ပန်းများကို ပွင့်စေသူ - ခင်နှင်းယု အပိုင်း (၁၃) (ဇာတ်သိမ်းပိုင်း)

#ပန်းများကို ပွင့်စေသူ
အပိုင်း (၁၃) (ဇာတ်သိမ်းပိုင်း)

ခွင့်ရက်စေ့၍ ကျောင်းပြန်တက်ရသော်လည်း ယခင်လို စိတ်မှာ မပျော်ပိုက်တော့ပေ။ သူသည်လည်း ကျွန်မထံသို့ လုံးဝမလာတော့ပေ။ 

ပြာသိုတွင် ကရမက်ပန်းတို့ ခြံတွင်း၌ လှိုင်လှိုင်ပွင့်၍နေလေသည်။ နံနက်က နှင်းဖြိုင်ဖြိုင်ကျလိုက်၍ ပန်းများသည် အစွမ်းကုန် အဆုပ်ခဲလိုက် ပွင့်နေကြဟန်တူပေသည်။ 

ဘုရားတွင် နံနက်က ပန်းကပ်လှူပြီးဖြစ်၏။ ယခုနေ့လည်တွင် မိတ်ဆွေများအိမ်သို့ ပန်းခက်များဝေရန် ကျွန်မသည် ငှက်ပျောဖက်များနှင့် ပန်းကို စည်းလျက်နေပေသည်။ တနင်္ဂနွေနေ့ဖြစ်၍ အိမ်ကကားနှင့် ဆရာမများထံ အပေးလွှတ်ရန် စီစဉ်နေ၏။ 

တစ်ချက်ကျော်ကျော်လောက်တွင် ဖိုးမောင်သည် ရေးကြီးသုတ်ပြာ ပေါက်၍လာလေသည်။ 

" မမ ....မမ၊ ဆရာက ဆေးရုံ လာခဲ့ပါတဲ့ "

သူသည် တုန်တုန်ယင်ယင်ဖြစ်နေ၍ ကျွန်မပင် ထိတ်လန့်သွားလေသည်။ 

" ဘာဖြစ်တာလဲဖိုးမောင်၊ နင့်ဆရာ ဘာဖြစ်လို့လဲ "

" သူ့ကိုယ်သူ သေနတ်နဲ့ပစ်လို့ အခု ဆေးရုံမှာ၊ စောစောကတည်းက ခေါ်ခိုင်းတယ်၊ ကျွန်တော် ကျောင်းက သူ့သားတွေ သွားခေါ်ပေးနေလို့ ကြာသွားတယ် "

"ဟင်"

ကျွန်မလက်မှ ပန်းခက်များသည် လွတ်၍ ကျသွားတော့သည်။ ဘယ်သူ့ကိုမှ လှမ်းမပြောတော့ဘဲ ဖိုးမောင်ကားပေါ်သို့ ပြေးတက်သွားမိသည်။ 

ဆေးရုံရောက်လျှင် ခွဲစိတ်သောအခန်းနားရှိ အရေးတကြီးလူနာများထားသောနေရာတွင် သူ့ကို ထားလေသည်။ ကျွန်မ အခန်းဝရောက်လျှင် အခန်းထဲမှ ကျွန်မ၏မိတ်ဆွေ တရားသူကြီး ဦးလှမြင့်၊ ပုလိပ်အရာရှိနှစ်ယောက်၊ လူကြီးတစ်ယောက်နှင့် ဒေါက်တာ ထွက်၍လာသည်။ ကျွန်မသည် သူတို့ကိုပင် နှုတ်မဆက်မိဘဲ အခန်းတွင်းသို့ ဖြတ်ကျော်ကာ ဝင်လာခဲ့သည်။

သွေးသစ်ထည့်သောပုလင်းတန်းလန်းနှင့် အပ်မှာ လက်မောင်းမှ မဖြုတ်သေး။ အောက်ဆီဂျင်ပိုက်မှာလည်း အနားမှာ ရှိနေသေးသော်လည်း ပိုက်အဖျားမှာ နှာခေါင်းဝမှ ကျွတ်လျက်ရှိလေသည်။ 

ပြုံးနေသော သူ့မျက်နှာသည် အရောင်မရှိတော့ပေ။ နှုတ်ခမ်းများမှာ ပြာ၍ မျက်လုံးတို့သည် စင်း၍နေကြပေပြီ။ ဆရာမလေးတစ်ယောက်သည် လက်မှ သွေးပေသောအပ်ကို ဖြုတ်၍ပစ်လိုက်၏။ 

ကျွန်မလက်များသည် သူ့လက်ဖျားများကို ဆုပ်နယ်၍နေမိပေသည်။ အေးစက်နေသော သူ့လက်များပေါ်သို့ ကျွန်မမျက်ရည်စက်များသည် သွန်ကျလာကြသည်။ 

"နောက်ဆုံးအချိန်ထိ ဖေဖေက အန်တီကို မေးနေပါသေးတယ်။ အန်တီ ဒီအခန်းဝမရောက်ခင်လေးပဲ အသက်ထွက်သွားပါတယ်"

သူ့မျက်နှာနှင့် အတော်ဆင်သော သူငယ်နှစ်ယောက်သည် ဘေးတွင် ရပ်လျက်ရှိသည်ကို ခုမှ ကျွန်မ ဂရုပြုမိ၏။ အငယ်လုပ်သူသည် တရှုပ်ရှုပ်ငိုလျက်ရှိပေသည်။ ကျွန်မသည် အငယ်သူငယ်၏ခေါင်းကို ပွေ့၍ဖက်ကာ ချော့လိုက်ရ၏။ 

" မင်တို့မေမေရော အကြောင်းကြားပြီးပလား "

" ဟုတ်ကဲ့၊ မေမေက စက်ကိစ္စလာပြီးလုပ်တာ၊ ၁၂ နာရီလောက်မှ ပဲခူးပြန်တယ်။ ခုဆို ရောက်မှ ရောက်သေးရဲ့လားမသိဘူး။ ဖေဖေက တော်တော် စကားပြောနိုင်သေးတာပဲ၊ ကျွန်တော်တို့ကို ဝတ်လုံဆီက စာချုပ်တွေ ဘာတွေ ပေးသေးတယ်။ သေတမ်းစစ်ချက်လည်း ပေးပြီးမှ သွေးက မနိုင်နိုင်ဘူး၊ လွန်လို့သေရတာ။ သူ 'အန်တီ မလာသေးဘူးလား 'မေးပြီးမှ အသက်ထွက်သွားတယ်"

ကျွန်မသည် နှုတ်ခမ်းများကို ပြတ်မတတ် တင်းမာစွာ ကိုက်၍ ထားလိုက်ရသည်။

* * * * *

နောက်တစ်နေ့ သတင်းစာများတွင်မူ အတွင်းဝန်ဦးထင်ပေါ် ကိုယ့်ကိုယ်ကို သတ်သေကြောင်း၊ သေတမ်းစစ်ချက်တွင် ထူးထူးထွေထွေ ဖော်မပြောကြောင်းများ ပါလာ၍ သူ့စွမ်းရည်၊ သူ့လုပ်သက်များ၊ သူ ပန်းများကို ချစ်တတ်ကြောင်းများကို ဖော်ပြကြသည်။ အထူးသဖြင့် စိုးမြင့်အောင်၏ဗြဟ္မာ့ဗျူဟာသတင်းစာကမူ သူ၏ရုက္ခဗေဒတွင် အစွမ်းထက်မြက်ပုံကို ချီးကျူးဖော်ပြကြလေသည်။ 

ကျွန်မသည် ဟန်မပျက် ကျောင်းတက်ရသော်လည်း ရင်ထဲတွင် ကြီးစွာသောဝေဒနာကို ခံစားနေရသလိုဖြစ်၍ နေပေသည်။ 

သူသေဆုံးရခြင်းတွင် 'ကျွန်မပယောဂ မပါပါစေနှင့်' ဟု ကြိတ်၍ ဆုတောင်းမိ၏။ သူ့အလောင်းကို ဂူသွင်းသောနေ့တွင်လည်း စိတ်ထဲ တတွတ်တွတ်ရေရွတ်ကာ သူ့ကို တောင်းပန်မိသည်။

" ကျွန်မကို ခွင့်လွှတ်ပါ ကိုထင်ပေါ်ရယ်၊ ရှင့်ကိုယူဖို့ မဖြစ်နိုင်လွန်းလို့ပါ၊ ကျွန်မကို ခွင့်လွှတ်ပါနော်၊ ဘဝဆက်တိုင်း ရှင်ဟာလည်း ငြိုးမာန်ကင်းတဲ့လူဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပါတယ် "

ကျွန်မသည် ဝမ်းထဲက တီးတိုးပြောနေမိသည်။ 

မမြမေကမူ လူးလိမ့်၍ ငိုရှာသည်။ သူသည် ပွင့်လင်းစွာ ဟစ်အော်ငိုကြွေးသည်နှင့်အမျှ  ကျွန်မက ကြိတ်ဆွေးရ၏။ ပရိသတ်ရှေ့တွင် မျက်ရည်တစ်စက်မကျအောင် ကျွန်မ ထိန်း၍ ထားရပေသည်။ 

အသုဘကိစ္စအပြီးတွင် မမြမေသည် ဂွတ္တလစ်လမ်းအိမ် မပြန်ဘဲ ကျွန်မအိမ်ကို ဆက်၍လိုက်လာသည်။ 

အိမ်ရောက်လျှင် သူသည် ကျွန်မအခန်းသို့ ပြေးတက်ကာ ရုပ်ပျက်ဆင်းပျက် ငိုရှာသည်။ သူသည် ငိုသင့်သည်ထက် ပို၍ငိုသည်ဟု ကျွန်မ ထင်ပေသည်။ 

" မမြမေ မိတ်ဆွေတွေလဲ ဟိုအိမ်မှာ လာနေကြမှာ၊ စိတ်ကို တင်းပေါ့ကွယ်၊ သွားပြီး ဧည့်ခံရဦးမယ်။ သူက ကွာထားတယ်ဆိုပေမယ့် မင်းကို အားလုံးက သူ့အိမ်ရှင်မအဖြစ် အသိအမှတ်ပြုထားတာ "

" ဟုတ်ပါတယ်သူငယ်ချင်းရယ်၊ ဒါပေမဲ့ ....ဒါပေမဲ့ ...မင်းကိုမှ ဖွင့်မပြောရရင် ငါပါသေလိမ့်မယ်၊ သူဟာ ငါထင်သလိုမဟုတ်ဘူး၊ ကိုယ့်ကို ချစ်နေသေးတယ်ဆိုတာ သူသေပြီးမှ သိရလို့ ကိုယ် ယူကျုံးမရ သိပ်ဖြစ်တာပဲ "

"ဟင် "

ကျွန်မသည် ဘာကြောင့် ထို ဟင် ဆိုသော အာမေဋိတ်ကို ပြုမိမှန်းမသိပေ။ 

" မင်းတို့က ထင်တာက သူ့ကိုယ်သူ သတ်သေတယ်လို့ ထင်တာ၊ ခု သေတာက ကိုယ်က ပစ်သတ်လိုက်တာ "

"ဟယ် ..."

" ဟုတ်တယ်၊ အဲဒါ ကိုယ် ဘာလုပ်ရမလဲဟင် မခင်သိုက်၊ ကိုယ် ဘာလုပ်ရမလဲ။ အဲဒီနေ့မနက်က ကိုယ် စက်ကိစ္စအတွက် ထွက်လာတယ်။ ကိုယ့်အဖေစက်ကို သောင်းကျန်းသူနဲ့ဆက်တယ်လို့ မသင်္ကာဘူးဆိုပြီး ပိတ်ခိုင်းတယ်။ နောက်တစ်ဆင့် ဖေဖေ့ကိုပါ ဖမ်းမယ်ဆိုပြီး သတင်းထွက်လာတယ်။ အဲဒီကိစ္စတွေမှာ သူ ရှို့တာက ၅၀ ရာခိုင်နှုန်းလောက်ပါတယ် ဆိုတော့ ကိုယ်လည်း သက်ဆိုင်ရာဆီလာတွေ့ရင်း သူဆီ အရဲစွန့်ပြီး ဝင်ခဲ့တယ်၊ ကိုယ်တို့မှာ စီးပွားရေးလဲ ဆုတ်ယုတ်လာလို့ ဒီလို မညှင်းဖို့ လာပြောတာ၊ အိမ်မှာ ဘယ်သူမှမရှိဘူး၊ သူနဲ့ကိုယ် နှစ်ယောက်တည်း။ သူ့အိပ်ခန်းဘက်မှာ စကားပြောနေတုန်း သူက သူ့အနွေးထည်ထားတဲ့ အနွေးခန်းထဲ ခဏဝင်နေပါ ပြောတယ်၊ အဲဒီအခန်းက မှန်ကာပြီး ခန်းဆီးတပ်ထားတယ်။ ကိုယ် အထဲဝင်လိုက်တော့ ခန်းဆီး အလုံဆွဲပိတ်တယ်။ ဒါပေမဲ့ ခန်းဆီးကြားကနေ သူ ဘာလုပ်နေတယ်ဆိုတာ  တွေ့ရတယ် "

" တော်ကြာ ကောင်မငယ်ငယ်တစ်ယောက်ဝင်လာပြီး သူနဲ့ပလူးပလဲ ကို့ယို့ကားယားဖြစ်ပြီးမှ သူ အပြင်လိုက်ပို့တယ်၊ ကိုယ့်စိတ်ထဲမှာလေ ကွယ်ရာမှာ ဘာဖြစ်နေနေ မျက်စိရှေ့ တခြားမိန်းမနဲ့တွေ့ရတော့ ဘာလုပ်ရမှာမှ ကိုယ် မကြောက်တော့ဘူး။ သူလဲ ပြန်ဝင်လာရော ကိုယ် အံဆွဲထဲက သေနတ်ဆွဲထုတ်ပြီး အနားကပ်ရက် သူ့ကို ပစ်တာပဲ၊ သူက ချက်ချင်းမလဲသေးဘူး။ ခဏ ရပ် တွေနေပြီး သေနတ်ကို လှမ်းယူပြီးမှ 'ပြေး ပြေး ...မြန်မြန်ပြေး' ဆိုတာနဲ့ ကိုယ်လဲ ပြေးထွက်လာတာ။ တကယ်လို့သာ ကိုယ်ထင်သလို သူက မုန်းရင်၊ ကိုယ်သတ်ကြောင်း ပုလိပ်ကို ပြောလိုက်ရင် ကိုယ် စက်တိုင်တက်ရမှာ သေချာတယ်။ ခုတော့ သူ့ကိုယ်သူ သတ်သေတယ်လို့ သေတမ်းစစ်ချက်မှာ ဖွင့် ဝန်ခံထားတယ်။ ပုလိပ်ကလည်း အမှုပိတ်ပြီ။ ဒီတော့ ...ဒီတော့ သူဟာ ကိုယ့်ကို ချစ်နေသေးလို့ပေါ့နော် "

မမြမေသည် တရှုပ်ရှုပ်နှင့် ငိုရှာပြန်သည်။ ကျွန်မကမူ မြန်ဆန်ပြောင်းလဲလွန်းသောကြောင့် ဘာကိုမျှ အတည်တကျ မတွေးနိုင်သေးပေ။ 

" အေးပေါ့ကွယ်၊ ဘယ်နှယ့် ဒီလောက်ကြာအောင်ပေါင်းလာတာ မချစ်ဘဲနေမလဲ"

" ဒါကြောင့် ပိုမချိတာပေါ့ မခင်သိုက်ရယ်၊ ကိုယ် ပုလိပ်ဆီသွားပြီး ဖြောင့်ချက်ပေးလိုက်မယ် "

" ဟာ ဒီလိုလုပ်ရင် မှားမှာပေါ့၊ ပြီးတာတွေက အားလုံးပြီးကုန်ပြီ။ နောက်ထပ် ဒုက္ခ ထပ်မရှာနဲ့။ မင်းမှာလည်း ကလေးတွေက တပြုံကြီးနဲ့၊ မင်း မရှိမှ ကလေးတွေ သာ ဒုက္ခရောက်မပေါ့၊ စိတ်ကို ဖြေ၊ သူ့အတွက် ကောင်းမှုလုပ်၊ ကဲ ...ကဲ ...ပြီးခဲ့တာတွေကို တရားနဲ့ဖြေဖျောက်ပစ်လိုက်တော့၊ ထ ...ထ၊ အိမ်ပြန်စို့။ ကိုယ်လိုက်ပို့မယ်  "

သူ့ကိုချော့ခေါ်ကာ ဂွတ္တလစ်လမ်းအိမ်သို့ လိုက်၍ ပို့ရ၏။ သားလေးနှစ်ယောက်သည် အမေလုပ်သူကို ယုယစွာ ဆီးကြိုကြ၏။ ထိုအိမ်ကြီးကိုရော ဘဏ်ရှိပစ္စည်းများကိုပါ သားနှစ်ယောက်နာမည်နှင့် ထားခဲ့သည်ဟု သိရလေသည်။ 

ကျွန်မသည် ထိုအိမ်ကြီးတွင် ကြာကြာမနေချင်သောကြောင့် ပြန်လာခဲ့သည်။ ကားပေါ်အတက်တွင် မျက်လုံးများသည် ပန်းခုံတန်းများပေါ်သို့ ရောက်၍သွားလေသည်။ ကရမက်၊ မြတ်လေးဖြူနှင့် စနိုးတို့သည် ဖြိုးဖြိုးဝေကာ ပွင့်နေကြသည်။ 

" အဲဒီပန်း သုံးမျိုး ယှဉ်ပြီး ပွင့်တဲ့အခါကျရင် မခင်သိုက်ကို ကျွန်တော် ခေါ်ပြဦးမယ် "

သူ့စကားသံများကို ကျွန်မ ကြားယောင်လာသည်။ ကျွန်မသည် ခပ်မြန်မြန်ပင် အိမ်သို့ ပြန်ခဲ့၏။ 

အိမ်ရောက်လျှင် အိပ်ရာပေါ် ပုံလဲနေတော့သည်။ ခုမှ တစ်ခုစီ ပြန်တွေးကြည့်ရ၏။ သူ့ကိုယ်သူ သတ်သေသည်ဟု အဘယ်ကြောင့် လိမ်ကာ သူသည် ဖွင့်ဟဝန်ခံခဲ့သနည်း။ မမြမေ ထင်သကဲ့သို့ မမြမေအား ချစ်နေသေးသလော။ 

မဟုတ်နိုင်၊ ထိုအတွေးမှာ လုံးဝမဖြစ်နိုင်၊ သူသည် မမြမေကို ရက်စက်စွာ လက်စားချေခဲ့၏။ မုန်းတီးစွာ စွန့်ပစ်ခဲ့၏။ ဘယ်တုန်းကမှ မမြမေအပေါ်တွင် ကြင်နာစိတ်ရှိကြောင်း အရိပ်အယောင်မျှ ကျွန်မတို့ရော တခြားသူကိုပါ ဖွင့်၍ ပြောမပြခဲ့။ 

ကျွန်မနားထဲတွင် ကြားယောင်၍လာပြန်သည်။

" ကျွန်တော်က သေတာကို မလိုချင်ဘူး မခင်သိုက်၊  ကျွန်တော့်အဖေ တလှိမ့်လှိမ့်ခံရသလို သူတို့ဟာ မသေဘဲ တမြည့်မြည့်ဆွေး တစိမ့်စိမ့်ခံရမှ ကျွန်တော်ကျေနပ်မယ်" 

ထိုစကားအရ သူ အမှန်အတိုင်း အစစ်ခံလိုက်လျှင် မမြမေသည် သေစားသေရမည်ဖြစ်သည်။ သူက သေခြင်းဖြင့် လက်စားချေလိုသူမဟုတ်။ ယခုလို သူ့ကိုယ်သူ သတ်သေသည်ဟု ပြောလိုက်ခြင်းဖြင့် မမြမေသည် အသက်ရှင်တည်နေသမျှ တမြည့်မြည့် ဆွေးနေရှာမည်ကို သူ ကြိုတင်တွက်ပြီးဖြစ်ပေသည်။ 

ဒုတိယအချက်မှာ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကိစ္စကို မမြမေက ကျွန်မထံ လာပြောမည်ကို သူ ကြိုတင်သိပြီးဖြစ်လေသည်။ သူ၏သေခါနီး အစစ်ခံချက်အမှားကို မမြမေထံမှ ကျွန်မသိသည့်တပြိုက်နက်"မခင်သိုက်ရေ ...ခင်ဗျားအပေါ် ကျွန်တော်ဝန်ခံခဲ့တာတွေဟာလဲ အမှားတွေချည်းပဲ "ဟူ၍ နောက်ဆုံး သူ့ကိုယ်သူ သူတော်ကောင်းကြီးအဖြစ် ကာကွယ်လျှောက်လဲချင်သေး၍လား မပြောနိုင်တော့ပေ။ 

ကျွန်မသည် သူပေးခဲ့သော စိန်နက်လက်စွပ်လေးကို ယုယစွာ ထုတ်ယူ၍ ကြည့်မိ၏။ ယခုမှပင် တစိမ့်စိမ့် ငိုကြွေးမိပေသည်။ 

သူပွင့်စေခဲ့သော ပန်းလေးတို့သည် မေတ္တာဓာတ်ဖြင့်သာ ဖြိုးဝေခဲ့ပါလျှင် လောကဓာတ်တစ်ခုလုံးအား ထိုပန်းလေးတို့သည် ချမ်းမြေ့ရွှင်လန်းဖွယ် တန်ဆာဆင်ကြမည် မလွဲပေ။ 

ခုတော့ သူပွင့်စေခဲ့သောပန်းများမှာ အမုန်းပန်း ငြိုးပန်းတို့သာတကား။ 

မည်သို့ပင်ဖြစ်စေ ပန်းများကိုချစ်သူ၊ ပန်းများကိုပွင့်စေသူအား ကျွန်မတစ်သက်တွင် ဘယ်လိုပင်ကြိုးစား၍ မေ့ပျောက်ပစ်သော်လည်း မေ့နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မစိတ်ကလေးက သူ့အား ကျွန်မချစ်နေမိကြောင်း ယခုမှပင် ဖွင့်ဟဝန်ခံသောကြောင့်ဖြစ်လေသည်။ 

(ပြီးပါပြီ)
-------------------------------
ခင်နှင်းယု

Post a Comment

0 Comments