#ဗညားရှိန်း
အပိုင်း(၁)
မုန်တိုင်းထန်သော ညမှာ လမင်းကို မမြင်ရပါ။ ချစ်သူတို့၏ညများတွင် သာတတ်သော လမင်းသည် နောက်အိမ်တော် ဆောင်ရိပ်မှာ အိပ်၍များနေလေသလား။ ငှက်သံများက တိတ်ဆိတ်၍ ပန်းပွင့်လေးများလည်း ဝတ်လွှာကိုပိတ်ကာ ခိုက်ခိုက်တုန်နေကြသည်။
မုတ်သုံလေ ဝှေ့လိုက်တိုင်း မိုးသီးမိုးပေါက်များ သွန်ချသံ၊ သစ်ကိုင်းသစ်ရွက်များ တိုးဝှေ့လွင့်စဉ် ကျိုးကျသံများနှင့်အတူ ကလောညသည် အုန်းအုန်းညံ၍နေသည်။
မုန်တိုင်းသည် တစ်နာရီ ဘယ်နှမိုင်နှုန်းနှင့် တိုက်ခတ်နေသည် မသိပေမယ့် တစ်ချိန်ချိန်မှာတော့ စဲသွားပေမည်။ မလေးနု ရင်ထဲမှာလည်း မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။ တိုက်ခတ်နှုန်းကိုလည်း မသိ။ ဘယ်သောအခါ စဲမည်ဟုလည်း မပြောနိုင်ပါ။ မုန်တိုင်းထန်သောညကို မှန်ပြတင်းအထဲမှ မလေးနု မြင်နေရသည်။ သည်းထန်သော မိုးစက်များ သူ့ကို တစ်စက်မျှ မစဥ်ပါ။ လုံခြုံသော အိမ်ခန်းအတွင်းမှာ မီးလင်းဖိုဘေးတွင် အနွေးဓာတ်ကို ခိုလှုံ၍ မုန်တိုင်းညကို ရင်ဆိုင်ကြည့်နေနိုင်သည်မှာ သူ့ကြောင့်ဆိုသည်ကိုတော့ မလေးနု အလေးအနက် သတိပြုမိပါသည်။ မီးလင်းဖိုက မီးညွန့်က တလွန့်လွန့် လှုပ်ရှားနေသည်။
တစ်ချိန်သော မိုးဦးညက မီးရောင်ဟပ်နေသော သူ့မျက်နှာကို မလေးနု ငေးမောကြည့်နေမိသည်။ ယခုလို မလေးနုတစ်ယောက်တည်း အေးချမ်းစွာ ထိုင်နေနိုင်အောင် လုံခြုံမှု အာမခံချက်ပေးသော သူ့ကို မလေးနု ဘယ်တော့မှ မေ့မရပါ။
"မလေး၏ ဘဝအာမခံချက်ကို တစ်သက်လုံး တာဝန်ယူပါရစေ"တဲ့။
ဤစကားသံများသည် မလေးနုရင်မှာ လှိုင်းခတ်နေဆဲ။
* * *
ဒေါက်တာမလေးနု
၂၁၊ အင်းလျားလမ်း၊ ရန်ကုန်။
သူ့အမည်နှင့် လိပ်စာတပ်ထားသော စာအိတ်နှစ်အိတ်ကို ဒေါ်လေးသန်းက သူ့ကို လာပေးသည်။ သူ ကလောကို ခွင့်နှင့်သွားနေစဉ် ဤစာများ ရောက်နေဟန်ရှိသည်။ ပထမစာအိတ်တစ်အိတ်ကို သူ ယူကြည့်လိုက်သည်။ စာအိတ်ထောင့်မှာ “သက်မာ”ဟု ရေးထိုးထား၍ တင်သက်မာထံမှ စာမှန်း သိရသည်။ တင်သက်မာက သူ့ထံ စာများ ရေးနေကျ။ ဒုတိယစာအိတ်မှာတော့ လိပ်စာမှတစ်ပါး ဘာမှရေးမထား၍ ဘယ်သူ့ဆီကမှန်း သူ မသိပါ။
ခရီးပန်းလာ၍ အိပ်ချင်ပေမယ့် တင်သက်မာထံမှ စာအိတ်ကို ဖောက်ဖတ်လိုက်သည်။
မလေး/
သက်မာ ရန်ကုန်ပြောင်းရပြီ။ ရန်ကုန်ဆေးရုံကြီးကိုပဲ။ ရန်ကုန်ရောက်တော့ တိုင်ပင်စရာ အရေးကြီးလို့ မင်းဆီဖုန်းဆက်တော့ ကလောသွားနေတယ်လို့ ဒေါ်လေးက ပြောတယ်။ မလေးကို မာ လာတွေ့ပါရစေ။ ဖုန်းနံပါတ် ပေးထားခဲ့တယ်။ ညပိုင်း ဆက်ရင် ပိုပြီးအဆင်ပြေတယ်။
ကျန်းမာပါစေ။
/သက်မာ
တင်သက်မာတစ်ယောက် ဘာအရေးကြီးသည်မသိ။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ခဲ့ရတာ ကြာပြီ။ သူ့ခင်ပွန်း ဒေါက်တာသန်းဦး မန္တလေးမှာ ဆုံးတော့လည်း မလေးနု မသွားနိုင်ခဲ့။ စာနှင့် တယ်လီဖုန်းနှင့်ပဲ တင်သက်မာကို အားပေးခဲ့ရသည်။ တင်သက်မာသည် ကလေးနှစ်ယောက်နှင့် အသက်သုံးဆယ်ကျော်လေးမှာ မုဆိုးမဖြစ် ကျန်ရစ်ခဲ့ရသည်။ သူတို့နှစ်ယောက်က ဆေးကောလိပ်မရောက်ခင် တက္ကသိုလ်မှာကတည်းက တွဲဖက်ဖြစ်သည်။ အထူးကုဆေးလိုင်းရွေးကြတော့ တင်သက်မာက မေ့ဆေးဘက်လိုက်၍ မလေးက အိုဂျီ ခေါ် သားဖွားမီးယပ်ပါရဂူဘွဲ့ကို ယူခဲ့သည်။
မလေးနု အင်္ဂလန်မှ သားဖွားမီးယပ် ပါရဂူဘွဲ့ယူပြီး အပြန်မှာ တင်သက်မာနှင့် ကိုသန်းဦးတို့ လန်ဒန်မှာ လက်ထပ်ကျန်ရစ်ကြသည်။ ဒေါက်တာသန်းဦး ခွဲစိတ်ပါရဂူဘွဲ့ရပြီးမှ မြန်မာပြည် ပြန်လာကြသည်။
ဘာလိုလိုနှင့် ကိုသန်းဦး ကွယ်လွန်ခဲ့သည်မှာ ငါးနှစ်ထဲသို့ ရောက်ခဲ့ပါပြီကော။ တင်သက်မာနှင့် သူ တွေ့လိုပါသည်။ ငယ်သူငယ်ချင်းနှစ်ယောက် မဆုံစည်းရတာ ကြာခဲ့ပြီ။ ဘဝဆိုတာ ဒီလိုပဲပေါ့လေ။ တင်သက်မာနှင့် ကိုသန်းဦးတို့ဘဝကို လက်တွဲဖြတ်သန်းချိန်တွင် သူ၏တစ်ကိုယ်တော်တိုက်ပွဲကိုလည်း သူတို့သိမည်မဟုတ်။
ဒုတိယစာအိတ်ကို ဖောက်ဖတ်လိုက်ပြန်သည်။ သူ အံ့အားသင့်သွားသည်။ ဒီလက်ရေးကို မမှတ်မိပါ။ စာကိုဖတ်ကြည့်တော့မှ တရေးရေး သတိရလာသည်။
မလေးနု/
အင်္ဂလန်က ပြန်လာတာတော့ သိတယ်။ ကိုမျိုးဇင် တိုက်ပွဲမှာကျတာလည်း သိပေမယ့် ရှိန်း မလာနိုင်ဘူး။ အမေရိက ရောက်နေလို့။ မလေးနုဆီ ဝမ်းနည်းကြောင်းစာပဲ ပို့နိုင်ခဲ့တယ်။ ရှိန်း မလေးနုသတင်းကို စုံစမ်းလျက်ပဲ။ ခုမှ ရန်ကုန်မှာ ရှိနေတယ်။ ဦးလေး၊ အဒေါ်တွေနဲ့ နေတယ် သိပြီး လိပ်စာရလို့ ဒီစာရေးလိုက်တယ်။ ရှိန်း မလေးနုနဲ့ တွေ့ချင်တယ်။ ဖုန်းနံပါတ် စာထဲ ထည့်ရေးလိုက်တယ်။ တွေ့နိုင်မယ့်ရက်နဲ့ နေရာကို ချိန်းပါ။ တွေ့မှ အကြောင်းစုံတွေ ပြောကြတာပေါ့။ တက္ကသိုလ်နေ့ရက်တွေနဲ့ ကိုမျိုးဇင်ကို သတိရလျက်ပဲ။
ရွှင်လန်းပါစေ။
/ဗညားရှိန်း
မလေးနုသည် စာဖတ်ပြီး အံ့အားသင့်သွားသည်။ သက်မာ စာကတော့ ဖတ်ပြီး ငယ်သူငယ်ချင်းချင်း တွေ့ရမှာမို့ ပျော်သွားသည်။ ရှိန်း၏စာကို ဖတ်ပြီးတော့ သူ့ရင်ထဲမှာ အံ့သြခြင်း၊ ဝမ်းနည်းခြင်းတွေ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ စာနှစ်စောင်စလုံးကို သိမ်း၍ သက်မာကို ပထမပတ် တနင်္ဂနွေချိန်းလိုက်၍ ရှိန်းကို ဒုတိယ တနင်္ဂနွေနေ့ကို ချိန်းလိုက်သည်။ နေရာကတော့ သူ့အိမ်မှာပဲ ချိန်းလိုက်သည်။
ဦးလေးထွန်းဝင်းက ပထမအတွင်းဝန်အဖြစ် နိုင်ငံခြား သံရုံးများမှာ လုပ်ရင်းက သံမှူးဖြစ်တော့ အနားယူခဲ့သည်။ သူက ဦးလေး၏ဇနီး ဒေါ်လေးဒေါ်ခင်အေးသန်းဘက်က တော်ရသော တူမ ဖြစ်သည်။ ရန်ကုန် သူပြန်ရောက်တော့ သူတစ်ယောက်တည်းကျန်ချိန် ဒေါ်လေးသန်းတို့နှင့် ခေတ္တအတူနေရပေမယ့် သီးသန့်နေဖို့ သူ အစီအစဉ်ရှိသည်။ ဒေါ်လေးသန်းတို့မှာ ယင်းမာဝင်းဆိုသော သမီးလေး ရှိ၍ သူ့မှာ အဖော်ရှိသည် ဆိုရမည်။ အိမ်မှာ သူ့ဧည့်သည်များကို တွေ့ဆုံခြင်းအတွက် ဒေါ်လေးသန်းတို့က မကန့်ကွက်ပါ။ လွတ်လပ်စွာ သီးခြားဧည့်ခန်းလေးမှာ တွေ့ဆုံခွင့်ရှိသည်။
ထို့ကြောင့် ယခုခေတ် ပေါများလာသော ရန်ကုန်မြို့ ပြင်မှာ စားသောက်ဆိုင် အငယ်စားလေးများနှင့် ဟိုတယ်များ ရှိလာပေမယ့် သူ့အိမ်မှာပဲ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။
* * *
တင်သက်မာကို တွေ့ရပြီ။ တင်သက်မာသည် စိုပြည်လှပနေဆဲ။ သူ့မျက်လုံးများသည် ချစ်သူနှင့် ကွေကွင်းရခြင်း ဆင်းရဲ ခံစားနေရပေမယ့် ကြည်လင် ဝင်းပနေဆဲဟု ထင်သည်။
ပိန်ပိန်သွယ်သွယ် အချိုးကျသောကိုယ်မှာ ပိုးပျော့ဝမ်းဆက် အစိမ်းရင့်ကို ဝတ်ထား၍ သွယ်သွယ်လျလျ ဖြစ်နေသည်။ ဖြူသော အသားကလည်း အဝတ်က အစိမ်းရင့်ဆိုတော့ ပိုမိုဝင်းပနေပုံရသည်။
သူငယ်ချင်းနှစ်ယောက် ခေါင်းရင်းဘက် ခြံပြင်မှာ သီးသန့်ထုတ်ထားသော ဧည့်ခန်းငယ်တစ်ခုမှာ တွေ့ကြသည်။ ဧည့်ခန်းသည် လင်း၍ ပန်းရနံ့များ ဝင်လာနိုင်အောင် ကျယ်ပြန့်သော ပြတင်းရှည်ကြီးတွေရှိသည်။ ပြတင်းပေါင်ပေါ်မှာ အစိမ်းရင့်ပန်းခက်များ သွယ်ထားသော ခန်းဆီးကြီးများက တောတောင်ရိပ်ကို ပေးနေသလိုပင်။ နှစ်ယောက် ဖက်၍ ဆိုဖာပေါ်ထိုင်ရင်း ရုတ်တရက် စကားမပြောနိုင်၊ ခွဲခွာနေခဲ့ရသောရက်တွေ ကြာမြင့်သလို ခွဲခွာနေသော အချိန်တွေမှာ နှစ်ယောက်စလုံး၏ဘဝကလည်း အပြောင်းအလဲတွေနှင့်။ တင်သက်မာသည် မလေးနုလက်ကို ဆုပ်ကိုင်ရင်း မျက် ရည်တွေဝိုင်းလာသည်။ မလေးနုကလည်း ငိုချင်သည်။
"ကလေးတွေရော နေကောင်းရဲ့လား"
မလေးနုက စကားစသည်။
“နေကောင်းပါတယ်၊ သက်မာလည်း ကလေးတွေကြည့်ရအောင် အဒေါ်တစ်ယောက် ခေါ်ထားရတာပေါ့၊ မလေးနု ကလော သွားတယ်ဆို”
“ဟုတ်တယ်၊ ဖေဖေတို့ မေမေတို့အိမ် ပြန်ကြည့်ရသေးတယ်၊ အိမ်စောင့်ဦးသာဘော်တို့လင်မယားနဲ့ ထားခဲ့ရတာ၊ မလေးကလည်း ကလောပြန်ချင်ပါတယ်၊ အလုပ်က ရန်ကုန်ပြောင်းရတာ၊ တစ်နေ့နေ့တော့ ကလောအိမ်ကို ပြန်ရမှာပေါ့လေ။ ဖေဖေ့ရဲ့ မြတ်နိုးတဲ့ ဒီအိမ်ကို ပြန်ရအောင်လုပ်ပြီး မလေး ဆက်ထိန်းသိမ်းရမှာ"
တင်သက်မာသည် သက်ပြင်းလေး ရှိုက်လိုက်၏။ ပညာကိုယ်စီရှိကြ၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်၍သာ တော်တော့သည်။ သူ့အဖို့ ဘဝခြေလှမ်းအစပဲ ရှိသေးသည့်အချိန်မှာ ကလေး နှစ်ယောက်ရပြီး ကိုသန်းဦး ကွယ်လွန်ခဲ့သည်။
"ကဲ ပြောလေ၊ မလေးကို တိုင်ပင်ချင်တယ်ဆိုတာ”
မလေးနုက စကားစလိုက်ရသည်။
"သက်မာလည်း တွေးမိတယ်လေ၊ မင်းဘဝ ကိုယ့်ဘဝ တစ်ယောက်နဲ့တစ်ယောက် အသိကြဆုံး၊ အရင်းနှီးဆုံးမို့ သက်မာ မလေးနုဆီ လာခဲ့တာ”
"ပြောပါလေ…. မလေးမှာလည်း တစ်ယောက်တည်းပါ၊ မလေးနု ဒီမှာ ကြာကြာနေဖို့ စိတ်မကူးပါဘူး၊ တစ်ခုခုတော့ လုပ်ရမယ်"
“အဆင်မပြေလို့လား"
“မဟုတ်ပါဘူး၊ မလေးက တွေးပူတတ်တယ်၊ ကဲပါ မလေးကိစ္စက အရေးပေါ်မဟုတ်ဘူး၊ သက်မာကိစ္စ ပြော"
သက်မာသည် ခေတ္တမျှ ငြိမ်သက်သွားသည်။ စကားပြောရန် အားယူနေပုံရသည်။ ပြီးမှ သက်ပြင်းကို လေးတွဲ့စွာ ချလိုက်သည်။
“သက်မာ လက်ထပ်မလားလို့"
မလေးနုသည် သက်မာ ပခုံးလေးကို ဖျစ်ညှစ်လိုက်၏။ သူ့ရင်ထဲမှာတော့ တုန်လှုပ်သလိုပါပဲ။
“ကိုသန်းဦး သူငယ်ချင်းပါပဲ၊ သူက ဆန်စက်ပိုင်ရှင်ပေါ့၊ မလေး သူ့ကို မသိပါဘူး၊ သက်မာ တစ်နေ့မှ မိတ်ဆက်ပေးမယ်၊ သက်မာ ရန်ကုန်ဆေးရုံကြီး ပြောင်းရတော့ ပိုအဆင်ပြေတယ်။ သူ့ဆန်စက်က ပဲခူးမှာ၊ နေတော့ ရန်ကုန်မှာ၊ သူက မုဆိုးဖို၊ သားသမီး မရှိတော့ လွတ်လပ်ပါတယ်"
မလေးနုက ဘာမှပြန်မဖြေနိုင်။ သူ့ကို ငယ်သူငယ်ချင်းမို့ ယုံကြည်၍ တိုင်ပင်လာသူကို သူ ဘာအကြံဉာဏ် ပေးရပါ့။
“မင်းကို ကြိုတင်မတိုင်ပင်တဲ့အတွက် သက်မာကို ခွင့်လွှတ်ပါ၊ မင်းနဲ့ကိုယ်နဲ့ကလည်း ဆုံစည်းဖို့မလွယ်ဘူးလေ”
သက်မာက တောင်းပန်နေသည်။
"ခွင့်လွှတ်ပါတယ် သက်မာ၊ တကယ်တော့ တို့ဘဝ တို့ ဆက်လျှောက်ကြရမှာ၊ တို့အခက်အခဲကို တို့ပဲသိတယ်၊ ဖြစ်လာ ကြုံလာတဲ့ ပြဿနာကိုလည်း ကိုယ့်ဘာသာ ဖြေရှင်းရမှာလေ၊ ပြင်ပလူတွေက ဝေဖန်ရုံသာ တတ်နိုင်တာ၊ တို့ဘဝအခက်အခဲကို ဘာမှ သိကြတာမဟုတ်ဘူး၊ အေး တစ်ခုပဲ၊ သက်မာ သူ့ကို လှိုက်လှိုက်လှဲလှဲ ချစ်ပါသလား၊ သူကရော ချစ်ပါသလား၊ ဒါ တစ်ခုတော့ တွေးရမယ်။ မင်း ကလေးတွေအတွက်ပဲဖြစ်စေ၊ မင်းအတွက်ပဲဖြစ်စေ ချစ်ဖို့ကတော့ လိုတယ်၊ မ,ခင်မှ ဥခင်တယ်ဆိုတဲ့စကား ရှိတယ်မို့လား"
သက်မာက ခေါင်းလေးတညိတ်ညိတ် လုပ်သည်။
”ဆိုပါတော့ မလေး၊ သက်မာကို သူကလည်း ချစ်ပါတယ်၊ သက်မာကလည်း ချစ်ပါတယ်၊ ကလေးတွေအပေါ်လည်း သူ သည်းခံနိုင်ပုံရတယ်၊ သူ့အိမ်ထောင် ဆုံးတော့ ကလေးမကျန်ရစ်ခဲ့ဘူး၊ သူက ကိုယ့်သားကို တော်တော်ချစ်တယ်၊ သမီးလေးအပေါ်မှာလည်း မဆိုးပါဘူး”
“ဒါပဲ အရေးကြီးပါတယ်လေ၊ မလေးမှာ ဘဝအကြောင်းကြောင့် လက်မထပ်လိုက်ရပေမယ့် မလေး အတွေးအခေါ်က အိမ်ထောင်ရေးမှာ ဘယ်အရွယ်ပဲဖြစ်ဖြစ် လက်ထပ်ရင် အချစ်ကတော့ ပါမှဖြစ်မယ်လို့ ယူဆတယ်၊ အချစ်တစ်ခုတည်းကို အဓိကထားရမယ်လို့တော့ မဆိုလိုပါဘူး”
မလေးနုက ဖြည်းညင်းစွာ ဆက်လက်ပြောပြသည်။
"ပြီးတော့ တို့က အသက် နှစ်ဆယ်မပြည့်ခင် ဆယ်ကျော်သက်တွေမှမဟုတ်ဘဲ၊ Emotion တစ်ခုတည်းနဲ့ လက်ထပ်လို့မဖြစ်သလို အားကိုးအားထားရဖို့ တစ်ခုတည်းနဲ့လည်း လက်ထပ်ရေးကို မစဉ်းစားသင့်ဘူး၊ သက်မာမှာ ကလေးနှစ်ယောက် ကြီးပြင်းအောင် မွေးရဦးမယ်၊ အသက်ကလည်း ငယ်ပါသေးတယ်၊ လက်ထပ်တာ ကောင်းပါတယ်။ လုံခြုံမှုလည်း ရှိတာပေါ့၊ ဒါပေမဲ့ ကိုသန်းဦးထံက အချစ်မျိုး ရလိမ့်မယ်လို့တော့ မမှတ်ထားတာ ကောင်းတယ်၊ အေးလေ ကံတရားကလည်း ရှိပါသေးတယ်၊ ကိုသန်းဦးထက် တော်ချင်တော်မှာ"
သက်မာကလည်း တွေးရင်း နားထောင်နေပုံရသည်။
"ငယ်ချစ်တွေလိုတော့ ဘယ်ဟုတ်မလဲ မလေးရယ်၊ ဒါကိုတော့ ကိုယ်က ကြိုတွက်ထားပါတယ်”
"အေးပေါ့လေ…၊ ဘာပဲဖြစ်ဖြစ် တို့နှစ်ယောက် ရန်ကုန်မှာ အတူတူနေရတော့ တိုင်ပင်စရာရှိ တိုင်ပင်ရတာပေါ့၊ မလေးတော့ အားတက်သွားတယ်”
မလေးနုသည် စကားပြောရင်းမှ တစ်စုံတစ်ခုကို သတိရသွားသလို စကားကြောင်းပြောင်းလိုက်သည်။
"မလေး ကလောကပြန်လာတော့ သက်မာ စာနဲ့အတူ စာတစ်စောင် ရောက်နေတယ်၊ ဘယ်သူ့ဆီကလဲ သိလား"
“ဟင့်အင်း”
"ရှိန်းဆီကလေ၊ ဗညားရှိန်း၊ သတိရသေးလား”
"သတိရတာပေါ့၊ ထူးထူးဆန်းဆန်းဟယ်၊ သက်မာနဲ့ အဆက်အသွယ်ပြတ်သွားတာ ကြာပြီးနောက်မှ မန္တလေး ဒေးဝန်းရပ်က သက်မာသူငယ်ချင်း အေးအေးနဲ့လက်ထပ်ပြီး ရန်ကုန်ပြောင်းသွားတယ် ကြားတယ်။၊ အေးအေးနဲ့တော့ သက်မာက ခင်တယ်။ မန္တလေးမှာ အေးအေးနဲ့ သက်မာက ဆယ်တန်းအထိ ကျောင်းနေဖက်၊ သူက ဆယ်တန်းအောင်တော့ တက္ကသိုလ်ဆက်မတက်ဘူး၊ ဒါနဲ့ ရှိန်းက ဘာကိစ္စ မလေးကို ဆက်သွယ်တာလဲ”
“မသိဘူးလေ၊ တိုင်ပင်စရာရှိလို့ မလေးကို လိုက်ရှာနေတာ၊ ခုမှ လိပ်စာသိလို့ စာရေးလိုက်တာတဲ့၊ တို့လည်း အင်္ဂလန်က ပြန်လာကတည်းက မြန်မာပြည်အနှံ့သွားပြီး အလုပ်လုပ်လိုက်ရတာ၊ ခုမှပဲ ရန်ကုန်ရောက်တော့တယ်”
"မလေး သူနဲ့တွေ့မယ်ပေါ့”
“အေးလေ.. ဘာကိစ္စဆိုတာ တွေ့မှသိရမှာပေါ့”
"ရှိန်း.. ရှိန်း... ခုလည်း ချောတုန်းပဲလား မသိ၊ မလေး မှတ်မိသေးလား၊ အင်းလျားဆောင်မှာ တို့များနေတုန်းက ကိုမျိုးဇင် မလေးဆီလာရင် သူ အမြဲပါတယ်။ သူ့ကို ကျောင်းသူတွေ ငမ်းတာလေ”
"မှတ်မိပါတယ်ကွာ၊ ခုတော့ သူ့ရုပ်ရည် ဘယ်လိုနေလဲ မသိ၊ သူတို့နှစ်ယောက် အတော်ချစ်တာနော်၊ မလေးက ဇင့်ကို မေးတယ်၊ ကိုယ့်ချစ်သူဆီလာတာ ဘာကြောင့် သူငယ်ချင်းကို ခေါ်လာခဲ့ရတာလဲဆိုတော့ ဇင့်ရဲ့ချစ်သူဟာ သူငယ်ချင်းနဲ့ အဆင်ပြေမှ ကောင်းတာပေါ့တဲ့၊ ဒါ့ကြောင့် ရင်းနှီးအောင် ခေါ်ခဲ့တာတဲ့၊ ဇင်က သည်းကို သည်းပါတယ်၊ တစ်ခါတလေ ခေါ်လာတယ်ဆို ဟုတ်သေး၊ မလေးဆီလာရင် ဒီ ရှိန်းက အမြဲပါလာတာ”
“ဘာလဲ... မင်းက နှစ်ယောက်တည်းပြောချင်တာ မပြောရလို့ ရှိန်းပါလာတာ မကြိုက်တာလား”
“မဟုတ်ပါဘူးဟာ၊ နှစ်ယောက်တည်းကို မတွေ့ရဲလို့ အဆောင်ဧည့်ခန်းမှာပဲ တွေ့တာပေါ့၊ နှစ်ယောက်တည်းတွေ့ရဲရင် အင်းလျားကန် အလယ်ကျွန်းရော မြို့ထဲရော တွေ့နိုင်တာပေါ့ ”
သူတို့သည် ငယ်တုန်းက တက္ကသိုလ်ရက်များကို ပြန်သတိရနေသလို ငြိမ်သက်နေကြသည်။
"မလေးကလည်း တော်တော် rigid ဖြစ်တာပဲနော်၊ ကိုမျိုးဇင်ကလည်း မလေး အလိုလိုက်ပါတယ်၊ တခြားရည်းစားတွေဆို မြို့ထဲတို့၊ ရုပ်ရှင်ရုံတို့ ချိန်းမှာ"
“အဲဒီလို နေခဲ့ကြလို့လည်း ခွဲခွာသွားရတဲ့ ခုအချိန်မှာ မလေး ဖြေနိုင်တာပေါ့၊ ရည်းစားအဆင့်ထက် ရင်းရင်းနှီးနှီးနေခဲ့မိရင် ပိုပြီးတွယ်တာ၊ ပိုတွယ်တာတော့ ပိုပြီး စိတ်ထိခိုက်ရမယ်၊ ဇင်တစ်ယောက် ဘယ်ဘဝရောက်နေမလဲ မသိဘူးနော်၊ တို့ လူဖြစ်ရတဲ့ဘဝကလည်း မငြိမ်းချမ်းလိုက်တာနော်”
မလေးနုက လွမ်းလွမ်းဆွေးဆွေး ပြောလာ၍ သက်မာက စကားကြောင်း ပြောင်းလိုက်သည်။
“သက်မာတို့ လက်ထပ်မယ့်ရက်မတိုင်ခင် မလေးကို လာခေါ်မယ်၊ တစ်နေရာရာမှာ ညစာစားရအောင်၊ ကိုယ့်အချစ်ဆုံး သူငယ်ချင်းနဲ့ ကိုယ်လက်ထပ်မယ့်သူကို မိတ်ဆက်ပေးရအောင်၊ သက်မာ ကလေးတွေကိုလည်း ခေါ်ခဲ့မယ်၊ ဒါနဲ့ မင်း ရှိန်းကိုတွေ့ ဖို့ ချိန်းပြီးပြီလား"
မလေးနုက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင် သူ့ဖုန်းနံပါတ် သက်မာကိုပေးပါ၊ သက်မာ ချိန်းရင် ရှိန်းတို့လင်မယားကိုလည်း ဖိတ်ချင်လို့၊ ရှိန်းနဲ့လည်း တစ်ခါတည်း မိတ်ဆက်ပေးရတာပေါ့"
“ကောင်းတာပေါ့"
"ကဲ.. ဒီလိုဆို သက်မာပြန်မယ်”
မလေးနုသည် သက်မာ ပခုံးကလေးကို ဖက်ကာ ကားရှိရာသို့ လိုက်ပို့သည်။ တရွေ့ရွေ့ လိမ့်ထွက်သွားသော ကားထဲမှ သူငယ်ချင်းကိုကြည့်ရင်း သူ လက်ဝှေ့ပြလိုက်သည်။ ။ သူကတော့ နေရာမှ ရွှေ့မရ။ သက်မာသည် ဘဝသစ်တစ်ခုကို စတော့မည်။ သတ္တိရှိသည် ဆိုရမည်ပေါ့။ သူကတော့ ရပ်မြဲနေရာမှ ခြေတစ်လှမ်း ရွှေ့၍မရသေးသလို သူ အခုထိ ရှေ့ခရီးအတွက် မပြင်ဆင်ရသေး။ သူ့ခြေထောက်သည် သက်မာလို သတ္တိမရှိလေသလား။ ခရီးသစ်ကို ခြေလှမ်းစဖို့ နှောင့်နှေးနေသည်။ ဒီလိုပဲ ကျောက်တိုင်ကြီးလို မြဲမြဲ ရပ်နေမည်ထင်ပါရဲ့။
တင်သက်မာ ပြန်သွားတော့မှ ရှိန်းကို မတွေ့ရသေးပေမယ့် ကိုမျိုးဇင်၊ ရှိန်းတို့နှင့် အတူနေခဲ့ရသော တက္ကသိုလ်၏နေ့ရက်များသည် သူ့ရင်မှာ အသစ်မွေးဖွားလာပြန်သည်။
အိပ်ခန်းထဲ တန်းဝင်ခဲ့၍ ငြိမ်သက်စွာ လှဲနေမိသည်။ ရှိန်း၊ ကိုမျိုးဇင်၏ အချစ်ဆုံးသူငယ်ချင်း ရှိန်း၊ ရှိန်း၏ အချစ်ဆုံးသူငယ်ချင်း ကိုမျိုးဇင်။
သူတို့နှစ်ယောက်က တက္ကသိုလ်ကို မလေးထက်စော၍ ရောက်ကြသည်။ မလေးနုနှင့်တွေ့တော့ ရှိန်းက ဘီအယ်လ်ဆက်တက်၍ ကိုမျိုးဇင်က အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်နေသည်။ မလေးနု တက္ကသိုလ်ရောက်တော့ သောင်းကျန်းမှုများ အေးစပြုပြီ။ မလေးနု၏ အဆောင်ကိုလာတိုင်း ကိုမျိုးဇင်နှင့်အတူ ရှိန်းက ပါလာမြဲ ဖြစ်သည်။ အဆောင်သူတွေကပင် မလေးနုကို နောက်သည်။
"မင်းရည်းစားက ကိုမျိုးဇင်လား၊ ရှိန်းလား၊ ဘယ့်နှယ် မင်းတို့နှစ်ယောက်ချိန်းတွေ့တိုင်း ဒီ ရှိန်းဆိုတဲ့သူက ပါလာရတယ်လို့"
ဟုတ်တော့လည်း ဟုတ်သည်။ သူ့ချစ်သူ ဇင်သည် သူ့ဆီ လာသောအခါမှာတောင် သူ့သူငယ်ချင်း ရှိန်းကို ခွဲမထားခဲ့။ အမြဲတမ်း ပါလာမြဲဖြစ်သည်။ ယခုတော့ ကိုမျိုးဇင် မရှိတော့ပြီ။ တစ်ယောက်တည်း လာမည့် ရှိန်းကို တွေ့ပါလျှင် သူ ဘယ်လို ရင်ဆိုင်ရပါမည်လဲ။
အပိုင်း(၂)ဆက်ရန်
----------------
#ခင်နှင်းယု
0 Comments