ပျားရည်လည်းခမ်း လမင်းလည်းနွမ်း -ခင်နှင်းယု အပိုင်း(၂)

#ပျားရည်လည်းခန်း လမင်းနွမ်း

အပိုင်း(၂)

ကို့ကို လက်ထပ်ရမည့်နေ့ ရောက်လာပါပြီ။ ကိုသည် ထွန်းနှင့် ဘာမျှမတူ၊ ကြံ့ခိုင်သည်။ ထောင်ထောင်မောင်းမောင်း၊ အရပ်မြင့်မြင့်နှင့် မျက်ခုံးမွေးထူထူ၊ မျက်ဝန်းကျယ်ကျယ်နှင့် နှာတံက ပြေသည်။ စကားပြောလျှင်တော့ ပြတ်သည်။ ပျားရည်ဆွတ်သော စကားလုံးတွေကို သွယ်သွယ်နွဲ့နွဲ့ မပြော၊ ပြတ်သည်။ အသားကတော့ ထွန်းလိုမဖြူ၊ ခပ်လတ်လတ်။ ရွာတုန်းက အိပ်မက်ခဲ့ရသော ကျေးတောသားနှင့်တော့ ရိုးတိုးရိပ်တိပ် တူသလိုလို။

သူကတော့ ကျေးတောသားမဟုတ်ပါ။ ရန်ကုန်မြို့ထဲမှာ အလုပ်ခန်းတစ်ခုရှိသည်။ သင်္ဘောသားတွေနှင့် ကားသွင်းလိုသူတို့နှင့် ဆက်သွယ်ကာ ကားအရောင်းအဝယ် လုပ်သည်။ ပြီးတော့ ဝပ်ရှော့နှင့် ကားကို သန့်စင်ပေးသော အလုပ်ရုံတစ်ခုလည်းရှိသည်။ ဒီတော့လည်း အမေ့အကြိုက် ကျွန်မကို အခါတော်ပေးတွေ ဘာတွေနှင့် ပန်းကုံးတွေ ရွှေလည်ဆွဲကာ လက်ထပ်ခဲ့ပါသည်။ ကျွန်မတို့အိမ်လေးလည်း တစ်ထပ်တိုက် ဖြစ်သွားပါသည်။ 

အမေက ကျွန်မကို နားချစဉ်က ယောက်ျားဆိုတာ ကျားကျားလျားလျား ရှိရမည်တဲ့။ ပြီးတော့လည်း ကိုယ့်ကို ဦးဆောင်နိုင်ရမယ် ဆိုခဲ့၏။ ဟုတ်ပေမည်။ ကျွန်မအဖေလည်း တကယ်ပင် ကြံ့ခိုင်တောင့်တင်း၍ သူ့လယ်ယာများကို သူဦးစီးလုပ်ခဲ့သူ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ပွင့်ခွင့်မရခဲ့ပါသော ပုလဲငုံသည် မွှေးထုံလျက်ပင် ရှိ​နေပါ​သေးသည်။

* * * 

ယခုတော့လည်း လက်ထောက်ကထိက ဒေါ်မြသူ နံနက် ကျောင်းကိုလာတိုင်း ကိုက ကိုယ်တိုင်ကားမောင်း၍ ကျောင်းပို့သည်။ ညနေတော့ အလုပ်ရုံက ကောင်လေးပဲ လာကြိုနိုင်သည်။ တစ်ခါတစ်ရံ ညစာစားတောင်မှ ကို အမီပြန်မလာနိုင်ပါ။ သူ့မိတ်ဆွေတွေ အရောင်းအဝယ်နှင့် အကျွေးအမွေးနှင့် ဆိုတော့ အိမ်ပြန်နောက်ကျသည်။ တစ်ခါတစ်ရံ သူ့ အပြင်မှာစားခဲ့သည်။ ဘာပဲ​ပြော​ပြော သီးကုန်းရွာက မမြသူ အခြေအနေနှင့်တော့ အားလုံးပဲ ကွာသည်။ ကောင်းသော ကွာဟချက်ပင်ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်မအဖို့ ဘာမျှမထူးသလိုပင်။ ကျောင်းတက်၊ စာသင်၊ ကျောင်းကပြန်လာတော့လည်း စာအုပ်နှင့်ပင် လုံးထွေးနေရသည်။ ကိုနှင့်တွေဆုံသော ညနေဆည်းဆာများမှာ နည်းပါးလှသည်။ ဒီတော့လည်း ညဦးတွင် ခြံထဲမှာ တစ်ယောက်တည်းပဲ ထိုင်နေမိသည်။ ရွက်ကြိုရွက်ကြားမှ ဝင်လာသော လရောင်မျှင်တန်းတွေကို မျှော်နေမိသည်။ ညဉ့်ဦးလေတွင် စံပယ်နံ့က မွှေးပျံ့နေသော်လည်း ညဉ့်လွှာရုံဇာတ်လမ်းသည် မပီမသ ဝိုးတဝါးနှင့် နှစ်ပါးသွားခန်းက ခပ်ခြောက်ခြောက်ဖြစ်နေသည်။ 

ကို ပြန်လာပြီ။ သူပြန်လာချိန် ဆီးကြိုရသည်ကို ပျော်ပါသည်။ သူပင်ပန်းနွမ်းနယ်သလို ရှိပေမဲ့ ဘယ်တော့မျှ သောက်စား၍ မလာ။ ဒါကိုပဲ ကျွန်မကျေးဇူးတင်မိပါသည်။ သူနှင့် ညစာအတူစား၍ သူ တိတ်ဆိတ်စွာ နားနေချိန်မှာ သူ့ဘေးတွင် ကျွန်မဝင်ခွေနေမိသည်။ ထိုအခါမှ ချောင်းညိုလေးနှင့် ဘီးဆံပတ်ဆံထုံးနှင့် ကျေးတောသူအကြောင်းကို တွေးနေမိသည်။ ကျွန်မကိုယ်တိုင်က ဝေဝေဆာဆာ စကားတွေ မဆိုမိ။ ရွာမှာသာဆို စောစော အိမ်ထောင်ကျ၍ ကလေးတွေတစ်ပြုံကြီးနှင့် ရှိတော့မည်။ ကျွန်မ သားချော့သီချင်း ဆိုချင်လှပြီ။

စနေတစ်နေ့ ဈေးထွက်လာခဲ့သည်။ ရုံးသမားတွေအဖို့ စနေနေ့ အားပေမဲ့ ကိုယ်ပိုင်လုပ်ငန်းပိုင်ရှင် ကိုတစ်ယောက် မအားပါ။ ကားမောင်းသူ သူငယ်နှင့်ပင် ကျွန်မ ဗိုလ်ချုပ်​ဈေးဘက် ထွက်ခဲ့သည်။ သူ၏မိတ်ဆွေ အရာရှိတစ်ယောက်ကိုပေးရန် ကိုက လက်ဆောင်ဝင်ဝယ်ခိုင်းခြင်းဖြစ်သည်။ ဈေးဝယ်ပြီး ကားကို ဗိုလ်ချုပ်လမ်းအတိုင်း မောင်းလာတော့ ပန်းဆိုးတန်းအရောက် ပေါင်းကူးတံတားဘေး ပလက်ဖောင်းမှာ မငွေရီကို မြင်လိုက်သည်။

“မောင်မြ၊ ရှေ့လမ်းထဲ ချိုးဝင်ပြီး ကားခဏရပ်လို့ရလား။ ခဏ ရပ်စမ်း”

ကျွန်မက ကားကိုခဏရပ်၍ မငွေရီရှိရာ ပြေးလာခဲ့သည်။

မငွေရီက ကျွန်မကို အံ့အားသင့်စွာ ကြည့်နေသည်။ 

“မြသူ” 

သူ ဒါပဲခေါ်ကာ မျက်ရည်တွေ ဝိုင်းနေသည်။ ကျွတ်ကျွတ်အိတ်တစ်လုံးပဲ သူ့လက်ထဲမှာ ပါသည်။ အိတ်လေးထဲမှာ ဘာတွေမသိ။ အိတ်ကလည်းနွမ်း၊ လူကလည်းနွမ်း ညှိုးမှိန်ဖျော့တော့နေသည်။ 

“ငွေရီ ဘယ်မှာနေလဲဟင်။ ကိုယ်လိုက်ပို့မယ်၊ လာပါ” 

ကျွန်မက သူ့လက်ကို အတင်းဆွဲ၍ ကားရှိရာ ခေါ်သွားသည်။ ကိုရိုလာ ကားတံခါးကို ဖွင့်၍ သူ့ကို အရင်တင်ပေးလိုက်ပါသည်။

“ကဲ ... လမ်းပြပေတော့ ငွေရီ၊ အိမ်ကို ကိုယ်လိုက်ခဲ့မယ်”

ငွေရီသည် သက်ပြင်းချ၍ ကျွန်မကိုကြည့်သည်။ ပုဇွန်တောင် ညောင်တန်းဘက်ကို သူမောင်းခိုင်းသည်။ သူရပ်ခိုင်းသောနေရာ လမ်းပေါ်မှာ ကားကိုထားခဲ့ရ၍ လမ်းကြားလေးထဲကို နှစ်ယောက်လျှောက်သွားရသည်။ လမ်းလေးနှင့် တဲအိမ်တွေသည် တစ်လံမျှသာ ကွာမည်။ အိမ်ရှေ့မှာ ရေချိုးကြ၍ ရေတွေ လမ်းပေါ်စီးကာ ဗွက်ပေါက်နေသည်။ ချဉ်စုတ်စုတ် ရေမြောင်းအနံ့တွေ ရနေသည်။ ငွေရီ့အိမ်သည် တဲလေးပဲ ဖြစ်သည်။ ကျွန်မတို့နှစ်ယောက် ဝင်လိုက်တော့ ကလေးနှစ်ယောက် ဖိနပ်ချွတ်မှာ ကစားနေသည်။

“အမေပြန်လာပြီ၊ ထမင်းစားရတော့မယ်။ ဘာပါလဲ” 

ကလေးတွေ ပြေးလာကြ၏၊ ငွေရီ ခုမှ ကလေးတွေကို ထမင်းကျွေးရမည် ထင်သည်။ 

“မြသူ ထိုင်ဦးနော်”

ငွေရီက ကျွန်မကို ထိုင်းခိုင်းထားကာ နောက်ခန်းလေးကို ဝင်သွား သည်။ ပြန်ထွက်လာတော့ လက်ထဲက ဒန်ဇလုံထဲမှာ ထမင်းတွေ ပါလာသည်။ ကြွပ်ကြွပ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ဖြေလိုက်သည်။ ခေါက်ဆွဲလက်သုပ်တွေကို ဇလုံပေါ် သွန်ထည့်၍ ကလေးတွေရှေ့ ချပေးလိုက်သည်။ ကလေးတွေက အားရပါးရ စားနေကြသည်။

ငယ်ငယ်ကတည်းက အလွန်သွက်သော ငွေရီ ယခုတော့ ထုံထုံအအကြီးလိုပင်။ အချောအလှကြီးမဟုတ်သော်လည်း စိုစိုပြည်ပြည် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျေးတောသူမ ငွေရီ၊ မြို့အရှိန်ငွေ့ဖြင့် ခြောက်သွေ့ နွမ်းရော်နေသည်။ ကျွန်မကလည်း မလှပသောအဖြစ်ကို မေးရန် စိတ်က မဝံ့ရဲ။

“ကလေးတွေ အဖေရော”

“ရှိတယ်လေ။ သူသောက်လွန်းတော့ အလုပ်က ပြုတ်သွားပြီ။ ကိုယ်က စာရေးဝင်လုပ်ပါတယ်။ သူလုပ်သက်မစေ့တော့လည်း ပင်စင် မရဘူး။ ဒီတော့ ကိုယ်က အားချိန် ကုန်တိုက်မှာ ပစ္စည်းလေး ဘာလေး တိုးရတာပေါ့။ အကြီးနှစ်ယောက်က ကျောင်းထားရတယ်။ ဟိုဘက်လမ်းမှာ သူတို့ဆရာဆီ ဒီနေ့သွားတယ်။ သူတော့ အချိန်မမှန်ဘူး၊ ပြန်ချင်တဲ့အချိန် ပြန်လာတယ်” 

ပြောရင်း အသံတိမ်ဝင်သွားကာ မျက်ရည်တွေ တွေတွေ ကျလာသည်။ ကျွန်မသည် ဘာလုပ်ရမှန်းမသိ။ တစ်ခါက ငွေရီ ဆိုသည်မှာ ကျွန်မတို့ရွာ၏ အကြီးအကဲ၊ သူကြီး၏သမီး။ ယခုတော့ ရန်ကုန်ဆင်းရဲသားရပ်ကွက်၏ တဲလေးထဲမှာ။ ဘာပဲပြောပြော ရွာမှာဆို သူတို့အိမ်၏နောက်က လယ်ကွင်းပြင်ကြီး အသက်ရှူချောင်လိုက်တာ။

“ကိုယ် ဘာလုပ်ပေးရမလဲ ပြောပါငွေရီ၊ ကိုယ့်အိမ်ကိုသိအောင် အခု လိုက်လည်မလား။ လောလောဆယ်တော့ ကိုယ်တတ်နိုင်သရွေ့  ကူညီတာ လက်ခံပါ”

ကျွန်မ ငွေတစ်ရာ သူလက်ထဲ ထည့်တော့ ရှိုက်၍ ငိုသည်။

“ကိုယ့်ဘဝက မလှလို့ သူငယ်ချင်းကို မဆက်သွယ်မိတာ၊ အခုလည်း ကိုယ်မလိုက်သေးဘူး။ မြသူရဲ့ လိပ်စာ ပေးခဲ့လေ”

ကျွန်မသည် အိတ်ထဲမှ စာရွက်တစ်ခုယူကာ လိပ်စာရေးပေးခဲ့သည်။

“ဆက်ဆက်နော် ငွေရီ။ အမေကတွေ့ချင်မှာ။ အမေ့ဆီက အကြံဉာဏ် တောင်းနိုင်တာပေါ့”

ဒီလိုပဲ ရွာမှပြောင်းလာသူတချို့ အမေ့ဆီလာ၍ တိုင်ပင်ကြ၊ အကြံဉာဏ်တောင်းတတ်ကြတယ်။ ကျွန်မသည် လေးလံသော ခြေလှမ်းများနှင့် ငွေရီတို့အိမ်မှ ပြန်လာခဲ့သည်။

ကို ခိုင်းထားသော အရာရှိအိမ်က ဒုတိယ သော်မဆင်ရိပ်သာမှာ ဖြစ်သည်။ တိုက်ရှေ့ကားရပ်၍ အိမ်ထဲ ဝင်သွားသည်။ ဧည့်ခန်းမှာ ကလေးတစ်ပြုံနှင့် အရာရှိမောင်နှံ တီဗွီကြည့်နေကြသည်။ ကျွန်မကို မြင်မြင်ချင်း အရာရှိကတော် မေသင်းကြည်က ဆီးကြိုသည်။ 

“မြသူ လာပါ၊ ထိုင်ပါ။ ဦးမြင့်မောင် မပါဘူးလား”

ကျွန်မထိုင်လိုက်တော့ အရာရှိမင်း ဦးကျော်ဝင်းကပါ ထလာသည်။ ကလေးတွေက တီဗွီကြည့်ရင်း တဝါးဝါး တဟားဟားနှင့် ရယ်မောနေကြသည်။ စားထားလိုက်သည့် ကွတ်ကီးမုန့်အကြေတွေနှင့် အချဉ်ထုပ် အလွတ် ပလတ်စတစ်ခွံများ ပြောင်လက်သော ကြမ်းပြင်ပေါ်တွင် ဖွာရရာ ကြဲနေသည်။

“ကျွန်တော်တို့အိမ်ကတော့ ဟဲ... ဟဲ... စည်ပင်သာယာပဲဗျို့၊ ဒီကောင်တွေက အိမ်ရဲ့ ဆည်းလည်းမဟုတ်ဘူး၊ အိမ်ခေါင်းလောင်းတွေ ဖြစ်နေပြီ”

“ကိစ္စမရှိပါဘူး ဦးကျော်ဝင်းရယ်။ ကလေးဆို ဒီလိုပေါ့။ အိမ်ဆိုတာ ကလေးရှိမှ၊ ကိုက မအားလို့ ကျွန်မလာတာပါ”

ပြီးတော့ ကိုခိုင်းထားသော ကိစ္စကို ဆက်ပြော၍ လက်ဆောင်ပစ္စည်းပေးခဲ့သည်။ အရာရှိကတော်က ကော်ဖီလာပေး၍ သောက်ပြီး နှုတ်ဆက်ကာ ပြန်ခဲ့သည်။ ငွေရီ့အိမ်လေး၏ ညှိုးနွမ်းလျော့ရဲ့ခြင်းနှင့် ဦးကျော်ဝင်းတို့၏ ရွှန်းလက်တောက်ပခြင်းတွေမှာ ကျွန်မရင်ထဲမှာ လှိုင်းခတ်နေသည်။ ဒန်ဇလုံထဲက ခေါက်ဆွဲသုပ်၊ ထမင်းနှင့် ကြမ်းပြင်ပေါ်က မုန့်တွေ။

အိမ်ရောက်တော့ အမေက ဆီးကြို၍ စာတစ်စောင် ပေးသည်။

“မောင်မြင့်မောင် ပြန်လာတယ်။ ကမန်းကတန်းပဲ အခန်းထဲဝင် ပစ္စည်းတွေဝင်ပြင်ပြီး ထွက်သွားလေရဲ့။ တောင်ကြီးကို သွားမယ်ဆိုတယ်။ အဲဒီစာ ပေးသွားတယ်” 

စာကိုလှမ်းယူ၍ အမေ့ရှေ့မှာ ဝင်ထိုင်ကာ စာကို ဖောက်၍ ဖတ်လိုက်ပါသည်။ 

မိန်းကလေး... 
ကို ကားတစ်စီးရစရာရှိလို့ တောင်ကြီးကို လိုက်သွားရတယ်။ အချိန်မရလို့ ဒီစာနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
မြင့်မောင်

"လုပ်လိုက်ရင် ဒီလိုချည်းပဲ” 

ကျွန်မသည် စာကို အိတ်ထဲ ဆောင့်ထည့်ကာ မျက်နှာစူပုပ်၍ ပြောလိုက်သည်။

“သိပ် သူတစိမ်းဆန်တာပဲ” 

စူပွစူပွနှင့် ကျွန်မ ထပ်မံရေရွတ်မိသည်။

“သမီးကလည်းကွယ်၊ ကုန်သည်ဆိုတာ ဒီလိုပဲ အချိန်လုရတာပဲ။ အလုပ်အကိုင်နဲ့သွားတာပဲ ဘာဖြစ်တာလဲ”

“ဟုတ်ပါဘူး၊ သမီးကို စောင့်ခေါ်တော့ ဘာဖြစ်လဲ။ နှစ်ယောက်အတူ လက်ထပ်ပြီးမှ တစ်ခါမှ ဟန်းနီးမွန်း မထွက်ရသေးဘူး”

အမေက ကျွန်မကို တအံ့တဩ နားမလည်သလို ကြည့်နေသည်။ အမေ ဘာမျှ ထပ်မံမပြောခင် ကျွန်မ အခန်းထဲကို ဝင်ခဲ့သည်။ ကို့ကိုလည်း မကျေနပ်၊ အမေ့ကိုလည်း မကျေနပ်။ စိတ်ပေါက်ပေါက်နှင့် လက်ကိုင်အိတ်ကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်မိသည်။ 

စိတ်မောမောနှင့် အိပ်ရာပေါ် ပစ်လှဲလိုက်သည်။ ရင်ထဲမှ ဒေါသတွေ မျက်လုံးမှ မျက်ရည်အဖြစ် စီးကျလာကြသည်။ ဒေါသတို့ မျက်ရည်တို့ ဆိုသည်မှာလည်း တစ်ယောက်တည်း လှိမ့်ငိုနေ၍ အဓိပ္ပာယ်မရှိသလိုပင်။ တကယ်ဆို ချော့သည့်လူလေး၊ မျက်ရည်ကို သုတ်ပေးမယ့်လူတော့ ရှိဦးမှပေါ့။ ချော့သူမရှိဘဲ စိတ်ကောက်ရသည်ကလည်း တန်ဖိုးမရှိ။ ထွန်းသာဆိုလျှင် ကျွန်မ စိတ်ကောက်၍ နှုတ်ခမ်းစူနေလျှင် ပျားရည်လူးစကားလုံးတွေနှင့် ရွှန်းအိသွားအောင် ချော့တတ်သည်။ 

“ကို အလကားပါ၊ လူကိုတန်ဖိုးမထားဘူး” 

အသံထွက်အောင် ရေရွတ်မိသည်။ 

နောက်နေ့ တနင်္လာနေ့ ကျောင်းကို ထွက်လာသည့်အချိန်ထိပင် ကျွန်မ ဒေါသက မပြေသေး။ ကျွန်မ ပို့ချရမည့်သင်တန်းက ၁၁ နာရီမှာ ရှိသည်။ ရုံးခန်းထဲ ဝင်လိုက်တော့ ချောပပ စားပွဲရှေ့မှာ အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်ရင်း စကားပြောနေသည်။ 

“သွားတော့မယ်ချော၊ စားချင်သောက်ချင် ပြောနော်။ အရင်ကမေ မဟုတ်တော့ဘူး၊ အမြည်းဆို အစုံလုပ်တတ်တယ်။ အကြော်ရော၊ အသုပ်ရော” 

ပြုံးပြုံးရယ်ရယ် ပြောရင်း ချောပပကို နှုတ်ဆက်ကာ ကျွန်မရှေ့မှဖြတ်၍ အခန်းပြင်ထွက်သွားသည်။

အမျိုးသမီးက ကျွန်မနှင့် ရွယ်တူလောက်ပင်ရှိမည်။ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကြည့်ပျော်ရှုပျော်ရှိသည်။ ကျွန်မစားပွဲမှာ ကျွန်မထိုင်လိုက်၍ အံဆွဲသော့ကို ဖွင့်နေစဉ်. “မမြသူ သူ့ကို သိလား” ချောက မေးလာ၏။

“ဟင် ... မသိပါဘူး” 

“ပြောရဦးမယ် ... သူက ထွန်းရဲ့ မေပေါ့” 

“ဘာ ...” 

ကျွန်မက နားမလည်သလို မေးလိုက်၏။

“ကိုဖြူနွဲ့ ရဲ့ မေလေ။ ခင်သန်းဆွေနဲ့ လက်ထပ်တယ်ဆိုလို့ တခြားအမျိုးသမီး အောက်မေ့နေတာ၊ မေက နာမည်ပြောင်းထားတာကိုး။ ချောတို့နဲ့ မန္တလေးမှာ ၁၀ တန်းတုန်းက သူ့နာမည် မေပဲ။ ခု ကိုမြတ်ဝင်းထွန်း မြစ်ကြီးနားကနေ မော်လမြိုင်ကောလိပ်ပြောင်းရမယ်ဆိုလို့ သူ့ကိုပါ ချက်ချင်း ပြောင်းမပေးနိုင်သေးတော့ အနည်းဆုံး ရန်ကုန်တက္ကသိုလ် ပြောင်းပေးဖို့ လာကြိုးစားနေတာတဲ့။ ချောနဲ့ အဆက်အသွယ် ပြတ်သွားတာကြာပြီ။ ဖေဖေ မန္တလေးက ပြောင်းကတည်းက ချောနဲ့​မေနဲ့က ကွဲသွားတာ။ ​မေကလည်း မြစ်ကြီးနားကောလိပ်မှာ ကျူတာ"

"အဲဒါ ဘာဖြစ်လဲ"

ရင်ထဲက ဒေါသအရှိန်က မပြေသေး၍ ကျွန်မ ဘုကျကျ ပြောလိုက်သည်။

“ပွင့်ဦးရဲ့ အမူးဋီကာ အကြောင်းလေး ဆက်ပြောမလို့ပါ၊ သူကဖြင့် သူရဲ့ ထွန်းအကြောင်းကို ဘာမျှ မသိဘဲနဲ့။ မေနဲ့ရတော့ ကိုဖြူနွဲ့က သောက်တတ်နေပြီတဲ့။ ဒီတော့ သိက္ခာထိန်းရမှာမို့ ဆိုင်မှာ မသောက်ပါနဲ့။ အိမ်မှာ ဣန္ဒြေရရသောက်ပါ။ မေကိုယ်တိုင် အမြည်းလုပ်ပေးပါ့မယ်လို့ ချော့ရတယ်တဲ့” 

“ချော့ရတယ်” 

ကျွန်မက တအံ့တံသြ မေးလိုက်သည်။ 

“အေးပေါ့ဟဲ့၊ ခုတော့လည်း အိမ်မှာပဲ ဣန္ဒြေရရသောက်တယ်တဲ့။ ဒါကြောင့် မေကပြောသွားတာ၊ မကြားဘူးလား။ သူ အမြည်းအကြော်မျိုးစုံ၊ အသုပ်မျိုးစုံလုပ်တတ်တယ်ဆိုတာ အရက်နဲ့မြည်းဖို့လေ”

ကျွန်မ မကြားချင်ပါ၊ ဘာမျှမကြားချင်ပါ။ ကျောင်းသားတွေ၏စာအုပ်တွေကို စားပွဲပေါ်တင်ကာ ဖတ်မည်လုပ်နေစဉ်မှာပင် အပျိုကြီး မမချောက စကားဆက်ပြန်သည်။ 

“ချောတော့ မေ့ကို တော်လေးဝထဲ ထည့်ချင်တယ်။ မေနဲ့ ပေါင်းရင် တော်ငါးဝပေါ့” 

ဘာအဓိပ္ပာယ်ပါလိမ့်။ ချောစကားကို ကျွန်မနားမလည်ပါ။ 

“ရှင်းစမ်းပါဦး ပါမောက္ခကြီးရယ်” 

ကျွန်မ အရင်ရောက်နေနှင့်သော မျက်နှာချင်းဆိုင်မှ ဆရာမ မြကေသီက ဝင်ထောက်၏။ 

“အမရာ ကိန္နရီတို့ မဒ္ဒီ သမ္ဘူလတို့ဆိုတာတွေဟာ သူတို့ယောက်ျားတွေက လင်သူတော်ကောင်းကြီးတွေကွာ။ ဘုရားလောင်းတွေ မဟုတ်လား။ ဒီလိုလင်မျိုးဆို ပြုစုစမ်းပါရ​စေ။ သစ်သီးရှာရုံမကဘူး အမဲလိုက်ရ လိုက်ရ” 

“ဟဲ .... ဟဲ သူ့အတွက်ဆိုရင်ပေါ့လေ"

မြ​ကေသီက ရွှန်းပြန်သည်။

“ဟုတ်တယ်လေ။ မေ့ယောက်ျားက အရက်သမား။ ဒါကို သူပြုစုပြီး အရက်နဲ့ အမြည်းနဲ့ကြို၊ ထမင်းပွဲ အဆင်သင့်နဲ့ သူပြုစုနိုင်တာကို ချီးကျူးချင်လို့ပါ။ ဒါတင်မကပါဘူးလေ၊ လောင်းကစား ဖဲရိုက်၊ မယားငယ်အိမ်က ပြန်လာတဲ့ယောက်ျားတွေကို ထမင်းပွဲနဲ့ ဆီးကြိုနိုင်တဲ့ မိန်းမတွေကိုလည်း သိပ်အံ့ဩတာပဲ”

“အဲဒီမိန်းမတွေပါ တော်လေးဝထဲထည့်ရရင် တော် ၅၅၀ ပေါ့ ဟား.. ဟား။ အဲဒီ တော်တွေထဲဝင်အောင် ချောတစ်ယောက် မြန်မြန်လက်ထပ်လေကွာ” 

မြကေသီက ဆက်၍ ဟားသည်။

“ဝေးသေး ... ဝေးသေး တော်ထဲလည်း မဝင်နိုင်ဘူး။ ချောတော့ အဲဒီအရက်သမား ဖဲသမားလည်း မယူနိုင်ဘူး”

“အပျိုကြီးမမရဲ့၊ ယောက်ျားဆိုတာ လက်မထပ်ခင်က စင်းလုံးချောပေမဲ့ ကိုယ့်လက်ထဲကျတော့ တစ်ခုမဟုတ်တစ်ခုတော့ ဖောက်လာတတ်တာပဲ။ အဲဒါကို အခြေအနေအရ ကိုယ်နဲ့ ဘောင်ဝင်အောင် ကြည့် စခန်းသွားရတာပဲ။ တစ်ခါတလေ ကိုယ်ကပဲ သူ့ဘောင်ထဲ ဝင်နိုင်အောင် ကြိုးစားရတာတွေလည်း ရှိတာပဲ။ မမချောရေ... ဟိုတုန်းက စိတ်ကူးယဉ်အိပ်မတ်တွေကို မေ့ပစ်ရတယ်။ ပန်းလေးလိုလှတာကိုလည်း ကြည့်နေချင်သည်ဆိုတာတွေ၊ မြင်းမိုရ်တောင်ကို တုံးမှတ်လို့ ခုန်မှာတွေ အားလုံး မေ့ပစ်ရတယ်။ တစ်ခါ တစ်ခါ အဲဒီ ဘသားချောတွေက မြေပေါ်မှာ ကြိုးလေး တန်းနေတာတောင် မခုန်ချင်လို့ လမ်းရှင်းပေးရတယ်”

“အောင်မယ် စောစောစီးစီး ဘာတွေများ ပြောနေလဲ အောက်မေ့တယ်၊ လင်အကြောင်း သားအကြောင်း” 

သန်းသန်းရင်သည် အခန်းဝမှာ ပေါ်လာသည်။ 

“သန်းတို့တော့ ပါမောက္ခနဲ့ တွေ့ခဲ့ပြီး ဟန်းနီးမွန်းထွက်ဖို့ ခွင့်လည်းတောင်း၊ ခွင့်စာလည်းတင်ခဲ့တယ်။ လက်ထပ်တုန်းက သန်း ခွင့်မရခဲ့ဘူးလေ။ ပါမောက္ခက ပေးမယ်တဲ့။ မောင်ပျော်သွားအောင် မောင့်ရုံးကို ဖုန်းဆက်လိုက်ဦးမယ်”

မျက်စမျက်နနှင့် မြူးကြွရွှင်နေသော သန်းသန်းရင်သည် ပဝါကို ခေါက်သိမ်းကာ အခန်းအပြင် ထွက်သွားသည်။

ကျွန်မသည် ဘယ်သူ့စကားကိုမျှ မကြားလိုပါ။ ရင်ထဲမှာတော့ ထွန်းဘာလို့ အရက်သောက်နေပြီလဲ။ ထွန်းတစ်ယောက် ကျွန်မနှင့် တွဲနေကတည်းက အရက်သောက်တတ်ပါသလား။

သင်တန်းခန်းမသို့ စာသင်ရန် ထွက်သာလာသည်။ ကျွန်မရင်ထဲမှာ လေးလံမွန်းသိပ်နေပါသည်။ လရောင်ရွှန်းမြသော အချစ်ညမှာ ချစ်သူရုပ်သွင်သည် ဝိုးတဝါးပေပဲပေါ့။ နေရောင်ရွှန်းပမှ လက်ထပ်မည့်သူကို ရွေးတာပဲကောင်းသည်။ ယခု ကို့ကို နေရောင်အောက်မှာတွေ့ခဲ့၍ လက်ထပ်ပြီးပြီ မဟုတ်လား။ ဘာကြောင့် လရောင်ကို တမ်းတမိနေသလဲ။ လရောင်အောက်မှာတွေ့ခဲ့သူ ပန်းရောင်ခေါင်းပေါင်းရှင်ကို ကျွန်မစိတ်ထဲက ရွှေကျင်ခပ် ပဝါပေါင်းနှင့် မင်းလောင်းလို အထင်ကြီးခဲ့တာတွေလည်း အို... သူကလည်း အရက်သမားတဲ့။ 

ကျွန်မသည် ထွေပြားသောစိတ် ထိန်းချုပ်ရင်း သင်တန်းတစ်ချိန် စာသင်ကြားကာ အခန်းသို့ ပြန်လာခဲ့သည်။ ကျောင်းသားများ စာအုပ်တွေကို စိစစ်နေသော သန်းသန်းရင်တစ်ယောက်ပဲ အခန်းထဲမှာရှိသည်။ ကျန်လူတွေ သင်တန်းပို့ချရန် သွားကြသည်။ 

“သန်း ဘယ်တော့ ဟန်းနီးမွန်းထွက်မလဲ” 

ကျွန်မက ပဝါခေါက်ရင်း မေးလိုက်၏။

“လာမယ့် စနေလေ၊ မောင်က နက်ဖြန်လက်မှတ်သွားလုပ်မယ်၊ လေယာဉ်ရရ ရထားရရ”

“မြသူလည်း လိုက်မယ်”

သန်းသန်းရင်သည် ရုတ်တရက် အဖြေမပေးဘဲ ပါးစပ်လေး ဟနေပြီးမှ “လိုက်လေ” ဟု ဖြည်းညင်းစွာ ပြော၏။

“မြသူ ဒီလိုလုပ်မယ်။ အမေ့ကိုပြောပြီး နက်ဖြန် သန်းကို အကြောင်းပြန်မယ်နော်"

သန်းက ခေါင်းညိတ်လိုက်၏။ ကျွန်မသည် အမှန်တော့ ထိုစဉ်က နားလည်ဖို့ ́ကောင်းပါသည်။ လွတ်လပ်စွာ သွားချင်သော လက်ထပ်ပြီးစ ဇနီးမောင်နှံကြား ကျွန်မလိုက်ပါသွားဖို့ မသင့်ပါ။ အို ... သွားကိုသွားမယ်။ ကိုပြန်လာရင် ကျွန်မကို ကို မတွေ့ရ၊ ကျွန်မ မရှိခြင်းကို သူမြင်ရမှ ကျွန်မဝေဒနာကို သူသိရမည်။ သူ့လိုပဲ သူစိမ်းဆန်ဆန် နေပြလိုက်မည်။

အပိုင်း(၃)(ဇာတ်သိမ်း) ဆက်ရန်
----------------------------
#ခင်နှင်းယု

Post a Comment

0 Comments