မြကြာဖြူ - ခင်နှင်းယု အပိုင်း (၁၉)

မြကြာဖြူ (ခင်နှင်းယု)
_______________

အပိုင်း (၁၉)

၂၆။

နောက်နေ့နံနက်တွင် နေမြင့်မှ သူ အိပ်ရာက နိုးလာသည်။ သူ ချက်ချင်းပင် သတိရသည်။ သူတက်ခဲ့သောအစည်းအဝေးအကြောင်း ဒက်ဒီနှင့်မာမီကို ပြောပြရဦးမည်။ မျက်နှာ ကမန်းကတန်းသစ်၍ ထမင်းစားခန်းသို့ ဆင်းလာခဲ့သည်။ တော်ပါသေး။ ဒက်ဒီနှင့်မာမီသည် နံနက်စာ စားသောက်ပြီးပေမယ့် စားပွဲမှ ထမသွားကြသေး။ 

"မနေ့က ရှယ်လီ နေမကောင်းတာနဲ့ အိပ်မရလို့ မာမီ၊ ဒီမနက်နိုးတာ နောက်ကျသွားတယ်"

သူက ကိုယ်ကို ယို့ကာ တောင်းပန်စကားပြော၍ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ 

"အေး ...ဒက်ဒီကလည်း အစည်းအဝေးအကြောင်း မေးမလို့ အတော်ပဲ"

ရှယ်လီသည် ကော်ဖီငှဲ့သောက်ကာ အစည်းအဝေးကို အတိုချုန်းပြောပြသည်။ 

"အစိုးရဘက်က ဆိုလိုတာကတော့ မြန်မာကုန်သည်တွေကို ဦးစားပေးပြီး သွင်းကုန်ထုတ်ကုန်လိုင်စင်တွေကို ချပေးခဲ့တယ်ပေါ့။ စီးပွားရေးကို နိုင်ငံခြားသားလက်က မြန်မာလက်ရောက်အောင် လုပ်ပေးခဲ့တယ်၊ လွတ်လပ်ရေးရပြီးနောက် မြန်မာ့ကုန်သွယ်ရေးလုပ်ငန်းကို မြန်မာတွေ ဦးစီးစေချင်တယ်။ အခု အချို့ကုမ္ပဏီအတော်များများကို OGL (Open General Licence) ချပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာကုမ္ပဏီအတော်များများဟာ နိုင်ငံခြားနဲ့ဆက်သွယ်လုပ်ရတဲ့ ကုန်သွယ်ရေးအလုပ်ကို မကျွမ်းကျင်တာလည်း တကြောင်း၊ ငွေရင်းငွေနှီး မပြည့်စုံလို့လည်းတကြောင်း၊ စိတ်ရှည်သည်းခံပြီး ကိုယ်တိုင်ရောင်းဝယ်ဖို့စိတ်မဝင်စားဘဲ ဆူလွယ်နပ်လွယ် သဘောထားပြီး လိုင်စင်ကို နိုင်ငံခြားသားကို ရောင်းစားတဲ့ အလွယ်လမ်းကို လိုက်ကြတယ်တဲ့။ အစိုးရရည်ရွယ်ချက်လည်း မအောင်မြင်ဘူး။ မြန်မာကုန်သည်တွေက လိုင်စင်ရောင်းစားတော့ အသားစားရမယ့်အစား အရိုးကိုက်ရတယ်။ အဆီအနှစ် အသားစားရတာက နိုင်ငံခြားသား တရုတ်၊ ကုလားပဲ။ မြန်မာကုန်သည်တွေမှာ ကျွန်ဘဝနဲ့ ဘာထူးလဲ။ သူများနောက်လိုက်ပဲတဲ့။

အဲဟာကြောင့် အစိုးရက စနစ်တခု ထွင်ချင်တယ်၊ ကုန်သွယ်ရေးမှာ ကျွမ်းကျင်တဲ့ကုန်သည်ကြီးတွေက ဦးဆောင် ငွေရင်းနည်းတဲ့ကုန်သည် နိုင်ငံခြားနဲ့ဆက်သွယ်ရာမှာ လုပ်ငန်းမကျွမ်းကျင်တဲ့ကုန်သည်တွေ ပူးပေါင်းပြီး ဖက်စပ်စနစ်လုပ်စေချင်တယ်။ ကိုယ့်ဖာသာညှိနှိုင်းပြီး ဖက်စပ် ၁, ၂ အစရှိသဖြင့် ဖွဲ့စည်းပြီး လုပ်ရင် ငွေရင်းလည်းတောင့်မယ်။ လုပ်ငန်းလည်း ကျွမ်းကျင်လာမယ်၊ လိုင်စင်ရောင်းစားတဲ့စနစ်လည်း ပျောက်သွားမယ်။ ဒီဖက်စပ်အဖွဲ့တွေကို အစိုးရက လိုင်စင်ချပေးမယ်တဲ့။ တခု အစိုးရက မေတ္တာရပ်ခံချင်တာက ကုန်သည်ကြီးတွေဟာ သွင်းကုန်ကိုပဲ အားမကိုးစေချင်ဘူး။ နိုင်ငံခြားကို ထုတ်ကုန်တင်ပို့နိုင်အောင် ကြိုးစားပါတဲ့။ ထုတ်ကုန်တရာဖိုး ထုတ်လုပ်နိုင်တိုင်း ၂၀ရာခိုင်းနှုန်း သွင်းကုန်လိုင်စင် ချပေးမယ်တဲ့၊ ဒါဟာ ထုတ်လုပ်နိုင်တဲ့ကုန်သည်တွေအတွက် ခံစားခွင့်ပါတဲ့ ဒက်ဒီ။ အတွင်းဝန် ဦးဘခက်က ရှင်းလင်းပြောပြပါတယ်"

"ကုန်သည်ကြီးတွေက ဘာပြန်ပြောလဲ"

ဦးရွှေဇံအောင်က မေးလိုက်၏။ 

"သူတို့ကုန်သည်အချင်းချင်း ဖက်စပ်လုပ်ဖို့ စုစည်းတိုင်ပင်မယ်လို့ ပြောပါတယ် ဒက်ဒီ"

"အေးပေါ့ကွယ်၊ ဒက်ဒီလည်း ထုတ်ကုန်လုပ်ငန်းတခု စဉ်းစားနေတယ်။ ပြည်တွင်းမှာတော့ ဟံသာအေးကုမ္ပဏီက နိုင်လွန်တွေဘာတွေ စက်တည်ပြီး ထုတ်လုပ်နေကြပြီ၊ ဒါက နိုင်ငံခြားက နိုင်လွန်မသွင်းရဘဲ ပြည်တွင်းမှာ ရောင်းဖို့ပါပဲ၊ ဒက်ဒီကတော့ အခု သခင်ပုလုပ်နေတဲ့ ပုလဲဆင်ဒီကိတ်လို တခြားထုတ်ကုန်လုပ်ငန်းတခု လုပ်ချင်တယ်။ သူလည်း အခက်အခဲတွေ အတော်များများကြားက ပုလဲမွေးမြူရေး မြိတ်မှာ ကြိုးစားခဲ့တာ အခုမှ ဂျပန်ကို ပုလဲတင်သွင်းနိုင်တယ်။ နိုင်ငံခြားငွေရှာနိုင်တာပေါ့"

"ရှယ်လီလည်း ရှယ်လီ့လိုင်းကနေ စဉ်းစားနေပါတယ်။ ချိတ်လုံချည်တွေ နိုင်ငံခြားပို့နိုင်အောင်ပေါ့။ ဟိုတနေ့က ဒေါ်ခင်သက်တင်အိမ်က ရှယ်လီအပြန်နောက်ကျတာ ချိတ်လုံချည်စျေးကွက်ရဖို့ မွန်စီယာမီရှယ်ဆိုသူနဲ့ ဆွေးနွေးနေလို့ပါ။ သူက ပဲရစ်က အိဗ်စိန့်လောရင့် ဖက်ရှင်ကုမ္ပဏီကပါ"

ရှယ်လီက မာမီကိုပါ ဖြေရှင်းသည့်အနေနှင့် ပြောလိုက်သည်။ ဒက်ဒီကတော့ စဉ်းစားနေရင်းမှ သူ့အတွေ့အကြုံကို ပြောပြသည်။ 

"အင်္ဂလိပ်လက်အောက်တုန်းက ကုန်သွယ်ရေးမသမာမှု ဒက်ဒီတို့ တွေ့ဖူးတယ်၊ ဆန်ခိုးဂိုဏ်းဆိုတာ ရှိတယ်၊ နိုင်ငံခြားတင်ပို့မယ့်ဆန်ထဲက တအိတ်မှာ နို့ဆီဘူးတစ်လုံး ခိုးတယ်လေ၊ သင်္ဘောကြီး ကူလီကအစ သူဌေးတွေ ဒီဂိုဏ်းမှာပါတယ်။ တန်ချိန်အများကြီး နိုင်ငံခြားတင်ပို့ရတော့ တအိတ် နို့ဆီဘူးတစ်လုံးနဲ့ ဆန်အများကြီးရပြီး ရောင်းစားကြတယ်။ မကြာပါဘူး၊ အစိုးရက ဖမ်းမိပြီး ပါဝင်တဲ့နာမည်ကြီးသူဌေးတွေ အဖမ်းခံရတယ်။ လွတ်လပ်ရေးမရခင်ကတော့ လွတ်လပ်စွာ ကုန်သွယ်ခွင့်မရှိဘူးပေါ့။ ကုန်သွယ်ရေးဆိုတာ နိုင်ငံရေးစနစ်ပေါ်မှာလည်း တည်တယ်။ လွတ်လပ်ရေးရလာလို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရလာတဲ့အခါမှာ ကုန်သည်တွေဖက်ကလည်း သစ္စာရှိဖို့လိုတယ်။ ဘုရားကလည်း ဟောတာပဲ၊ သမ္မာအာဇီဝ ဆိုတာ ကောင်းသောအသက်မွေးမှု ဆိုတယ်။ မသမာမှုတွေ၊ ဝိသမလောဘတွေ များလာရင်တော့ အခြေအနေ ပြောင်းလဲတတ်တယ်။

အခု ကုန်သည်တွေ လွတ်လပ်ခွင့်ရလာတာမှန်တယ်။ ဒက်ဒီကြည့်နေတယ်၊ လိုင်စင်ဆိုင်းဘုတ်နှစ်ခုလောက် ချိတ်ပြီးလို့ လိုင်စင်ရရင် ကုန်သွယ်မှုတိုးတက်ရေးအတွက် ဆက်မစဉ်းစားဘူး၊ လိုင်စင်ရောင်းစားပြီး လိုင်စင်သူဌေးအဖြစ် မယားငယ်သာ ကားပေါ်တင်တော့တာပဲ၊ ရလာတဲ့အခွင့်အရေးကို လမ်းမှန်ကမ်းမှန်အသုံးမချရင် အခွင့်အရေး ဆုံရှုံးတတ်တယ်။

ခေတ်တခေတ်မှာ လူတွေ ဖောက်ပြန်လွန်းအားကြီးလာရင် ပွန်ပီအိုင်ရဲ့ နောက်ဆုံးနေ့လို ဖြစ်လာတတ်တယ်။

ရှယ်လီ ဒီစာအုပ် ဖတ်ဖူးမှာပါ၊ မတရားတာတွေ လုပ်လာပြီး အကုသိုလ်အမှုတွေ များလွန်းတော့ ပွန်ပီအိုင်မြို့ကြီးကို ပီဇူးမီးယတ်စ်မီးတောင်ကြီးရဲ့ပြာပူတွေ အလွှမ်းခံသွားရတယ်။ ရှယ်လီလည်း ကုန်သွယ်ရေးမှာ တရားမျှတမှု ရှိပါစေပေါ့။ အလုပ်ချဲ့ဖို့တော့ ဖြည်းဖြည်းစဉ်းစားပါ"

ဒက်ဒီက ဒါပဲပြောကာ ထသွားသည်။ မာမီကတော့ မီးဖိုခန်းထဲ ဝင်သွားသည်။ 

သူသည် ဒီတော့မှ ပေါင်မုန့်ကို ထောပတ်သုတ်ကာ စားရင်း ဒက်ဒီ့စကားများကို စဉ်းစားနေမိသည်။

၂၇။

မကြာမီမှာပင် ခေတ်က ပြောင်းသွားသည်။ ဦးရွှေဇံအောင်ပြောသလို ကုန်သွယ်ရေးဆိုတာ နိုင်ငံရေးစနစ်ပေါ်မှာ တည်တယ်ဆိုသောစကားလိုပင် နိုင်ငံရေးအခြေအနေက ပြောင်းလဲသွားသည်နှင့်အမျှ ကုန်သွယ်ရေးစနစ်ကလည်း ပြောင်းလဲသွားသည်။ 

ပြည်သူပိုင်စနစ်လုပ်လိုက်လေတော့ ရှယ်လီတို့ သွင်းကုန်လိုင်စင်ပါမက ထုတ်ကုန်လိုင်စင်စနစ်တွေအားလုံး ရပ်ဆိုင်းသွားသည်။ ကုမ္ပဏီများနှင့်အထည်ဆိုင်ငယ် အတော်များများ ပြည်သူပိုင်သိမ်းတာခံရသည်။ ခေတ်ပေါ်လိုင်စင်သူဌေးတွေလည်း ရန်ကုန်မြို့လယ်မှ ပျောက်သွားကြသည်။ 

အခြေမတောင့်သူတွေမှာ အရင်အနှီးပြုတ်သွားသည်။ ဒေါ်ခင်သက်တင်က ကုမ္ပဏီအလုပ်ကို ရှေ့ဆက်မလုပ်လိုတော့ဆိုကာ ဆိုင်ကိုရောင်း၍ ကုမ္ပဏီကို ပိတ်လိုက်သည်။ ရှယ်လီ့အဖို့တော့ ဦးရွှေဇံအောင်၏ အမြော်အမြင်ရှိမှုကြောင့် သူ အလူးအလဲမခံရပါ။ ပြည်သူပိုင်သိမ်းမည်ကို ကြိုတင်သတင်းရလေသလားမသိ။ ဦးရွှေဇံအောင်က ဆိုင်မှာ တော်ရုံလောက်သာ အထည်များပြထား၍ ကျန်ကုန်များကို နေရာရွှေ့ပြောင်းထားခိုင်းသည်။ ရတနာတွေကိုလည်း သဘောလောက်သာပြထား၍ ပြည်သူပိုင်သိမ်းချိန်တွင် တခြားသူတွေလောက် အရင်းပြုတ်အောင် မခံရပါ။ 

သို့သော် ဆိုင်ခန်းကိုတော့ အရှိန်မပျက် ဆက်ထွက်ခိုင်းသည်။ တိုလီမုတ်စ ပစ္စည်းအတိုအထွာလေးတွေ ဆက်ရောင်းခိုင်းသည်။ 

ရှယ်လီ့ရင်ထဲမတော့ သက်ပြင်းခါခါချမိသည်။ ဒီဆိုင်သာ ပြုတ်သွားလျှင် သူ ပြီးပါရော။ သူ့အသက်သွေးကြောပြတ်သလိုပင်၊ ယခုတော့ ယောက္ခမကြီးများက ကုန်ပစ္စည်းများများမတင်ဘဲ သနပ်ခါးတုံး၊ ပုန်းရည်ကြီးနှင့် ချည်ပုဆိုးနည်းနည်းပါးပါး ရောင်းခိုင်းသည်။ ပြည်သူပိုင်သိမ်းတုန်းကလည်း နစ်နစ်နာနာမခံရလေတော့ သူ ဣနြေ္ဒမပျက်နေနိုင်သည်။ 

အင်နီကလည်း အင်္ဂလိပ်စာနှင့် အမ်အေအောင်ကာ အင်္ဂလိပ်စာဌာနမှာပဲ ဆရာမလုပ်သည်။ ဂျင်မီကတော့ တနင်္ဂနွေနေ့တိုင်းတော့ သူငယ်ချင်းများနှင့် လည်ပတ်ခွင့်တောင်းကာ လည်သည်ကလွဲ၍ ပြဿနာမရှိပါ။ သူ ရင်အေးရပါသည်။ 

အရောင်းစာရေးမလေးနှစ်ယောက်ကိုဖြုတ်၍ သူနှင့် ကိုကျော်မင်းဝေ၊ သူ့ညီမနှင့်သူပဲ ဆိုင်ဆက်၍ ထွက်ကြသည်။ 

"အေမရ ..."

သူ ဆိုင်မှာထိုင်နေတုန်း အမျိုးသမီးတယောက် အော်ဟစ်ခေါ်ကာ ဝင်လာသည်။ သူ အံ့အားသင့်သွားသည်။ ဝင်လာသူက မခင်မေ၊ ဟိုတခါက ပလက်ဖောင်းပေါ်မှာ ပုစွန်ခြောက်ရောင်းသောခင်မေ။ 

"လာပါ၊ ထိုင်ပါဦး မခင်မေ၊ ဘယ်ကလှည့်လာလဲ"

သူက ဆီးကြိုလိုက်၏။ မခင်မေက ကုလားထိုင်မှာ ထိုင်ရင်း အမောဖြေလိုက်၏။ 

"အမကို မတွေ့ရတာ ကြာပြီနော်၊ ဝမ်းသာလိုက်တာအမရယ်၊ ကျွန်မလည်း ကမ်းနားလမ်း ပလက်ဖောင်းပေါ်က အိမ်မှာ မဟုတ်တော့ဘူး"

"ဘယ်ရောက်နေလဲ"

"ကျွန်မတို့လမ်းဘေးအိမ်တွေ၊ ကွက်သစ်တွေအားလုံး ပြောင်းရတယ်လေ အမ "

"ဟုတ်တယ်၊ ကျွန်မလည်းကြားတယ်၊ အခု ဘယ်ပြောင်းသွားလဲ"

"တောင်ဥက္ကလာပမှာ၊ မြေကွက်တော့ရပါရဲ့၊ တဲတလုံး အနိုင်နိုင် ဆောက်ထားရတာလား အမရယ်"

"မြေပိုင်ရှင်ဖြစ်သွားတာပေါ့"

"မြေတော့ ပိုင်ပါရဲ့၊ အိမ်တော့မဖြစ်သေးဘူး၊ မြွေတွေလေ မိုးတွင်းတုန်းက မြွေတော့ ကြောက်လိုက်ရတာ၊ တဲကလည်း လေးစင်တိုင်သာသာပါ အမရယ်၊ အမကို သတိရလို့ လိုက်ရှာတာ"

"ကောင်းတာနဲ့မကောင်းတာ တွဲနေတာပေါ့ မခင်မေရဲ့၊ မခင်မေတို့တဲအကွက်တွေက အရင်က လယ်ကွက်တွေဆိုတော့ အစမှာ ဒီလိုပေါ့။ နောက်တော့ ကောင်းလာမှာပါ။ ခု ပုစွန်ခြောက်က ကင်းလွတ်ကုန်မဟုတ်တော့ဘူး၊ ဘာရောင်းလဲ"

"ကျွန်မ အရင်းအနှီးမရှိဘူး၊ ဒေါ်သန်းရီတို့လည်း ပြည်သူပိုင်အသိမ်းခံရတော့ ဆိုင်ဟောင်းလောင်း၊ ကျွန်မကို ပုစွန်ခြောက်မပေးနိုင်ဘူး။ ကျွန်မတို့ကလည်း တောင်ဥက္ကလာပြောင်းသွားတော့ ဘာမှမလုပ်တတ်။ အခု ကျွန်မယောက်ျား ကိုဘထွန်းက ကားပြင်ဝပ်ရှော့မှာ အခုမှ အလုပ်သင်တုန်း၊ သားက ကျောင်းမတက်နိုင်ဘူး။ ဘတ်စ်ကားဆိပ်မှာ ဆေးလိပ်လေး မီးခြစ်လေးရောင်းဝယ်၊ သမီးလေးလည်း ကျောင်းမထားရပါဘူး။ ကျွန်မ တခုခု ရောင်းချင်တယ်အမရယ်၊ ကျွန်မကို မကူညီနိုင်ဘူးလား"

ရှယ်လီမှာ ငိုအားထက် ရယ်အားသန်နေဖြစ်နေသည်။ သူ့မှာလည်း အရှိန်ရစလုပ်ငန်းများ ရပ်ဆိုင်းသွားရပြီ။ ရှင်ဘုရင်ပွဲတော်အုပ်ပျောက်တာ အရေးမကြီး၊ သူတောင်းစား ခွက်ပျောက်တာက ပိုဆိုးသည်။ မခင်မေကို ဘယ်လိုလုပ်ပေးရပါ့။ မခင်မေက ခြောက်သယောင်းနေသော ဆံပင်နီနီတွေကို ကော်ဘီးနှင့် ပြင်ပတ်လိုက်သည်။ 

ဖွပ်လွန်း၍ ဝါနေသော နိုင်လွန်အင်္ကျီနှင့် အဆင်ပျက်နေသော လုံချည်ပွင့်ရိုက်က ခင်မေ့အခြေအနေကို ဖော်ပြနေသည်။ 

"ကျွန်မဆိုင်လည်း ကြည့်ဦးလေ၊ ပြည်သူပိုင်အသိမ်းခံရတာ ပုဆိုးလေး ဆယ့်လေးငါးထည်နဲ့ ပုံးရည်ကြီးလေး သနပ်ခါးတုံးလေး တင်ထားရတယ်။ အဲဒါက ပြည်သူပိုင်မသိမ်းဘူး"

ရှယ်လီက သူ့ဆိုင်မှ ကုန်ပစ္စည်းအများကို လက်ညှိုးထိုးပြလိုက်သည်။ မခင်မေကလည်း ဗီရိုဟောင်းလောင်းများကို လှမ်းကြည့်နေသည်။ 

"ကျွန်မ တခုတော့ အကြံဥာဏ်ပေးချင်တယ်။ ကျွန်မတို့ရှေ့မှာ ယမုံနာဆိုပြီး စားသောက်ဆိုင်ခန်းတွေဖွင့်ဖို့ နေရာပေးလိမ့်မယ်။ အဲဒီမှာ ရှင် ထမင်းသုပ်ရောင်းပါလား"

ရှယ်လီ့အကြံဥာဏ်ကို မခင်မေက စဉ်းစားနေသည်။ 

"ထမင်းသုပ်ဆိုတော့ ပုစွန်ခြောက်ပါမှလေ၊ ပုစွန်ခြောက်က ကင်းလွတ်ကုန်မဟုတ်ဘူးဆို၊ ကျွန်မ ဘယ်က ရမလဲ"

"ရှယ်လီ စာရေးပေးမယ်၊ ရှင်က တိတ်တိတ်ဆိတ်ဆိတ် ဒေါ်သန်းရီကို ကျွန်မစာ သွားပေး၊ ထင်ထင်ပေါ်ပေါ် မရောင်းရဲပေမယ့် သူတို့လည်း သိမ်းထားတာ ကျန်မှာပေါ့၊ ငါးဆယ်သားလောက်ဆွဲခဲ့ပေါ့၊ ကဲ ကျန်တာ ဆီဖိုး၊ အာလူး၊ ကြက်သွန်၊ ကြာဇံဝယ်ဖို့ 
ရှယ်လီ အရင်းထုတ်ပေးမယ်၊ ဝယ်စားတဲ့လူတွေကို ထမင်းသုပ်ပန်းကန်နဲ့အတူ အခွံသင်ပြီးသား ကြက်သွန်ဖြူဥလေးတွေလည်း ပန်းကန်ပြားတချပ်နဲ့ သပ်သပ်ထည့်ပေး"

စကော့စျေး (ဗိုလ်ချုပ်စျေး) မှာ ခြေရာချ ဦးခဲ့သော ရှယ်လီက မခင်မေကို စျေးရောင်းနည်း သင်တန်းပေးနေသည်။ 

"မောင်တင်ဖေက ဝယ်သူခေါ်၊ ထမင်းသုပ်ပန်းကန် ချပေး၊ မခင်မေသမီးက ပန်းကန်ဆေး၊ မခင်မေက ထမင်းသုပ်ပြင်ပေါ့"

"ဒီလို သူဌေးတွေလာတဲ့ စကော့စျေးမှာ ကျွန်မလို လက်နှီးစုတ် လက်သုတ်ဖတ်ဝတ်ပြီး ထမင်းသုပ်ရောင်းလို့ ဘယ်သူ ဝယ်စားမလဲ"

မခင်မေက သူ့အင်္ကျီကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ 

"ဒါအတွက် ရှယ်လီ့တာဝန်ထားစမ်းပါ။ ဆိုင်ခန်းလည်း ရှယ်လီ ရအောင်လုပ်ထားလိုက်မယ်၊ ဘာမှစိတ်မပူနဲ့။ ရှယ်လီတောင် မုန့်ဟင်းခါးရောင်းရင် ရောင်းနေမှာ"

ရှယ်လီက ရယ်ရယ်မောမောပြောလိုက်သည်။ 

မခင်မေက လိုက်မရယ်၊ တစုံတရာ တွေးနေပုံရသည်။ 

"အမကို ကျွန်မ တခုမေးမယ်၊ ပြည်သူပိုင်သိမ်းတယ်ဆိုတာ ဘာလဲ"

ကဲ ...မှတ်ကရော၊ အမေး နွားကျောင်း၊ အဖြေ ဘုရားလောင်းတဲ့။ မခင်မေက မေးလေပြီ၊ သူကလည်း ဘုရားလောင်းမဟုတ်၍ မဖြေတတ်။ နိုင်ငံရေးစကားလုံးကို မသုံးတတ်ခြင်းပါ။ 

"ဘာဖြစ်လို့ကော သိမ်းတာလဲ"

ထပ်မံ၍ မခင်မေက မေးပြန်သည်။ 

ရှယ်လီ ခေတ္တစဉ်းစားပြီးမှ ဖြေလိုက်၏။ သူ၏အဖြေသည် စကားလုံးခန့်ညားမှု မလို၊ မခင်မေ နားလည်လွယ်ဖို့ အရေးကြီးသည်။ သူ တတ်နိုင်သလောက် အလွယ်ဆုံးစကားလုံးနှငိ ပြောပြလိုက်သည်။ 

"သူဌေးတွေ၊ ငွေရင်းကြီးတဲ့လူတွေ ကုန်သွယ်တော့ သူတို့ အမြတ်များများရအောင် စျေးတင်ရောင်းတယ်။ သူတို့တော့ အမြတ်များများရတာပေါ့။ စားသောက်ရတဲ့ပြည်သူလူထုမှာ စျေးကြီးပေးရတယ်။ ဒါကြောင့် အစိုးရကုမ္ပဏီကြီးတွေ လုပ်ငန်းရှင်ကြီးတွေရဲ့အလုပ်အကိုင်တွေကို ပြည်သူပိုင်သိမ်းလိုက်ပြီး ပြည်သူတွေကို ဝေစားမှာပေါ့"

"ဟင်"

မခင်မေက အံ့ဩသံတချက်ပြုလိုက်ပြီး ခေါင်းခါလိုက်သည်။ တကယ့်ကို သဘောမပေါက်သေးဟန် ပြနေသည်။ 

"ကျွန်မတို့လို ဆင်းရဲသားပြည်သူတွေဆီက အစိုးရသိမ်းသွားတာမဟုတ်ဘူးလား"

ဘုရားရေ ...၊ မခင်မေ၏ ဒုတိယမေးခွန်းသည် သာ၍ဖြေရန် ခက်ခဲသည်။ ရှယ်လီ ဘာမှမဖြေခင် မခင်မေက ဆက်ပြောသည်။ 

"ကျွန်မတို့ထမင်းစားတယ်ဆိုတာ အမကို ပြောပြရဦးမယ်၊ ငါးလေး ဝက်သားလေး ဘာလေးက တပတ်တခါလောက်မှ စားနိုင်တာပါ။ တခါတလေ မစားရပါဘူး။ အမြဲတမ်းက စိမ်းစားငါးပိ၊ သုံးဦးစပ်အရေကျိုငါးပိနဲ့ ပုစွန်ခြောက်တို့က ဟင်းဖြစ်နေတာ"

မခင်မေက ရှယ်လီကို ပြန်၍ရှင်းပြနေသည်။ 

"ငါးပိစိမ်းစားနဲ့ ပုစွန်ခြောက်တမတ်ဖိုး ရေနဲ့ပြုတ်၊ ဘူးသီးခတ်ပြီး ဟင်းချိုချက်၊ သုံးဦးစပ် ငါးပိရည်ကို ကျိုပြီး ပိန္နဲသီးကွင်းတို့လို ကန်စွန်းရွက်တို့စရာစုံစုံနဲ့ စားရတာ များပါတယ်၊ ပြီးတော့ တမတ်တန် အချိုမှုန့်က ငါးပိရည်ဖျော်ထဲလည်း ထည့်တာပဲ၊ ဟင်းချိုလည်း ခတ်တာပဲ၊ ဒါကြောင့် ဟိုတုန်းက ကျွန်မ ဒေါ်သန်းရီဆီက ပုစွန်ခြောက်ယူစျေးရောင်းတော့ ပုစွန်ခြောက်မှုန့် တမတ်တန်ထုပ် အချိုမှုန့်တမတ်တန် နဲ့တွဲရောင်းတာ ကွက်သစ်ဆင်းရဲသားရပ်ကွက်မှာ အလုပ်ဖြစ်လို့။ အခု ပြည်သူပိုင်သိမ်းပြီးတော့ ငါးပိစိမ်းစားလည်း ပျောက်၊ ပုစွန်ခြောက်လည်းပျောက်၊ ကင်းလွတ်ကုန်မဟုတ်ဘူးတဲ့လေ။ ကျွန်မတို့ ဘာနဲ့သွားစားရမလဲ။ လောလောဆယ် ကျွန်မတို့ဆင်းရဲသားကို ထိတာ"

ရှယ်လီက မဖြေတတ်။

"ဥက္ကလာကတော့ တောစျေးလိုဖြစ်နေလို့ ငါးပနော်တကောင်ရရင် မီးဖုတ်ပြီး မနက်ညစာ ဟင်းချိုခတ်နိုင်အောင် လုပ်။ ချက်စားရတာအမရဲ့။ အမပြောတော့ သူဌေးကြီးတွေဆီက သိမ်းပြီး ကျွန်မတို့ကို ဝေဖို့ဆို၊ အခု ကျွန်မတို့ ဘူးသီးဟင်းချိုတောင် ကောင်းကောင်းချက်မစားနိုင်ဘူး"

ရှယ်လီသည် တကယ့်ကို ဘာဆက်ပြောရမှန်းမသိ။ 

"သူဌေးတွေဆီကလည်း သိမ်းတာပါပဲ မခင်မေ" ဟု ပြောလိုက်၏။ 

"အမတို့သူဌေးတွေမှာတော့ အခြေအနေမပျက်ပါဘူး။ ကျွန်မတို့ဆင်းရဲသားပိုင်တဲ့ ငါးပိလေး ပုစွန်ခြောက်လေး သိမ်းတာလားလို့"

ေဩာ် ....မခင်မေက သူ့ကို သုဌေးတဲ့၊ ဟုတ်ပါ့။ သူတို့အမြင်မှာ သူဌေးပါပဲ။ ယောက္ခမငွေရင်းနှင့် ကုန်သွယ်နေရသူ၊ ပြည်သူပိုင်သိမ်းတော့ သူလည်း အထိနာ၊ ဘာလုပ်စားရမှန်းတောင်မသိ။ မခင်မေက သူ့အဖြစ်မသိ။ ဘာပဲပြောပြောပေါ့လေ။ မခင်မေထက် သူက သာသေးသည်ဆိုရမည်။ ပေါင်မုန့်ထောပတ်သုတ် စားနိုင်သေးသည်။ အခြေနေဟန်မပျက် ထိန်းထားနိုင်တော့ မခင်မေ ပြောလည်းပြောစရာပေါ့။ 

"အမကို ပြောရဦးမယ်"

မခင်မေက ဆက်ပြန်သည်။ သူ ပလတ်စတစ်ခြင်းတောင်းလေးထဲမှ စက္ကူနှင့်ပတ်ထားသော အထုပ်တထုပ်ကို ဖြေ၍ပြလိုက်၏။ ချည်ပုဆိုးတထည်နှင့် အနားပြာပေါ်ပလင်ပိတ်စ နှစ်စဖြစ်သည်။ 

"တနေ့လုံး ရပ်ကွက်လိပ်ပြာတောင်မှာ ကျွန်မတန်းစီလာတာ။ အဲဒါကလည်း အလုပ်တခု၊ အချိန်ကုန်သလား မပြောနဲ့၊ အဲဒီလုံချည်နဲ့ပိတ်စ အမယူထားပါ။ ကျွန်မကို အမ အဖိုးဖြတ်ပေး၊ အပြန် ဟင်းချက်စရာ ဝယ်သွားချင်လို့၊ ေဩာ် တခုလည်း အမ ဒီလိုလုပ်ပါလား"

မခင်မေ ဥာဏ်ကြီးရှင်က သူ့ကို အကြံဥာဏ်တခု ပေးပြန်သည်။ 

"ကျွန်မ နေ့တိုင်းတန်းစီပြီး ရသမျှပစ္စည်း အမဆိုင် လာအပ်မယ်လေ၊ အမ ရောင်းကုန်ရတာပေါ့"

ရှယ်လီသည် စိတ်မရှည်နိုင်တော့ ရယ်မိသည်။ 

"မခင်မေရယ်၊ ကိုဘထွန်းတို့ မောင်တင်ဖေတို့ ဒီပုဆိုးဝတ်ပါစေ၊ ပြန်ရောင်းမနေနဲ့တော့၊ အခု ကျွန်မ ရင်းဖို့နှီးဖို့ငွေလည်း ပေးလိုက်မယ်။ စာလည်း ရေးပေးလိုက်မယ်၊ ဒေါ်သန်းရီဆီ သွားပေါ့၊ ဟုတ်လား။ ထမင်းသုပ်ဆိုင် ထွက်ဖို့ပဲ ပြင်ပေတော့။ ပုဆိုးနဲ့ပိတ်စကို သွားရောင်းမနေနဲ့ဦးနော်"

ခင်မေ့မျက်နှာက ရယ်ကျဲကျဲနှင့် မရောင်းပါဘူးဟု အာမမခံ၊ ရှယ်လီ့ဆိုင်ကအပြန် သူ တနေရာရာမှာ ရောင်းချင်လည်းရောင်းမည်ဟု ပြောနေပုံရသည်။ 

ရှယ်လီပေးသောငွေနှင့် စာကိုယူကာ မခင်မေ ဆိုင်ပြင်ထွက်သွားတော့သည်။ ရှယ်လီက ပြည်သူပိုင်သိမ်းခြင်းကို အကျယ်ချဲ့ပြောလိုက်သော မခင်မေ၏ယူဆချက်ကို သဘောကျနေသည်။ မခင်မေက စာအုပ်ကြီးဖတ်၍ ပြောနေခြင်းမဟုတ်။ သူ့လက်ရှိခံစားချက်ကို ပြောနေခြင်းဖြစ်သည်။ 

မခင်မေပြောသလိုပါပဲ၊၊ တကယ့်ငွေရှင် အရင်းရှင်ကြီးများမှာ ပြည်သူပိုင်သိမ်း၍ အလုပ်ဆက်မလုပ်ဘဲ ထိုင်နေသည်ကလွဲ၍ အခြေနေကို မထိခိုက်ပါ။ မြကြာဖြူကုမ္ပဏီပိုင်ရှင်အမည်ခံထားသော သူ့အဖြစ်က ငွေရှင်ကြီးများလိုမဟုတ်။ ပိုဆိုးသည်။ ယောက္ခမနောက်ခံနှင့် မထိခိုက်သယောင်ရှိပေမယ့် သူ့မှာ ကိုယ်ပိုင်လုပ်ငန်းမရှိ၊ ပုဂ္ဂလိကလုပ်ငန်းမရှိလေတော့ သူ ဘယ်လိုဆက်လက် ခရီးသွားရမှန်းမသိ။ ယခင်ကတည်းက ယောက္ခမကြီးများကို ကူညီသည့်အနေနှင့် သူတို့မိသားစု စားစရိတ်အတွက် သူက အလိုက်သိတတ်စွာ ဆန်တအိတ်နှင့်ဆီတပုံးကို ဝယ်ကာ မီးဖိုကုန်ကျစရိတ်ကို ဖြည့်စွမ်းပါသည်။ ဆီတပုံး ၄၀ကျပ်၊ ဆန်တအိတ် ၅၀ကျပ်ဖြစ်သည်။ 

ရှေ့ဆက်လည်း ဒီလိုပဲ လုပ်သွားရမည်။ မခင်မေတို့လိုဆိုလည်း ယမုန်နာမှာ ဆိုင်ခန်းတခန်းတောင်း၍ မုန့်ဟင်းခါးရောင်းလိုက်ချင်သည်။ သူက အထည်ကြီးပျက်လည်းမဟုတ်၊ ဒါပေမဲ့ လက်ရှိလုပ်ငန်းတော့ အရှိန်ပျက်သွားပြီ။ အချိုးကျ သူရသော ငွေထဲမှ ပိုငွေကို သူစုထားသည်။ ဒီငွေနှင့် သူတို့မိသားစု ဆက်၍နေရဦးမည်။ အလုပ်တခုခုလုပ်ဖို့ အချိန်အခါ မပေးသေးပါ။ မီရှယ်နှင့် ဆက်သွယ်၍ လုပ်လိုသော သူ့ချိတ်ထဘီဖက်ရှင်ကိစ္စကလည်း တခန်းရပ်သွားပြီ။ 

မကြည်နှင့် ဟံအေးစရိတ်၊ သူစီးနေသော ကားစရိတ်၊ ဒါတွေအတွက် ဝင်ငွေမရှိတော့၊ သူ့အဖို့ ဆက်လက်၍ အကုန်အကျမခံနိုင်တော့ပါ။ ကားကိုရောင်းပစ်မည်။ ဟံအေးနှင့်မကြည်လည်း ရရာအလုပ်လုပ်ဖို့ သူပြောရရင်ကောင်းမလား။

ဆက်ရန်
--------------------------------
ခင်နှင်းယု

Post a Comment

0 Comments