မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၉)
၁၃။
ရှယ်လီသည် အိမ်မှာ တယောက်တည်း ထိုင်မနေချင်။ ကလေးများလည်း သူတို့ဘိုးဘွားအိမ်မှ ပြန်မလာကြသေး။
အိမ်ထဲမှာ နေရသည်မှာ ခြောက်ကပ်သည်ထက် ချောက်ချားနေသလို ခံစားရသည်။
တဖက်ခန်းက ဒေါ်လီကိုလည်း သူ သွား၍မတွေ့ချင်။ တူးတူးအိမ်ကို ဒေါ်လီနှင့်နှစ်ယောက် သွားခဲ့သောအဖြစ်က သူ့ကို သရဲခြောက်သလို ဒေါ်လီ့အပေါ်ကိုလည်း ဒုက္ခပေးသလို သူ ဖြစ်နေသည်။ ဟုတ်သည်။ ဒေါ်လီ့ကို သူ ဒုက္ခပေးပေါင်း များခဲ့ပြီ။ သူ့ခမျာ ကလေးတို့အမေ အိမ်ထောင်ရှင်မဖြစ်၍ သူ့အလုပ်နှင့်သူ ရှုပ်နေပေမယ့် ရှယ်လီက အရေးအကြောင်းရှိတိုင်း ခေါ်လိုက်လျှင် အချိန်မရွေး တကောက်ကောက်နှင့် နောက်က ပါတတ်သည်။ တူးတူးကို သူ ပိုးစိုးပက်စက်ပြောမိသည့်အတွက် ဒေါ်လီ့ခမျာ ကြားက တောင်းပန်ရသေးသည်။
ခုတလော သူ ဒေါ်လီ့ကို မျက်နှာမပြချင်သေး။ အိမ်ထဲမှာလည်း မနေချင်။
နေ့လည်ဘက် ဒေါ်ခင်သက်တင်ဆိုင် ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ရှေ့ ဘာတွေလုပ်သင့်သည်ကို ဒေါ်ခင်သက်တင်သည် တိုင်ပင်ဆွေးနွေးဖို့ အကောင်းဆုံးမိတ်ဆွေဖြစ်သည်။
အလုပ်လုပ်နေရသည်ကမှ စိတ်သက်သာဦးမည်။
သို့သော် ဒေါ်ခင်သက်တင်ဆိုင်ရောက်တော့ သူ ချက်ချင်း ဒေါ်ခင်သက်တင်ကို မတွေ့ရသေးပါ။ ရုံးခန်းလေးထဲမှာ ဒေါ်ခင်သက်တင် ဧည့်သည်တယောက်နှင့် စကားပြောနေ၍ဖြစ်သည်။
သူသည် အထည်များထားရာ မှန်ဗီရိုတခုနောက်နားမှာ ထိုင်၍ စောင့်နေသည်။
အရောင်းမိန်းကလေးများ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှား၍ ဖော်ဖော်ရွေရွေ ဝယ်သူကို ဆက်ဆံနေကြပုံ၊ အထည်များကို ကိုက်ထိုးခေါက်၍ အိတ်ထဲထည့်ကာ ယဉ်ကျေးနိမ့်ကျသောအမူအရာနှင့် ဝယ်သူလက်ကို ပေးနေပုံတွေကို သူ စိတ်ဝင်စားစွာ ကြည့်နေမိသည်။
မကြာခင် အမျိုးသမီးတယောက်နှင့် ဒေါ်ခင်သက်တင် ထွက်လာ၍ ဆိုင်ဝအထိ အမျိုးသမီးကို လိုက်ပို့သည်။ အမျိုးသမီးသည် ဒေါ်ခင်သက်တင်နှင့် အရွယ်မတိမ်းမယိမ်း။ အသားဖြူဖြူ ပုပြတ်ပြတ် မျက်နှာကတော့ ကြည်ကြည်လင်လင်မရှိပေမယ့် ချောမောလှပသော မိန်းမတယောက်ဖြစ်သည်။
သူ့အမူအရာက လန်းလန်းဆန်းဆန်းမရှိ။ ဝတ်စားထားသည်ကလည်း ခပ်နွမ်နွမ်းအဝတ်များဖြစ်၍ ကတော်တယောက် သို့မဟုတ် အထက်တန်းလွှာထဲက မဟုတ်ဟုတော့ သူ ထင်သည်။
ဒေါ်ခင်သက်တင်က ဆိုင်ထဲဝင်လာတော့မှ သူ့ကို မြင်သည်။
"ရှယ်လီ လာ၊ ဘယ်က လှည့်လာလဲ၊ လာ လာ"
ပြောပြောဆိုဆို ရှယ်လီ့ကို ခေါ်ကာ ရုံးခန်းလေးထဲသို့ ခေါ်ဝင်သွားသည်။
"ရောက်နေတာ ကြာပြီလား"
ရှယ်လီ့ကို စားပွဲရှေ့ကုလားထိုင်မှာ နေရာပေးကာ သူက စားပွဲနောက် ဆုံလည်ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။
"ကဲ ဆိုစမ်းပါဦး"
"အထူးအကြောင်းမရှိပါဘူး မမရယ်၊ မမ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အပြင်မှာ ရှယ်လီထိုင်ရင်း အရောင်းမိန်းကလေးတွေကို ကြည့်နေတာ"
"မမလည်း အားနာလိုက်တာ ရှယ်လီ၊ ကြာသွားတယ်။ ဒီလိုလေ၊ သူက မမတို့နဲ့ ညီအမဝမ်းကွဲ မေသဇင်တဲ့၊ အောင်လံကအမျိုး၊ သူ့မှာ အခုလို နိမ့်ကျနေတဲ့အခါ ကိုယ်က ဖော်ဖော်ရွေရွေဆက်ဆံရတယ်။ ကိုယ့်မှာက အရောင်းအဝယ် အခြေကျနေတယ်မို့လား၊ မမကို မာနကြီးတယ် ထင်မှာစိုးလို့၊ သူ့ဘဝက အကျနာခံထားရတယ်မို့လား"
ရှယ်လီသည် ဒေါ်ခင်သက်တင်ပြောသမျှ ငြိမ်သက်စွာ နားထောင်နေသည်။
"ဘယ်တော့မှ အိမ်ထဲက ထွက်တဲ့မိန်းမမဟုတ်ဘူး။ အောင်လံက ပွဲစားကြီး ဦးဘဖိုးရဲ့ တဦးတည်းသောသမီး။ မမတို့ညီအမတွေက အနည်းဆုံး ၁၀တန်းအထိ ပညာသင်ကြတယ်။ မမကတော့ ဒီဂရီရအောင် ယူခဲ့တယ်၊ မေ့ကို သူ့အဖေကြီးက ၇တန်းကနေ ကျောင်းထုတ်၊ အိမ်မှာ ရွှေပေါ်မြတင်ထား၊ အိမ်ထောင်ပြုတော့လည်း သူဌေးသား ကိုစောဟန်နဲ့ ပေးစားတာ၊ ယောက်ျားကလည်း ဖူးဖူးမှုတ်ထားတော့ အပြင်လောကအကြောင်းလည်း မေက ဘာမှမသိဘူး။ ကိုစောဟန်က အပေါင်းအသင်းနဲ့ အခြွေအရံနဲ့ စားကာသောက်ကာနေပေမယ့် မိန်းမကို သိပ်အရေးပေးတာ"
ဒေါ်ခင်သက်တင်က စိတ်ပါလက်ပါ ပြောနေရာမှ ခေတ္တရပ်လိုက်ကာ အံကြိတ်လိုက်ရင်း ရှယ်လီ့ကို လက်ညှိုးထိုးကာ ပြောပြန်သည်။
"ရှယ်လီလည်း ကျပ်ကျပ်သတိထား"
ရှယ်လီမှာ ဘာမှန်းညာမှန်းမသိ နည်းနည်းတော့ ကြောင်သွား၏။ ဒေါ်ခင်သက်တင်စကားက အဆက်အစပ်မရှိပါ။
"မေ့လိုတော့ ရှယ်လီက အူအူအအ မဟုတ်ပါဘူးလေ၊ မမက စိုးရိမ်လို့၊ ရှယ်လီက အိမ်ထောင်ကို နိုင်တဲ့ မိန်းမတယောက်ပဲ၊ မေက ထမင်းတောင် ဘယ်ကဖြစ်မှန်းမသိအောင် ကံကောင်းခဲ့တယ်လေ၊ ဒါပေမဲ့ ကလေး ၃ယောက်ရတော့ ကိုစောဟန် ဆုံးသွားရော၊ သူ့ကံက ကောင်းတယ်ဆိုမလား၊ မကောင်းဘူးဆိုမလား။ ကိုစောဟန်တပည့် အေးမောင်က မီးဖိုကအစ တာဝန်ယူ ထမင်းပွဲ ရှေ့ရောက် မေ့ကို ကျွေးတာ။ မိန်းမတယောက်ဖြစ်ပြီး ခြေမွေး မီးမလောင် လက်မွေးမီးမလောင် နေတာလောက် မမ ခံပြင်းတာမရှိဘူး။ နောက်ဆုံး အေးမောင်က အပြုစု အစောင့်အရှောက်ကောင်းလိုက်တာ မေ့ရဲ့ဆံပင်မွေး မီးလောင်တာပဲ"
ဒေါ်ခင်သက်တင်ဟန်က ကရုဏာဒေါသောနှင် မခံချိမခံသာ ဖြစ်နေပုံရသည်။
"အဲဒီတပည့်ကျော် အေးမောင် သိမ်းပိုက်တာကို မေက ခံလိုက်ရတယ်လေ၊ အေးမောင်ကလည်း စီးပွားရေးနားမလည်၊ မေကလည်း ခြေမွေးမီးမလောင်ချင်တဲ့မိန်းမဆိုတော့ ရှိတဲ့ပစ္စည်းကုန်၊ အခု အေးမောင်က ပွဲရုံက ကားကို မောင်းပြီး ရှာကျွေးနေတယ်လေ၊ ရင်နာလိုက်တာ ရှယ်လီရယ်။ အခု သူ့သားကြီး တက္ကသိုလ်တက်ချင်လို့ မမဆီ ငွေလာဆွဲတာ၊ အောင်လံက ရန်ကုန်ကို သူ ထွက်လာတာ စွန့်စားခန်းပဲ"
"မမပြောချင်တာက ရှယ်လီရေ ...တို့က မိန်းမ၊ တခု သတိထား။ လင်သားမရှိတဲ့အခါ တပည့်လူယုံဆိုတာတွေက ပိုကြောက်ဖို့ကောင်းတယ်၊ ပြီးတော့ ...."
"အန်တီ ...အပြင်မှာ နိုင်ငံခြားသားတွေ အန်တီ့ကိုတွေ့ဖို့ ရောက်နေပါတယ်"
အရောင်းစာရေးမလေးက လာရောက်ပြော၍ ဒေါ်ခင်သက်တင်မှာ စကားမဆက်နိုင်တော့ဘဲ အပြင်ထွက်သွားသည်။ ရှယ်လီပါ နောက်က လိုက်လာပေမယ့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ နှုတ်ဆက်ကာ ပြန်လာခဲ့သည်။
ထိုညက အိပ်မရ၊ ညဉ့် လူခြေတိတ်မှ အိမ်ရှေ့ဝရံတာက ပက်လက်ကုလားထိုင်မှာ တယောက်တည်း ထိုင်နေမိသည်။
မြေပြင်ကို မကြည့်၊ မြေပြင်မှာ လူသားများအိပ်ကြပြီး ဤနေရာမှာ တနေ့လုံး လှုပ်ရှားဆူညံခဲ့သည်ကို မယုံနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုတိတ်ဆိတ်ငြိမ်သက်ခြင်းကို အခွင့်ကောင်းယူကာ ဆေးရုံထောင့်နှင့် သိမ်ကြီးစျေးထောင့်မှာ လုယက်မှုတွေ လူသတ်မှုတွေ ဖြစ်ပွားခဲ့သည်။
ဤနေရာနှင့် အုတ်တံတိုင်းတခုသာခြားသော သူတို့အိမ်ဆေးရုံဝင်းမှာ လုံခြုံမှုရှိ၍တော်ပါသးသည်။ မိသားစုတစုအတွက် လုံခြုံမှုဆိုသည်ကလည်း လိုအပ်ပါတကား။
သူ ကောင်းကင်ကိုကြည့်ပြန်တော့လည်း တူးတူးနှင့် အောင်လံမှာဆုံခဲ့သော လက်ဖက်ရည်ပွဲကျင်းပသည့်ညဉ့်ကို သတိရမိပြန်သည်။ ထိုညကလည်း သူ အိပ်မပျော်။ ဒီလိုပဲ ညဉ့်ကောင်းကင်ပြင်ကို ကြည့်နေမိသည်။ တနေ့က တူးတူးပြောခဲ့သောစကားအရ 'တူးတူးလည်း အိပ်မပျော်ခဲ့ဘူး'တဲ့။
ဟုတ်မှာပါ။ ခုတော့ သူလည်း တူးတူးအပေါ် စာနာတတ်လာပါပြီ။ တူးတူးကို အေးစက်သည်ထင်ပေမယ့် တူးတူး စကားတတ်သားပဲ။ 'တူးတူးနှလုံးသားမှာ အမြစ်တွယ်နေပြီဖြစ်သော အချစ်ပင်ကို ရှယ်လီက အမြစ်မှ ဆွဲနှုတ်သွားသတဲ့'။ အခုမှ ရှယ်လီ ဝဋ်လည်ပါပြီ။ သလ်မာက သူ့နှလုံးသားမှအပင်ကို ဆွဲနုတ်သွားသည်မဟုတ်၊ တူရွင်း ပေါက်ပြားကို သုံးကာ အမြစ်က ကလော်ပြီးမှ ယူသွားလေတော့ အချစ်မြေဆုံ ပြိုကွဲကာ သူ တူးတူးထက် ပို၍ခံစားရသည်။
ရှယ်လီနှင့်တူးတူးကသာ မြန်မာပြည်၏ညဉ့်တညဉ့်မှာ အိပ်မပျော်နိုင်တဲ့ဇာတ် ခင်းနေပေမယ့် လင်းကတော့ သလ်မာနှင့်အတူ အေးမြသော အင်္ဂလန်၏ညဉ့်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေမှာပါ။
ကောင်းကင်မှာ လဝန်းက ပြည့်လုနီးနီး။ ဒါပေမဲ့ မိုးတိမ်မည်းမည်းတွေက ကောင်းကင်မှာ အနှံ့နေရာယူထားလေတော့ လမင်းအားသည် ဖျော့တော့လှသည်။ အဝေးတွင် ကြယ်လေးများကိုလည်း မမြင်ရ။ သူတို့ ပုန်းကွယ်နေကြလေသလား။ တလုံးတလေ ကျန်ရစ်သော ကြယ်လေးတွေက မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်နှင့် ကြောက်ရွံ့ထိတ်လန့်စွာ တိမ်ညိုများကို ကြည့်နေပုံရသည်။
လေအေးများ ခပ်ပြင်းပြင်း တိုက်ခတ်လာသည်။ အေးစိမ့်သောလေထဲမှာ မိုးသက်က ပါလာသည်။ လေရှိန်ပြင်းထန်လာပေမယ့် တိမ်ညိုများက လွင့်စင်မသွား၊ တောင်ဘက်မှ ထပ်မံ၍တက်လာသော မိုးသားများနှင့်ပူးပေါင်းကာ လမင်းကို ဖုံးအုပ်လိုက်ကြသည်။ မိုးသက်လေရှိန်ဖြင့် မိုးစက်တွေ သွန်ကျလာသည်။
သည်းသည်းမည်းမည်း ရွာလာသည်။ ဝရံတာထဲကိုပင် မိုးစက်များ စင်ကျလာကာ သူ့မျက်နှာကို ထိခတ်သွားကြသည်၊ အေးစိမ့်သောအတွေ့ကို ခံစား၍ကောင်းသလို ငြိမ်သက်နေမိသည်။ တဖြည်းဖြည်းနှင့် မိုးက ပို၍သည်းထန်လာသောကြောင့် သူ ထိုင်ရာမှ ထကာ အိပ်ခန်းထဲ ဝင်လာသည်။
မကြည်များ အိပ်ပျော်နေပြီလား။ ဟံအေးကတော့ ညဉ့်ဦးက ရုပ်ရှင်ကြည့်ဖို့ခွင့်တောင်းကာ ထွက်သွားသည်။
မကြည်က မအိပ်သေး၊ မီးဖိုထဲက စားပွဲဘေးမှာ ငုတ်တုတ်ထိုင်နေသည်။
"မမ ကော်ဖီပူပူတခွက်လောက် သောက်ချင်တယ်ကွယ်"
"ဟုတ်ကဲ့၊ ယူခဲ့ပါ့မယ် မမ"
သူသည် မကြည်ကို ကော်ဖီမှာခဲ့၍ ဝရန်တာမှာ ပြန်ထိုင်လိုက်သည်။ မိုးနည်းနည်းစဲသွားပြီ။ တိမ်ညိုမည်းများကြားမှာ လရောင်ရေးရေးကိုပင် မြင်ရပြီ။
မကြည်သည် ကော်ဖီတင်ထားသောစားပွဲလေးကို မကာ ရှယ်လီ့ဘေးမှာ လာချရင်း သံမံတလင်းပေါ်မှာ ထိုင်ချလိုက်သည်။ ကော်ဖီပန်းကန်ကိုယူရင် မကြည်မျက်နှာကို ရှယ်လီက လှမ်းကြည့်မိသည်။ မကြည်သည် တစုံတခု ပြောလိုဟန်ရှိသည်။ ကော်ဖီသောက်ရင်း ရှယ်လီက စကားကို စလိုက်၏။
"မကြည် မမကို ပြောစရာရှိလို့လား"
"ဟုတ်ပါတယ်မမ"
မကြည်အသံက တိုးလွန်းသည်။ ပြီးတော့ ကတုန်ကရင်နှင့် ဆက်၍မပြောဘဲ ငြိမ်သက်နေ၏။
"ပြောလေ၊ ဘာပြောချင်လို့လဲ"
တစုံတခု ပြောလိုဟန် အားယူနေပေမယ့် မကြည်ပါးစပ်က ဘာသံမှ ထွက်မလာ။
"ဟဲ့ မကြည်၊ ဘာဖြစ်နေတာလဲ"
"မမဆူမှာစိုးလို့ပါ"
"ငါက ဘာလို့ ဆူရမှာလဲ"
မကြည်သည် ထစ်အ ထစ်အနှင့် မဝံ့မရဲပြောလာသည်။
"ကျွန်မ ကိုဟံအေးနဲ့ ယူမလို့"
"ဘာ"
မကြည်က ဘာမှ ထပ်မပြော၊ ပြောစရာမလို။ မကြည် ဘာဆိုလိုသည်ကို သူ သိပြီးသား။ သူကသာ ရင်ထဲမှာ အထိတ်တလန့်နှင့် ဘာ ဟု အော်လိုက်မိခြင်းဖြစ်သည်။
"ဟံအေးက အဆင်သင့်ဖြစ်လို့လား၊ ကဲ ...သွား၊ မနက်ကျတော့ မမ အဖြေပေးမယ်၊ ဟံအေးအပြန်ကို တံခါးစောင့်ပြီး ဖွင့်ပေး"
သူက ဒါပဲပြောလိုက်သည်။ မကြည်သည် သူ့အပါးမှ ထသွားသည်။ အမှန်တော့ သူ့ရင်မှာ ဘာမှ အထိတ်တလန့်ဖြစ်စရာမရှိပါ။ အိမ်ဖော်မိန်းကလေးနှင့်ဒရိုင်ဘာ ကြိုက်ကြသည်ပဲ။ အဆန်းမှမဟုတ်။ လွတ်လပ်သူချင်း မေတ္တာမျှကြလျှင် တင့်တောင်းတင့်တယ် လုပ်ပေးဖို့ သူ့မှာ တာဝန်ရှိသည်။
ခက်သကိုး။ သူ့ရင်က ဘာမဆို အထိတ်တလန့်ဖြစ်ချင်နေသည်။ ကော်ဖီအကုန်သောက်လိုက်တော့ သူ့ရင်ထဲမှာ ပူနွေးသွားသည်။ လမင်းသည် တိမ်ထဲမှ တစွန်းတစ ထွက်လာပြီ။ သူသည် လမင်းကို ကြည့်ရင်း တစုံတရာ တွေးမိသလို လန့်သွားပြန်သည်။
"ဘုရား ....ဘုရား ... တော်ပါသေး"
သူ့ရင်ထဲမှာ ရေရွတ်မိ၏။
"တခု သတိထား၊ လင်သားမရှိတဲ့အခါ တပည့်လူယုံဆိုတာတွေကို ပိုပြီး သတိထားရတယ်"
ဒေါ်ခင်သက်တင်၏စကား၊ နေ့လည်ကမှ ပူပူနွေးနွေး ပြောသွားခဲ့သည်။ ဟုတ်ပါ့၊ မေသဇင်လိုပဲ လင်း၏တပည့်အဖြစ် ဟံအေးကို ယုံကြည်ခဲ့သည်။ အတွင်းလူ အိမ်သားတယောက်လို ဆက်ဆံခဲ့သည်။ ယခု သူ လင်သားမရှိ။ ကွဲကွာသည်ဟုလည်း မဆိုနိုင်။ လင်းက သေသည်လည်းမဟုတ်၊ ဒါပေမဲ့ မရှိတာတော့ အမှန်။
ဒီလို အကာအကွယ်မဲ့ အခွင့်အရေးကို ဟံအေးက အချိန်မရွေး အရယူနိုင်သည်။ သူတို့အိမ်မှာ အစေခံတန်းလျားရယ်၊ ဘာရယ် ရှိသည်မဟုတ်။ ဟံအေးသည် သား ဂျင်မီနှင့် တခန်းတည်း အတူအိပ်ခြင်းဖြစ်သည်။ ကလေးများမရှိချိန် ဟံအေးက ကြံစည်နိုင်သည်။ ဘုရားတန်ခိုးတော်ပေပဲ။ ဟံအေးက မကြည်ကိုကြိုက်သည်ကိုပဲ ကျေးဇူးတင်ရပါဦးမည်။
မြန်မြန်ပေးစားလိုက်ခြင်းဖြင့် ဟံအေးရန်ကို ကာကွယ်ပြီးသားဖြစ်သွားမည်။ ဒေါ်ခင်သက်တင်ညီမ မေသဇင်လို မဖြစ်ပါဘူးဟု ဘယ်သူမှ အာမခံနိုင်သော ကိစ္စမဟုတ်။ သတိတချက်အလစ်တွင် ဖြစ်နိုင်ချေတွေ အများကြီးရှိသည်။
မနက်ကျရင် မကြည်ကို ဟံအေးနှင့် ပေးစားမည်ဟု သူ ဖွင့်ဟပြောလိုက်တော့မည်။
"ကဲ ပေးစားပါပြီတဲ့"
သူ ဆက်လက်စဉ်းစားမိသည်။ သူတို့လင်မယားကို ဘယ်နေရာမှာ သိပ်မလဲ။ သား ဂျင်မီအခန်းမှာ မသိပ်နိုင်။ ညားကာစ လင်မယားကို အရွယ်မရောက်တရောက် သားနှင့် အတူထားက ကလေးအတွက် အန္တရာယ်တွေ အများကြီးဖြစ်နိုင်သည်။ ဟံအေး တံခါးခေါက်သံကြားမှ သူ့အတွေး ရပ်သွားသည်။ ဟံအေးသည် သူ့ကို နှုတ်ဆက်ကာ ခြေရင်းခန်းသို့ ဝင်သွား၏။
ရှယ်လီကတော့ မအိပ်နိုင်၊ အခန်းထဲဝင်သွားတော့ မကြည်သည် သံခုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေသည်။ သူသည် တံခါးချက်များကို သေသေချာချာကြည့်ပြီးမှ မီးခလုတ်ကို ပိတ်လိုက်သည်။ ခုတင်ပေါ်မှာ လှဲချရင်း အိပ်မရ။ မထင်မှတ်ဘဲ ရောက်လာတတ်သော အန္တရာယ်ကို တွေး၍ကြောက်လာသည်။
နောက်နေ့နံနက်မှာတော့ ရှယ်လီသည် ဒေါ်လီတို့အိပ်ခန်းဘက် ကူးသွားရပြန်သည်။
"ဒေါ်လီရယ် ... ရှယ်လီ့ကို အလိုက်မသိတတ်ဘူးမထင်ပါနဲ့နော်၊ စောစောစီးစီး ရောက်လာလို့"
ရှယ်လီက တောင်းပန်ရင်း ထိုင်လိုက်သည်။
"ဘာတွေပြောနေလဲ ရှယ်လီ၊ ကိစ္စရှိတာသာပြော၊ စကားခံမနေနဲ့။ ကိုယ်နဲ့ရှယ်လီက ဒီစကားတွေ ပြောနေရမယ့်လူတွေမှ မဟုတ်ဘဲ"
ကော်ဖီငှဲ့ပေးရင်း ဒေါ်လီက ပြောလိုက်သည်။ ရှယ်လီသည် ကော်ဖီကို မသောက်သေးဘဲ မကြည်နှင့်ဟံအေးအကြောင်း ပြောပြလိုက်သည်။
"အဲဒါကို ရှယ်လီက ဘာဖြစ်စေချင်သလဲ"
"သူတို့ကို ပေးစားလိုက်ချင်တယ်"
"ပေးစားချင်တာ ပေးစားလိုက်ပေါ့ ရှယ်လီရယ်၊ ဒေါ်လီက ဘာလုပ်ပေးရမလဲ"
ရှယ်လီသည် ဒေါ်ခင်သက်တင်တူမ မေသဇင်အကြောင်း ပြောပြပြန်သည်။
"တကယ်တော့ ဟံအေးဟာ လင်ရှိတုန်းတော့ တပည့်ပဲ၊ လင်မရှိတဲ့အခါ တအိမ်တည်း အတူမနေရဲဘူး၊ ပြီးတော့ သူတို့ ညားစလင်မယားကို သားဂျင်မီနဲ့ အခန်းထဲမှာ မသိပ်ချင်ဘူး။ ကလေးက မတော်တာတွေ အတုယူမှ"
ဒေါ်လီသည် ရှယ်လီ့ပြောစကားကို စဉ်းစားနေစဉ် ကိုဖေသိန်းက စားပွဲမှာ လာထိုင်သည်။
"ရှယ်လီ ကော်ဖီသောက်လေ"
ရှယ်လီက ကော်ဖီပန်းကန်ယူ၍ သောက်လိုက်၏။
"ကိုသိန်းရေ ...မိရှယ်လီလာတဲ့အကြောင်းက ...."
ဒေါ်လီက အစချီကာ ရှယ်လီပြောသမျှ ပြောပြလိုက်၏။ ကိုဖေသိန်းက ရုတ်တရက် ဘာမှ ပြန်မဖြေသေးဘဲ ပေါင်မုန့်ထောပတ်သုတ်ကိုစားကာ ကော်ဖီသောက်လိုက်၏။ ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားသလိုလုပ်ရင်းမှ စကားစပြော၏။
"ကိုယ် အခု ဆေးရုံသွားလိုက်ဦးမယ် ဒေါ်လီ၊ နေ့လည်ထမင်းစားချိန်ကျ ကိုယ်ပြန်မလာဘူး။ မေမေတို့အိမ်ကို ကိုသိန်း သွားမယ်။ မေမေတို့အိမ်က ဘုရားလမ်းမှာ၊ နီးတယ်။ အစေခံတန်းလျား တခန်း အားနေတယ်ထင်တယ်၊ အဲဒါ သေချာအောင် မေးခဲ့မယ်၊ အားနေရင် မေမေ့ကို အကျိုးအကြောင်း ဖွင့်ပြောလိုက်မယ်။ ဟံအေးတို့ကို ပေးစားပြီး အဲဒီမှာ ထားမယ်။ မကောင်းဘူးလား ရှယ်လီ"
ရှယ်လီက သက်ပြင်းချလိုက်၏။
"ကောင်းပါတယ်။ အစေခံတန်းလျားအားတယ်ဆို ရှယ်လီ့ဆီ ဖုန်းဆက်လိုက်ပါ။ ရှယ်လီ ဒီမှာ မုန့်တွေ ဝယ်ထားမယ်"
"ဘာလုပ်ဖို့လဲ"
ဒေါ်လီက ထောက်လိုက်သည်။
"ညနေပဲ အိမ်နီးနားချင်းဖိတ်ပြီး ကော်ဖီနဲ့မုန့်တိုက်ပြီး ပေးစားလိုက်မယ်ကွာ၊ ညကျ အဲဒီသွားအိပ်ပေါ့"
"အောင်မလေး ရှယ်လီရယ်၊ အဖြစ်သည်းလိုက်တာ"
"မသဲနဲ့၊ ရှယ်လီ ရှေ့ဆက်ပြီး ဟံအေးနဲ့ အတူမနေရဲတော့ဘူး။ ရှယ်လီပြန်ဦးမယ်။ အကျိုးအကြောင်းကို သူတို့နှစ်ယောက်ကိုလည်း ပြောပြရဦးမယ်"
ရှယ်လီ ထသွားရာသို့ လင်မယားနှစ်ယောက် ငေး၍ကျန်ရစ်ကြသည်။
ညနေမှာတော့ ဟံအေးနှင့်မကြည် မင်္ဂလာအခမ်းအနား အကျဉ်းရုံးပြီးမြောက်သွားသည်။ အထုပ်အပိုးတွေနှင့် ဟံအေးတို့ထွက်သွားတော့ ရှယ်လီ့အနား ဒေါ်လီက ကပ်လာသည်။
"မင်းတယောက်တည်း ညကျ အိပ်ရဲလား"
ဒေါ်လီက မေးလိုက်၏။
"ခုလိုနေရတာ ပိုလုံခြုံသလိုပါပဲ"
"မဟုတ်ပါဘူး၊ မခိုင်ကို ဒီည မင်းနဲ့အတူ အိပ်ဖို့ လွှတ်လိုက်မယ်၊ ဟုတ်လား"
"ကျေးဇူးပဲ ဒေါ်လီ"
ဆက်ရန်
-------------------------------
0 Comments