ပျားရည်လည်းခမ်း လမင်းနွမ်း - ခင်နှင်းယု အပိုင်း (၁)

#ပျားရည်လည်းခန်း လမင်းနွမ်း

အပိုင်း(၁)

ကို့ကို တီးတိုးစွာ ပြောပြချင်ပါသည်။ ရှေးရှေးတုန်းက ရေသည်တစ်ယောက်အကြောင်း၊ ဖြစ်သောဘဝကို လက်မခံနိုင်၊ ဖြစ်ချင်သည်ကိုသာ ရှေးရှုခဲ့သည်။ ဒါပေမဲ့ ရေသည်ဇာတ်လမ်းက ဘုရင်အဖြစ်နှင့် ဇာတ်သိမ်းလှပခဲ့ပါသည်။

ခြင်ဆိုတာ ခကွေး ယရစ်သတ်နဲ့ ခြင်လို့ ရေးရတဲ့တိရစ္ဆာန်။ ခြင်ကောင်ဟာ လူကို ငှက်ဖျားဒုက္ခကိုပေးပြီး အလွန်ဆုံး သေရုံပေါ့။ ခကွေး ယပင့် ငသတ်နဲ့ ချင်က အကောင်အထည်မမြင်ရဘဲ စိတ်ကိုကိုက်ပြီဆိုမှဖြင့် သံသရာတစ်လျှောက်လုံး ဒုက္ခတွေ အထပ်ထပ် ခံရပြီပဲ။ ဒါကြောင့် မြတ်စွာဘုရားသခင်က “ချင်” ဆိုတဲ့ တပ်မက်နှစ်သက် တွယ်တာလိုချင်မှုကို ဆင်းရဲဖြစ်ကြောင်း အမှန်တရားလို့ ဆိုခဲ့တာပေါ့ ကိုရယ်။

* * * 

ဒီလိုအတွေးတွေ လက်ခံယူဆချက်မရှိခင် တနေ့က ကျွန်မအကြောင်းများကို ကို မသိခဲ့ပါ။

ကျွန်မမွေးသော ရွာကလေးမှာ ချောင်းငယ်လေး ပတ်၍ စီးနေပါသည်။ ချောင်းကမ်းပါးမှာ မအူပင်က အုပ်မိုးလျက်ရှိသည်။ မိုးစိပ်စိပ် ရွာစပြုလျှင် မအူပွင့်ဖြူဖြူလုံးလုံးတွေ ပွင့်ကြပြီး ငယ်ငယ်က
ကျောင်းသွားလျှင် မအူပင်အမြစ်ရင်းမှာ ခေတ္တထိုင်ရသည်။ ဖြူဖြူလုံးလုံး မအူပွင့်လေးတွေ ရေပေါ်မျောပါသွားသည်ကို ကြည့်ရင်း ပျော်သည်။

မိုးက ညိုလာပြီး တိမ်လွှာက မှိုင်းအုံ့၍ မိုးသက်လေ တိုက်ခတ်လာသည်။ မြရည်ကြောမှာ မျောပါရသော ပန်းပွင့်လေးတွေ လေရှိန်နှင့် လှုပ်ခါနေကြသည်။ ချောင်းရေပြင်ကလည်း လှုပ်ရှား တွန့်ခါလျက်ရှိပြီး ဒီမြက်ခင်းကို ကြည့်နေချင်ပေမဲ့လည်း အဝေးက ခေါင်းလောင်းထိုးသံကြောင့် ကျောင်းကိုပြေးရပြီ။ ကျောင်းသင်ခန်းစာတွေ ရေးရင်း ဖတ်ရင်း ကျောင်းခန်းအပြင် မိုးစက်တွေထဲမှာ ကျီးသားပေါက်စလေးတွေ အော်မြည်နေသံကို ကြားနေရသည်။ 

ညနေ ကျောင်းဆင်းလျှင် ချောင်းကမ်းပါးမှာ ပြန်ထိုင်ချင်သေးသည်။ ကဇန်းပင်တန်းတွေ ကမ်းပါးဘေးမှာ ရေပြင်ပေါ် ညွှတ်နေကြသည်။ ရေငှက်တွေက ကြည်လင်သော မှန်ပြင်ကို ငုံ့၍ ကြည့်နေကြရင်း မြပုခက်မှာ တငြိမ့်ငြိမ့် မျောပါသွားကြသည်။ သူတို့ ဘယ်ကိုသွားကြမှာလဲ။ ဒီချောင်းလေး ဘယ်ကို စီးသွားသလဲ၊ သူတို့နှင့်အတူ ခရီးဝေးကိုသွားချင်လိုက်တာ...။ 

“မြသူ ကျောင်းဆင်းတာ ဘယ်လောက်ကြာပြီလဲ။ ပြန်ခဲ့” .

ဘွားဆုံကို အမေခေါ်ခိုင်းလိုက်ပြီး ချောင်းကမ်းပါးမှ ခွာကာ ဘွားဆုံနောက်ကို လိုက်ခဲ့ရသည်။ ဘွားဆုံက ကျွန်မကို ငယ်ငယ်ကတည်း က ထိန်းလာရသည်။

“အဲဒီချောင်းက ထမင်းစားရလားဟင်။ ကျောင်းဆင်းရင် အိမ်တန်းမပြန်ဘူး။ ချောင်းဘေးမှာ ငုတ်တုတ် ထိုင် ထိုင်နေရတာ” 

အမေက ဆီး၍ ဆူကာ လွယ်အိတ်ကို သိမ်းသည်။ ဘွားဆုံက ရေချိုးပေးသည်။ ပြီးတော့ အငွေ့တထောင်းထောင်းနှင့် အမေခူးပေးသော ထမင်းပွဲမှာ မိသားစုနှင့်အတူ ကျွန်မ ဝင်စားသည်။ မိသားစု ဆိုသည်မှာ အဖေရယ်၊ အမေရယ်၊ အဘွားနှင့် ကျွန်မပဲ ဖြစ်သည်။ 

ချောင်းကမ်းဘေးတွင် ထိုင်နေ၍တော့ ထမင်းမစားရပါ။ အမေ ပြောသည်မှာ မှန်သည်။ ကြာကြာထိုင်နေရင်း ထမင်းဆာလာလျှင်တော့ အမေ့အိမ်ကို ပြေးမိမှာပဲ။ ဒါပေမဲ့လည်း ကျောင်းအားလျှင် သည်ချောင်းနံဘေးကို ပြေး၍ ထိုင်ချင်သည်။

* * *

အိမ်နောက်မှာ မိုးကုပ်စက်ဝိုင်းကြီးက မြလွင်ပြင်အဆုံးကို ထိနေသည်။ ပြာညိုမှိုင်းသော တိမ်လွှာတွေက ဗျိုင်းဖြူများနှင့်အတူ ပြေးလွှားနေကြသည်။ ကော်ဇောစိမ်းပေါ်တွင် မိုးစက်တွေ စိန်ရောင် လက်နေကြသည်။ မွေးဖွားစ ပျိုးပင်ကို မိုးသက်လေသည် ငုံ့၍ငုံ့၍ နမ်းရှုပ်သွားသည်။ ပြတင်းမှ ဒီမြင်ကွင်းကို ငေးမောနေမိသည်။ 

“မြသူ"

ကျွန်မသည် ငွေရီ ခေါ်သံကြောင့် ပြတင်းကို ကျောခိုင်းလိုက်သည်။ ငွေရီသည် ကျွန်မတို့ရွာက သူကြီးသမီး။ ကျွန်မနှင့် ကျောင်းအတူနေဖက်ဖြစ်သည်။

“တို့ စာမေးပွဲ အောင်တယ်လေ”

ငွေရီ့အသံက ရွှင်နေပေမဲ့ ကျွန်မက တည်ငြိမ်နေသည်။ နေရာမှ မရွေ့။

“နင် ဘာဖြစ်နေတာလဲ၊ မပျော်ဘူးလား”

“ပျော်ပါတယ်၊ အမေက မြောင်းမြမှာ ကျောင်းဆက်တက်ရ မယ်တဲ့” 

ကျွန်မ လေးတွဲ့စွာ ပြောသည်။ 

“အဖေကလည်း ငါ့ကိုပြောတယ်။ မြောင်းမြမှာ ၁ဝ တန်း အောင်ရင် တက္ကသိုလ် ဆက်သွားရမယ်တဲ့”

“တို့အဖေကလည်း ပြောပါတယ်” 

ကျွန်မက မထုံတက်သေး ​ဖြေမိသည်။ ပြီးတော့ ငွေရီက စကားဆက်ပြောပါသေးသည်။ ကျွန်မကတော့ မကြားမိသလိုပင်။ 

ကျွန်မ ရွာကျောင်းမှာ ကျောင်းတက်နေစဉ် အတန်းကြီးရောက်လာတော့ အမေက ချောင်းနံဘေးတွင် ထိုင်ခွင့်မပြုပါ။ ဒီတော့လည်း စာကြည့်ပြီး ပြတင်းမှမျှော်ကာ မြရည်သောက်သော စပါးပင်ပျိုးနွဲ့တွေကို ကြည့်ရသည်။ နွေကျောင်းပိတ်ချိန်မှာတော့ လယ်ကန်သင်းတွေကိုဖြတ်၍ ငွေရီနှင့်အတူ ရိုးပြတ်တွေပေါ်မှာ လျှောက်ရသည်။ လယ်ကွင်းစပ်က သရက်ပင်တွေက သရက်ဖူးရနံ့သည် လေထဲမှာ သင်းပျံ့နေသည်။ ဥဩသံသည် လေစီးမှာ မျောပါလာသည်။

ကျွန်မတို့လက်ထက်က ခုနစ်တန်း ဆရာဖြစ်၍ ဆရာဖြစ်သင်တန်းကိုပဲ ကျွန်မတက်ချင်ပါသည်။ ပြီးတော့ ကျွန်မတို့ရွာလေးမှာ ဆရာမလုပ်မည်။ ကျွန်မတို့ ငွေရီတို့မှလွဲ၍ ရွာမှာ ကျောင်းသားတွေ ဆင်းရဲကြသည်။ ရွာနီးချုပ်စပ်က ကျောင်းသားလေးတွေကိုတော့ ကျောင်းအိပ်ကျောင်းစား လက်ခံသည်။ ကျောင်းအပ်ကတည်းက စပါး၊ ဆန်၊ ငါးခြောက် ကိုယ်တတ်နိုင်တာတွေနှင့် မိဘတွေက ကျောင်းအပ်ကြသည်။ ဒီကျောင်းမှာ စိုက်ပျိုးရေးတစ်ချိန် သင်ရသည်။ ကျောင်းသားတွေစိုက်သော ဟင်းသီးဟင်းရွက်ကိုပဲ ငါးခြောက်တွေ၊ ငါးတွေနှင့် ရောကာ ကျောင်းသားတွေကို ကျွေးသည်။ မြစ်တွေ ချောင်းတွေ ပေါသောကြောင့် ကျွန်မတို့ရွာမှာ ငါးမရှားပါ။

ဆရာက အတန်းထဲတွင်“ကျွန်ုပ်ဖြစ်ချင်သောဘဝ" စာစီစာကုံး ရေးခိုင်းခဲ့စဉ်က ကျွန်မသည် ကျွန်မတို့မြယာပင်ရွာလေးက ကျောင်းမှာ ဆရာမ ဖြစ်ချင်သည်ဟုပဲ ရေးခဲ့သည်။ ယခုတော့ ငွေရီပြောသလိုပင် အမေက ဆရာဖြစ်ကျောင်း မသွားစေရ၊ ၁၀ တန်းကို ဆက်နေရမည်။

“ ဒီကျောင်းမှာ ဆရာဖြစ်တော့ ဘာဖြစ်မှာတဲ့လဲ၊ သမီး ဗွက်ထဲမှာပဲ နေရမှာပေါ့” တဲ့။ အမေ့စကား။

အရွယ်ရောက်စဆိုတော့ စိတ်ပန်းငုံက လူးလွန့်လှုပ်ရှားလာပါပြီ။ ဒီတော့လည်း ကျွန်မစိတ်ကူးမိသည်အမှန်ပါ။ ဒီရွာမှာ ကျွန်မ ကျောင်းဆရာမပဲ လုပ်မည်။ အရွယ်တန်တော့ ဒီရွာက ရွာသားတစ်ယောက်ကို လက်ထပ်မည်။ ဘာပဲဖြစ်ဖြစ် အမေတို့လို လယ်ပိုင် ချောင်းပိုင် သားတစ်ယောက်ယောက်နှင့် လက်ဆက်ရမည်ပဲ၊ အလုပ်တူ စိတ်တူ သဘောတူပေါ့။ 

ကျွန်မက ကျေးတောသူလို ဘီးဆံပတ်ကြီးပတ်မည်။ သူက လယ်​တွေ ချောင်းတွေအတွက် စီမံခန့်ခွဲအလုပ်လုပ်နေစဉ် ကျွန်မက လယ်သူရင်းငှားတွေနှင့် လယ်သမားတွေအတွက် စားရေးသောက်ရေး စီစဉ်မည်။ လယ်သမားတွေ နှစ်လုံးပေါက် စားနိုင်ဖို့ ရေချိုငါးပိနှင့် ဆန်၊ ဆီ၊ ငရုတ် တစ်နှစ်စာ လယ်ပိုင်ရှင်က စီစဉ်ပေးရသည်။ တစ်ဖက်က စပါးကျီမှာ ကျွန်မ စပါးလှောင်မည်။ ပြီးတော့ သားလေးတွေမွေး၍ ရွာကျောင်းမှာ ထားမည်။ ကျောင်းသားတွေနဲ့အတူ ကျွန်မရင်သွေးတွေကို စာသင်ပေးမည်။ သိပ်တော့ ကြီးကြီးကျယ်ကျယ်မဟုတ်လှ၊ ကျွန်မရည်ရွယ်ချက်က ဒါပဲဖြစ်သည်။ ဒါပေမဲ့ အမေက ဆရာဖြစ်သင်တန်း မသွားရ ဆိုတော့ ငွေရီနှင့်အတူ မြောင်းမြမြို့ကျောင်းကို ဆက်တက်ကြရသည်။

ညိုပြာသောချောင်းလေး ကျွန်မရင်ခွင်တွင် စီးဝင်လာတတ်၍ တစ်ခါတစ်ခါ ဗျိုင်းများနှင့်အတူ မြရည်ကော်ဇောပြင်ပေါ်တွင် ကျွန်မ ပျံသန်းနေမိပါသည်။

* * * 

ယခုတော့လည်း ချောင်းညိုလေးအစား ပြတင်းမှမျှော်ကြည့်လျှင် အင်းလျားရေပြင်ကို မြင်ရသည်။ မြရည်လွှာသည် လူးလွန့်၍ နေခြည်လှုံနေသည်။ လွင့်ပြန့်ကျယ်ဝန်းသော ပျိုးလွင်ပြင်နေရာမှာ စိမ်းညိုညို ကံ့ကော်ပင်တန်းတွေကို အစားထိုးမြင်နေရသည်။ ချောင်းလေးဘေးက မအူပင်ကြီးကို သတိရနေဆဲ။ ရွာကျောင်းက ကလေးတွေနေရာမှာ ကျွန်မတပည့်တွေသည် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေသည်။ ကျွန်မသည် ဘီးဆံပတ်ကြီးနှင့် ကျေးတောသူကြီးမဟုတ်၊ ဇာပဝါကြွရွနှင့် တက္ကသိုလ်နည်းပြ ဆရာမ၊ ခေတ်ပေါ် ဆံထုံးလှလှလေးနှင့်။

ငယ်ဘဝက အိပ်မက်မက်ခဲ့သော ပခုံးကားကား၊ ရင်အုပ်ကျယ်ကျယ်၊ ညိုရင့်သော လက်မောင်းကြွက်သားတွေနှင့် ကျေးတောသားကြီးသည်လည်း ကျွန်မအပါးတွင် မရှိပါ။ 

ယခု ကျွန်မအပါးတွင် လှုပ်ရှားနေသောသူက ပန်းရောင် ခေါင်းပေါင်း၊ မန္တလေးပိုးရောချည်ပါ အဆင်စိပ်စိပ် နုနုနှင့် တိုက်ပုံ ကြက်ဥနှစ်ရောင်ကို ဝတ်တတ်သော ဆရာမြတ်ဝင်းထွန်း၊ နွဲ့နွဲ့ပါးပါး ဖြူဖြူလေး။ စာပို့ချဖို့ရန် စာသင်ခန်းထဲသွားလျှင် မန္တလေးကတ္တီပါဖိနပ်ကို အမြဲစီးသည်။

ကျွန်မ သူငယ်ချင်းသည်လည်း ငွေရီမဟုတ်တော့။ ​ငွေရီ ဒုတိယနှစ်ကတည်းက ရည်းစားနောက် လိုက်ပြေးသည်။ ကျွန်မအခန်း​ဖော်မှာ ဆရာမမြကေသီတို့၊ သန်းသန်းရင်တို့၊ ချောပပတို့ ရောက်နေသည်။ သူတို့သည်လည်း စားပွဲကိုယ်စီနှင့် ကျွန်မလို ဆရာမတွေပါပဲ။ ကျွန်မတို့ခေတ်က တက္ကသိုလ်မှာ ဆရာမဆိုရင် ပဝါချ အင်္ကျီလက်ရှည် ဝတ်ရသည်။ ဆရာက တိုက်ပုံအင်္ကျီ ခေါင်းပေါင်းနှင့် ဝတ်ရသည်။ 

အမေတို့ကလည်း ရွာမှာ အေးချမ်းမှုမရှိကတည်းက ရန်ကုန် ပြောင်းလာကြသည်။ ယခုအေးချမ်းတော့လည်း အဖေမရှိတော့ပြီမို့ အမေက ရွာမပြန်တော့။ အဘွားဆုံလည်း မရှိတော့ပါ။ ဘောက်ထော်ခြံထဲက အိမ်လေးမှာ ကျွန်မတို့သားအမိနှစ်ယောက်နှင့် ထမင်းချက် မိန်းကလေးပဲ ရှိသည်။ 

“အမေရာ ငါးဖယ်အကောင်ကြီးကြီး ထုရိုက် ရေကျိုချက်ပြီး ငါးပိရည်မွှေးမွှေးနဲ့ ဉာဏ်ပွင့်ချဉ် တို့ချင်လိုက်တာ”

အရာရာက ပြောင်းလဲသွားပါပြီ။ ငါးဖယ်က ရေခဲစိမ်​တွေပဲဖြစ်သည်။ လတ်လတ်ဆတ်ဆတ် မစားရ။ အရည်ကျိုငါးပိကောင်းကောင်းကိုလည်း ရွာကိုပြန်၍ မှာနေရသည်။ 

ကျွန်မ တွဲနေသောဆရာကို သူငယ်ချင်း ဆရာမတွေက ကိုဖြူ နွဲ့တဲ့၊ ဟုတ်ပါသည်၊ ခေါ်သင့်ပါသည်။ ဖြူဖြူနွဲ့နွဲ့ ၊ စာသင်လျှင်လည်း အေးအေးပျော့ပျော့ပင် ပို့ချသင်ကြားတတ်သည်။ သူသည် ဆရာဆောင်မှာနေသည်။ ကျွန်မကတော့ သူ့ကို “ထွန်း"လို့ပဲ ခေါ်သည်။

နံနက်စာကို ကျွန်မက စတီးချိုင့်လေးနှင့် နှစ်ယောက်စာ ထည့်ခဲ့သည်။ သူ့မျက်ဝန်းရွှန်းလဲ့လဲ့ကို ကြည့်ရင်း၊ ချိုအေးသော စကားလုံးကို နာထောင်ရင်း သင်တန်းနားချိန်မှာ ကျွန်မတို့နှစ်ယောက် အတူစားသည်။ ညနေကျောင်းဆင်းလျှင် တစ်ခါတစ်ရံ သူ့ကားလေးနှင့် ကျွန်မကိုလိုက်ပို့၍ ကျွန်မတို့ခြံလေးထဲတွင် လရောင်ရွှန်းလက်လာမှ သူပြန်တတ်သည်။ ထိုသည်ကလွဲ၍ ကျွန်မ သူနှင့်မတွဲခဲ့။ ရုပ်ရှင်ကိုလည်း မသွား။ တစ်ခါတစ်ရံတော့ စာသင်ခန်းအလွတ်မှာ နှစ်ယောက်ထိုင်၍ စကားတွေ ပြောမိသည်။ 

"ဘယ်ကိုမှလည်း ခေါ်လို့မရဘူး။ အိမ်အပြန်မှာ တို့များ ကားနဲ့ အတင်းခေါ်သွားပါဘိ"တဲ့။ သူ့စကားကို ကျွန်မ နှုတ်ခမ်းစူ၍ ပြန်ဆိုလိုက်ပါသည်။ ဒီအချိန်မှာ ချိုမြသော ဥဩသံသည် လေမှာစီးခို၍ ပြတင်းကိုဖြတ်သန်းလာတတ်သည်။ ဒီတော့လည်း ရွာကို လွမ်းမိသား။ ထွန်းကို ရွာနှင့် ချောင်းလေးအကြောင်း ခဏခဏ ပြောမိသည်။ အင်းလျားကန်ပေါင်ရိုးပေါ်တွင်တောင် ကျွန်မ ထွန်းနှင့်အတူ လမ်းမလျှောက်မိ၊ ပြတင်းမှာပဲ နှစ်ယောက်တူယှဉ် ရပ်ကာ ရေကြည်ပြာလဲ့ကို မျှော်မိကြသည်။ ချစ်၍ခေါ်ရာ လိုက်တော်မူဖို့ သူ ခဏခဏ ပြောပြတတ်သည်။

အိမ်ကို သူလိုက်လာသောနေ့က သူအပြန်တွင် အမေက မှတ်ချက်ချသည်။ “ဒီသူငယ်က မဟာဆန်လိုက်တာ”တဲ့ .. ။

အမေက ဘာသဘောနှင့် ပြောသည်မသိ၊ နောက်တော့လည်း ကိုဖြူနွဲ့ သို့မဟုတ် ကိုမြတ်ဝင်းထွန်းသည် မဟာဆန်သွားပါသည်။ မြစ်ကြီးနားကို ဌာနမှူးအဖြစ် ပြောင်းသွားကတည်းက ထွန်းထံမှ ဘာသတင်းမျှ မကြားရပါ။ မဟာသာကီ မင်းပျိုတွေလို နောက်အိမ်တော်ဆောင်ရိပ်မှာ ဆောင်တော်ကူးဇာတ်လမ်း ဖွင့်သွားပါသည်။ ကျွန်မ ဘယ်သူနှင့်လဲ ဟူ၍ပင် မစူးစမ်းတော့ပါ။ 

“မင်းဆက်ဆံပုံကလည်း ရှေးသရောအခါ ဗာရာဏသီမင်း လက်ထက်က ပဝါတစ်ကမ်း ယပ်တောင်တစ်လှမ်း ဆက်ဆံရေးမျိုး၊ ခုခေတ်မှာ ဒါမျိုးတွေ မရတော့ဘူး။ အတို့အဆိတ် ပါရသတဲ့”

သူငယ်ချင်း ဆရာမများက ပြောတတ်သည်။ ပြောပါစေ။ ကိုယ်ချင်းကတော့ လက်မထပ်ခင် ပဝါတစ်ကမ်းပဲ ကောင်းပါသည်။ ဒါပေမင့် နှလုံးသားတွင် ပထမဆုံးဖူးခဲ့ရသော ပုလဲငုံမို့ မေ့ဖျောက်၍ မရပါ။ ဝတ်လွှာတို့သည် နှလုံးသားကို ငုံလျက်ပင် ရှိပါသေးသည်။ သူတို့ ပြောသလို အဆိတ်သာ ခံရလျှင်တော့ မပွင့်မီ ညှိုးရပါမည်။ ထိုနေ့ကတည်းကစ၍ ကျွန်မ ပြတင်းမှာမရပ်၊ အင်းလျားရေပြင်ကိုလည်း မကြည့်တော့ပါ။ သို့သော် တစ်ခါတစ်ရံ တိမ်လွှာတံခါးပိတ်၍ လမင်းကြီးအိပ်ချိန်တောင်မှ အိပ်ခန်းပြတင်းမှရပ်ကာ ကောင်းကင်ကို ငေးနေမိသည်။ လွင့်ပျံ့ သောစိတ်ကို ထိန်းချုပ်မရ။ မန္တလေး ပိုးလုံချည်နှင့် ပန်းရောင်ခေါင်းပေါင်းရှင် မင်းသားကို တမ်းတမိသည်။ ပြီးတော့လည်း ကျေးဇူးတင်မိသေးသည်။ မယူနိုင်ကြမည်ကို စောစီးက သူ ကြိုတင်တွက်ဆပြီး ထင်ပါသည်။ ကျွန်မ၏စည်းသုံးတန်ကို သူ မကျော်ခဲ့၊ အကယ်၍များ သူပြောသလို ကားနှင့်အပြန် သူခေါ်ချင်ရာခေါ်သွားလျှင် ကျွန်မ ဘာများ တတ်နိုင်ပါမည်နည်း။ ခုတော့လည်း...။

အပိုင်း(၂) ဆက်ရန်
------------------------
#ခင်နှင်းယု

Post a Comment

0 Comments