#ဗညားရှိန်း
အပိုင်း(၃)
ထိုညနေက ရှိန်း အိမ်ပြန်ရောက်တော့ မိုးချုပ်စပြုပြီ။ သူ့ကား ဆင်ဝင်အောက်ရောက်လျှင် ဦးပြူးက သံဆွဲတံခါး လာဖွင့်ပေးသည်။ သူသည် တန်းတန်းမတ်မတ် လှေကားရှိရာသို့ သွားသည်။ လှေကားထစ်များကို တက်နေစဉ် အောက်ထပ် ထမင်းစားခန်းမှ ဆူဆူညံညံ အသံတွေ ကြားနေရသည်။ သူက လှည့်မကြည့်။ လှေကားထစ်များကို ဆက်တက်၍ အိပ်ခန်းထဲ ဝင်သွားသည်။ ရေမိုးချိုး အဝတ်အစားလဲကာ ဆင်ဝင်ဘက်သို့ ထွက်လာသည်။ ဆင်ဝင်မှာ မီးဖွင့်ထားသည်။ ထိုင်နေကျ ကုလားထိုင်မှာ သက်သောင့်သက်သာ လှဲလိုက်သည်။ ဦးပြူးသည် ဝီစကီ၊ ဆော်ဒါပုလင်းနှင့် ရေခဲများ၊ အမြည်းများကို သူ့ရှေ့မှာလာချကာ အဆင်သင့် ရောစပ်ပေးသည်အထိ လုပ်ကာ အိမ်ထဲပြန်ဝင်သွားသည်။
ကောင်းကင်သည် ရီမှောင်စပြုလာပြီ။ မိုးကုပ်စက်ဝိုင်းမှာ ကြယ်လေးများ လင်းလက်စပြုလာပြီ။ ခပ်လှမ်းလှမ်းတစ်နေရာမှာ လခြမ်းပဲ့ကလေးသည် ကွေးကွေးကလေး အိပ်စက်နေသည်။
သူသည် အရက်ဖန်ခွက်ကို တစ်ငုံ ငုံလိုက်သည်။ လခြမ်းကွေးလေးလိုပဲ သူလည်း တစ်ကိုယ်တော်၊ အိမ်ထဲရှိ သားသမီး၊ ဇနီးအေးတို့နှင့် ခပ်လှမ်းလှမ်းပါပဲ။ သူ တစ်နေကုန် ကားကုမ္ပဏီ၊ ကားပြင်ရုံနှင့် စူပါးမားကက်ကို ပြေးလွှားကူးသန်းနေရသည်။ တစ်နေကုန်တော့ အပြင်းအထန် အလုပ်လုပ်ခဲ့ပေမယ့် ညနေနားချိန်ရောက်လျှင်တော့ သောက်တော်ရေဘူးနှင့် သူ အဖော်လုပ်ကာ ဒီဆင်ဝင်ခန်းမှာ အနားယူသည်။
သူ တစ်လအတွက် အိမ်သုံးစရိတ် တစ်သိန်းကို အေးအေး လက်ထဲ ထည့်လိုက်သည်။ သူ့တာဝန်ကျေပြီပဲပေါ့။ တစ်ခါတစ်ရံ ညဉ့်နက်မှ အိမ်ပြန်ရောက်သည်။ သူသည် အဆိုကျော် မြရည်ဦးဆီမှာ အချိန်ဖြုန်းတတ်သည်။ တစ်ခါတစ်ရံတော့လည်း အပျိုကြီး သန္တာလှိုင်ဆီ သွားတတ်သည်။ လွန်ခဲ့သည့် ငါးနှစ်ကတော့ အေးအေးက ဆူညံဆူညံလုပ်သည်။ ယခုတော့လည်း ဘာမှမပြောတော့။ သူတို့နှစ်ယောက် တစ်အိမ်တည်းနေပေမယ့် သီးသန့်တစ်ခန်းစီ အိပ်ကြသည်။ မေးထူး ခေါ်ပြောပဲပေါ့။ စကားရှည်ရှည်ပြောလျှင် ရန်စကားတွေ ပါလာကြမည်။ အဆောင်တော်ကူးဖို့ကိုတော့ သူ မစဉ်းစား။
ယနေ့တော့ သူ အိမ်အပြန် စိတ်ချမ်းသာလာသည်။ မြရည်ဦးဆီ သွားမည်လုပ်ပြီးမှ အိမ်ကို တန်းပြန်ခဲ့သည်။ မလေးနှင့် စကားပြောခဲ့သော ညနေခင်းကို ကြည်နူးစွာ ပြန်လည်တသနေမိသည်။ သာယာချမ်းမြေ့ဖွယ်ကောင်းသော ညနေခင်းလေး။ သူချစ်သော သူငယ်ချင်းမျိုးဇင်နှင့် ပြန်လည်တွေ့ခဲ့ရသလိုပင်၊ သူငယ်ချင်း၏ ကြည်လင်အေးမြသောမျက်နှာ မလေးမှာ ထင်ဟပ်နေတော့သည်။
ကျောင်းတုန်းက မြင်ခဲ့ရသော မလေး၏မျက်လုံးများသည် မျက်ခုံးမွေးထူထူနက်နက်အောက်မှာ ရည်လဲ့ရွှန်းပနေသည်။ ယခုတော့လည်း ဆွေးရိပ်သန်းနေပြီထင်ပါရဲ့။ ရီဝေညို့မှိုင်းနေသလိုပင်။ တက္ကသိုလ်မှာ တနင်္ဂနွေ၏ ညနေခင်းများတိုင်း သူ မျိုးဇင်နှင့်အတူ မလေးအပါးမှာ ရှိနေခဲ့သည်။ မလေးနှင့် မျိုးဇင်တို့နှစ်ယောက် စကားပြောသည်က နည်းသည်။ သူကသာ နိုင်ငံရေးအယူအဆတွေရော၊ အဆောင်သူအကြောင်းရော ရွှန်းရွှန်းဝေ ပြောလျှင် သူတို့နှစ်ယောက်က ရယ်မောနေတတ်သည်။
အမှန်တော့လည်း မျိုးဇင်က စကားပြောနည်းသလောက် စာရေးရင်တော့ မလေးဆီ စာအရှည်ကြီး ရေးတတ်သည်။ တစ်ပတ် တစ်ခါ တွေ့ရပေမယ့်လည်း တွေ့ပြီးတိုင်း မျိုးဇင်သည် မလေးဆီ စာရေးတတ်သည်။ မျိုးဇင် စာရေးသည်ကို မြင်တိုင်း...
“မင်းတို့နှစ်ယောက် ရည်းစားထားတာကလည်း ပျင်းစရာကြီး"
သူက ပြောလျှင် မျိုးဇင်က ပြုံးနေသည်။ သူကတော့ မျိုးဇင်နှင့်လိုက်ရသော တနင်္ဂနွေနေ့မှတစ်ပါး သူ့အဆက် အဆောင်သူတစ်ယောက်ယောက်နှင့် အလှည့်ကျချိန်း၍ မြို့ထဲသွားတတ်သည်။ သူ့မိဘတွေက ချမ်းသာသည်။ ထိုစဉ်က ငွေတန်ဖိုးနှင့် တစ်လသုံးရာ ပို့သည်မှာ မနည်းပါ။ သို့သော် သူ့မှာ အဆက်တွေကို ကျွေးရမွေးရ၊ လက်ဆောင်ပေးရနှင့် လောက်သည်မရှိ။ လကုန်ခါနီးလျှင် မျိုးဇင် မိဘများက ရန်ကုန်မှာ ရှိသည်။ မျိုးဇင်က အမြဲလိုလို သူလို သလောက် ပေးသည်။
သူ့မှာ ဘာမှပူပင်စရာမရှိ။ မျိုးဇင်နှင့် ကျောင်းမှာ မခွဲလို၍ ဘီအေအောင်ပြီး ဘီအယ်လ်ဆက်တက်ခြင်း ဖြစ်သည်။ ဝတ်လုံလုပ်ရန် ရည်ရွယ်ချက်မရှိ။ ထိုစဉ်က ဦးတည်ချက်မရှိသလိုပါပဲ။ မျိုးဇင် ဆန္ဒအတိုင်း စာကြိုးစားရမည်ဆို၍သာ သူ မျိုးဇင်နှင့်အတူ စာကျက်၊ သင်တန်းမှန်မှန်တက်သည်။ အောင်မှတ်ကောင်းကောင်းနှင့် အောင်ပေမယ့် တက္ကသိုလ်နယ်မြေမှာ ကျူတာတို့၊ ပါမောက္ခတို့ လုပ်ရန်လည်း သူ့မှာ ရည်ရွယ်ချက်မရှိ။
ဖေဖေက မန္တလေးက ဆီစက်ကို သူ့သမီးအပျိုကြီးကို ဦးစီးစေသည်။ မုံရွာမှ စောင်စက်ကိုတော့ သားအကြီးဆုံးကို ဦးစီးစေသည်။ သူ့ကိုတော့ "မင်းကျောင်းက ထွက်ရင်တော့ ဖေဖေ့စောင်စက်ကို ဦးစီးစေချင်တယ်”ဟု ပြောဖူးသည်။
ဖေဖေပြောစဉ်က သူ ဆယ်တန်းပဲရှိသေးသည်။ စီးပွားရေးကိုလည်း သူ စိတ်မဝင်စား။ ဆူပူသောင်းကျန်းမှုတွေ မဖြစ်ခင်အချိန်က သူ့အစ်ကိုအကြီးဆုံး ကိုဇေယျကို မုံရွာရှိ စောင်စက်ကို လွှတ်လိုက်ခြင်းဖြစ်သည်။ ဒေါင်းနှစ်ကောင် စောင်စက်မှ ထွက်ရှိသော ဂွမ်းစောင်တွေက ဗန္ဓုလစောင်တွေထက် အရည်အသွေးကောင်းသည်။ ဖေဖေနှင့် ကိုကြီးတို့ ပြောသံတွေသာ သူနားထောင်သည်။ သူက ဘာတစ်လုံးမှ ဝင်ရောက်မစွက်ဖက်ခဲ့ပါ။ သူက အိမ်မှာ အငယ်ဆုံးဖြစ်၍ ဖေဖေတို့လုပ်ငန်းတွေမှာ မပါဝင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ ဖေဖေကလည်း သူ့ကို ဘာတာဝန်မှ မပေးခဲ့။
ဖေဖေ့ပြောစကားတွေကိုတော့ အမြဲ ကြားယောင်နေမိသည်။ ကိုကြီးဇေယျသည် ထိုစဉ်က မန္တလေးကွန်မြူနစ်ပါတီတွင် အမာခံတစ်ယောက်ဖြစ်သည်။ သူ၏ ကွန်မြူနစ်တရားများ၊ ကွန်မြူနစ်ဝါဒဆိုင်ရာ စာအုပ်များကို ရှိန်းက နားယဉ်နေပြီ။ စာအုပ်များကိုလည်း ဆယ်တန်း မအောင်ခင်ကတည်းက ဖတ်ရှုခဲ့သည်။ သို့သော် သူ့အဖေဖြစ်သူကို ဘာမှမဆွေးနွေးခဲ့။ အစ်ကိုကြီးကလည်း ထိုစဉ်က သိပ်အရာမသွင်းခဲ့ပါ။ ကိုကြီးဇေယျ လက်ထပ်ပြီး မုံရွာစောင်စက်ကို ဦးစီးရန်သွားတော့ ဖေဖေ၏အမှာစကားတွေကို သူကြားရသည်။
“ဖေဖေဟာ မန္တလေးမှာ ဆီစက်ပိုင်ရှင်တစ်ယောက်၊ မုံရွာမှာ စောင်စက်ပိုင်ရှင်၊ မင်းတို့ ကွန်မြူနစ်တွေအမြင်နဲ့ ဖေဖေဟာ ဓနရှင်တစ်ယောက်၊ အခု မင်းသွားမယ့် စောင်စက်မှာ ဖေဖေ့လုပ်ငန်းတွေကို မင်း မြင်ရမယ်၊ ဖေဖေကတော့ မင်း ဝါသနာပါတဲ့ ကွန်မြူနစ်ဝါဒကို မလေ့လာဘူး၊ ကြားဖူးနားဝတော့ရှိတယ်၊ ဒါပေမယ့် ဖေဖဖေ့စောင်စက်ကို ရောက်ရင် ဖေဖေဟာ ဘယ်လိုလူမျိုး ဆိုတာ မင်းသိမယ်၊ အလုပ်သမားတွေအတွက် သိပ်မကျယ်ပေမယ့် သန့်ရှင်းတဲ့တန်းလျားတွေ ဖေဖေ ဆောက်ပေးတယ်၊ အရေးအကြီးဆုံး အိမ်သာပဲ၊ ရေလောင်းအိမ်သာ ဆောက်ပေးရုံတင်မဟုတ်၊ သုံးပုံကိုပါ သင်တန်းပေးတယ်၊ အလုပ်သမားတွေဆိုတာ တောရွာကလာတာ များတော့ များသောအားဖြင့် တောထိုင်တဲ့ဓလေ့ရှိတယ်၊ ထရံကာ အိမ်သာသုံးရင်လည်း ထရံဝါးကိုချိုးပြီး တုတ်ခနောင်းလုပ်တော့ အိမ်သာလည်း ပျက်တယ်၊ အခု ဖေဖေလုပ်ပေးတဲ့ ရေလောင်းအိမ်သာမှာ တုတ်သုံးမှာစိုးလို့ ရေနဲ့ ဘယ်လိုသုံးရမယ်ဆိုတာ ဖေဖေ အလုပ်သမားခေါင်းကို သင်ကြားဖို့ တာဝန်ပေးတယ်၊ ဖေဖေက တစ်လတစ်ခါ စစ်ဆေးခဲ့တယ်၊ ခုတော့ ဟန်ကျပါပြီ၊ သူတို့အတွက် ရန်ပုံငွေ ဖေဖေက မတည်ပြီး သီးသန့်ထားတယ်၊ သူတို့လစာထဲက အချိုးကျပါဝင်ပြီး သာရေး နာရေး သုံးစေတယ်၊ သူတို့သားသမီးတွေ ပညာရေးအတွက် တစ်နှစ်တစ်ခါ ဆုကြေးပေးပြီး သားသမီးဦးရေအလိုက် ဖေဖေ ပေးခဲ့တယ်၊ ဖေဖေ့စောင်စက်မှာ အလုပ်ထွက်ရင် ရင်းနှီးစားဖို့ အမြဲ ငွေရင်းထုတ်ပေးနိုင်အောင် ရန်ပုံငွေရှိတယ်၊ ပြီးတော့ ဖေဖေ့အလုပ်သမားတွေနဲ့ သူတို့သားသမီးတွေအတွက် စာကြည့်တိုက်လည်း ဖေဖေ လုပ်ထားတယ်၊ ကစားကွင်းရှိတယ်၊ ဖေဖေ ဘာတွေလုပ်ထားတယ်ဆိုတာ သားသိအောင် ပြောထားတာ၊ ဖေဖေက အလုပ်သမားကိစ္စကို အရေးထားသလို ဖေဖေ့စက်ကထွက်တဲ့ စောင်အရည်အသွေးကိုလည်း အမြဲ အလေးထားတယ်၊ မင်း တစ်ခါမှ လှည့်မကြည့်တဲ့ စောင်စက်ကို မင်း ဦးစီးရမယ်”
ဖေဖေပြောလည်း ပြောစရာပါပဲ။ ကိုကြီးကလည်း မန္တလေးမှာ သူ့ပါတီလုပ်ငန်းတွေနဲ့ မအားလေတော့ ဖေဖေ့စောင်စက်ကို လှည့်မကြည့်။ ခု လက်ထပ်ပြီးမှပဲ တာဝန်အရ သွားရပေတော့မည်။ ကိုကြီးဇေယျ မုံရွာထွက်သွားတော့ သူလည်း ဆယ်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်တက်ရန် ထွက်လာခဲ့သည်။ ကိုကြီးဇေယျက မုံရွာမှာ ပါတီကိစ္စကို ဆက်လက်ဆောင်ရွက်သည်။ မကြာခင်ပါပဲ သောင်းကျန်းသူတွေထလာတော့ ကိုကြီးလည်း တောခို၊ သူတို့လည်း ကျောင်းတွေပိတ်၍ မန္တလေးပြန်လာရသည်။
တက္ကသိုလ်ရောက်ကတည်းက မျိုးဇင်နှင့်တွေ့ပြီး ရင်းနှီး ကျွမ်းဝင်ခဲ့ကြသည်။ ညီအစ်ကိုအရင်းလို သူတို့နှစ်ယောက် ချစ်ကြသည်။ သောင်းကျန်းမှုတွေကြောင့် ကျောင်းပိတ်၍ သူတို့နှစ်ယောက် ခွဲခွာနေရသည်ပဲ ရှိသည်။ သောင်းကျန်းသူတွေအေး၍ ကျောင်းများ ပြန်ဖွင့်ချိန်မှာတော့ သူသည် မျိုးဇင်နှင့်မခွဲ။ ကျောင်းပိတ်တောင် မျိုးဇင်အိမ် လိုက်နေတတ်သည်။ တစ်ခါတလေမှ အိမ်ပြန်တတ်သည်။ ဖေဖေ့လုပ်ငန်းတွေလည်း အခြေအနေအရ ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ကိုကြီး တောတွင်းမှပြန်လာတော့ စောင်စက်လည်းမရှိ။ ဆီစက်လည်းမရှိ။ ကိုကြီးတို့လင်မယားကို ဖေဖေက အိမ်တစ်လုံးနှင့် ငွေရင်း အမွေအဖြစ် ခွဲဝေပေးခဲ့သည်။
ယခု ဈေးကွက်စီးပွားရေး ဖွင့်ချိန်မှာ သူက ရန်ကုန်မှာ မော်တော်ကားကုမ္ပဏီ ထူထောင်လျက်ရှိသည်။ ကိုကြီးက မုံရွာမှာပဲ အညာထွက်ကုန် ပဲတွေကို နိုင်ငံခြားပို့သည့်အလုပ် လုပ်နေသည်။ ပဲခွဲစက်တစ်ခုလည်း ထူထောင်ထားသည်။
ဖေဖေ ဆုံးသွားပေမယ့် ဖေဖေ့စကားကိုတော့ သူ မမေ့။ ဖေဖေ့စောင်စက်မှာ အလုပ်သမားတွေအပေါ် ဖေဖေထားသော မူဝါဒအတိုင်း သူ အခု မော်တော်ကားပြင်ရုံမှာရော၊ ကုမ္ပဏီမှာရော၊ စူပါမားကက်မှာရော အလုပ်သမားတွေအပေါ်မှာ ကျင့်သုံးသည်။ တစ်လတစ်ခါ အလုပ်သမားများအားလုံး စည်းဝေး၍ လိုအပ်ချက်များကို အကြံဉာဏ်တောင်းယူခဲ့သည်။
ဘယ်လောက်ပဲ အလုပ်များများ သူ့ရင်ထဲမှာ အလုပ်ထဲ နစ်မြုပ်နေ၍ မပင်ပန်းသလိုပါပဲ။ သို့သော် အလုပ်နားချိန်မှာတော့ သူ သတိအရဆုံးက မျိုးဇင်ပါပဲ။ ကျောင်းကတည်းက သူ ခြေလွန် လက်လွန်ကိစ္စတွေရှိလျှင် မျိုးဇင် သူ့ကို ထိန်းခဲ့သည်။ သူက သွားလေရာ ရည်းစားထားတတ်သူဆိုတော့ ..
"ရှိန်း မျက်နှာများတာကို ကိုယ်ဘာမှ မပြောပါဘူး၊ ဒါပေမဲ့ ရှိန်း လက်ထပ်မယူမချင်း မိန်းမတစ်ယောက်ကိုတော့ နယ်မလွန်စေချင်ဘူး၊ ဒါကိုတော့ စောင့်ထိန်းပါ”ဟု ပြောတတ်သည်။
"ရည်းစားထားတယ်ဆိုကတည်းက ရည်းစားအဆင့်လောက်တော့ တို့ရ ထိရမှာပေါ့၊ ဒါတော့ မျိုးဇင်ကို ရှိန်း မညာပါဘူး၊ မင်းနဲ့ မလေးနုလိုတော့ ဒုကူလနဲ့ ပါရိကာ မလုပ်နိုင်ဘူးကွ"
သူက ရယ်စရာပြန်ပြောတတ်သည်။
“ရည်းစားအဆင့်မှာတော့ ဒီလိုပဲနေရမှာပဲ၊ လက်ထပ်ပြီးရင်တော့ ဒုကူလနဲ့ ပါရိကာလို တို့နှစ်ယောက် မနေပါဘူးကွာ၊ တို့က ပုထုဇဉ်တွေပါ၊ ငါ မလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းအသိဆုံး၊ မလေးက ပထမအချစ်ဆုံး၊ မလေးပြီးရင် ရှိန်းကို ကိုယ် အချစ်ဆုံး၊ ငါ ချစ်သူကို ချစ်သလောက် လေးစားရမယ်၊ မလေးရဲ့ သိက္ခာကို ရိုသေလေးစားဖို့ ငါ့မှာ တာဝန်ရှိတယ်၊ ဒီတော့ ထိန်းသိမ်းရတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ကံတရားဆိုတာ မပြောနိုင်ဘူး ရှိန်း၊ တို့နှစ်ယောက် ဘယ်လိုပဲချစ်ချစ် ကံကြမ္မာ မဆုံစည်းလို့ မပေါင်းရရင် ငါ့ချစ်သူဟာ သန့်ရှင်းစင်ကြယ်စွာ ကျန်ရစ်စေချင်တယ်၊ နောက်တစ်ယောက်ကို လက်ထပ်ဦးတော့၊ ငါ့ချစ်သူဟာ သန့်စင်သောကိုယ်နဲ့ တခြားတစ်ယောက်ကို လက်ထပ်စေရမယ်၊ ဒါ့ကြောင့် ငါစောင့်ထိန်းခဲ့တာပါ ရှိန်း၊ မိန်းမတစ်ယောက်ကို တကယ် ချစ်လာရင် ကိုယ် မလေးအပေါ်မှာ ထားရှိတဲ့ စိတ်ထားမျိုး မင်းရင်မှာ အလိုလိုဖြစ်ပေါ်လာမှာပါ”
မျိုးဇင်သည် သူ့ကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြရင်း ဆုံးမတတ်သည်။ သူသည် မျိုးဇင်က ဒီလိုစကားဆိုတိုင်း သူ၏ အဆောင်သူ မိန်းကလေးများကို တွေးကြည့်မိသည်။ သူသည် ဘယ်မိန်းကလေးကို နှစ်နှစ်ကာကာ မျိုးဇင်က မလေးအပေါ်ချစ်သော အချစ်နှင့် ချစ်ခဲ့ပါသလဲ။ သူတွေးတိုင်း ဘယ်မိန်းကလေးကိုမှ သတ်မှတ်မရခဲ့။ သူ မိန်းကလေးတစ်ယောက်ယောက်နှင့် တွေ့ရတိုင်း ပျော်သည်။ ပျော်ရတာ တစ်ခုပဲရှိသည်။
"အေးလေ…. တစ်နေ့နေ့တော့ ဇင်ပြောတဲ့အချစ်မျိုး ရှိန်းရင်မှာ ဖြစ်ပေါ်လာမှာပါ”ဟု သူက ဖြေခဲ့သည်။ ပြီးတော့ ဆက်မေးသည်။
“နေပါဦး မျိုးဇင်၊ ထောင့်ငါးရာအချစ်နဲ့ မင်း မလေးကို ချစ်ခဲ့တာပဲ၊ ပါးလေးတောင် မနမ်းရက်တာ ရှိန်း အံ့ဩလို့"
“ဟုတ်ပါတယ်၊ ထောင့်ငါးရာအချစ်ပါ၊ ဒါပေမဲ့ ရည်းစားဘဝမှာတော့ တို့ ရာဂစိတ်ထားလို့ မဖြစ်ဘူးလေ၊ ငါးရာနှစ်ဆယ့်ရှစ်ထက်လည်း ပိုပါတယ်၊ ထောင့်ငါးရာအထိ မရောက်ပေမယ့် ငါ့အချစ်က သန့်စင်လို့ ငါ တန်ဖိုးထားရတာ၊ ချစ်သူကို တန်ဖိုးထားလို့ပဲ ငါ့အချစ်ကို ဂဏန်းနဲ့ရော ဒီဂရီနဲ့ရော တိုင်းတာဖော်ပြလို့ မဖြစ်ဘူး"
မျိုးဇင်၊ မျိုးဇင်။ သူ့နိမိတ်စကား ဆိုခဲ့လေသလား။ မျိုးဇင်တစ်ယောက် လက်ဖျားနှင့် မထိရက်၊ ပါးလေးတောင် မနမ်းရက်သော မလေးကို ထားရစ်ခဲ့ရကာ တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ပြီ။ ရှိန်းရင်ထဲမှာလည်း အချစ်တစ်ခု ကျဆုံးခဲ့ရသလိုပါပဲ။ သူ အေးအေးကို လက်ထပ်ပြီးတော့လည်း သူ၏ရင်မှာ ဟာနေသောအချစ်ကို အေးအေးက အစားမဖြည့်နိုင်ခဲ့။ အေးအေးကို သူချစ်၍ လက်ထပ်ခဲ့သည်ဟု ထင်ပေမယ့် တကယ်တမ်း ရေရှည်ခရီးကို ရောက်လာလေ လေ အေးအေးသည် သူနှင့် တဖြည်းဖြည်း ဝေးလာသည်။ အေးက အငြိမ်းစား အရေးပိုင်သမီး၊ သူ့အလိုအတိုင်း ဖေဖေနှင့် မေမေတို့က လူကြီးစုံရာနှင့် လက်ထပ်ပေးစားခဲ့သည်။ ယခု သမီးသုံးယောက် သားသုံးယောက်၊ စုစုပေါင်း ခြောက်ယောက်ရလာသောအခါ ပို၍ အေးအေးနှင့် အလှမ်းဝေးလာသည်။
ခုနေခါ မျိုးဇင် ရှိစေချင်သည်။ မျိုးဇင်ရှိနေလျှင် သူ့ရင်ထဲမှာ ဟာနေသော အချစ်ကွက်လပ်အကြောင်းကို ပြောပြဆွေးနွေးနိုင်သည်။ အချစ်ဆိုတာ အိပ်ရာပေါ်မှာ မရှိပါလား မျိုးဇင်ရယ်ဟု သူ ညည်းညူမိသည်။ အိပ်ရာပေါင်းများစွာမှာ မိန်းမပေါင်းများစွာနှင့် သူအိပ်ခဲ့ပေမယ့် သူ့ရင်မှာ အချစ်ဆိုသောအရာကို ဘယ်မိန်းမကမှ မဖြည့်ဆည်းနိုင်ခဲ့သည်ကို ကြာလေ သူ သဘောပေါက်လာလေလေ။ သူစိတ်လေတိုင်း အရက်ကို အဖော်လုပ်တတ်လာသည်။ ညနေတိုင်း အရက်သမားကြီးလုံးလုံး ဖြစ်လာသည်။ ယခု ညနေမှာလည်း အရက်သမားတို့ထုံးစံအတိုင်း မူးလာတော့ ငိုချင်သည်။ နောက်ထပ် ဖန်ခွက်လက်ကျန်ကို မော့လိုက်ရင်း မျက်ရည်များ တွေတွေကျလာသည်။ တစ်ခါတစ်ရံ သူသည် ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ တစ်ဖက်တွင် စီးပွားရေးအောင်မြင်မှုတွေ ရသလောက် တစ်ဖက်မှာ စာရိတ္တပိုင်းမှာ သူ ကျဆုံးခဲ့ပြီ။ ဒီလို ဖြစ်စေသည်ကို ဝမ်းနည်းစိတ်ဖြစ်ရပေမယ့် အလုပ်ကပြန်ချိန်ကျတော့ မြရည်ဦးဆီ သို့မဟုတ် တစ်ယောက်ယောက်ဆီကို ခြေဦးလှည့်စမြဲ။ အိမ်ရောက်တော့လည်း တစ်ကိုယ်တော် အရက်ပွဲ ကျင်းပမြဲ။
"မျိုးဇင်ရယ် ရှိန်းကိုကယ်ပါဦး”
သူသည် မျက်ရည်တွေစီးကျရင်း တီးတိုးရေရွတ်မိသည်။
"ရှိန်း"
ရုတ်တရက် ခေါ်သံကြောင့် သူ အံ့အားသင့်သွားသည်။ သူ့ရှေ့မှာ အေးအေးက မတ်တတ်ရပ်လျက်။
“အောက်ကိုများ ဆင်းကြည့်ပါဦး၊ ဘာတွေဖြစ်နေလဲလို့”
သူသည် လက်ထဲမှ အရက်ဖန်ခွက်ကို ချလိုက်၏။
“ဘာတွေဖြစ်နေလို့လဲ"
“ဆယ့်နှစ်နာရီထိုးနေပြီလေ။ ဝဏ္ဏရော၊ အာကာရော အရက်ပွဲ မသိမ်းသေးဘူး။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြတာ အာကာ လဲနေပြီ”
သူက ခေါင်းခါလိုက်သည်။
“မင်းဘာသာမင်း ကြည့်ရှင်း၊ ဒါ မင်းရဲ့သားတွေ၊ တစ်နေ့လုံး ပင်ပန်းလာတယ်၊ ဒီရန်ပွဲကို ရင်မဆိုင်ချင်ဘူး”
အေးအေးသည် မျက်နှာကြီးရဲသွားသည်။
"ဪ... သူတို့က ရှင့်သားတွေ မဟုတ်ဘူးပေါ့၊ အေးလေ အဖေလုပ်တဲ့လူတောင် အရက်မသိမ်းသေးတာ၊ သားတွေ မသိမ်းတာ အဆန်းမဟုတ်ပါဘူး"
"မင်း ငါသောက်တာကို စကားထဲထည့်မပြောနဲ့၊ ငါက ဘဝပျက်အောင် သောက်တဲ့လူ မဟုတ်ဘူး၊ မင်းသားတွေလို အရက် ကျေးကျွန်ဖြစ်နေတာ မဟုတ်ဘူး”
သူ့အသံက ဘယ်လောက်အော်သည်မသိ၊ အေးအေးသည် အခန်းထဲ ပြေးဝင်သွားသည်။
"ဘာဖြစ်လဲ မေမေ၊ ဖေဖေ အော်လိုက်တာ"
"ထုံးစံအတိုင်းပေါ့၊ သူ့သားတွေ ရန်ပွဲကို ဆင်းပြီး မဖြေဘူးတဲ့လေ၊ သေကြပစေ”
အေးအေးသည် သူ့အိပ်ခန်းရှိရာသို့ တန်းဝင်သွားသည်။ ဖြူပြာရှိန်းက အောက်ထပ် ထမင်းစားခန်းရှိရာသို့ ဆင်းသွားသည်။ ဝဏ္ဏရှိန်းသည် ကုလားထိုင်ပေါ်မှာ ထိုင်၍ စားပွဲပေါ်ခေါင်းတင်ကာ မူးနေပုံရသည်။ ခေါင်းမထူနိုင်။ အာကာရှိန်းက ကြမ်းပေါ်ပက်လက်ကြီး။ ပုလင်းတွေ ဖန်ခွက်တွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည်။
ဒီမြင်ကွင်းသည် ဖြူပြာရှိန်းအတွက် မဆန်း။ မြင်နေကျမို့ ရိုးနေသည်။ ဦးပြူးကို လှမ်းခေါ်လိုက်သည်။
"ဦးပြူး... ဝဏ္ဏကို အိပ်ခန်းထဲ တွဲခေါ်သွားတော့”
ဝဏ္ဏသည် ဦးပြူးခေါ်သွားရာသို့ ဒယီးဒယိုင်နှင့် လိုက်သွားသည်။ သတိရပုံတောင် မပေါ်၊ အမူးလွန်နေပုံရသည်။
"မကြည်သန်း လာဦး"
ဖြူပြာက အိမ်ဖော်ကလေးမလေးကို ခေါ်လိုက်သည်။
"သွား…. ဦးထွန်းတို့လင်မယားကို သွားခေါ်လိုက်"
သူသည် ကြမ်းပေါ်လဲနေသော အာကာအနား ဒူးထောက် ထိုင်လိုက်၏။ နဖူးမှာ အထိုးခံရ၍ မျက်လုံးပိတ်နေအောင် ရောင်နေတော့သည်။ ပါးစပ်ကလည်း အရက်နံ့တွေ တထောင်းထောင်း။ သူလည်း သတိရှိပုံမရ။ ဦးထွန်းတို့လင်မယား ဝင်လာသည်။
"ကဲ... ဦးထွန်း၊ အာဏာကို ထူပါဦး၊ ဝဏ္ဏရဲ့ ခြေရင်းခန်းကို ခေါ်သွား၊ ဒီည နှစ်ယောက်အတူ သိပ်လို့မဖြစ်ဘူး၊ တစ်ခန်းစီ သိပ်မှ၊ ဦးထွန်း စောင့်အိပ်၊ ဒေါ်သိန်းမေက အခန်းကိုရှင်းလိုက်"
ဦးထွန်းသည် အာကာကိုတွဲယူ၍ အခန်းထဲသွင်းလိုက်သည်။ မကြာခင် ရေနွေးဇလုံကို ယူ၍ ဖြူပြာရှိန်း ဝင်လာသည်။ အာကာ ခုတင်ဘေးရှိ စားပွဲခုံပေါ်တွင် ရေနွေးဇလုံကို ချလိုက်၏။ သူ့မောင်လေး၏ နဖူးပေါ်မှ ဆံပင်များကို ဖယ်လိုက်သည်။ မျက်နှာသုတ်ပဝါငယ်ကို ရေနွေးဇလုံတွင် နှစ်၍ ရေညှစ်ပြီး နဖူးပေါ်မှ ဖူးရောင်နေသည်ကို ကြပ်ထုပ်ထိုးပေးသည်။
“ဦးထွန်းရယ် ... သူဇာ့ကိုပြော၊ ဆေးဗီရိုထဲက အိုင်အိုဒင်း ယူခဲ့ပါလို့"
ဦးထွန်း အပြင်ထွက်သွားသည်။ မမူးလျှင် အသက်နှစ်ဆယ်ကျော်ရှိသေးသော သူ့မောင်လေးသည် ဖြူဖြူချောချောနှင့် ချစ်စဖွယ် လူငယ်လေးတစ်ယောက်။ ခုတော့ အရက်ရှိန်ဖြင့် မျက်နှာကြီးက နီရဲ၊ အဖုတွေ အပိမ့်တွေနှင့် ကြည့်မကောင်း၊ အရက်သမားမျက်နှာသည် ဘယ်လိုချောချော အရက်ဝင်လာလျှင် ကျက်သရေမရှိတော့။
ဖြူပြာက ရေနွေးတဘက်နှင့် အညိုအမည်းဒဏ်ရာတွေကို ကြပ်ထုပ်ထိုးနေရင်း တဖြည်းဖြည်းနှင့် အာကာ သတိရလာသည်။ သူဇာရှိန်း လာပေးသော အိုင်အိုဒင်းကို အညိုအမည်းစွဲ၍ ရောင်နေသော နေရာတွေကို လူးပေးနေသည်။ သူဇာရှိန်းက ဇလုံထဲမှ ရေနွေးကို လဲပေးသည်။
"မမ သက်သာလာပါပြီ"
အာကာက စကားစ,ပြောသည်။
“အာကာတို့ဟာ မလွန်လွန်းဘူးလား၊ ဆယ့်နှစ်နာရီလည်း ထိုးနေပြီ၊ သောက်ပွဲလည်း မပြီး၊ အေးအေးသောက်တာလည်းမဟုတ်၊ ရန်ဖြစ်ကြနဲ့၊ မမ သိပ်စိတ်ညစ်တာပဲ”
“ဒီဝဏ္ဏက လူပါးဝတာကိုး”
'မင်းက လူပိန်လေး၊ သူထိုးတော့ ခံရတာပေါ့၊ ဒီအရက်ကို မသောက်နဲ့ပြောလည်း မရဘူး၊ ကဲ…. အိပ်တော့၊ ဦးထွန်း ဒီည အာကာနဲ့အိပ်ပေးပါ၊ တံခါးလည်း ချက်ထိုးထား။ ဟိုကောင် အမူးပြေရင် ဝင်လာဦးမယ်၊ မမ သွားမယ်၊ လာ သူဇာ”
ဖြူပြာရှိန်းနှင့် သူဇာရှိန်းသည် အခန်းအပြင် ထွက်သွားကြသည်။ ဖြူပြာနောက်သို့ သူဇာက တိတ်ဆိတ်စွာ လိုက်သွားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်။ အပေါ်ထပ် ခြေရင်းဘက် သူတို့အိပ်ခန်းရှိရာသို့ ဝင်သွားကြသည်။
သူတို့ညီအစ်မသုံးယောက်စလုံး တစ်ခန်းတည်း အတူအိပ်ကြသည်။ ခေါင်းရင်းဘက် နှစ်ခန်းမှာ ဖေဖေနှင့် မေမေက တစ်ခန်းစီ အိပ်ကြသည်။ ဖြူပြာနှင့် သူဇာ အခန်းထဲဝင်သွားတော့ မူရာရှိန်းကို ခုတင်ပေါ် ငုတ်တုတ်ကြီး တွေ့ရသည်။
"မူရာ နိုးနေလား"
မူရာက ခေါင်းညိတ်ပြသည်။ သူဇာသည် သူ့ခုတင်ရှိရာသို့ သွားကာ စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။ ဖြူပြာကတော့ မအိပ်နိုင်သေး။ မူရာ့အနားကို ကပ်သွား၏။
"ညီမလေး ဆေးတစ်လုံးတော့ သောက်လိုက်ဦးနော်”
သူသည် ဆေးကိုယူကာ မူရာကို ဆေးတစ်လုံး တိုက်လိုက်၏။ စားပွဲပေါ်မှ ဖန်ချိုင့်က ရေကိုငှဲ့ကာ မူရာ့ကို ပေးလိုက်သည်။
"ညီမလေး အိပ်တော့နော်”
မူရာသည် ရေဖန်ခွက်ကိုလှမ်းယူကာ သောက်လိုက်ရင်း ဖြူပြာကို ခပ်ငေးငေးလေး ကြည့်နေသည်။ မူရာ၏ ဤလိုအကြည့်မျိုးကို ဖြူပြာ မကြိုက်။ မျက်လုံးလေးများက ကြေကွဲသလို၊ ဝမ်းနည်းသယောင်၊ အားကိုးရာမဲ့နေသလို ဖြူပြာ့ကိုမကြည့်ဘဲ အဝေးကို မျက်နှာလွှဲလိုက်သည်။
"ကဲ…. ညီမလေး အိပ်နော်”
မူရာ့ကိုယ်လေးကို အသာကိုင်၍ အိပ်ရာပေါ်လှဲလိုက်သည်။
“မျက်စိလေးမှိတ် အဲ... ဟုတ်ပြီ၊ မမ အနားက စောင့်နေမယ်"
မူရာသည် မျက်လုံးလေးမှေးကာ ငြိမ်သက်နေသည်။ မကြာမီ အိပ်ပျော်သွားမှာပါပဲ။ ဖြူပြာတိုက်လိုက်သည့်ဆေးက အိပ်ဆေးပဲ။ သူဇာသည် သူ့ကို ကျောပေးကာ အိပ်နေသည်။ ခုတင်သုံးခုမှာ မူရာ့ခုတင်က အလယ်က၊ သူဇာလည်း အိပ်ပျော်ချင်မှ ပျော်မည်။ ဖြူပြာက ဘာမှမမေးတော့။ သူတို့အိမ်၏ ညဦးများသည် ဘာ့ကြောင့်များ သာယာချမ်းမြေ့ခြင်း မရှိပါလိမ့်။ သူသည် အိပ်တော့မည်လုပ်ပြီးမှ မေမေ့အခန်းကို ကြည့်မိသည်။ မီးရောင်က လင်းနေဆဲ။ သူ မေမေ့အခန်းဘက်သို့ ကူးသွား၏။ ညင်သာစွာ တံခါးကိုဖွင့်လိုက်သည်။
“မေမေ မအိပ်သေးဘူးလား”
အေးအေးသည် ခုတင်ပေါ်လှဲနေရာမှ သမီး ဝင်လာသည်ကို လှမ်းကြည့်လိုက်သည်။
“မအိပ်နိုင်သေးဘူး၊ နည်းနည်း ရင်ခံသလားလို့"
"ဆေးသောက်လိုက်ပါလား မေမေ"
ဖြူပြာသည် ခေါင်းရင်းစားပွဲသို့ သွားကာ ဆေးပြားတစ်ပြား ယူခဲ့၍ ဆေးကို လှမ်းပေးလိုက်သည်။ အေးသည် ဆေးကိုယူသောက်ကာ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။
“ဖြူပြာ သွားအိပ်တော့လေ"
“မေမေ အိပ်ပျော်တဲ့အထိ ဖြူပြာ စောင့်နေမယ်၊ တော်ကြာ နှလုံး ပြန်ခုန်လာမှာစိုးလို့"
အေးအေးသည် သက်ပြင်းချလိုက်ကာ မျက်စိမှိတ်ထားလိုက်သည်။ လက်ထပ်ပြီးစကတော့ သူနေမကောင်းလျှင် ရှိန်းက ဆေးတိုက်နေကျ။ လေးနှစ်အတွင်း သီဟရှိန်း၊ ဖြူပြာနှင့်၊ သူဇာ ကိုမွေးပြီးတော့ ရှိန်းလက်များသည် သူ့ထံကို ဆေးယူမလာတော့ပါ။ ဆေးတင်မဟုတ်၊ ကြင်နာယုယမှုများကိုလည်း မယူလာတော့ဆိုလျှင် ပို၍မှန်မည်။
လုပ်ငန်းများ ချဲ့ထွင်၍ ရှိန်းအလုပ်များလာတာလည်း မှန်သည်။ အပြင်မှာ ခြေလှမ်းကလည်း များလာသည်။ စူပါမားကက်ဖွင့်စဉ်က သူ့ကို ဖွင့်ပွဲလိုက်ဖို့ ခေါ်သေးသည်။ သူကလည်း စိတ်မပါ။ ရှိန်းလုပ်ငန်းတွေ တိုးချဲ့လာသည်နှင့်အမျှ သူ့အပေါ် စိတ်ဝင်စားမှုနည်းလာသည်ကိုလည်း မကျေနပ်။ အလုပ်ကြောင့်ဆို တော်သေး။ ကျန်အချိန်တွေမှာ ရှိန်းသည် အပြင်မှာ အချိန်ဖြုန်းလာသည်ကို သူ နားမလည်နိုင်ပါ။
လက်ထပ်ပြီးစကတော့ သူ ရှိန်းနောက်လိုက်လာ၍ ရန်ကုန်မှာ အိမ်ခန်းတစ်ခု ငှားနေရသည်။ သူလက်ထပ်စဉ်ကအချိန်ကို သတိရလာပြန်သည်။ သူက လက်ထပ်ပွဲအခမ်းအနားကို မန္တလေးရှိ ဟိုတယ်ကြီးတစ်ခုခု ဒါမှမဟုတ် မြို့တော်ခန်းမမှာ ပြုလုပ်စေချင်သည်။ သူ့ဆန္ဒကို ရှိန်းကိုပြောပြသည်။ သူ့မိဘတွေအနေနှင့် အရေးပိုင်တော့ အရေးပိုင်ပါပဲ။ အရေးပိုင် ဦးစမ်းမောင်၊ ဒေါ်လေးလေးခင်ဟူသော ဂုဏ်သာရှိသည်။ ပင်စင်ယူတော့ ဟန်ပဲကျန်သည်။ သူတို့မှာ စုပြီးဆောင်းပြီး ဒေးဝန်းရပ်က အိမ်နှင့်ဝင်းပဲ ရှိသည်။ ဒါ့ကြောင့် လက်ထပ်ပွဲမှာ တစ်ဦးတည်းသော သမီးပေမယ့် သတို့သမီးဘက်က စိန်တစ်ဆင်စာတို့ ဘာတို့ ဆိုသည်ကို အထက်စီးနှင့် မပြောနိုင်။ ကိုယ့်သမီးကို တင့်တောင့်တင့်တယ် လာတောင်းသည်ကိုပဲ ကျေနပ်သည်။၊
ရှိန်းက အေးဆန္ဒကို မေမေ့ကို ပြောပြသည်။ မေမေက ရှိန်းကို လက်ထပ်ပြီး ဝပ်ရှော့မှာ နေချင်၍မဖြစ်၊ ရန်ကုန်မှာ အိမ်ခန်း သပ်သပ်ငှားပေးရဦးမည်၊ ရှိန်းလုပ်ငန်းများ ချဲ့ထွင်ပေးရန် ငွေရင်း ငွေနှီးလည်း ပေးရဦးမည်ဖြစ်၍ လက်ထပ်ပွဲအတွက် ငွေအကုန်အကျ သိပ်မခံနိုင်ပါ။ အေးတို့အိမ်တွင် နံနက် လက်ထပ်ပွဲလုပ်၍ ရှိန်းတို့အိမ် မဟာဇေယျဘုံ ရပ်ကွက်ဝင်းထဲတွင် ဧည့်ခံပွဲလုပ်ပေးမည်ဟု ပြောသည်။ ဒီအတိုင်းပဲ လုပ်ပေးခဲ့သည်။ မိခင်ကိုရင်ဆိုင်၍ သူ့ဆန္ဒကို ရအောင် တောင်းဆိုဖို့ ရှိန်း မလုပ်ရဲသည်ကို အေးက မကျေနပ်။ အစစ ရှိန်းမေမေက လွှမ်းမိုးလွန်းသည်ထင်သည်။ လက်ဖွဲ့ပစ္စည်းအနေနှင့် ရှိန်းမေမေက အေးကို စိန်နားကပ်တစ်ရန် လက်ဖွဲ့လိုက်သည်။
ရန်ကုန်ရောက်လာတော့ အေးအထင်သည် ပို၍ပီပြင်လာသည်ဟု ထင်သည်။ ရှိန်း အလုပ်တိုက်သွားကာနီး၍ အေးက ပုဆိုး အင်္ကျီထုတ်ပေးတိုင်း
“မေမေထည့်ပေးတဲ့ ဗန်းမော်ဆင် ပန်းရောင်နဲ့ အဖြူကွက်လေး ပေးပါ"
အေးသည် သူထုတ်ထားသော လုံချည်များကို ပြန်ယူကာ ရှိန်းအကြိုက် ထုတ်ပေးရသည်။ တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်၊ အကြိမ်ကြိမ်ဆိုသလိုပါပဲ။
“မေမေထည့်ပေးတဲ့ ဆိတ်ခွန်လုံချည် မန်ကျည်းစေ့ကွက် အဝါနဲ့ အနက်၊ အဲဒါ ထုတ်ပေးပါ"
“ဒီမှာ အေးပေးတဲ့လုံချည် ဘာလို့မဝတ်တာလဲ”
“မကြိုက်လို့ပေါ့”
ရှိန်းကလည်း ပြောင်ပြောင်ပဲ ပြောသည်။
“မေမေရွေးတဲ့အဆင် ကြိုက်လို့ပေါ့”
အေးရင်ထဲမှာ ကသိကအောင့်က လုံချည်က စ,လာခဲ့သည်။
များသောအားဖြင့် ရှိန်းမေမေ ဒေါ်အေးသွယ်ကလည်း သားကြိုက်တတ်သော လုံချည်ဆင်များကို ဝယ်၍ပို့တတ်သည်။ သူ့ယောက္ခမသည် ပုဆိုးဝတ်သည်အထိ ပါလာသည်ကို အေးက မကျေနပ်။ လုံချည်ပြဿနာမှမပြီးသေးခင် ထမင်းစားပွဲမှာ ပြဿနာစလာပြန်သည်။
"မေမေချက်တာနဲ့လည်း မတူဘူးကွာ"
"ဘယ်တူမလဲ၊ ဒါက သန်းရှင် ချက်တာ”
အေးကလည်း တုံးတိတိ။ အမှန်လည်း သန်းရှင် ချက်ခြင်းပဲ ဖြစ်သည်။ အေးသည် အိမ်ထောင်သက် လေးနှစ်ရောက်သည်အထိ မီးဖိုမဝင်ပါ။ တစ်ခါတစ်ရံမှ ဝင်ချက်တော့လည်း ဟင်းချက်သည်မှာ အဆီအငေါ်မတည့်နိုင်ပါ။ ဟင်းဆိုတာ ချက်နေကျမှလည်း အဆင်ပြေသည်။
“အခုထိ ဟင်းမချက်တတ်သေးဘူးလား"
"ချက်တတ်လည်း မချက်ချင်ဘူး”
အေးကလည်း တဲ့တိုး ပရိယာယ်မသုံးဘဲ ဖြေသည်။
“ဘာဖြစ်လို့လဲ”
ရှိန်းက အံ့သြသွားသည်။
“တစ်ခါလာ မေမေချက်တဲ့ဟင်း၊ မေမေချက်တဲ့ဟင်းမှ စားကောင်းတယ်ဆိုတော့ အေး မချက်ချင်ဘူး”
“ဒါကတော့ မေမေက ငယ်ကတည်းက အတူနေလာတော့ မေမေချက်တာက ခံတွင်းတွေ့တာပေါ့၊ အေးက ကြိုးစားပြီး ချက်ပါလား၊ မေမေ့လက်ရာ မီလာမှာပေါ့”
အေးသည် နေရာတိုင်းမှာလိုလို ယောက္ခမအရိပ်ကြီး စိုးမိုးနေသည်ဟုထင်သော အထင်မှာ ထမင်းစားပွဲကိုပါ ရောက်လာသည်။ သူကလည်း အိမ်မှာ တစ်ဦးတည်းသောသမီး။ ထမင်းချက်နှင့် စားပွဲထိုးနှင့် နေလာသူဖြစ်သည်။ မီးဖိုချောင် မဝင်ခဲ့ဖူးပါ။ ဒီမာနကလည်း ရှိသည်။ ယခု ရှိန်း စားသောက်ချိန်မှာ ခံတွင်းမတွေ့သည်ကို ချက်တော့လည်း
"အခု ချက်ကျွေးရမှာက ယောက္ခမ မဟုတ်ဘူး၊ မင်းလင်ကို ချက်ကျွေးရမှာ"
ရှိန်းသည် မင်းတွေ ငါတွေနှင့် အော်ကြီးဟစ်ကျယ် ပြောသွားတော့သည်။
အေးသည် သိမ်မွေ့သော အိမ်ထောင်ရေး၏ အကွေ့အလှည့်ကို လက်တွေ့ကြုံရသောအခါ သူ မကိုင်တွယ်တတ်။ သူ့စိတ်က အချစ်ကို အားကိုးသည်။ ရှိန်းသည် သူ့ကိုချစ်၍ယူလာသည့်အတွက် အချစ်သည် ကြုံလာသောပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် ထင်သည်။ ပြီးတော့လည်း သမီးရည်းစား ချစ်သူဘဝမှာ ချစ်သူလက်မလွတ်အောင် ထိန်းဖို့လိုသည်ဟု ထင်ခဲ့သည်။ လက်ထပ်ပြီးမှ ပိုင်ဆိုင်လာပြီဖြစ်၍ ရှိန်းအချစ်ကို ယုံစားသည်။ အချစ်အားကိုးနှင့် သူဆိုးသမျှ ခွင့်လွှတ်လိမ့်မည်ထင်ပေမယ့် အိမ်ထောင်သက်ကြာလာသောအခါ အချစ်သည် အိမ်ထောင်ကို ထိန်း၍မထားနိုင်ပါ။ နားလည်မှု၊ အပေးအယူ၊ စေတနာများကသာ ယိုင်နဲ့လာသောအချစ်ကို ကျားကန်ပေးသည်ကိုလည်း အေး သတိမရမိ။
သားကြီး သီဟရှိန်း မွေးလာတော့ ကျောင်းထားချိန်မှာ ရှိန်း တစ်လပေးသော ငါးထောင် မလောက် ဆိုကာ အေးက ယောက္ခမ ပေးသောနားကပ်ကို ရောင်းချလိုက်သည်။ မမျှော်လင့်ဘဲ ဤမီးစက ဟုန်းဟုန်းတောက်လာခဲ့သည်။
"မင်းလောက် မိုက်မဲတဲ့မိန်းမ မရှိဘူး၊ ဒါလောက် တုံးရသလား၊ ငွေမလောက်ရင် ငါ့ကို တိုင်တိုင်ပင်ပင် ပြောပေါ့၊ အခုတော့ ငါ့အမေပစ္စည်းကို လုပ်ရက်တယ်"
“အမေ့ပစ္စည်းထိတော့ နာတယ်ပေါ့လေ၊ အဲဒီလိုနာအောင် တမင်လုပ်တာ"
အေးစကားသည် ရှိန်း ရင်ကို ပစ်ဆောင့်သည်။ အမေကို ချစ်သူ လေးစားသူရင်မှာ မီးဟုန်းဟုန်းတောက်ခဲ့သည်။ အေးနားထင်ကို လက်ဝါးနှင့် ရိုက်လိုက်သည်။ ဒီကတည်းက သူတို့ရန်ဖြစ်လျှင် လက်ပါလာသည်။
“လင်မယားရလျှင် ဘယ်တော့မှ လင်အရိုက်မခံရအောင် နေပါ၊ ရိုက်စရှိလျှင် လင်၏လက်သည် သွေးစွန်းလေတော့ ရိုက်စရှိလျှင် ရိုက်တတ်သည်” ဆိုသော အိမ်ထောင်ရေးနီတိကိုလည်း အေး ကြားဖူးမည် မထင်ပါ။ အေးက သူနိုင်သည့်အပိုင်းမှ ကိုင်သည်။ လက်ထပ်ပြီး နှစ်တိုင်း ရှိန်းက သီတင်းကျွတ်လျှင် မန္တလေးပြန်ကာ နှစ်ဖက်မိဘများကို ကန်တော့သည်။ အေးနားထင်ကို ရှိန်း ရိုက်ပြီးကတည်းက အေးသည် သီတင်းကျွတ်တွင် မန္တလေးမလိုက်။ သူ့ဘာ သာသူ တစ်ယောက်တည်းပဲ သွားသည်။ ဒီကတည်းက ရှိန်းသည် အေးစက်သော လက်များနှင့်ပင် အေးထံကို ကမ်းလှမ်းခြင်းမပြုပါ။
လုပ်ငန်းများတိုးချဲ့၍ မေမေဝယ်ပေးသော အိမ်ခန်းလေးမှ ပြောင်းရွှေ့ကာ ခြောက်မိုင်ခွဲရှိ ခြံနှင့်တိုက်ကို ဝယ်ပြီးတော့လည်း သူတို့အိမ်ထောင်ရေးအခြေအနေက ပြောင်းလဲမှုမရှိပါ။ အထူးသဖြင့် ထမင်းပွဲမှာ မျက်နှာချင်းမဆိုင်ကြသည်က သူတို့၏သဘောကွဲလွဲမှုကို ပိုမိုကွာဟလာစေပါသည်။
ရှိန်းသည် ပညာတတ်ပေမယ့် ဒေးလ်ကာနက်ဂျီစာအုပ်ကို ဖတ်ဖူးမည် မထင်။ ဒေးလ်ကာနက်ဂျီက လက်တွေ့လား ဘာလား မသိ၊ ဇနီးက ဟင်းချက်ကျွေးလျှင် .. "ခင်ချက်တာ သိပ်ကောင်းတာပဲ၊ မောင် လျှာလည်သွားပြီ" ဟု ဇနီးကို ချီးကျူးစကား ပြောလိုက်ပါ။ မိန်းမများသည် လင်သည်ထံက ဒီလိုစကားမျိုးကြားရလျှင် မိမိလက်ကိုပင်ဖြတ်ပြီး ထင်းစိုက်ကာ ယောက်ျားကို ချက်ကျွေးမည်တဲ့။
ရှိန်းကတော့ အေး ဟင်းချက်ကျွေးတိုင်း...“အသုံးက နည်းနည်းမှမကျဘူး”ဟု ဆိုလေတော့လည်း အေးက ဘယ်တော့မှ မီးဖို မဝင်တော့ပါ။
အပိုင်း(၄)ဆက်ရန်
------------------
#ခင်နှင်းယု
0 Comments