#နွားတထောင်
အပိုင်း(၄)
စန္ဒရားသံသည် သက်မဲ့ပစ္စည်းများပင် လှုပ်ရှားလာမတတ် ရွှင်လှ၏။ မနက်က ညှိုး၍ခွေကျနေသော စားပွဲပေါ်မှ နှင်းဆီတခက်ပင် ခေါင်းမော့၍ လာသလိုဖြစ်၏။ ခန်းဆီးအဝါစင်းသည် လေတွင် လွင့်နေပုံမှာ စန္ဒရားသံနှင့် ဟန်ပါလှ၏။
ခင်ခင်လေးသည် လက်ထဲမှ ထိုးလက်စ သိုးမွှေးအင်္ကျီကို အသာချထား၏။ သမီးလေးသည် နှစ်လလောက်အတွင်း ဖျတ်လတ်သွက်လက်စွာ တီးနိုင်ပုံကို အံ့ဩနေသည်။ တီးလုံးသည် ရွှင်၍ ကြွကြွရွရွရှိသလို မိမျက်လုံးများသည်လည်း တောက်ပ၍ ရွှန်းရွှန်းစိုနေသည်။ ပါးမို့များသည် နှင်းဆီငုံလို နီနီထွေးထွေးနှင့် သွေးကြွနေဟန်ပေါက်၏။ စန္ဒရားဆရာသည် စည်းကို မှန်မှန်တီးရင်း သီချင်းကို လိုက်၍ဆိုပေး၏။
ကိုအောင်မြင့်ပင် အိပ်ခန်းထဲမှာ မနေနိုင်ဘဲ ဧည့်ခန်းထောင့်တွင် လာထိုင်ကာ မိ၏စန္ဒရားသံကို နားထောင်၏။ စန္ဒရားသင်ပြီးချိန် မိသည် ဆရာ့ကို ဆင်ဝင်အောက်အထိ လိုက်ပို့၏။ ခင်ခင်လေးကမူ အားလုံးကို ငေးမောကြည့်နေသည်။ မိ နောက်ဖေးခန်းသို့ ဝင်သွားတော့မှ ကို့အနားကို ခင်ခင်လေး လာထိုင်လေသည်။
“ကိုရေ စန္ဒရားသင်တဲ့ဆရာက လူပျိုလား၊ မိန်းမနဲ့လား”
ကိုအောင်မြင့်သည် ခင်ခင်လေးကို အံ့ဩသလို ကြည့်လိုက်ပြန်သည်။ ခင်ခင်လေးကိုယ်ကို ဆွဲ၍လှုပ်ရင်း ရယ်နေပြန်၏။
“မသောက ဘာကိုပူလာပြန်ပြီလဲ၊ တမင် ခင်လေးရဲ့ ပူပင်သောက ဗျာပါဒကို သိလို့ မိန်းမနဲ့ လူအိုကို ငှားထားတာ ခင်ဗျာ့၊ ဘာမှပူမနေနဲ့”
“ဟင်…”
ခင်လေးသည် မျက်လုံးပြူးသွားသည်။
“အဲဒါမှ ပိုပြီးဆိုးတာ ကိုရဲ့”
“ဘာဖြစ်တယ်…”
“လူအိုမှ ပိုဆိုးတာ၊ ဂီတဆိုတာက အားလုံးကို ဖန်ဆင်းတယ်သိလား၊ စိတ်နှလုံးက သိပ်ပြီး သိမ်မွေ့နေချိန်မှာ အတွေး အင်မတန် ယဉ်တာ၊ သရဲလောက် အရုပ်ဆိုးနေပေမယ့် ဂီတကို တီးဆိုနေချိန်မှာ အသံဟာ သရဲရုပ်ကြီးကို မင်းသားလို ဖန်ဆင်းတာ၊ ဒါကြောင့်ပေါ့၊ အဖိုးကြီး စန္ဒရားသင်ပေးရင်းနဲ့ သင်တဲ့မိန်းကလေးနဲ့ ညားတာတွေလေ၊ ကို ဖတ်ဖူးတယ် မဟုတ်လား။ ခုလဲကြည့်ပါဦး၊ မတော်တဆ ညားသွားရင်၊ အမယ်လေး မယားကြီးရှိတဲ့သူနဲ့ ညားမိမှ ပိုဆိုးမှာကိုရဲ့။ ပြီးတော့ သီချင်းကလည်း များသောအားဖြင့် ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့ အချစ်ကို နှလုံးသားက ဖွင့်ပြတဲ့ အဖွဲ့အနွဲ့တွေ၊ ချစ်ရခြင်းအတွက် ဘယ်လောက် ပူပန် ဆင်းရဲရပါတယ်ဆိုတဲ့ တိုးလျှိုးတောင်းပန်တဲ့ အဖွဲ့အနွဲ့တွေ မဟုတ်လား။ အမယ်လေး သီချင်းတွေ ဂီတတွေနဲ့ ဖုံးသွားရင် မယားကြီးရှိတာတွေ ဘာတွေ မမြင်တော့ဘူး။ ဒါမျိုးဟာ ဖြစ်တတ်တယ်နော်”
“အင်း သည်လိုဆို ခက်သေးတယ် မရွှေခင်ခင်လေးရေ၊ မင်းသမီးအတွက် လူပျိုဆရာ လိုက်ရှာရဦးမှာပေါ့”
“ဟုတ်တယ်၊ လူပျိုဆရာဆို နည်းနည်းသင့်သေးတယ်။ တတ်နိုင်ရင်တော့ မိန်းမဆရာပဲ ငှားခဲ့ပါကိုရယ်”
ကိုသည် ခေါင်းကို တဗြစ်ဗြစ်မြည်အောင် ကုတ်လိုက်၏။ နောက်လတွင်မူ မိကို စန္ဒရားသင်ရန်အတွက် ဆရာမအသစ်တယောက်ကို ပြောင်း၍ ငှားလိုက်သည်။
ပထမတော့ မိသည် ဆရာအပြောင်းအလဲကြောင်းကို မရိပ်မိပေ။ နောက်တော့မှ သူသည် သူ့မေမေအစီအစဉ်ကို ရိပ်မိတော့သည်။
မိသည် တခိခိ ရယ်ရာမှ ဟက်ဟက်ပက်ပက် ရယ်၏။ ဒေါ်ကြီးကို ဆွဲ၍လှုပ်ကာ ရယ်ပြန်၏။
“ဒေါ်ကြီးရဲ့ညီမက ဒေါ်သောကကြီး သိလား၊ ဟာဟ။ ပူလိုက်ရတာ တကတည်း လူများက ဒါလောက်ပဲ စိတ်မထိန်းနိုင်ဘူးတဲ့လား”
ဒေါ်ကြီးစိတ်ထဲတွင်လည်း ခင်ခင်လေးအဖြစ်သည် နည်းနည်းသဲလွန်းသည်ဟု ထင်၏။
“အေး ဟုတ်တယ်၊ ခင်ခင်လေးနာမည်ကို မသောကလို့ ပြောင်းရင်ကောင်းမယ်”
ခင်ခင်လေးနာမည်ကို တအိမ်လုံးက မသောကဟူ၍ ကင်ပွန်းတပ်လိုက်၏။ မမကြီးသည် ခင်ခင်လေးနှင့် မိကြားတွင် တခါတခါ စခန်းသွားရသည်မှာ အတော်ခက်၏။ မိကို တဖက်မှ နှိမ်သလို ခင်ခင်လေးကိုလည်း လျှော့ဖို့ ပြောရသေး၏။
“သမီးပျိုအတွက် စိတ်ပူတာလည်း ပူတာပေါ့။ ဒါပေမယ့် ခင်ခင်လေးဟာ တရားလွန်တယ်။ အမှန်အတိုင်းဆိုရင် တို့များမှာ အားလုံးပေါင်းမှ မျက်စိခြောက်လုံးပဲ ရှိတယ်။ သည်မျက်စိတွေကလည်း သူလှုပ်ရှားသမျှ လိုက်ပြီး မကြည့်နိုင်ဘူး မဟုတ်လား။ ကွယ်ရာမှာ သူလုပ်ချင်ရင် ဖြစ်တာပဲ။ သည်တော့ ဒါလောက် ခင်ခင်လေးဖြစ်နေရင် မိက အရွဲ့တိုက်ချင် တိုက်မှာ…”
ခင်ခင်လေး ရင်ထဲတွင်မူ မမကြီးပြောသည်ကို မကျေနပ်ပေ။ “အပျိုကြီး သူ့မှာ သမီးမရှိတော့ ဘယ်ပူပင်တတ်မလဲ” ဟု စိတ်ထဲက ချေပမိ၏။ သမီးလေးကို တတ်များတတ်နိုင်လျှင် ဝမ်းထဲသို့ ပြန်၍ သွင်းထားလိုက်ချင်သည်။ သမီးအတွက် လုံခြုံသောနေရာသည် သူ့တွင်မရှိပေ။ အမှန်တော့လည်း မိသည် လှလွန်း၏။ ထိုအလှအပမှာ တနေ့သောအခါ မိကို ရန်ရှာလာမှာ ခင်ခင်လေးက စိုးရိမ်သည်။
တနင်္ဂနွေတနေ့တွင် မိသည် သူ့မိတ်ဆွေတယောက်နှင့် ခင်ခင်လေးကို မိတ်ဆက်ပေး၏။
“မေမေ ဒါက မိနဲ့ တတန်းတည်းပဲ ဖီးလစ်လှဘော်တဲ့”
မိသည် သူ့သူငယ်ချင်းဘက် လှည့်ရင်း…
“ဖီးလစ် မိတို့ မေမေလေ”
ခင်ခင်လေးသည် ဖီးလစ်အား ပြန်၍ နှုတ်ဆက်ရင်း ပြုံးပြုံးရယ်ရယ် စကားပြောနေ၏။ ရင်ထဲတွင်မူ ဖီးလစ်သည် မိ၏ ရိုးရိုးသူငယ်ချင်းလား၊ မိ၏ ရည်းစားပေပဲလား။ သူသည်လည်း ခေတ်မီသော မိန်းမတယောက်၊ ယခုခေတ်ထဲတွင် ကြီးပြင်းလာသူ မိန်းမတယောက် ဖြစ်ပေမယ့် မရွှေမိတို့ခေတ်ကိုမူ သူလိုက်၍ မီပါ့မည်လား။
ဆင်ဝင်အောက်တွင် ရပ်ထားသော စတူဒီဘေကာ ကားကြီး၏ သပြေသီးမှည့်ရောင်မှာ စိုလှ၏။
ဖီးလစ်၏မျက်နှာကလည်း တောက်ပလှ၏။ ဖီးလစ်သည် အထူးသဖြင့် ခင်ခင်လေးကို အရေးပေး၍ စကားပြော၏။ များသောအားဖြင့် စကားလုံးများထဲတွင် သူ့အဖေ စက်ရှင်မင်းကြီး အကြောင်းသည် ခဏခဏပါ၏။ ကားကိုလည်း ဓာတ်ဆီကုန်ပေမယ့် ကျယ်ကျယ်ဝန်းဝန်းမှ ကြိုက်သည့်အကြောင်းလည်း ပါ၏။
အမှန်တော့ ဖီးလစ်သည် မမလတ်ကြိုက်မည့် လူငယ်စားမျိုးဖြစ်၏။ မမလတ်သာ စောစီးစွာ ဖီးလစ်ကို တွေ့က အမြန်ဆုံး သမက်ဖမ်းလိုက်မည် ဖြစ်၏။ သို့မှသာ စက်ရှင်မင်းကြီးနှင့် အရေးပိုင်စကားလုံးတို့သည် သူတို့အိမ်ဝင်းတွင် သမာသမတ် ပေါင်းစပ်၍ ဖုံးလွှမ်းကာနေမည် ဖြစ်၏။
“ဒေါ်ဒေါ်လည်း အားရင် ညနေဘက် ခြောက်နာရီခွဲ ဘိုင်စကုပ် လိုက်ကြည့်ပါလား ခင်ဗျာ”
“တော်ပါ မောင် တော်ပါ။ အဲသည် အချိုးတွေတော့ ဒေါ်ဒေါ်က နောကျေလာတာ။ ကျုပ်သမီးကို မောင်ရင်က ချိန်ချင်လို့ လမ်းထွင်တာ မဟုတ်လား။ ကန်တော့်ဆွမ်း လောင်းလိုက်ပါသေးရဲ့”
ခင်ခင်လေးသည် ပါးစပ်က ပြုံးပေမယ့် ဝမ်းထဲမှာတော့ ယခုအတိုင်း ပြောနေ၏။ သမီးချော အမေဆိုသည်မှာ ပိုက်ကွန်တို့ကို အတော်ကြည့်ရပါကလား။
“ကျေးဇူးတင်ပါတယ်ကွယ်၊ ညနေဘက်မှာ မိတို့ဖေဖေရယ်၊ ဒေါ်ဒေါ်ရယ်၊ မိရယ် သွားစရာတခု ရှိတယ်ကွယ့်။ နောင်မှ ကြုံကြိုက်ရင် သွားကြတာပေါ့”
“သွားစရာရှိရင် ကျွန်တော်လိုက်ပို့မယ်လေ၊ ကားက ကျယ်ပါတယ်”
လာလာချေသေးတော့။ အလိုက်ကန်းဆိုးမသိတဲ့ ဟာလေး။ ခင်ခင်လေးသည် စိတ်ထဲမှ ဆဲမိပြန်၏။
“နေပါစေကွယ်၊ ဒေါ်ဒေါ်တို့ အိုပယ်ကားနဲ့ ဒေါ်ဒေါ်တို့ မိသားစုနဲ့ အတော်ပါပဲ”
“နောင်လိုချင်ရင် မှာပါ ဒေါ်ဒေါ် ဟဲ… ဟဲ”
“ဟဲ… ဟဲ”
နောက် ‘ဟဲ… ဟဲ’ မှာ မရယ်ချင့် ရယ်ချင်နှင့် ခင်ခင်လေး လိုက်၍ ရယ်ရသော ရယ်သံဖြစ်၏။ ဖီးလစ်သည် မိကို ညနေ ရုပ်ရှင်ခေါ်ဖို့ အစီအစဉ် မဖြစ်နိုင်တော့၍ ချွေးပြန်လာ၏။ လက်ကိုင်ပဝါကို ထုတ်သုတ်လိုက်၏။ လှိုင်းတွန့်လေးဖြစ်နေသော ရှေ့ထိပ်မှ ဆံနွယ်လေးမှာ နဖူးပေါ်သို့ ခွေခွေလေးကျလာ၏။ မိ စိတ်ထဲတွင်လည်း ဒါလောက် ကဗျာဆန်စွာ လှပသော ဖီးလစ်လိုလူမျိုးကို မကြိုက်ပေ။
ဖီးလစ်ပြန်ချိန်တွင် မိသည် ဝတ္တရားရှိသည့်အတိုင်း ဆင်ဝင်ဝသို့အထိ လိုက်၍ပို့ရင်း နှုတ်ဆက်နေ၏။ မမကြီးသည် ဧည့်ခန်းကိုဝင်လာရင်း မိကို လှမ်းကြည့်နေ၏။
“သည်သူငယ်က ဘယ်သူတဲ့လဲ ခင်ခင်လေး”
“ဖီးလစ်လှဘော်တဲ့ မမကြီးရယ်၊ မိသူငယ်ချင်းတဲ့၊ အမှန်တော့ လာပိုးတာပါ။ သူ့ကားကြီးပြပြီး ဆွယ်လိုက်သေးတယ်”
“ဪ … ခင်ခင်လေးရယ်၊ အပျိုရှိ လူပျိုလာပိုးတာပေါ့ကွယ်။ ဘုတွေဘောက်တွေများ ပြောလိုက်သေးလား”
“ပြောတော့မပြောပါဘူး၊ နောက်လာရင်တော့ ခပ်တည်တည် နေရမှာပဲ။ အဲသည်လို ဂိုက်တွေက အင်မတန်ကြွားတာ မမကြီးရဲ့။ သူ့ကားနဲ့ မိ တခေါက်တလေ လိုက်သွားစမ်း ‘မိတော့ ငါနဲ့ဖြစ်နေတာကွ’ ဘာညာနဲ့ ယောက်ျားချင်းချင်း ကြွားမယ့်ရုပ် သိလား”
မမကြီးသည် ခင်ခင်လေးတွေးလုံးကို သဘောကျလွန်း၍ ဟက်ဟက်ပက်ပက် ရယ်၏။ နောင်သည့်ထက် ပို၍ ပို၍ ခင်ခင်လေး သိလာပေမည်။
“ခင်ခင်လေး တွေးတောပူပန်ရသလိုပဲ မေမေဟာ ခင်ခင်လေးတို့ အပျိုဖြစ်လာချိန်မှာ ပူပန်ရတာပဲ သိရဲ့လား”
မမကြီးစကားလုံးများကြောင့် ခင်ခင်လေးသည် ဝမ်းနည်းသွား၏။ မှန်၏။ မေမေတယောက်လည်း သူ့အတွက် အတော်စိုးရိမ်ပေမည်။
ကျောင်းပိတ်ရက်များတွင်မူ မိထံသို့ မိန်းကလေးသူငယ်ချင်းများရော၊ ယောက်ျားလေးများပါ လာ၍လည်ပတ်၏။ မိကိုတော့ ယောက်ျားလေး အဖော်များနှင့် လည်ပတ်ခွင့်ကို ခင်ခင်လေးက ခွင့်မပြုပေ။ မိ သူငယ်ချင်းများထဲတွင် ဖီးလစ်လှဘော်သည် အများဆုံးလာ၏။ လာတိုင်းလည်း သူ့လက်ထဲတွင် ရာသီလိုက်ပေါ်သော စားစရာသီးနှံတွေ အမြဲလိုပါ၏။
“ခင်ခင်လေးတော့ သည်ကောင်လေး လက်ဆောင်တွေ ယူလာတာ မကြိုက်ပါဘူး။ သူက သမီးကို လက်ဆောင်နဲ့ မျှားရင် ရမယ်ထင်နေလား မသိဘူး။ လက်ခံရတာလည်း စိတ်မသန့်ဘူး။ တနေ့နေ့တော့ သည်ကောင်လေးကို ဗြောင်ပြောမိလိမ့်မယ်”
မမကြီးသည် ခင်ခင်လေးကို တောင်းပန်ထားရပြန်၏။
“ကိုယ့်သမီးက မပါရင်ပြီးတာပဲ၊ ဘယ်သူပိုးပိုးပေါ့။ ကိုယ်က အပေါက်ဆိုးမှုတ်ရင် တော်ကြာ ရှက်ရမ်းရမ်းပြီး မတော်တရော်လုပ်ရင် မိန်းကလေး နစ်နာမှာ၊ ဟန်မပျက်နေပါ ခင်ခင်လေးရယ်”
ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်းမှာမူ မိသည် ပျော်ပွဲစားသွားရန် ခင်ခင်လေးကို ခွင့်တောင်း၏။ ခင်ခင်လေးသည် ခွင့်မပြုချင်ပေ။ ကိုအောင်မြင့်ကတော့ ခွင့်ပြုချင်၏။
“ဘာဖြစ်သေးလဲ ခင်ခင်လေးရယ်။ တခါတလေ သွားပါစေ”
“မဖြစ်ပါဘူးကိုရယ်၊ ယောက်ျားလေးတွေ အများကြီးပါမယ်။ ကိုက ဘာမှမသိဘူး။ ခင်ခင်လေး ကျောင်းနေတုန်းက ထိပြီးပြီ သိလား။ ဆရာမတွေပါ ပါလို့၊ ယောက်ျားလေးတွေနဲ့ ပျော်ပွဲစားထွက်သွားမိပါတယ်။ တခါတည်းကို မပြောချင်ဘူး။ မိန်းကလေးတွေဟာ ‘ခေါ်တိုင်းလိုက်’ အဖြစ်ကိုရောက်အောင် အပြောခံရတယ်ကိုရေ။ ကိုတို့ယောက်ျားလေးတွေပဲပေါ့၊ အင်မတန် အသားယူပြောတာ”
“အေး သည်လိုဆိုလည်း မိ ကျေနပ်အောင် တစ်နေရာရာတော့ တို့သွားလည်ဖို့ ကောင်းတယ်”
“မိန်းကလေးတွေချည်း သွားလို့ ပြောပြီးပါပြီ”
မိတို့အိမ်သို့ လာရောက်လည်ပတ်သူများထဲတွင် မောင်မောင်ခေါ် အလ်ဖရက်တစ်ယောက် တိုး၍လာသည်။ မောင်မောင်သည် ညဘက်မှာ လာရောက်လည်ပတ်၍ မိနှင့် သီချင်းတပုဒ်တီးပြီးမှ ပြန်လေ့ရှိ၏။
ဘီအေ နောက်ဆုံးနှစ်အတွက် မိ စာကြိုးစားနေချိန်တွင်တောင်မှ မောင်မောင်သည် မိထံကို လာ၏။ တခါတခါ စာသွားသင်၏။ တခါတခါလည်း စန္ဒရားတီးကာ ပြန်သွားတတ်သည်။ မောင်မောင်သည် ဘီ-အက်-စီ (သစ်တောဘွဲ့) ရ၍ အစိုးရ သစ်တောဌာနတွင် အလုပ်သင်ဝန်ထောက်အဖြစ် လုပ်နေသည်ကိုသာ ခင်ခင်လေး သိလေသည်။
* * *
မိစာမေးပွဲ ပြီးဆုံးသွားလေပြီ။ ရှေ့နှစ်တွင် မိကျောင်းဆက်နေဖို့ မလိုတော့ပေ။ မိသည် စာအုပ်များကို သိမ်းဆည်းနေ၏။ အားလုံးကို ဗီရိုထဲသို့ ပြန်၍သွင်းရပေမည်။ ရှေ့နှစ်တွင်မူ ဤကျောင်းစာအုပ်များကို ဖတ်ရန်မလိုတော့ပေ။
ခင်ခင်လေးသည် အဖုံးစုတ်နေသော စာအုပ်များကို ကော်နှင့် သေသပ်စွာ ကပ်ပေး၏။ အခန်းထောင့်ရှိ စာအုပ်စင်ပေါ်မှ ဖရိုဖရဲဖြစ်နေသော စာအုပ်များကို ပြန်၍စီပေး၏။
“ခင်ခင်လေး ခဏလောက် လာဦးဟေ့”
မီးဖိုချောင်မှ မမကြီး၏ ခေါ်သံကြောင့် ခင်ခင်လေးသည် အခန်းထဲမှ ထွက်လာ၏။
မမကြီးသည် နေ့လယ်တွင် ခေါက်ဆွဲသုတ်စားရန်အတွက် မုန့်ကြွပ်များ ကြော်နေ၏။
“မယ်ရွှေရေ အဲသည်မုန့်ကြွပ် ဆက်ကြော်ထားစမ်း”
မမကြီးသည် ခင်ခင်လေးကို ထမင်းစားခန်းဘက်သို့ ပြန်၍ ခေါ်လာ၏။
“ဘာလုပ်မလို့လဲ မမကြီး”
“ထိုင်ဦး”
ရေချိုင့်ထဲမှ ရေကိုငှဲ့၍ မမကြီးက သောက်လိုက်သည်။ မမကြီးသည် စကားတလုံး ပြောမည့်အရေး ဘာများလုပ်နေပါလိမ့်။ ခင်ခင်လေးသည် မမကြီး ဘာပြောမည်ကို သိချင်လှ၏။ လိပ်၍တင်ထားသော အင်္ကျီလက်ကို မမကြီးသည် အသာဖြေချနေပြန်သည်။
“ဘာပြောမှာလဲ မမကြီး”
ခင်ခင်လေးမျက်လုံးများကို စိုက်ကြည့်ရင်း မမကြီးသည် တံတွေးမျိုချနေပြန်၏။
“မိလေ… သမီးလေး မိက လက်ထပ်ပေးရမယ်တဲ့”
“ဘာ…”
ခင်ခင်လေးသည် သွေးကြောများ ရပ်သွားသလို မလှုပ်နိုင်တော့ပေ။ သူ့ရင်ထဲတွင် ဘာဖြစ်သွားသည်ကိုလည်း မသိသလို ဖြစ်သွား၏။ ချက်ချင်းလိုပင် နှလုံးသားမှာ အခုန်မြန်လာလွန်း၍ လက်နှင့် ဖိထားရ၏။
“ဘယ်လို မမကြီး”
“မိက သည်စာမေးပွဲအောင်လို့ သီတင်းကျွတ်ကျရင် သူ့ကို လက်ထပ်ပေးပါတဲ့”
“ဟင်”
“သူဖွင့်ပြောတာကို လက်ခံစဉ်းစားဖို့သင့်တယ်”
“နေပါဦး ဘယ်သူနဲ့တဲ့လဲ”
“သည်ကို လာလာနေတဲ့ မောင်မောင်နဲ့ပေါ့”
“အင်း…”
ခင်ခင်လေးသည် အသက်ရှူမှန်အောင် ဖြည်းဖြည်းလေး ပြန်၍ရှူနေ၏။
“ဒါကြောင့် ထင်တော့ထင်သားပဲ။ သမီးမှာ ချစ်သူရှိနေပြီဆိုတာ သူ့ဖေဖေက မဟုတ်နိုင်ဘူးတဲ့။ ဪ... မရွှေမိ၊ ရည်းစားတွေ ဘာတွေရှိနေပြီကိုး”
“အေး မမကြီးကို သူဖွင့်ပြောတယ်။ မောင်မောင်ရဲ့မိဘတွေကလည်း သည်ကို လာလည်ချင်သတဲ့”
“သူ့မိဘတွေက ဘယ်သူတွေလဲ”
“ယော့လမ်းမှာ နေတယ်တဲ့၊ ခု ဘာလုပ်စားလဲ မသိဘူး။ အရင်က လယ်ပိုင်ရှင်တွေပဲ၊ မမကြီး စုံစမ်းရသလောက်တော့ တော်တော် ရေရေမွန်မွန်တွေပါပဲ”
“သူ့ဖေဖေကို တိုင်ပင်သေးတာပေါ့”
“တိုင်ပင်ချင်လည်း တိုင်ပင်။ ဒါပေမယ့် သည်နေ့လယ် မောင်မောင်ရယ် သူ့အမေနဲ့လာပြီး လည်လိမ့်မယ်။ အကဲခတ်ရင်း ခင်ခင်လေး လက်ခံပြီး စကားပြောသင့်တယ်”
“ဘုရားရေ…”
ခင်ခင်လေးသည် မျက်လုံးပြူးသွား၏။
“ဘုရား မရေနဲ့။ သမီးပျိုရဲ့ အမေဟာ သည်လိုအဖြစ်မျိုးကို တနေ့မတွေ့ တနေ့တွေ့မှာပဲ”
“ခက်တာပဲ၊ ဘာစပြောလို့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ”
“သည်အကြောင်းကို ညကျမှ မောင်အောင်မြင့်ကို ဖွင့်ပြောပေါ့။ ခုတော့ မောင်မောင့်အမေ အလည်သက်သက် လာလည်သလို ပြောပြထားရင် မောင်အောင်မြင့်က ကောင်းကောင်း ဧည့်ခံပါလိမ့်မယ်”
ခင်ခင်လေးသည် နေမထိ ထိုင်မထိနှင့် နေရာမှ ထသွားသည်။ မိအခန်းဝတွင် မတ်တပ်ကြီး ရပ်နေပြန်၏။ ခုတင်ခြေရင်းတန်းတွင် လျော့ရဲရဲတင်နေသော မိ ထဘီဝါလေးကိုလည်း အရင်က မိ၏ထဘီနှင့် မတူသလိုပင် ထင်မိ၏။
ရွှေမင်သုတ်၍ထားသော မိ ဓာတ်ပုံမှာ အခန်းထောင့်တွင် ပန်းပွင့်လို လှပေနေသည်။ ဤဓာတ်ပုံထဲမှ မျက်လုံးတို့သည် ချစ်သူကို ကြည့်တတ်နေပါပကော။
သူသည် ဧည့်ခန်းဘက်သို့ လှည့်ထွက်လာပြန်၏။ နံရံပေါ်မှ နာရီကြီးအသံမှာ ‘မရွှေမိ လင်ယူတော့မယ်… မရွှေမိ လင်ယူတော့မယ်’ ဟူ၍ပင် သူ့နားထဲမှာ ကြားနေ၏။
စန္ဒရားခလုတ်လေးများကို ဖွင့်ကြည့်ပြန်၏။ ဤခလုတ်များပေါ်တွင် မောင်မောင့်လက်ရာနှင့် မိလက်ရာတို့သည် တွဲလျှက်ထိလျှက်ပါကလား။
စန္ဒရားဘေးရှိ ပြတင်းတွင် ရပ်နေမိ၏။ သံတိုင်ကို လက်ကကိုင်ရင်း ခြံထဲကို ငေးမိပြန်သည်။ ပန်းပွင့်လေးတချို့မှာ အပင်ထက်တွင် ကြွကြွရွရွ ပွင့်နေ၏။ တချို့လည်း မြေတွင် သက်၍ ပွင့်ဖတ်များ ကြွေနေကြသည်။ ပွင့်ဖတ်များကြွေ၍ မြေမှာ သက်ရမည့်အတူတူ သင့်တော်သူကို ပန်းပွင့်လေးခူးပေးလိုက်ရခြင်းကပင် ကောင်းသေး၏။
မတတ်နိုင်ပြီ။ ခင်ခင်လေးက ခူးမပေးလည်း ပန်းသည် သူ့တွင် အဆင်းရနံ့ရှိပေပြီပဲ။ သူညွှတ်လိုသူအား ညွှတ်ပေးတော့မည်။
နေ့လယ်တွင် မောင်မောင်တို့ လာ၍လည်၏။ မမကြီးမိတ်ဆက်ပေးမှုကြောင့် ကိုအောင်မြင့်သည် မောင်မောင့်အမေကို ကောင်းကောင်းဧည့်ခံ၏။ ခင်ခင်လေးကမူ စကားကောင်းကောင်းပြော၍ မရပေ။ စကားလုံးတလုံး ထွက်မည့်အရေးကိုလည်း မနည်းကြိုးစား၍ ပြောရ၏။
စိတ်ထဲတွင်လည်း သူ့သမက်လောင်းသည် အလ်ဖရက်ဟူသော နောက်ဆက်တွဲနာမည်မပါဘဲ ‘မောင်မောင်’ ဟု မှည့်လျှင် ဘယ်လောက်ရိုး၍ မြန်မာဆန်မလဲဟု တချက်တချက် တွေးမိ၏။
မောင်မောင့်အမေ စကားပြောပုံမှာ သွက်လက်၍ အဓိပ္ပာယ် ပြည့်စုံလှသည်။ ရိုးရိုးပြောနေရာမှ မိန်းကလေးသည် အရွယ်ရောက်လျှင် အန္တရာယ်များကြောင်းလည်း ပါ၏။ သင့်တော်သူနှင့် နေရာချသင့်ကြောင်းလည်း ပါ၏။ နောက်ဆုံး နိဂုံးချုပ်တွင်မူ သူ့သားမောင်မောင် ပညာအရည်အချင်း အလုပ်အကိုင်နှင့် စကားကို နိဂုံးချုပ်၏။
မောင်မောင်တို့ သားအမိမှာ ညနေစောင်းမှ ပြန်သွားသည်။ ခင်ခင်လေးသည် ညစာစား၍မရ၊ အိပ်ရာထဲတွင် ခွေနေ၏။ ဝမ်းနည်းစရာမဟုတ်ဘူး ဆိုတာကိုလည်း သိ၏။ ဒါပေမယ့် စိတ်ထဲမှာ ဝမ်းနည်းနေ၏။
ကို အနားတွင် လာ၍လှဲချိန်တွင်မူ ခင်ခင်လေး လက်ဖျားများ အေးလွန်း၍ ကိုက စိုးရိမ်သွား၏။
“ခင်ခင်လေးလက်တွေ အေးလွန်းတယ်။ ခင်လေး နေကောင်းရဲ့လား”
ခင်ခင်လေးသည် မိအကြောင်းပြောရန် မနည်းဖြစ်နေရပြန်သည်။
“သမီးလေးအကြောင်းကို ဘာမှမသိသေးဘူးနော်”
“ဘာအကြောင်းလဲကွယ်”
“သမီးက လက်ထပ်ပေးရမယ်တဲ့”
“ဟေ”
ဓမ္မတာတော့ ဓမ္မတာပေပဲ၊ ကိုယ်ကိုယ်တိုင် သူများသမီးကို ယူခဲ့ပေမယ့် ကိုယ့်သမီးကို သူများလက်သို့ ထည့်ရမည့်အချိန်တွင် အဖေတယောက်အနေနှင့် ရုတ်တရက် စကားမပြောနိုင်ပေ။ အတော်ကြာမှပင် ကို့အသံသည် တုန်တုန်ရီရီနှင့် ထွက်လာ၏။
“ဘယ်သူနဲ့လဲကွယ်”
“နေ့လယ်က လာလည်တဲ့ မောင်မောင်နဲ့ပေါ့။ မောင်မောင့်မိဘတွေက သဘောကျနေလို့ လာကြည့်တာကိုရဲ့”
“အေး မောင်မောင့်အဖေကိုတော့ ကို သိသားပဲ၊ ချက်ချင်းပဲ ပေးစားရတော့မလား။ ဘယ်တော့လက်ထပ်ချင်ကြသတဲ့လဲ”
“သီတင်းကျွတ်တဲ့၊ သမီးကိုတော့ တေ့တေ့ဆိုင်ဆိုင် မမေးရသေးဘူး။ ခင်ခင်လေး သမီးကို ရှက်နေသလိုပဲ”
“အေး ခက်သားလား၊ တို့များကတော့ သမီးလေးကို မွေးစလိုပဲ ရင်ခွင်ထဲမှာ ကြည့်နေချင်တာပေါ့။ ဒါပေမယ့် သူ့မှာ ချစ်သူရှိလာပြီကိုး။ တို့ရင်ငွေ့ကို သမီးဟာ မေ့ပြီပေါ့။ ချစ်သူရင်ငွေ့ကိုသာ လှုံချင်မှာပေါ့လေ။ အင်း ထုံးစံပဲ ခင်ခင်လေးရေ၊ တို့များ ဝဋ်လည်တာ၊ တို့လည်း မိဘရင်ခွင်က ထွက်ပြီး သူများရင်ခွင် ဝင်ခဲ့တာပဲ။ တို့သမီးလေးလည်း တို့ရင်ခွင်ကို စွန့်ပြီး သူများရင်ခွင် ဝင်သွားဦးမှာပေါ့လေ…”
နှစ်ဦးသား စကားမပြောနိုင်ဘဲ ချစ်လှစွာသော သမီးလေးအတွက် အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြသည်။
* * *
မိနှင့် မောင်မောင် လက်ထပ်ဖို့ ကိစ္စမှာ အတိအလင်း မကြေညာသေးသော်လည်း အတော်ပင် ပြည့်စုံခြင်းသို့ ရောက်နေ၏။ မောင်မောင့်မိဘများလည်း မိတို့အိမ်သို့ ဝင်ထွက်နေကြ၏။
မမကြီးသည် သူ့တူမ အိမ်ရှင်မကောင်း ဖြစ်ရမည်ဆို၍ ထမင်းချက် ဟင်းချက်ကို ကောင်းကောင်းသင်ပြ၏။
ဝါဆိုဦး မိတို့အိမ်တွင် ဝါဆိုသင်္ကန်းကပ်သည့် နေ့ကမူ မိသည် ယောက္ခမလောင်းများနှင့် တစ်အိမ်သားလုံးကို သူကိုယ်တိုင်ချက်သော ထမင်းဟင်းဖြင့် ကျွေးမွေးဧည့်ခံ၏။
ခင်ခင်လေးသည် သမီးကို အရိပ်ကြည့်ရင်း တနေ့ထက်တနေ့ ရင်ထဲမှာ ထိတ်လာ၏။ သမီးကို ခွဲခွာရမည့်အချိန်သည် တနေ့ထက်တနေ့ နီးကပ်လာပေပြီ။
ယနေ့ထိတော့ လင်ရေးသားရေးကိစ္စများကို သမီးနှင့် တိတိလင်းလင်း တခါမှ မဆွေးနွေးမိကြသေးပေ။
ယနေ့မှာ ကိုအောင်မြင့်၊ မမကြီး၊ မိတို့နှင့် မောင်မောင်တို့အိမ်သားတစု ပျော်ပွဲစားထွက်သွားကြ၏။ ခင်ခင်လေးသည် ကောင်းကောင်း နေမကောင်း၍ ကျန်ရစ်ခဲ့၏။
အိပ်ရာထဲ လှဲနေစဉ် အိမ်မှ မိန်းကလေးသည် စာတစောင်ကို လာပေး၏။
“စာပို့သမား လာပေးသွားတယ် မမ”
ခင်ခင်လေးသည် တခါမျှ မမြင်ဘူးသော လက်ရေးအတွက် အံ့ဩနေ၏။ စာအိတ်ကို အသာဖောက်ကာ စာကိုဖတ်ကြည့်၏။
“ဒေါ်ခင်ခင်လေး”
စာခေါင်းစဉ်တွင် ဤကဲ့သို့ပင် တပ်ထား၏။ ဘယ်သူမျှ သူ့ကို ဒေါ်ခင်ခင်လေး ဟူ၍ မခေါ်ပေ။
ဒေါ်ခင်ခင်လေး/
ရိုသေစွာ စာရေးလိုက်ပါတယ်။ သည်စာကို ရေးသင့်မသင့် အခါခါ စဉ်းစားပါသည်။ ရင်ထဲမှာ ခံစားရသည့်ဝေဒနာက ပြင်းလွန်းတော့ မခံမရပ်နိုင်တာနဲ့ သည်စာကို ရေးလိုက်တာပါပဲ။ စာရေးရင်းလည်း ဒေါ်ခင်ခင်လေးဟာ ကိုယ်ချင်းစာတတ်တဲ့ မိန်းမတယောက်လို့ မျှော်လင့်နေမိပါတယ်။
ဒေါ်ခင်ခင်လေးသမီးနဲ့ ကိုမောင်မောင်နဲ့ ပေးစားမယ်လို့ ကျွန်မ သတင်းကြားပါတယ်။ အမှန်တော့ ကိုမောင်မောင်အကြောင်းကို မိရော ဒေါ်ခင်ခင်လေးတို့ပါ သိမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ထပ်ဖို့သဘောတူတဲ့ ဒေါ်ဒေါ်တို့ကို ကျွန်မ အပြစ်မတင်လိုပါ။ ကိုမောင်မောင်ကိုလည်း အပြစ်မတင်လိုပါ။ ပုထုဇဉ်တွေကိုး။ တချိန်တခါမှာ တယောက် အသည်းစွဲ ချစ်ခဲ့ပေမယ့် တခါတခါမှာလည်း အမုန်းကြီး မုန်းမှာပဲ။
ကျွန်မမှာ ချစ်မေတ္တာကလွဲလို့ ကိုမောင်မောင်ကို ဘာမှမပေးနိုင်ဘူး။ ကိုမောင်မောင် ပျဉ်းမနားမှာ သစ်တောနဲ့ပတ်သက်ပြီး သင်တန်းဆင်းတုန်း ကျွန်မနဲ့တွေ့ခဲ့တာပေါ့။ သည်တုန်းကတော့ သစ္စာမဏ္ဍိုင်တွေ ဘာတွေဟာ ပြောမဆုံးခဲ့ဘူးပေါ့။
ခုအချိန်မှာ ကိုမောင်မောင်ဟာ မိနဲ့ လက်ထပ်တော့မယ်လို့ သတင်းကြားရတော့ စိတ်အလွန်ထိခိုက်ရတာပါပဲ။ ဒါပေမယ့် မိက ကျွန်မထက် ရုပ်ရည်၊ ဂုဏ်၊ ပညာအရည်အချင်း အားလုံး သာပါတယ်။ ကျွန်မက ပျဉ်းမနားသစ်ပင်တွေကြားထဲက တောသူပါပဲ။
လင်တယောက်ကို ဖမ်းယူဖို့ဂုဏ်၊ ပစ္စည်း၊ အလှအပတွေ ကျွန်မမှာ မရှိလေတော့ ကျွန်မချစ်သူကို ဆုံးရှုံးရတဲ့အတွက် ကျွန်မ ဝမ်းနည်းစရာ မဟုတ်ပါဘူး။ ကျွန်မမှာတော့ ပင်ကိုဣနြေ္ဒ၊ ဂုဏ်တွေတော့ ဆုံးရှုံးခဲ့တာပါပဲ။ ဒေါ်ဒေါ့်သမီးရဲ့ လက်ထပ်ရေးကိုလည်း ကျွန်မဝင်မစွက်ပါဘူး။ ဘယ်လိုမှလည်း မနှောင့်ယှက်ပါဘူး။
သည်စာကို ရေးရတာတော့ ဆုံးရှုံးသူအနေနဲ့ လက်မြှောက်ရတဲ့နောက်ပိုင်း စိတ်မှ သက်သာပါစေတော့လို့ ကိုယ်ရဲ့လက်ဦး ‘ပိုင်ဆိုင်ခြင်း’ကို ထုတ်ဖော်ချင်လို့ပါပဲ။ မိကောင်းဖခင်သမီး တယောက်အနေနဲ့ ကျွန်မဂုဏ်ကို အစဉ်စောင့်ထိန်းလျှက်ပါပဲ။
သာယာချမ်းမြေ့ပါစေ။
/တင့်တင့်
ပျဉ်းမနား။
ကဲ ဘယ်လိုလုပ်ရပါ့။ စွန့်လွှတ်ရသူ မိန်းကလေးအဖို့လည်း ရင်ထဲတွင် ချိရှာမည် မဟုတ်။ ခင်ခင်လေးသည် ဘာလုပ်ရမှန်း မသိ၊ စာကို ရင်ဘတ်ပေါ်တင်ကာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေသည်။
“တို့မတရားဘူး။ ငါ့သမီးက ဂုဏ်နဲ့ ကြေးနဲ့၊ တို့တွေက အခြေအနေပိုင်တိုင်း လုပ်ရင် ခမျာများ ဟုတ်ပါရဲ့။ သည်ကောင်လေးတွေကလည်း ကိုယ့်ချစ်သူရှိလျှက်နဲ့ ဘာဖြစ်လို့များ စွန့်ချင်ကြပါလိမ့်။ မဖြစ်ဘူး… မဖြစ်ဘူး”
ခင်ခင်လေးသည် လက်ထပ်ဖို့ကိစ္စကို ဖျက်ချင်လာပြန်၏။
“အင်း သမီးလေးကလည်း ချစ်နေ၊ ကောင်ကလေးကလည်း ကြည့်ရတာ ရိုးရိုးအေးအေးလေးပါ။ ပြီးတော့ သစ်တောဝန်ထောက်၊ ဒါမျိုးလည်း ရခဲသားပဲ”
ခင်ခင်လေးအဖို့ သမက်လောင်းကို စားရမှာ သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဖြစ်နေ၏။
“မိန်းကလေးဆိုတာ ဣနြေ္ဒရလျှင် ယောက်ျားကို ခေါင်းခေါက်ပြီး ရွေးနိုင်တယ်။ သူ့ မရလဲ ကိစ္စမရှိဘူး”
အမျိုးမျိုးလှည့်တွေးရင်း ညနေသာစောင်းလာသည် ခင်ခင်လေးမှာ အဖြေကို တွေး၍မရပေ။
ညနေဘက်တွင် မိတို့ ပြန်လာကြ၏။ မမကြီးနှင့် ကိုအောင်မြင့်ကို ခင်ခင်လေးသည် အိမ်ခန်းထဲသို့ ခေါ်လိုက်၏။ သူတို့ရောက်လာလျှင် နေ့လယ်က ရောက်လာသော စာကို ထုတ်ပြလိုက်၏။
ကိုသည် စာဖတ်ပြီးတွင် သူ့ထင်မြင်ချက်ကို ဘာမျှမပြောသေးပေ။ မမကြီးကမူ အစမှအဆုံး ဖြည်းဖြည်းဖတ်၏။ ဖတ်အပြီးတွင် စာရွက်ကို ခေါက်လိုက်ပြန်သည်။
“မိန်းမလေးနဲ့ ယောက်ျားလေး လက်ထပ်ခါနီးရင် သည်လိုပဲ အနှောင့်အယှက်တွေ ပေါ်တတ်တာပဲ၊ ပြီးတော့ ဒါမျိုးတွေဟာ ခပ်ပေါ့ပေါ့ မိန်းမတွေ ဖြစ်မှာပါပဲ”
မမကြီးသည် သူ့ယူဆချက်ကို ပြောပြ၏။ ခင်ခင်လေးနားထဲတွင်မူ မမကြီးစကားသံမှာ အခံရခက်လှ၏။
“ခပ်ပေါ့ပေါ့လို့ မမကြီး ဘယ်နှယ့်လုပ် ပြောနိုင်မလဲ၊ မိဘမသိဘဲ လူငယ်အချင်းချင်း ချစ်ကြပြီဆိုရင် ခပ်ပေါ့ပေါ့ပြောကြတာပဲ။ တောင်းရမ်းမင်္ဂလာဆောင်ယူမှ သည်မိန်းကလေးဟာ တကယ်ချစ်တာလို့ ဆိုရမှာလား။ တစ်ခါတုန်းက သည်ယောက်ျားလေးဟာ သည်မိန်းကလေးကို ချစ်အောင်လုပ်ခဲ့လို့ မိန်းကလေးက ရိုးရိုးသားသားနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတယ်လို့ကော မဖြစ်နိုင်ဘူးလား”
ခင်ခင်လေးမေးခွန်းကို မမကြီးနှင့်ကိုအောင်မြင့်သည် ရုတ်တရက် မဖြေနိုင်ပေ။ ဖြေနိုင်မဖြေနိုင်တာထက် သည်ပြဿနာကို ရုတ်တရက် ဖြေရှင်းဖို့ ခက်နေကြ၏။ တကယ်လည်း သူတို့သည် တိကျစွာ မလုပ်ရဲပေ။ အမှန်အတိုင်း ဖွင့်ဟဝန်ခံရပါလျှင် မမကြီးသည် မောင်မောင်လို ဝန်ထောက်တစ်ယောက်ကို လက်လွှတ်လိုက်ရမှာ နှမြောနေခဲ့၏။
“ခင်ခင်လေးက သည်လိုဆို ဘယ်လိုလုပ်ချင်လို့လဲ”
ကိုက မေးခွန်းထုတ်လိုက်၏။
“ဘယ်လိုလုပ်ရမလဲဆိုတာတော့ တွေးရသေးတာပေါ့။ ခက်တာက ယောက်ျားတယောက်ကို ယူမယ်ကြံရင် လွန်ဆွဲရသလို ဖြစ်နေတာကတော့ ရှက်စရာကောင်းတယ်။ ကိုယ့်ဘက်က ဂုဏ်၊ ပစ္စည်း၊ ရုပ်ရည်သာလို့ ယောက်ျားတယောက်ကို ရဦးတော့ စိတ်ပျက်စရာတော့ တော်တော်ကောင်းတာပဲ”
“ယောက်ျားဆိုတာကလည်း ခက်သားလား”
“ဘာပြောတယ် ကို”
“ယောက်ျားတွေကတော့ သည်လိုပဲ ရှိတတ်တာပဲ”
ခင်ခင်လေးသည် ကို့ကို စူးစူးရှရှကြည့်၏။
“အင်း ကိုဟာ အဲသည် ယောက်ျားတွေအတိုင်းသာ ဆိုရင်တော့ ခင်ခင်လေး ယူမိခဲ့တဲ့အတွက် အတော်ဝမ်းနည်းရဦးမှာပဲ။ သည်လိုသာဆိုရင် ပစ္စည်းမဲ့သူငယ်က ချစ်တဲ့မိန်းကလေးတွေဟာ ယောက်ျားတွေအဖို့ သူတို့မျှော်မှန်းတဲ့ ဂုဏ်ရှင်၊ ကြေးရှင် မိန်းကလေးကို မတွေ့သေးသမျှ အသုံးချမယ့် ခြေတော်တင်သက်သက်တွေပေါ့။ စပယ်ကို မရသေးလို့ အစားသုံးတဲ့ ခံပွင့်တွေပေါ့ ဟုတ်လား”
“ကို အများကြီး ဝမ်းနည်းတယ် ခင်ခင်လေးရယ်၊ အမှန်တော့ သမီးလေးကို ဘယ်လိုဖျောင်းဖျရမှန်း မသိလို့သာ ကိုဟာ ရုတ်တရက် အဖြေကို ပေးမိတာပါ။ ကိုတယောက် အနေနဲ့တော့ ဘယ်မိန်းကလေးရဲ့ အချစ်ကိုမှ မစော်ကားခဲ့သေးပါဘူး”
သုံးယောက်စလုံးသည် စိတ်အိုက်နေ၏။ မမကြီးသည် ချွေးပြန်လာသည်ဆို၍ ပြတင်းတွင် သွားရပ်၏။ ကိုကမူ ခင်ခင်လေး အနားတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ နဖူးကြောများ ထောင်လာ၍ အသက်ရှူကျပ်သလို ဖြစ်နေ၏။
“သမီးကလည်း မောင်မောင်ကို တကယ်ချစ်နေတာ ဆိုတာလည်း ခင်ခင်လေး သတိထားသင့်တယ်”
“ဟုတ်ပါတယ်လေ၊ တင့်တင့်ကရော တကယ်မချစ်ဘူးလို့ ကိုပြောနိုင်လား။ ပြီးတော့ တခု စဉ်းစားရမှာက မိက မောင်မောင်ဟာ ဝန်ထောက်ဘဝ ရောက်ပြီး ?ကျကျဖြစ်မှ ချစ်ကြတာ၊ အာမခံရှိနေပြီ ဆိုပါတော့။ တင့်တင့်ကတော့ ဖြူမယ်၊ မည်းမယ် ဘာမှ မသိခင် ဘာမှမျှော်မှန်းလို့ မရတဲ့ အချိန်မှာ ချစ်ခဲ့တာ ဆိုတာလည်း ထည့်တွက်သင့်တယ်”
“အေး ဒါလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တို့များသမီး စိတ်ကလည်း တော်တော်ပြင်းထန်တယ်နော်”
“ခင်လေး သည်ကိစ္စ မှန်မမှန် စုံစမ်းဦးမယ်လေ။ သည်အတိုင်းမှန်ရင် ခင်ခင်လေး ဆက်ပြီးလုပ်လိုက်မယ်။ ကိုတို့ ကျေနပ်မလား”
မမကြီးသည် ပြတင်းအပြင်ဘက် လှည့်နေရာမှ အခန်းထဲသို့ ဖျတ်ခနဲ လှည့်လိုက်၏။
“ကျေနပ်ပါတယ်လေ…”
ကို့ပါးစပ်မှ အဖြေထွက်လာလျှင် မမကြီးသည် ဘာမျှမပြောတော့ပေ။
* * *
နောက်နေ့မနက်ဖက်တွင် မိနှင့် မမကြီးသည် မြို့ထဲသို့ ကိုအောင်မြင့် အလုပ်သွားရင်း လိုက်သွားကြ၏။
ခင်ခင်လေးသည် တယ်လီဖုန်းကို ကိုင်ရင်း ရင်ထဲမှာ တထိတ်ထိတ်ခုန်နေ၏။
“မောင်မောင်လား၊ ဒေါ်ဒေါ်ခင်ခင်လေး စကားပြောနေတယ်။ အခုအားရင် ဒေါ်ဒေါ်တို့အိမ်ကို ခဏလာပါလား"
"လာနိုင်မယ်လား၊ လာနိုင်ရင် အခုလာပါ။ ဒေါ်ဒေါ်စောင့်နေမယ်”
တယ်လီဖုန်းလက်ကိုင်ကို ပြန်၍ချထားလိုက်၏။ အမှန်တော့ ခင်ခင်လေး ရင်ထဲတွင် ယခုလိုလုပ်ရသည်ကို စိတ်မချမ်းသာလှပေ။ သို့သော် ခင်ခင်လေးသည် ဤလိုနေရာမျိုးတွင် အမှန်တရားကို ရင်မဆိုင်ရဲပါလျှင် တသက်လုံး လိပ်ပြာသန့်လိမ့်မည် မဟုတ်ပေ။
၁၅ မိနစ်အတွင်း မောင်မောင့်ကားလေးသည် ဆင်ဝင်အောက်သို့ ရောက်လာ၏။ အမြဲခပ်အေးအေးနေသော ယောက္ခမလောင်း၏ ခေါ်ယူတွေ့ဆုံခြင်းမှာ မောင်မောင့်အဖို့ အထူးအဆန်းဖြစ်နေသည်။ ဆိုဖာပေါ်တွင် ထိုင်သည်အထိ စိတ်ကို ထိန်း၍မရသေးပေ။
“မောင်မောင့်ကို ဒေါ်ဒေါ်ဟာ တိတိလင်းလင်း ဆွေးနွေးစရာရှိလို့ ခေါ်ပြီး တွေ့တာပါကွယ်”
ခင်ခင်လေးအသံသည် အေး၍ပြတ်သားလွန်းသောကြောင့် ခင်ခင်လေးသည် သူ့ကိုယ်သူ အံ့ဩမိ၏။ ဒါလောက် သူ့စိတ်ကို ထိန်းနိုင်လိမ့်မည် မထင်ပေ။
“မိနဲ့ လက်ထပ်ဖို့ရာ အတော်လေး အဆင်ပြေနေတယ်လို့ ဆိုရမှာပဲ။ ဒေါ်ဒေါ်အဖို့လည်း သမီးတယောက် အိုးအိမ်အတည်တကျ ဖြစ်မှာမို့ စိတ်အေးမိပါတယ်။ ဒါပေမယ့်…”
မောင်မောင့်ရင်ထဲတွင် ‘ဒါပေမယ့်’သည် ဒိန်းခနဲ ဝင်ဆောင့်လိုက်၏။ ခင်ခင်လေးသည် ရှေ့ဆက်ပြောရန် ဝန်လေးသည်။ တင့်တင့်စာကို ဖွင့်လိုက်၍ မောင်မောင့်လက်ထဲသို့ ထည့်လိုက်၏။
“သည်စာကို မောင်မောင်ဖတ်ပြီး အကျိုးအကြောင်း ဒေါ်ဒေါ်သိသင့်သလောက် ပြောပြစေချင်ပါတယ်”
မောင်မောင်သည် စာဖတ်ရင်း မျက်လုံးဣနြေ္ဒပျက်နေသည်။ မျက်နှာသည် သွေးဆုတ်သွားသလို ရုတ်တရက် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ စာကို ကိုင်ထားသော လက်မှာ တုန်နေ၍ စာရွက်အဖြူလေးမှာ လှုပ်နေသည်။
သူ့အမူအရာမှာ စာပါအကြောင်းအရာများ ဟုတ်မှန်သည်ကို ဝန်ခံနေ၏။ ခင်ခင်လေးသည် မောင်မောင့်ကို အကဲခတ်နေရာမှ အဝေးသို့ မျက်စိကို လွှဲလိုက်၍…
“ဒေါ်ဒေါ်အဖို့တော့ ဟိုမိန်းကလေးနဲ့ ဖြစ်ခဲ့ကြတယ်လို့တော့ မစွပ်စွဲရဲပါဘူး။ ဘာပဲဖြစ်ဖြစ် မောင်မောင်ကတော့ အမှန်ကို ဝန်ခံလိမ့်မယ်လို့ ဒေါ်ဒေါ်မျှော်လင့်ပါတယ်”
မောင်မောင်သည် ခင်ခင်လေး၏မျက်လုံးအကြည့်ကို မခံနိုင်သလို ဖြစ်လာ၏။ ယခင်အခါလာတုန်းက ခင်ခင်လေးအား အင်မတန် အေးစက်၍ အဆိပ်မဲ့သူ အဒေါ်ကြီးတစ်ယောက်အနေနှင့် ထင်ခဲ့၏။ ဒါလောက် ကိုယ့်ကိုယ်ကို ယုံကြည်သော စိတ်တန်ခိုးကို ပိုင်ဆိုင်သည့်မိန်းမတယောက် ဖြစ်လိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။
“ကျွန်တော်…”
စကားလုံးက ရှေ့ဆက်မရ၍ သူ ခဏရပ်ထားလိုက်သည်။
“ကျွန်တော် သစ်တောတွေ လေ့လာဖို့ ပျဉ်မနားဘက်ဆင်းရင်း သည်မိန်းကလေးနဲ့ တွေ့ခဲ့ကြတာ အမှန်ပါပဲ”
“သည်လိုဆို မေတ္တာရှိခဲ့ကြတာလည်း ဟုတ်တာပေါ့”
“ဟုတ်ပါတယ်”
“မိနဲ့ မောင်မောင် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြားရရင်တော့ သည်မိန်းကလေး မျက်ရည်နဲ့ မျက်ခွက် နေမှာပဲနော်။ မောင်မောင့်စိတ်ထဲမှာရော တင့်တင့်အကြောင်းကို မတွေးမိဘူးလား”
မောင်မောင် မဖြေတတ်ပေ။ သည်မိန်းမကြီးနှယ် ရှာရှာဖွေဖွေ မေးတတ်ပလေဟု စိတ်ညစ်သွား၏။
“သည်လိုပါ”
မောင်မောင်သည် တခြားအဖြေတခုကို ရှာလိုက်၏။
“သူနဲ့ဖြစ်ခဲ့ရတာကလည်း ကျွန်တော့်စိတ်က နည်းနည်းပါ”
“ဘယ်လိုကွယ့်”
“မိဘတို့အိမ်နဲ့ဝေးပြီး တောမှာနေရတော့ သည်မိန်းကလေး ပြုစုတာကို သာယာပြီး ဖြစ်မိတာပါပဲ။ ပြီးတော့ မိန်းကလေးကစလို့ ကျွန်တော် ပါရတာပါ”
“ဘာ ဘာ... ဘယ်လို ဘယ်လို…”
ခင်ခင်လေး မျက်လုံးများသည် ဝင်းဝင်းတောက်လာ၏။ မောင်မောင့်ကိုယ်မှာလည်း ကြက်သီးတွေ ထသွား၏။ ခင်ခင်လေးသည် သည်အဖြေကိုသာ မဖြေလျှင် မောင်မောင့်အတွက် အတော်စဉ်းစားဖို့ အကြောင်းများရှိ၏။ သို့သော် မောင်မောင့်အဖြေမှာ မိနှင့်သူ့အား ပင်လယ်ခြားလိုက်တော့သည်။
“ဒေါ်ဒေါ်ကို ခွင့်လွှတ်ပါ မောင်ရင်။ မိန်းကလေးကစလို့ ကျွန်တော် ပါရပါတယ်ဆိုတဲ့ အဖြေဟာ ယောက်ျားတယောက် ပြောကောင်းတဲ့စကား မဟုတ်ပါဘူး။ ဒေါ်ဒေါ်တောင်းပန်ချင်တာက ဒေါ်ဒေါ်သမီးဟာ လင်တယောက်ကို သူများနှလုံးသားထဲက လုယူရတဲ့အဖြစ် မရောက်စေချင်ဘူး”
မောင်မောင်သည် လေထဲတွင် လွင့်ပျံထွက်သွားသလို ဟာသွားတော့သည်။ သူ့အဖြေကို ပြင်ချင်ပေမယ့် အချိန်မရတော့ပေ။
“ဒေါ်ဒေါ်တို့မှာ အားရှိတိုင်း ပစ္စည်းတွေ ဂုဏ်တွေ ပြည့်စုံတိုင်း ဖိပြီးတော့ သူတပါးအချစ်ကို မယူပါရစေနဲ့။ ဒါလောက်ဆို မောင်မောင် ရှင်းပါပြီနော်။ ပြန်ချင်ရင် ပြန်နိုင်ပါတယ်”
ရှင်းပါပေ့၊ ရှင်းမယ့်ရှင်းတော့လည်း ဒေါ်ရွှေခင်ခင်လေးသည် ပြတ်ပြတ်သားသားပင် လုပ်လိုက်၏။ အမှန်တော့ သူသည်လည်း တခါက ချစ်သူကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ သူ့နှလုံးသားသည် နာကျင်ထိခိုက်ရသလို တခြားမိန်းကလေးတယောက်ကိုလည်း မဖြစ်စေလိုတော့ပေ။
အပိုင်း(၅)ဆက်ရန်
------------------------
#ခင်နှင်းယု
0 Comments