက လင်း ရန်ကုန်ပြောင်းရအောင် တူးတူးကို လာပြောတာ"
တူးတူး သတိရသွားသည်။
"တူးတူးရဲ့သူငယ်ချင်းကို ကူညီရာလည်းရောက်၊ လင်းရွှေအောင် ဆရာမနဲ့ပြဿနာလည်း ရှင်းသွားအောင် လုပ်ပေးရမှာပေါ့"
တချိန်က မြေထဲမှာ ဦးဘဇံပြောခဲ့သောစကားကို တူးတူးသတိရသည်။ ဦးဘဇံဆိုခဲ့သော ဆရာမဆိုသူမှာ သလ်မာပဲဖြစ်ရမည်။
"သေချာတယ်နော်"
"သေချာပါတယ်၊ သူတို့ ရန်ကုန်ကထွက်မှ လက်ထပ်စာချုပ်ကို သူ့အမေရှိတဲ့မြေထဲကို ပို့လိုက်တယ်၊ သူတို့ အင်္ဂလန်ရောက်မှ သူ့အမေက သိရအောင်လို့ပေါ။ အမေက ကောင်းကောင်းမမာဘူး၊ အခုမှ ရန်ကုန်လိုက်လာနိုင်တယ်။ သူတို့က တိတ်တိတ်စီစဉ်တာ၊ အခု သူ့အမေက သူ့ညီမ ဒေါ်ခင်သက်တင်ဆီရောက်လာလို့ ရှယ်လီ သေသေချာချာသိရတာ၊ ခုလည်းပဲ လင်းသွားတာ တပတ်ရှိပြီ၊ ရောက်ကြောင်း ရှယ်လီ့ဆီ စာလည်းမပေး ဖုန်းလည်း မရဘူး"
တူးတူးက သက်ပြင်းချလိုက်၏။ ရှယ်လီ့ရင်ထဲမှာ ယောက်ယက်ခတ်နေပုံကို သူ စာနာမိပါသည်။
"ရှယ်လီက ဘယ်လိုလုပ်ချင်လို့လဲ"
"ဆရာမကို ပြန်ခေါ်လို့ မရဘူးလား"
"ဘယ်လို ...ဘယ် လို ရှယ်လီ"
တူးတူးက အံ့ဩစွာမေးလိုက်၏။
" လင်းကို ပြန်ခေါ်ရင် လင်း စာသင်ပျက်မယ်၊ ဆရာမကို ပြန်ခေါ်လို့ရရင် ပြန်ခေါ်ချင်တယ်"
ဒေါ်လီရော တူးတူးရော အံ့အားသင့်သွား၏။ ရှယ်လီလို ပညာတတ်တယောက်အနေနှင့် ဒီလိုအကြံဥာဏ်မျိုး ထွက်မလာသင့်။
သလ်မာတယောက်တည်း သူနာပြုသင်တန်း ပညာသင်သွားသည်ဖြစ်စေ၊ လင်းနှင့် လက်ထပ်သွားသည်ဖြစ်စေ၊ ပြန်လည်ခေါ်ယူဖို့ဆိုသည်က မဖြစ်နိုင်။
အကယ်၍ အစိုးရအကူအညီယူထားလျှင်တောင်မှ ချမှတ်ထားသောစည်းကမ်းကို ဖောက်ဖျက်လျှင် ထောက်ပံ့ကြေးနှင့် အကူအညီ ရပ်ဆိုင်းရုံပဲရှိသည်။ အစိုးရက ပြန်ခေါ်လည်း သူတို့က မလာချင်လျှင် နိုင်ငံကူးလက်မှတ်သက်တမ်းမကုန်မချင်း ဆက်၍ အလုပ်လုပ်နေနိုင်သည်။
သံရုံးဝန်ထမ်းတွေသာ ပြန်ခေါ်ပိုင်ခွင့်ရှိသည်။ ရှယ်လီ ဒါလောက်တော့ နားလည်ဖို့ကောင်းသည်။
သို့သော် ယခုအခြေအနေအရ လင်းနှင့်ပတ်သက်လာလျှင် သူ့အတွေးအခေါ်တွေက အကြောင်းပြခိုင်လုံမှုမရှိတော့ပေ။
တူးတူးက ရှယ်လီ့မျက်နှာကို စိုက်ကြည့်နေသည်။
ရှယ်လီ့ခံစားမှုက တင်းမာလာပုံရသည်။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း ရှယ်လီသည် ဒေါ်ခင်သက်တင်ပြောသွားသောစကားများကို သတိရလာသည်။
ဦးဘဇံ အကွက်ဆင်ထားခြင်း ဖြစ်နိုင်သည်။ ချက်ချင်းပင် မျက်လုံးက မျက်ရည်စိုစွတ်ရီဝေနေခြင်း ပျောက်သွားကာ ဒေါသနှင့် ဝင်းဝင်းတောက်လာပုံရသည်။
"ရှယ်လီ တမျိုးလည်း တွေးမိတယ်"
အသံက မာလာသည်။ ဒေါ်လီပင် သူ့အသံကို အံ့ဩသွားသည်။
"ဦးဘဇံဟာ တူးတူးနဲ့ လင်းအကြောင်းလည်း သိတယ်၊ လင်းနဲ့သလ်မာအကြောင်းလဲ သိတယ်ဆိုတော့ လင်းနဲ့တူးတူး ပြန်မဆုံဘဲ လင်းတယောက် အဝေးမှာ အမြဲနေအောင် သလ်မာကိုပါ စီစဉ်ပြီး ထည့်လိုက်တာလား"
"ဘာ"
တူးတူးက အလန့်တကြားအော်ရင်း ဘာစကားမှမဆက်ခင် ဒေါ်လီက အော်လိုက်သည်။
"ရှယ်လီ မင်း ဘာစကားတွေပြောနေတာလဲ၊ မင်း ရူးနေပြီလား၊ တူးတူးကို ဒီလိုမပြောသင့်ဘူးလေ၊ မင်း အထင်မှားနေပြီ"
ဒေါ်လီက သူ့ပခုံးကို တင်းကျပ်စွာ ကိုင်၍ ဆွဲလှုပ်သည်။ ဒီတော့မှ ရှယ်လီ ရှိုက်ကြီးတငင်ငိုပါတော့သည်။
တူးတူးရင်ထဲမှာတော့ ဒေါသထွက်လာသည်။ တူးတူးမျက်လုံးအရောင်ကို ဒေါ်လီ ရိပ်မိသည်။
"တူးတူးရယ် သည်းခံပါ၊ သူ သိပ်ခံစားနေရလို့ သူ့စိတ်တွေ ချောက်ချားနေတာ"
ဒေါ်လီက တူးတူးကို တောင်းပန်လိုက်၏။
တူးတူးသည် ဒေါ်လီ့စကားကြောင့် ပေါက်ကွဲလုဆဲဆဲ သူ့စိတ်ကို ထိန်းချုပ်လိုက်၏။ နေရာမှ ထသွားကာ အခန်းပြင်ထွက်သွား၏။
"ရှယ်လီ မင်း မပြောသင့်တာတွေ ပြောနေပြီ၊ ကယောင်ချောက်ချားဖြစ်လွန်းတယ်၊ စိတ်ကို ထိန်းပါ"
ဒေါ်လီက ရှယ်လီကို ခပ်မာမာလေးပြောလိုက်၏။
တူးတူးသည် လိမ္မော်ရည်အေးအေးသုံးခွက်ကို ယူလာသော မိန်းကလေးနှင့်အတူ ဝင်ရောက်လာကာ ဖန်ခွက်များကို စားပွဲပေါ်ချ၍ သူ့နေရာ ပြန်ထိုင်လိုက်သညိ။
ခုလို လှုပ်ရှားလိုက်တော့မှ သူ့စိတ် နည်းနည်းထိန်း၍ရသည်။
"ရှယ်လီ လိမ္မော်ရည်အေးအေးသောက်လိုက်၊ ရင်ထဲ အေးသွားမှ တူးတူးတို့ စကားအေးအေးဆေးဆေး ပြောကြရအောင်"
တူးတူးက လှမ်းပေး၏။ တူးတူးလက်မှ ဖျော်ရည်ခွက်ကို ဒေါ်လီက လှမ်းယူကာ ရှယ်လီကို တိုက်၏။
တူးတူးပြောတာမှန်သည်။ ရှယ်လီသည် ဖျော်ရည်အေးကို သောက်လိုက်မှ ရင်ထဲမှ လှုပ်ရှားမှု နည်းနည်းငြိမ်ကျသွား၏။
"တူးတူးပြောတာကို ရှယ်လီ သေသေချာချာနားထောင်ပါ။ ရှယ်လီလည်း ပညာတတ်မိန်းမတယောက်ပါ၊ နောက်ကြောင်းကို ပြန်မနူးချင်ပေမယ့် အရည်လည်အောင် တူးတူး ပြန်ပြောရတာပါ။ တူးတူးနှလုံးသားမှာ လင်းကို ချစ်တဲ့အချစ်ဟာ အမြစ်တွယ်နေတာပါ။ ရှယ်လီက ဒီအချစ်ကို အမြစ်က ဆွဲနုတ်သွားတယ်။ ပန်းတပင်ကို မြေကြီးကနေဆွဲနုတ်တော့ အမြစ်ပါ ကျွတ်ထွက်သွားရင် ဒီမြေကြီး အစိတ်စိတ် ကြေမွကျန်ရစ်တာကို ရှယ်လီမြင်ဖူးမှာပေါ့၊ တူးတူးနှလုံးသားမှာလည်း ဒီလိုပဲ။ မြေကြီးက အသိဓာတ်မရှိဘူး။ နှလုံးသားက ခံစားရတယ်။ နှလုံးသားကို တူးဆွခံရရုံမက နှလုံးသားမှာ အမြစ်တွယ်နေတဲ့အပင်ကို နုတ်ယူခံရတဲ့တူးတူးဝေဒနာကို ရှယ်လီခံစားကြည့်စမ်းပါ။ ဒါပေမဲ့ ကြာတော့ ဒဏ်ရာပျောက်ပေမယ့် အမာရွတ်က ခုထိ ရှိဆဲ၊ ဒီတော့ ရှယ်လီမေးမယ်။ လင်းကို ချစ်သေးလားဆိုရင် ချစ်နေသေးတယ်လို့ တူးတူး ဝန်ခံမယ်။ သိုသော် ယူမလားမေးရင် တူးတူး မယူနိုင်တော့ဘူး"
တူးတူးစကား ခေတ္တရပ်သွားတော့ ရှယ်လီက အံ့ဩသွားသည်။ စကားလုံးကိုလည်း အံ့ဩသွားသည်။ သူ ထင်ထားသလိုမဟုတ်။
"တူးတူးနဲ့တွေ့စက အမူအကျင့်မျိုး လုံးဝမရှိတော့တဲ့လင်းကို တူးတူး လက်မထပ်နိုင်တာအမှန်ပဲ၊ မြေထဲကနေ ရှယ်လီ မကွေးလာပြီး လင်း ရန်ကုန်ပြောင်းဖို့ ရှယ်လီလာပြောတုန်းက တူးတူးဖွင့်ပြောမယ်၊ လူကြီးမယားမို့လို ဣနြေ္ဒရရလက်ခံပေမယ့် ရှယ်လီကို တူးတူး မတွေ့ချင်ဘူး။ မြေထဲလက်ဖက်ရည်ပွဲမှာ လင်းတို့ကို တွေ့ခဲ့ပြီးတဲ့ညမှာလည်း တူးတူး အိပ်မပျော်အောင် ခံစားရတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ခွင့်မလွှတ်နိုင်တဲ့စိတ်ရိုင်းကို ပြောင်းလဲအောင်လုပ်နိုင်တာက ကိုယ့်ယောက်ျား ဦးဘဇံ"
တူးတူးသည် ဖျော်ရည်တကျိုက်သောက်ပြီးမှ အေးအေးဆေးဆေး ဆက်ပြောသည်။
"ရှယ်လီတို့ကို ရန်ကုန်ပြောင်းပေးဖို့အကြောင်း ကိုကို့ကို တူးတူးမပြောခင် တူးတူး ငါးခြောက်နဲ့လက်ဖက်ရည်ကြမ်း ကိုကို့ကိုတိုက်ရင်း တွေးမိတယ်၊ ကိုကိုရဲ့ အေးမြတဲ့အရှိန်အဝါ အစွမ်းထက်တဲ့အာဏာ ကြည်ညိုစရာကောင်းတဲ့သမာဓိကို ခိုလှုံရတဲ့ငါ၊ ဒီအာဏာ အရှိန်အဝါကို တဝက်ပိုင်ဆိုင်တဲ့ငါဟာ ဘယ်လိုအသုံးချမလဲဆိုတာ တူးတူးပြန်တွေးတယ်။ ခွင့်လွှတ်ခြင်း၊ ကူညီမစခြင်း၊ တရားမျှတခြင်းအပေါ်မှာ အသုံးချမှ ငါမှန်ကန်မယ်ဆိုတာကို တွေးမိလိုက်လို့ တူးတူး ရှယ်လီ့အပေါ် စိတ်ပြောင်းပြီး ကူညီလိုက်တာ ရှယ်လီ "
ရှယ်လီသည် မျက်လွှာချ၍ ငြိမ်သက်စွာ နားထောင်နေသည်။
"ကိုကို့အပေါ်မှာလည်း အထင်မလွှဲပါနဲ့။ လင်း ရန်ကုန်မှာ နေနေ၊ အင်္ဂလန်ကပဲပြန်လာလာ ကိုကိုက သဘောထားကြီးစွာနဲ့ လင်းနဲ့တူးတူးကို လက်ထပ်ပေးစားလဲ တူးတူးမယူဘူး။ ဦးဘဇံရဲ့ တရားမျှတတဲ့အာဏာ အေးချမ်းတဲ့အရှိန်အဝါနဲ့ သမာဓိကိုပဲ တူးတူးခိုလှုံမယ်၊ လင်းဟာ တူးတူးအတွက် ချစ်ဖို့ကောင်းတဲ့ချစ်သူတယောက်ဟုတ်ခဲ့ပေမယ့် လင်သားအဖြစ် လက်ထပ်ဖို့ကောင်းတဲ့လူတယောက်မဟုတ်ပါဘူး။ နောက်ဆုံး တူးတူးပြောချင်တာက လင်းပြန်လာဖို့ တူးတူး ဘာအကူအညီမှ မပေးပါရစေနဲ့"
"တူးတူးစကားက ပြတ်သားသည်။ ရှယ်လီကတော့ ငိုနေမြဲ။ ဒေါ်လီကသာ မျက်နှာပူလာသည်။
"တူးတူးရယ် ဘာပဲဖြစ်ဖြစ် လင်းကလည်း အကွက်ဆင်တာတွေ များလွန်းတော့ ရှယ်လီ စိတ်ကယောင်ချောက်ချားဖြစ်ပြီး ပြောမိတာတွေ ခွင့်လွှတ်ပါ။ ဒေါ်လီတောင်းပန်ပါတယ်"
သူက ကြားမှ ဖျန်ဖြေလိုက်၏။
" အမှန်တော့ ရှယ်လီလည်း မနာနဲ့။ တူးတူးလည်း မနာနဲ့။ လင်းရွှေအောင်ဆိုတဲ့လူတယောက်က မိန်းမနှစ်ယောက်ရဲ့အချစ်ကို လှလှပပကစားပြီး အမြတ်ထုတ်သွားတာပဲ။ ဟုတ်တယ်မို့လား"
ရှယ်လီက ခေါင်းမော့လာ၏။ တူးတူးက မတုန်လှုပ်။ ဒေါ်လီက ဆက်ပြော၏။
"တို့မိန်းမတွေက အချစ်နဲ့တွေ့လာရင် မိုက်မဲတယ်။ မဆင်မခြင်လုပ်တတ်တယ်။ ကိုယ့်အရေးထက် ချစ်သူအရေးကို ဦးစားပေးတယ်၊ ယောက်ျားတွေက အချစ်နဲ့တွေ့ရင် တည်တည်ငြိမ်ငြိမ်နဲ့ လိမ္မာပါးနပ်စွာ သူတို့ကိုယ်ကျိုးအတွက် ကစားသွားတတ်တယ်။ မင်းတို့နှစ်ယောက် လင်း ကစားသွားတာကို ခံရတာပဲ"
"ဒေါ်လီ မင်းပြောတာတွေ လင်းအတွက်မှန်ပေမယ့် တူးတူးရဲ့ဦးဘဇံအတွက် မမှန်ဘူး။ ဒေါ်လီပြောတဲ့ယောက်ျားတွေထဲမှာ ဦးဘဇံမပါဘူး။ ရှယ်လီ့အတွက်လည်း တူးတူး နောက်ဆုံးပြောချင်တယ်။ လင်းအကြောင်းကိုတော့ ဒီနေ့ကစပြီး မပြောပါနဲ့တော့၊ လင်းဟာ တူးတူးအသက်သခင်မို့ တူးတူးတို့ ကျေးဇူးဆပ်ခဲ့ပြီ၊ သူ့အတွက် ခင်းပေးတဲ့လမ်းမှာ သူဆက်လျှောက်တာနဲ့ပတ်သက်လို့တော့ တူးတူးတို့ စွက်ဖက်ခွင့်မရှိပါဘူး။ ရှယ်လီ့အဖို့ လင်းလုပ်သမျှ မသိချင်ယောင်ဆောင်နေပါ။ လင်းရဲ့အိပ်ခန်းမှာ နေပိုင်ခွင့်က ရှိသေးတယ်။ ပညာတော်သင်နှစ်စေ့တော့ အစိုးရနဲ့လင်း စကားပြောကြမှာပေါ့"
တူးတူးသတိပေးတာ လမ်းကျသည်။ ဒေါ်လီမှာ တူးတူးစေတနာကို ကျေးဇူးတင်သလောက် ရှယ်လီ့အတွက် သူ စိတ်ညစ်သည်။ မျက်နှာပူသည်။ တူးတူးမျက်နှာမှာ ဒေါသအရိပ်အယောင် ပြေစပြုလာ၍ တော်ပါသေးသည်။ ဒေါ်လီက ပြန်ချင်လာသည်။
"ဟုတ်တယ်၊ တူးတူးပြောတာမှန်တယ် ရှယ်လီ၊ ဒီအကြောင်းကို ရှယ်လီ့အနေနဲ့ လူကြီးတွေကို အသိမပေးနဲ့။ မင်းယောက္ခမတွေကိုလည်း အသိမပေးနဲ့၊ ပညာတော်သင် နှစ်စေ့တဲ့အခါ အစိုးရနဲ့လင်းနဲ့ စကားပြောကြလိမ့်မယ်၊ သူ ဒီကိုပြန်လာလည်း ဣနြေ္ဒမပျက် မသိချင်ယောင်ဆောင်ပြီး ပေါင်း၊ ကိုယ်ဟာ မယားကြီးပဲ။ မပြန်လာဘူးဆိုလည်း တမျိုးပေါ့။ အခုအချိန်မှာ ဆေးရုံအိမ်မှာပဲ နေရမှာ၊ နေပိုင်ခွင့်လည်း ရှိတယ်။ လင်းရဲ့အဖေအမေတွေ သူတို့အလိုအလျောက်သိလာရင်လည်း မင်းက ဒီတော့မှ ဖွင့်ပြောပေါ့၊ သူတို့အကြံဥာဏ်ကို ယူ"
ဒေါ်လီရော တူးတူးရော ငိုင်၍တွေနေသောရှယ်လီကို စူးစိုက်ကြည့်နေကြသည်။
တခါက တက္ကသိုလ်သောင်ယံမှာ ရွှေသရဖူဆောင်းကာ ကျော့ကျော့မော့မော့နှင့် တင့်တယ်ခဲ့သော ဟင်္သာငှက်မယ်၊ သူ့အလှကို တခြားငှက်တွေ ငေး၍ကြည့်ခဲ့ရသည်။ လင်းနှင့်အတူ သောင်ယံထက်မှာ မောင်နှံဝဲပျံခဲ့စဉ်က ကြည်လင်တောက်ပခဲ့သော မျက်လုံးများက မှေးမှိန်၍ ကော့ပျံသွက်လက်သောတောင်ပံများ ညောင်းကာ သောင်စပ်မှာ နွမ်းလျခွေလဲနေပြီ။
ရုတ်တရက်တော့ တူးတူးအပေါ် ရှယ်လီ သဘောပေါက်နားလည်လိမ့်မည် မဟုတ်သေး။
ဒေါ်လီသည် ထိုင်ရာမှ ထလိုက်၏။ တူးတူးကို လှမ်းကြည့်ရင်း "တူးတူး ဒေါ်လီတို့ပြန်မယ်နော်၊ ကဲ ...ရှယ်လီ ပြန်ကြစို့"ဟု ပြောကာ ရှယ်လီ့လက်ကို တွဲထူလိုက်သည်။
ရှယ်လီက ဖြည်းညင်းစွာ ထလိုက်သည်။ တူးတူးအနီး ကပ်သွားကာ တူးတူးလက်ကို ယူ၍ သူ့ပါးမှာ ဖြည်းညှင်းစွာ ကပ်ထားသည်။ ရှယ်လီ၏ပါးပေါ်မှ စိမ့်၍စီးလာသော မျက်ရည်များသည် တူးတူးလက်ကို စိုစွတ်လာသည်။ ရှယ်လီ့နှလုံးသားမှခံစားချက်ကို လက်များမှတဆင့် တူးတူး သဘောပေါက်နားလည်ပါသည်။
စကားတလုံးမှမဆိုဘဲ မျက်လုံးများဖြင့် ရှယ်လီက တောင်းပန်နေသည်။ စိုသောလက် မခြောက်စေရဆိုသလို သူနှင့်တူးတူဆက်ဆံရေး ခန်းခြောက်ပြတ်တောက်စေသော သူ့စကားလုံးများအတွက် နှလုံးသားမှ ကျဆင်းလာသော မျက်ရည်များဖြင့် သူတောင်းပန်ရင်း ဒေါ်လီနှင့်အတူ ဧည့်ခန်းအပြင်ထွက်လာသည်။
တူးတူးသည် ဆိုဖာနားမှာ ရပ်နေမိသည်။ ဧည့်ခန်းဝအထိ လိုက်ပို့ရမည့်ဝတ္တရားကို သူသိပေမယ့် လိုက်ပို့ချင်သောဆန္ဒ သူ့မှာမရှိ။ ဒီတခါ သူ့စိတ်ကို သူ ဆုံးမ၍မရ။
သူ၏နှလုံးသားရေစင်ဦးကို မွှေနှောက်ခဲ့သော မိန်းမတယောက်။ ငယ်စိတ်နှင့်ဆိုလျှင် သူ ခွင့်လွှတ်နိုင်စရာမရှိ။
သို့သော် တခါက ဒီစိတ်ရိုင်းကို သူ ထိန်းချုပ် နိုင်နင်းခဲ့သည်။ အခါအားလျော်စွာရရှိခဲ့သော လင်သား၏အာဏာလုပ်ပိုင်ခွင့်ကို ရှယ်လီ့အတွက် အသုံးချကူညီခဲ့သည်။
ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းစိတ်များက လုပ်ပိုင်ခွင့်ကို ထိန်းချုပ်နိုင်ခဲ့တုန်းက အေးမြငြိမ်းချမ်းစွာ ရှယ်လီ့ပြဿနာကို ဖြေရှင်းကူညီနိုင်ခဲ့သည်။
ရှယ်လီ့စကားကြောင့် သူ၏အနည်ကျနေသောစိတ်ကို ပြန်၍ နောက်ကျိလာပြန်သည်။ ရှယ်လီ့အပေါ် နာကျည်းစိတ်တွေ ပြန်ပေါ်လာပြန်သည်။
သို့သော် သူက ချစ်ဦးသူကိုလက်လွှတ်ရပေမယ့် တရားမျှတသောနေရာမှာ ခိုင်မြဲစွာ ရပ်တည်နေနိုင်သူ။ သူ့အချစ်ကို လုယူပြီး ရပ်တည်ရာမရဖြစ်နေသူက ရှယ်လီ။
အထက်စီးနေရာရနေတိုင်း အကြင်နာမဲ့စွာ ရှယ်လီကိုထိုးနှက်ဖို့တော့ သူ စိတ်မရှိပါ။ ဒါပေမဲ့ တံခါးဝအထိလိုက်ပို့ဖို့ သူ့စိတ်က မလိုက်လျောနိုင်။
သူသည် ဆိုဖာမှာ ပြန်ထိုင်လိုက်၏။ ရှယ်လီ၏မျက်ရည်များဖြင့် စိုစွတ်ခဲ့သောလက်ကို သူ ပြန်ကြည့်နေသည်။ မျက်ရည်များမှာ လက်မှာမရှိ။ ခန်းခြောက်သွားပြီ။ ဤလက်ဖြင့် ရှယ်လီ့ပါးကို ထိတွေ့ခဲ့၏။ ဤလက်သည် ရှယ်လီ၏ပူပန်သောမျက်ရည်ကို သုတ်ရမည်။ သူ့လက်များသည် မျက်ရည်ကိုသုတ်ရင်း ပါးပြင်မှတဆင့် ရှယ်လီ၏နှလုံးသားတိုင် အေးမြမှုကိုပေးစွမ်းနိုင်အောင် သူ့စိတ်ကို ထိန်းချုပ်ရဦးမည်။
ခံခက်နာကျည်းသောစိတ်ကို မထိန်းချုပ်နိုင်ဘဲ သူ ပြတ်ပြတ်သားသားပြောခဲ့စဉ်က သူ့မျက်နှာကို ငေးကြောင်ကြောင်ကြည့်နေသော ရှယ်လီ့ပုံပန်းကို သူ ပြန်သတိရလာသည်။
လှပသော မိန်းကလေးတယောက် ငိုကြွေးနေသည်။ ယုယကြင်နာသော နှစ်သိမ့်စကားကို သူ မဆိုမိ။ သူ့ခံစားချက်ကို ရှေ့တန်းတင်ကာ သူ ရန်တွေ့စကားဆိုခဲ့မိသည်။
ဒေါ်လီပြောသလိုပါပဲ၊၊ လင်း၏စွန့်ပစ်လျစ်လျူရှုထားသော နယ်ပယ်မှာ သူနှင့်ရှယ်လီသည် အပယ်ခံဘဝတူမိန်းမသားချင်းဖြစ်သည်ကို သူ မေ့လျော့သွားသည်။
ချစ်သူကိုဆုံးရှုံးရခြင်း နာကျည်းမှုနှင့် သူ ဘဝတူခြင်းအပေါ် ရက်စက်စကား ဆိုခဲ့မိလေသလား။
လင်းသာ သူနှင့်လက်ထပ်ပြီး ခုလိုခြေလှမ်းနှင့် နည်းမျိုးစုံ ပွေနေလျှင် သူ ဘယ်လိုခံစားရမလဲ။ သူ ရှယ်လီနေရာမှာ နေကြည့်သည်။
ရှယ်လီ၏မျက်ရည်စိုစိုနှင့် ပါးပြင်သည် ဝင်းပလာသလို ထင်လာသည်။ ဤမျက်နှာတွင် တန်ဖိုးရှိသောရတနာကို သူ တွေ့ရှိလိုက်သည်။
ယောက်ျားတွေသည် သားအဖြစ်နှင့်လည်း ဆိုးကြတေကြ။ အရက်သောက် ဖဲရိုက်။ ဆိုးသောသားကို မိခင်က အချစ်ပိုခဲ့သည်။ သားဆိုးအမေ တတေတေဆိုသော စကားပင်ရှိခဲ့သည်။ မပစ်ပယ်နိုင်ခဲ့ကြပါ။
ယောက်ျားတွေ လင်သားအဖြစ် ဆိုးတေလာတော့လည်း မိန်းမက သည်းခံပေါင်းသင်းခွင့်လွှတ်နိုင်ကြခြင်းမှာ သားအပေါ်ထားခဲ့သော မိခင်မေတ္တာမျိုး လင်အပေါ် ထားနိုင်၍ဖြစ်သည်။
ရှယ်လီသည် တကယ်တော့ မိခင်စိတ်ရှိခဲ့သူ၊ လင်းအပေါ် လင်သားတယောက်လို ရာဂနှင့်ယှဉ်သောစိတ်နှင့်သာ ချစ်သည်ဆိုလျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကို ခွင့်လွှတ်နိုင်မည်မဟုတ်။ ကရုဏာနှင့်ယှဉ်သော မေတ္တာစိတ်ကြောင့် ရှယ်လီ လင်းအပေါ် သည်းခံခွင့်လွှတ်ခဲ့သည်။
လင်ကောင်းစားရေးအတွက် တခါက ရည်းစားလုဘက်ဖြစ်ခဲ့သော သူ့အပေါ် မျက်နှာအောက်ချ ဒူးထောက်ဝင်ရောက်လာခဲ့သည်မှာ သာမာန်မိန်းမတယောက် မလုပ်နိုင်သောအလုပ်တခု။ လင်အပေါ်ထားရှိသော ကရုဏာစိတ်၏အတိုင်းအတာကို ရှယ်လီ၏အပြုအမူက ဖော်ပြနေပြီဖြစ်သည်။
မိခင်စိတ်ဟူသော မေတ္တာရတနာက ရှယ်လီ့နှလုံးသားမှာ ရွှန်းပဝင်းလက်နေလေတော့သည်။ ရှယ်လီ့မျက်နှာမှာလည်း ရောင်ပြန်ဟပ်နေသည်ကို သူ ခုမှ သတိပြုမိသည်။
"တူးတူးကို ခွင့်လွှတ်ပါ ရှယ်လီ"
သူ့ရင်ထဲမှ တီးတိုးရေရွတ်ကာ တောင်းပန်စကား ဆိုမိသည်။ လင်းကို မမေ့နိုင်သည်ကတော့ အမှန်။ ကံ့ကော်ပန်းရနံ့များ သင်းပျံ့လာသော နွေဦး။ ရွှေရည်ရော်ရွက်တို့ ကြွေလွင့်ကြပြီ။ မြဝတ်လွှာကို ခြုံထားသော ရွက်သစ်နုတို့ နိုးထလာသောရာသီ။
လေရူးက သစ်လွင်သောနွေဦးကို ကြိုဆိုရင်း မြူးပျံလှုပ်ရှားနေသော်လည်း ဥဩငှက်၏ သာယာချိုမြသော တေးသံသည် နွေလေရိုင်းကို ထိန်းထိန်းသိမ်းသိမ်းနှင့် အေးမြညံ့သက်စေသည်။
ထိုနွေဦးကို ရောက်ရင်တော့
"ပတ္တမြားရောင်ဝါ ကံ့ကော်ဖူးတွေနဲ့ ဆုထူးပန်ရွယ်ကာ..."ဆိုသော သီချင်းလေးလိုပင် မြသပိတ်တောင်ပေါ်မှာ လင်းနှင့်အတူ ဆုထူးပန်ခဲ့သည်ကို အစဉ်သတိရသည်။
ကံ့ကော်ရနံ့ သင်ပျံ့တိုင်း တူးတူးရင်ထဲမှာ လှုပ်ရှားမှုက တိုးတိတ်စွာ ပေါ်လာမြဲ။ လင်းကို မမေ့သေးကြောင်း တီးတိုးစွာ ပြောလာပေမယ့် ပစ္စုပ္ပန် လင်းလိုလူအပေါ်မှာတော့ သူသည် ရှယ်လီလို သဘောမထားနိုင်ပါ။
ရှယ်လီတော်ပါသည်။ သူ့ထက် မိခင်စိတ်ရှိသည်။ လူကောင်းအပေါ် သည်းခံနိုင်သည်ထက် လူဆိုးကို ခွင့်လွှတ်နိုင်ဖို့က လွယ်သည့်အလုပ်မဟုတ်။ ရင့်ကျက်သောစိတ်ရှိဖို့ လိုသည်။
သူသည် စကားတခုကို သတိရ၏။
'ဘုရားသခင်သည် နေရာတိုင်းမှာ မရှိနိုင်သောကြောင့် မိခင်များကို ဖန်ဆင်းထားသည်' တဲ့။ မိခင်စိတ်ရှိသော ရှယ်လီ၊ သူ့ထက်တော်ပါသည်။
ဒီမိန်းမနဲ့ တက္ကသိုလ်မှာ ခွဲခွာလာရပြီးကတည်းက ကိစ္စပြတ်ပြီထင်သည်။ ပြန်လည်၍တွေ့ဆုံကြရန် ဖန်တီးမှုတွေ ကြုံရသည်။
ပြန်လည်တွေ့တိုင်း သူ့ရင်မှာ နာကျည်းခံခက်မှုကြောင့် အာဃာတက ပြန်လည်နိုးကြွလာရပြန်သည်။ ခွင့်လွှတ်စိတ်နှင့် အာဃာတကို ချိုးနှိမ်ရတိုင်း ရင်ထဲမှာ ပဋိပက္ခဖြစ်နေသော စိတ်နှစ်ခု၏တိုက်ခိုက်မှုကြောင့် သူ ပြင်းပြသောဝေဒနာကို ခံစားရသည်။
ရှယ်လီနှင့် နောက်တဖန် မတွေ့ပါရစေနှင့်တော့။
ဆက်ရန်
----------------------------
0 Comments