မွှေး - ခင်နှင်းယု အပိုင်း (၃)

#မွှေး

အပိုင်း(၃)

မွှေးဆိုသည့် မိန်းကလေးကလည်း ဟိုး ခပ်ငယ်ငယ် မကျည်းတန်လေးအဖြစ်နှင့်ကတည်းက ဝါးခယ်မမြစ်ကို ဒီမှာဘက်မှ ဟိုမှာဘက်သို့ရောက်အောင် နေ့စဉ်ကူးနေရသော မွှေးပါတကား။ ယခုလည်း  သူ့မှာ မြစ်ကို ကူးနေဟန်ရှိသေး၏။ မိန်းကလေးနှယ် ဘာကြောင့်များ ကမ်းတစ်ဖက်ဖက်တွင် အခြေမစိုက်နိုင်သေးပါလိမ့်။ 

မြစ်ကိုကူးရသည့်အဖြစ်က မြင်နေကျမို့ မခဲယဉ်းသလို အကြောင်းမထူးသလို ရိုးနေသော်လည်း တကယ်တော့ အန္တရာယ်များလှသည်။ လှိုင်းကလည်း ထန်ချင်ထန်မည်။ မိုးသက်က ဆင်ချင်ဆင်မည်။ သင်္ဘောကြီးတွေကလည်း မွှေးလိုလှေငယ်ရှင်အတွက် အန္တရာယ်ကြီးလှပါတကား။ အမှန်တော့ မွေး နားချိန်တန်ပေပြီ။ မွှေးသည် မြစ်ကြောင်းများကို အလျားလိုက် ကူးနေလေသလား။ 

မွှေး၏အကြောင်းကို ပြန်လည်တွေးရသည်မှာ ရင်နာစရာကောင်းပေမယ့် အတွတ်အဖို့ အရသာရှိသလို အမြဲတွေးနေချင်သည်။ အခြေအနေအရ ဘဝအမျိုးမျိုး ကူးပြောင်းခဲ့၍ ယခု ဆရာဝန်တစ်ယောက်အဖြစ် လူကြီးဘဝသို့ ပြောင်းလာသော်လည်း ဤမိန်းကလေး၏ပုံပြင်က သူ့နှလုံးသားထဲမှ မထွက်။ ဘယ်တော့မှလည်း မရိုးနိုင်ခဲ့။

လရောင်အောက်မှာ မြကြိုးလို သွယ်ပျောင်းတောက်ပနေသော ဝါးခယ်မမြစ်။ မိုးဦးလေတွင် ယိမ်းနွဲ့လှုပ်ရှားနေသော စပါးပင်ပျိုများ။ 

ကောလိပ်ကျောင်း ရုံးရှေ့ရှိ ရေတမာပင်ကြီး။ ပြီးတော့ ဗိုလ်မှူးနိုင်။

သူ့ခေါင်းထဲတွင် ထိုကဏ္ဍများသည် သတ်သတ်စီ ရှိခဲ့ကြသည်။ 

“တေးဆိုကြ ပျော်ကြတာတွေ
ငယ်ငယ်က သဘာဝအခြေ။ 
မြင်ယောင်လို့နေ
ခုနေများ ဟိုခေတ်တွေ
ယှဉ်ကာပဲ ကြည့်လိုက်ရင်လေ
လွန်ကွာခြားပေ။ 
အမြဲပဲတွေ့ပါရစေ
အခါခါ ဆုတောင်းနေ
ကျောင်းဘုရားသွားကာပင်
တူယှဉ် မကွဲပေ”

သူသည် ခေါင်းဖြီးရင်း ရေချိုးရင်း ဤသီချင်းလေးကို မရိုးနိုင်အောင် ခဏခဏဆိုမိသည်။ ဆိုပြီးတိုင်း အသံတိမ်ဝင်ကာ မွှေး၏အာရုံသို့ ကူးပြောင်းသွားရသည်မှာ များပါပကော။

* * * 

ဝါးခယ်မတစ်ဖက် ဤမြစ်ကမ်းခြေတွင် သူတို့မိသားစု နှစ်အိမ်ထောင်၏ ဘိုးဘွားများသည် ဘယ်တုန်းကများ အခြေစိုက်သည်ကို အတွတ် မမှတ်မိပေ။ တစ်ခါတစ်ရံတော့ ဆင်ဝင်ခန်းတွင် အတွတ်ကို မေမေ ပုံပြောသလို ပြောပြ၏။ ဘိုးဘွားများ အညာမှ ပန်းတနော်ရောက်လာပုံ၊ ပန်းတနော်မှ သူ့အဘိုးများလက်ထက်တွင် ဝါးခယ်မမြစ်၏ ဤမှာဘက်၌ အခြေစိုက်လာပုံတို့ကို ပြောပြ၏။ သို့သော် ပုံပြင်များမှာ ရှည်ကြာလွန်း၍ ဝိုးတိုးဝါးတားနှင့် ကွယ်ပျောက်ခဲ့လေသည်။ 

ထင်ထင်ရှားရှား မှတ်မိသည်မှာ မွှေးတို့မိသားစုနှင့် ခြံချင်းကပ်နေရခြင်းဖြစ်၏။ သူတို့အိမ်နေရာများမှာ သော်ကရွာနှင့် ရွာသစ်ကြားတွင်ဖြစ်၍ သီးသန့်အိမ်နှစ်ဆောင်လို ဖြစ်နေသည်။ အိမ်ပုံစံ နှစ်ခုသည် ဆင်တူ၍ ရှေးကျလှသည်။ လေးပင်သုံးခန်း၊ နှစ်ထပ်အိမ်မြင့်ကြီးတွင် ဆင်ဝင်ခန်းများသည် ခံ့ခံ့လွင့်လွင့်ကြီးဖြစ်၍ နေပေသည်။ တောအိမ်ဖြစ်၍ ခြံဝင်းများက ကျယ်ပြန့်လှသည်။ အိမ်နှစ်ခုကြား စည်းရိုးနှစ်ခုဆုံရာတွင် ပိတောက်ပင်ကြီးသည် မြင့်မြင့်မှိုင်းမှိုင်းနှင့် နှစ်ဖက်မြေပေါ်တွင် မိုး၍နေကာ နောက်ဘက်တွင်မူကား ကံ့ကော်ပင်များ အုပ်၍နေပေသည်။ တောင်လေတိုက်ခတ်ချိန်တွင် မြစ်ဖက်မှ လေထန်သည်မို့ ပိ​တောက်ပင်ကြီး၏လှုပ်ရှားသံကို လှိုင်းဂယက်သံတို့ကြားမှ ကြား၍နေရသည်။

မြောက်လေပြန်လည်လျှင်လည်း ကျောဘက်လယ်ကွင်းများဆီမှ ​ရွှေရောင်စပါးတို့၏ တံစဉ်လက်သို့ မရောက်ခင် တီးတိုးညည်းညူသံများမှာ အိမ်ဝန်းကျင်တွင် လွင့်ပျံ့နေသည်။ ဆောင်းနှောင်းသို့တိုင်လျှင် မြောက်လေတွင် ရိုးပြတ်ရနံ့များသည် သင်းပျံ့၍လာခဲ့၏။

အိမ်များသည် မြစ်ဘက်သို့ မျက်နှာမူသော်လည်း လယ်များရှိရာ နောက်ဘက်မျက်နှာစာတွင်လည်း အပေါ်ထပ်၌ ဆင်ဝင်လို အဆောင်ပိုလေးများထုတ်၍ ထားသည်။ ထိုဆင်ဝင်မှကြည့်လျှင် လယ်ကွင်းများအလယ်၌ ရွှေရောင်ဝင်းနေသော သော်ကဘုရားကြီးကို ညွှတ်နူးဖွယ် ဖူးမြင်နေရပေသည်။ တစ်ခါတုန်းက ဤအဆောင်များမှ သူ၏အဘိုးအဘွားတို့သည် ​သော်ကဘုရားကို အာရုံပြုကာ ကြည်ညိုခဲ့ကြသည်ဟု မေ​မေက ပြောပြဖူးသည်။ မွှေးတို့မိခင် ဒေါ်တင်တင်ကြီး၏မိဘများလည်း ဤသို့ပင် အနောက်ဆောင်လေးမှ ဘုရားကို အာရုံပြုကြသည်ဆို၏။ သူတို့နှစ်အိမ်ထောင် ဘိုးဘွားများသည် အယူအဆ၊ အတွေးအခေါ် တူညီခဲ့ကြဟန်ရှိပေသည်။ 

မွှေးတို့မောင်နှမတစ်သိုက် ကျောင်းထားချိန်တွင်မူ မွှေးတို့ ခြံ​စောင့် ဦးဆယ်သည် လှေတစ်စင်းနှင့် ကလေးများကို တင်ကာ ဝါးခယ်မဘက်ကမ်းသို့ ကျောင်းသွားပို့ရ၏။ အငယ်ဆုံး ထွေးမှလွဲ၍ သူတို့အားလုံး ကျောင်းသွားကြရသည်။ မွှေးအစ်ကိုကြီး နှစ်ယောက်မှာ အတန်းကြီးသမားများဖြစ်ကြသော်လည်း အစ်မဖြစ်သူ အေး၊ ​မွှေးနှင့် လေးတို့မှာ အတွတ်လိုပင် မူလတန်းသားများဖြစ်ကြသည်။ အတွတ်သည် အလွန်အဆင်မပြေမှ တစ်ယောက်တည်း
ကျောင်းသို့သွားသည်။ များသောအားဖြင့် မွှေးတို့မောင်နှမတစ်စုနှင့်သာ သူကျောင်းသွားခဲ့သည်။ 

ဆောင်းရာသီသည် သာတောင့်သောယာရှိသော်လည်း စာမေးပွဲနီးသောကြောင့် ကလေးများအတွက် အမှတ်မထင် ကုန်လွန်ခဲ့ရသည်။

နွေသို့ရောက်လျှင်မူ ကျောင်းပိတ်ရက်လည်း များလာခဲ့၍ ခြံဝင်းများထဲတွင် ရှည်လျားသောအရိပ်များ မိုးလာသည့်နှင့်တစ်ပြိုင်နက် မွှေးတို့မောင်နှမတစ်စုနှင့် အတွတ်မှာ သစ်ပင်များကြားမှ မထွက်​တော့ပေ။ လသာသော ညများတွင်မူ လယ်ကွင်းစပ် ပတ်ကြားအက်ပေါ်တွင် စိန်ပြေးတမ်းကစားရချိန်သည် အတွတ်တို့အတွက် မမေ့နိုင်ကောင်းသော ညများသာတည်း။ တစ်ခါတစ်ရံ ခြံစောင့်ခွေးများသည်ပင် သူတို့ကစားရာမှာ ပါခဲ့ကြသည်။

လေထဲတွင် မိုးသက်ပါလာချိန်မှာမူ သရက်ကင်းတို့ ကြီးစ, ပြုလာ၏။ လေတစ်ချက်ဝှေ့လိုက်တိုင်း သူတို့သည် တဖြုတ်ဖြုတ်ကြွေနေကြသော သရက်ကင်းလေးတွေကို အပြိုင်အဆိုင် အပြေးအလွှား ကောက်ခဲ့ကြရသည်။ 

ကျောင်းတက်ရက်များတွင် ကလေးတို့အတွက် ကစားချိန် လျော့၍လာခဲ့သည်။ ကျောင်းမသွားခင် နံနက်ပိုင်းတွင်မှာတော့ သူ့ဆရာမဖို့ ငါ့ဆရာမဖို့နှင့် ရာသီလိုက်ပွင့်သော ပန်းရုံများနားတွင် ပန်းပွင့်လုကြရသည်မှာလည်း သူတို့အတွက် အလုပ်တစ်ခုပင်။ တစ်ခါတစ်ရံ အတွတ်တို့ခြံထဲမှ ပန်းရုံကို ရောက်လာကြသည်။ တစ်ခါတစ်ရံတော့ မွှေးတို့ပန်းချုံမှာ ဖြစ်သည်။ သို့သော် ဘယ်အခါမဆို အတွတ်သည် မွှေးတို့မောင်နှမတစ်စုကြားတွင် လုံးလုံးလုံးလုံးနှင့် ပါခဲ့သည်သာ ဖြစ်သည်။

မွှေးအစ်ကိုများ ခုနစ်တန်းအောင်ပြီး တခြားမြို့များသို့ ကျောင်းပြောင်းချိန်တွင်မူ မွှေးသည် လှေကိုင်နိုင်လောက်အောင် လှေလှော် ကျွမ်းကျင်လာသည်။ ထိုစဉ်ကတည်းက သူ့တက်နှင့်သူလှော်ကာ အေးနှင့်တကွ ညီမလေးများတင်ကာ ကျောင်းသွားသည်။ ဒီတော့လည်း အတွတ်သည် အတူပါခဲ့သည်က များခဲ့၏။ မွှေး ပင်ပန်းပုံပေါ်သောအခါတွင် မွှေး၏လက်မှ လှော်တက်ကို လှမ်း၍တောင်းတိုင်း မွှေးသည် အတွတ်ကို မပေးခဲ့ပေ။ ထိုစဥ်ကတည်းက ခေါင်းမာသော ကောင်မလေးတစ်ယောက်အနေနှင့် မွှေးကို စိတ်ထဲက ခပ်ချဉ်ချဉ်ဖြစ်မိသည်။

သူရှင်ပြု​သောနေ့က မွှေးနှင့် ရန်ဖြစ်ခဲ့ရသည်။ သူသည် ခဏခဏပဲ ရှင်ပြုရ၏။ ဘွားဘွားဆုံးခါနီးတုန်းကလည်း သင်္ကန်းဝတ်၍ ပြခဲ့ရ၏။

ခမ်းခမ်းနားနား ရှင်ပြုရသည်မှာ (၁၂)နှစ်သားတုန်းက ဖြစ်သည်။ မေမေက သားတစ်ယောက်တည်းမို့ အငြိမ့်တွေ ကွက်စိပ်တွေနှင့် တခမ်းတနားလုပ်ခဲ့၏။

ထိုဧည့်ခံသောနေ့က မွှေးတို့မောင်နှမအားလုံး လာသည်။ ထိုစဉ်က သူသည် မွှေးကို မကျည်းတန်ဟု ခေါ်သည်။ သူ့မျက်စိထဲတွင် ညီမအားလုံးထဲ၌ မွှေးသည် အလွန်အကျည်းတန်သော ကလေးပင်တည်း။ အစ်ကိုတွေက ထောင်ထောင်မောင်းမောင်း ယောက်ျားပီပီ ချောကြသည်။ မွှေးထက်အကြီး အေးက မင်းသမီးလေးလို ဖြူဖြူနွဲ့နွဲ့ ဖြစ်၏။ သူ့ဆံပင်လေးများသည် ကွေ့ကွေ့ဝိုက်ဝိုက်နွယ်ကာ ဖြူနေသော နဖူးအိအိလေးပေါ်တွင် ဝဲနေသည်။ သွားတက်လေးပေါ်အောင် ပြုံးနေလျှင် မမအေးသည် ပိုမို၍လှပ၏။ စကားနည်းနည်းပြောကာ ငြိမ်ငြိမ်သက်သက်လေးပင် နေတတ်သည်။ အပျိုဖော်ဝင်စတွင် ဖြူဖြူမြင့်မြင့်လေးမို့ ပိုးတောင့်တဲလေးလို ချစ်စရာကောင်းပေသည်။ လေးနှင့်ထွေးတို့နှစ်ယောက်ကလည်း ဖြူဖြူလေးတွေဖြစ်၏။ မျက်လုံး မျက်ခုံးများအားလုံး တောက်ပမည်းနက်ကြသည်။ 

မကျည်းတန်ကတော့ အားလုံးထဲတွင် အသားညိုလွန်းသည့်အထဲ သူ့လည်ပင်းက ပုတိုတိုလေးနှင့် အေးကဲ့သို့ သွယ်သွယ်ပျောင်းပျောင်းမနေ။ စကားပြောလျှင် သွက်သွက်လက်လက်နှင့် ပြတ်ပြတ် ပြောသည်။ ထိုနေ့က မွှေးသည် နားကွင်းအကြီးကြီး နားတွင် ပန်ကာ ရွှေတောင်ပိုးလုံချည် အနီရဲရဲကို သူ့ညီမများနှင့် ဆင်တူ ဝတ်ထားကြ၏။ ဂျပန်ပိုးအင်္ကျီ အနီဖားဖားကြီးနှင့် ​မွှေးကိုကြည့်ရသည်မှာ ကုလားမနှင့် တူနေသည်။ ပြီးတော့ သူသည် သူ့အစ်မများ ညီမများကဲ့သို့ သနပ်ခါးကို သပ်သပ်ရပ်ရပ် လူးတတ်ပုံမရပေ။

“ရုပ်ကိုကဟယ် နနွင်းမှုန့်ရောင်းတဲ့ ကုလားမကျနေတာပဲ”

မွှေးက သူစားရန် ကြာဆံကြီးကို အမှတ်တရ သူ့ဆီလာပို့ချိန်တွင် သူက မွှေးကို ရက်ရက်စက်စက်ပြော၏။ အတွတ်မှာ သင်္ကန်းမဝတ်ခင် ရှင်လောင်းဖြစ်နေ၍ လှလှပပဝတ်ကာ ငြိမ်ငြိမ်နေရသောအချိန်ဖြစ်သည်။ မွှေးက သူ့ကို မျက်စောင်းကြီးထိုးလိုက်၏။ မွှေး၏ သျှောင်ထုံးကြီးမှာမူ နက်နက်ချောချောကြီး ဖြစ်၏။ 

“ညနေကျ ငါသင်္ကန်းစည်းပြီးရင် လာခဲ့မယ်။ မကျည်းတန် ငါ့ကို ရှိခိုးရမယ်နော်"

“ဘယ်တော့မှ မရှိခိုးဘူး၊ အတွတ်လာရင် မွှေးလည်း ထွက်မလာဘူး"

မွှေးသည် နှုတ်ခမ်းကြီးစူကာ ခပ်​ဆောင့်​ဆောင့်ပြော၍ ထွက်သွားသည်။ မွှေးက သူ့ထက် တစ်နှစ်ငယ်၏။ “နင်နှင့် ငါနှင့်” သူ့ကို မပြောပေ။

ညနေစောင်း၍ ဆံချတရားနာပြီး သော်ကကျောင်းသို့ သူ့ကို သွားပို့ကြချိန်တွင် မောင်နှမအားလုံးပါသော်လည်း မွှေးသည် နေရစ်ခဲ့၏။ စည်းရိုးအနီးမှ ကရမက်ချုံနားတွင် နှုတ်ခမ်းထေ့ထေ့စူကာ သူ့ကို ကြည့်နေသည်။ သူသည် ခေါင်းတုံးအပြောင်ကလေးနှင့် သင်္ကန်းရုံထားရပြီဖြစ်၍ ဣန္ဒြေကြီးလုပ်နေရ၏။ လိုက်ပို့ကြသည့်လူစုထဲတွင် မွှေးမပါဘူးဆိုတော့လည်း သူ့စိတ်က ဝမ်းနည်းချင်သည်။ 

အတွတ် လူထွက်ပြီး နောက်တစ်နေ့တွင် နှစ်စဉ်ကျင်းပမြဲ သော်ကဘုရားပွဲတော် စ,လေသည်။ အနောက်ဘက်လယ်ကွင်းတွင် စပါးပင်များ ရိတ်သိမ်းပြီး၍ လယ်မြေများပင် ပတ်ကြားအက်၍နေပေသည်။

ဘုရားသို့ ကုန်းကြောင်းလျှောက်၍ရသော်လည်း မွှေးတို့က သူတို့ဘွားဘွား လုပ်ပေးခဲ့သော လှည်းယာဉ်နှစ်စီးကို ပြင်၍ထား၏။ မွှေးတို့ပါသော လှည်းမှာ သူ့မေမေနှင့်မေမေတို့ ပါကြသည်။ အေးက လှည်းအလယ်တွင် လူကြီးများနှင့်အတူ ထိုင်၏။ မွှေးနှင့် အငယ်နှစ်ယောက်က လှည်းနောက်တွင် ခြေတွဲလွဲလေးတွေချကာ စီ၍ ထိုင်နေကြသည်။ သူတို့ခြေလေးများ လှည်းဆောင့်၍ လှုပ်တိုင်း ခြေကျဉ်းများမှာ တလက်လက် တောက်ပ၍ တချွင်ချွင်မြည်နေသည်။ 

သူသည် မွှေးအစ်ကိုများနှင့်အတူ မွှေးတို့လှည်းနောက်မှ လိုက်ရသည်။ ညနေစောင်းတွင် အနောက်ဘက်လယ်ကွင်းအစပ်၌ နေလုံးရဲကြီးမှာ နစ်စပြု၍နေလေသည်။ ဝါဖျော့ဖျော့ နေရောင်ထဲတွင် လှည်းနှစ်စီး ပြေးနေသည်မှာ ကြွရွ၍ မြူးရွှင်စရာကောင်းပေသည်။

အဝေးတွင် ​ရွှေပိန်းနေသော ​သော်ကစေတီကြီးသည် ဝင်ဆဲနေ​ရောင်တွင် ရွှေတောင်ကြီးလို ညီးညီးပြောင်နေသည်။ ပွဲခင်းဆီမှ လူသံ၊ တေးသံတွေမှာ လေညင်းတွင် လွင့်ပျံ့နေသည်။ 

မွှေးတို့ညီအစ်မသုံးယောက်သည်လည်း သီချင်းဆိုနေကြသည်။ သူသည် သီချင်းသံကို အစက နားစိုက်မထောင်မိပေ။ သေချာစွာ နားထောင်လိုက်သည့်အခါတွင်မှ သူတို့ ဆိုသည်မှာ သီချင်းမဟုတ်ပေ။

“ကိုရင်လူထွက် ငါးပိချက်၊ ခေါင်းတုံးပြောင် အုံးမောင်၊ နှပ်ချေး ထူ" ထိုစကားလုံးတွေကိုသာ လက်ခုပ်တီး၍ အော်ဆိုမှန်း သူသိရတော့သည်။ သူ၏ခေါင်းတုံးကို သရော်သည့်အတွက် သူ့စိတ်ထဲတွင် ဒေါသဖြစ်သွား၏။ သို့သော် မွှေး၏အစ်ကိုများ သီချင်းသံတွင် သူ့ဒေါသပြေသွားရလေသည်။ 

ဘုရားသို့ ရောက်လျှင် မွှေးဘွားဘွား၏ တန်ဆောင်းထဲရှိ ကျောက်ဆင်းတုရုပ်ပွားတော်ရှေ့၌ ဆီမီးပူဇော်ကြရသည်။ သူသည် မွှေးနှင့်အတူယှဉ်၍ ဖယောင်းတိုင်များကို တစ်တိုင်ပြီးတစ်တိုင် ညှိ၏။ သူတို့ရှေ့တွင် ဒေါ်တင်တင်ကြီးနှင့်မေမေက မီးမညှိရသေးသော ဖယောင်းတိုင်များကို စိုက်နှင့်၏။ ဒေါ်တင်တင်ကြီးလက်မှ ဖက်ထုပ် စိန်လက်စွပ်ကြီးမှာ မီးရောင်နှင့် ရောထွေး တောက်ပနေပုံရသည်။ မွှေးကို ဒေါသဖြစ်နေသော်လည်း မေမေ့ရှေ့တွင် သူသည်  ရန်မဖြစ်ရဲသေးပေ။ ဖယောင်းတစ်တိုင်ကို မီးကူးနေသော မွှေး၏လက်ချောင်းကလေးများကို စိုက်ကြည့်နေ၏။ 

“မကျည်းတန်ရာ မင်း ရုပ်သာ မလှတယ်၊ မင်းလက်ချောင်းလေးတွေကတော့ ဖောင်းဖောင်းလှလှလေးတွေနော်”

သူသည် ဒေါသကိုမေ့ကာ ပြောလိုက်လျှင် မကျည်းတန်က မဲ့ပြုံးပြုံး၍ နေတော့သည်။

* * *

ခုနှစ်တန်းအောင်ပြီးနောက် တောင်လေတိုက်စပြုလာသော နှစ်ဦး၌ အတွတ်မှာ စာအုပ်သေတ္တာများကို ပြင်နေရ၏။ သင်္ကြန်လွန်ပြီး တစ်ပတ်တွင် သူ ရန်ကုန်ကျောင်းသို့ ပြောင်းရမည်ကို မေမေက ပြောထားနှင့်ပြီးဖြစ်သည်။
ဝါးခယ်မအရှေ့ပိုင်းက ဝတ်လုံဦးဘလှသား နေသော ကျောင်းတွင် ထားမည်ဟုဆို၏။ ဦးဘလှသည် ဝါးခယ်မသားတစ်ယောက်ဖြစ်၍ ရန်ကုန်တွင် ဝတ်လုံလိုက်နေသည်ဆိုသည်ကလွဲ၍ ဦးဘလှကိုရော သားဖြစ်သူကိုပါ မမြင်ဘူးပေ။

“ဖရက်ဒီဘလှက သားနဲ့ရွယ်တူပဲ။ သူလဲ ခုနစ်တန်းမှာ။ ဟိုကျ သားပျင်းမှာမဟုတ်ပါဘူး” ဟု ဖေဖေက ဆို၏။ 

သို့သော် သူ့စိတ်ထဲတွင် မွှေးတို့ညီအစ်မတစ်စုနှင့် လှေစီးကာ ဝါးခယ်မဘက်ရှိ ကျောင်းသို့ပင် သွားချင်နေပေသည်။

ညနေတွင် မွှေးကို နှုတ်ဆက်ချင်၍ ခြံစည်းရိုးတစ်ဖက်ကို ကူးလာသည်။ မလွယ်ပေါက်သည် ပိတောက်ပင်ခြေတွင် ဖောက်ထား၍ ပိတောက်ပင်ကြီးအောက်မှ ဖြတ်လျှောက်လာခဲ့၏။

အေးနှင့်မွှေးမှာ စံပယ်ရုံဘေးတွင် စံပယ်ပန်းလေးများကို သီပြီး ကြေးနန်းကြိုးလေးများနှင့် ပန်းခိုင်ဖြစ်အောင် ခိုင်နေကြပေသည်။ လေးနှင့်ထွေးကတော့ ထဘီလေးတွေ ခါးတောင်းကျိုက်ကာ ခြံထဲ မြေညီလမ်းပေါ်တွင် ​ခွေလှိမ့်နေကြပေသည်။

“ဟယ် ... အတွတ်ပါလား၊ လာ... ထိုင်လေ"

အေးက သူ့ကို ခုံတန်းလျားတစ်ဖက်စွန်း၌ နေရာပေး၏။ မွှေးကမူ စံပယ်ပွင့်ကလေးတစ်ပွင့်ကို ကိုင်ကာ သူ့ကိုငေးကြည့်နေသည်။ 

“ကျွန်တော် မမအေးတို့ကို လာနှုတ်ဆက်တာ။ ရန်ကုန်ကျောင်းကို သွားရတော့မယ်”

သူပြောနေစဉ်တွင် သူ့အသံများသည် တုန်နေသလို ဖြစ်နေသည်။

“ဒေါ်ဒေါ်စိန်ကလည်း ပြောတယ်၊ အတွတ်ကို စိန်ပေါလ်ကျောင်းကို ပို့မလို့တဲ့” 

မွှေးက သူသိပြီးသလို ပြန်ပြောလိုက်၏။

“ဟုတ်တယ်၊ ကိုယ်ကတော့ မသွားချင်ဘူး။ ဒါပေမယ့် ဖေဖေက အင်္ဂလိပ်စာ သိပ်တော်စေချင်တာ၊ ဟိုမှာ ဖရက်ဒီဘလှလဲ ရှိတယ်လို့ ပြောတာပဲ။ ကိုယ်တော့ ပျင်းမှာပါပဲ” 

သူတို့ညီအစ်မနှစ်ယောက်သည် ခေါင်းများ ပြိုင်တူ ညင်ညင်သာသာ ညိတ်၍နေကြသည်။ 

“အိမ်ထဲမှာ ကိုကိုတို့ရှိလား၊ ကြီးကြီးတင်တို့ ဦးတို့ကိုလဲ ကိုယ်သွားကန်တော့ဦးမယ်” 

“သွားလေ၊ မမအေး လိုက်ခဲ့မယ်” 

သူနှင့် မမအေးသည် အိမ်ဘက်ဆီသို့ သွားကြသည်။ မွှေးက ပန်းခုံတွင် နေရစ်ခဲ့သည်။ 

မွှေးအစ်ကိုများဖြစ်သော ကိုနောင်နှင့် ကိုအောင်သည် ဘာကို ဆွေးနွေးနေသည်မသိ၊ လူသုံးယောက်နှင့် အခြေအတင် စကားပြောနေ၍ နှုတ်ဆက်ရန် အတော်စောင့်ခဲ့ရသည်။ 

အပြန်တွင် စံပယ်ရုံနား၌ ခြင်းတောင်းလေးထဲတွင် ပန်းခက်များကို စီထည့်နေသော မွှေးကို တစ်ယောက်တည်း တွေ့ရသည်။ နေရောင်မှာ ပျော့လွန်း၍ မှောင်ရိပ်ပင် သမ်းလာစပြုနေပုံရ၏။

“မွှေး ရန်ကုန်ကို ဘာမှာချင်သေးသလဲ" 

သူသည် ခပ်တိုးတိုးပင် မွှေးအနားသို့ ကပ်၍မေးလိုက်၏။ မွှေးက ပြုံး၍ပင် ကြည့်နေကာ သူ့ကို ဘာမှပြန်မပြောပေ။ 

“တို့ရန်မဖြစ်ရတော့ဘူးနော်။ ကိုယ် ဟိုရောက်ရောက်ချင်း စာရေးမယ်၊ မင်း စာပြန်နော်” 

“ပြန်ပါ့မယ်” 

“ကဲ ... ကိုယ်သွားတော့မယ်။ နက်ဖြန်ညနေ သင်္ဘောဆင်းရင် မင်း တို့ကို လိုက်ပို့ပါလား” 

“မေမေ ခိုင်းရင် လိုက်ပို့ပေးမယ်လေ”

သူသည် မွှေး၏မျက်နှာကို စေ့စေ့ကြည့်ကာ အလိုလို ဝမ်းနည်းလာ၏။

“သွားမယ်ကွာ၊ ကိုယ်စိတ်ညစ်သလိုပဲ" 

သူသည် မွှေး၏ခြင်းထဲမှ ပန်းတစ်ခက်ကို ယူကာ မလွယ်ပေါက်ဆီသို့ ပြန်လာခဲ့သည်။ 

ညဉ့်ဦးတွင် တောင်လေသည် ပို၍ပြင်းပြင်းထန် တိုက်ခတ်လာ၏။ မိုးသက်ပါလာဟန်ရှိသော်လည်း လေသည် ကံ့ကော်ပန်းရနံ့ဖြင့် မွှေးနေသည်။ မွှေးတို့အိမ်ကြီးဘက်ဆီမှ ညီမတစ်စု၏ ဝတ်တက်သံသည် လေထဲတွင်ဝဲကာ ပါလာပြန်သည်။ သူသည် အိမ်ခန်းပြတင်းမှ လှမ်း၍ကြည့်မိ၏။ လရောင်အောက်တွင် အိမ်မြင့်မြင့်ကြီးကို မြင်နေရသည်။ အိပ်ရာဆီသို့ ကမန်းကတန်းပြေးကာ ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် သူငို၍နေမိသည်။ 

မကြာခင်ပင် အေးချမ်း၍သာယာသော ကြေးစည်သံကို သူကြားလိုက်ရပေသည်။ 

သူ့လက်တွင် ​မွှေးထံမှ ယူခဲ့သော စံပယ်ပန်းလေးများသည် ကြေမွ၍နေကြပေပြီ။

အပိုင်း(၄)ဆက်ရန်
-----------------------
#ခင်နှင်းယု

Post a Comment

0 Comments