ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၂ )

#ဗညားရှိန်း

အပိုင်း(၂)

ရှိန်းကို တွေ့ရပြီ။

တင်သက်မာနှင့် ပြန်လည်တွေ့ရသောနေ့ထက် မလေးနု ရင်ခုန်ရပါသည်။ ရှိန်းနှင့် မတွေ့ကြရသည်မှာ ဆယ်နှစ်ခန့်တော့ ရှိပြီ။ သူ့လက်ဖျားများ အေးစက်လာပါသည်။ ရှိန်းပုံရိပ်မှာ ကိုမျိုးဇင် ထင်ဟပ်လျက်ရှိသည်။ မိန်းကလေးချင်းသာဆိုလျှင် ရှိန်းကိုဖက်၍ ငိုမိမည်။ ယခုတော့ သူ ငြိမ်သက်စွာ ရပ်နေမိသည်။ လှုပ်ရှား၍မရ။

ရှိန်းကိုယ်တိုင်ကလည်း တံခါးဝမှာ တောင့်တောင့်ကြီး ရပ်နေမိသည်။ မလေးကို ပြန်တွေ့လျှင် ယခုလို စိတ်ထိခိုက်လိမ့်မည်ဟု သူ မထင်မိ။ မလေးနုနောက်မှာ ကိုမျိုးဇင် ရပ်နေသလိုပင်။ မလေးနု ဘယ်လိုခံစားနေရသည်ကို သူနားလည်ပါသည်။ မလေးကသာ ခွင့်ပြုလျှင် မလေးနု၏ပခုံးကို ဖက်၍ လက်ဖျားကလေးများကို ဆုပ်နယ်ကာ မလေး၏ကြေကွဲမှုကို သူ နှစ်သိမ့်မည်ဖြစ်သည်။ သူက ကျောင်းမှာ အတွဲမိန်းကလေးများနှင့်တွေ့တိုင်း ဖက် နှုတ်ဆက်နေကျ၊ သူ့မိန်းကလေးများကလည်း လိုက်လျောနေကျ။ ယခု သူ့ရှေ့တွင် မတုန်မလှုပ်ရပ်နေသူ မလေးနုဆိုသူက သူ၏ချစ်လှစွာသော သူငယ်ချင်း ကိုမျိုးဇင်၏ချစ်သူ၊ သူ့အဆက် မိန်းကလေးများနှင့် မတူသော သီးသန့်ပုံစံနှင့် အမျိုးသမီးတစ်ယောက်။ သူ့သူငယ်ချင်း တတွတ်တွတ်ပြောနေသော မလေးနုပုံစံနှင့် စရိုက်ကို သူသိပြီးသားပါ။ သူသည် စိတ်ကို ထိန်းလိုက်၏။ 

"မလေးနု နေကောင်းတယ်နော်"

ရှိန်းထံမှ အသံကြားမှ မလေးနုသည် အသက်ဝင်လာသလို လှုပ်ရှားလာသည်။

"ထိုင်ပါဦး ရှိန်း"

သူ့ရှေ့မှ ဆိုဖာမှာ ရှိန်းကို နေရာပေးလိုက်သည်။ ကျောင်းတုန်းကထက်တော့ အရွယ်ရင့်သွားပြီ ဆိုရမည်။ ဟိုတုန်းက ရှိန်းသည် မျက်လုံးတွေကပင် ရှိန်းလဲ့လဲ့၊ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်။ ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွှေးတွေ ဂရုတစိုက် ရိတ်ထား၍ ပါးပြင်သည် စိမ်းနုနေသည်။ ပြုံးနေသော နှုတ်ခမ်းပါးက မြင်သူ မိန်းကလေးတွေကို ကြည်နူးစေသည်။

ကိုမျိုးဇင်နှင့် ယှဉ်လိုက်တော့ ခြောက်ပေနီးနီးမြင့်သော အရပ်အမောင်းကတော့ တူညီကြသည်။ ဒါပေမဲ့ ကိုမျိုးဇင်က အလုံး အဖန် ပို၍တောင့်သည်။ အသားက ရှိန်းလောက် မဖြူ။ အသားလတ်လတ်၊ မျက်လုံးများက အေးမြသော အရိပ်ငွေ့တွေ လွှတ်ပေးနေသလို မြင်ရသူကို ချမ်းငြိမ်းစေသည်။ ရှိန်း မျက်လုံးက ရမ္မက်အလျှံတွေ တောက်နေသလို ထင်ရသည်။ သူ့ချစ်သူ၏ အချစ်ဆုံးသူငယ်ချင်း ရှိန်းကို မလေးနု တွေ့နေရပြီ။

“မလေးနု နေကောင်းတယ်နော်"

ဒုတိယအကြိမ် ထပ်တူ မေးခွန်းကို ရှိန်းထံမှ ကြားရသည်။

"နေကောင်းပါတယ် ရှိန်း၊ ရုတ်တရက်ဆိုတော့ မလေး စိတ်မထိန်းနိုင်သလို ဖြစ်သွားလို့ပါ”

အခန်းထဲသို့ မိန်းကလေးတစ်ယောက် ဝင်လာကာ ဖျော်ရည်ဖန်ခွက်ကို ရှိန်း၏စားပွဲရှေ့မှာ ချသွားသည်။ 

“သောက်ပါဦး ရှိန်း"

မလေးက ကိုယ်တိုင် ဖန်ခွက်ကိုယူ၍ ကမ်းပေးလိုက်သည်။

"ကျေးဇူးပဲ မလေး၊ ရှိန်း နားလည်ပါတယ်၊ ရှိန်းနဲ့ ပထမဆုံး ပြန်တွေ့ချိန်မှာ မလေး ဘယ်လိုခံစားရမယ်ဆိုတာ သိပါတယ်၊ ရှိန်းတောင် ကိုမျိုးဇင်ကို ဘယ်တော့မှ မေ့မရခဲ့ဘူး၊ ဇင်ကျဆုံးတယ် ဆိုတဲ့ သတင်းရတော့ သတင်းစာထဲ လိပ်စာအတိုင်း စာထည့်လိုက်တယ်၊ မလေး ရလား"

“ရပါတယ်၊ ကျေးဇူးတင်ပါတယ် ရှိန်း၊ အဆက်အသွယ် ပြတ်သလိုဖြစ်သွားတာ မလေးအပြစ်ပါပဲ၊ ရှိန်းရဲ့စာကို ဖေဖေတို့က မလေးရှိရာ အင်္ဂလန်ကို ပို့ပေးတယ်၊ မလေး ဝမ်းနည်းကြောင်း စာတွေ ဘယ်သူ့ဆီမှ ပြန်စာမပို့ခဲ့ပါဘူး”

 “ဘယ်လိုဖြစ်ရတာလဲ"

“ရှိန်းနဲ့ခွဲပြီး သူ ဗိုလ်သင်တန်း တက်သွားတယ်လေ၊ ဗိုလ်သင်တန်းဆင်းတော့ သူက လက်ထပ်ချင်ပေမယ့် မလေးက ဖေဖေတို့ဆန္ဒအတိုင်း အင်္ဂလန်သွားပြီး ဘွဲ့လွန်တက်ချင်တာနဲ့ မလေး ပြန်လာမှ လက်ထပ်ဖို့ စီစဉ်လိုက်ပါတယ်၊ မသွားခင် မလေးတို့ စေ့စပ်သွားတယ်”

“စေ့စပ်တာလည်း သတင်းစာထဲတွေ့ရလို့ သူ့ဆီ စာရေးလိုက်သေးတယ်၊ ဒီအချိန်က ရှိန်း အမေရိကမှာ ရှိနေတယ်” 

"မလေးက ပြန်ဖို့ တစ်နှစ်လောက်လိုသေးတယ်လေ၊ အဲဒီအချိန်မှာ ဇင် ဘော်ဘင်တိုက်ပွဲမှာ ကျသွားတယ်လို့ ဖေဖေတို့က သတင်းပို့တာပဲ"

မ​လေးအသံက တိမ်ဝင်သွား၍ စကားဆက်မ​ပြောနိုင်​သေး။ ရှိန်းက ဖျော်ရည်ကို တစ်ကျိုက်ချင်း ဖြည်းညင်းစွာ​သောက်ရင်း နား​ထောင်​နေရာမှ "ကံတရားပေါ့”ဟု ဆိုသည်။ 

“ရှိန်း မြန်မာပြည် ရှိနေတုန်းကတောင် သောင်းကျန်းမှုတွေ တော်တော်ငြိမ်သက်သွားပြီ၊ ဒါ့ကြောင့် ရှိန်းက လုပ်ငန်းတွေစတာ၊ အခုဟာက သောင်းကျန်းမှု အဖျားခတ်တဲ့ဒဏ်ကို မျိုးဇင် ခံသွားရတာပဲ၊ ဘော်ဘင်က ပဲခူးရိုးမမှာ ကွန်မြူနစ် အကြွင်းအကျန်တွေ ရှင်းလင်းရာမှာ ဇင် ပါသွားတယ်ထင်တယ်”

"မလေးလည်း မသိပါဘူး ရှိန်းရယ်၊ အင်္ဂလန်မှာ ဘွဲ့လွန်အတွက် စာသင်နေရတာ၊ အကုသိုလ်ဟာ လုံးခြင်း ဘယ်တော့မှ မလာဘူးဆိုတာ မှန်တယ် ရှိန်း"

”ဘာကိုပြောတာလဲ”

”နောက် ခြောက်လလောက်ကြာတော့ ဖေဖေနဲ့ မေမေ မြစ်ကြီးနားကိုအသွား မိုးညင်းမှာ မီးရထားမိုင်းဗုံးထိပြီး ဆုံးသွားကြတယ်လို့ မလေးဆီ သတင်းရောက်လာတာပဲ”

"ဗျာ... ဖြစ်မှဖြစ်ရလေ၊ ဒါတော့ ရှိန်း မသိလိုက်ဘူး၊ မလေးအဖြစ်ကလည်း ဆက်တိုက်လို ဖြစ်သွားကြတယ်နော်"

"ဟုတ်တယ် ရှိန်း၊ မလေးချစ်သူတွေအားလုံး မလေးကို ခွဲခွာသွားကြပြီ၊ ပထမတော့ တကယ်ပါပဲ၊ စိတ်ဓာတ်ကျပြီး မြန်မာပြည်ကို ပြန်မလာချင်ဘူး၊ အထူးကုဘွဲ့ယူပြီး အင်္ဂလန် ဒါမှမဟုတ် တခြားတိုင်းပြည်တစ်ခုခုမှာ အခြေချတော့မလို့၊ နောက်တော့ စဉ်းစားတယ်လေ၊ ဇင် သူ့တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲဆိုတာ ရှိန်း အသိပါ"

"သိပါတယ်၊ တက္ကသိုလ်တပ်ရင်း ဝင်ကတည်းက ငါ - - ကျောင်းထွက်ရင် တပ်မတော်ကိုပဲ ဝင်မယ်တဲ့၊ ရှိန်းကိုလည်း ဆွယ်သေးတယ်။ ရှိန်းက စစ်လည်း မတိုက်ရဲ၊ တောလည်း မခိုရဲဘူး"

ရှိန်းက မလေးစကားကို ဝင်ထောက်လိုက်သည်။ 

"မလေး စဉ်းစားတယ်၊ မလေးက အစိုးရရဲ့ အထောက်အပံ့မယူခဲ့တော့ အစိုးရထံမှာ အလုပ်ကို ပြန်ဝင်မလုပ်လည်း ရတယ်၊ . ဒါပေမဲ့ ခုနပြောသလို စဉ်းစားပြီးမှ ဇင် အသက်ပေးချစ်ခဲ့တဲ့ တိုင်းပြည်အတွက် မလေး တစ်ခုခုလုပ်ပေးမှ မလေး ဇင့်ကိုချစ်ရာကျမယ်လို့ သဘောပေါက်တယ်၊ ဇင်လည်း ဖြစ်ရာဘဝက ကျေနပ်မှာပါ။ ဒါ့ကြောင့် မြန်မာပြည်ပြန်လာပြီး တောင်ပေါ်ဒေသ ဆေးရုံတွေကို တောင်းယူပြီး အလုပ်လုပ်ခဲ့တာ၊ သူတို့ရဲ့ ရိုးသားသန့်စင်တဲ့စိတ်ဓာတ်လေးထဲကို ရောဝင်ရင်း ဇင့်ကို လွမ်းတဲ့အလွမ်းတွေကို မလေး ဖြေခဲ့တာပါ ရှိန်း"

မလေးနုသည် စကားကို ဆက်မပြောနိုင်တော့ဘဲ ရပ်လိုက်သည်။ နှုတ်ခမ်းကိုကိုက်ကာ စိတ်ကို တင်းနေပုံရသည်။ မျက်လုံးက ပြတင်းအပြင်ကို ကြည့်နေသည်။ ရှေ့ဆက်၍လည်း စကားမပြောချင်တော့။

ရှိန်းက သက်ပြင်းချလိုက်သည်။ 

"ကဲ .. ပြီးခဲ့တဲ့ အတိတ်တွေကို မေ့ပစ်ပါတော့လို့တော့ ရှိန်း မဆိုလိုပါဘူး၊ ဘယ်တော့မှ မမေ့နိုင်တဲ့အဖြစ်တွေ။ အခု ရှိန်း လာတာက မလေးနဲ့ တိုင်ပင်စရာရှိလို့၊ မလေးရင်ထဲမှာ ရှိန်း စကားတွေ နားထောင်ဖို့ သက်သောင့်သက်သာ ရှိလာပါပြီနော်”

ရှိန်းသည် လူတစ်ယောက်အခြေအနေကို အကဲခတ်၍ စကားပြောကောင်းသူတစ်ယောက်ဖြစ်သည်။ ကိုမျိုးဇင်နှင့် ယှဉ်လိုက်လျှင် ကိုမျိုးဇင်က စကားနည်းသည်။ မလေးနုသည် မျက်လုံးများကို ရှိန်းဘက်သို့ လှည့်လိုက်သည်။

“အဆင်သင့်ရှိပါတယ် ရှိန်း၊ မလေးကို တိုင်ပင်နိုင်ပါတယ်"

မလေးနုသည် တည်ငြိမ်စွာ စကားပြောနိုင်အောင် သူ့စိတ်ကို ထိန်းလိုက်သည်။

"ရှိန်း စကားကို နားမထောင်ခင် ရှိန်းနဲ့ကိုမျိုးဇင် တစ်ယောက်နဲ့တစ်ယောက် ထားရှိတဲ့ သဘောထားကို ရှိန်း ​ပြောပါရ​စေ။ မလေး သိသင့်သလောက် သိပြီးပါပြီ၊ ရှိန်းရဲ့အစ်ကိုက ကွန်မြူနစ်တောပြန်ပေါ့၊ ရှိန်းဟာ ငယ်ငယ်ကတည်းက အစ်ကိုတွေဆီက ကွန်မြူနစ်ဝါဒ အကြောင်းကို ကျောင်းစာလို လေ့လာခဲ့သူပါ၊ ဒါပေမဲ့ ရှိန်း ကွန်မြူနစ်လည်းမဟုတ်ဘူး၊ လက်နက်ကိုင်ရမှာကြောက်လို့ တောလည်း မခိုဘူး၊ စစ်တပ်ထဲလည်း မဝင်ဘူးဆို ပိုမှန်မယ်၊ သောင်းကျန်းသူတွေ စတော့ မျိုးဇင် တက္ကသိုလ်တပ်ရင်းကို ဝင်တယ်၊ ဘာပဲပြောပြော ရန်ကုန်ကာကွယ်တဲ့အထဲမှာ မျိုးဇင်လို တက္ကသိုလ်တပ်ရင်းက လူတွေပါခဲ့တယ်၊ ရှိန်း လမ်းတွေမပိတ်ခင် အညာပြန်ခါနီးတော့ မျိုးဇင်က မေးတယ်၊ ရှိန်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောပါ၊ မင်း မန္တလေး ရောက်ရင် တောခိုမှာလား တဲ့။ ရှိန်းရဲ့အစ်ကိုဟာ ကွန်မြူနစ်တစ်ယောက်၊ တောတွင်းနဲ့ အဆက်အသွယ်ရှိတယ်။ နောက်လည်း အစ်ကိုက တောခိုသွားတာပါပဲ။ ရှိန်းက ပြန်ပြောလိုက်တယ်၊ ရှိန်း တောမခိုပါဘူး၊ လက်နက်မကိုင်ရဲတာ အမှန်၊ ဒါပေမဲ့ လက်နက်ကိုင်ရဲတောင် စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့၊ အာဏာ လက်ထဲရောက်ဖို့ လက်နက်ကိုင်ရမယ်ဆိုတဲ့ အယူအဆကို ရှိန်း မယုံကြည်ဘူးလို့၊ ပြီးတော့ မျိုးဇင် မင်းနဲ့ငါ သိပ်ချစ်တာ၊ မင်းက ကျောင်းထွက်ရင် တပ်မတော်ဝင်မှာ၊ ငါက တောခိုပါပြီတဲ့၊ တိုက်ပွဲ တစ်နေရာရာမှာ မင်းနဲ့ကိုယ် ရင်ဆိုင်တွေ့ရင် ငါ မင်းကို သတ်ရဲမှာမဟုတ်ဘူး၊ မင်းအပေါ် ငါချစ်တာ ကွန်မြူနစ်တွေသုံးတဲ့စကားလုံး Comrade အချစ်နဲ့ ချစ်တာ၊ ကွန်မြူနစ်စကားဆန်ပေမယ့် တခြားစကားလုံး မသုံးချင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် သေရေးရှင်ရေးအထိ သစ္စာရှိစွာနဲ့ အသက်ထက်ဆုံး ချစ်သွားရမယ့်လူတွေလို့၊ သူ့ကို ရှိန်းက ခွဲလာခါနီး ဒီလိုပဲ ပြောခဲ့တယ်။ အဲဒီတော့ ရှိန်းထားတဲ့ သဘောထား၊ ရှိန်းရဲ့အချစ်ကို မလေး ပထမ နားလည်စေချင်တယ်၊ တချို့က ရှိန်းတို့နှစ်ယောက် တပူးတွဲတွဲနေလို့ ယောက်ျားချင်း အချစ်တော်တွေလို့တောင် အထင်လွဲခံရတယ်၊ ဒါပေမဲ့ ရှိန်း ပြောရဲတယ်၊ ရှိန်း ခု လက်ထပ်ထားတဲ့ မိန်းမထက်တော့ မျိုးဇင်ကို ပိုချစ်တယ်၊ မလေး ဒါကိုတော့ သဘောပေါက်ပါတယ်နော်

"မလေး တက္ကသိုလ်မှာကတည်းက ရှိန်းနဲ့ ဇင့်ရဲ့ ဆက်ဆံရေးကို နားလည်ပါတယ်”

မလေးနုက ရှိန်းဆက်မည့် စကားကို မျှော်လင့်ရင်း စိတ်ဝင်စားစွာ ပြောလိုက်သည်။ ရှိန်းသည် ရီဝေသော မျက်လုံးများဖြင့် မလေးနုကိုကြည့်ရင်း သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။

“အခု မျိုးဇင် မရှိတော့ဘူး၊ ရှိန်းရဲ့ အချစ်ဆုံးသူငယ်ချင်း သေသည်အထိ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိစွာနဲ့ အနစ်နာခံလာတဲ့ သူငယ်ချင်း မျိုးဇင်၊ သူ မရှိတဲ့နောက် သူ့ချစ်သူ မလေးနုအပေါ်မှာ ရှိန်းဟာ ဇင့်ကိုချစ်တဲ့ Comrade ရဲဘော်အနေနဲ့ မလေးနုကို ဆက်လက်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်”

မလေးနုသည် မျက်လုံးလေး အနည်းငယ်ကျယ်သွားသည်။ ရုတ်တရက် တုံ့ပြန်စကားဆိုဖို့ ကြိုးစားနေစဉ် ရှိန်းက စကားဆက်သည်။

“မလေးနုဟာ ပညာတတ် ဘိလပ်ပြန် ဆရာဝန်တစ်ယောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေနိုင်တယ်ဆိုတာ ရှိန်း သိတယ်၊ အခု ရှိန်း တိုင်ပင်မယ့်အကြောင်းက မလေးနုအတွက်ချည်း သက်သက် မဟုတ်ပါဘူး၊ ရှိန်းဆန္ဒကို အကောင်အထည်ဖော်ရာ မလေးနုရဲ့ ကူညီမှုလိုတယ် "

မလေးနုသည် သူ့အရည်အချင်းကို အသိအမှတ်ပြုကြောင်း စကားဆိုလာလေတော့ သူ နည်းနည်းစိတ်သက်သာရာ ရသွားသည်။ သူသည် သူတပါးကို အားကိုးမှ လောကကြီးမှာ ရပ်တည်နိုင်မည့် မိန်းမတစ်ယောက်မှ မဟုတ်ဘဲ။

“ရှိန်းဆန္ဒကို ပြောပါလေ၊ ဇင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရှိန်းဆန္ဒကို ကူညီဖို့ မလေးမှာလည်း တာဝန် ရှိပါတယ်"

ရှိန်းသည် ခေတ္တစဉ်းစားနေပြီးမှ စကားဆက်သည်။ 

"မလေးဟာ မြန်မာပြည်နဲ့ အဆက်ပြတ်နေတယ် ဆိုရမယ်၊ အင်္ဂလန်က ပြန်လာတော့လည်း တောင်ပေါ်ဒေသတွေပဲ သွားနေတာကိုး၊ ရှိန်းလည်း အလုပ်လုပ်နေရတော့ မြန်မာပြည်မှာ ခြောက်လလောက်၊ နိုင်ငံခြားမှာ ခြောက်လလောက်နေဖြစ်တယ်။ များသောအားဖြင့် အမေရိကနဲ့ ဂျပန်မှာ နေတယ်။ ရှိန်းအလုပ်က မော်တော်ကား ကုမ္ပဏီ၊ မော်တော်ကား အရောင်းအဝယ်လုပ်ရုံတင် မဟုတ်ဘူး။ ခေတ်မီ ဝပ်ရှော့ (work shop) တစ်ခုလည်း ရန်ကုန်မှာ ထောင်ထားတယ်၊ ရှိန်း မော်တော်ဟောက်စ်နဲ့ ရှိန်းဝပ်ရှော့ပေါ့။ ခေတ်မီ ကရိန်းစက်တွေနဲ့လုပ်ရတော့ ရှိန်းဝပ်ရှော့က နာမည်ကြီး၊ ဝင်ငွေလည်း ကောင်းပါတယ်၊ ကားအရောင်းအဝယ်လည်း ကောင်းပါတယ်။ ပြီးတော့ ရန်ကုန်အနောက်ပိုင်းမှာ “ရှိန်းစူပါမားကက်ဆိုပြီး ထူထောင်ထားတယ်၊ ဝင်ငွေက ကောင်းပါတယ်”

အခုထိ ရှိန်းပြောသော စကားတွေထဲမှာ စူပါမားကက်ရော၊ ကားကုမ္ပဏီရော မလေးနုနှင့် ဘာမှမပတ်သက်သေးပါ။ ဆရာဝန်တစ်ယောက်အနေနှင့် ဘယ်လိုများ သက်ဆိုင်ပါလိမ့်။ မလေးနုက ရှိန်းစကားကို ပိုမိုစိတ်ဝင်စားလာသည်။

“ရှိန်းရဲ့ ဝပ်ရှော့မှာ အလုပ်လုပ်တဲ့ သူငယ်လေး ကိုထွေး ဆိုတာ ကားကို ကရိန်းနဲ့တင်ရင်း ရုတ်တရက် ကရိန်းလည်ပြီး သူ့ခေါင်းနဲ့ရိုက်မိပြီး ဒဏ်ရာရသွားတယ်၊ ခေါင်းမှာဆိုတော့ စိုးရိမ်ရတာနဲ့ ရှိန်းကိုယ်တိုင် ဆေးရုံကြီးတင်ရတယ်၊ ဆေးရုံပေါ်မှာ လိုအပ်တဲ့ဆေးနဲ့ သွေးသွင်းဖို့ ပိုက်တို့၊ အသားနဲ့ကပ်တဲ့ ပလာစတာကအစ လူနာရှင်က ဝယ်ပေးရတယ်။ အားလုံး ဆေးကုသဖို့ ရှိန်း တာဝန်ယူပါတယ်။ ဒါ ရှိန်းတို့ကုမ္ပဏီရဲ့ ချမှတ်တဲ့မူပဲ။ ရှိန်းက ငါးသိန်း မ တည် တယ်၊ အလုပ်သမားတွေက သူတို့လခရဲ့ တစ်ဆယ်ရာခိုင်နှုန်း ထည့်ဝင်ပြီး ဘဏ်မှာအပ်ထားတယ်။ ထိခိုက်ဒဏ်ရာ၊ အနာတရရော နာမကျန်းကိစ္စတွေပါ ရန်ပုံငွေသဘောပေါ့။ စုစုပေါင်း အလုပ်သမားက ကားကုမ္ပဏီပါဆို ငါးဆယ်လောက်ရှိတာပဲ၊ နှစ်စဉ် အလုပ်သမားတွေကို ဆုပေးကြတဲ့အခါမှာလည်း ရန်ပုံငွေအချိုးကျ ထည့်ဝင်ရသေးတယ်။ ဒါက သူတို့ထွက်ချင်ရင်ဖြစ်ဖြစ်၊ အနားယူရင်ဖြစ်ဖြစ် ရင်းနှီးစားသောက်ဖို့ ပေးနိုင်အောင်ပါ။ ခုန သူငယ်လေးကိစ္စမှာ ရှိန်း ရန်ကုန်ဆေးရုံကြီး နေ့တိုင်းရောက်တော့ အဆောင်တိုင်းလိုလို အပြင်အဝင်ဝမှာ စာရေးထားတယ်၊-ကျေးဇူးပြု၍ အောက်ပါပစ္စည်းများကို လှူဒါန်းနိုင်ပါသည်တဲ့။ တစ်ခါသုံးဆေးထိုးအပ်၊ အသက်ကယ်ဆေး၊ အကြောဆေးများ၊ Drip-sct များ၊ ပတ်တီး စသည်ဖြင့်ပေါ့လေ။ အဲဒါတွေ အလှူခံထားတယ်၊ ရှိန်းလည်း ထိခိုက် ဒဏ်ရာရအခန်းမှာ လှူခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ရှိန်းတို့လို ငွေကြေးတတ်နိုင်တဲ့သူတွေ သူဌေးတွေ နေထိုင်မကောင်းဖြစ်ရင် သျှင်ပါကူ၊ ပါရဂူ၊ ကန်တော်ကြီးဆေးရုံ စတဲ့ ဆေးခန်းတွေမှာ ဆေးကုသနိုင်တယ်၊ အနည်းဆုံးက သိန်းဂဏန်းပဲ၊ ရှိန်းရဲ့ အလုပ်သမားလေးအပါအဝင် ဆင်းရဲသားတွေ တကယ်ရောဂါဖြစ်လာရင် မလွယ်ဘူး၊ ငွေကို ရေလိုမသုံးနိုင် တော့ ရန်ကုန်ဆေးရုံကြီးကို အားကိုးရတယ်။ ဒါ မလေး သိပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း ပစ္စည်းဆေးဝါး မလုံလောက်ဘူး"

“ဟုတ်ကဲ့ သိပါတယ်" 

"ရှိန်းတို့လို ကုမ္ပဏီပိုင်ရှင်တွေကိုလည်း တိုက်တွန်းပါ။ ဆေးရုံကြီးကို ဆေးနဲ့ ဆေးပစ္စည်းတွေ လှူဖို့။ ဒါပေမဲ့ ရှိန်း စိတ်ကူးတစ်ခုရတယ်၊ ရှိန်းကို မေမေတို့ မန္တလေးမှာ အမွေခွဲစဉ်က ရှိန်းက မယူသေးဘဲ နောက်မှယူမယ် ပြောတယ်၊ အားလုံးအမွေခွဲပြီးပြီ၊ ဖေဖေ သေခါနီးမှ ရှိန်းကိုယူဖို့ပြောတော့ ဗိုလ်တထောင်မှာ ငါးထပ်တိုက်တစ်လုံးဝယ်ပေးဖို့ ပြောလိုက်တယ်၊ ဝယ်ပေးခဲ့တယ်၊ မေမေကတော့ မမနဲ့အတူ မန္တလေးမှာပဲ နေကြတယ်၊ ဒီတိုက်ကို ရှိန်း ဆေးခန်း၊ ဆေးတိုက်ဆိုပါတော့၊ ဖွင့်ချင်တယ်၊ မလေး အဲဒီမှာ ကူရလိမ့်မယ်”

မလေးနုက စကားမဆိုသေး။ ဆက်ပြောဖို့ ခေါင်းညိတ်ပြသည်။ ရှိန်း ဖျော်ရည်ဖန်ခွက်ကို လက်စသတ်ရင်း ဆက်ပြောသည်။

"ရှိန်းရဲ့ ဆေးတိုက်မှာ အပေါ်နှစ်ထပ်က ချမ်းသာတဲ့လူတွေအတွက် ငွေကို တခြားဆေးခန်းတွေလို ယူမယ်၊ အကျလည်း ထားမယ်။ ပထမတန်းစားမှာ အိပ်ခန်းအပိုတစ်ခု ထားပေးမယ်။ ထမင်းဟင်းလည်း စားမယ်ဆို ဆေးတိုက်က တာဝန်ယူကျွေးမယ်။ အရင် ရန်ကုန်ဆေးရုံကြီး Private ခန်းလိုပေါ့၊ သူတို့ဘာသာသူတို့ စားရင်လည်း ပြီးရော။ ဒုတိယတန်းစားအခန်းကတော့ သီးသန့်အပို အခန်း မပါတော့ဘူး။ လူနာရယ်၊ လူနာစောင့်တစ်ယောက်ရယ် နေဖို့ ခုတင်နှစ်လုံးပေးမယ်။ အကုန်လုံး ရေချိုးခန်း၊ အိမ်သာတွဲလျက်ပေါ့၊ အောက်ထပ်တစ်ခန်းမှာ အခမဲ့ ဆင်းရဲသား လူနာတွေအတွက် ရောဂါအလိုက် အခန်းခွဲခြားထားတာလွဲလို့ အခန်းမကြီး တစ်ခုတစ်ခုထဲမှာ ခုတင်တွေ တန်းစီထားမယ်။ အိမ်သာ၊ ရေချိုခန်းတွေ သီးသန့်ထားပေးမယ်။ အဲဒီမှာလည်း အစားအစာ၊ ဆေးဝါးကအစ ရှိန်း ဆေးတိုက်က အကုန်အကျခံမယ်၊ လူနာလေးဆယ်တော့ ဆံ့မယ်လေ။ အဲဒီဆေးတိုက်မှာ အုပ်ချုပ်ရေးမှူးအဖြစ် မလေး တာဝန်ယူစေချင်တယ်။ မလေးရဲ့ ဘာသာရပ်ဖြစ်တဲ့ အိုဂျီအထူးကုဖို့ သားဖွားမီးယပ်ဌာနမှာ ဆရာဝန်တစ်ယောက်အနေနဲ့လည်း တာဝန်ယူပါ၊ ဒီအတွက် လခ သီးသန့်ပေးမယ်၊ တခြား ချမ်းသာတဲ့ ငွေကြေးခန်းကို တတ်နိုင်တဲ့ လူနာတွေဆီက ကုသခ၊ ခွဲစိတ်ခတွေကိုယူပြီး ဆရာဝန်တွေကို ရောဂါအလိုက် ခွဲပေးဦးမယ်။ ရှိန်းလုပ်မှာက ချမ်းသာတဲ့လူတွေဆီက ငွေယူမယ်၊ ဆင်းရဲတဲ့လူတွေကို အလကားကုမယ်၊ လိုအပ်တာ ရှိန်း ကိုယ်ပိုင်ငွေက စိုက်မယ်၊ ရှိန်းရဲ့ကုမ္ဗဏီတွေက အမြတ်မနည်းပါဘူး၊ ဒီကိစ္စ မလေး သဘောတူလား"

မလေးနုသည် ခပ်တွေတွေလေး စဉ်းစားနေသည်။ ရှိန်းရည်ရွယ်ချက်ကတော့ ကောင်းပါသည်။ အကောင်အထည်ဖော်ဖို့ကတော့ တော်တော်မလွယ်သောကိစ္စ၊ ပြီးတော့လည်း သူ့ဘက်က စဉ်းစားဖို့ အချိန်ယူချင်သေးသည်။ 

"ရှိန်းရည်ရွယ်ချက်နဲ့ လုပ်ငန်းကို မလေး မူအားဖြင့်တော့ သဘောတူပါတယ်၊ ဒါပေမဲ့ မလေး စဉ်းစားဖို့တော့ အချိန်ပေးစေချင်ပါတယ်”

“ရပါတယ်၊ မလေး စဉ်းစားပါ၊ အသေးစိတ်အချက်အလက်တွေလည်း နောင်တော့ စဉ်းစားရမှာပေါ့။ မလေးမှာက ဆရာဝန်မိတ်ဆွေ သူငယ်ချင်းတွေရှိတော့ ရောဂါအလိုက် အထူးကုဆရာဝန်ကြီးတွေရော ဆရာဝန်ငယ်လေးတွေပါ စုစည်းဖို့ မလေးအနေနဲ့ လွယ်မယ်လေ။ ဒါ့ကြောင့် မလေးကို အကူအညီတောင်းတာ၊ ငွေရေးကြေးရေးကတော့ မပူနဲ့၊ ရှိန်း မတည်မယ်”

“ကျေးဇူးပါပဲ ရှိန်း၊ ဒီလကုန်လောက် မလေး အကြောင်းပြန်နိုင်မှာပါ။ တစ်ခုပဲ၊ ဒီဆေးတိုက်ကြီး ထူထောင်ဖြစ်ရင် ချမ်းသာတဲ့လူတွေက ဆင်းရဲချင်ယောင်ဆောင်မှာပဲ စိုးရတယ်"

"စိတ်ချ ... မလေး၊ ဒီကိစ္စတွေအတွက် ရှိန်း အသေးစိတ် စဉ်းစားပြီးသား၊ ကဲ... မလေး၊ ရှိန်း အချိန်ယူတာ များသွားပြီ၊ ပြန်ခွင့်ပြုဦး"

"ရှိန်းကို တွေ့ဖို့ မလေး ချိန်းပါ့မယ်” 

ရှိန်း နေရာမှထ၍ မလေးပါ ထလိုက်ကာ လိုက်ပို့လိုက်သည်။

အပိုင်း(၃)ဆက်ရန်
-------------------
#ခင်နှင်းယု

Post a Comment

0 Comments