#မွှေး
အပိုင်း(၂)
“အတွတ်"
မိန်းကလေး၏ နှုတ်ဖျားကလေးမှာမူ လှုပ်ရုံသာ ရွေ့လျားကာ အသံတိုးတိုးလေးနှင့် တုန်တုန်ယင်ယင် ထွက်၍လာသည်။ မျက်ရည်များမှာ မျက်လုံးအိမ်မှ လိမ့်၍ကျလာပြန်ကာ ကိုယ်မှာ သိမ့်သိမ့်တုန်နေတော့သည်။ သူ့ကို မြင်ကာမှ ရှိုက်ကာငင်ကာ ငိုနေပြန်တော့သည်။
“တိတ် ...တိတ်၊ ငိုမနေနဲ့လေ မွှေး၊ ကိုယ်နဲ့တွေ့ရပြီပဲ။ တိတ်တော့လေ၊ တိတ်တော့။ အမှန်တော့ ဝမ်းသာစရာကြီး၊ ကိုယ်တို့ ကွဲနေကြတာ ဘယ်လောက်ကြာပြီလဲဟင်၊ ကဲ ...တော်ကြာ ဆေးခန်းက ရောဂါစစ်ဆေးရအောင် လာခေါ်ရင် ငိုရုပ်ကြီးနဲ့လိုက်သွားရမှာ မရှက်ဘူးလား။ တိတ်စိမ်း၊ ငယ်စိတ်ကလည်း အခုထိ မပျောက်သေးဘူး၊ မစ္စလွန်း ပြောလို့ ဘယ်သူလဲလို့ ကထိတ်ထိတ်နဲ့ လာလိုက်တာ၊ တွေ့တော့မှ မွှေးမှန်းသိတော့တယ်၊ ကဲ ...ရောဂါအတွက် လည်း စိတ်မပူနဲ့။ အခု ဆီးတွေ၊ ဝမ်းတွေ သူတို့လာယူပြီမဟုတ်လား။ ဒီနေ့ ကိုယ်ကိုစမ်းသပ်ကြည့်၊ ဓာတ်မှန်ယူပြီးရင် ရောဂါအခြေအနေ သိရမှာပဲ။ ရောဂါသိပ်မများရင် မြန်မြန်ရပါတယ်ကွ။ အတွတ်တို့သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ရတာ မပျော်ဘူးလားဟင်၊ ဒါကြောင့် မနက်က ဥဩကလေးက ကိုယ့်ခေါင်းပေါ်ကနေ အော်နေတာကိုး”
သူသည် ဝမ်းသာအားရ မိန်းကလေးကို နှစ်သိမ့်အောင် ရွှန်းရွှန်းဝေဝေ ပြောပြနေသည်။
“ဝမ်းသာပါတယ် အတွတ်ရယ်၊ ဒါပေမယ့် ရောက်ရောက်ချင်း မွှေး သိပ်အားငယ်တာပဲ။ အိပ်ရာပေါ်က မထရ၊ ထမင်းချက်ကုလားမကလဲ ကုလားစကားကလွဲလို့ မတတ်။ မွှေးကလည်း ကုလားစကား မတတ်၊ ဘယ်လိုမှလဲ မလုပ်တတ်ဘူး”
“ညကရော မွှေးနဲ့ အိပ်ဖို့ ကုလားမ ချက်ချင်းရရဲ့လား၊ ညစာရော စားရရဲ့လား၊ ဒီမှာ အစီအစဉ်မရှိရင် သိပ်ဒုက္ခရောက်တယ်”
“စားရပါတယ်။ ဦးပု ဆိုတာက အပို့လွှတ်လိုက်တယ်။ ဘယ်မှာ ထမင်းမြိုကျမလဲ အတွတ်ရယ်။ စောင့်အိပ်တဲ့ကုလားမကတော့ အင်္ဂလိပ်စကားတတ်တယ်။ ဒါပေမယ့် ည(၈)နာရီလာပြီး မနက်(၅)နာရီ ပြန်တာ ဘာလုပ်မလဲ" "
“ကဲ ... ဒါတွေ တဖြည်းဖြည်း အဆင်ပြေအောင် လုပ်ကြတာပေါ့။ အခု မငိုနဲ့တော့နော်၊ ဒီက မြန်မာလူနာတွေကလည်း အင်မတန် ခင်တတ်ပါတယ်ကွယ်။ တော်ကြာ မွှေး ပျော်လာမှာပါ"
သူသည် စားပွဲပေါ်မှ ဖိုင်တွဲကို လှမ်းကြည့်ရင်း ပြောပြနေ၏။
“တခြားလူနာတွေ ကြည့်ဦးမယ်နော်။ မအားသေးဘူး၊ ညနေကျ အားတယ်။ မွှေးအနားမှာ ကိုယ်လာနေမယ်၊ ကဲ ... ကဲ တိတ်တော့၊ ကိုယ်သွားတော့မယ်"
သူ့မျက်နှာသည် ပြုံးရွှင်ကာ မွှေး၏နဖူးကို လက်နှင့်သပ်၍ ထွက်သွားတော့သည်။
လူနာမိန်းကလေးသည် အိပ်ရာပေါ်မှ ဒေါက်တာထွက်သွားရာကို လှမ်းကြည့်နေ၏။ ယခုလို ပြန်လည်၍ မမျှော်လင့်ဘဲ တွေ့ရသည်မှာ ဘုရားသခင်တန်ခိုးတော်ပဲ၊ ညကလိုသာ အမြဲအားငယ်နေလျှင် ရောဂါကြောင့်မသေ၊ စိတ်ဆင်းရဲ၍ သေရမည်ဖြစ်သည်။
အိမ်တစ်လုံးလို သပ်သပ်ဖြစ်ရသည့်အထဲ အဝတ်အစား အခန်းများနှင့် ရေချိုးခန်းတွဲ့၍ထားသော အိမ်နောက်ပိုင်းမှလွဲ၍ အကာအရံမှာ မျက်နှာစာတွင် လုံးဝမရှိ၊ ညသို့ရောက်လျှင် ကွင်းပြင်ကြီးထဲတွင် အိပ်နေသလို လေကဒလဟော တိုက်နေသည်။ ယင်းချပ်ကြီးများက အင်္ဂတေတိုင်ကို ရိုက်ခတ်သံသာ ကြောက်စရာလို လှုပ်ရှားနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်း၍မှောင်အတိကျနေသည်က ပို၍အားငယ်စရာကောင်းပေသည်။ ခြေရင်းသမံတလင်းပေါ်တွင် အစောင့်ကုလားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်၍ပျော်နေသောကြောင့် သူ့ဟောက်သံမှာ ပို၍စိတ်ချောက်ချားစရာကောင်းတော့သည်။ မည်းမှောင်နေသော ကန္တာရထဲတွင်နေရသလို ကြောက်၍ကြောက်၍လာသည်။ ကြောက်စိတ် များလာတိုင်း ပို၍ပို၍ ငိုရပြန်သည်။ နံနက်တွင် မျက်လုံးများက ဖွင့်မရလောက်အောင်ပင် ရောင်၍နေတော့သည်။
ဒေါက်တာမိုးကောင်း ထွက်သွားပြီးနောက် တစ်ကိုယ်လုံး ကာကီယူနီဖောင်း ဝတ်ထားကာ ကုလားကလေးတစ်ယောက်သည် လန်ခြားတစ်ခုကိုဆွဲကာ သူ့အိမ်လေးရှေ့တွင် ရောက်၍လာလေသည်။ ကုလားလေးသည် လက်ထဲမှစာကို မွှေးအား ထုတ်၍ပြသည်။
စာထဲတွင် ရောဂါစစ်ဆေးကြည့်ရှုရန်အတွက် လူနာများကို စာရင်းအလိုက် ခေါ်ခိုင်းခြင်းဖြစ်ပေသည်။ သူသည် အဝတ်အစားလဲကာ လန်ခြားပေါ်သို့ တက်၍လိုက်သွားသည်။ ထိုဆေးရုံတွင် မွှေးအတွက် ထူးခြားသည်မှာ အပူချိန်ကို မြန်မာပြည်မှာကဲ့သို့ ပါးစပ်တွင် ပြဒါးတိုင်ထည့်၍ မတိုင်းဘဲ စအိုမှ ယူခြင်းနှင့် လန်ခြားစီးရခြင်းပင် ဖြစ်လေသည်။
ဆေးရုံလူနာများ စစ်ဆေးရာအခန်းသို့ရောက်လျှင် သူသည် အခန်းတစ်ခုထဲသို့ ဝင်၍သွားရသည်။
“ရှင် အင်္ကျီတွေ ချွတ်ပြီးရင် ရင်လျားထားပါ။ ရှင့်ကို ဆရာဝန်တွေ နားကျပ်နဲ့ အဆုတ်ကို စမ်းသပ်ကြမယ်။ ပြီးတော့ ရှင့်ရောဂါရဲ့ စတင်ဖြစ်ပျက်ပုံတွေကို စစ်ဆေးပါလိမ့်မယ်”
မစ္စစ်ဆိုင်မွန်ဆိုသူ ဆရာမလေးသည် သူ့အား မြန်မာလို ဆီးကြိုပြောပြ၏။ သူသည် အိန္ဒိယတိုင်းရင်းသူဖြစ်သော်လည်း မြန်မာပြည်တွင် ကြီးသူဖြစ်၍ မြန်မာစကားကို ရည်ရည်မွန်မွန်ပြောတတ်ကြောင်းလည်း ထပ်ပြောပြန်သည်။ ဆရာဝန်ရောက်လျှင် စက္ကူပါးလေးတစ်ခုကို မွှေးအား လှမ်းပေးကာ ကုလားထိုင်တစ်ခုတွင် ထိုင်ခိုင်းသည်။ အင်္ကျီအားလုံးကို ချွတ်ထားသော မွှေးသည် အသက်ကို မှန်မှန်ရှူနေရ၏။ သူတို့ပေးသော စက္ကူပါးလေးကို ပါးစပ်ကာကာ ချောင်းဆိုးပြသည်။
မွှေးသည် ချောင်းတစ်ခါဆိုးလိုက်၊ အသက်တစ်ခါ ရှုလိုက်နှင့် (၁၀)ခါလောက် လုပ်ပြရသည်။ ထိုအချိန်တွင် ဆရာဝန်သုံးယောက်ခန့်သည် ကျောအထက်ပိုင်းနှင့် ရင်အထက်ပိုင်းကို နားကျပ်များနှင့် အသီးသီး နားထောင်ကြသည်။
“ကျွန်တော် မေးခွန်းအနည်းငယ် မေးပါရစေခင်ဗျာ"
စမ်းသပ်သော ဒေါက်တာများထဲမှ တယောက်သည် သူ့အား အင်္ဂလိပ်ဘာသာဖြင့်ပြောကာ ခွင့်တောင်း၏။
“ဟုတ်ကဲ့ မေးနိုင်ပါတယ်”
“နာမည်ကတော့ မွှေးပဲနော်”
“မှန်ပါတယ်"
“ဒီကိုမလာခင် ဒီရောဂါအတွက် ဆေးကုခဲ့ပါသေးလား”
“ဟုတ်ကဲ့၊ ရန်ကုန်ဆေးရုံကြီးမှာ နှစ်လ တက်ခဲ့ပါတယ်”
“မွှေးမှာ မိဘရှိသေးလား”
“အဖေ ရှိပါတယ်။ အမေတော့ မရှိဘူး”
“အို... ဝမ်းနည်းပါတယ်ခင်ဗျာ။ မိခင်က ဘာရောဂါနဲ့ ဆုံးသလဲ”
“အဆုတ်နာ”
မွှေးသည် အံကြိတ်၍ ဖြေလိုက်၏။
“ဪ ... မွှေးမှာ သားချင်းများရော”
“ခုနစ်ယောက်ရှိပါတယ်”
“အားလုံး အခုရှိတယ်နော်"
“ဟင့်အင်း သုံးယောက် ဆုံးပါးပြီး နှစ်ယောက်က ရိုးရိုးရောဂါနဲ့၊ အစ်မတစ်ယောက်ကတော့ အဆုတ်နာ"
သူသည် အံကြိတ်ရာမှ ထိုစကားလုံးကို မနည်း ပါးစပ်ထဲမှ ထွက်ရ၏။ “အဆုတ်နာ"ဟူသော စကားလုံးကို သူ့ပါးစပ်မှ ခဏခဏ မရွတ်ချင်၊ ရွတ်ဆိုရမည်ကို ရင်ထဲမှာ ကြောက်၏။ ရွံ့ရှာ၏။ စက်ဆုတ်၏။ ပြင်းထန်သော လှိုင်းတံပိုးသည် ကမ်းပါးကို ရိုက်ချိုးပုတ်ခတ်၍ ကမ်းကိုပြိုစေသလို ဒီရောဂါက သူတို့မိသားစု၏ပျော်ရွှင်မှုကို ရိုက်ပုတ်ချိုးဖဲ့ ဖျက်ဆီးခဲ့သည်။ သွေးစုတ်ဘီလူးကြီး လက်လိုပင် သူတို့မိသားစုထဲမှ မေမေနှင့် မမတို့အား တစ်ယောက်စီတစ်ယောက်စီ ဆွဲထုတ်ယူသွားခဲ့သည်။ ထိုဘီလူးကြီး အရိပ်သည် သူတို့မိသားစုလေးအပေါ်တွင် ထိုးကျ စိုးမိုးနေပြန်သည်။
ယခင်က သာယာသည့် ချမ်းမြေ့သည့် ပျော်ရွှင်စရာကောင်းသည်ဆိုသော သူတို့မိသားစုလေး၏အသိုက်အဝန်းမှာ ဖရိုဖရဲဖြစ်ခဲ့ရသည်မှာ ကြာပါပကော။ လောကဓံကို အထပ်ထပ်ရင်ဆိုင်ရင်း မကြောက်မရွံ့ မိန်းမပင်ဖြစ်သော်လည်း အပြုံးမပျက်ခဲ့သော မေမေသည် ထိုရောဂါကို ဒူးထောက်ခဲ့၏။ ယစ်ပလ္လင်အပူဇော်ခံရသော သားကောင်လို အဆုတ်နာယစ်ပလ္လင်တွင် အသက်ပျောက်ခဲ့ရသည်။
လွန်ခဲ့သော ဆောင်းဦးပေါက်က လှပ၍အေးဆေးသော သူ၏မမကို အဆုတ်နာဘီလူးကြီးသည် ဆွဲ၍ယူသွားခဲ့ပြန်သည်။ ရင်ထဲမှာ နာနေရုံမက ကြောက်ရွံ့၍နေသည်။ ခိုကိုးရာမဲ့သလို အားငယ်နေသော စိတ်က ထိုရောဂါမှ လွတ်မြောက်ရာကို ကြောက်အားလန့်အားနှင့် ကြည့်နေသည်။ ခြင်္သေ့အဖမ်းခံရသော ယုန်ကလေးလို တုန်တုန်ယင်ယင်နှင့် လွတ်မြောက်ရာကို ရှာနေခဲ့သည်မှာ ကြာပါပကော။
ဒေါက်တာသည် မွှေး၏မိခင်နှင့်အစ်မများ သေဆုံးရခြင်းရောဂါကို ရေးမှတ်ပြီး သူ့ကိုပြန်ကြည့်လိုက်သောအခါတွင် မွှေး၏မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်နေပြန်သည်။
“မငိုပါနဲ့ခင်ဗျာ၊ ဒီလိုစိတ်ထိခိုက်စရာကောင်းတဲ့ မေးခွန်းကို မေးရတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ တကယ်ကတော့ မွှေးရဲ့ ရောဂါဟာ ဆွေစဉ်မျိုးဆက်အရ ကူးစက်လာတာလား၊ အမျိုးထဲမှာ မရှိဘဲ အားနည်းရာကနေ ရောဂါဝင်လာတာလားဆိုတာ သိချင်လို့မေးရတာပါ”
“မှန်ပါတယ်၊ ဒေါက်တာအနေနဲ့ မေးသင့်ပါတယ်။ ကျွန်မ စိတ်မနိုင်လို့ ငိုမိတာကိုလည်း ခွင့်လွှတ်ပါ"
“အို ... ဒီလိုပါပဲ။ အရင်တုန်းကဆို ဒီရောဂါ အင်မတန်ကြောက်စရာကောင်းပါတယ်၊ တစ်ဆေလိုပဲ လူတွေရဲ့ စိတ်ကို အမြဲခြောက်နေတာပဲ။ လွန်ခဲ့တဲ့ ဆောင်းဦးကမှ ခင်ဗျားရဲ့အစ်မ ကွယ်လွန်ခဲ့ရတယ် ဆိုတော့ စိတ်ထိခိုက်စရာပါပဲ။ ဒါပေမယ့် မွှေးဟာ ဒီကညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်မယ်ဆိုရင် မွှေးရဲ့ရောဂါဟာ မများပါဘူး။ ကုလို့ ပျောက်နိုင်ပါပြီ။ ကင်ဆာရောဂါအတွက်သာ ကုသနည်း ရှာလို့မတွေ့ကြသေးတာပါ။ အထူးသဖြင့် စိတ်ချမ်းသာမယ်။ လုံလောက်တဲ့ အနားယူမှု၊ ကုသမှု ရမယ်ဆိုရင် ချက်ချင်းကျန်းမာလာမှာပါ”
ဆရာဝန်ခမျာမှာ ဆရာဝန်ထုံးစံအတိုင်း သူ့ကို အားပေးရှင်းပြရှာသည်။ သူ့စိတ်ထဲမှာ သူ့ရောဂါ ကု၍မှပျောက်ပါ့မလားဟု သံသယဖြစ်နေဆဲပင် ဖြစ်ပေသည်။
“ဒါနဲ့ မွှေးမှာ အိမ်ထောင်ရှိပါသလား”
“ဟုတ်ကဲ့"
“သူကတော့ ကျန်းကျန်းမာမာပဲနော်”
“ဟုတ်ကဲ့”
“မွှေး ဒီရောဂါဖြစ်တယ်လို့ သိရတာ ဘယ်တုန်းလောက်ကလဲ”
“မွှေးရဲ့ မမဆုံးပြီး တစ်အိမ်လုံး ဆေးစစ်ကြရာမှာ မွှေးရဲ့ အဆုတ်မှာ အစက်တစ်စက် တွေ့ရတယ်လို့ သိရတာပါပဲ”
“လွန်ခဲ့တဲ့ နှစ်လက ဆိုပါတော့"
“မှန်ပါတယ်”
“အဲဒီအတွင်း ဘာများ ထူးထူးခြားခြားဖြစ်ခဲ့သေးလဲ”
“ကိုယ်အလေးချိန်ဟာ တစ်ပတ်အတွင်း ငါးပေါင်လျော့လာခဲ့လို့ ကိုယ့်ဟာကိုယ် သင်္ကာမကင်းဖြစ်လာတာပဲ”
“ကိုယ်အလေးချိန် ရုတ်တရက် လျော့ကျတာဟာ စိုးရိမ်စရာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် တခြားရောဂါကြောင့် ဖြစ်တတ်ပါတယ်။ ကြီးကြီးကျယ်ကျယ် ဘာရောဂါမျိုး မွှေးဖြစ်ခဲ့ဖူးသလဲ"
“Jaundice”
*Jaundice - အသားဝါရောဂါ
“ဘယ်လောက်ကြာလဲ ဘယ်တုန်းလောက်ကလဲ”
“သုံးလ နီးနီးလောက် လဲနေခဲ့ပါတယ်၊ လက်မထပ်ခင်ကပါ”
“ဪ ဒါနဲ့ မွှေးရောဂါအခြေအနေနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကြောင်းပြန်ဖို့ ဗိုလ်မှူးနိုင်ဆိုတဲ့ သူဆီက သံကြိုးစာတစ်စောင် ဆေးရုံအုပ်ကြီး မစ္စတာဂျေဇူဒင့်ဆီကို ရောက်လာပါတယ်။ ကျွန်တော်တို့ အစီရင်ခံလိုက်ပါ့မယ်၊ မွှေးရဲ့ ရန်ကုန်လိပ်စာကရော ...”
“အဲဒီ ဗိုလ်မှူးနိုင်ဟာ မွှေးရဲ့ ခင်ပွန်းပါပဲ”
“ဪ..ဒီလိုဆို ပြီးတာပါပဲ၊ ကဲ .. .ဓာတ်မှန်ရိုက်ကြဦးစို့နော်။ Screening Reading တော့ နက်ဖြန်မှ ယူပါ့မယ်။ Tomography ဒေါက်တာဂျေဇူဒင်က လိုတယ်ဆိုရင် ကျွန်တော်တို့ ယူပါ့မယ်”
ဆရာဝန်သည် မွှေး ပြောကြားသမျှထဲမှ အကြောင်းအရာတချို့ကို ရေးမှတ်၍ ဖိုင်တွဲများကို သိမ်းဆည်းကာ အပြင်သို့ ထွက်သွားသည်။ မစ္စစ်ဆိုင်မွန်က မွှေးအား အဝတ်အစား ပြန်ဝတ်စေကာ ဓာတ်မှန်ခန်းဘက်သို့ ကူးလာလေသည်။
ဒီနေ့အဖို့ မွှေး၏ သွေး၊ ဆီး၊ ဝမ်းနှင့် ကိုယ်ခန္ဓာကို စစ်ဆေး၍ပြီးခဲ့လေသည်။
* * *
တိတ်ဆိတ်သော အာရောဂျံ၏နေ့လယ်ပိုင်းတွင် နွေဦးလေသည် အပူငွေ့များကို ဆောင်ယူ၍လာသောကြောင့် နံနက်က နှင်းကြွေငွေ့လည်း ပျောက်ပျက်သွားတော့သည်။ လူနာအားလုံးပင် အိပ်ရာထက်တွင် နားနေအိပ်စက်နေကြလေပြီ။
မန်ကျည်းရွက်ခြောက်လေးများသည် လေဝှေ့လိုက်တိုင်း လူနာခန်းများဆီသို့ ဝဲကာဝိုက်ကာ သွန်ကျလာကြသည်။ တမာပွင့်ဖတ်များသည်လည်း မြေပြင်တွင် ဖွေး၍နေကြတော့သည်။
မွှေးသည် အိပ်ရာထက်တွင် အိပ်မပျော်နိုင်သလို၊ ထမင်းစားပြန် ခေတ္တနားနေချိန်တွင် အိပ်ရာပေါ်တွင် လှဲနေသော ဒေါက်တာမိုးကောင်းအဖို့လည်း မှေး၍မရ။
မွှေးမျက်လုံးတွင် ဒေါက်တာမိုးကောင်းကို မမြင်၊ အတွတ် ဆိုသော သူငယ်လေးကိုသာ မြင်ယောင်၍ ဒေါက်တာမိုးကောင်း မျက်လုံးထဲတွင်လည်း ဆံရစ်ဝိုင်း သျှောင်ထုံးလေးနှင့် မကျည်းတန်လေး၏မျက်နှာသည် တရိပ်ရိပ် ပေါ်လာသည်။ အတိတ်ဆိုသည်ကလည်း မေ့ပျောက်နိုင်ခဲသော အရာတစ်ခုပါတကား။
အဝေးမှ ကျောက်တောင်ရံကို ပဲ့တင်ပြန်လာသော ဥဩငှက်၏အသံကလည်း ညှင်းတွဲ့တွဲ့နှင့် သူတို့နှစ်ဦးကြားတွင် လူးလာယှက်နေသလို ကြား၍နေရသည်။ ဥဩသံသည် အနီးကပ်ကြားရချိန်တွင် နွေဦး၏တမန်တော်သဖွယ် လှပညွှတ်နူးစရာကောင်းသည့် နွေ၏သာပုံ တော၏သာဟန်များကို ရင့်ကျူးသီဆို၍ ကောင်းချီးပေးကာ လူသားတို့အား ပြောပြနေလေသလားဟု ထင်ဖွယ်ဖြစ်သော်လည်း အဝေးမှနေ၍ ဥဩငှက်၏ သာသာညှင်းညှင်း လေးလေးတွဲ့တွဲ့ တွန်မြည်သံကမူ ဝေးခဲ့ကွာခဲ့ပြီဖြစ်သော အတိတ်၏ပုံပြင်တို့ကို ပြန်လည်ဖွဲ့နွဲ့၍ တင်ပြဟန်ရှိခဲ့၏။
ဥဩသံသည် မျှင်း၍မျှင်း၍ အဝေးတွင် ကွယ်ပျောက်လုမတတ် သဲ့သဲ့မျှသာ ကြားရသော်လည်း တစ်ခါကဇာတ်ကြောင်းများကိုမူ သူတို့နှစ်ဦး၏နှလုံးသားတွင် ထင်း၍ထင်း၍ အသစ်ဖြစ်ကာ ပေါ်လာရပြန်သည်။ သူတို့နှစ်ဦး၏ အတွေးအာရုံတွင် အာရောဂျံသည် မှုန်ကာ မှေးကာ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
မဒနာပလီလမ်းမကြီးသည် တသွင်သွင် တငြိမ့်ငြိမ့် ဆင်းလျက်ရှိသော ဝါးခယ်မမြစ်အသွင်သို့ ပြောင်းလဲသွားတော့၏။ ထိုမြစ်ကြောင်း တစ်ကွေ့တွင် အတွတ်နှင့် မွှေးတို့ တွေ့ခဲ့ကြ၏။ မြစ်ရေယဉ်စီးသလို ဘဝဆိုသည်က ရပ်တည်မနေဘဲ ရေကြောင်းပြောင်းခဲ့သည်မှာ ကာလကြာမြင့်ပါပကော။
အတွတ်ကတော့မူ ဘယ်တော့မှ မမေ့။ မြစ်ရေယဉ်သည် ပင်လယ်သို့ စီးဆင်း၍ အစပျောက်ဆုံးတော့ သူသည် ဗွေအဏ္ဏဝါဝယ် ပြီးခဲ့သော ပုံပြင်အစကို လိုက်၍ရှာဦးမည်။ ပြန်လည်တွေ့ဆုံနိုးနှင့် ဤအဏ္ဏဝါတစ်ဘက်တွင် စောင့်နေဦးမည်သာဖြစ်သည်။ ယခုတော့ သူ မျှော်လင့်သလို ပြန်လည်၍ တွေ့ဆုံကြပါပကော။
အပိုင်း(၃)ဆက်ရန်
------------------
0 Comments