ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၇)

#ဗညားရှိန်း

အပိုင်း(၇)

တင်သက်မာ လာမည်ဟု ဖုန်းဆက်ပြောကတည်းက အေးအေးက ဝမ်းသာနေသည်။ နံနက်စာ ထမင်းကျွေးဖို့ ဦးပြူးကို စီစဉ်ခိုင်းထားသည်။ သူကလည်း ဘယ်ကိုမှ မထွက်ချင်၊ တစ်ယောက်တည်း အိမ်ထဲ ကုပ်နေသူဆိုတော့ တင်သက်မာလာလျှင် စကားပြောဖော်ရတော့မည်။ မန္တလေးက တင်သက်မာ ပြောင်းလာစကလည်း ဖုန်းဆက်သည်။ တင်သက်မာ ကိုအောင်ဝင်းနှင့် လက်မထပ်ခင် ညစာထမင်းကျွေးပွဲလေးလုပ်တုန်းက သူ့ကို ဖုန်းဆက်ဖိတ်ခေါ်ပေမယ့် ရှိန်းကို အရွဲ့တိုက်ချင်၍ သူ မသွား။ တင်သက်မာက လက်ထပ်ပွဲကို အကျဉ်းရုံးကျင်းပ၍ ဧည့်ခံပွဲမလုပ်သောကြောင့် သူ မသွားဖြစ်။ တင်သက်မာသည် ကလေးနှစ်ယောက်ရပြီးမှ လက်ထပ်ရသော ကိုအောင်ဝင်းက နောက်အိမ်ထောင်ဖြစ်၍ ကြီးကြီးကျယ်ကျယ် ဧည့်ခံပွဲမလုပ်ခြင်းဖြစ်သည်။ လက်ထပ်ပွဲလုပ်တောင် သူ သွားချင်စိတ်မရှိပါ။

ဧည့်ခန်းမှာ တင်သက်မာကိုစောင့်ရင်း စီးကရက်တစ်လိပ်ပြီးတစ်လိပ် ညှိသောက်နေသည်။ ဒီအိမ်၊ ဧည့်ခန်း၊ ပြီးတော့ အိပ်ခန်း၊ တစ်ခါတစ်ရံ ထမင်းစားခန်းကိုတောင် မဆင်း၊ အိပ်ခန်းထဲမှာ ထမင်းယူစားသည်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်၊ ဘာကိုမှလည်း ​မျှော်လင့်ချက်မရှိသလို စိတ်ကုန်နေသည်။

“မမကြီး ဧည့်သည်ရောက်လာပြီ”

ဦးပြူးအသံကြားမှ အေးသည် အခန်းဝကို ကြည့်မိသည်။ တင်သက်မာ မားမားကြီး ရပ်နေသည်။ ကားဆိုက်သံ မကြားမိအောင် သူ့စိတ်တွေ လွင့်နေသည်။

"လာ လာ သက်မာ၊ အေး စောင့်နေတာ ကြာပါပြီ၊ ဝမ်းသာလိုက်တာကွယ်” 

ပါးစပ်ကသာ ဝမ်းသာသည်ဆိုပေမယ့် လူက ထိုင်ရာမှ မထ၊ တင်သက်မာကိုသာ လက်လှမ်း ကြိုသည်။ နှစ်ယောက်ထိုင် ဆိုဖာပေါ်က သူ့ဘေးမှာ တင်သက်မာက ထိုင်လိုက်သည်။ အေးသည် တင်သက်မာမျက်နှာကို အထူးအဆန်း တစ်ကိုယ်လုံး အပြန်အလှန် ကြည့်သည်။ ပြီးတော့ မျက်ရည်တွေဝဲလာသည်။ မျက်ရည်စတွေနှင့် ပြုံးပြန်သည်။ တင်သက်မာ လက်များကို ဆုပ်နယ်နေသည်။ စကားတစ်လုံးမှ ပြောမထွက်။ သက်မာက စီးကရက်ဆေးစွဲနေ၍ ဝါနေသော အေးလက်များကို ကြည့်ရင်း...

“ဘာဖြစ်နေတာလဲ အေး၊ သက်မာကို စိုက်ကြည့်နေလိုက်တာ"

“ဝမ်းသာလွန်းလို့ပါ၊ အေးဆီကို ဘယ်သူမှမလာဘူး” 

“အေးကရော တင်သက်မာ ကိုအောင်ဝင်းနှင့် လက်မထပ်ခင် ထမင်းစားဖိတ်တော့ မလာဘူး၊ သက်မာကိုယ်တိုင် ဖိတ်တာပဲ၊ ရှိန်းတစ်ယောက်တည်း လာတယ်”

အေးသည် ခပ်တွေတွေလေး ငေးနေပြန်သည်။ 

“ဘယ်မှလည်း မသွားဖြစ်ပါဘူး”

"နေမကောင်းလို့လား”

“နေမကောင်းတာလည်း ပါတယ်၊ စိတ်ကိုက မသွားချင်တာ"

"နေပါဦး၊ တခြား မသွားချင်နေ၊ ရှိန်း ဆေးတိုက်ဖွင့်တုန်းက လာသင့်တာပေါ့၊ ဒီလောက်ကြီးကျယ်တဲ့လုပ်ငန်း” 

အေးသည် မခိုးမခန့်လေး ပြုံးနေသည်။ သက်မာက အေးမျက်နှာကို အထူးအဆန်းသဖွယ် ကြည့်နေသည်။

"ရိန်း ဆေးတိုက်ထက် ကြီးမားတဲ့ ရှိန်း မော်တော်ကား ကုမ္ပဏီ၊ ရှိန်း စူပါမားကတ်တွေ ဖွင့်တုန်းကတောင် အေး မတက်ဘူး၊ ဘာလုပ်မလဲ၊ ဦးဗညားရှိန်းကြီးကိုသာ ကြိုဆိုဧည့်ခံကြမှာ"

"ဟဲ့... ဘယ်ဟုတ်မလဲ အေးရယ်၊ မင်းဟာ ရှိန်းဇနီး၊ အေးက အိမ်ရှင်အနေနဲ့ ဧည့်ခံရမှာပေါ့”

“ဟို စူပါမားကက်က အရောင်းစာရေးမတွေနဲ့လည်း မတွေ့ ချင်ပါဘူး၊ မော်တော်ကားကုမ္ပဏီကရော ဒီဝပ်ရှော့က အကောင်တွေနဲ့လည်း မတွေ့ချင်ဘူး”

သက်မာက အေးစကားကို အံ့သြနေသည်။ 

”ဘာဖြစ်လို့"

“အရောင်းစာရေးမတွေဆိုတာ တော်ကြာ မင်းတို့ရှိန်းရဲ့ ခြေတော်တင်ခံကြမှာ၊ ဒီဟာမတွေလည်း မတွေ့ချင်ပါဘူး၊ ဝပ်ရှော့က ကောင်တွေက ဘယ်ကလဲမသိ၊ ကလေကချေတွေ။ သူက အိမ်ခေါ် လာ ထမင်းကျွေးချင်တယ်၊ စူပါမားကက်က ကောင်မတွေကိုလည်း ခေါ်လာချင်တယ်၊ အေးက သူတို့ထမင်းစားပွဲမှာ ဝင်မထိုင်တော့ နောက်လည်း ရှိန်းက ခေါ်မလာတော့ဘူး၊ ပြီးရော၊ အေးလည်း သူ့ကုမ္ပဏီတွေကို ဘယ်တော့မှမသွားဘူး”

“အပြင်မှာကျွေးတာမှ မဟုတ်ဘဲ၊ အိမ်မှာကျွေးတာ ကောင်းတာပေါ့၊ မဟုတ်သေးပါဘူး အေး၊ အရောင်းစာရေးမလေးတွေကို ရှိန်းက ခြေတော်တင်နေလို့လား"

"အို... အခု မတင်လည်း တစ်နေ့တင်မှာ၊ ရှိန်းအကြောင်း မင်းတို့ မသိပါဘူး၊ သက်မာ ရန်ကုန်ပြောင်းလာတော့ ..."

"​မေ​မေ"

ဧည့်ခန်းထဲသို့ လူငယ်တစ်ယောက်ဝင်လာ၍ အေး စကားစ ပြတ်သွားသည်။ လူငယ်က အဝတ်အစား လဲားသည်။ သက်မာက ထိုလူငယ်ကို ရှိန်း ​ဆေးခနမးဖွင့်ပွဲတုန်းက မြင်ဖူးသည်။

"ငွေတစ်ထောင်လောက်ပေးပါ၊ သား အပြင်သွားမလို့”

"ထိုင်ဦးလေ၊ မေမေ ငွေသွားယူဦးမယ်၊ သက်မာ သားကို သိလား၊ သူက ဝဏ္ဏရှိန်း၊ သားကြီးရော အန်တီသက်မာကို သိလား” 

"ရှိန်းဆေးတိုက် ဖွင့်ပွဲနေ့က တွေ့ဖူးပါတယ်"

သက်မာကလည်း ပြုံးလိုက်ရင်း ပြန်ပြော၏။

"အဲဒီနေ့က ရှိန်းက သူ့သားသမီးတွေနဲ့ ဆရာဝန်တွေ ဆရာမတွေနဲ့ မိတ်ဆက်ပေးတယ်”

"ဟုတ်လား မိတ်ဆက်ပေးတယ်လား၊ သား.. ဒီက ဒေါက်တာတင်သက်မာက မန္တလေးမှာ မေမေနဲ့ ငယ်သူငယ်ချင်း၊ ကဲ ... စကားပြောရစ်ကြဦး၊ ငွေသွားယူဦးမယ်"

တင်သက်မာတို့ကို ထားရစ်၍ အေး အပြင်ထွက်သွားသည်။ မကြာခင် ပြန်ဝင်လာ၍ ဝဏ္ဏရှိန်းကို ငွေတစ်ထောင်ပေးလိုက်သည်။ 

"သွားဦးမယ် အန်တီ"

တင်သက်မာကို နှုတ်ဆက်ကာ ၀ဏ္ဏရှိန်းက ထွက်သွားသည်။ ဦးပြူးက ထမင်းပြင်ပြီးကြောင်း လာပြော၍ သူငယ်ချင်းနှစ်ယောက် ထမင်းစားခန်းထဲ ဝင်လာသည်။

"ဦးပြူး ဘာချက်လဲ"

အေးက မေးလိုက်သည်။ 

"ကိုထွန်းကို ဈေးမှာလိုက်တယ်၊ ဆိတ်ကလီစာတစ်ခုပဲ မရတာပါ၊ ငါးဖယ်သုပ်၊ ဘူးသီးဟင်းခါး၊ ငါးမြင်းဟင်းဆီပြန်၊ ငါးပတ်ငါးပိလည်း အညာချက် ချက်ထားပါတယ်၊ တို့စရာ အစုံပဲ၊ ပုစွန်ထုပ်ကြီးဆီပြန်လည်း ပါတယ်”

"ကဲ သက်မာ ထိုင်၊ အားရပါးရစားနော်၊ ထမင်းချက်တွေလက်ရာ မဆိုးပါဘူး”

အိမ်ဖော် မကြည်သန်းက ထမင်းဟင်း လိုက်ထည့်ပေးသည်။

"ဟင်းတွေကလည်း စုံတယ်နော်၊ ပုစွန်ထုပ်ကြီးဆို တောင့်နှစ်ရာ တစ်ထောင်ဈေးရှိတာ၊ ဒါလောက် အဖိုးတန်တာတွေ မကျွေးပါနဲ့ သူငယ်ချင်းရာ၊ တို့အညာသူက အညာငါးပိချက်နဲ့ တို့စရာစုံစုံဆို ရပါတယ်”

"စားစမ်းပါ သက်မာရယ်၊ ဘာဈေးတွေ ဘယ်လောက်ဖြစ်နေလဲ အေး မသိပါဘူး၊ ဈေးလည်း အေး မသွားဘူး၊ ဝင်လည်း မချက်ဘူး၊ သူငယ်ချင်းကိုကျွေးတာ ဘယ်လောက်ကုန်ကုန်၊ ဝဏ္ဏတို့ တစ်ခါဖြုန်း မရှိဘူး၊ ခု ဝဏ္ဏထွက်သွားရင် တစ်ထောင်ပဲ၊ အာကာက ပြန်လာရင် အမြည်းနဲ့ မူးဦးမှာ၊ ကြာတော့ မတတ်နိုင်ဘူး၊ အပြင် မသောက် ပြီးရောဆိုပြီး အိမ်မှာ တိုက်၊ ညကျ သောက်ကြစားကြ၊ ... ဒါတွေဘေးချိတ်၊ စားမှာ စားစမ်း"

သက်မာသည် စားရင်း တွေးနေမိသည်။ အေး ပြောပုံက လေးလေးနက်နက် မရှိ။

“သက်မာတို့ ရှိန်းက အိမ်မှာ စားချင်မှစားတာ” 

“နေပါဦး၊ သက်မာတို့ ရှိန်း သက်မာတို့ရှိန်းနဲ့၊ အေးစကားပြောပုံကလည်း၊ ရှိန်းက အေးယောက်ျားပဲဟာ”

"ဟဲ.. ဟဲ... အေး လင်ပေမယ့် အေး မပိုင်ပါ၊ သူက အေးဆိုတဲ့မိန်းမကိုတောင် ညားသာထားတာ၊ သူက ရံရွေတော်တွေဆီကို အဆောင်ကူးတာ”

အေး စကားမဆက်ခင်...

“မမကြီး... မမကြီး... မြန်မြန်လာပါ”ဟု ခေါ်ကာ ဦးပြူး ထမင်းစားခန်းထဲ အရေးတကြီး ပြေးဝင်လာသည်။ အေးအေးသည် ကမန်းကတန်း ထလိုက်သွား၍ တင်သက်မာက လိုက်သွားရသည်။ မီးဖိုကိုဖြတ် အပြင်ထွက်၍ ကားဂိုဒေါင်ဆီသို့ ဦးပြူးက ရှေ့ကပြေး၊ နောက်မှ အေးက လိုက်သည်။ တင်သက်မာကလည်း ဘာမှန်းမသိ အပြေးအလွှား လိုက်သွားသည်။ ကားဂိုဒေါင်ထဲမှာ ရုန်းကန်နေသော မိန်းကလေးတစ်ယောက်ကို ယောက်ျားကြီးတစ်​ယောက်နှင့် မိန်းမကြီးတစ်ယောက်က ချုပ်ကိုင်ဆွဲထားရင်း ချော့မော့နေကြသည်။ 

"မေမေ လာနေပြီ၊ မူရာ မေမေ လာနေပြီ”

ယောက်ျားကြီးက အော်ပြောနေစဉ် အေးသည် မိန်းကလေး ရှိရာ ပြေးသွား၍ နဖူးကို ပါးနှင့်အပ်ထားသည်။

“သမီး မူရာ သတိထားလေ၊ မေမေ လာပြီ” 

မိန်းကလေးသည် အနည်းငယ် ငြိမ်သက်သွားပေမယ့် သည်းထန်စွာ ငိုကြွေးနေသည်။

“ကိုကိုကြီးနဲ့ ဒီမှာ အတူနေမယ်၊ ကိုကိုကြီးရေ ..."

ကလေးမလေးက သံကုန်ဟစ်အော်ရင်း ငိုနေသည်။ 

"သမီးရဲ့ ဒါက ကားဂိုဒေါင်ကြီး၊ ဘယ်မှာနေလို့ဖြစ်မလဲ၊ ကိုကိုကြီးက အိမ်ပေါ်မှာ၊ လာ မေမေနဲ့ လိုက်လာခဲ့၊ ဦးထွန်းနဲ့ ဒေါ်သိန်းမေ သမီးကိုပွေ့၊ လာ လာ အိမ်ပေါ်သွားရအောင်” 

မူရာကို ပွေ့ချီခေါ်ကာ အိမ်ထဲသွင်းလာကြသည်။ အိမ်ထဲ ရောက်မှ အိမ်ပေါ်အိပ်ခန်းကို သယ်သွားသည်။ ခုတင်ပေါ်လှဲနေရင်း အငိုက မတိတ်။ အေးက ပျာယာခတ်နေသည်။

“အေး သူက ဖြစ်နေကျလား”

သက်မာက မေးလိုက်သည်။

"ဟုတ်တယ်၊ အိပ်ခန်းတံခါးကို ဘယ်သူဖွင့်ပေးလဲ၊ ဒီ ဂိုဒေါင်ကို မသွားပါစေနဲ့ဆိုတာ၊ ဂိုဒေါင်တံခါးကိုရော ဦးထွန်းတို့က ဘာလို့ဖွင့်တာလဲ” 

"ကားဘီးအဟောင်းတွေ ဒရိုင်ဘာက လိုချင်လို့ ထုတ်ယူပြီး မပိတ်ခဲ့တာ မမ"

သက်မာသည် အေးအေးလက်ကို တင်းတင်းဆုပ်ရင်း...

"ဒါတွေထားလိုက်၊ တစ်ခုခုလုပ်မှ၊ သက်မာ ဆေးအိတ် ဒရိုင်ဘာကို ပြန်ယူခိုင်းလိုက်မယ်” 

သက်မာက ဖုန်းဆက်ကာ ကားကိုပြန်လွှတ်၍ ဆေးအိတ်ယူခိုင်းရသည်။ မူရာဘေးတွင် အေးနှင့် သက်မာတို့ ထိုင်၍နှစ်သိမ့်နေရသည်။ အကျိုးအကြောင်း လူနာရှေ့တွင် ဘာမှမမေးရဲသော သက်မာမှာ မူရာ့လက်လေးကိုသာ ညင်သာစွာ ဆုပ်နယ်ပေးနေရသည်။

"ကိုကိုကြီးက ဘယ်သွားနေလဲ၊ အပေါ်ထပ်မှာလည်း မရှိဘူး မေမေ”

“အပြင်ထွက်သွားတယ်လေ၊ မကြာခင် ပြန်လာမှာ၊ သမီးက စောင့်နေပေါ့၊ မေမေမှာထားတယ်မို့လား၊ အပေါ်ထပ်က အောက်မဆင်းနဲ့ ဆိုတာ"

"ကိုကိုကြီးက ကားဂိုဒေါင်ထဲကို လာခဲ့တဲ့... ခေါ်နေလို့ "

သက်မာ ဒေါ်သိန်းမေ နားနားကပ်၍ လိမ္မော်ရည်အေးအေး ဖျော်ဖို့ မှာလိုက်ရသည်။ လိမ္မော်ရည်ရောက်လာမှ မူရာကို ချော့တိုက်ရသည်။ မူရာသည် လိမ္မော်ရည်ဝင်သွားမှ အသက်ရှူ နည်းနည်းမှန်လာသည်။ နဖူးမှစို့နေသော ချွေးများကို သက်မာက လက်ကိုင်ပဝါနှင့် သုတ်ပေးနေသည်။

“ဒါက မေမေ့သူငယ်ချင်း ဒေါက်တာ တင်သက်မာ၊ သမီး နေကောင်းအောင် ဆေးကုပေးမှာ"

"သမီးက နေကောင်းပါတယ်၊ မေမေတို့က ကိုကိုကြီးနဲ့ အတူမနေရဘူးတဲ့"

ပြောရင်း မူရာက ငိုတော့သည်။ မကြာခင် ဆေးအိတ် ရောက်လာ၍ နှလုံးခုန်နှုန်းနှင့် သွေးများတိုင်းတာ၍ ဆေးတစ်လုံး သက်မာက ထိုးပေးလိုက်သည်။ တဖြည်းဖြည်း မူရာ ငြိမ်သက်သွားကာ အိပ်ပျော်သွားသည်။ မကြည်သန်းကို မူရာ့အနားမှာ ထားခဲ့ကာ သက်မာက အေးကို အိပ်ခန်းအပြင် ခေါ်ခဲ့သည်။ အပြင်ဘက် ဧည့်ခန်းမှာ ထိုင်မိတော့မှ သက်မာက အကြောင်းစုံ မေးကြည့်ရသည်။ 

“သက်မာရေ.. ဒီအကြောင်းကို အေး မပြောချင်ဘူး၊ ဖြစ်နေကျပဲ၊ သူ့ကိုကုတဲ့ စိတ်ကျန်းမာရေးဆေးရုံ ဆရာဝန်ဒေါ် မေမေသန်း ရှိပါတယ်၊ ခုလောလောဆယ် မင်းရှိနေလို့ မခေါ်တာ” 

အေးသည် ငိုင်တွေနေသည်။ ပြီးတော့မှ မျက်ရည်ပေါက်တွေ တွေတွေကျလာသည်။

“အေး ... မင်းတို့အတွင်းရေးကို သက်မာ မသိချင်ပါဘူး၊ ရောဂါဖြစ်ရင်းကို သိချင်လို့မေးတာ၊ ပြောဖို့မသင့်ရင် စိတ်ညစ်ခံပြီး မပြောနဲ့"

"မဟုတ်ပါဘူး၊ ဆရာဝန်တစ်ယောက်အနေနဲ့ရော သူငယ်ချင်းအနေနဲ့ရော အေးက ပြောပြရမှာပေါ့၊ တို့အကြောင်းသိရင် အေး မှားတယ်လို့ ပြောကြမှာပါ၊ ခုတော့ ပြောစရာပေါ့"

အေးသည် ချုံးပွဲချ ငိုပြန်သည်။ သက်မာက တော်တော်စိတ်ညစ်သွားသည်။ ဆက်၍ မမေးချင်တော့ပေ။ 

“အေးမှာ ဖြူပြာထက်အကြီး သီဟရှိန်းဆိုတဲ့ သားအကြီးဆုံးရှိတယ်၊ ရှိန်းကလည်း အရပ်အမောင်း ရုပ်ရည်ကစပြီး သူနဲ့တူလို့ သိပ်ချစ်တယ်၊ အေးကလည်း သားဦးဆိုတော့ ချစ်တယ်လေ၊ လိုလေသေးမရှိ ထားပေးတယ်၊ ဘာမဆို လိုတရနေတော့ သီဟရှိန်းဟာ တက္ကသိုလ်လည်းရောက်ရော အပေါင်းအသင်းလည်း ပါတယ်၊ ဘိန်းဖြူရှူတော့တာပဲ၊ တစ်နေ့ ရဲက မိလို့ ဖမ်းသွားပြီး ရဲဘက်ပို့တယ်၊ လွှတ်လာတော့လည်း ပြန်ရှူ၊ နောက်ဆုံး ကျန်းမာရေးထိလာပြီး ဒီဆေးမရ မနေနိုင်တော့ဘူး၊ အပြင်လွှတ်ထားပြန်ရင်လည်း ရဲနဲ့မိမှာစိုးလို့ ဒီဂိုဒေါင်အဟောင်းထဲမှာ လှောင်ထားရတာ၊ ဘယ်လိုက ဘယ်လို ဆေးထိုးအပ်ရလဲ မသိ၊ တစ်နေ့မှာ ဘိန်းဖြူဆေးရည် ဘယ်လောက် သူ့အကြောထဲ သွင်းလဲ မသိဘူး၊ အပ်တန်းလန်းနဲ့ သေနေတာပဲ”.

အေးအေးသည် စကားဆက်မပြောနိုင်သေး။ သက်မာက ဆက်လက်ပြောဖို့ မတိုက်တွန်းတော့။

“သူ့အလောင်းကို ဒရိုင်ဘာက စမြင်တော့ အော်ဟစ်ခေါ် နဲ့ ဆူညံသွားတာပေါ့၊ အိမ်သားတွေ ပြေးအကြည့်မှာ မူရာလည်းပါတယ်၊ သူ့အစ်ကိုကို သူက သိပ်ချစ်တာ။ အပ်တန်းလန်းနဲ့ သေတာ မြင်ကတည်းက စိတ်ဖောက်သွားတာ၊ ဒီဂိုဒေါင်ဘက် သူ့ကို မသွားစေရဘူး၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး” 

အေးက နိဂုံးချုပ်လိုက်သည်။

“အပျိုဖော်ဝင်စ မီးယပ်ပေါ်ချိန်တွေဘာတွေမှာ စိတ်ထိခိုက်စရာတွေ့ရင် ဒီလိုပဲ ဖြစ်တတ်တယ်၊ ကုရင် ရနိုင်ပါတယ်၊ အားမငယ်ပါနဲ့၊ သတိတော့ထားပေါ့၊ ဒေါက်တာမေမေသန်းက တော်ပါတယ်”

“ခုတလော ငြိမ်နေတာ၊ ဒီနေ့မှ သူ့အခန်းကို အေးကလည်း မပိတ်မိဘူး၊ မနက်က သူဇာ ကျောင်းထွက်သွားတော့ ဖွင့်ပစ်ခဲ့တယ်ထင်တယ်”

အေးက ပြောရင်း သက်ပြင်းကြီး ချလိုက်သည်။

“မူရာ့စိတ်ထဲက သူ့အစ်ကို ဂိုဒေါင်ထဲမှာ ရှိနေတယ်၊ သူ့ကို ခေါ်နေတယ်လို့ပဲ စိတ်ဖောက်လာရင် ပြောတာပဲ၊ သီဟရှိန်း မကျွတ်ဘဲ ဂိုဒေါင်ထဲရှိနေလား မသိ"

“မဟုတ်ဘူး အေး၊ အဲဒီလို ပေါက်ကရမတွေးနဲ့၊ ပယောဂတွေ ဘာတွေနဲ့ သွားမကုနဲ့၊ ဒါမျိုးဟာ စိတ်စွဲရောဂါ ခေါ်တယ်၊ သွေးရိုးသားရိုးပါ၊ သီဟရှိန်းက ဂိုဒေါင်ထဲမှာမှ မရှိဘဲ” 

သက်မာက သူငယ်ချင်း၏အတွေးအခေါ်ကို ရှင်းပြနေရသည်။

“ဒီဂိုဒေါင်ဟောင်းကို အေးလည်း မကြည့်ချင်ဘူး၊ ဖြစ်နိုင်ရင် မီးရှို့ပစ်ချင်တယ်”

“အေးကလည်း ဘာဖြစ်လို့လဲ၊ ကြံကြံဖန်ဖန်”

“သက်မာ ဘာသိလို့လဲ၊ သူတို့အဖေက သူ့သား သေရတာ အေးတရားခံ၊ အေးအလိုလိုက်လို့ဆိုပြီး ​အေးကို အဲဒီကတည်းက အဆောင်မကူးဘူး၊ အေးကလည်း သူ့ကိုတွဲပြီး ဘယ်ပွဲမှ မတက်ဘူး၊ ဘာရမလဲ ပြန်ဘက်တိုက်တာပေါ့၊ ​အေးဘက်က စဉ်းစားကြည့်စမ်း၊ သားလည်းသေရ၊ လင်ကလည်းပစ်တယ်၊ သား မုန့်ဖိုးတောင်းတော့ ပေးမိတာပဲ၊ ဒါ အေးအပြစ်လား၊ သားသေလို့လည်း တစ်ကြောင်း၊ ဒီဂိုဒေါင်က ပြဿနာစလာလို့ အေးက မီးရှို့ပစ်ချင်တာ” 

သက်မာက အခြေအနေကို ရိပ်မိစပြုလာပါပြီ။ ဖြစ်လာသော ပြဿနာကို လေ့လာသုံးသပ်ရာမှာ အတွေးမှား အမြင်မှားလာပြီဆိုတော့လည်း ပြဿနာ၏အဖြေမှန် မရနိုင်တော့ပါ။ အာကာရှိန်းတို့၊ ဝဏ္ဏရှိန်းတို့ကို မြင်စကတည်းက သက်မာ မသင်္ကာခဲ့။ သက်မာ ရောက်စ ဧည့်ခန်းမှာထိုင်စဉ်က ဝဏ္ဏရှိန်း တောင်းငွေကို အေးက အလွယ်တကူ ထုတ်ပေးခဲ့သည်။ သူတို့အိမ်တွင်းရေး ဝင်ရောက်မစွက်ဖက်လိုပေမယ့် ရှိန်းနှင့် အေးတို့ အိမ်တွင်းရေးက စိတ်ပျက်ဖွယ်ရာ ဆိုသည်ကို သူ နားလည်လိုက်ပါသည်။ အခြေအနေအရပ်ရပ်ကို အသေးစိတ် မသိဘဲနှင့်တော့ ဘယ်သူ့အပြစ်ဆိုသည်ကို ကောက်ချက် မချနိုင်သေး။ သူငယ်ချင်းထံ ပျော်ပျော်ရွှင်ရွှင် ထမင်းစားလာခဲ့သည့်ခဏမှာ ဖြစ်ပျက်ပေါင်းစုံ သူတွေ့ခဲ့ရသည်။

“ဘာပဲဖြစ်ဖြစ် အရေးပေါ်ဆိုရင် သက်မာကို အကြောင်းကြား၊ အိမ်ဖုန်းရော ဆေးရုံကြီးဖုန်းပါ ပေးခဲ့မယ်၊ ဖြစ်ပြီးတာတွေအတွက် အေး စိတ်မညစ်ပါနဲ့၊ ကျန်တဲ့သားတွေသာ ထိန်းပေတော့၊ စီးကရက်လည်း လျှော့သောက်လေ”

“ထိန်းစရာ မလိုပါဘူး၊ နှစ်ယောက်စလုံး ဘိန်းသမားတွေ အရက်သမားတွေ ဖြစ်နေပြီ၊ တက္ကသိုလ်တောင် မရောက်ကြသေးဘူး၊ ဟား ဟား...ဟား...ဟား တရားခံမကြီးလေ၊ သားတွေကို ဖျက်ဆီးတဲ့ မိအေး” 

အေးက ကယောင်ကတမ်းလို အော်နေ၍ သက်မာက ချော့ရသည်။

“အေး အော်သံ မူရာကြားရင် လန့်နေဦးမယ်၊ တော်တော့”

"မတော်နိုင်ဘူး သက်မာ၊ အာကာဆိုတဲ့ ကောင်က ပြုပြင် ထိန်းသိမ်းရေးစခန်း ငှက်အော်စမ်းကို ဘယ်နှခေါက်ရှိပြီလဲ ရောက်တာ၊ ဝဏ္ဏကတော့ ရဲဘက်စခန်းပြန်၊ ရပ်ရည်တွေသာ ကြည့်တော့၊ သူတို့ကလည်း မိခင်အချစ်ကို နားမလည်ပါဘူး၊ တောင်းတဲ့ပိုက်ဆံ မရရင် မအေကို ဆဲချင်သေးတာ”

သက်မာသည် ကလေးတွေအခြေအနေ ဒါလောက်ဆိုးဝါးနေသည်ဟု မထင်ပေ။ ယခုတော့ ထင်တာထက် ဆိုးနေပါပကော။ 

"သူငယ်လေးတွေကို ဆေးရုံမှာ ကြပ်ကြပ်မတ်မတ်ထား ကုရင် ရပါတယ်၊ သက်မာ ရှိန်းနဲ့ တိုင်ပင်ပါဦးမယ်” 

"အမယ်လေး……… ဆေးရုံက ထွက်ထွက်ပြေးတာ ဘယ်နှခါရှိပြီလဲ၊ ဆရာဝန်တွေက အေးတို့သားဆိုရင် လက်မြှောက်ပြီ"

ပြောပြောဆိုဆို အေးသည် စီးကရက်ကို မီးညှိကာ အားရပါးရ ရှိုက်ဖွာလိုက်သည်။

“စီးကရက် စွဲနေပြီပေါ့” 

သက်မာက မေးလိုက်သည်။

"စွဲပြီလေ"

"အရက်တင် မဟုတ်ဘူး၊ စီးကရက်လည်း အသည်းကင်ဆာ ဖြစ်တတ်တယ်”

"အသည်းကင်ဆာ ဖြစ်မဖြစ်တော့ မသိဘူး၊ ခုတော့ နှလုံးရောဂါရနေပြီ၊ ဆေးမသောက်ဘဲ အိပ်မရဘူး၊ မပူစမ်းပါနဲ့ သူငယ်ချင်းရာ၊ မိအေး သေတော့ အေးတာပဲ၊ ဒီကောင်တွေလည်း နှိပ်စက်စရာ အမေမရှိဘူး၊ မင်းတို့ရှိန်းလည်း အပြစ်တင်စရာ မိန်းမ မရှိဘူး၊ သူ တွဲချင်တာတွေနဲ့ တွဲ"

"အေးရယ် ဘာတွေလျှောက်ပြောနေလဲ၊ သားတွေ ဖြစ်ပြီးတာ ထား၊ သမီးလေးတွေ ကျန်တာ ထိန်းရဦးမယ်“ 

သက်မာစကားကို မကြားသလို အေးက စီးကရက်မီးခိုးကို မှုတ်ထုတ်ရင်း မီးခိုးတန်းကို ငေးကြည့်နေသည်။ သက်မာသည် စိတ်မောသွားသည်။

"ကဲ . . . သက်မာပြန်ဦးမယ်၊ ကိစ္စရှိရင် ဆက်"

"လိုက်ပို့မယ်"

"မလိုက်ပို့ပါနဲ့၊ မူရာ့အနားမှာ အေး နေဦးလေ"

အေးသည် ဒယီးဒယိုင် ထကာ မူရာ့ခုတင်ဘေးမှာ စီးကရက်ကို ဆက်ဖွာနေသည်။ သားကြီး သီဟရှိန်းကို ပြန်လည်သတိရလာသည်။ အမှတ်ရစရာတွေ တသီကြီး၊ သီဟရှိန်း မွေးစတုန်းကများ ယုံနိုင်စရာမရှိ၊ ရှိန်းသည် ယခုလို လုပ်ငန်းတွေ တိုးချဲ့ခြင်းမပြုသေး၍လားမသိ၊ အေး သီဟရှိန်းကိုမွေးပြီး ဆေးရုံကဆင်းလာချိန်မှာ အေး ဆပ်ပြာမကိုင်ရ။

"သားရဲ့အနှီးတွေ၊ ရှိန်းကိုယ်တိုင် လျှော်မယ်၊ သန်းရှင် လျှော်လို့ မစင်ရင် ကလေး ကျန်းမာရေးနဲ့ညီမှာမဟုတ်ဘူး”

ရှိန်းက ကလေးအနှီး ကိုယ်တိုင်လျှော်သည်။ နံနက်ဘက် အလုပ်မသွားခင် ကလေးကို ရေနွေးနှင့် ရေချိုးပေးပြီးမှ အနှီးနှင့် သေသေချာချာထုပ်၍ အေးလက်ထဲ ထည့်သည်။ ပထမ သားဦးဆိုလျှင် မိခင်တောင် အချိုးကျအောင် အနှီးမတွေးတတ်၊ ရှိန်းက ထွေးထားလိုက်သည်မှာ ဗိုင်းတောင့်လေးအတိုင်းပဲ။ အေး စားမကောင်းမှာစိုး၍ မီးဖိုထဲလည်း သူကိုယ်တိုင် ဝင်ချက်သည်။

"ရှိန်းလေ မီးနေသည် ဟင်းခါးဆိုတာ ဘယ်လိုချက်ရတယ် ဆိုတာ မေးလာခဲ့တယ်၊ မြန်မာလို အဲဒီဟင်းခါးသောက်မှ နို့ကောင်းကောင်းထွက်သတဲ့"

ဘယ်သူ့ဆီက ဘယ်လိုမေးလာမှန်း မသိ၊ ငါးခူငါးပိကောင်နှင့် ငရုတ်ကောင်းနိုင်နိုင်၊ ကြက်သွန်ဖြူများများ ထည့်ချက်ထားသော မီးနေသည့်ဟင်းခါးက သောက်၍ကောင်းသည်။ အေးက နို့ထွက်ကောင်း၍ပဲ ထင်သည်။ သီဟရှိန်းသည် တစ်ပွေ့တစ်ပိုက် ဖြူဖြူထွားထွားကြီး၊ ချစ်စရာကောင်းသောကလေး။ 

ရှိန်းက အလုပ်ကပြန်လာလျှင် သားကို လက်ကမချ၊ အေးသည် ထိုစဉ်ကတည်းက ရှိန်းအချစ်ကို စိတ်ချသည်။ ယုံသည်။ ရှိန်းသည် သားသံယောဇဉ် ချီတွယ်လာလေတော့ သူ့အပေါ် ပိုမိုတွယ်တာလာပြီဟု အိမ်ထောင်ရေးခိုင်မာမှုကို သူ စိတ်ချလက်ချ ဖြစ်သွားသည်။

ကလေးကြီးလာလည်း ရှိန်းပြန်လာလျှင် သားကိုသာ ထိုးပေးလိုက်သည်။ သူ့ဘက်ကတော့ မီးဖိုဝင်ဖို့ ရှိန်းကို ဂရုစိုက်ဖို့ သတိမရ၊ အိမ်ထောင်ရေးဆိုသော မာယာတောက နားလည်ဖို့ ခဲယဉ်းပါဘိ။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသော စကားသည် ရှိခဲ့သည်။ အိမ်ထောင်ရေးကလည်း ကြိုတင် ခန့်မှန်း၍မရသော၊ ကျယ်ပြောသော မာယာတောတစ်ခုပါပဲ။ အေးသည် တော၏မာယာကို မသိသူလို လမ်းစပျောက်ခဲ့ရခြင်းပါပဲ။ တောအုပ်ဝင်စက ပန်းပွင့်များမွှေး၍ စမ်းရေအေးက တသွင်သွင်၊ ငှက်ကလေးများ၏တေးသံက ချိုလေတော့ ဒီလိုပဲ သာယာမှုတွေ တောတွင်းတစ်လျှောက် ရှိလိမ့်မည်ထင်သည်။ နက်ရှိုင်း၍ သိရခက်သော တောဝက်န္တကို အေး မမျှော်မှန်းခဲ့။

သီဟရှိန်း ကျောင်းထားစဉ် ပြဿနာက စလာခဲ့ချိန်။ ရှိန်းကလည်း လုပ်ငန်းတွေ တိုးချဲ့ချိန်နှင့် ရှိန်း ယခင်လို အိမ်ကို ဂရုမစိုက်နိုင်၊ မောလာတော့လည်း အဆင်သင့် အဆင်ပြေသော ထမင်းပွဲကို စားချင်သည်။ အေးက ဖန်တီးမပေးနိုင်။ သား သီဟရှိန်း တက္ကသိုလ်ရောက်ပြီး သေတော့ ပြဿနာပေါက်ကွဲတော့သည်။

အေးကတော့ နောက်ကလေးတွေလည်း မွေးလာ၍ သတိမထားမိပေမယ့် ရှိန်းသည် သူ့ထံကို အဆောင်မကူးတော့။ အပြင်မှာ ရှိန်းသတင်းများ သိုးသိုးသန့်သန့် ကြားလာရသည်။ ရုံးအမှုထမ်း အမျိုးသမီးတစ်ယောက်နှင့် တွဲနေသတဲ့။ ရှိန်း ဒါလောက် အပြောင်းအလဲမြန်လိမ့်မည်ဟု သူ မထင်၊ အစက ဈေးဝယ်ထွက်ရင်း ရုပ်ရှင်ရုံဘက်အသွား၊ ရုပ်ရှင်ရုံထဲမှ စုံတွဲထွက်လာသော ရှိန်းတို့နှစ်ယောက်ကို သူ ရင်ဆိုင်လိုက်သည်။

"အေးမှာ ကားပါတယ်လေ သမီးတို့ ဖေဖေ၊ ဘယ်ကို လိုက်ပို့ရမှာလဲ"

သူက စတင်နှုတ်ဆက်လိုက်သည်။ ရှိန်းကို တစ်ခါမှ သမီးတို့ဖေဖေဟု သူ မခေါ်ပါ။ ဒါပေမဲ့ ရှိန်း လက်တွဲထားသော အမျိုးသမီးသိအောင် တမင် ရှိန်းသည် ကလေးတို့အဖေ၊ သူ့လင်မှန်း သိအောင် မဏ္ဍပ်တိုင် တက်ပြလိုက်ခြင်းဖြစ်သည်။ ရှိန်းက အမျိုးသမီး လက်ကို ဖြုတ်လိုက်ရင်း မျက်နှာကြီး နီရဲသွားသည်။ အမျိုးသမီးကလည်း မျက်စိမျက်နှာ ပျက်နေသည်။ အေးက အားလုံးသိပါတယ် ဟူသော အမူအရာနှင့် မထိတထိ ပြုံးနေသည်။

“သမီးတို့ကို သွားကြိုမလို့၊ သမီးတို့ဖေဖေပါ လိုက်ခဲ့ပါ။ ဒီက ညီမကို အိမ်အထိ လိုက်ပို့လိုက်ပေါ့" 

"မလိုဘူး၊ ရှိန်းမှာ ကားပါတယ်”

ရှိန်းက အမျိုးသမီးလက်ကို ဆောင့်ဆွဲကာ လူအုပ်ထဲ တိုးဝင်သွားသည်။ အေးက ရှိန်း ကားတစ်စီး သတ်သတ်ယူထားသည်ကို မသိသည်မှ မဟုတ်ဘဲ၊ တမင် အရွဲ့တိုက်ခြင်းဖြစ်သည်။

အိမ်ကျတော့ ရန်ဖြစ်လိုက်သည်မှာ ဝက်ဝက်ကွဲ။ တစ်အိမ်သားလုံး မကြားချင်အဆုံး။

“ငါ ဘယ်သူနဲ့တွဲတွဲ၊ မယားငယ် မယူရင် ပြီးရောမို့လား"

“ဒါ မယားငယ်ပဲ၊ အေး မသိဘဲ ယူရင် မယားငယ်ပဲမှတ်” 

“မင်း သိပ်မိုက်ရိုင်းတယ်”

"ဟား.. ဟား... အမျိုးသမီးကို ပါးဆွဲမချတာပဲ ကျေးဇူးတင်ဦး"

ရှိန်း၏အော်သံ၊ အေး၏ တွေ့သမျှ ရိုက်ခွဲသံတွေနှင့် တစ်အိမ်လုံး ပွက်ပွက်ညံသွားသည်။

ခုတော့ သားတွေကိုရော လင်ကိုရော သူ မကြည့်ချင်၊ စိတ်ကုန်နေသည်။ စီးကရက်သည်သာ သူ့အဖော်၊ တစ်နေ့ အနည်းဆုံး အလိပ် နှစ်ဆယ့်ငါးလိပ်လောက် ကုန်သည်။

သူကတော့ သီဟရှိန်းကစ၍ သားတွေကို ပညာကောင်းကောင်းပေးချင်၍ အ.ထ.က တစ်မှာ ထားခဲ့သည်။ သားတွေကို ကာကွယ်ချင်သောစိတ်က အစစများနေသည်။ အတန်းပိုင်ဆရာမထံမှ Report Card လာတိုင်း သူ့ဘာသာ လက်မှတ်ထိုး၍ ပြန်ပို့သည်။ ရှိန်းကို မပြ။ မပြရဲ၍ဆိုလျှင် ပိုမှန်မည်။ သားတွေ ကျောင်းတစ်ရက် ပျက်၍ ဆရာမက အကြောင်းကြားလည်း သူကသာ သွားတွေ့သည်။ ရှိန်းကို ပြောမပြခဲ့ပေ။ သားတွေအတွက် တိုးတက်မှုက လစဉ်အစီရင်ခံစာမှာ မပြ၊ အတန်းငယ်မှာပင် ကျရှုံးသောဘာသာက အနည်းဆုံး သုံးဘာသာဆိုတော့ ရှိန်း သားများကို ရိုက်မှာဆူမှာစိုး၍ သူ မပြခြင်းသာဖြစ်သည်။ ကျူရှင်ပေးလည်း သားတွေအခြေအနေက မတိုးတက်။ ပထမနှစ် သီဟရှိန်း ဆယ်တန်းကျတော့ ရှိန်းက ဆူသည်။

"ငါ မသင်္ကာလို့ ကျောင်းအုပ်ဆရာမကြီးဆီ တိုက်ရိုက် ဖုန်းဆက်တယ်၊ Report Card တွေ ကြည့်ချင်တယ်ဆိုတော့ မင်း လက်မှတ်ထိုး ပြန်ပို့တယ်ဆို"

အေးကို မေးလိုက်သည်။

"ဟုတ်တယ်"

“အခြေအနေမကောင်းရင် ငါ့ကိုပြောပေါ့၊ နည်းလမ်းရှာရမယ်၊ ငါက မနေ့က ကျောင်းကို တိုက်ရိုက်သွားတယ်၊ ဆရာမကြီးနဲ့ဆွေးနွေးတော့လည်း မှန်မှန်ပို့သတဲ့၊ ကျောင်းပျက်ရင်လည်း မိဘကို ​ကြောင်းကြားတယ်ဆို၊ ဘာလို့ ငါ့ကို မင်းမပြောလဲ” 

“အေးသွားရင် ပြီးတာပဲမို့လား"

"မပြီးလို့ပေါ့၊ မပြီးလို့၊ ခု မင်းရဲ့သား စာမေးပွဲကျပြီ၊ သားတွေလုပ်တာ ဖုံးထား၊ တစ်နေ့ မင်း ဒုက္ခတွေ့မယ်”

ရှိန်းသည် ထိုနှစ်က သူငယ်ချင်း ကျောင်းဆရာနှင့် ဆရာမ လင်မယားထံ သီဟရှိန်းကို အပ်တော့မှ နောက်နှစ် ဆယ်တန်းအောင်သည်။ ဝဏ္ဏရှိန်းနှင့် အာကာရှိန်းတို့ကျတော့ သူ နိုင်ငံခြားသွားနေရသည်က များ၊ ပြီးတော့ သီဟရှိန်း ဘိန်းစွဲပြီး သေကတည်းက ရှိန်းသည် အေးကို ပြန်လှည့်မကြည့်တော့ပေ။ အာကာရှိန်းကတော့ ဘိန်းကိုသာရှူသည်။ မအေကိုရန်မလုပ်။ ဝဏ္ဏရှိန်းကတော့ ငွေမရလျှင် "ခင်ဗျားကြီး… ခင်ဗျား လင်ပေးတဲ့ငွေတွေ ဘယ်ထားလဲ၊ မပေးရင် အသိပဲ”ဟု ခြိမ်းခြောက်တတ်သည်။

"အေး မင်းတို့ကို မေမေက ကြိတ်ပေး၊ မင်းတို့ဘက်က ကာကွယ်ခဲ့ရတယ်၊ မင်းတို့ကလည်း အမေကို အကောင်းမထင်ဘူးပေါ့"

သားအငယ်တွေနှင့်လည်း အဆင်မပြေတော့ပါ။ မျက်နှာချင်းဆိုင်လျှင် သားတွေနှင့်လည်း ရန်ပွဲပါပဲ။

သူ့မျက်လုံးထဲမှာ အပ်တန်းလန်းနှင့် သေနေသော သားအလောင်း၊ ငယ်စဉ်ကလို ဖြူဖြူထောင်ထောင်မောင်းမောင်း မဟုတ်၊ ခြောက်သွေ့ပိန်ညှော်ကာ ညှဉ်းသိုးသိုးဖြစ်နေသော ဆံပင်ရှည်နှင့် သား၏ရုပ်က တွေးလိုက်တိုင်း သူ့မျက်လုံးထဲမှာ ပေါ်လာလျှင် ရင်ထဲမှာ နာကျင်သွားသည်။ မအေဆိုတော့ ပို၍ခံစားရသည်။ ဒါပေမဲ့လည်း စိတ်ဖြေရာဖြေကြောင်းရယ်လို့ မိန်းမသားဆိုတော့ အပြင်မှာ ဖြေစရာမရှိ။ တစ်နေ့ တစ်နေ့ စီးကရက်များ တစ်လိပ်ပြီး တစ်လိပ် ထိုင်သောက်နေသည်။

ရှိန်းကလည်း အပြင်မှာ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲရင်း အိမ်ထောင်ရေးအဆင်မပြေလို့၊ သားသေလို့ ဟူသော စိတ်ဒုက္ခတွေကို အကြောင်းပြသည်။

အေးသည် နောက်ကို ပြန်မတွေးချင်လည်း မရ။ မေ့ပျောက်ပစ်ပေမယ့် သူ့ရင်ထဲမှာ အမြဲ သားကို ဆုံးရှုံးရမှု၊ လင်သည်၏ပစ်ပယ်မှုတွေက ဒဏ်ရာဒဏ်ချက်ရကာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည်။ ထစ်ခနဲဆို သူ ရန်ဖြစ်ချင်သည်။ ခြောက်မိုင်ခွဲ တိုက်ကြီးကို ပြောင်းလာမှ သားများနှင့်မဟုတ်လျှင် လင်နှင့် တစ်နေ့ တစ်နေ့ ရန်ပွဲဖြစ်နေသည်။ သူတို့ကြားမှာ နေ့စဉ်လိုလို ရန်ပွဲများကို ရင်ဆိုင်နေရသူက ဖြူပြာပါပဲ။

အချိန်ကြာလာလေလေ အေးနှင့် ရှိန်းတို့၏ အိမ်ထောင်ရေးသည် အက်ကြောင်းရာ ရေးရေးထင်ရာမှ ထင်ထင်ရှားရှားဖြစ်လာသည်။ သီတင်းကျွတ် ရှိန်း ပြန်နေကျ မန္တလေးပြန်လျှင် မိဘများကို ကန်တော့ပွဲတွင် အေးသည် သူ့မိဘဆီတောင် မလိုက်တော့။ ရှိန်းသာ သားသမီးများနှင့် သွားသည်။

ရှိန်းသည် ဖေဖေနှင့် မေမေကို ကန်တော့ပြီး မေမေနှင့် နှစ်ယောက်တည်း စကားပြောနေသည်။ 

“သားတော့ အေးကို သိပ်စိတ်ပျက်ပြီ မေမေ၊ ဒီလိုပုံနဲ့တော့ ကွဲကြမှပဲ ဖြစ်မယ်”

ရှိန်းက သီဟရှိန်းအကြောင်းကို အားလုံးပြောပြသည်။ 

“ကျွန်တော့်သားကြီးဟာ လူတော်လူကောင်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်လည်း ကြပ်မတ်ပေမယ့် အလုပ်က တစ်ဖက်မို့လား၊ ပြီးတော့ အေးက အချစ်လွဲနေတယ်၊ သူ့သားတွေ လိုသလောက် ငွေပေးတယ်၊ ကျောင်း Report Card ကျွန်တော့်ကို မပြတာ အဆိုးဆုံးပဲ၊ သားတွေ အခြေအနေကို ကျွန်တော့်ကို အသိပေးရမှာပေါ့၊ သီဟရှိန်းဟာ အသေဆိုးသေရတာ၊ ရောဂါနဲ့မှ မဟုတ်ဘဲ”

မေမေကတော့ ငြိမ်သက်စွာ နားထောင်နေသည်။ 

“အေးပေါ့ …… သီဟရှိန်းကိစ္စကတော့ လွန်သွားပြီ၊ ဝဏ္ဏနဲ့ အာကာကို သတိထား၊ ယောက်ျားလေးတွေ ဒီဆေးစွဲရင် ဘဝတုံးတာပဲ"

“ကျွန်တော်လည်း သတိထားတာပဲ မေမေ၊ မိခင်က အထိန်းသိမ်းမတတ်တော့ ခက်တယ်”

မေမေက သူပြောသမျှ ငြိမ်သက်စွာ နားထောင်နေသည်။ 

“သားတွေလည်း အထိန်းသိမ်းမတတ်၊ သူ ထမင်းမချက်တတ်ဘူးဆိုလို့ ကျွန်တော် မေမေ့ဆီက ထမင်းချက်ခေါ်ယူရတာလည်း မေမေအသိပဲ၊ ကျွန်တော် လိုချင်တာက အစက ဘယ်သူတတ်မလဲ သင်ယူရတာပေါ့၊ ကျွန်တော်ငယ်ငယ်က အငယ်ဆုံးသားမို့လို့ ဆိုးတယ်၊ ဘာမှ မလုပ်ချင်ဘူးလို့ ဖေဖေကလည်း ထင်တယ်၊ ကျွန်တော် ကျောင်းထွက်တော့ ဖေဖေ ဘယ်လိုလုပ်လဲ၊ လေ့လာပြီး ကြိုးစားတာပဲ၊ လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု အောင်မြင်လာတယ်၊ မေမေ့အသိ၊ ဒီလုပ်ငန်းတွေ ထားလိုက်၊ သီဟရှိန်းကို မျက်နှာမြင်တုန်းက ကျွန်တော်ကိုယ်တိုင် သားဖွားခန်းလိုက်သွားပြီး ဆရာမတွေကို မေး၊ ကလေးထွေးနည်းရအောင် သင်တယ်၊ ကဲလေ ယောက်ျားပေမယ့် ကျွန်တော့်သားကို ကျွန်တော် အနှီးနဲ့ထွေးပေးတယ်၊ အေးက မလုပ်တတ်ဘူး၊ ပြီးတော့ ဝပ်ရှော့က ဆရာမြင့်သောင်းရဲ့ မိန်းမကြီးကိုမေးပြီး မီးနေသည် ဟင်းခါးချက်နည်း မေး၊ ကျွန်တော်ကိုယ်တိုင် အေးကို ချက်ကျွေးတယ်၊ နို့ကောင်းကောင်းထွက်မှ ကလေး ဝအောင် စို့ရအောင်လို့၊ ကျွန်တော့်အဆိုးပဲ မေမေတို့ထင်နေမှာစိုးလို့ ကျွန်တော် ပြောပြတာ၊ ဆိုလိုချင်တာက ကြိုးစားရင် ရတယ်ပြောတာ၊ အခုတော့ ကျွန်တော်ကြိုးစားတာ တစ်ဝက်၊ အေးက လိုက်မလာဘူး၊ သူ မလုပ် တတ်တာပဲ ထိုင်ပြောနေတာပဲ၊ ကြာတော့ ကျွန်တော် သည်းမခံနိုင်ဘူး” 

“တစ်ခုကလည်း ..."

မေမေက စကားမဆက်ဘဲ ခဏရပ်၍ စဉ်းစားနေသည်။ 

“ဘယ်လိုလဲ မေမေ”

“သားတို့အိမ်ထောင်ရေးက မေမေပေးစားတာ မဟုတ်ဘူး၊ သားတို့ဘာသာ ချစ်လို့ယူတာ၊ ပြီးတော့ အေးက တစ်ဦးတည်းသမီး၊ အစိုးရလခစားပတ်ဝန်းကျင်မှာ ကြီးလာတာ၊ ဒါကို သားသိသားပဲ၊ သူတို့နယ်က မေမေတို့ ကုန်သည်လောကလို မကျယ်ပြန့်ဘူး၊ အမြင်ကျယ်ရာမှာလည်း ကွာခြားသွားကြတယ်၊ အေး အမြင်ကျဉ်းတာတွေ အမြော်အမြင်နည်းတာတွေ အပြစ်တင်နေတာထက် သားက သူ့ကို နားလည်အောင် ကြိုးစားရမယ်”

“ကျွန်တော်က ..."

"အေးလေ .... မေမေဆိုချင်တာက သားက ပညာရေးမှာ အမ်အေအောင်ထားတာ၊ သူက ဆယ်တန်းရယ်။ ပညာအရည်အချင်းမှာ သားက သာတယ်၊ အဲဒီတော့ သားကိုယ်တိုင်က သူ့ကိုသင်ကြားရမယ်၊ လက်တွဲခေါ်ယူရမှာပေါ့။ မေမေတောင် ခုချိန်အထိ ဖေဖေနဲ့ အတူတွဲပြီး လုပ်ငန်းတွေလုပ်ရာမှာ မှားတယ်ထင်တာတွေ့ရင် မေမေ့ကို ဖေဖေက ဆုံးမတာပဲ”

"မေမေက အိမ်က ဆီစက်ကို မမနဲ့ ဦးစီးနေတာကိုး၊ သူက ဘာလုပ်လို့လဲ၊ မီးဖိုလည်း မဝင်၊ ကျွန်တော်က ဆုံးမရအောင် ကလေးခြောက်ယောက်အမေ ဖြစ်နေပြီပဲ၊ ဒီအရွယ်ကျမှ မဆုံးမချင်တော့ဘူး၊ ကျွန်တော် အခု ရန်ဖြစ်ရင် လက်ပါလာပြီ”

"ဒီလိုတော့ မလုပ်ပါနဲ့ သား၊ သူများ သားသမီးကို ပေါင်းမရလောက်အောင် ဆိုနိုင်၊ ခက်ခဲဖြစ်ရင် သူ့မိဘလက်ထဲ ပြန်အပ်ပါ။ ပါးရိုက်လား နှက်လားတော့ မလုပ်နဲ့၊ ဖေဖေနဲ့ မေမေ လက်ထပ်သက် အနှစ်ငါးဆယ်ကျော်လာခဲ့ပြီ၊ ဖေဖေဟာ တစ်ခါမှ မေမေ့ကို လက်ဖျားနဲ့မတို့ဖူးဘူး၊ သဘောကွဲလွဲတာ မရှိဘူး မဟုတ်ဘူး၊ ရှိလည်း ဖေဖေက အေးအေးပြောပြတာပဲ”

“မေမေတို့ကလည်း မေမေတို့မိန်းမတွေဘက်ကပဲ ကာကွယ် ပြောနေတယ်”

“မဟုတ်ဘူး သား၊ ဒီမိန်းကလေးကို မေမေ ပေးစားတာမှမဟုတ်ဘဲ၊ ကာကွယ်ရအောင်က သားချစ်လို့ သား ယူလာတာ"

“ခုတော့ ချစ်လို့မရတော့ဘူး”

သူသည် ကလေးငယ်တစ်ယောက်လို စွတ်ပြောနေသည်။ 

"ဪ... ခက်ပါလား၊ တစ်နေ့နေ့ ပြန်ချစ်လာမှာပေါ့၊ မေမေ တစ်ခုပဲ သားကို ကတိတောင်းချင်တယ်၊ ဘယ်လိုပဲ သဘော ကွဲလွဲ ကွဲလွဲ အငယ်အနှောင်းတော့ မထားပါနဲ့"

မေမေ သူ့သတင်းတွေ ကြားသည်ထင်သည်။ သူသည် အငယ်အနှောင်းကို တရားဝင်မယူခဲ့ပါ။ ဒါပေမဲ့ မေမေက ဒါလောက် အေးအပေါ် ကောင်းပါလျက်နှင့် မေမေ့အပေါ် နားမလည်နိုင်သော အေးကို သူ ခွင့်မလွှတ်နိုင်ပါ။

"တစ်ခု မေမေ နောက်ဆုံးမေးချင်တယ်” 

မေမေ ဘာမေးချင်သည်ကို သူ စိတ်ဝင်စားစွာ နားထောင်နေပါသည်။

“သားလိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သားပြောခဲ့ပြီ၊ အေးထံက သား မရနိုင်တာတွေပေါ့”

"ဟုတ်ပါတယ်”

“သားကရော အေး လိုချင်တာတွေ ဘာတွေ ပေးခဲ့နိုင်သလဲ ဆိုတာလည်း ပြန်စဉ်းစားကြည့်ပါဦး”

“ကျွန်တော့်အနေနဲ့ လုပ်ငန်းကိုင်ငန်းတွေ မတိုးတက်ခင်က တစ်လ ငါးထောင်ရှာပေးခဲ့တယ်။ အခု တိုးတက်လာချိန်မှာ ကလေးတွေကလည်း များလာတော့ တစ်လတစ်သိန်း သူ့လက်ထဲ ထည့်ခဲ့တယ်၊ ကျွန်တော် ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ကျေပါတယ်"

"ဟုတ်ပြီ၊ ဖြည်းဖြည်းစဉ်းစားပါ၊ ငွေဟာ အချစ်မှမဟုတ်ဘဲ၊ ငွေပေးရင် ပြီးရောဆိုရင် ပြည့်တန်ဆာတွေလို ဖြစ်နေမှာပေါ့၊ မိန်းမတွေဟာ သူတို့ယောက်ျားအချစ်ကို သေတဲ့အထိ ခံယူချင်ကြတယ်။ သူတို့ကပဲ ရှာကျွေးပါရစေ၊ သူတို့နှလုံးသားကို နာကျင်အောင် လုပ်တဲ့လူကိုတော့ မလိုချင်ဘူး၊ သားကရော အေးအပေါ်မှာ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး စောင့်စည်းထိန်းသိမ်းခဲ့ရဲ့လား"

ရှိန်း ငိုင်နေသည်။ သီဟရှိန်း ဆုံးပြီးကတည်းက သူ ခြံခုန်ခဲ့သည်ကို မေမေလည်း ကြားမှာပေါ့။ နောက်တော့ သူသည် တစ်ခြံပြီးတစ်ခြံ ခုန်ခဲ့သည်ကို မေမေ ရည်ညွှန်းဟန်တူသည်။ မေမေ့ကိုတော့ သူ မလိမ်ချင်ပါပေ။

“ကျွန်တော် အပျော်တော့ မိန်းမတွေနဲ့ ဆက်ဆံခဲ့ပါတယ်၊ မေမေပြောသလို တရားဝင် အငယ်မယူပါဘူး"

"အငယ်တို့ အကြီးတို့ဆိုတာ ပညတ်အခေါ်အဝေါ်ပါ၊ မေမေဆိုလိုချင်တာက အကြီးနာမည်ခံပြီး ဒီယောက်ျားအချစ်ကို မရတော့ရော ဒီမိန်းမ နှလုံးသား ဘယ်လောက်နာကြည်းမလဲ၊ တရားဝင်မယူလည်း ကိုယ့်ယောက်ျားက ကိုယ့်ကိုပစ်ပယ်ပြီး တခြားမိန်းမနဲ့ ဆက်ဆံနေမှတော့ အငယ်အနှောင်းယူတာနဲ့ အတူတူပဲ သားရေ၊ မိန်းမတွေ နာကြည်းလာရင် လက်စားချေတတ်တယ်၊ လက်စားချေတယ်ဆိုတာ ဓားကြီးနဲ့ထိုးသတ်မှ လက်စားချေကာ မဟုတ်ဘူး။ ကိုယ့်ယောက်ျား စိတ်ဓာတ်ထိခိုက်အောင် တစ်နည်းတစ်လမ်း လုပ်လာတတ်ကြတယ်၊ သူကိုယ်တိုင်က မလုပ်လည်း မယားအပေါ် သစ္စာမစောင့်စည်း ဖောက်ပြန်တဲ့လူကို သူ့အလုပ်က သူ့ကို ပြစ်ဒဏ်ပေးတတ်တယ်၊ မယားကလည်း လင်အပေါ် သစ္စာမရှိရင် ဖြစ်တတ်တာပဲ၊ မေမေ မသေခင် သားတို့အိမ်ထောင်ရေးအတွက် စိတ်မချမ်းသာစရာသတင်း မကြားပါရစေနဲ့”

မေမေက သူ့ကို သမာသမတ်ကျစွာ ဆုံးမခဲ့သည်။ သူချစ်သော သားမို့လို့ သားဘက်ကလိုက်ပြီး မဆုံးဖြတ်ခဲ့ပါ။ မေမေ့စိတ်ရင်းကို အေး သိစေချင်ပါသည်။ သူ မေမေ့ကို နှုတ်ဆက်ရင်း ကန်တော့ခဲ့သည်။ 

အပိုင်း(၈) ဆက်ရန်
---------------------
#ခင်နှင်းယု

Post a Comment

0 Comments