#မွှေး
အပိုင်း(၁)
ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့်မွှေးတို့ အတူတကွ မွှေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။
* * *
မတ်လသို့ပင် တိုင်သော်လည်း အာရောဂျံ၏နံနက်ခင်းတွင် အအေးငွေ့သည် မပြယ်သေးပေ။ အရှေ့မြောက်နှင့် အရှေ့တောင်ဘက်တွင် ဝန်းရံပတ်နေသော ကျောက်တောင်ကုန်းများကို ဖြတ်ကျော်တိုက်ခတ်လာသော နံနက်ခင်းလေတွင် ဆောင်း၏ နှင်းကြွင်းနှင်းကျန်လေးများသည် တစ်စွန်းတစ်စ ပါလာခဲ့၏။
ဤနေရာကို “အာရောဂျံ" ဟု နာမည်ပေးသူ၏စိတ်ကူးမှာ ယဉ်လွန်းစွတကား။ တကယ်လည်း အဆုတ်နာရောဂါသည်များအတွက် အနားယူရာစခန်းဖြစ်ပေသည်။ အိန္ဒိယပြည်တောင်ပိုင်း၊ မဒရပ်နယ်၊ မဒနာပလီမြို့အနီးတွင် ဖွင့်လှစ်ထားသော အေးချမ်းသည့် စခန်းတစ်ခုပင် ဖြစ်ပေသည်။ အာရောဂျံပတ်ဝန်းကျင်သည် နှစ်မိုင်ပတ်လည်ခန့် ကျယ်ဝန်း၍ မြို့ငယ်ကလေးတစ်ခုလိုပင် အချိုးတကျတည်ရှိပေသည်။
လူနာများနေရာသည်လည်း ရွာငယ်ရှိ အိမ်များကဲ့သို့ပင် လူနာတစ်ယောက်ကို တိုက်ငယ်တစ်လုံးစီနှင့် ထားသော်လည်း ပြွတ်ညပ်ခြင်းမရှိပဲ တစ်ခုနှင့်တစ်ခု ပေ(၅၀)မှ ပေ (၁၀၀) အထိ ခြားသည်။ လူနာများအိမ်၏အနောက်ဘက်တွင်မှ ဆေးရုံ၊ ရုံး၊ စာတိုက်နှင့် စမ်းသပ်ခန်း၊ ခွဲစိတ်ခန်းများ၊ ဓါတ်မှန်ရိုက်ခန်း၊ ဓာတ်မှန်ကြည့်ခန်းများ၊ စာကြည့်ခန်းများနှင့် လူနာလာရောက်ပို့သူတို့ ခေတ္တနားရာ ဧည့်သည်ဂေဟာတစ်ခုလည်း ရှိပေသည်။ အဆုတ်နာရောဂါသည်ကို လာရောက်ပို့သူတို့အတွက် ရောဂါကူးစက်ခြင်းမရှိစေရန် သီးသန့်ထားသော နေရာဖြစ်ပေသည်။ ထိုအဆောက်အဦးတို့နောက် မိုင်ဝက်အကွာလောက်တွင်မှ ဆေးရုံအုပ်ကြီးနှင့် အိမ်ထောင်သည် ဆရာဝန်တို့၏ အိမ်ကလေးများကို စိန်ပန်းပင်များကြားတွင် တွေ့ရပေသည်။
မဒနာပလီမှလာသော လမ်းမကြီးသည် ဆေးရုံဝင်းနှင့် လူပျိုဆရာဝန်တို့အဆောက်အဦးကို အလယ်မှတား၍ထားပေသည်။ လမ်းမကြီးတစ်ဖက်တွင် လူပျိုဆရာဝန်ဂေဟာနှင့် ဘောလုံးကွင်းများကို ကျောက်တောင်လွင်ပြင်တို့အခြေတွင် သပ်ရပ်စွာတွေ့ရပေသည်။
နံနက်ခင်းတွင် အာရောဂျံသည် အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ ငှက်ငယ်များသည်လည်း စောစီးစွာ နိုးလာကြလေ၏။ လူနာများသည် အိပ်ရာထက်မှာပင် နားနေရင်း အလှည့်ကျလာရောက်ကြည့်ရှုမည့် ဆရာဝန်ကို စောင့်မျှော်ကြရသည်။ လူနာများ၏အစေခံများမှာ ဆရာဝန်ပြန်သွားပြီးနောက် လူနာသောက်ရန်အတွက် နွားနို့၊ ကြက်ဥ၊ ပေါင်မုန့်များကို အဆင်သင့် ပြင်၍နေကြရသည်။
ဒေါက်တာမိုးကောင်းသည်လည်း လူပျိုဆရာဝန်များအနက် မြန်မာပြည်မှ ရောက်လာ၍ သင်တန်းတက်နေသော ဆရာဝန်တစ်ယောက်ဖြစ်သည်။ ဘောင်းဘီအဖြူ၊ အပေါ်ကုတ်အင်္ကျီအဖြူဝတ်ကာ လည်စည်းအညိုကို စည်း၍ထားသော်လည်း သူ့မျက်နှာသည် မြန်မာပီသသောရုပ်တည်း။ အရပ်မြင့်၍ သူလမ်းလျှောက်ပုံမှာ ကြည့်ကောင်းသလိုရှိသည်။ မျက်နှာမှာ ချောမောသည်မဆိုသာသော်လည်း ကြည့်ကောင်းသော လူငယ်တစ်ယောက်ဖြစ်၏။ နံနက်တိုင်း ဖြတ်ကျော်သလိုပင် မဒနာပလီလမ်းမကြီး ဖြတ်၍ ဆေးရုံဝင်းသို့ သူသည် ပေါ့ပါးရွှင်လန်းစွာပင် လျှောက်၍လာသည်။
စိတ်ထဲတွင်တော့ ယနေ့နံနက်သည် ပို၍ရွှင်မြူးစရာကောင်းသလို ဖျတ်ဖျတ်လတ်လတ်ဖြစ်နေသည်။ စိန်ပန်းများသည် ယခုအချိန်တွင် စောစီးစွာ ဖူးနေကာ အကိုင်းအခက်တို့ကြားတွင် ထွက်ပြူစ ပြုနေလေသည်။ ဥဩငှက်တို့သည်လည်း ပန်းဖူးပန်းငုံတို့ကြားတွင် နံနက်တေးကို ရွှင်ရွှင်ကြည်ကြည် သီဆိုနေတော့သည်။ ငှက်ငယ်၏ တေးဆိုသံကို သူသည် တအံ့တဩ ခေါင်းမော်၍ ကြည့်မိ၏။ သူ့ရုံးခန်းသို့အရောက်ထိပင် ဥဩငှက်ငယ်သည် တစ်ပင်မှ တစ်ပင်ကူးကာ လိုက်လာသည်ဟု ထင်ရပေသည်။ ငှက်ငယ်၏ ချိုအေးသောအသံကြောင့် သူ့မျက်နှာတွင် ပြုံးရွှင်လာလေသည်။
ရုံးခန်းသို့ ဝင်လိုက်လျှင် ပြတင်းအပြင်မှ ကိုင်းညွတ်နေသော တမာခက်တို့၏ ရနံ့သင်းပျံ့ပျံ့မှာ သူ့ကိုဆီးကြိုဟန်ရှိသည်။
သူ့လိုပင် ဒေါက်တာအသီးသီးမှာ နံနက်ခင်းတွင် လုပ်ဆောင်ရမည့်တာဝန်များအတွက် စီစဉ်ခန့်ခွဲနေကြပေသည်။ အချို့ဆရာဝန်များမှာ အသစ်ရောက်လာသော လူနာများ၏ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအခြေအနေကို စစ်မေးရန် သက်ဆိုင်ရာအခန်းသို့ သွားကြသည်။ အချို့ဆရာဝန်များမှာ Tomogrephy ခေါ် အမှောင်ခန်းထဲတွင် လေးထောင့်ကျက်ထားသော မှန်သားအား လူနာ၏ရင်မှာ ကပ်၍ ရောင်ခြည်ထိုးကာ အဆုတ်ကိုကြည့်သောအလုပ်ကို လုပ်ရန် ထွက်ခွာသွားကြသည်။ Screening reading ခေါ် အဆုတ်၏အထဲသို့ ရောက်အောင်အထိ တစ်လွှာချင်း ဓာတ်မှန်ရိုက်ယူရသော အလုပ်ကိုမူ နေ့ခင်းတိုင်မှ လုပ်ကြရသည်။
အချို့ဆရာဝန်များမှာ လူနာသစ်များ၊ တိုင်းရင်းသားအိန္ဒိယသားများအား ကြည့်ရှုစစ်ဆေးလျက်ရှိကြသည်။ တိုင်းရင်းသား ဆင်းရဲသားများနှင့် ခရစ်ယာန်ဘာသာဝင်တို့အတွက်မူ လူနာ(၂၀)ခန့်စီထားသော ဟင်းလင်းပွင့် အခန်းရှည်ကြီးများထဲတွင် အခမဲ့ ကုသခွင့်ရကြပေသည်။
ယနေ့အဖို့ ဒေါက်တာမိုးကောင်းအတွက်မူ လူနာများကို နံနက်ပိုင်း လှည့်လည်ကြည့်ရှုရမည်ဖြစ်ပေသည်။
ဂျွန်ဆင်သည် ဒေါက်တာရှေ့မှ ထွက်ခွာသွားနှင့်ရန် အဆင်သင့်ဖြစ်၍နေပေသည်။ အိန္ဒိယတိုင်းရင်းသားတစ်ယောက် ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်ဖြစ်သည့်အတွက် သူ့အမည်မှာ ဂျွန်ဆင် ဖြစ်ဟန်ရှိပေသည်။ ဦးထုပ်ဖြူအပြားကြီးအောက်တွင် ဂျွန်ဆင်၏မျက်နှာသည် မည်းမည်းခန့်ခန့်ကြီး ပေါ်လွင်လျက်ရှိ၏။ ဘောင်းဘီအညိုအပေါ်တွင် ဖားလျားကျအောင်ရှည်သော ရှပ်အင်္ကျီအဖြူမှာလည်း ဂျွန်ဆင်၏အသားရောင်ကြောင့် ပိုမို၍ဖြူဖွေးနေဟန် ရှိပေသည်။
သူ့လက်ထဲတွင်မူ လူနာများတစ်ဦးစီ၏ ရောဂါဖြစ်ပျက်ပုံ အလုံးစုံမှတ်သားထားသော ဖိုင်တွဲများကို ပိုက်ထားလျက်ရှိသည်။ ထိုဖိုင်တွဲများထဲတွင် ရောဂါအခြေအနေဖြစ်ရင်းအစမှ စ၍တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းစသည်တို့ကို အစုံအစေ့ ရေးမှတ်၍ထားသည်။ တစ်ပတ်တစ်ခါ စစ်ပြီးတိုင်း မှတ်တမ်းတင်ထားရသောကြောင့် ထိုဖိုင်တွဲမှာ လူနာများအတွက် အရေးကြီးဆုံးဖြစ်သလို ဂျွန်ဆင်အတွက်လည်း အရေးကြီး၏။ ဤဖိုင်တွဲကို ဆရာဝန်မှလွဲ၍ မည်သူမျှ ကြည့်ခွင့်မရ။ သို့သော် စည်းမစောင့်သော လူနာများက ဆရာဝန်မရောက်ခင် ဂျွန်ဆင်လာ၍ တင်ထားနှင့်သော ဖိုင်တွဲကို ခိုး၍ကြည့်ကြသည်။ ကြည့်ခွင့်ရရန် ဂျွန်ဆင်ကို တစ်ကျပ်လောက်ပေးလိုက်လျှင် ဂျွန်ဆင်က ကျေကျေနပ်နပ်ကြီး ကြည့်ခွင့်ပြု၏။ ဒီလိုနှင့် လူနာများသည် ကိုယ့်ရောဂါအခြေအနေသိအောင်လုပ်ရင်း ဂျွန်ဆင်ကို လုပ်ကျွေးကြသည်။
ဆာရီအဖြူကို ဝတ်၍ ဦးထုပ်ဖြူနှင့် သူနာပြုဆရာမလေး အဘီဂေးလ်မှာမူ ဒေါက်တာနှင့်အတူ လိုက်ပါရန် အဆင်သင့်ပင်ဖြစ်၍နေပေသည်။ အဘီဂေးလ်သည် ထိုဆေးရုံ၏ အဆုတ်နာလူနာဟောင်းတစ်ယောက်ပင် ဖြစ်ပေသည်။ သူ့ရောဂါပျောက်သွားပြီးနောက် အခြားသို့မသွားတော့ဘဲ ထိုဆေးရုံတွင်ပင် အလုပ်ဆက်၍လုပ်နေပေသည်။ သူ့ကိုယ်သည် သွေ့ခြောက်ခြောက်၊ ရှည်လျားလေးမို့ လမ်းလျှောက်လျှင် အဝတ်ဖြူတလွင့်လွင့်နှင့် ဝိညာဉ်ကလေးတစ်ခု ရွေ့လျားနေသလို ထင်ရသည်။ အင်္ဂလိပ်စကားကို သွက်လက်စွာ ပြောတတ်သော်လည်း အိန္ဒိယတောင်ပိုင်းသားတို့လို အသံဝဲကာ လျှာလိပ်လွန်းလှပေသည်။
ဂျွန်ဆင်မှာ ရှေ့ကထွက်သွားနှင့်ပြီဖြစ်၍ ဒေါက်တာမိုးကောင်းနှင့် အဘီဂေးလ်သည်လည်း နောက်မှလိုက်ကြရန် ပြင်ဆင်နေကြသည်။
“ဟဲလို ...ကောင်းသောနံနက်ခင်းပါ ဒေါက်တာမိုး”
အင်္ဂလိပ်လို နှုတ်ဆက်လိုက်သော အသံတစ်သံမှာ အပြင်ထွက်ရန် ပြင်နေသော ဒေါက်တာမိုးကောင်း၏ခြေလှမ်းများကို ရပ်တန့်သွားစေလေသည်။ သူ့ကို နှုတ်ဆက်သူမှာ ဆေးရုံဆရာမကြီး မစ္စလွန်းဖြစ်သည်။ မစ္စလွန်းသည် ဆွစ်ဇာလန်မှ လာရောက်အလုပ်လုပ်နေသော အသက် (၆၀)ရှိ ဆရာမအပျိုကြီးတစ်ဦးဖြစ်သော်လည်း အလုပ်ကို ယခုတိုင် သွက်လက်စွာ လုပ်ကိုင်နိုင်ပေသေးသည်။ သူ့အသံသည် သားငယ်ကို စကားပြောသော မိခင်အသံလို ချိုချိုအေးအေးရှိ၏။
“ကောင်းသော နံနက်ခင်းပါ ခင်ဗျာ။ ကျွန်တော် ဘာများအကူအညီပေးစရာလိုပါသလဲ” .
သူက ပြန်၍မေးသည်။
“ဒီလို မိုးရေ... ညနေက မင်းတို့မြန်မာပြည်က မိန်းကလေးတစ်ယောက် ရောက်လာတယ်။ အခန်းနံပါတ် (၂၉)မှာရှိတယ်။ မင်း ဒီနေ့သွားရင် ဂရုပြုလိုက်ပါကွယ်။ သူသိပ်အားငယ်နေတယ်။ ရောက်ကတည်းက ငိုနေတာ အခုထိပဲ။ သူတစ်ယောက်တည်းဆိုတော့ ကြောက်နေပုံလဲရတယ်”
"တစ်ယောက်တည်း... သူ့ကို ဘယ်သူမှလိုက်မပို့ဘူးလား”
“လိုက်ပို့တဲ့လူတွေက ချက်ချင်းပဲ ပြန်သွားတယ်၊ သူ့မိတ်ဆွေတွေ ထင်ပါတယ်။ ကိုယ်လည်း ညနေကျ လာပါဦးမယ်လို့ ပြောလိုက်ပါ"
မစ္စလွန်းက ပြောပြီး အပြင်သို့ထွက်သွားတော့၏။
သူ့စိတ်ထဲတွင်မူ လမ်းလျှောက်ရင်း ထိုမိန်းကလေးကို တွေးလာသည်။ တန်းလျားတစ်ခုပြီးတစ်ခု ဝင်ရောက်စစ်ဆေးပြီး ဖြတ်လာခဲ့၏။ တိုက်ငယ်ကလေးများ တစ်ဆောင်ပြီးတစ်ဆောင် ဝင်လာခဲ့၏။ မိန်းကလေး၏အခန်းသို့ မရောက်သေးပေ။
ဘယ်သူများပါလိမ့်။ ဘာကြောင့် ဒီလောက်ငိုနေပါလိမ့်၊ တစ်ယောက်တည်းများ ဘာကြောင့်လာပါလိမ့်။
စိတ်ထဲတွင် မမြင်ရသေးသော မိန်းကလေးအတွက် တွေးတော စိတ်မကောင်းဖြစ်နေလေသည်။ အာရောဂျံမှာ ကျန်းမာရေးအနားယူရန် ကောင်းမွန်၍ စိတ်ချမ်းသူတို့အဖို့ ကြည်နူးဖွယ် မြက်ခင်းများနှင့် သာယာသော်လည်း အမှန်တော့ သွေ့ခြောက်တိတ်ဆိတ်ကာ လူနာတစ်ယောက်အဖြစ် စိတ်အားငယ်သူအတွက် ကြေကွဲလွမ်းဆွတ်စရာနေရာဖြစ်နေတော့သည်။
စိတ်အားအငယ်ဆုံးမှာ အစားအသောက်နှင့်ပတ်သက်၍ဖြစ်သည်။ ဗြုန်းခနဲ ရောက်ရောက်ချင်း အစီအစဉ်မရှိလျှင် အလွန်ဒုက္ခရောက်သည်။ ရန်ကုန်ဆေးရုံမှာကဲ့သို့ စာရင်းမသွင်းရသေးခင် တရုတ်တန်းမှာ အစားအသောက် အဝယ်လွှတ်ကာ ဝယ်စား၍မရပေ။ အရင်ရောက်နှင့်နေသော မြန်မာလူနာများက ကရုဏာသက်ရောက်ကာ ဟင်းတစ်ခွက်စီ၊ ထမင်းတစ်ပန်းကန်စီဆိုသလို ပို့၍သာ အစီအစဉ်မရှိသူများအဖို့ အကူအညီရပေသည်။ ထို့ကြောင့်ပင် အချို့လူများအဖို့ အာရောဂျံကို ခြောက်သွေ့သော ငရဲပြည်လို မြင်ခြင်းဖြစ်သည်။
နံနက်ပိုင်းတွင် ဆရာဝန်ခွင့်ပြုသော လူနာတချို့လမ်းလျှောက်ခြင်းနှင့် နံနက်စျေးကလေးတွင် လူနာ၏အစေခံများ ဈေးဝယ်သည်ကလွဲ၍ လှုပ်လှုပ်ရှားရှားမရှိ။ နေ့လယ် (၁၂)နာရီကျော်လျှင် လူနာများ အနားယူချိန်တွင်မူ ကမ္မဋ္ဌာန်းရိပ်သာလေးလို တိတ်ဆိတ်နေပေသည်။ ရွက်ခြောက်လေးများ ကြွေသံ၊ မြေကိုထိသံများကိုသာ တီးတိုးကြားနေရပေသည်။ ထိုမျှ သွေ့ခြောက်သောနေရာကို တစ်ပြည်တစ်ရွာမှ ဘာကြောင့်များ တစ်ယောက်တည်းလာခဲ့ပါလိမ့်။
များသောအားဖြင့် ထိုဆေးရုံတွင် အိန္ဒိယပြည်ထဲ နယ်တစ်ခုခုမှ လာသူများပင် အဖော်တစ်ယောက် နှစ်ယောက် ပါကြသည်။ မြန်မာပြည်ကဆိုလျှင် နှစ်ယောက် သုံးယောက် ဆိုသလို ပါလာကြသည်။ အချို့မှာ လာပို့၍ လူနာနေသား ကျမှ ပြန်သွားကြလေသည်။ အဖော်ရှိသော ယောက်ျားရင့်မာကြီး လူနာများပင် ရောက်စတွင် ခဏခဏငိုသည်ကို ဒေါက်တာများတွေ့နေကျဖြစ်ပေသည်။
အခန်းနံပါတ် (၂၉)သို့ ခြေလှမ်းစတွင် သူ့ရင်များသည် လှုပ်ရှား၍နေပေသည်။ အခန်းဟုဆိုသော်လည်း သီးသန့်အုတ်ကြွပ်မိုး တိုက်ကလေးတစ်လုံးဖြစ်ကာ တစ်ယောက်တည်းနေရလေသည်။ ထိုအိမ်ရှေ့တွင် ကွင်းပြင်ကြီးတစ်ခုရှိ၍ တခြားမြန်မာလူနာများအိမ်နှင့် အတော်လှမ်းသည်။
လူနာမိန်းကလေးသည် အိပ်ရာပေါ်တွင်လှဲကာ မျက်နှာကို လက်ကိုင်ပဝါတစ်ခုဖြင့် အုပ်၍ထားသည်။
“ကျန်းမာပါရဲ့လား ခင်ဗျာ”
သူသည် ခုတင်ဘေးတွင် မတ်တတ်ရပ်ကာ လူနာကို နှုတ်ဆက်လိုက်၏။ လူနာသည် အိပ်ပျော်နေခြင်းမဟုတ်၊ ရုတ်တရက်ပင် မျက်နှာမှ လက်ကိုင်ပဝါကို ခွာလိုက်ကာ သူ့ကို မော်ကြည့်လိုက်၏။ မိန်းကလေးမျက်နှာကို ကြည့်ကာ သူ့မှာ ထိတ်လန့်သလိုဖြစ်သွားလေသည်။
ငိုထားလွန်း၍လားမသိ၊ မျက်လုံးကြီးများမှာ မို့၍ရောင်နေကာ မျက်ခမ်းလွှာများသည်လည်း ထူထူရဲရဲကြီး ဖြစ်နေလေသည်။ သို့သော် သူ့မျက်လုံးများသည် မိန်းကလေးမျက်နှာမှ ခွာမရ။ သေချာစွာ ကြည့်ရာမှ ပါးစပ်အဟောင်းသားဖြစ်ကာ အသက်ပင် မရှူနိုင်သလို ဖြစ်သွားလေသည်။
“မွှေး ...”
သူ့အသံများသည် ဟစ်အော် ခေါ်လိုက်သလို အကျယ်ကြီး ထွက်သွားလေသည်။
အပိုင်း(၂)ဆက်ရန်
-------------------
0 Comments