ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၅)

#ဗညားရှိန်း

အပိုင်း(၅)

အိမ်ရှေ့မှာ ကားထိုးရပ်သံ မလေးနု ကြားလိုက်သည်။ ညီမဝမ်းကွဲ ယင်းမာဝင်းက ကားရောက်လာကြောင်း သူ့ကို လာပြောသည်။

သူ အဆင်သင့် ပြင်ဆင်ပြီး၍ အိမ်ရှေ့ထွက်လိုက်သည်။ ကားပေါ်တက်မည်လုပ်တော့ အံ့အားသင့်သွားသည်။ ကားထဲမှာ ကားမောင်းသည့်နေရာမှာ ရှိန်းတစ်ယောက်တည်း။ ဘယ်သူမှမပါ။

"လာ ရှေ့က တက် မလေး၊ တင်သက်မာက ဖုန်းဆက်ထားတယ်၊ မလေးကို ဝင်ကြိုပါ ဆိုလို့"

ရှိန်းက ကားတံခါးဖွင့်ပေးသည်။ မလေးနုက ကားပေါ် တက်ရင်း ရှိန်း၏ဇနီး မပါဘူးလားဟု မေးချင်သည်။ မေးရ ကောင်းမလား၊ မမေးရ ကောင်းမလား သူ စဉ်းစားနေသည်။ တင်သက်မာက သူကျွေးသော ထမင်းစားပွဲတက်ရန် ရှိန်း လာကြိုမည်ဟု ကြိုတင် ဖုန်းဆက်ထားသည်မှာ အမှန်။ ဒါပေမဲ့ သူထင်သည်က ရှိန်းတို့လင်မယား လာကြိုမည် ထင်ခဲ့သည်။ ယခုတော့ ရှိန်းတစ်ယောက်တည်း။ သူသည် တစ်ယောက်တည်း လိုက်ခဲ့ရသည်ကို စိတ်မလုံသလိုပင်။ သူ့ဇနီးသည် ဘာ့ကြောင့် မပါသည်ကိုလည်း မမေးရဲ။ ရှိန်းက သူ ဘာတွေးနေသည်ကို သိပုံမပေါ်။ တင်သက်မာအကြောင်းပဲ ပြောလာသည်။

“မလေးနဲ့ တင်သက်မာက သူငယ်ချင်းဆိုတော့ ရှိန်းလည်း တင်သက်မာကို ခင်ပါတယ်၊ ကိုယ့်ဇနီးနဲ့လည်း သူငယ်ချင်းပဲ၊ သူ အိမ်ထောင်ပြုမယ်ဆိုတော့ ရှိန်းတော့ ဝမ်းသာတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ဆုံးရတာ တော်တော်ဆိုးတယ်၊ ပြီးတော့ ကလေး နှစ်ယောက်ကလည်း ကျန်သေး၊ မလေး သူယူမယ့်လူကို မြင်ဖူးလား"

“ဟင့်အင်း... မမြင်ဖူးဘူး၊ ခု ထမင်းစားပွဲမှာ တွေ့ရမှာပဲ” 

"အေးကွယ်... လူကောင်းဖြစ်ပါစေ ဆုတောင်းပါတယ်၊ သူ့ခမျာ သူ့ချစ်သူနဲ့ လက်ထပ်ရတော့လည်း ကြာကြာမပေါင်းရ။ ခက်တာပဲနော်၊ အကြာကြီးပေါင်းနေရတဲ့ လူတွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချင်မှ ချစ်ကြတာ၊ တော်တော် စိတ်ပျက်စရာကောင်းတဲ့ အိမ်ထောင်ရေး"

ရှိန်းက သူ့ကိုယ်တွေ့နှင့် သူပြောသော်လည်း သူတို့အိမ်တွင်းရေးကို မသိသော မလေးသည် ဘာတစ်လုံးမှ ဝင်ရောက် မဆွေးနွေး။ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။

“မလေးတို့ကျပြန်တော့လည်း စေ့စပ်ထားရင်းက မျိုးဇင် ဆုံးရတယ်၊ လက်တောင် မထပ်လိုက်ရဘူး၊ တစ်ခါတစ်ခါ ရှိန်း ဒီကောင့်ကို သိပ်လွမ်းတာပဲ။ အိမ်မှာ အဆင်မပြေလေ သူ့ဆီ ပြေးသွားချင်တယ်၊ ဘာပဲဖြစ်ဖြစ် ရှိန်း ပြဿနာတစ်ခုခုဖြစ်လာရင် ဇင် က ဖြေရှင်းပေးနေကျ၊ မလေးက ပိုလွမ်းမှာပေါ့လေ”

သူ့ဘာသာ တစ်ယောက်တည်းပြောရင်း ပြည်လမ်းပေါ်ရှိ ဟိုတယ်အငယ်စားလေးတစ်ခု၏ဝင်းထဲ ရောက်လာသည်။ တိတ်ဆိတ်အေးဆေး၍ လူရှင်းသောနေရာလေး ဖြစ်သည်။ စားသောက်ခန်းရှေ့မှာ တင်သက်မာနှင့် ကိုအောင်ဝင်းက ဆီးကြိုသည်။ က​လေးနှစ်ယောက်ကို တစ်ယောက်စီ လက်ဆွဲထားကြသည်။

"ရှိန်း… အေး မပါဘူးလား”

တင်သက်မာက မေးလိုက်သည်။

“ဘယ်တုန်းကများ ခင်ဗျားသူငယ်ချင်းက ရှိန်းနဲ့အတူ ပွဲတက်လို့လဲ၊ သူ မတက်ရင် တက်တဲ့လူနဲ့ ရှိန်းက တွဲမယ်"

ရှိန်းပြောသံ ကြားတော့ မလေးနု ခြေလှမ်းတုံ့သွားသည်အထိ ဣန္ဒြေပျက်သွားသည်။

“လာ… မလေး၊ သူက တင်သက်မာနဲ့ လက်ထပ်မယ့်လူ ကိုအောင်ဝင်း၊ ရှိန်းနဲ့လည်း မိတ်ဆက်ပေးရဦးမယ်"

တင်သက်မာ စကားဝင်ပြောလိုက်၍ မလေးနု ပြန်ထိန်းနိုင်သည်။ ကိုအောင်ဝင်းကလည်း ရှိန်းကို လက်ဆွဲနှုတ်ဆက်ကြ၍ ထမင်းစားပွဲ ပြင်ထားရာ သီးသန့်အခန်းထဲ ဝင်သွားကြသည်။ သားလေးက တင်သက်မာနှင့် ကိုအောင်ဝင်းကြားမှာ ထိုင်၍ သမီးလေး က မလေးနုနှင့် တင်သက်မာကြားမှာ ထိုင်သည်။

စားရင်းသောက်ရင်း စကားတွေ ပြောကြသည်ကတော့ အစုံပါပဲ။ ကိုအောင်ဝင်းသည် သားလေးကို တယုတယ ဟင်းများ ထည့်ပေးသည်။ ကြင်နာယုယပုံရသား။ လူက အသားဖြူဖြူဝဝ၊ တင်သက်မာထက် ပုပုံရသည်။ နဖူးကျယ်ကျယ်၊ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးကတော့ နည်းနည်းအနက်ရောင်ဖျော့သည်။ ကော်ဖီရောင် ဟုလည်း မဆိုသာ။ မျက်ခုံးမွေးကတော့ ထူသည်။ နှုတ်ခမ်းပါးလေးနှင့် ပြုံး၍ စကားပြောတတ်သည်ကတော့ ချစ်ခင်ဖွယ်ကောင်းပါသည်။

စားရင်းသောက်ရင်း တစ်ယောက်အကြောင်း တစ်ယောက် ပြောကြရင်းမှ ရှိန်းကတော့ ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း အသံကျယ်ကြီးနှင့် ပြောချင်ရာ စွတ်ပြောနေတတ်သည်။

“တင်သက်မာလည်း စဉ်းစားပေါ့၊ ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျပေမယ့် ရှိန်းရဲ့ ဆေးခန်းမှာလည်း အချိန်ပိုင်း ထိုင်ပေးပါ၊ ခင်ဗျားသူငယ်ချင်း မလေးနုကို မေးကြည့်၊ ရှိန်း အစီအစဉ်တွေ ပြောထားတယ်။ တကယ်လို့များ ရှိန်း လုပ်ငန်းအောင်မြင်ရင်တော့ အစိုးရအလုပ်က ထွက်လိုက်ဗျာ၊ ကျွန်တော် လခကောင်းကောင်း ပေးမယ်၊ နှစ်စဉ်လည်း ဆုကြေးပေးမယ်၊ ဒီလို ကိုအောင်ဝင်း ...."

ရှိန်းသည် သူစီစဉ်ထားသော ရှိန်းဆေးကုခန်းအကြောင်းကို ရှင်းလင်းပြောပြနေသည်။

"ကိုအောင်ဝင်းကလည်း သဘောတူတယ်မို့လား” 

"တူပါတယ်ဗျာ၊ ဆင်းရဲသားတွေ ရောဂါဖြစ်ရင် သေဖို့ ပြင်ပဲ၊ ဆေးဖိုးဝါးခ ကြီး၊ အထူးကု ဆရာဝန်ခ အားလုံးပါပဲ၊ ရှိန်း ဆေးကုခန်းကြီးအောင်မြင်ရင် ကျွန်တော့်ဆန်စက်က အလုပ်သမားတွေအတွက်လည်း အားကိုးပါရစေ"

"စိတ်ချ... ကျွန်တော့်တာဝန်ထား၊ ဝိုင်းလည်း ကူကြပါဗျာ၊ တင်သက်မာဟာ မလေးနုရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သလို မလေးနုနဲ့ စေ့စပ်ထားတဲ့ ဗိုလ်မျိုးဇင်က ကျွန်တော့်သူငယ်ချင်း အချစ်ဆုံးပဲ၊ ဒီကောင် တိုက်ပွဲကျတာ ကျွန်တော့်မှာ သိပ်ဆုံးရှုံးသွားတာပဲ၊ ကျွန်တော့်ကိုထိန်းတာ သူဗျ၊ ကိုအောင်ဝင်း တင်သက်မာကို လက်ထပ်တာ ကျွန်တော် ဝမ်းသာတယ်၊ ရာသက်ပန် စောင့်ရှောက်ပါဗျာ၊ ကျွန်တော်တို့တွေဟာ မောင်နှမတွေလို ခင်ကြပါတယ်၊ ကျွန်တော်ကလည်း မျိုးဇင်ချစ်သူ မလေးနုကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”

မလေးနုသည် လက်ကျန်လိမ္မော်ရည်ကို သောက်ရင်း ရှိန်း စကားကြောင့် ဖျတ်ခနဲ ရှိန်းမျက်နှာကို လှမ်းကြည့်လိုက်သည်။ စားပွဲထိုးများက နောက်ဆုံးစားပွဲကို သိမ်းစပြုပြီ။ သူ တစ်စုံတစ်ရာ ပြန်ပြောမည် လုပ်နေစဉ်...

"ရှိန်း လိုအပ်တာပြောပေါ့၊ တင်သက်မာ ကူဖို့ အဆင်သင့်ပါ၊ ကိုအောင်ဝင်းကလည်း ကူညီပါလိမ့်မယ်၊ ကဲ... ရှိန်း၊ မော်တော်ဝပ်ရှော့လို အလုပ်သမားတွေ သာရေးနာရေးလည်း ဆန်စက်မှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ရှိန်းနဲ့ ကိုအောင်ဝင်း ဆွေးနွေးပေါ့"

တင်သက်မာ ဝင်ပြောလိုက်ပြန်၍ မလေးနု ဘာမှမပြောတော့ပါ။ စိတ်ထဲမှာတော့ ရှိန်းစကားကို မကျေနပ်။ အားလုံး နှုတ်ဆက်၍ ကားပေါ်တက်ကြသည်။ သိပ်ညဉ့်မနက်သေး။ ဆယ်နာရီကျော်လောက်ပဲ ရှိသေးသည်။ မလေးနုသည် ကားပေါ်ထိုင်ရင်း နှုတ်ခမ်းကြီးစူနေသည်။ သူ့မျက်နှာထား ဘယ်လိုနေသည်ကို ရှိန်း သိမည်မထင်။ စကားတစ်လုံးမှမပြောဘဲ လိုက်လာသည်။

"ကိုအောင်ဝင်းက သဘောကောင်းပုံရတယ်နော်၊ မလေး... ရှိန်းရဲ့အစီအစဉ်တွေ တင်သက်မာကို ထပ်ပြောပြဦးနော်” 

ရှိန်းကသာ ပြောသည်။ မလေးနုက မလှုပ်။

`ဘာဖြစ်နေလဲ၊ စကားတစ်လုံးမှ မပြောဘူး"

"မပြောချင်ဘူး၊ ရှိန်းက စကားပြောတာ မဆင်ခြင်ဘူး၊ ဘာတွေပြောလဲ မသိဘူး၊ ကိုအောင်ဝင်း ခင်ဗျား တင်သက်မာကို ရာသက်ပန်စောင့်ရှောက်ပါဗျာ၊ ကျွန်တော်ကလည်း ကျွန်တော့်သူငယ်ချင်း မျိုးဇင်ရဲ့ချစ်သူ မလေးနုကို စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတော့ ရှိန်းစကားက ဘယ်ရောက်သွားလဲ”

မလေးနုက ခပ်ဆောင့်ဆောင့် ပြောလိုက်သည်။

"ဪ.. မလေး စိတ်ဆိုးတာကိုး၊ ရှိန်းပြောတာ မမှန်ဘူးလား၊ မှန်တာပြောတာ၊ ရှိန်းမှာ တာဝန်ရှိတယ်၊ ရိုးရိုးပြောတာပါ မလေးရယ်၊ အတွေးမခေါင်ပါနဲ့၊ ရှိန်းက တဲ့တိုးပြောတတ်တာ” 

“တော်. ရှိန်း၊ ရှိန်း စကားပြောရင် သတိထားပြော၊ မလေးနဲ့ ရှိန်းက ရှေ့လျှောက်ပြီး လက်တွဲအလုပ်လုပ်ကြရမှာ"

"သတိထားပါ့မယ်၊ သတိထားပါ့မယ်၊ ကတိပေးပါတယ်ဗျာ၊ လုပ်ငန်းကြီးကိုတော့ မထိပါးလိုက်ပါနဲ့”

ရှိန်းက ရယ်ရယ်မောမော ပြောလိုက်ရင်း အိမ်အထိ လိုက်ပို့သည်။

* * * 

ရှိန်း ဆေးတိုက်ဖွင့်ရန်နှင့် မလေးနု အလုပ်ဝင်လုပ်တော့မည့်အကြောင်း၊ အစိုးရအလုပ်ကပါ ထွက်မည့်အကြောင်းများကို မလေးနုသည် မတော်လိုက်ရသော ယောက္ခမကြီးများဖြစ်သည့် ဦးအေးကြူ၊ ဒေါ်ခင်ထားတို့ကို သွားရောက်ပြောပြရသည်။ သူတို့က သော်မဆင်မှာ နေသည်။ ကိုမျိုးဇင်၏အထက် သမီးမမြသွေးတစ်ယောက်ပဲရှိသည်။ ကိုမျိုးဇင် ကွယ်လွန်ပြီးနောက် ကိုမျိုးဇင်မိဘများနှင့် အဆက်အသွယ်မပြတ်ဘူးဆိုပေမယ့် သူက တောင်တန်းဒေသတွေမှာ အနေများ၍ တစ်ခါတစ်ရံမှ တွေ့ဖြစ်သည်။ မတွေ့ရတာလည်းကြာ ယခု ပြန်တွေ့ချိန်မှာ သားကိုယ်စား မလေးနုကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံကြသည်။ ထမင်းပါကျွေး၍ မလေးနုမှာ စိတ်ကျေနပ်အောင် စားရသည်။ ယောက်မ အပျိုကြီးကလည်း သူ့ကိုကြည့်တိုင်း မျက်ရည်လေးလည်လည်နှင့် မောင်ဖြစ်သူကို သတိရပုံရသည်။

ထမင်းစားပြီး လက်ဖက်၊ ရေနွေးကြမ်း၊ ငါးခြောက်ဖုတ်များ စားကြတော့မှ မလေးက ရှိန်း သူ့ဆီလာသည့်အကြောင်း၊ ရှိန်း ဆေးတိုက်ဖွင့်၍ သူက အုပ်ချုပ်ရေးမှူးလုပ်မည့်အကြောင်းများကို ပြောပြသည်။

“အဲဒါ ဖေဖေတို့ မေမေတို့ကို မလေး လာပြီးတိုင်ပင်တာပါ"

မလေးက စကားကို အဆုံးသတ်လိုက်သည်။ ဦးအေးကြူကလည်း အညာမှပဲများကို နိုင်ငံခြားပို့နေသူဖြစ်သည်။

“ခု စီးပွားရေးနယ်မှာတော့ ရှိန်း အတိုးတက်ဆုံး ဆိုရမယ်၊ ခုတော့လည်း သူ စီးပွားရေးကိုလုပ်တာ စနစ်တကျရှိသားပဲ၊ ကုန်သည်အလုပ်ဆိုတာ စနစ်ကလည်း ရှိဦးမှ၊ ဒီသူငယ် ငယ်ငယ်ကတော့ အလုပ် ဟုတ်တိပတ်တိ လုပ်မယ့်ပုံ မဟုတ်ဘူး၊ ကျောင်းပိတ်ရက်တွေ တစ်ခါတစ်ခါ မန္တလေးမပြန်ဘူး၊ အိမ်လာနေတယ်၊ စကားပြောရင် ဟော့ဟော့ဒိုင်းဒိုင်း စိတ်ပျော်လက်ပျော်လည်း နေတတ်တယ်၊ မောင်မျိုးဇင်ကဖြင့် သူ့သူငယ်ချင်းကို သိပ်ချစ်တာ၊ အရက်အနံ့ မခံတဲ့လူ သူ့သူငယ်ချင်း သောက်မယ်ဆိုတော့ ထမင်းစားခန်းထဲမှာ အမြည်းနဲ့ကို တိုက်တာ၊ ဖေဖေတို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဆက်ဆံရတော့ အိမ်မှာ အရက်သာထားတယ်၊ ဖေဖေလည်း မသောက်တတ်ဘူး၊ သားလည်း မသောက်ဘူး"

မလေးနု စိတ်ထဲမှာတော့ ရှိန်း အရက်သောက်တတ်သည် ဆိုတော့ အလုပ်တွဲလုပ်ရမည်ကိုပင် ခပ်လန့်လန့်ဖြစ်သွားသည်။ ဒေါ်ခင်ထားက စကားဆက်ပြန်သည်။

“ဘာပဲဖြစ်ဖြစ်ပေါ့၊ မေမေကတော့ သမီး ရန်ကုန်မှာ အမြဲ ရှိနေတယ်ဆိုတော့ ဝမ်းသာတယ်၊ ဖေဖေတို့ မေမေတို့ ကျန်းမာရေးအတွက်လည်း သမီး ဆေးတိုက်ရှိနေတော့ စိတ်ချရတာပေါ့၊ ဘာပဲဖြစ်ဖြစ် သမီး မေမေတို့ကို အဆက်အသွယ်မဖြတ်တာ ဝမ်းသာပါတယ်၊ သမီးမှာလည်း မိဘတွေမရှိ၊ တောင်တန်းဒေသတွေကို တစ်ယောက်တည်းသွားနေတော့ တောင်တန်းသားတွေအတွက် အကျိုးရှိတာမှန်ပေမယ့် သားအမိတစ်တွေ ပြောပြောနေရတယ်၊ သမီးတစ်ယောက်တည်း စိတ်မချဘူးလို့၊ သမီး အခက်အခဲရှိရင် မေ​မေတို့ကို ဖွင့်ပြောပါ"

မလေးနုမှာ မတော်လိုက်ရသော ​ယောက္ခမများဖြစ်​ပေမယ့် သူ့အပေါ် သမီးအရင်းသဖွယ် သဘောထားကြသည်ကို သိရတော့ ကြည်နူးသလိုလိုနှင့် ဝမ်းနည်းသွားသည်။ သွားလေသူ ကိုမျိုးဇင်နှင့် ဖေဖေ မေမေတို့ကို သတိရသွားသည်။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝဲလာသည်ကို ဦးအေးကြူ ရိပ်မိပုံပေါ်သည်။ နှစ်သိမ့်စကား ပြောဆိုလိုက်၏။

“ဖြစ်လာတဲ့အကြောင်းတွေကတော့ တို့ ဘယ်တတ်နိုင်မလဲနော်၊ ကိုယ်ဖြစ်ချင်သလိုသာ ဖြစ်ရမယ်ဆိုရင်တော့ အနတ္တဆိုတဲ့ တရားကို ဘုရား မဟောခဲ့ဘူး၊ ဖြစ်လာတာကို တို့က ကြည့်ရင်ဆိုင်ရမှာပေါ့၊ သဘာဝလိုပေါ့၊ နေ ရှိတယ်၊ နေပူရမလားလို့ ပြောလို့ရမလား၊ ပူတဲ့နေကို ကြည့်အသုံးချ၊ ကိုယ့်ကိုယ်အတွက်လည်း အပူမဟပ်အောင် ကြည့်ကာကွယ်ရတာပဲ၊ မိုးရွာမယ်၊ လေမုန်တိုင်း တိုက်လာရင်လည်း လေတွေ မိုးတွေ သဘာဝကို တားလို့ ဘယ်ရမလဲ၊ တို့ကသာ ကြည့်ကာကွယ်ရမှာပဲ၊ နေမိုးဆိုတာ လောကမှာ ရှောင်မရသလို ချစ်တဲ့သူတွေနဲ့ ခွဲရ၊ မချစ်တဲ့သူနဲ့အတူ နေရတာတွေလည်း ဘယ်ရှောင်လို့ရမလဲ၊ အေး ... ကိုယ့်ကိုယ်သာ အန္တရာယ်မဖြစ်အောင် ကြည့်ကာကွယ်ရမှာပဲ”

ဖေဖေက သူ့စကား အဆုံးသတ်၏။ ယောက်မကြီးကတော့ မျက်ရည်မလည်တော့၊ ပြုံးရွှင်လာသည်။

“မလေးရှိလာတော့ အတော်ပဲ၊ မမကြီးက ချူချာတာနဲ့ ဆရာဝန်ခ ကုန်လိုက်တာ မပြောနဲ့”

မလေးကလည်း ကြိုးစားပြုံးလိုက်သည်။ 

"စိတ်ချပါ မမကြီးရယ်၊ မလေး မမကြီးတို့မိသားစု ကျန်းမာရေးကို တာဝန်ယူပါတယ်၊ မလေးက ကလောသူဆိုတော့ အအေးကြိုက်တယ်၊ တောင်တန်းဒေသတွေမှာလည်း အေးတော့ မလေး နေရတာ ပျော်ပါတယ်၊ အခု ရန်ကုန်ရောက်တော့လည်း မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းပြန်ဆုံရတော့ တစ်မျိုးပျော်လာပါတယ်”

“ဒါနဲ့ ဖေဖေ ... ရှိန်းက မိန်းမနဲ့လား" 

အပျိုကြီးပီပီ စပ်စုတာလား၊ စိတ်မချသည်လား မသိ။ မမြသွေးက မေးလိုက်သည်။

"ငါ့သမီးကလည်း အိမ်တွင်းပုန်းပီပီပဲ မေးလိုက်တာ၊ ဒီ အရွယ်ကျမှ အမြီးမပေါက်လို့ ဘယ်မျောက်လဲ ပြောရမယ်၊ ရှိပါ့၊ သားတို့ မစေ့စပ်ခင်ကတည်းက သူက မိန်းမယူပြီးပြီ” 

မမြသွေးက တွေတွေလေး စဉ်းစားသလို လုပ်ပြီးမှ...

"တီဗီတွေမှာ ရှိန်းကုမ္ပဏီက သန်းဘယ်လောက်လှူတယ်၊ ဘာညာနဲ့ ခဏခဏတွေ့ရတယ်၊ ရှိန်းပဲတွေ့တယ်၊ သူ့မိန်းမ မတွေ့ပါဘူး"

"ဟုတ်တယ်…. မေမေတို့ဆီ သူ သီတင်းကျွတ် လာကန်တော့တာတောင် သူတစ်ယောက်တည်းပဲ၊ သူ့မိန်းမ ခေါ်မလာဘူး၊ စကားလည်း စပ်ပြီး တယ်မပြောဘူးနော် ကိုအေးကြူ"

“အေးပေါ့လေ… သူ့ကြည့်ရတာ အိမ်ထောင်ရေး သိပ်အဆင်ပြေပုံမရဘူး၊ သားနဲ့ တက္ကသိုလ်နေကတည်းက ဒီကောင်က ရည်းစားများများရယ်လို့ သားကပြောတယ်”

ဖေဖေက ရယ်၍ပြောလိုက်တော့ မေမေကပါ ရောရယ်သည်။ မရယ်နိုင်သူက မမြသွေး။

”တစ်ခုတော့ မလေး သတိထားပေါ့၊ ရှိန်းနဲ့ အတူတွဲလုပ်မယ်ဆိုရင် ကိုယ်က အပျို၊ သူက အရက်လည်းသောက် မိန်းမလည်း ပွေဆိုတော့ သတိထားပေါ့ “

"သမီးကလည်း၊ ဟဲ့ နှစ်ယောက်တည်းတွဲလုပ်ရမှာမှ မဟုတ်ဘဲ၊ ဆရာဝန်တွေ အများကြီး၊ မလေး အပြောအရ မလေး သူငယ်ချင်း တင်သက်မာလည်း ရှိမှာပဲဟာ၊ မစိုးရိမ်စမ်းပါနဲ့၊ မလေးရေ... ငါ့သမီးက အိမ်ထဲက အိမ်ပြင်မထွက်၊ ငွေတစ်ပြားမရှာရဘဲ အဆင်သင့် အားလုံး ပြည့်စုံ​နေသူ ဆို​တော့ အပြင်မှာ မိန်းကလေးတွေ ဘယ်လိုရှာဖွေစားသောက်ရတယ်ဆိုတာ မသိဘူး၊ ရုံးတွေမှာ ကုမ္ပဏီတွေမှာ လမ်းပေါ်မှာ မိန်းကလေးတွေ အန္တရာယ်ကြား အလုပ်လုပ်ရတာ သမီးများသိရင် ဟင်း ... မလေးကို အလုပ်လုပ်ခိုင်းမှာတောင် မဟုတ်ဘူး”

“ဖေဖေကလည်း သမီးက စိုးရိမ်လို့ပြောတာပါ” 

မမြသွေးက ပြန်ပြောသည်။ စိတ်သက်သာအောင် မလေးနု က ဝင်ပြောရသည်။

“မလေး အစစ သတိထားပါ့မယ် မမကြီးရယ်” 

"အေးပေါ့လေ.…… ဘာပဲဖြစ်ဖြစ် ​ဖေဖေတို့ရှိပါတယ် သမီးရယ်၊ မလေး ခုလို လာတိုင်ပင်တာလည်း ဖေဖေတို့ ဝမ်းသာတယ်၊ အကြံဉာဏ်လိုရင် ဘာပဲဖြစ်ဖြစ် အခက်အခဲရှိရင် အကြောင်းကြားပေါ့"

"ကျေးဇူးပါပဲ ဖေဖေရယ်၊ မလေးလည်း ပြန်လိုက်ဦးမယ်” 

သားအမိ သားအဖ သုံးယောက်စလုံး ကားပေါ်အထိ လိုက်ပို့ကြသည်။

အိမ်ရောက်တော့ မလေးနု ရင်ထဲမှာ ဦးအေးကြူတို့ ပြောစကားတွေ ပြန်စဉ်းစားနေမိသည်။ ဖေဖေက စကားပြော လိမ္မာသား။

"မိန်းကလေးတွေ အန္တရာယ်ကြားမှာ အလုပ်လုပ်နေကြသတဲ့"

မမကြီးကတော့ အပျိုကြီးပီပီ “မလေးက အပျို၊ ရှိန်းက အရက်လည်းသောက်တယ်၊ မိန်းမလည်း ပွေတော့ သတိထား"တဲ့။

"သမီးတစ်ယောက်တည်း တောင်တန်းဒေသမှာ စိတ်မချဘူး၊ ခုလည်း အခက်အခဲ ဘာရှိရှိ မေမေတို့ကို ပြောပါ”

သူတို့အားလုံး စကားများက သူ့ကို စေတနာနှင့် ပြောကြခြင်းပါ။ ဒါပေမဲ့ သူလုပ်ရမည့်.လုပ်ငန်းမှာ အန္တရာယ်တော့ရှိသည်ဟု ဆိုလိုကြခြင်းပါပဲ။ မမကြီး မမြသွေးလို သူများ ထမင်းခူးထားသည်ကို အဆင်သင့် လက်ဆေးစားဖို့ မိန်းမတိုင်းမှာ ကံကြမ္မာမပါပါ။ ရှေးသရောအခါ ဗာရာဏသီမင်း လက်ထက်ကလိုလည်း... ခြေဖဝါးတော်နုနု သွေးခြည်တွေ အကုန်ဥကုန်ပါပြီ မောင်မောင်ဘုရာ့ ဆို၍ လင့်အပေါ်ကိုပဲ လုံးဝမှီခိုနေရသည့်ခေတ်မှ မဟုတ်ပေဘဲ။ 

အလုပ်လုပ်စဉ် တွေ့ရမည့် အခက်အခဲ အန္တရာယ်တွေဆိုသည်က ဖေဖေပြောသလိုပဲ သဘာဝဘေးအန္တရာယ်တွေပဲပေါ့။ တွေ့ကြုံ ရင်ဆိုင်ရမည်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့သာ အရေးကြီးသည်။ ဘဝခရီးဆိုသည်မှာ မလျှောက်ချင်လို့ လွှဲဖယ်ရသည်မဟုတ်။ အောင်မြင်သည်၊ ကျဆုံးသည်ဆိုသည်မှာ ကံတရားအပေါ်တည်သလို ကိုယ့်အရည်အသွေးအပေါ်မှာလည်း ရာခိုင်နှုန်းပြည့် တည်သည်ပဲ။ မလေးနုအဖို့တော့ ခရီးသစ်တစ်ခုကို စရပြီ။

အပိုင်း(၆)ဆက်ရန်
------------------
#ခင်နှင်းယု

Post a Comment

0 Comments