#ဗညားရှိန်း
အပိုင်း(၆)
ရှိန်းဆေးတိုက် မဖွင့်ခင် တစ်ပတ်ကတည်းက စည်းကမ်းသတ်မှတ်ချက်များနှင့် အလုပ်တာဝန် ခွဲဝေသည်များကို အသေးစိတ် ရေးဆွဲပြီးကြပြီ။ တာဝန်ထမ်းဆောင်ရမည့် ဆရာဝန်ကြီးများပါ ပါဝင်ဆွေးနွေး ရေးဆွဲကြခြင်းဖြစ်သည်။ မလေးနုက စည်းကမ်းထဲတွင် တစ်ချက် ဖြည့်စွက်သည်။ ဆေးတိုက်ပိုင်ရှင် ဗညားရှိန်းကအစ ဆေးတိုက်မှာ တာဝန်ထမ်းဆောင်သူ ဆရာဝန်များ၊ သူနာပြု အမျိုးသားရော အမျိုးသမီးများနှင့် တံခါးစောင့်ပါမကျန် တာဝန်ထမ်းဆောင်နေစဉ် အရက်မသောက်ရဟူသော အချက်တစ်ချက် ဖြည့်စွက်သည်။
အဆုတ်နာ အထူးကုဆရာဝန်ကြီး ဦးကျော်လှိုင် တင်ပြချက်ကိုတော့ ရှိန်းက လိုက်နာရသည်။
“ကျွန်တော့်ကိုယ်တွေ့ တင်ပြပါရစေ၊ အစိုးရက ဆင်းရဲသား လူနာတွေကို ဆေးထုတ်ပေးပြီး ကုသပါတယ်၊ အောင်ဆန်းဆေးရုံကြီးမှာ တက်ရောက်ကုသတဲ့ တချို့ သူဌေးလူနာတွေက ဆင်းရဲချင်ယောင်ဆောင်ပြီး ဆေးအလကားရအောင်လုပ်ပါတယ်၊ အခု ဦးဗညားရှိန်းဆေးတိုက်က စေတနာခန်းမှာ ဆင်းရဲသားတွေအတွက် ဆေးဝါး အခမဲ့ကုသခွင့်ရတာ အင်မတန်ကောင်းပါတယ်၊ ဒါပေမဲ့ ဆင်းရဲ ချမ်းသာ လူနာကို ဘယ်လိုရွေးမလဲ”
ရှိန်းက သူ့ကို အချိန်ပေးဖို့ ခွင့်တောင်းပြီး သူ့လူများဆီမှာ အကြံဉာဏ်တောင်းသည်။ ကားဝပ်ရှော့ အလုပ်သမားလူငယ်တွေက အလွှာပေါင်းစုံမှ ဖြစ်သည်။ ဖျတ်လတ်သည်။ သူတို့က ကူညီမည်ဆိုသည်။ ရှိန်းက လူနာစုံစမ်းရေး လူငယ်အဖွဲ့ ဖွဲ့သည်။ အရေးပေါ် လူနာမှတစ်ပါး လူနာကုသရန် ရောက်လာလျှင် လူနာနေရပ်ကို ယူထား၍ ရပ်ကွက်အလိုက် သက်ဆိုင်ရာ လူငယ်လေးများက ဆင်း၍ စုံစမ်းရမည်။ ရပ်ကွက်လူကြီးကိုလည်း အကူအညီတောင်းခံ၍ ထိုလူငယ်လေးများ၏ အစီရင်ခံစာအရ လူနာကို လက်ခံရမည်ဖြစ်သည်။ လောလောဆယ်တော့ သူ့အစီအစဉ်ကို ဆရာဝန်ကြီးများက လက်ခံပါသည်။ ထိုအစီအစဉ်ထက်ကောင်းသော အကြံဉာဏ် ပေးနိုင်ပါလျှင်လည်း လုပ်ဆောင်ဖို့ လမ်းဖွင့်ပေးထားသည်။
ရှိန်းဆေးတိုက် အပေါ်ဆုံးထပ်မှာ ဗညားရှိန်းနှင့်တကွ ဆရာဝန်များ၊ သူနာပြုများ နားနေခန်းကို ရေချိုးခန်း အိမ်သာတွဲလျက် တစ်ခန်းစီ လုပ်ပေးထားသည်။ အနားယူအခန်းမှာတောင် အရက်မသောက်ဖို့ တားမြစ်ထားသည်။
ဖွင့်ပွဲနေ့ကတော့ အပေါ်ဆုံးထပ် အလယ်ခန်းမတွင် ဧည့်သည်များနှင့် ဆရာဝန်ကြီးများ လူနာဆောင်များကို လှည့်လည် ကြည့်ရှုသည်။ အပေါ်ဆုံးထပ်က ဆရာဝန်များနားနေခန်း၊ အလယ် နှစ်ထပ်က ငွေကြေးခန်းများဖြစ်၍ ပထမထပ်က အခမဲ့ကုသဆောင် လူနာခန်းများကို လိုက်လံပြသည်။ အခမဲ့ကုသဆောင်ကို စေတနာခန်းဟု အမည်ပေးထားသည်။ အောက်ဆုံးထပ်မှာ ဆရာဝန်ကြီးများ၏ အပြင်လူနာ စမ်းသပ်ခန်းများနှင့် ဓာတ်ခွဲခန်းများ ထားသည်။
ဧည့်သည်များ ပြန်သွားတော့မှ အပေါ်ဆုံးထပ် ခန်းမကြီးသို့ ဆရာဝန်များနှင့် အမှုထမ်းများအား ရှိန်းက ဖိတ်ခေါ်လိုက်သည်။ စားပွဲထိပ်မှာ ရှိန်းကထိုင်၍ ဘေးတစ်ဖက်တစ်ချက်ရှိ သူ့သားသမီးများနှင့် အားလုံး မိတ်ဆက်ပေးသည်။
“သူက ကျွန်တော့်သမီးအကြီးဆုံး ဖြူပြာရှိန်း"
ဖြူပြာက မတ်တတ်ရပ်ပြပြီး ဦးညွှတ်၍ ပြန်ထိုင်လိုက်သည်။ ဖြူပြာသည် အသားဖြူတာတစ်ခုပဲ ရှိန်းနှင့်တူသည်။ ပုပုဝဝ မျက်လုံးလေးမှေးမှေးနှင့် နှုတ်ခမ်းကတော့ ချစ်စရာပြုံးနေသည်။ နှာတံက သွယ်သွယ်စင်းစင်း၊ အမူအရာက အေးဆေးပုံရသည်။
"သူက ဒီနှစ်ပဲ ဘီကွမ်းအောင်ပါတယ်၊ သူ့အောက်က မူရာက ကျန်းမာရေးမကောင်းလို့ ဒီပွဲကို မတက်နိုင်ပါဘူး၊ ကဲ... တတိယသမီးက သူဇာ"
သူဇာသည် ထိုင်ရာမှထ၍ ဖြူပြာလိုပဲ ဆရာဝန်များကို ဦးညွှတ်၍ ပြန်ထိုင်သည်။ သူဇာက အရပ်မြင့်၍ ရှိန်းမျက်နှာပေါက်နှင့် ဆင်သည်။ ဒါပေမဲ့ အသားကျတော့ ဖြူပြာလောက် မဖြူ။ အသားလတ်လတ်ဟု ဆိုရမည်။ ရိုးတိုးရှန့်တန့်နှင့် ရှက်ပြုံးလေး ပြုံးနေသည်။
“သူဇာကတော့ ဒီနှစ်မှ တက္ကသိုလ်ရောက်ပါတယ်၊ ကဲ... ဝဏ္ဏရှိန်း ထပါဦး၊ သူက အခုရှိတဲ့အထဲမှာ ကျွန်တော့်ရဲ့ စတုတ္ထမြောက်သား၊ ပထမဆုံးသား သီဟရှိန်းက ကွယ်လွန်သွားပါပြီ"
ဝဏ္ဏရှိန်းက ထပြသည်။ သူ့ရုပ်ကလည်း မျက်ခုံးမွေးထူတာကလွဲ၍ ရှိန်းနှင့်မတူ။ ပိန်ကပ်ကပ်၊ အရပ် မနိမ့်မမြင့်၊ အသားညိုညို၊ နှာတံမပေါ့်တပေါ်နှင့် မျက်လုံးက ရီဝေဝေဖြစ်နေသလိုပင်။ ဝဏ္ဏရှိန်း ထိုင်လိုက်မှ ရှိန်းက စကားဆက်သည်။
“အာကာရှိန်း ထ၊ သူက ကျွန်တော့်သားအငယ်ဆုံးပဲ”
အာကာက ထပြသည်။ သူသည် အရပ်မမြင့်ပေမယ့် ဝဏ္ဏရှိန်းလိုပဲ ဖြူဖြူနွဲ့နွဲ့။ တောင့်တောင့်တင်းတင်း မရှိ။ မျက်လုံးက စင်းစင်း၊ နှာတံတော့ ပေါ်သည်။
“ဝဏ္ဏရှိန်းရော၊ အာကာရှိန်းရော တက္ကသိုလ်မရောက်ကြသေးဘူး၊ ကျွန်တော့်သားသမီးအားလုံးကို ဆရာဝန်ကြီးများ ဆရာမများလက်ထဲ အပ်ပါတယ်၊ နောင်ကို ကျွန်တော့်မိသားစုနဲ့ ဒီဆေးတိုက်မှာ တာဝန်ထမ်းဆောင်နေသူတွေ ဆက်ဆံရမှာမို့လို့ပါ၊ နောင်လည်း တစ်လတစ်ခါ ကျွန်တော်တို့ တွေ့ဆုံပြီး လုပ်ငန်းအောင်မြင်မှုတွေ အခက်အခဲတွေကို တင်ပြဆွေးနွေးကြတာပေါ့၊ အားလုံး ပြန်နိုင်ပါပြီ"
ဆရာဝန်များအားလုံး ထပြန်သွားကြပြီး မလေးနုနှင့် တင်သက်မာပဲ ကျန်ရစ်သည်။ ရှိန်း သားသမီးတွေပါ ထမည်လုပ်တော့မှ မလေးနုက ရှိန်းကိုပြောသည်။
"ရှိန်း ဖြူပြာဟာ ဘီကွမ်းအောင်ပြီး အလုပ်လည်းမဝင်သေးဘူးဆိုရင် ရုံးအဖွဲ့မှာ စာရင်းကိုင်ခန့်ပါလား၊ ငွေရေးကြေးရေးမှာ ကိုယ့်ထဲကလူ ရှိတော့ ကောင်းတာပေါ့"
"သမီးသဘောပဲလေ"
ရှိန်းကဆိုတော့ ဖြူပြာက ပြုံးလိုက်သည်။
“အစဆိုတော့ ဖြူပြာ့ကို ဘယ်သူ အလုပ်သင်ပေးမလဲ"
"ရုံးအုပ်ကြီးလည်းရှိတယ်၊ လုပ်သက်ရင့်တဲ့ စာရင်းကိုင် ဦးဘမောင်လည်း ရှိပါတယ်၊ တွဲလုပ်ရမှာပါ၊ ဖြူပြာ့ကို သင်ပေးမှာပေါ့၊ လုပ်မယ်မဟုတ်လား"
“လုပ်ကြည့်မယ်လေ၊ အန်တီ မလေးလည်း ရှိမယ်မဟုတ်လား"
"ရှိမှာပါ"
မလေးနုက ပြောလိုက်၏။
“ဒါပါပဲ မလေးတို့ သွားနားတော့မယ်”
"ကဲ ကလေးတို့၊ အန်တီသက်မာလည်း သွားမယ်နော်”
သူတို့နှစ်ယောက် ရှိန်းတို့သားအဖတွေကို နှုတ်ဆက်၍ နားနေခန်းကို လျှောက်လာကြသည်။ မလေးနုအခန်းကို နှစ်ယောက်စလုံး ဝင်လိုက်သည်။ ခုတင်ပေါ် မလေးနုက ပစ်လှဲလိုက်သည်။ တင်သက်မာက ခုတင်ဘေး ကုလားထိုင်မှာ
ထိုင်လိုက်သည်။
မလေးနုသည် မျက်နှာကြက်ကို မော့ကြည့်ရင်းမှ တင်သက်မာကို လှမ်းမေးသည်။
"သက်မာ ဒီနေ့ပွဲမှာ သတိထားမိလား"
“ဘာသတိထားရမှာလဲ”
"ရှိန်းက ဒီပွဲမှာ ဘာလို့ သူ့ဇနီးကို မခေါ်ခဲ့တာလဲ”
သက်မာက တွေသွားသည်။
"သက်မာလည်း မသိဘူး၊ အေးနော် ဟုတ်ပါရဲ့၊ စဉ်းစားစရာပဲ"
မလေးနုသည် တင်သက်မာဘက်ကို ပြန်လှည့်လိုက်သည်။
"မင်း သတိပြုမိလား၊ သက်မာ လက်မထပ်ခင်က မလေးတို့ကို ထမင်းကျွေးတဲ့ညလေ၊ မလေးကို ရှိန်းလာခေါ်မယ်ဆိုတော့ သူ့ဇနီးပါ ပါမယ်ထင်တာ။ သူတစ်ယောက်တည်း လာခေါ်တယ်၊ သက်မာ ရှိန်းဇနီးကို မဖိတ်ဘူးလား"
"ဖိတ်ပါတယ်၊ သက်မာက အေးအေးနဲ့ ပိုရင်းနှီးတာ၊ အေးအေးကို တိုက်ရိုက် ဖုန်းနဲ့ဆက်လိုက်တယ်။ ရှိန်းကိုပါ ပြောလိုက်ပါလို့၊ ရှိန်းက လာမယ့်အကြောင်း ကိုယ့်ကိုပြန်ပြောတော့ ရှိန်းလာရင် မလေးကိုပါ ခေါ်ခဲ့ဖို့ မှာတာ”
“အေးကွယ် ……. ဒီလောက်ကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခု ဖွင့်ပွဲမှာ သူ့ဇနီး ပါရမှာပေါ့၊ သူ့သားသမီးတွေနဲ့တော့ ဆရာဝန်ကြီးတွေနဲ့ မိတ်ဆက်ပေးသား"
“သက်မာ ရန်ကုန်ပြောင်းလာမှ ဖုန်းနဲ့ပဲ ဆက်သွယ်မိတယ်၊ အေးက ဖိတ်ပါတယ်၊ ကိုယ်လည်း မအားလို့ မသွားရဘူး"
“မလေးစိတ်ထဲမှာ တစ်မျိုးချည်းပဲ၊ ဇင့်ရဲ့မိဘတွေကို မလေး သွားတိုင်ပင်တုန်းကလည်း ဖေဖေတို့က ပြောတယ်၊ တီဗီမှာ ရှိန်း ကုမ္ပဏီက အလှူငွေထည့်တာပါရင် ရှိန်းတစ်ယောက်တည်း၊ သူ့မိန်းမ ဘယ်တော့မှ မပါဘူးတဲ့”
တင်သက်မာ စဉ်းစားရင်း ငြိမ်သက်နေသည်။
“မလေး တစ်ခုပြောချင်တယ်၊ အခု သက်မာ မလေးတို့ ဆေးတိုက်မှာလုပ်တာ အချိန်ပိုင်းပေါ့၊ တကယ်လို့ မလေးတို့ဆေးတိုက် တိုးတက်လာတယ်ဆိုရင် သက်မာ အစိုးရအလုပ်ကထွက်ပြီး ရှိန်းဆေးတိုက်မှာ အချိန်ပြည့် မလေးနဲ့အတူ သက်မာ လုပ်စေချင်တယ်"
“စဉ်းစားပါ့မယ် မလေး"
“ရှိန်း ရည်ရွယ်ချက်က ကောင်းပါတယ်၊ မလေး ယူထားတဲ့တာဝန်က အုပ်ချုပ်ရေးမှူးဆိုတော့ အားလုံး တာဝန်ရှိတယ်၊ ပြီးတော့ ရှိန်းက ငွေကြေးခန်းကို အခယူ ထမင်းကျွေးမယ်၊ စေတနာခန်းကို အခမဲ့ထမင်းကျွေးမယ်ဆိုတော့ မီးဖိုပါ မလေး တာဝန်ယူရမယ်၊ မလေးကိုယ်ပိုင်အလုပ်အတွက် သားဖွားမီးယပ်လူနာကို ကုသရုံတင်မဟုတ်၊ ပြင်ပလူနာခန်းမှာလည်း တစ်ပတ်နှစ်ခါ ထိုင်ပေးရမယ်ဆိုတော့ မလေး နားချိန်မရှိဘူး၊ ဒါလောက် ကျယ်ပြန့်တဲ့တာဝန် ကို မလေး ထမ်းဆောင်တဲ့နေရာမှာ သက်မာ အနားမှာရှိစေချင်တယ်။ မလေးတို့နှစ်ယောက် တိုင်တိုင်ပင်ပင်ပေါ့၊ တမင် မလေးက ငွေစာရင်းဌာနမှာ ဖြူပြာ့ကို ဆွဲထည့်ထားတာ၊ ငွေရေးကြေးရေးကိစ္စမှာ ရှိန်း မိသားစုထဲက တစ်ယောက်ယောက်ရှိနေတော့ တို့ လုပ်ရတာ စိတ်သန့်တယ်လေ”
“အေးပါလေ… မလေး အစီအစဉ်ကို သက်မာ သဘောကျပါတယ်၊ မလေး တာဝန်ကြီးတာကိုလည်း နားလည်ပါတယ်၊ ရှိန်း သမီးလေးတွေကိုကြည့်ရတာ အေးအေးဆေးဆေးပါပဲ၊ သူဇာက ရှက်ကိုးရှက်ကန်းနဲ့၊ ဖြူပြာက ပွင့်လင်းပုံရတယ်၊ သူ့သားတွေကို သတိထားမိလား"
"တင်ပြစရာ စာရွက်စာတမ်းတွေ ကြည့်နေတာနဲ့ သူတို့ကို သေသေချာချာ မကြည့်မိဘူး၊ ဘာဖြစ်လို့လဲ"
"ဒီအရွယ်မှာ လူငယ်တစ်ယောက်ရဲ့ မျက်လုံးက ဒီလိုမနေရဘူး။ ခုတော့ မျက်သားက နီရဲရဲ၊ မျက်လွှာကလည်း စင်းလို့၊ တောက်တောက်ပပ မရှိဘူး။ နှစ်ယောက်စလုံး အသားတွေက မွဲခြောက်ခြောက် ဖြူဖပ်ဖြူရော်နဲ့။ မဟုတ်ခါမှလွဲရော၊ နံပါတ်ဖိုးပုံစံတွေ"
"မလေး ဒီတစ်ခါ ညံ့သွားပြီ၊ ကျန်းမာရေးမကောင်းဘူးလို့ပဲထင်တာ"
"အေးကွာ…. သူတို့မိသားစုနဲ့လည်း သက်မာက အနေဝေးနေတာ၊ အေးကတော့ မန္တလေးရောက်တိုင်း ကိုယ့်ဆီဝင်ပါတယ်၊ သက်မာ ကိုအောင်ဝင်းနဲ့ မိက်ဆက်ပေးဖို့ ညစာဖိတ်တော့လည်း သူ့ကို ဦးတည်ဖိတ်တာပဲ၊ ဘာလို့မလာလဲ မသိဘူး၊ အေးဆီကို ကိုယ်သွားလည်ဦးမယ်လေ။ ကဲ... သက်မာပြန်မယ်"
သက်မာ ထွက်သွားတော့ မလေးနု၏ကိုယ်က နားပေမယ့် စိတ်က မနားပေ။ သူတို့ဆေးတိုက်ဖွင့်ပွဲကို ရှိန်းဇနီး မလာ။ ရှိန်းကလည်း စကားထဲ ထည့်မပြော။ သမီးလတ် နေမကောင်း၍ မလာနိုင်သည်ကိုတောင် ဆရာဝန်များအား တောင်းပန်စကားပြောဖြစ်သည်။
ဘုရား မ,လို့ ရှိန်းတို့အိမ်ထောင်ရေးသည် သူတို့ဆေးတိုက်လုပ်ငန်းမှာ အနှောင့်အယှက်မဖြစ်ပါစေနှင့်။
အပိုင်း(၇)ဆက်ရန်
-------------------
0 Comments