မြကြာဖြူ - ခင်နှင်းယု အပိုင်း (၂၀)

မြကြာဖြူ (ခင်နှင်းယု)
_______________

အပိုင်း (၂၀)

ထိုညနေက အိမ်အပြန်မှာ သူ့သားနှင့်သမီးကို ပြောရသည်။ 

"ကုန်သွယ်ရေးအခြေအနေတွေ ပြောင်းသွားတာ သားနဲ့သမီးလည်းအသိပဲ။ မာမီ့မှာ စုထားတဲ့ငွေ အနည်းအကျဉ်းတော့ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းတွေက ဘယ်တော့မှ စရမယ်မသိဘူး။ လောလောဆယ်ဆယ် ချွေတာသုံးဖို့လိုတယ်။ ဒီတော့ ကုန်ကျစရိတ်တွေ လျှော့ချတဲ့အနေနဲ့ မာမီ ဟံအေးတို့ကိုလည်း အလုပ်ဖြုတ်လိုက်ချင်တယ်။ သူတို့အတွက် အရင်းအနှီးလေးပေးပြီးတော့ပေါ့။ ကားလည်း ရောင်းလိုက်ချင်တယ်"

အင်နီက မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ငြိမ်သက်စွာ နားထောင်နေရာမှ အားတက်လာဟန်နှင့် စကားစသည်။ 

"မာမီ ကားရောင်းချင်ရောင်းပါ၊ သမီး ခြေလျင် ကျောင်းတက်နိုင်တယ်၊ ဝင်ငွေအတွက်လည်း မပူပါနဲ့၊ သမီး ဆရာမအလုပ်ရပြီပဲ၊ ပဝါလေး လက်ကိုင်အိတ်ထဲ ထည့်ယူသွား၊ လမ်းလျှောက်သွားမယ်။ ကျောင်းမှာ ကလပ်စ်တက်တော့မှ ပဝါခြုံရတာပဲ။ ဣနြေ္ဒမပျက်ပါဘူး။ ဘတ်စ်ကားနဲ့ ကျောင်းတက်နေတဲ့ဆရာမတွေ ပြည့်လို့၊ သမီးတို့အိမ်နဲ့ကျောင်းက မဝေးပါဘူး"

ရှယ်လီမှာ အင်နီ့စကားနားထောင်ရင်း အံ့အားသင့်သွားသည်။ အေးတိအေးစက်ပျော့နွဲ့နွဲ့မိန်းကလေးက သူထင်သလိုမဟုတ်။ ဖြစ်လာသောအခြေအနေကို ရင်ဆိုင်တတ်ပေသားပဲ။ 

ဂျင်မီကတော့ ကားရောင်းဖို့ကို ကန့်ကွက်သည်။ 

"ကိုဟံအေးတို့တာဝန် မာမီမယူနိုင်တဲ့အတွက် သူတို့ကို အလုပ်ဖြုတ်တာတော့ မာမီ့သဘောပါ။ သူတို့ သင့်တော်တဲ့အလုပ် လုပ်နိုင်ဖို့တော့ မာမီ အရင်းအနှီး ထုတ်ပေးသင့်တယ်။ ကားကိုတော့ မရောင်းပါနဲ့၊ မာမီရော သားရော မောင်းတတ်တာပဲ၊ သားလည်း အလုပ်ရမှာပါ မာမီ၊ သားတို့မိသားစု စားဖို့မပူရပါဘူး"

"မာမီကလည်း အခြေနေကိုရှင်းပြတာ၊ တချို့အမေတွေက သားသမီးကို သူတို့အဖေတွေရှိသလို ထားနိုင်ရမယ်ဆိုတာ ဂုဏ်ယူပြီး ကိုယ့်အခြေအနေကို ဖုံးဖိပြီး အဝတ်အစား အနေအထိုင် အသုံးအစွဲမှာ သားသမီးကို အလိုလိုက်ပြီး ငွေကို သုံးစွဲစေတယ်၊ မာမီကတော့ ဒီလိုမျိုး အလိုမလိုက်နိုင်ဘူး။ မာမီ့ရဲ့စီးပွားရေးအခြေအနေမှန်ကိုတော့ သားတို့ကို အသိပေးရမယ်၊ ဒီအိမ်ကိုမပြောင်းခင်က မာမီပြောခဲ့ဖူးတယ်။ တို့အိမ်လေးနဲ့ သီသန့်နေရအောင် ကြိုးစားရမယ်လို့ပြောခဲ့ပေမယ့် အခုမာမီ့မှာ တောင်အတက် 
လှည်းစီးခုံးပြတ်သွားပြီ။ ဒီအတွက် ဝမ်းနည်းစရာမရှိဘူး။ စိတ်ဓာတ်ကျစရာမရှိဘူး။ တနေ့နေ့တော့ အလုပ်တခုခုပေါ်လာမှာပဲ၊ သားတို့သာ အလုပ်ကြိုးစားလုပ်ပါ။ အခု ပညာပြည့်စုံကြပြီ။ နေဖို့ အိမ်တလုံးရအောင် ကြိုးစားရမှာပဲ။ အဘိုးအဘွား အားကိုးရပေမယ့် သူတို့က အိုမင်းလာပြီလေ"

သားနှင့်သမီးသည် သူ့အစီအစဉ်ကို လက်ခံသွားကြသည်။ ကားကိုတော့ မရောင်းပါ။ ယောက္ခမကြီးကလည်း ဆိုင်ခန်းများကိုမရောင်းဘဲ ဒီအတိုင်း မှေး၍သွားပါ ဟု ဆိုသည်။ 

"တနေ့နေ့ ကုန်သွယ်ရေးအခြေအနေပြောင်းလဲလို့ လွတ်လပ်ခွင့်ရလာရင် တို့ဆိုင်တွေ တန်ဖိုးရှိလာမှာ၊ ကိုယ်တယောက်တည်းဖြစ်တာမှမဟုတ်ဘဲ ရှယ်လီ"

သူ့ယောက္ခမကြီးက အားပေးပါသည်။ ဦးရွှေဇံအောင်သည် ကုန်သွယ်ရေးမှာ အမြော်အမြင်ကြီးသူတယောက်၊ သူ့ကို အကြံဥာဏ်ကောင်းပေးနိုင်သည်။ ဟန်မပျက်ဆိုင်ထွက်နေပေမယ့် ခါတိုင်းလို နေ့စဉ်မသွားတော့။ နှစ်ရက် သုံးရက်ကြာမှ တခါလောက်သွား၍ ဆိုင်ထိုင်သည်။ 

မခင်မေတော့ ယမုန်နာစားသောက်ဆိုင်မှ အရှိန်ရလာပြီ။ မေ ထမင်းသုပ်ဆိုင်ဟူ၍ ဆိုင်းဘုတ်လေး တင်ထားသည်။ ရှယ်လီ ပထမဆုံး သွားရောက်လည်ပတ်စဉ်က မိသားစု ဝမ်းသာအားရဆီးကြိုကာ ရှယ်လီ့ကို ကျွေးမွေးသည်။ ရှယ်လီပေးသော ဝတ်စုံနှင့် မခင်မေသည် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်လေး ဝတ်ထားသည်။ ထမင်းသုပ်ရောင်းသောဆိုင်ကို ပြင်ထားသည်က စားချင်စဖွယ်။ ဇာလွှာပါးလေးများ ယင်မနားအောင် အုပ်ထားသည်။

ရှယ်လီတောင် ဆိုင်ခန်းတခန်းယူကာ ယောက္ခမကြီးထံက ချက်နည်းသင်၍ ရခိုင်မုန့်တီ ရောင်းရကောင်းမည်လား စဉ်းစားမိသည်။ နေ့စဉ် ဝင်ငွေက လိုသည်။ ဒေါ်လီကလည်း ရန်ကုန်ပြန်ရောက်ပြီဖြစ်၍ တနေ့နေ့ သွားတွေ့၍ တိုင်ပင်ဦးမည်ဟု စိတ်ကူးထားသည်။ 

တညနေ ဆိုင်ကပြန်တော့ "ဘိုးဘိုးက ညစာစားပြီးရင် စာဖတ်ခန်းထဲ လာခဲ့ပါတဲ့ မာမီ"ဟု ဂျင်မီက ဆီးကြိုပြောသည်။ 

ညဘက် စာဖတ်ခန်းထဲဝင်သွားတော့ သူ့တယောက်တည်းကို ဒက်ဒီခေါ်ထားသည်မဟုတ်။ မာမီပါရှိနေသည်။ မကြာခင် အင်နီရော ဂျင်မီပါ ဝင်လာသည်။ ဒက်ဒီတို့နှင့် မျက်နှာချင်းဆိုင် စားပွဲတဖက်မှာ သူတို့မိသားစု ထိုင်ကြရင်း ဒက်ဒီဘာပြောမည်ကို သူတို့မိသားစု မျှော်လင့်နေသည်။ 

"ဒက်ဒီ ရှယ်လီ့ကို တိုင်ပင်ချင်လို့၊ ဂျင်မီလည်း သိရအောင် အားလုံးကိုခေါ်လိုက်တာ၊ မိသားစု စုစုဝေးဝေး တိုင်ပင်ဆွေးနွေးရတာပေါ့"

ရှယ်လီက စိတ်အားထက်သန်လာသည်။ ဂျင်မီနှင့် အင်နီကလည်း သိလိုစိတ်စောနေသော မျက်နှာထားလေးများနှင့် ဘိုးအေကို ကြည့်နေသည်။ 

"ဂျင်မီ ဆယ်တန်းအောင်ကတည်းက သားကို ဘိုးဘိုးက အင်္ဂလန်လွှတ်ပြီး စာသင်ပေးချင်တာ။ ရှယ်လီ့သားက အရွယ်ငယ်သေးတော့ မြန်မာပြည်မှာပဲ ဆရာဝန်ဖြစ်အောင် သင်စေချင်တယ်။ ဘွဲ့လွန်ကျမှ အင်္ဂလန်လွှတ်ပါလို့ ပြောခဲ့တယ်၊ ဟုတ်တယ်မို့လား ရှယ်လီ"

"ဟုတ်ပါတယ် ဒက်ဒီ"

ရှယ်လီက ဖြေလိုက်၏။ 

"အခု ငါ့သား ဆရာဝန်ဘွဲ့ရပြီ၊ အစိုးရအလုပ်ကို မဝင်ပါနဲ့ဦး။ လျှောက်လွှာမတင်နဲ့ဦး၊ ဘွဲ့လွန်တခုခုယူဖို့ အင်္ဂလန်သွားဖို့ စဉ်းစားပါ။ ဘိုးဘိုး အားလုံးစီစဉ်ထားတယ်"

ရှယ်လီ့ရင်ထဲမှာတော့ ဒက်ဒီ့စကားကြားရ၍ ဝမ်းသာဝမ်းနည်းဖြစ်သွားသည်။ ဂျင်မီကတော့ လူငယ်ပီပီ ဝမ်းသာသွားသည်။ 

"ဘိုးဘိုး တခုပြောချင်တာက သား ဟိုမှာ ဘိုလေးစံထွန်းလှအောင်နဲ့အတူနေရမှာပါ၊ မင်းဒက်ဒီ လင်းရွှေအောင်က ပထမ ဆွမ်းဆီးပြောင်းရတယ်၊ ဆွမ်းဆီးကနေ အီဒင်ဗာရာကို ပြောင်းရတယ်၊ အခု ဆွမ်းဆီးဆေးရုံကို ပြန်လျှောက်ထားတယ်ဆိုတယ်။ ဒက်ဒီ့ဆီကိုလည်း သွားရောက်လည်နိုင်တယ်၊ သွားတွေ့နိုင်ပါတယ်"

ဒက်ဒီက ခေတ္တစကားရပ်ထားလိုက်၏။ 

သက်ပြင်းချလိုက်ကာ ပြောရမှာ စိတ်မကောင်းနေပုံရသည်။ ပြီးတော့မှ တလုံးချင်း ဆက်ပြောသည်။ 

"ဘိုးဘိုးရဲ့သား လင်းရွှေအောင်ဟာ လူတော်တယောက်၊ ဒါပေမဲ့ လူကောင်းတယောက် သူ မဖြစ်လာခဲ့ဘူး။ သူပြန်လာဖို့ အစီစဉ်မရှိတော့ဘူးလေ။ ဘိုးဘိုးတို့ သူ့ကို လက်လွှတ်လိုက်ရပြီ၊ သား အင်္ဂလန်ရောက်ရင် သားဒက်ဒီနဲ့တွေ့ပါ။ ဒါပေမဲ့ ဒက်ဒီလိုတော့ အရက်ကို အလွန်အကျွံမသောက်စေချင်ဘူး။ ဘိုးဘိုးဟာ ဆန်ကုန်သည်ကြီးအဖြစ် စတီးလ်ဘရားသားနဲ့ ဆက်ဆံလာကတည်းက နိုင်ငံခြားသားတွေ ဧည့်ခံရင် အရက်သောက်တတ်ပါတယ်။ ဒါပေမဲ့ ဘိုးဘိုးက မှန်မှန်သောက်တယ်၊ အချိန်အဆရှိလို့ မင်းတို့ဘွားဘွားကိုယ်တိုင် ဘိုးဘိုးကို ခွင့်ပြုခဲ့တယ်။ အရက်ဟာ ဘိုးဘိုးတို့အိမ်ထောင်ရေးကိုရော ကျန်းမာရေးကိုရော မထိခိုက်ခဲ့ဘူး။ အရက်ကို သောက်ပါ။ ဘိုးဘိုးက မကန့်ကွက်ဘူး။ ဟိုမှာက အေးပါတယ်၊ ဒါပေမဲ့ မင်းဒက်ဒီ ...."

အဘိုးကြီးသည် စကားပြောရင်း ဆို့နင့်လေသံနှင့် ဆက်ပြောသည်။

"မင်းဒက်ဒီလိုတော့ ဘဝပျက်အောင် မသောက်ပါနဲ့"

ရှယ်လီပြောချင်သောစကားများ၊ သူ မပြောရက်သောစကားများကို ဘိုးဘိုးက သူ့မြေးများကို ပြောပြနေသည်။ ကလေးများသည် သူတို့ဖခင် ဘဝပျက်သည်အထိ အရက်သောက်နေပြီ သိရတော့ မျက်နှာများ ညှိုးငယ်သွားသည်။ သူတို့ဖခင် ဘယ်လိုအခြေအနေရောက်နေပြီလဲ သိချင်သောစိတ်လေးများမှာ သူတို့မျက်နှာမှာ ပေါ်နေသည်။ အထူးသဖြင့် အင်နီ ခေါင်းလေးငုံ့ကာ လက်များကို ဆုပ်နယ်နေပေမယ့် သူ့မျက်လုံးမှာ မျက်ရည်တွေ ဝိုင်းနေမှာပါ။

"နောက်တခု ဘိုးဘိုးပြောချင်တယ်၊ သား ပါရဂူဘွဲ့ယူပြီးရင် မြန်မာပြည်ပြန်လာပါ။ ဘိုးဘိုးတို့ ဆွေစဉ်မျိုးဆက် အင်္ဂလန်သွားပညာသင်ကြတာများတယ်။ ဝတ်လုံဘွဲ့ ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့တွေ ယူလာခဲ့တယ်။ ဘိုးဘိုးသား အကြီးနှစ်ယောက် မင်းရွှေအောင်နဲ့ ထွန်းရွှေအောင်တော့ အင်ဂျင်နီယာ ပညာသွားသင်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်တယ်။ နှင်းကျော့ခိုင်ကတော့ လင် အလုပ်သွားလုပ်လို့ ပါသွားရတာ။ ဘိုဘိုး သူတို့အားလုံးကို ကတိတောင်းထားတယ်။ လုပ်ခကြေးငွေ ပိုရလို့ ဝမ်းစာအတွက် တနိုင်ငံကို သွားလုပ်ရပေမယ့် တနေ့ မြန်မာပြည်ပြန်လာရမယ်လို့ တိုက်တာကြီးတွေနဲ့ ခမ်းခမ်းနားနားနေရပေမယ့် တကယ့်ရေကြည်ရာမြက်နုရာ စိတ်အေးချမ်းမှုရနိုင်တဲ့အရပ်ကတော့ ကိုယ့်မြန်မာပြည်ပဲလို့ထင်တယ်၊ နေကြည့်တော့ သိကြတာပေါ့လေ။ ဘိုးဘိုးအကိုတွေ အမျိုးတွေလည်း ပညာသာသွားသင်တယ်၊ အားလုံး မြန်မာပြည်ပြန်လာတယ်၊ လင်းရွှေအောင်တယောက်ကိုတော့ ဘိုးဘိုး ဆုံးရှုံးရပြီပေါ့"

ဘိုးဘိုး၏ဝမ်းနည်းသံသည် ငြိမ်သက်တိတ်ဆိတ်ခြင်းကို ပို၍ နက်ရှိုင်းသွားစေသည်။ 

"နိုင်ငံခြား သွားအလုပ်လုပ်တဲ့ သားသမီးတွေအားလုံးကို ဘိုးဘိုး တိုက်တလုံးစီ ဝယ်ပေးထားတယ်။ ဒါပေမဲ့ မြန်မာပြည်လာမှ သူတို့ကို အမည်တရားဝင်လွှဲပြောင်းပေးမယ်၊ သူတို့ပြန်မလာရင် ဘိုးဘိုးရဲ့အမွေကို ဆက်ခံနိုင်ခွင့် မရတော့ဘူးပေါ့။ ဘိုးဘိုးမသေခင် အားလုံး လှူပစ်မယ်၊ သားဂျင်မီ ဘိုးဘိုးပြောချင်တယ်၊ တချိန်က အင်္ဂလိပ်လူမျိုးဟာ ဘိုးဘိုးတို့တိုင်းပြည်ကို ကျွန်အဖြစ် သိမ်းပိုက်ခဲ့သူတွေ၊ အခုချိန်မှာ ဘိုးဘိုးတို့ လွတ်လပ်ပြီ။ သူတို့ကို အင်မတန် နာကျည်းခဲ့ပေမယ့် သိပ္ပံပညာရပ်တွေမှာ တို့ထက် သူတို့တော်တာတွေ ရှိတယ်။

နည်းယူစရာကောင်းတဲ့ စည်းကမ်းထိန်းသိမ်းမှုရှိတာတွေ သူတို့မှာ ရှိနေတယ်။ အဲဒါတွေကို ငါတို့ သင်ကြားရမယ်၊ ရယူရမယ်၊ ရလာတဲ့ပညာနဲ့ ကိုယ့်တိုင်းပြည်ပြန်လာပြီး ဒီပညာတွေ ကိုယ့်လူမျိုးကို ပေးပါ။ နောက်ဆုံး ဘိုးဘိုးပြောချင်တာက သားတို့တာဝန်ကို ဘိုးဘိုး ဝတ္တရားမပျက်ယူခဲ့တယ်၊ သားရဲ့လွတ်လပ်ခွင့်ကိုလည်း ဘိုးဘိုး မချုပ်ချယ်ခဲ့ဘူး၊ ဘိုးဘိုးရဲ့ကျေးဇူးတရား ပြန်ဆပ်ချင်တယ်ဆိုရင်သာ မြန်မာပြည်ပြန်လာမှ မြန်မာအမျိုးသမီးကို လက်ထပ်ပါ၊ ဒါတခုတော့ ဘိုးဘိုးချုပ်ချယ်ပါရစေ၊ သို့သော် လွတ်လပ်စွာ သားစိတ်ကြိုက်ရွေးခွင့်တော့ ဘိုးဘိုးပေးပါမယ်၊ ကဲ ဒါပါပဲ၊ ရှယ်လီရော သားတို့ရော သွားနိုင်ပြီ"

သားအမိသုံးယောက် အဘိုးနှင့်အဘွားကိုနှုတ်ဆက်ကာ ရှယ်လီ့အိပ်ခန်းကို တက်လာကြသည်။ ရှယ်လီသည် သူ့ခုတင်ပေါ် ပစ်ထိုင်လိုက်၍ အင်နီက သူ့အမေနားတိုးကပ်ကာ လဲလျောင်းရင်း လက်တဖက် ရှယ်လီ့ကိုဖက်ထားကာ မျက်နှာကို ခေါင်းအုံးနှင့် ကပ်ထားသည်။ ဂျင်မီကတော့ ရှယ်လီ့ဘေး ခုတင်ပေါ်မှာ ထိုင်လိုက်သည်။ အမေ့လက်ကို တယုတယ ဆုပ်ကိုင်ထားသည်။ သူတို့ သုံးယောက်စလုံး ကိုယ်ပိုင်ခံစားချက်တွေကိုယ်စီနှင့် ခေတ္တတော့ တိတ်ဆိတ်နေသည်။

"မာမီ ဘိုးဘိုးက ဘာဖြစ်လို့ ဒက်ဒီ့ကို ဘဝပျက်ပြီ ပြောတာလဲ၊ ပြီးတော့ ဒက်ဒီ့ကိုဆုံးရှုံးရပြီတဲ့"

ဂျင်မီက ငြိမ်သက်ရာမှ မေးခွန်းမေးလိုက်သည်။ ရှယ်လီ ရုတ်တရက်မဖြေနိုင်သေး။ 

"တကယ်တော့ ဒက်ဒီဟာ ဘိုးဘိုးပြောသလို မြန်မာပြည်ကိုပြန်မလာတော့ဘူးလား မာမီ"

မျက်နှာ ခေါင်းအုံးအပ်ထားသော အင်နီက မျက်နှာလှည့်လိုက်ကာ မျက်ရည်စက်လက်နှင့် စိတ်ဝင်တစားမေးလာရုံမက ဆက်၍ သူ စကားတွေပြောလာသည်။ 

"ဟိုတုန်းက ဒက်ဒီ နိုင်ငံခြားသွားစက ဒက်ဒီ့အကြောင်း မာမီ့ကို ဘာမှမမေးရဘူးလို့ ဘိုးဘိုးဘွားဘွားတို့ ပြောထားလို့ အင်နီတို့ မာမီ့ကို ဘာမှမမေးဘူး။ အဲဒါ ဒက်ဒီ့အကြောင်းမေးရင် မာမီစိတ်ထိခိုက်စရာ ဘာရှိလို့လဲ"

စကားနည်းပါသည်ဆိုသောသမီးက ရှည်လျားသောမေးခွန်းကြီး မေးလာပြီ။ ရှယ်လီဖြေရတော့မည်။ သူ့အဖြေသည် သားတို့သမီးတို့ စိတ်ထိခိုက်စရာလည်း မဖြစ်စေရ၊ လင်း၏ဂုဏ်သိက္ခာကို ထိခိုက်ခြင်းမရှိအောင် သူ ဖြေဆိုရမည်။ 

သလ်မာနှင့် ထွက်သွားကတည်းက လင်းပြန်လာဖို့ မျှော်လင့်ချက်သိပ်မထားခဲ့သော သူတောင်မှ ယောက္ခမကြီးထံမှ ပြတ်ပြတ်သားသားပြောကြားချက်ကို ကြားရသောအခါ စိတ်ထိခိုက်ရပါသေးလျှင် နှလုံးသားနုနယ်သော သားနှင့်သမီး၏ခံစားရချက် မည်မျှပြင်းထန်မည်ကို သူ နားလည်ပါသည်။ အထူးသဖြင့် အုံ့ပုန်းပူ ပူတတ်သော သမီးနှလုံးသားတို့ နာကျင်ခြင်းမဖြစ်စေလိုပါ။ 

"သားရယ်... ဘိုးဘိုးက အရက်အလွန်အကျွံသောက်တာကို မကြိုက်ဘူးမို့လား၊ အရက်ဆိုတာ အလွန်အကျွံသောက်ရင် ဘယ်သူ့ကိုဖြစ်ဖြစ် ထိခိုက်တာပဲ၊ အင်္ဂလန်ကလည်း အေးတော့ ဒက်ဒီ အရက်ပိုသောက်တာကို ဘိုးဘိုးက သိမှာပေါ့။ အရက်က နိုင်လာတော့ လူကိုထိခိုက်လာမှာ ဘိုးဘိုးက စိုးတယ်၊ ဘဝပျက်ပြီဆိုတာ သူ့သားကို သူ ကရုဏာဒေါသော ပြောခဲ့တာပါ။ သားတို့ဒက်ဒီ အခု ဆွမ်းဆီးဆေးရုံမှာ အလုပ်လုပ်နေတာ လူကောင်းတယောက်ဖြစ်နေလို့ပေါ့။ မာမီထင်တာတော့ ဟိုမှာ လခလည်း ကောင်း၊ မင်းတို့ဒက်ဒီပညာနဲ့ အခွင့်အရေးပိုရလို့ လန်ဒန်မှာ အလုပ်ဆက်လုပ်နေတာထင်တယ်။ လောလောဆယ်ဆယ် ပြန်မလာလို့ ဘိုးဘိုးက စိတ်ဆိုးတာဖြစ်မယ်"

ရှယ်လီသည် သမီးကို ပြန်၍ဖက်လိုက်သည်။ သားနှင့်သမီးက တိတ်ဆိတ်နေသည်။ 

"အခု သားကို ဘိုးဘိုးတို့လွှတ်လို့ အင်္ဂလန်သွားရရင် ဒက်ဒီနဲ့တွေ့မှာပဲ၊ အခြေနေမှန်ကို သိရမှာပေါ့။ ဘာပဲပြောပြော သားကိုမြင်ရရင် မြန်မာပြည်ကို သူ ပြန်လာချင်မှာပေါ့၊ မာမီပြောချင်တာက သားရောသမီးရော စာမေးပွဲမကျတာ စာတော်တာတွေဟာ ဒက်ဒီ့သွေးပါလို့ပေါ့။ ဒက်ဒီဟာ လူတော်တယောက်၊ အင်္ဂလန်မှာတောင် အမှတ်ကောင်းကောင်းနဲ့ ပါရဂူဘွဲ့ရတာ။ အရက်ဆိုတာကတော့ လူသားကို ဒုက္ခပေးတတ်တာကိုး၊ ဒါကြောင့် ဆင်ခြင်ဖို့ သားကို ဘိုးဘိုးက ပြောတာပါ"

ရှယ်လီက ပင့်သက်ရှူလိုက်၏။ 

"တခုကလည်း ဒက်ဒီ ဘယ်မှာပဲနေနေ ဒက်ဒီ့အရှိန်အဝါကို သားတို့ မာမီတို့ ခိုလှုံနေရတာပဲ။ ဟုတ်တယ်မို့လား။ ဆေးရုံအိမ်က ပြောင်းရမယ်ဆိုတော့ မာမီ့မှာ စုပြီးဆောင်းပြီးလည်း မရှိဘူး။ အိမ်တခန်းငှားနေဖို့ စပေါ်တင်စရာတောင် ငွေမရှိဘူး၊ ဘိုးဘိုးက သူ့သားရဲ့သွေးတွေဆိုပြီး သားတို့နဲ့မာမီ့ကို သူ့အိမ်ပြောင်းခိုင်းပြီး နေခိုင်းတာ၊ ဒက်ဒီ့အရှိန်အဝါကြောင့်ပေါ့၊ သားတို့မှာ ဘာပဲပြောပြော တိုက်နဲ့ခြံနဲ့ ဝန်းနဲ့နေရတာ၊ ဘိုးဘိုးဟာ သူ့သားကို စိတ်မပြတ်လို့သာ တို့ကိုကြည့်ရှုတာပေါ့"

အင်နီ့ရင်ထဲမှာတော့ ရှယ်လီဖြေသမျှသည် ဒယ်ဒီပြန်မလာခြင်းအကြောင်းနှင့် ဘာမှမဆိုင်ဟု ထင်သည်။ မာမီသည် တကွက်မြုပ်ထားသည်ကို သူ ဆရာမတယောက်ပဲ သိပါသည်။ ဒါပေမဲ့ သူ့ထုံးစံ ဘာမှပြန်မမေးဘဲ ငြိမ်သက်စွာ နားထောင်နေသည်။ 

"ဘိုးဘိုးတို့တိုက်ကို ပြောင်းမလာခင်တရက်က သားနဲ့သမီးကို မခင်မေအိမ်ခေါ်သွားတာ သားတို့ မှတ်မိလား၊ ကမ်းနားလမ်းက ပလက်ဖောင်းပေါ်ကအိမ်"

ဂျင်မီက ခေတ္တစဉ်းစားနေပြီးမှ "မှတ်မိတယ် မာမီ"ဟု ဖြေသည်။ 

"တွေ့လား၊ အိမ်တအိမ်နဲ့ နေနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သားတို့ကို မာမီပြချင်လို့၊ ပြီးတော့ ပညာသင်ကြားဖို့ဆိုတာလည်း မခင်မေသား မောင်တင်ဖေမှာ ကျောင်းအားချိန် သင်္ဘောဆိပ် စျေးရောင်းရတယ်၊ သူ့အဖေကလည်း ကူလီထမ်းရတယ်၊ သားတို့မှာ ဒက်ဒီ့အရှိန်နဲ့ ဘိုးဘိုးဘွားဘွားတွေက ဂရုတစိုက် ပညာသင်ပေးတာ သားတို့ ဘယ်လောက်ကံကောင်းလဲ။ အိမ်တခုရဖို့၊ ရှောရှောရှူရှူ ပညာသင်ရဖို့ဆိုလည်း အခွင့်အရေးရဖို့ဟာ မလွယ်ဘူး။

ဒက်ဒီ့အရှိန်အဝါ၊ ဒက်ဒီ့အပေါ် ဘိုးဘိုးတို့သံယောဇဉ်ကြောင့် ဒီတိုက်ကြီးနဲ့ မာမီတို့သားအမိတတွေ နေရတာ။ နို့မို့ရင် မခင်မေတို့လို ပလက်ဖောင်းပေါ် ရောက်ချင်ရောက်သွားမှာ။ ဒက်ဒီ့ကျေးဇူးတရားကို ခံစားရတာကိုက သားတို့ကံကောင်းတယ်လို့ ဆိုရမယ်၊ မာမီဆိုလိုတာက ကံကြမ္မာအထောက်အပံ့ရတဲ့အခိုက် ဒီအခွင့်အရေးကို ရယူဖို့ကြိုးစားရမှာက သားတို့သမီးတို့တာဝန်ပဲ"

ဂျင်မီက ပြတင်းအပြင်ကို ငေးနေသည်။ အင်္ဂလန်ပညာတော်သင်သွားရ၍ ဝမ်းသာရမည့်အစား သူ ဝမ်းနည်းနေသည်။ အင်နီကတော့ ခြင်ထောင်အမိုးကို မော့ကြည့်နေသောမျက်ဝန်းမှာ မျက်ရည်စတွေနှင့်။ 

ရှယ်လီလည်း အတတ်နိုင်ဆုံးစကားတွေနှင့် သူတို့ဖခင်အပေါ် ကလေးတွေ အထင်မသေးအောင် သူ ကြိုးစားပြောပြသည်။ 

"တခုကလည်း စိတ်ကောင်းရှိဖို့က ပထမဆိုတဲ့စကား၊ မာမီတို့ငယ်ငယ်က မာမီ့အမေ သားတို့ဘွားဘွားက ပြောခဲ့ဖူးတယ်၊ သူတို့ကိုးကွယ်တဲ့ဆရာတော်ဘုရားက သူ့ကို သင်ထားတာ၊ ဒက်ဒီဟာ အရက်သောက်တာတော့မှန်တယ်၊ ဒါပေမဲ့ စိတ်ကောင်းရှိတဲ့လူတယောက်ဖြစ်တယ်။

နယ်မှာ တာဝန်ကျလို့ ဆေးရုံမှာလုပ်ရင်း ဆေးခန်းဖွင့်တုန်းကဆို ဆင်းရဲသားလူနာတွေဆို ဒက်ဒီဟာ ငွေမယူပဲ ဆေးကုပေးရုံမဟုတ်၊ ထမင်းလည်းကျွေးတယ်၊ ငွေရေးကြေးရေးပါ ကူညီတယ်၊ ငွေကို ဦးစားပေးတဲ့ဆရာဝန်တယောက်မဟုတ်လို့ မာမီတို့မချောင်လည်ခဲ့ပါဘူး။ သားတိုဒက်ဒီဟာ စိတ်ကောင်းရှိတဲ့လူတယောက်ပါ။ သူ အရက်သောက်လို့ စိတ်ကောင်းမရှိဘူးလို့တော့ မပြောနိုင်ဘူး"

ရှယ်လီ ဒါပဲ ပြောနိုင်သည်။ မိန်းမနှင့်ပတ်သက်၍ လင်း၏အိမ်ထောင်ရေးဖောက်ပြန်မှုတော့ သားသမီးများ သူတို့အလိုအလျောက် သိချင်သိပါစေ၊ သူတို့ဖခင်အကြောင်းကို ရှယ်လီ့နှုတ်ကတော့ ဖွင့်ဟပြောမည်မဟုတ်။ သူ့အဖြေသည် သားသမီးတို့စိတ်ကို ကျေနပ်နှစ်သိမ့်မှု ပေးချင်မှ ပေးလိမ့်မည်။ ဒါပေမဲ့ သူ အစွမ်းကုန် ဖြေနိုင်သမျှတော့ ဖြေပြီးပြီ။

"ကဲ သားတို့ ... ဒေါ်လီ ရန်ကုန်ရောက်ကတည်းက မတွေ့ရသေးဘူး။ ဒေါ်လီ့ဆီ ဖုန်းဆက်လိုက်ဦးမယ်။ သားတို့လည်း ရောက်ဖူးအောင် နက်ဖြန် မခင်မေဆိုင် သွားမယ်"

ရှယ်လီသည် စကားကြောင်းပြောင်းလိုက်သည်။ 

"မခင်မေဆိုင် ဘာလုပ်မလို့လဲ မာမီ"

ဂျင်မီက မေးလိုက်၏။ 

"မခင်မေတို့ ကွက်သစ်တွေရော ပလက်ဖောင်းအိမ်တွေရော ဖျက်ရလို့ တောင်ဥက္ကလာအစွန်ကို ပြောင်းသွားရတယ်၊ ဟိုနေ့က မာမီ့ကို လာတွေ့လို့ သူ စျေးရောင်းချင်တာနဲ့ မာမီ အရင်းထုတ်ပေးတာ အခု ယမုန်နာစားသောက်ဆိုင်ရုံထဲမှာ ဆိုင်တဆိုင်ဖွင့်ပြီး ထမင်းသုပ်ရောင်းနေတယ်၊ နက်ဖြန် အန်တီဒေါ်လီပါဖိတ်ပြီး သားတို့သမီးတို့လည်း လိုက်ခဲ့၊ သွားစားမယ်။ ကဲ မာမီ ဖုန်းသွားဆက်လိုက်ဦးမယ်၊ နက်ဖြန် စနေ သားတို့အားပါတယ်"

ရှယ်လီက ခုတင်ပေါ်မှ အသာထကာ အောက်ကို ဆင်းလိုက်သည်။ သူ ဖုန်းဆက်ရန် အောက်ထပ်ဆင်းသွားတော့ မောင်နှမနှစ်ယောက် တီးတိုးတိုင်ပင် ကျန်ရစ်ကြသည်။ 

ဆက်ရန်
-------------------------------
ခင်နှင်းယု

Post a Comment

0 Comments