မြကြာဖြူ - ခင်နှင်းယု အပိုင်း(၇)

မြကြာဖြူ (ခင်နှင်းယု)
________________

အပိုင်း (၇)

၁၀။
တယ်လီဖုန်းသံကြား၍ ဒေါ်လီက ကောက်ကိုင်လိုက်သည်။ 

"တူးတူး စကားပြောနေတယ် ဒေါ်လီ"

"ပြောလေ"

"လာမယ့်တနင်္ဂနွေနေ့ ညစာကျွေးမလို့၊ ဒေါက်တာဖေသိန်းနဲ့ဒေါ်လီကို တူးတူး ဖိတ်တာပါ၊ ဆက်ဆက်လာနော်"

"လာမှာပေါ့ဟယ်"

"ရှယ်လီကိုလည်း တူးတူး ဖိတ်ရဦးမယ်၊ တူးတူးစိတ်တွေ မသိုးမသန့်ဖြစ်နေတာတွေလည်း ရှင်းသွားပြီဒေါ်လီ"

"ဘာကိုလဲ"

"ယူနဲ့ ရှယ်လီက တွဲတွဲနေတော့ ဒေါ်လီကို မပြောဖြစ်ဘူး၊ ခုမှ တယ်လီဖုန်းနဲ့ပြောရတာ၊ လင်းက တူးတူးနေမကောင်းတုန်းက ပြုစုတာ ဆရာဝန်တယောက် လူနာအပေါ်စောင့်ရှောက်တာထက် ပိုတယ်လို့ ထင်တယ်လေ၊ ဒီသတင်းကို ရှယ်လီကြားရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး၊ ကိုကိုကြားလည်း မသင်္ကာစရာ၊ ဒါနဲ့ပဲ ဒေါ်လီတို့ပြန်တဲ့နေ့က တူးတူး ကိုကို့ကို အားလုံး ပြောပြတယ်"

"ဟယ် ...ဟုတ်လား၊ ဦးဘဇံကြီးက ဘာပြောလဲ"

"သူက အစကတည်းက သိပြီးသားတဲ့"

"တော်ပါသေးတယ်ဟယ်"

"ပြီးတော့လည်းလေ ဒေါ်လီဝမ်းသာအောင် ပြောရဦးမယ်၊ ကိုကိုက လင်း နိုင်ငံခြားပညာတော်သင်သွားနိုင်အောင် ကျန်းမာရေးဌာန အတွင်းဝန်ဦးသာကျော်နဲ့ ဆရာဝန်ကြီးဦးဘမော်ကို တိုက်တွန်းပေးမယ်တဲ့။ အဲဒီနေ့ ထမင်းစားပွဲမှာ သူတို့နှစ်ယောက်နဲ့ဇနီးတွေလည်း ပါမယ်"

"လင်း ပညာတော်သင်သွားရရင် ရှယ်လီနဲ့တူးတူး ဝမ်းသာမှာပါ။ ဘာပဲပြောပြောလေ၊ လင်းဟာ ရှယ်လီနဲ့တူးတူးတို့ရဲ့ ချစ်သူပါ"

"တူးတူး မပိုင်ပါဘူး ဒေါ်လီ"

"ဒါပေမဲ့ သူကောင်းစားရေးအတွက်တော့ လိုလားတယ်မဟုတ်လား"

"သူဟာ ကိုယ့်ကျေးဇူးရှင်လေ"

"မင်းတို့ အပြန်အလှန်ပါ၊ တူးတူးကျေးဇူးတွေလည်း ရှယ်လီ့အပေါ် ရှိတယ်လေ၊ ဟိုနေ့က မလာခင်ကတည်းက ရှယ်လီကလည်း လင်း နိုင်ငံခြားသွားနိုင်ဖို့ တူးတူးကို အကူအညီတောင်းချင်တယ်တဲ့။ ဒေါ်လီ့ကို လာတိုင်ပင်တာ၊ ခုတော့ အတော်ပဲ၊ တူးတူးရဲ့ဦးဘဇံကြီးက မနောပေါက်နေတယ်ထင်တယ်"

"တူးတူးကိုကိုက လူကောင်းပါကွယ်၊ မြေထဲမှာ ဆရာမလေးတယောက်နဲ့ လင်းရှုပ်ခဲ့တာသိပေမယ့် သူ လင်းကို ရန်ကုန်ပြောင်းရအောင် လုပ်ပေးတာပဲ၊ ဒါပဲ၊ ဆက်ဆက်လာနော်"

တူးတူးက တယ်လီဖုန်းကို ချသွားသည်။ မကြာခင် ဒေါ်လီ ရှယ်လီတို့ဘက် ကူးသွားသည်။ ဒေါ်လီက ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်သည်။ 

"ရှယ်လီ မင်းအတွက် ဝမ်းသာစရာသတင်း"

"ဘာလဲ ဟင်"

"တူးတူးက တယ်လီဖုန်းနဲ့ပြောတယ်။ မင်းကိုလည်း ဖိတ်လိမ့်မယ်၊ ဒီတနင်္ဂနွေ ညစာစားပွဲမှာ လင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ထမင်းကျွေးမယ်။ ဆရာဝန်ပြီးဦးဘမော်ရော ကျန်းမာရေးဌာနက အတွင်းဝန် ဦးသာကျော်ကိုပါ ဖိတ်မယ်တဲ့"

"အဲဒါ ဘာဖြစ်ရမှာလဲ"

"အောင်မလေး မိရှယ်လီ၊ လည်တဲ့နေရာ လည်ပြီး အတဲ့နေရာကျ အလိုက်တာ၊ အဲဒီမှာ ဦးဘဇံက လင်းကို ဦးသာကျော်နဲ့မိတ်ဆက်ပေးမယ်။ လင်း နိုင်ငံခြားသွားနိုင်အောင် သူကလည်း တိုက်တွန်းမယ်။ အတွင်းဝန်ကတော်ဆီလည်း မင်း အဝင်အထွက်လုပ်နိုင်သွားတာပေါ့။ တူးတူးက ပြောတယ်"

"ဟုတ်လား၊ ဟယ် ...တို့က ဖွင့်မပြောရသေးဘဲ ဦးဘဇံက ကြိုတင်စီစဉ်ထားတယ်နော်"

ရှယ်လီ ဝမ်းသာသွားသည်။ မကြာခင်ပဲ တူးတူးထံမှ တနင်္ဂနွေနေ့ ညစာ ထမင်းစားဖို့  ရှယ်လီတို့နှစ်ယောက်ကို ဖိတ်ခေါ်တဲ့ဖုန်း ရောက်လာသဘ်။ 

တနင်္ဂနွေနေ့ ညစာစားပွဲမှာ ရင်းရင်းနှီးနှီး မြန်မာပီပီ ထမင်းစားပွဲဖြစ်၍ ဟန်တွေပန်တွေ (Etiquette) မရှိ။ ပွင့်ပွင့်လင်းလင်း တွေ့ဆုံကြသည်။ 

တူးတူးကလည်း ဦးသာကျော်ကတော် ဒေါ်ခင်မြမြ၊ ဦးဘမော်ကတော် ဒေါ်မေဝင်း၊ ရှယ်လီ ဒေါ်လီတို့နှင့် အဖွဲ့ကျသလို ဦးဘဇံနှင့် ဦးသာကျော်၊ ဦးဘမော်တို့ စကားလက်ဆုံကျနေကြသည်။ 

လင်းကတော့ လူကြီးများကြားတွင် ခပ်ကုပ်ကုပ် ခပ်အေးအေးပဲ နေသည်။ သူတို့ စကားပြောသည်ကို နားထောင်၏။ မေးသည့်အခါ ဖြေသည်။ 

သူ့မျက်လုံးများသည် ဧည့်ခန်းထောင့်မှာ ထောင်ထားသော ပန်းချီကားချပ်ဆီသို့ မျက်စိ ခဏခဏရောက်သွားသည်။ ချစ်သူ၏တင့်တယ်ခြင်း။ ဧည့်ခန်းဆောင်တခုလုံးကို တန်ဆာဆင်နိုင်အောင် လွှမ်းမိုးနေသောအလှ၊ အပါးက ဦးဘဇံ၏ရင့်ကျက်တည်ငြိမ်သောဣနြေ္ဒ။ 

သူသည် ဣနြေ္ဒမမဲ့အောင် ပန်းချီကားကို ခဏပဲ စူးစိုက်ကြည့်ပြီး မျက်လုံးကို လွှဲဖယ်လိုက်သည်။ 

ရှယ်လီလည်း လှနေပါသေးသည်။ သူ့လည်တိုင်ကျော့ကျော့မှာ ပုလဲသွယ်ဖွေးဖွေး ရှိနေသေးသည်။ ပြုံးရယ်သောမျက်လုံးများနှင့် နှင်းဆီလွှာနှုတ်ခမ်းများ ရှိနေသေးပေမယ့် အိမ်ထောက်သက်၏ပူပန်မှုများက လန်းဆန်းမှုကို လျော့ပါးစေသည်။ ရှယ်လီ့မျက်လုံးများကလည်း တူးတူးနှင့်လင်းကို အကဲခတ်လျက် ရှိသည်။ ဦးဘဇံက စိတ်ပါလက်ပါ စကားပြောနေသည်။ 

"ကျွန်တော်တို့မြန်မာတွေဟာ နိုင်ငံခြားကို ပညာတော်သင်သွားတာ တော်တာများတယ်၊ သူတို့အနောက်နိုင်ငံသားတွေကို ထိုးဖောက် ကျော်လွန်ပြီး တော်တဲ့လူတွေ အများကြီး"

ဦးဘဇံအသံက အမျိုးသားဝိုင်းမှ ကျော်လာ၍ ရှယ်လီတို့ဆီ ဝင်လာသည်။ 

"ဟိုတလောက ဆုံးသွားတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦး ?ဆိုရင် ဦးဖေသိန်းတို့ သိမှာပါ၊ ဘုရင့်သမားတော်ကြီးဘွဲ့ကို အင်္ဂလန်က ရလာတာ"

"ဟုတ်ပါတယ်၊ ကျွန်တော် ကြားဖူးပါတယ်"

ဒေါက်တာဖေသိန်းက ပြောလိုက်၏။ 

"ကျွန်တော်က ဂေါက်သီးရိုက်ရင်း ခင်မင်နေကြတာ၊ သူက မျိုးချစ်စိတ်ကလည်းရှိတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် အင်္ဂလန်သွားတော့ 'တိုင်းပြည် လွတ်လပ်တော့မယ်၊ ခင်ဗျား ကိုယ့်တိုင်းပြည် ပြန်လာခဲ့ပေတော့'ဆိုတော့ သူ့ခမျာ ပြန်လာတာ၊ လန်ဒန်မှာ ဘုရင့်သမားတော်ဘွဲ့နဲ့ ကောင်းစားနေတာ။ ဆဌမမြောက်ဂျော့ဘုရင်ကြီးကို ခွဲစိတ်တော့ သူက မေ့ဆေးဆရာဝန်။ အဲဒီကနေ ဘုရင့်သမားတော်ဘွဲ့ကိုရတာ။ နိုင်ငံခြားမှာက ခွဲစိတ်ကုဆရာဝန်ကို အရေးပေးကြတယ်၊ ဒီမှာ မြန်မာပြည်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျဆုံး၊ သူ့ခမျာ သာမာန်မေ့ဆေးဆရာဝန်ကြီး အနေနဲ့ ကွယ်လွန်သွားတာ။ အိမ်ပိုင်တောင် ဝယ်မသွားရဘူး။ အခု ဒေါက်တာဖေသိန်းတို့နေတဲ့အခန်းမှာလေ"

"ဟုတ်ပါတယ်ခင်ဗျာ"

ဒေါက်တာဖေသိန်းက ဝင်ထောက်လိုက်၏။ 

"ဦးသာကျော်ရေ ...ကျွန်တော့်သဘောကတော့ တကယ်တော်တဲ့လူတွေ မြုပ်နေရင် ထုတ်ဖော်ပေးပြီး သက်ဆိုင်ရာ ဘာသာအလိုက် နိုင်ငံခြားပညာတော်သင် များများလွှတ်ပေးပြီး သူတို့ဆီကရလာတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည် ပြန်အကျိုးပြုနိုင်ရင် ကောင်းတာပေါ့"

ဦးဘဇံက သူ့စကားကို ရပ်လိုက်၏။ 

"ကိုကို ...ထမင်းပွဲ အဆင်သင့် ဖြစ်ပြီ"

တူးတူးက ပြောလိုက်၍ အားလုံး ထမင်းစားခန်းသွားကြ၏။

ထမင်းပွဲမှာ ကိုယ့်အစုလိုက် စကားလက်ဆုံကျရင်း ထမင်းစားကြသည်။ တူးတူးက အစေခံများနှင့်အတူ သူကိုယ်တိုင် ဟင်းလိုက်၏။ 

အတွင်းဝန်ဦးသာကျော်ကလည်း ဦးဘဇံပြောခဲ့သောစကားကို ဆက်ပြောသည်။ 

"ကျွန်တော်ကတော့ မင်းတုန်းမင်းကြီးလက်ထက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ Too late and too slow လို့ အနောက်တိုင်းသမိုင်းဆရာတွေ ပြောတာ မမေ့နိုင်ဘူး၊ ကျွန်တော်တို့လွတ်လပ်ရေးခေတ်ဦးမှာ အဲဒီလိုဖြစ်မှာ ကျွန်တော်လည်း စိုးပါတယ်၊ ဟိုတုန်းက ဘာသာစကား အခက်အခဲကလည်း ရှိ၊ ထစ်ဆို ဘာလုပ်လုပ် အောက်မြန်မာနိုင်ငံကို သိမ်းထားတဲ့ အင်္ဂလိပ်ကလည်း နှောက်ယှက်၊ သူ သဘောမတူရင် ဘာမှမလုပ်ရသလိုဖြစ်နေတော့ နှောင့်နှေးတယ်၊ လိုချင်တဲ့ပညာရပ်တွေကို ပညာတော်သင်တွေ ရယူဖို့ အခက်အခဲအများကြီးရှိတယ်၊ အခု မြန်မာနိုင်ငံမှာ ပညာတော်သင်တွေဟာ အင်္ဂလိပ်စာအခက်အခဲလည်း မရှိတော့ နိုင်ငံခြားမှာ အောက်မကျပါဘူး။ ကျွန်တော်လည်း ဒါကို သတိပြုပါတယ်။ ပညာရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမိပါတယ် "

ဦးသာကျော် စကားဆုံးတော့ ဦးဘဇံက ဆက်ပြောသည်။ 

"တခုတော့ရှိတယ် ဦးသာကျော်၊ မြန်မာပြည်မှာ တချို့လူငယ်တွေ ဌာနအလိုက် အလုပ်မှာ တော်တာတွေ ရှိပါတယ်။ ဒါပေမဲ့ လူငယ်ဆိုတော့ နောက်ကြောင်းအမှားလေးတွေ ရှိတတ်တာပေါ့ဗျာ၊ ဒါတွေကို တေးပြီး သူတို့တိုးတက်ရာတိုးတက်ကြောင်းကို ဆိုင်းငံ့ထားတဲ့အဖြစ်မျိုးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ၊ ကျွန်တော်တို့ငယ်တုန်းကအဖြစ်ကို စာနာကြရင် သူတို့ကို ခွင့်လွှတ်နိုင်ရမှာပေါ့ဗျာ၊ ကြီးလာတော့ ကိုယ့်ဟာကို ပြုပြင်လာကြပါတယ်"

ဦးဘဇံဆိုလိုချက်ကို ရှယ်လီနှင့် ဒေါ်လီတို့လက်မယားစုံတွဲရော တူးတူးရော သဘောပေါက်ပါသည်။

ထမင်းပွဲပြီး၍ တူးတူးက သစ်သီးစုံကို နို့နှင့်ရောကာ အချိုပွဲ ချပေးသည်။ 

"ကဲ ဦးသာကျော်ရေ ...ဒေါက်တာလင်းရွှေအောင်ကို အကြောင်းပြုပြီး ကျွန်တော်က ဒီထမင်းပွဲလုပ်တာပါ၊ ဒေါက်တာလင်းဟာ တူးတူးအသက်ကို ကယ်ခဲ့တာပေါ့ဗျာ။ ကျွန်တော့်ကျေးဇူးရှင် လင်းနဲ့ ရှယ်လီကို ကျွန်တော် ခင်ဗျားနဲ့ ဒေါ်ခင်မြမြလက် အပ်ပါတယ်။ အစစ ဆုံးလည်း ဆုံးမပါ။ ကူလည်း ကူညီစောင့်ရှောက်ပါနော်၊ ဒေါက်တာလင်း အရည်အချင်းကိုတော့ သူ့ဆရာဘမော်ပဲ မေးကြည့်ပေါ့"

ဦးသာကျော်က လင်းမျက်နှာကို ပြုံး၍ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ထိုညနေက ညစာစားပွဲမှာ ၁၀နာရီလောက်မှ အောင်မြင်စွာ ပြီး၍သွားပါသည်။ 

နောက်ပိုင်း ရှယ်လီက ဦးသာကျော်၏ဇနီးထံ ဝင်ထွက်လုပ်လိုက်သည်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ ရှယ်လီက ပြောစရာမလို။ 

နောက် ၆လကြာတော့ နိုင်ငံခြားသို့ ခွဲစိတ်ကုသမှု အထူးကုဘွဲ့ယူရန် ဒေါက်တာလင်းရွှေအောင်ကို လွှတ်ဖို့ အမိန့်ထွက်လာသည်။ 

လင်း နိုင်ငံခြားမထွက်ခင် ပထမနေ့က ဒက်ဒီနှင့်မာမီကို ကန်တော့ရာ ရှယ်လီကိုယ်တိုင် လိုက်ပါသွားသည်။

၁၁။
မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဗန်ကောက်သို့ လေယာဉ်ထွက်ခွာမည့်အကြောင်း ကြေငြာလိုက်သည်။ 

ဒေါက်တာလင်းရွှေအောင်ကို သားနှင့်သမီးက နမ်းနေကြသည်။ ရှယ်လီသည် မျက်ရည်တွေ ဝဲလာသည်။ ကြည်နူးဝမ်းမြောက်တာမှန်ပေမယ့် ခွဲခွာရမည်ဆိုတော့လည်း လွမ်းချင်သား။ 

"ရှယ်လီ ....လင်း သွားမယ်"

"ဒက်ဒီ ... သား သွားတော့မယ်"

လင်းရွှေအောင်သည် ရှယ်လီနှင့် ဒက်ဒီကို နှုတ်ဆက်ကာ အခန်းအပြင်သို့ ထွက်သွားသည်။ ထိုစဉ်က ဧည့်သည်များ အခန်းထဲထိ လိုက်ပို့ခွင့်ရှိသည်။ လင်း မာမီက နေမကောင်း၍ မလိုက်နိုင်။ ခရီးသည်များ လေယာဉ်ရှိရာသို့ ထွက်သွားသည်ကို လိုက်ပို့သူတွေ ငေးနေကြသည်။ ဂျင်မီနှင့် အင်နီကလည်း လက်ပြရင်း "ဒက်ဒီရေ ..."ဟူ၍ အော်နေသည်။ ရှယ်လီက မအော်နိုင်။

တန်းစီထွက်သွားသော ခရီးသည်တွေအလယ်မှာ တစုံတယောက်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးကို မရွေ့၊ စူးစိုက်ကြည့်နေသည်။ 

ဟုတ်ပါသညိ။ မလွဲနိုင်။ သူ စူးစိုက်ကြည့်နေသူက ခရီးသည်များကို ကျော်လွန်ကာ လင်းအနီး ရောက်သွားသည်။ 

"သလ်မာ ..."

သူ့ရင်ထဲမှာ ရေရွတ်မိသည်။ 

ဘုရား ...ဘုရား ...၊ သလ်မာ ဘယ်ကို သွားတာလဲ။ လင်းနှင့်အတူ ပါသွားတာလား။ 

သလ်မာ သွက်သွက်မတ်မတ်လျှောက်ဟန်က မျက်စိထဲက မထွက်။ အစိမ်းရင့်ခံ အဝါခက်များ ယှက်နွယ်ထားသော လုံချည်နှင့် အင်္ကျီဖြူဝတ်ထားသော သွယ်သွယ်နွဲ့နွဲ့ သလ်မာကိုယ်ဟန်က ထင်းနေသည်။ မမှားနိုင်ပါ။ 

ယူဘီအေ လေယာဉ်ပျံကြီးက ထွက်သွားပြီ။ ကလေးတွေက အော်ဟစ်နေသည်။ ရှယ်လီ့မျက်လုံးမှာ မျက်ရည်တွေ ဝဲနေသည်။ 

မျက်နှာညှိုးနေသော ရှယ်လီကိုကြည့်ပြီး ယောက္ခမကြီးက ပစ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော ချွေးမကို သနားစိတ်ဝင်လာဟန်ရှိသည်။ 

"ရှယ်လီ ပြန်ကြစို့၊ ကလေးတွေနဲ့အတူ ဒက်ဒီတို့အိမ် လိုက်ခဲ့ပါလား"

ရှယ်လီသည် ကလေးနှစ်ယောက်ကို တဖက်တယောက် ကိုင်ထားသည်။ သူ ခြေလှမ်းမမှန်ချင်တော့။ 

"နောက်နေ့တွေမှ မာမီ့ကိုမေးရင်း ရှယ်လီလာပါ့မယ် ဒက်ဒီ၊ ရှယ်လီ အိမ်မှာ လုပ်စရာရှိနေသေးလို့"

"ဒီလိုဆို သားတို့ ဘိုးဘိုးဆီ လိုက်သွားမယ်"

ဂျင်မီက ပြောလိုက်သည်။ 

ကလေးတွေဆန္ဒအတိုင်း သူသည် ယောက္ခမကြီးနှင့် ကလေးတွေထည့်လိုက်ကာ အိမ်ကို ပြန်လာသည်။ အိမ်ကိုရောက်တော့ အိမ်ထဲ မဝင်။ ကလေးနေမကောင်း၍ လင်းကိုလိုက်မပို့နိုင်သော ဒေါ်လီအခန်းကို သူ ဝင်လာသည်။ ဧည့်ခန်းမှာ စိတ်ပျက်လက်ပျက် ထိုင်လိုက်သည်။ 

ကလေးမလေးက သွားပြော၍ ဒေါ်လီ အခန်းထဲမှ ထွက်လာသည်။ ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲနေသော ရှယ်လီကိုတွေ့၍ အံ့ဩသွားသည်။ 

"ရှယ်လီ၊ နေမကောင်းဘူးလား၊ ဘာဖြစ်လာလဲ"

ဒေါ်လီက အနားမှာ ထိုင်၍ ရှယ်လီ့ပခုံးနှစ်ဖက်ကိုကိုင်ကာ မေးလိုက်သည်။ ရှယ်လီသည် ခေါင်းကို ယမ်းလိုက်၏။ 

အင်မတန် နွမ်းဖျော့သောဟန်နှင့် ဒေါ်လီ့လည်ပင်းကို လှမ်းဖက်ကာ ပခုံးကို မျက်နှာအပ်၍ငိုသည်။ 

"ဟဲ့ ရှယ်လီ၊ ဘာဖြစ်တာလဲ။ ကလေးတွေရော"

"သူတို့ဘိုးဘိုးနဲ့ ပါသွားတယ်၊ သလ်မာ ....သလ်မာ ...လင်းနဲ့ ပါသွားပြီ"

ရှယ်လီသည် ယခုမှ ရှိုက်ရှိုက်၍ ငိုသည်။ ဒေါ်လီကလည်း ဘာမှမပြောနိုင်။ ယခင်က လင်းရွှေအောင်ကိစ္စ သိုးသိုးသန့်သန့် ကြားဖူးပေမယ့်  ရှယ်လီက ဖွင့်ပြောခဲ့ခြင်းမဟုတ်။ ယခုမှ ရှယ်လီက ပြောပြသည်။ 

"ရှယ်လီရယ် ...စိတ်ချမ်းသာအောင်နေပါ။ သလ်မာနဲ့အတူထွက်သွားတာ ဟုတ်ချင်မှ ဟုတ်မယ်။ တို့ စုံစမ်းသေးတာပေါ့။ လင်း ဒီလောက် မပက်စက်ပါဘူး။ အခု ကလေးတွေမှ မရှိဘဲ၊ ဒီမှာ ဒေါ်လီနဲ့အတူ ထမင်းစား"

ဒေါ်လီက နှစ်သိမ့်ရင်း ရှယ်လီကို ထမင်းကျွေးသည်။ 

"တော်ပြီ ဒေါ်လီ၊ ကိုယ် ဘာမှ မစားချင်ဘူး။ ကိုယ် အေးအေးဆေးဆေး တွေးနေချင်တယ်။ သွားမယ်"

အိပ်မက်မက်ရာက နိုးလာသူလို ဒယိမ်းဒယိုင်နှင့် ရှယ်လီ အခန်းပြင်ထွက်သွားသည်။ သူ့အိမ်ရောက်တော့ ဘယ်သူနှင့်မှလည်း စကားမပြောချင်။ 

အိပ်ရာထဲ ဝင်ခွေနေသည်။ ဟံအေးနှင် ထမင်းချက်ကလေးမကလည်း ဘာမှမမေးရဲ။ သူတို့ဆရာကတော် လင်ကို လွမ်းသည့်စိတ်နှင့် ခွေနေသည်ဟု ထင်သည်။ 

ရှယ်လီကတော့ လင်းကိစ္စကို ဘယ်လိုစုံစမ်းရမည်ကိုပဲ စဉ်းစားနေသည်။ စဉ်းစားရင်းမှ လင်းနှင့် စတွေ့ရသည့်အချိန်ကို သတိပြန်ရသည်။ 

တွေ့စက လင်းက အေးအေးငြိမ်ငြိမ် သိုသိုသိပ်သိပ်။ အင်မတန်အေးချမ်းသောလူတယောက်။ လက်ထပ်ပြီးတော့ လင်းကို အစစ အလိုလိုက်ခဲ့သည်။ 

ဒေါ်ခင်သက်တင်ဝါဒအတိုင်း အရက်ကိုလည်း ကိုယ်တိုင် စားပွဲခင်းပေးခဲ့သည်။ တောင်ပေါ်က မိန်းကလေးကိစ္စ၊ သလ်မာကိစ္စတွေမှာ သူ လင်းသိက္ခာကို မထိခိုက်အောင် ဆောင်ရွက်ခဲ့သည်။ 

မလုပ်ချင်ဆုံးအလုပ်ဖြစ်သည့် ရည်းစားလုဘက်ဖြစ်ခဲ့ရသော တူးတူးထံ မျက်နှာအောက်ချ၍ မြေထဲမှ ရန်ကုန်ပြောင်းဖို့၊ ရန်ကုန်မှ နိုင်ငံခြားပညာသင်သွားဖို့၊ သူ တောင်းပန်တိုးလျှိုးပြောခဲ့ရသည်မှာ မိန်းမတယောက်အတွက် သိက္ခာအကျဆုံးအလုပ် မဟုတ်ပါလား။ 

သူ့အပေါ် လင်း ဘာမကျေနပ်ပါသလဲ။ သူ တွေးရင်း အိပ်ရာမှ မထတော့။ 

ဒေါ်လီတို့အခန်းမှာတော့ ကိုဖေသိန်း ဆေးရုံမှ ပြန်ရောက်လာသည်။ 

ထမင်းစားပြီး ဒေါ်လီက ပြောပြသည်။ 

"ကိုသိန်းရေ ... မိရှယ်လီတော့ ချုံးပွဲချ ငိုနေပြီ"

ဒေါက်တာဖေသိန်းက အံ့အားသင့်သွားသည်။ 

"ဘာဖြစ်လို့လဲ"

"လင်း လေယာဉ်ပျံပေါ်အတက်မှာ သလ်မာပါသွားတာ မြင်လိုက်လို့တဲ့"

"ဘာ မြေထဲက သူနာပြုဆရာမလေးလား"

"ဟုတ်တယ်တဲ့။ ဒေါ်လီကလည်း သားကြီးနေမကောင်းလို့ လိုက်မပို့တော့ မမြင်ရဘူး"

"အို ...သေသေချာချာ စုံစမ်းပါဦး။ ကိုယ်လည်း စုံစမ်းကြည့်ဦးမယ်၊ ဒီကောင်ကလည်း လူကြည့်ရင် အေးစက်စက်နဲ့ ဘယ်လိုလုပ်သွားတာလဲမသိဘူး။ တကယ်မှန်ရင်ပေါ့လေ၊ တခုကလည်း သလ်မာ သူ့ဘာသာ သင်တန်းသွားတက်တာလဲ ဖြစ်နိုင်တယ်။ 

"ဒေါ်လီတို့ ရှယ်လီ့အခန်း ကူးသွားရအောင်လား၊ သူ့ကလေးတွေလည်း သူ့ယောက္ခမကြီးက ခေါ်သွားတယ်"

"ခုအချိန်မှာ အေးအေးဆေးဆေး သူတယောက်တည်းထားလိုက်တာ ကောင်းတယ်။ ကိုသိန်း စုံစမ်းပြီး သေချာမှ ဘာဆက်လုပ်သင့်တယ်ဆိုတာ ဆွေးနွေးရင် ကောင်းမယ်"

ကိုဖေသိန်းစကားကို နားထောင်နေပေမယ့် ဒေါ်လီက ရှယ်လီထံ သွားချင်နေသည်။ 

"ကိုသိန်း ကလေးအနား နေရစ်ဦး။ ဒေါ်လီ ခဏတော့ သူ့အနား သွားလိုက်ဦးမယ်၊ ရှယ်လီစိတ်သက်သာရာရအောင် တခုခုတော့ ပြောဦးမှပေါ့"

ဒေါ်လီက ကိုဖေသိန်းကို ထားခဲ့ကာ ထွက်သွားသည်။ ကိုဖေသိန်းက တယောက်တည်း စဉ်းစားနေရစ်သည်။ 

ရှယ်လီက ဒေါ်လီ့သူငယ်ချင်းဖြစ်သလို လင်းရွှေအောင်က သူ၏ကျောင်းနေဘက်သူငယ်ချင်း။ 

လင်းရွှေအောင်အတွက် သူလည်း စိတ်မကောင်း၊ ရှယ်လီကိုလက်မထပ်ခင်က လင်းနှင့် လက်ထပ်ပြီးသောလင်းက မတူ။ လုံးဝပြောင်းလဲသွားသည်။ 

လင်းနှင့်ဆွေးနွေးခဲ့သော ညတညကို သူ သတိရနေသည်။ 

ရှယ်လီ သူ့ဒက်ဒီရှိရာ နမ္မတူသို့ ပြန်နေတုန်းက တညဦးက လင်းအခန်းသို့ ကူးကာ သူတို့ အရက်သောက်ကြသည်။ လင်းက ဖိတ်ခေါ်၍ဖြစ်သည်။ 

ဣနြေ္ဒရရ အိမ်မှာ အရက်သောက်တတ်သောအကျင့်အတွက် သူငယ်ချင်းကို ကျေးဇူးတင်မိသည်။ ဒါပေမဲ့ လင်းက သောက်လျှင် အလွန်အကျွံသောက်သည်။ သူက ဟန်လောက်ပဲ သောက်သည်။ 

"အရက်သောက်တာလည်း နည်းနည်းလျှော့ဦး လင်း၊ ကိုယ့်ကျန်းမာရေး ကိုယ်ပြန်ထိမယ်၊ မိန်းမပွေတာလည်း သတိထားဦးမှပေါ့"

ကိုဖေသိန်းက အရက်သောက်ရင်း သတိပေးသည်။ 

"သူငယ်ချင်း ... ငါ့ကို ဘာလို့တရားဟောချင်ရတာလဲ၊ လောကကြီးမှာ လူတွေဟာ လိုချင်တာတခုကို ရအောင်လုပ်ကြတယ်၊ ရလာခြင်းရဲ့နောက်ဆက်တွဲအကျိုးကို ရအောင်လုပ်တဲ့လူက ခံရမှာပေါ့"

လင်းက သူ့အဘိဓမ္မာနှင့်သူ ကိုဖေသိန်းကို တရားပြန်ဟောသည်။ 

"ရှယ်လီရော ငါရော လိုချင်တာကို လုပ်တဲ့လူတွေ၊ ရှယ်လီက ငါ့ကိုလိုချင်တယ်၊ ရအောင်လုပ်တယ်။ ငါကလည်း ရှယ်လီရဲ့အတွေ့ကို ပိုသာယာတယ်။ တူးတူးကိုပစ်ပြီး ရှယ်လီကို ယူတယ်။ ဒီကိစ္စမှာ ဘယ်သူမှ တရားခံမဟုတ်။ တို့နှစ်ယောက်လုံး စိတ်တူသဘောတူလုပ်ပြီး တို့နှစ်ယောက်ခံရတာ မင်းအပူမပါပါဘူး ဖေသိန်းရာ"

"ငါ ပူစရာတော့ မရှိဘူးပေါ့ သူငယ်ချင်း။ ဒါပေမဲ့ မင်းက ထင်ရာ စွတ်လုပ်နေတော့ ရှယ်လီမှာ စိတ်လည်း ထိခိုက်တယ်။ မင်းအလုပ်မှာလည်း ထိခိုက်တယ်"

လင်းက ကိုဖေသိန်းစကားကြားတော့ ရယ်သည်။ 

"အလုပ်ထိခိုက်တယ်၊ ငါ့ကို နေရာမပေးချင်လို့ မပေးကြတာပါကွာ၊ လူနာတွေအပေါ် ငါ ဘာတာဝန်မကျေခဲ့သလဲ၊ ပြောစမ်းဖေသိန်း၊ တောင်ပေါ်မြို့မှာ ညနေပိုင်း ငါ GPဆေးခန်းထိုင်ရင် တခါတခါ လူနာတွေ ဆင်းရဲလွန်းလို့ ငါ့အိတ်ထဲကတောင် ငွေထုတ်ပြီး ဆေးကုလာတဲ့အကောင်။ မိဘတွေကလည်း ငါ့ကို လျစ်လျူရှုထားတော့ ဒီတုန်းက ငါ ငွေရေးကြေးရေး သိပ်ကျပ်တည်းခဲ့တယ်။ ငါ ဘော်မချက်ပါဘူး။ ရှိသမျှနဲ့ လူနာတွေကို ငါ ကူညီတာ၊ ချမ်းသာတဲ့လူဆီက ငွေယူပြီး ဆင်းရဲတဲ့လူကို ကုခဲ့တယ်၊ ငါ လူနာအပေါ်မှာ လျစ်လျူရှု တာဝန်မကျေတာရှိရင် ပြောပြ၊ လက်ထောက်ပြ၊ အေး ...မင်းလဲ ဆရာဝန်ပဲ၊ ငါတို့ ဆရာဝန်ဘွဲ့ယူတော့ ကတိသစ္စာခံယူရတယ်လေ။ လူနာအပေါ်မှာ မိမိရင်ဝယ်သားကဲ့သို့ ပြုစုစောင့်ရှောက် ကုသပါမည် ဆိုတာ၊ ပြီးတော့ လူနာရဲ့လျှို့ဝှက်ချက်တွေကို မည်သူ့ကိုမျှ မပေါက်ကြားရဘူးဆိုတာ၊ သစ္စာပြုရတယ်လေ၊ ငါ တတ်သလောက် မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ပြတာ သူငယ်ချင်း။ တို့ ကတိသစ္စာခံယူတဲ့အထဲမှာ လူနာအပေါ်မှာသာ သစ္စာရှိရမယ်ပြောတာ။ မိန်းမအပေါ်မှာ သစ္စာရှိရမယ်လို့ မပါဘူး ...ဟဲ ...ဟဲ ..."

အရက်မူးမူးနှင့် ပြောပေလို့သာ၊ 

ကပ်သီးကပ်သပ် လင်း၏စကားကို ကိုဖေသိန်းက စိတ်ပျက်လာသည်။ လင်းပြောတာ တစိတ်တပိုင်းမှန်သည်။ လူနာနှင့်ပတ်သက်လို့တော့ လင်း ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပြုစုသည်။ ချွတ်ယွင်းချက်မကြားခဲ့ရ။ 

"ငါက သူငယ်ချင်းအနေနဲ့ သတိပေးတာ လင်း၊ မင်း လူနာတွေအပေါ် ဂရုစိုက်သလို ရှယ်လီအပေါ်လည်း ဂရုစိုက်မှပေါ့၊ မင်းက အဆန်းပဲ၊ ငါကြားဖူးတာ တစ်မြစ်ရိုးလုံးနောက်သော်လည်း သောက်ရေအိုးကြည်ရင် ပြီးရောတဲ့။ မင်းကတော့ တစ်မြစ်ရိုးလုံးကြည်ပြီး သောက်ရေအိုးကျမှ ကွက်နောက်တယ်ကွာ"

ကိုဖေသိန်းပြောသည်ကို ရုတ်တရက် ပြန်မဖြေ။ လင်းက အရက်စုပ်ယူကာ ဇိမ်ခံသောက်နေသည်။ ပြီးမှ တဖြည်းဖြည်း ပြောသည်။ 

"မင်လည်း နားမလည်ပါဘူးဖေသိန်း၊ ငါ့ဝေဒနာကို ဘယ်သူမှ နားမလည်ဘူး။ ငါလည်းမပြောချင်ဘူး။ ငါ့ရင်ထဲက နောင်တကို ငါ မချေဖျက်နိုင်ဘူး။ ဘာနောင်တလဲဆိုတာ မင်းမေးဖို့မလိုဘူး။ ရှယ်လီအတွက်တော့ကွာ မင်းပြောသလို တစ်မြစ်ရိုးလုံး ကြည်နေပါလျက်နဲ့ သူ့သောက်ရေအိုးကို ခပ်ရာမှာ ရေနောက်ပါလာတယ်ဆိုတော့ သူ့ကံတရားပေါ့၊ တော်ပြီ သူငယ်ချင်း၊ ထပ်ပြီးပြောမယ်။ ငါ့ကိုတရားမပြနဲ့၊ ငါဟာ ဆရာဝန်ကောင်းတယောက် ဖြစ်ကောင်းဖြစ်ပေမယ့် လင်ကောင်းတယောက်တော့ မဖြစ်ဘူး"

လင်းရွှေအောင်နှင့် သူ နှစ်ယောက်တည်းသောက်ကြသော အရက်ပွဲမှာ လင်း၏ပြောစကားကို ကိုဖေသိန်း သတိရသည်။ 

ရှယ်လီပြောသလို သလ်မာကို အင်္ဂလန်ကို ခေါ်သွားသည်ဆိုသည်မှာ ဖြစ်နိုင်ချေရှိသည်။ တဘက်ခန်းတွင် ဒေါ်လီကတော့ ရှယ်လီစိတ်သက်သာအောင် မည်သည့်စကားလုံးများနှင့် နှစ်သိမ့်နေသည်မသိပါ။ 

ဆက်ရန်
-----------------------------
ခင်နှင်းယု

Post a Comment

0 Comments