မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း(၂၁)
၂၈။
ချစ်လှစွာသော လင်း
စာအုပ်ကို ဖွင့်ကာ ယခင်ရေးထားသော စာရွက်၏နောက်စာတမျက်နှာမှာ ရှယ်လီ စာတစောင် ထပ်ရေးသည်။
ဟိုတနေ့ကလို အပြင်မှာ လရောင်မရှိဘူး။ သစ်ရွက်တွေ မည်းနေတယ်၊ ကောင်းကင်နက်ပြာပြာမှာ ကြယ်လေးတွေ သင်းကွဲနေတာကို မြင်နေရတယ်။ ဒီလိုညတွေ ရှယ်လီ မြင်ရပေါင်း များပါပြီ။ လမင်းကြီးကွယ်နေတော့ ကောင်းကင်က ကြယ်လေးတွေဟာ မိဘမဲ့လေးတွေလိုပဲ၊ ကိုယ်ပိုင်အလင်းကိုပဲ အားကိုးနေကြရှာတယ်။
မနေ့က လင်းရဲ့ဒက်ဒီနဲ့မာမီက သား ဂျင်မီကို အင်္ဂလန်ကို ပညာတော်သင် ပို့မယ့်အကြောင်း ရှယ်လီတို့သားအမိကို ခေါ်ပြောတယ်။
ဘိုးဘိုးဘွားဘွားတို့ရဲ့ကျေးဇူးတရားကတော့ ကြီးလှပါတယ် လင်း၊ ရှယ်လီ့ရင်ထဲမှာ မကြည့်ရက်တာက သမီး အင်နီပါ၊ သူလည်း သူ့အကိုလို ဆရာဝန်လိုင်း မလိုက်ပေမယ့် အင်္ဂလိပ်စာနဲ့ အမ်အေဘွဲ့ယူပြီး တက္ကသိုလ်မှာ ဆရာမလုပ်နေတယ်။ သားတို့သမီးတို့ စာတော်တာကို လင်း သိစေချင်တယ်။
အင်နီဟာ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ မိန်းကလေး၊ တက္ကသိုလ်ကျောင်းသူဘဝမှာလည်း သူ့ပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့ မိန်းကလေးတယောက်။ ဘာပဲဖြစ်ဖြစ် သူခံစားနေရတဲ့ဝေဒနာကို မျိုသိပ်တတ်တယ်။ ဟိုတခါ သူ နေမကောင်းတော့ အဖျားက ၁၀၄အထိ တက်သွားတယ်။ သူ့ရင်ထဲရှိသမျှ ထုတ်ဖော်ပြီး တမ်းတတာကတော့ ဒက်ဒီတဲ့၊ ဒက်ဒီရေ ...ဒက်ဒီရေ ...နဲ့ ကြားရတဲ့သူ အဘိုးအဘွားရော ရှယ်လီနဲ့ဂျင်မီပါ ရင်ထဲမှာ နာကျင်လှပါတယ်၊ သူ မျိုသိပ်ထားသမျှ သတိလက်လွတ် ကယောင်ကတမ်းမြည်တမ်းနေတာပါ။ ရှယ်လီ ကြာတော့ သူ့မျက်နှာလေးကို မကြည့်ရက်ဘူး။
ခက်တာပဲ လင်းရယ်၊ ရှယ်လီ ဘယ်သူ့မှ အပြစ်မတင်ချင်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေတော့ဆိုတဲ့ ရှယ်လီတို့ငယ်ငယ်က သီချင်းလိုပါပဲ၊ ရှယ်လီနဲ့ လင်းရဲ့အတိတ်ကို မေ့ပျောက်ကြရအောင်ပါ။ သား ဂျင်မီ အင်္ဂလန်ကို လာတော့မှာလေ၊ သားနဲ့တော့ လင်း တွေ့ရတော့မယ်။ သားဟာ လင်းလို အရပ်က ထောင်ထောင်မောင်းမောင်း၊ လင်းမျက်လုံး စင်းစင်းလေးမျိုးနဲ့ ရှယ်လီ့ကို ကြည့်တတ်တယ်၊ အသားကဖြူတော့ အရွယ်ရောက်လာတဲ့အချိန်မှာ လူချောလေးပဲ၊ ဟုတ်တယ် ....လင်း သားတို့ အရွယ်ရောက်လာမှ မမြင်ဖူးသေးဘူးနော်။ သမီး အင်နီကတော့ ညိုညိုသွယ်သွယ် မြင့်မြင့်လေး၊ ယဉ်ကျေးသိမ်မွေ့တဲ့မိန်းကလေးတယောက်၊ အရွယ်ရောက်လာမှ သူ့အလှက လင်းလက်လာတယ်။ သူလည်း ဆရာမတယောက် တက္ကသိုလ်မှာ ဖြစ်လာပြီ။
သားတို့သမီးတို့ ပညာစုံအောင် ရှယ်လီ ကြိုးပမ်းခဲ့ပါတယ်။ သမီး အင်နီနဲ့ လင်း တွေ့ဆုံနိုင်မယ့်အချိန်လေးကိုတော့ ရှယ်လီတသက်တာမှာ အမျှော်လင့်ဆုံးပဲ လင်း၊ ရှယ်လီလေ ...."
ရှယ်လီသည် အဆုံးသတ်မရေးတော့ပြန်ဘဲ စာအုပ်ကြီးကို ပိတ်လိုက်သည်။ ဆက်မရေးတော့ဘဲ ပြတင်းရှိရာ ထသွားမိသည်။ လရောင်မရှိသော မှောင်မိုက်ညကိုပဲ သူ စူးစိုက်ကြည့်နေမိသည်။
နွေဦးပေါက်လေရူးများက သစ်ရွက်တွေကြားမှာ အော်မြည်ပြေးလွှားနေသည်။ ပြိုးပြိုးပျောက်ပျောက် ကြယ်စုလေးများသည် သူရေးခဲ့သလို လရောင်မဲ့ကောင်းကင်မှာကျတော့ သူတို့ကိုယ်ပိုင်အလှနှင့် လင်းလက်လာသည်။ ခပ်ကြမ်းကြမ်းဝေ့ဝဲလာသော လေထဲမှာ စပယ်နံ့ သင်းပျံ့လာပြန်သည်။ ရှယ်လီ့ရင်မှာ ပန်းတွေ ပွင့်ပါဦးမည်လား။ ပွင့်သောပန်းကရော ပြန်လည်၍ ရနံ့မွှေးပျံ့နိုင်စွမ်းပါမည်လော။
သူ ခုတင်ကို ပြန်လာကာ တဖက်ခုတင်မှ သမီးကို သူလှမ်းကြည့်လိုက်၍ အိပ်ရာဝင်လိုက်သည်။ သူ့သမီးလေးသည် ညဦးက သူတို့ဖခင်နှင့်ပတ်သက်၍ သူပြောကြားသောစကားများကို ဘယ်လိုများ လက်ခံကြမည်မသိ။
နောက်နေ့မှာ ချိန်းထားသောအချိန် ဒေါ်လီ ရှယ်လီတို့ဆိုင်ကို ပေါက်ချလာသည်။ အင်နီနဲ့ ဂျင်မီက ကြိုဆိုနှုတ်ဆက်သည်။
"ဒေါ်လီရေ ...ရှယ်လီ့သားအတွက် ကောင်းသတင်းပဲ၊ သူ့ဘိုးဘိုးက အင်္ဂလန်ပို့ပေးမှာ၊ ရှယ်လီ အခြေအနေအရ ပါတီမပေးနိုင်လို့ မင်းကို တို့သားအမိက ထမင်းသုပ်ကျွေးမလို့"
ဒေါ်လီက ဝမ်းသာအားရ ဂျင်မီကို ဖက်၍ မွှေးမွှေးပေးလိုက်သည်။ မာမီက သူတို့သွားစားမည့် မခင်မေဆိုင်အကြောင်း ပြောပြရင်း ယမုန်နာစားသောက်ဆိုင်များဘက်သို့ ထွက်လာကြသည်။
မောင်တင်ဖေက ပြုံး၍ရယ်၍ သူတို့ကို ဆီးကြိုသည်။ မောင်တင်ဖေသည် ထွားကျိုင်းသော သူငယ်လေးတယောက်၊ မေးရိုးကားကား အသားညိုညိုနှင့် နှာတံက မပေါ်လှ၊ ပွင့်လင်းရိုးသားသောအမူအရာနှင့် သူရယ်လိုက်သောအခါ သွားများက ဖြူဖွေးစွာ ပေါ်လာသည်။ မခင်မေကလည်း သပ်သပ်ရပ်ရပ် ဝတ်ထားလို့။
"ကျွန်တော့်ကိုမှတ်မိလား၊ ကျွန်တော်က ဂျင်မီပါ။ ကမ်းနားလမ်း အိမ်လေးတုန်းက ကိုတင်ဖေတို့အိမ် လာလည်တာ"
ဂျင်မီက မောင်တင်ဖေကို ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်။
"သတိရပါတယ်၊ ကိုဂျင်မီတို့အမေကျေးဇူးကို အမေက အမြဲပြောပြပါတယ်။ ကျွန်တော်တော့ ၈တန်းမှာပဲ ဆက်မနေနိုင်လို့ ကျောင်းထွက်ရတယ်၊ ကဲ ...စားပါဦး"
မခင်မေပြင်ပေးသော ထမင်းသုပ်ပွဲများကို မောင်တင်ဖေက သူတို့ကို ချပေးလိုက်သည်။ ခွေးခြေလေးတွေပေါ်မှာ ထိုင်ရင်း သူတို့ စားသည်။ ဘူးသီးဟင်းခါးက ငရုတ်ကောင်းနံ့ သင်းပျံ့နေသည်။ ဆိုင်နောက်မှာ ဆံတိုလေးနှင့် ဆယ်နှစ်အရွယ် ကလေးမလေးက သူတို့ကို ငေးကြည့်နေသည်။ သနပ်ခါး ပါးကွက်ကျားလေးနှင့် ဂါဝန်ရှည်လေး ဝတ်ထားသည်။
"သမီးလေးတောင် အတော်ထွားလာပြီ"
ရှယ်လီက သမီးလေးကို လှမ်းနှုတ်ဆက်၍ သူ့ခမျာ မျက်နှာမထားတတ်ပါ။
"အမူလေ၊ သမီးက ပန်းကန်ဆေးဖော်ရတယ်၊ မမတို့မိသားစုကို ကျွေးချင်နေတာ ကြာပြီ"
မခင်မေက ဝမ်းသာအားရပြောသည်။
ရှယ်လီသည် ကြက်သွန်ဖြူကိုက်ရင်း
"နောက်မှကျွေး၊ အခုတခါတော့ ရှယ်လီက ဒီကသူငယ်ချင်း ဒေါ်လီကို ကျွေးတာမို့ ရှယ်လီကပဲ ပိုက်ဆံပေးပါရစေ၊ ရှယ်လီတောင် ဒီစျေးတန်းထဲမှာ ဆိုင်တခန်းယူပြီး ရခိုင်မုန့်တီရောင်းမလားလို့၊ မခင်မေ မြူရဲလိုက်လို့ မပြေးရတာပဲ ရှယ်လီဝမ်းသာနေတယ်"
မခင်မေက ရယ်လိုက်သည်။
စားသောက်ပြီး၍ ရှယ်လီပိုက်ဆံပေးသည်ကို အားနာပါးနာယူနေပေမယ့် မခင်မေက ရွှေရင်အေးတပန်းကန်စီ ဝယ်တိုက်လိုက်သည်။ သူတို့ မခင်မေကို ကျေးဇူးတင်စကားပြောကာ အားလုံးကိုနှုတ်ဆက်၍ ပြန်လာခဲ့ကြသည်။
ရှယ်လီ ဆိုင်ပြန်ရောက်တော့ သားနှင့်သမီးက အိမ်ပြန်သွားကြသည်။ ဒေါ်လီနှင့် ရှယ်လီပဲ ဆိုင်မှာ ကျန်ရစ်ခဲ့သည်။
"ဒေါ်လီရေ သစ်တပင်လဲရင် အပေါ်ဆုံးကလူက အထိနာတယ်ဆိုတာ ရှယ်လီ မယုံဘူး"
စကားစမရှိဘဲ ရှယ်လီပြောသည်ကို ဒေါ်လီက နားထောင်နေသည်။
"ဘာပြောတာလဲ၊ ကိုယ် နားမလည်ဘူး"
"ရှယ်လီတို့နဲ့ မခင်မေ ကြည့်လေ၊ ကုန်သွယ်ရေးစနစ်ပြောင်းတော့ ရှယ်လီတို့အသိမ်းခံရပေမယ့် ဒက်ဒီတို့အခံရှိတော့ ဣနြေ္ဒမပျက်ဘူး။ သစ်တပင်လဲပေမယ့် အမြင့်ကလူအတွက် အောက်က ခံပေးမယ့် ပိုက်တွေ၊ လူတွေရှိတော့ အကျမနာဘူးပေါ့။ အောက်ဆုံးသစ်ကိုင်းမှာ နေတယ်ဆိုပေမယ့် မခင်မေတို့လူတန်းစားမှာ ပိုးစိုးပက်စက် မြေပေါ် ဗြုန်းခနဲ ကျရတော့ အလူးအလဲပဲ။ ပလက်ဖောင်းလည်း စျေးမရောင်းရဲ၊ ပုစွန်ခြောက်လည်း ကင်းလွတ်ကုန်မဟုတ်တော့ မရောင်းရ။ ပြီးတော့ နေရာသစ်ပြောင်းသွားရတော့ ရုတ်တရက် မလုပ်တတ်မကိုင်တတ်နဲ့ အတော်ဒုက္ခရောက်သွားတယ်၊ ရှယ်လီ့ကို သူလာတွေ့တာနဲ့ ရှယ်လီ ထမင်းသုပ်ဆိုင်လေးဖွင့်ဖို့ အကြံဥာဏ်ပေးပြီး အရင်းထုတ်ပေးလိုက်တာ"
ဒေါ်လီက သာဓုခေါ်လိုက်သည်။
"အေးပေါ့ဟယ်၊ မင်း စီးပွားရေး ဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"မခင်မေကိုသာ ကူညီနိုင်သလောက် ကူညီရတယ်၊ ရှယ်လီ့အဖို့ အခုအခြေအနေနဲ့ ဘာမှ လုပ်မဖြစ်ဘူးလေ သူငယ်ချင်းရယ်။ ရှယ်လီဖြင့် ညက သားနဲ့သမီးကြားမှာ အဖြေရခက်လိုက်တာ၊ သူတို့အဖေအကြောင်း မေးကြတယ်လေ"
ရှယ်လီသည် ယောက္ခမကြီး ဦးရွှေဇံအောင် ခေါ်တွေ့သည်ကအစ သားနှင့်သမီး ညကမေးသော မေးခွန်းများကိုပါ ပြောပြသည်။
"ဟုတ်တာပေါ့၊ သူတို့ အရွယ်ရောက်လာပြီ၊ သိချင်မှာပေါ့။ ဂျင်မီသွားမှ ကိုဖေသိန်းကို ဒေါ်လီ စာရေးခိုင်းဦးမယ်၊ လင်းဟာ ရှယ်လီကို အဆက်ဖြတ်ရုံတင်မဟုတ်၊ တို့များကိုပါ စာမရေးတာ၊ ဘာပဲပြောပြော သူငယ်ချင်းရာ၊ မင်း ကလေးတွေကို ဒီအခြေအနေထိရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်တာ ဒေါ်လီ မင်းကို ချီးကျူးပါတယ်"
ရှယ်လီက ငေးငိုင်နေသည်။
"ရှယ်လီမသေခင် သူ့အဖေနဲ့ သူ့သားသမီးတွေ တွေ့စေချင်တယ်၊ အထူးသဖြင့် အင်နီ သူ သိပ်ပြီး ခံစားနေရတယ်။ ပြီးတော့ မျိုသိပ်တတ်တော့ ပိုဆိုးတာပေါ့။ ရှယ်လီ့ဘဝအတွက်တော့ အဆိုးဆုံးအချိန်ကို လွန်မြောက်ခဲ့ပြီလို့ ယူဆတယ်၊ ကိုယ့်သားနဲ့သမီးကို ပညာမပြည့်မစုံ တိုးလိုးတန်းလန်းနဲ့ လုပ်စားရမှာ ရှယ်လီ သိပ်စိုးရိမ်တယ်၊ အခု သူတို့ ပညာပြည့်စုံပြီ၊ ရှယ်လီ ရှေ့ရေးကို မကြောက်တော့ပါဘူး"
"ဒေါ်လီတို့ စာ သေသေချာချာ ရေးလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ဂျင်မီ့ကိုမြင်ရရင်သူ စိတ်လည်လာမှာ"
"ဒီလိုပဲ မျှော်လင့်ရတာပဲကွယ်"
ရှယ်လီက ညည်းညူစွာ ဖြေလိုက်သည်။
"ရှယ်လီ့ရင်ထဲမှာ အခုမှ ဟင်းချနိုင်တယ်"
ရှယ်လီက စကားဆက်ပြောသည်။
"သားနဲ့သမီး ကိုယ်ပေးတဲ့ပညာ ယူပါ့မလား။ အဖေအုပ်ထိန်းမှုမရှိတဲ့အတွက် စိတ်လေလွင့်မလားနဲ့ ပူလိုက်ရတာ၊ အဘိုးအဘွားအရှိန်က တမျိုးကောင်းသလို အောက်ခြေလွတ်မှာလည်း ရှယ်လီ စိုးရိမ်ခဲ့ရတယ်။ ဂျင်မီ့ကို နှုတ်ဆက်ပွဲအနေနဲ့ ဒေါ်လီ့ကို ရှယ်လီ ထမင်းကျွေးနိုင်ပါတယ်။ ပါတီပွဲလေးလုပ်ပေးနိုင်အောင်တော့ ရှယ်လီ့မှာ ငွေရှိပါသေးတယ်။ တမင် သားတို့ကို မခင်မေတို့လူတန်းစားတွေနဲ့ ထိတွေ့ပေးထားတယ်၊ အခုပဲ တမင် ဒီထမင်းသုပ်ဆိုင်မှာ ခေါ်ကျွေးတာ၊ ရှယ်လီ့ကို ခွင့်လွှတ်နော်"
"မင်း ဒီလောက်အသေးစ်တ်ကလေးတွေကို ဂရုစိုက်လေ့လာ ထိန်းသိမ်းလို့လည်း သူတို့ ဖရိုဖရဲမဖြစ်တာပါ။ ရှယ်လီ အခု စိတ်အေးရပြီဆိုတော့ ဒေါ်လီလည်း ဝမ်းသာပါတယ်။ ကဲ ဒေါ်လီ ပြန်ဦးမယ်"
၂၉။
တိမ်ကြားသို့ တိုးဝင်ပျောက်ကွယ်သွားသော လေယာဉ်ပျံကို ကြည့်ရင်း ရှယ်လီ့ရင်ထဲ ဆို့လာသည်။ တချိန်က သားတို့အဖေကို ဤလေယာဉ်ပျံက သယ်ဆောင်၍ အနောက်က ကျွန်းကလေးမှာ ချထားခဲ့သည်။ ကလေးတို့အဖေသည် ဤကျွန်းကလေးမှ ပြန်မလာခဲ့တော့ပေ။ ယခု သား ထပ်မံထွက်ခွာသွားပြန်သည်။ သားကော သူ့အဖေနှင့်တွေ့လျှင် သူ့ထံ ပြန်လာပါမည်လော။ မျက်ရည်တွေကို မထိန်းနိုင်၊ သူ ဒီတခါတော့ ဣနြေ္ဒမဆောင်နိုင်၊ ရှိုက်ကြီးတငင် ငိုကြွေးမိသည်။
"ရှယ်လီ လာ၊ ပြန်ကြစို့"
ယောက္ခမကြီး ဒေါ်စံကျော့ခိုင်က အင်နီ့ကို မျက်စိမှိတ်ပြကာ ရှယ်လီကို ခေါ်လိုက်သည်။ အင်နီက မအေ့အနား ကပ်သွားကာ လက်ကို ဆုပ်ထားသည်။ ဒေါ်လီကလည်း ပြေးလာသည်။ ရှယ်လီ့ကို လှမ်းဖက်လိုက်သည်။
"ရှယ်လီရယ်... ဂျင်မီအတွက် တို့ ဝမ်းသာရမှာ၊ မင်းလည်း မငိုနဲ့လေ၊ လာ ပြန်ကြစို့။ အင်နီ့ကို သု့အဘွားနဲ့ ထည့်လိုက်၊ ရှယ်လီ ဒေါ်လီတို့အိမ် လိုက်လာခဲ့နော်၊ ညစာစားပြီးမှ ရှယ်လီ့ကို ဒေါ်လီတို့ လိုက်ပို့မယ် အန်တီ"
ဒေါ်လီက ဒေါ်စံကျော့ခိုင်ကို လှမ်းပြောကာ လေယာဉ်ကွင်း ဧည့်ခန်းမထဲမှ ထွက်လာကြသည်။ အင်နီက အဘိုးအဘွားများနှင့် လိုက်ပါသွားသည်။ ဒေါ်လီက နားလည်ပါသည်။ သားကို ခွဲခွာရခြင်းနှင့် လင်သည်ကို တမ်းတမိခြင်းမှ စုပေါင်းပေါက်ကွဲလာသော ရှယ်လီ၏ကြေကွဲဝမ်းနည်းမှု။
အိမ်ရောက်တော့ တခုပြီးတခု ကျွေးမွေးရင်း ဒေါ်လီသည် စိတ်ပြေလက်ပျောက် စကားတွေပြောကာ ရှယ်လီ့ကို ဖြေသိမ့်ပါသည်။
ညစာစားပြီးမှ ရှယ်လီ့ကို အိမ်ပြန်ပို့သည်။ အင်နီက အမေ့ကို တံခါးဝမှ ဆီးကြိုသည်။ ရှယ်လီသည် အပေါ်ထပ်ကိုပဲ တန်းတက်လာခဲ့သည်။ အဝတ်အစားလဲပြီး အိပ်ရာပေါ်လှဲနေသည်။
"မာမီ အအေးတခုခု သောက်ဦးမလား"
မအေကို အနားကပ်ကာ တယုတယနှင့် အင်နီက မေးလိုက်၏။
"မသောက်ဘူး သမီး၊ အိပ်ကာနီးမှ အိုဗာတင်းပူပူတခွက် မာမီသောက်မယ်။ ခုတော့ မာမီတယောက်တည်း နေချင်တယ်"
အင်နီသည် အလိုက်သိစွာ အခန်းထဲမှ ထွက်သွားသည်။ အိပ်ရာပေါ်မှာသာ လှဲနေသည်။ ရှးလီ့စိတ်ထဲ သားနှင့်လင်း တွေ့ချိန်လေးကို သူ မြင်ချင်လိုက်တာ၊ တနာရီလောက်ကြာတော့ သူ လှဲနေ၍မရ။ အိပ်ရာမှထကာ ပြတင်းနားရှိ စာရေးစားပွဲခုံရှိရာ လျှောက်သွားသည်။ အံဆွဲကိုဖွင့်၍ ရေးနေကျစာအုပ်ကို စားပွဲပေါ် တင်လိုက်သည်။
ကုလားထိုင်ပေါ် ထိုင်ချရင်း စာအုပ်ကို ဖွင့်လိုက်တော့ သူ အံ့အားသင့်သွားသည်။ သူ ယခင်က လင်းထံ ရေးထားသောစာများ မရှိတော့။ စာရွက်များကို ဖြတ်ထားသည်။ ရှယ်လီသည် စားပွဲမှ ထလိုက်သည်။ အခန်းပြင်ကို ထွက်လိုက်သည်။
"အင်နီ ....အင်နီ"
အင်နီ့ကို လှမ်းခေါ်လိုက်သည်။ အင်နီက အခန်းဝမှာ အဆင်သင့် ရပ်နေသည်။
"အင်နီ ဘယ်မှမသွားဘူး မာမီ၊ အခန်းပြင်က စောင့်နေတာ၊ မာမီ့ကို အနှောင့်အယှက်မပေးချင်လို့"
ရှယ်လီသည် အင်နီ့လက်ကို ဆုပ်ကိုင်လိုက်သည်။ အခန်းထဲခေါ်ကာ စားပွဲပေါ်ရှိစာအုပ်ကို လက်ညှိုးထိုးပြသည်။
"အခန်းထဲမှာ မာမီနဲ့သမီးပဲရှိတာ၊ ဒီစာအုပ်ထဲကစာတွေ ဘယ်သူဖြတ်လဲ"
ရှယ်လီက တုန်တုန်ယင်ယင်နှင့် မေးလိုက်သည်။ အင်နီက မအေကို တယုတယ ဖက်လိုက်သည်။
"မာမီ ဒီကုလားထိုင်မှာ ထိုင်၊ စိတ်အေးအေးထားပါ"
ရှယ်လီသည် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
"အင်နီဖြတ်တာ မာမီ"
အင်နီက တလုံးချင်း ဖြေလိုက်သည်။
"ဘာ"
ရှယ်လီသည် အကျယ်ကြီး အော်လိုက်၏။
"ဟုတ်တယ်၊ အင်နီဖြတ်တာ၊ မာမီ အင်နီ့ကို ပေးချင်တဲ့အပြစ်ပေးပါ။ သမီး တခါတခါ အိပ်မပျော်လို့ကြည့်လိုက်ရင် မာမီ စာရေးနေတာ တွေ့ရလို့ သမီးစိတ်ထဲ မာမီ ဘာတွေရေးနေလဲ သိချင်လာတယ်။ အံဆွဲကလည်း အမြဲလိုလို သော့ခတ်ထားတယ်၊ ဒီနေ့တော့ သော့ခတ်မထားဘူး။ သမီး အသိချင်ဆုံးက ဒက်ဒီ ဘာလို့ ပြန်မလာတာလဲ ဆိုတာ သိချင်တယ်။ မာမီ့ပြောစကားထဲမှာ ဒက်ဒီ ဘာလို့ပြန်မလာလဲဆိုတာ ဘယ်တော့မှမပါဘူး။ သုများစာမဖတ်ရဘူး ဆိုတဲ့ စည်းကမ်းကို အင်နီသိပါတယ်။ ဒါပေမဲ့ ဒက်ဒီ့အကြောင်း သိချင်လွန်းလို့ မာမီ ဘာတွေရေးထားလဲလို့ အင်နီ ဖတ်ကြည့်မိတယ်"
ရှယ်လီသည် သက်ပြင်းချလိုက်၏။ ဒီနေ့ သူ့စိတ်တွေ ကယောင်ချောက်ချားနှင့် အံဆွဲကို သော့မခတ်မိ။
"မာမီ မှတ်တမ်းကိုသာ ခံစားရသမျှ ရေးထားတာ၊ သမီးတို့ဒက်ဒီဆီ ပို့ဖို့မဟုတ်ဘူး"
"သမီးနားလည်ပါတယ် မာမီ၊ ဒါပေမဲ့ ဒီစာတွေကို ဖတ်ရတော့ ဒက်ဒီ ပြန်မလာတဲ့အကြောင်း မသိရပေမယ့် ဒီစာဟာ ဒက်ဒီပြန်လာဖို့ အထောက်အကူပြုမယ်လို့ အင်နီယုံကြည်တယ်"
"ဘာ၊ သမီးတို့ဒက်ဒီက ဒီစာ ဖတ်ရတာနဲ့ ပြန်လာလိမ့်မယ်လို့ သမီးယုံကြည်တယ်"
"ဟုတ်တယ်လေ။ မာမီက ရေးသာထားတာ၊ ဒီစာကို ဒက်ဒီမဖတ်ရတော့ ဘယ်ခံစားရမလဲ၊ မာမီ့ခံစားချက်နဲ့ရေးတဲ့စာ ဒက်ဒီဖတ်ရမှ ဖြစ်မှာပေါ့"
"သမီးတို့ဒက်ဒီက မာမီစာပေးနိုင်လောက်အောင် လိပ်စာမှ မာမီ့ကို မပေးဘဲ"
"ဒါတွေ အင်နီ သိပါတယ်၊ ဒါပေမဲ့ မာမီ့ခံစားချက်တွေ ဒက်ဒီသိအောင် လုပ်ရမယ့်ဝတ္တရား အင်နီ့မှာရှိတယ်လို့ အင်နီယူဆတယ်။ ဒါကြောင့် စာရွက်တွေကို ဆုတ်၊ စာအိတ်မှာ ထည့်၊ ဒက်ဒီလို့ အပေါ်ကရေးပြီး အင်နီ့စာတစောင်နဲ့အတူ ကိုကို့လက်ထဲ ထည့်ပေးလိုက်တယ်။ ကိုကို့ကိုလည်း မာမီရဲ့စာတွေပြပြီး နှစ်ယောက်တိုင်ပင်လုပ်ကြတာ၊ အဖေနဲ့အမေ မပြေလည်တဲ့အရေးအခင်းမှာ သားသမီးတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ အင်နီ ယူဆပြီး လုပ်လိုက်တာပါ။ အင်နီ့ကို ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်"
ရှယ်လီသည် ဘာမှ ပြန်မဖြေနိုင်တော့ပါ။ သမီးလည်ပင်းကို ဖက်ကာ ငိုကြွေးမိသည်။
အင်နီက ရှယ်လီ့ကို တွဲခေါ်ကာ ခုတင်ဆီ ပို့လိုက်သည်။ ရှယ်လီ လှဲနေတော့မှ အပြင်ထွက်ကာ အိုဗာတင်းတခွက် ဖျော်ယူလာသည်။
"မာမီ... ဒါသောက်ပြီး အိပ်လိုက်တော့နော်"
ရှယ်လီသည် အိုဗာတင်း ထသောက်ကာ အိပ်လိုက်တော့သည်။ ဒီတနေ့လုံး စိတ်လှုပ်ရှားရသောမိခင် အိပ်ပျော်စေရန် မီလီယံတပြား အိုဗာတင်းထဲ အင်နီ ထည့်တိုက်လိုက်သည်ကို ရှယ်လီ မသိပါ။
ဆက်ရန်
-------------------------------------
0 Comments