နွားတထောင် - ခင်နှင်းယု အပိုင်း (၃)

#နွားတထောင်

အပိုင်း(၃)

ခင်ခင်လေးသည် ရင်တထိတ်ထိတ် ခုန်နေ၏။ မျက်လုံးများသည် အစ်မ နှစ်ယောက်ကို အပြန်အလှန် ကြည့်နေမိ၏။

မမလတ်သည် မခံချင်ပုံ ပေါက်နေ၍ မမကြီးက ဒေါပွနေသည်။

“မမကြီးဟာ သူတပါး သားသမီးကို ပိုးစိုးပက်စက် မပြောချင်ပါနဲ့”

“သူတပါး သားသမီး၊ ညည်းဟာ ငါ့ညီမပါ၊ ငါ့ညီမမွေးတာ ငါ့သမီးပါပဲ။ ငါက ဘာလို့ အကျိုးယုတ်အောင် ပြောရမှာလဲ”

“အို အပျိုကြီးပီပီ အရမ်းစွပ်စွဲတာပဲ၊ သမီးဟာ အပြင်ကို ထွက်ရတာမှမဟုတ်ဘဲ မဖြစ်နိုင်ပါဘူး။ သမီးက သူများနဲ့တူတာ မဟုတ်ဘူး၊ သိလား။ ကျွန်မသမီးကို ဘာမှမပြောပါနဲ့”

“အေး အဲသည်လို သူများနဲ့မတူဘူး၊ မတူဘူးနဲ့ အမွှန်းတင်လွန်းလို့ ခုလိုဖြစ်တာပေါ့။ ခုကိစ္စမှာ ဘယ်သူ့ကိုမှ မမကြီးက အပြစ်တင်နေတာ မဟုတ်ဘူး။ ဟုတ်ရင် အုပ်မိအောင် မိဘက မြန်မြန်လုပ်ရမယ်”

မမလတ်သည် နဂိုကတည်းက ခင်ခင်လေးလို မမကြီးကို ကြောက်သူမဟုတ်ပေ။

“ဘာဖြစ်လို့ အုပ်ရမှာလဲ။ ဆရာဝန်ကလည်း အစာမကြေတဲ့ရောဂါတဲ့ သိရဲ့လား။ မနက်ကပဲ ပြောသွားတာ”

“ဘာအစာမကြေလို့၊ အေး အစာခဲကြီး ဝမ်းထဲမှာ ရှိနေတာ ဘယ်အစာကြေမလဲ၊ ညည်းတို့ ကလေးဒါလောက်မွေးပြီး အရိပ်အခြေမသိတာ ငါဖြင့် အံ့ပါ့ဟယ်။ ဒါနဲ့များ ကလေးအမေ လုပ်နေကြသေးတယ်။ အပျိုကြီးပေမယ့် မမကြီးက သိလို့ ပြောနေတာ”

ခင်ခင်လေးသည် မျက်စိပေကလပ်ပေကလပ် ဖြစ်နေ၏။ ဘုရားသိကြားမလို့ ညီအစ်မနှစ်ယောက် ရန်ဖြစ်သည့်အဖြစ်တော့ မရောက်ကြပါစေနှင့်။

မမလတ်သည် လက်များပင် တုန်နေ၏။ မှန်၏။ သူသူငါငါ ကိုယ့်သမီးနုနုထွတ်ထွတ်ကလေးကို ယခုလို အပြောခံရလျှင် ဆတ်ဆတ်တုန်မည်ပင် ဖြစ်၏။ မျက်လုံးများမှာလည်း လူသတ်ရဲမတတ် ဝင်းပြောင်နေ၏။

“သည်လိုဆိုရင် သည်လိုလုပ်”

တိတ်ဆိတ်နေရာမှ မမလတ်က ပြောလိုက်၏။

“မမကြီးနဲ့ လုံးလုံးမသိတဲ့ ကျွန်မနဲ့ကျောင်းနေဖက် ဆရာမတယောက် ဒပ်ဖရင်မှာ ရှိတယ်။ ကျွန်မ လှမ်းခေါ်လိုက်မယ်။ ပြီးတော့ သူ့ကို စမ်းခိုင်းမယ်။ ဟုတ်ရင်လည်း အသိသာကြီးပဲ။ မဟုတ်ရင်တော့ မမကြီးနဲ့ အပြတ်ပဲ”

မမကြီးသည် မျက်ရည်များပင် လည်လာ၏။

“ညည်းသဘောပါ မရွှေလတ်ရယ်။ မေမေမရှိတော့တဲ့နောက် ငါဟာ ညည်းတို့ရဲ့ အမေပါ။ အခုပြောတာလည်း အမေတယောက် မေတ္တာနဲ့ ကြိုတင်ဖုံးနိုင်ရင် ဖုံးကြရအောင် ပြောတဲ့စကားပါ။ ငါက သက်သက်စော်ကားရအောင် ပြောတာမဟုတ်ပါဘူး”

မမကြီးသည် ပြောရင်း မျက်ရည်များ စီးကျလာ၏။ 

ခုတော့ ရင်များတုန်လာရုံမက လက်များပင် အေးလာ၏။ မျက်စိထဲတွင်မူ မိ ရုပ်ကိုသာ မြင်လာ၏။ ဪ... သမီးတယောက် မွေးဖွားလာရခြင်းဆိုသည်မှာ မလွယ်ကူပါကလား။

မမလတ်သည် ဒပ်ဖရင်သို့ တယ်လီဖုန်းဆက်နေ၏။ ပြီးလျှင် ခင်ခင်လေးရှိရာသို့ ပြန်လာ၏။

“ဆရာမ ဒေါ်တင်တင်စိန် လာလိမ့်မယ်။ မမကြီးတို့နဲ့ အသိဆရာဝန်ဆိုရင် မမကြီးက စကားထည့်ထားချင်ထားမှာ”

မမကြီးသည် အံကြိတ်ထားရင်း မျက်ရည်ပေါက်တွေ လိမ့်ဆင်းလာ၏။ မမကြီးကို ခင်ခင်လေးသည် အသာဖက်ရင်း နှစ်သိမ့်စေရပြန်၏။

“မိရွှေလတ်ရဲ့ အတွေးအခေါ်ဟာ သိပ်ရက်စက်တာပဲ”

မမကြီးသည် နောက်ဆုံးသွန်၍ ငိုချ၏။ ဆရာမဒေါ်တင်တင်စိန် ရောက်လာချိန်တွင်မူ ခင်ခင်လေးနှင့်မမကြီးတို့သည် အခန်းထဲသို့ မဝင်ရပေ။ မမလတ်နှင့်ဆရာမသာ မြင့်အခန်းထဲသို့ ဝင်သွား၏။ နာရီဝက်ခန့်အကြာတွင် ဆရာမပြန်ထွက်လာ၏။ မမကြီးနှင့်ခင်ခင်လေးအား လက်သုံးချောင်းထောင်ပြကာ အိမ်ရှေ့ဆင်ဝင်ဘက်သို့ ထွက်သွားတော့၏။ 

ခင်ခင်လေးသည် ဘာလုပ်ရမှန်းမသိ၊ မျက်လုံးတွေ ပြာသွား၏။ မမကြီးကမူ အခန်းထဲသို့ ခပ်မြန်မြန် ဝင်သွား၏။ အခန်းထဲတွင် သမီးကိုဆူနေသော မမလတ်ကို ဆွဲ၍ ခေါ်လာပြန်၏။

“ခင်ခင်လေး မြင့်ငိုနေတာ သွားချော့စမ်း”

ခင်ခင်လေးသည် မြင့်အခန်းထဲသို့ ကယောင်ကတမ်းနှင့် ဝင်သွားမိပြန်၏။ မမလတ်မှာ ယခုကျမှပင် ချုံးချ၍ ငိုကာ မမကြီးကို ဖက်ထားတော့၏။

“သုံးလတောင် ရှိနေပြီတဲ့မမကြီးရဲ့။ ကျွန်မတော့ ခွေးဖြစ်တာပဲ။ ဘယ့်နှယ်လုပ်ရမလဲ။ မုဆိုးမလဲဖြစ်ပြန်”

“ကဲပါ မိရွှေလတ်ရယ်။ မုဆိုးတွေ အမဲတွေ လုပ်မနေပါနဲ့။ ဒါဟာ အော်ကြီးဟစ်ကျယ် ငိုစရာလည်း မဟုတ်ဘူး။ သမီးအမေဆိုတာ သည်လိုပဲ တွေ့ရမှာပဲ”

“ကျွန်မမျက်စိထဲတော့ နည်းနည်းမှ ဟန်မပျက်ပါဘူး”

“အေး ဒါဟာ ထုံးစံပဲ၊ ဘယ်သူဘယ်ဝါဆိုတာသာ မြင့်ကို ချော့မေး၊ အချိန်ရှိတုန်း ဖုံးလိုက်ရင် ပြီးတာပဲ၊ တိတ်ပါ မရွှေလတ်ရယ်”

“သူ့ကို ကပွဲတောင် မသွားရဘူး၊ အိမ်မှာ အရိပ်ကြည့်နေတာ”

“အေး မိန်းကလေးဆိုတာ ခက်သားလား၊ အခုလည်း ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ တိတ်တိတ်။ ဇဋိလတို့အမေကို ကြည့်ပါလား။ အဖေကြီးက သူ့သမီးကို အထီးဆို ယင်ဖိုတောင် မသန်းရဘူးဆိုပြီး ဘုံခုနစ်ဆင့်ပေါ်မှာ မိန်းမရံရွေတော်တွေနဲ့ထားတာ၊ အဲဒါတောင် လေသာပြတင်းဖွင့်အကြည့်မှာ ဇော်ဂျီနဲ့တွေ့တော့ ဇဋိလကို တိတ်တိတ်မွေးရတာပဲ။ ရှစ်ခေါဘဏီနဲ့ပဲ စောင့်စောင့်၊ သူတို့ကိုယ်သူတို့ မထိန်းရင် မလုံဘူး အောက်မေ့။ မြင့်ကိုလည်း သိပ်မဆူနေနဲ့။ စိတ်ညစ်ပြီး ထင်ရာလုပ်ရင် ကိုယ့်သမီး ဒုက္ခဖြစ်ဦးမယ်”

“မမကြီးပဲ မေးမြန်းပြီး ကိစ္စပြီးအောင် လုပ်ပေးခဲ့ပါဦး မမကြီးရယ်”

မမကြီးသည် ယခုကျမှ ပို၍ ညီမကို သနားမိ၏။ မြင့်ရှိရာ အခန်းထဲသို့ ဝင်သွားသည်။

အခန်းထဲတွင် ခင်ခင်လေးသည် ကာယကံရှင် မြင့်ထက်ပို၍ တုန်လှုပ်နေသည်။ မြင့်ကလည်း ခေါင်းမဖော်ဘဲ တရှုံ့ရှုံ့နှင့်သာ ငိုနေပြန်သည်။ မမကြီးသည် မိန်းမများအနေနှင့် လူဖြစ်လာကြသော သူ့ညီမများ တူမလေးများအတွက် ထိုလိုကိစ္စမျိုးတွင် ဘယ်လိုဆုံးဖြတ်ရမှန်း မသိပေ။ ဖြစ်လာလျှင် မြန်မြန်ပေးစား၊ မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်ရမည်နည်း။ သူသူကိုယ်ကိုယ် ပုထုဇဉ်တို့မည်သည်မှာတော့ အတွေ့တရားတွင် ရှောင်နိုင်ကြမည်မဟုတ်ပေ။ သူသည်လည်းပဲ ရှောင်နိုင်ခဲ့၍သာ ဘာမျှ မဖြစ်ခဲ့ခြင်းဖြစ်၏။ အကယ်၍ တွေ့မိခဲ့ပါလျှင်လည်း သူသည် မြင့်ကဲ့သို့ပင် ပြင်းစွာ ငိုကြွေးမိဦးမည်ဖြစ်၏။

ခင်ခင်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို မမကြီးက သိ၏။ တယောက် သည်လိုဖြစ်သည်ဆိုတော့ သမီးပျိုရှင်ဖြစ်သော ခင်ခင်လေးသည်လည်း သူ့သမီးအတွက် ပူပင်ပေလိမ့်မည်။

“ကဲ ခင်ခင်လေး အိမ်က စိတ်ပူနေကြဦးမယ်။ ပြန်နှင့်၊ မမကြီး နောက်မှ ပြန်ခဲ့တော့မယ်”

ခင်ခင်လေးသည် ခေါင်းတချက်ညိတ်ပြ၍ အိမ်သို့ပြန်ခဲ့၏။ တလမ်းလုံးတွင် မိနှင့် မြင့်မျက်နှာသည် သူ့မျက်လုံးများထဲမှ မထွက်ပေ။ 

“ငါ့သမီးလေးများ သည်လိုဖြစ်ရင်....” 

ခင်ခင်လေးသည် မတွေးရဲသလို ဖြစ်သွားပြန်၏။

ယခုကျမှ ခင်ခင်လေးသည် မေမေပြောခဲ့သည်များကို တလုံးစီပြန်၍ သတိရ၏။

“ဘာကြောင့် သမီးတို့ကို အချိန်ရှိတုန်း လက်ထပ်စေချင်သလဲဆိုတာ သမီး တနေ့ကျရင် သိမှာပေါ့”

ယခုတော့ ခင်ခင်လေး သိပေပြီ။ မိကို ဘယ်လိုမျှ အထိအခိုက် အနှောင့်အယှက်မရှိခင် အိုးအိမ်ထူထောင်ပေးလိုက်ချင်သည်။ ဓမ္မတာသဘောပေပဲ မဟုတ်ပါလား။ တနေ့သောအခါ ဤပုထုဇဉ်တို့၏ အသည်းနှလုံး၌ ချစ်ပန်းတို့သည် ပွင့်ကြမြဲပင်ဖြစ်၏။

ထိုပန်းလေးကို အလွယ်တကူ လိုချင်သူနှင့် တွေ့၍ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကြသည့်တနေ့ မသတ္တဝါတို့မှာ ရေစုန်မျောမြဲပင်ဖြစ်၏။ ခက်၏။ ခက်၏။ သမီးလေးကို ယခုလိုအတိုင်း အမြဲပဲ ကြည့်သွားချင်သည်။ ပန်းလေးလို အစဉ်လန်း၍ နေစေချင်သည်။ သို့သော် ပန်းလေးသည် ဆွတ်မည့်သူကို ရှာကြမြဲ မဟုတ်ပါလား။ သူက မိဘအနေနှင့် ကြည့်နေချင်၍လည်း မဖြစ်၊ သူ့ဆန္ဒအလျောက် ညွတ်လိုသူကို ညွတ်သွားကြပေလိမ့်မည်။ အချိန်တည်းဟူသော ရန်သူကလည်း သူ့သမီးလေး၏အလှကို ဖျက်ဆီးပစ်ပေလိမ့်မည်။

အစဉ်ပျံဝဲနေသော ပျားပိတုန်းတို့ဘေးမှရော သမီးသည် လွတ်ကင်းပါမည်လော၊ မြင့်တယောက်ပင်လျှင် ပိတုန်းတုတ်ခံရလေပြီ မဟုတ်ပါလား။

“ခင်ခင်လေး ကားရပ်နေပြီလေ၊ ဘာကိုများ ငိုင်တွေးလာလဲ”

ကိုအောင်မြင့်အသံကြားမှ ခင်ခင်လေးသည် ကား အိမ်ရှေ့ရောက်နေမှန်း သိ၏။ ကိုကိုယ်တိုင် ကားတံခါးကို ဖွင့်ပေး၍ ခင်ခင်လေးသည် ကားပေါ်မှ ဆင်းလာ၏။

“ခင်ခင်လေးကို ကြည့်ရတာ သိပ်နွမ်းနေသလိုပဲ။ မြင့် တော်တော် နေမကောင်းလို့လား”

ကို့စကားကို ပြန်မဖြေနိုင်ပေ။ ခင်ခင်လေးသည် အိမ်ထဲကို လှမ်းကြည့်၏။ အိမ်လေးမှာ တိတ်ဆိတ်၍ ထမင်းစားခန်းဘက်မှ မိ၏သီချင်းသံသည် ပျံ့လွင့်လာ၏။

“မိ အထဲမှာ ရှိလား”

“ရှိတယ်၊ ခင်ခင်လေးတို့ မလာနိုင်တာနဲ့ ထမင်းစားကြမလို့ ပြင်နေတာ”

“သူကိုယ်တိုင် ထမင်းပြင်တယ်လား”

“ဟုတ်တယ်၊ သမီးလေးဟာ လိမ္မာလာပါပြီ။ ကဲ အိပ်ခန်းထဲမှာ ခဏလှဲနေပါလား ခင်ခင်လေးရယ်။ မင်းတော့ တခုခု လန့်နေပြန်ပြီ ထင်တယ်”

“ဟုတ်တယ် လန့်သမှ သိပ်လန့်တာပဲ။ ကဲ… စားနှင့်ကြ၊ ခင်လေးတော့ မစားချင်တော့ဘူး”

ခင်ခင်လေးသည် အိပ်ခန်းထဲ ဝင်သွား၍ ခုတင်ပေါ် လှဲနေရ၏။

“ငါ့အဖြစ်နှယ် သည်းပဲသည်းလွန်းပါတယ်” ဟူ၍ သူ့ကိုယ်သူလည်း အပြစ်တင်မိ၏။

“မေမေ နေမကောင်းဘူးလား”

မိသည် သူ့အနားမှာ လာရပ်၍ နဖူးကိုစမ်း၏။ သမီးလေး၏လက်ကို ခင်ခင်လေးသည် အသာဆုပ်ကိုင်ရင်း မိမျက်နှာကို စေ့စေ့ကြည့်နေမိ၏။

“မေမေနေကောင်းပါတယ်။ သမီးတို့ ထမင်းစားနှင့်နော်”

ခင်ခင်လေး ခေါင်းထဲတွင် အားလုံးတင်းကျပ်နေ၏။ ကိုသည် ထမင်းစားပြီးပြီးချင်း ခင်ခင်လေးဆီကို ရောက်လာသည်။

“ခင်ခင်လေး နေကောင်းသွားပြီလား”

“လူတော့ ဘာမှမဖြစ်ပါဘူး”

“ဒါဖြင့် စိတ်ကပေါ့”

ခင်ခင်လေးသည် ခေါင်းညိတ်ပြရင်း မြင့်ကိစ္စကို ပြောရကောင်းမလား၊ မပြောဘဲနေရကောင်းမလား တွေးနေမိပြန်၏။ မမကြီးပြန်လာမှပဲ ပြောတော့မယ်ဟု ဆုံးဖြတ်လိုက်၏။

“ဘာကိုလန့်တာလဲ ခင်ခင်လေး”

“ဘာရယ်လို့တော့ မဟုတ်ပါဘူး။ သမီးအတွက် တွေးမိတာပါ။ သမီးကို ခင်ခင်လေးတို့ အိမ်ထောင်ချထားပေးရရင် မကောင်းဘူးလား”

ကိုသည် ခင်ခင်လေးကို မျက်လုံးအပြူးသားနှင့် ကြည့်လိုက်၏။

“ဘာပြောတယ်”

“မိကို အိမ်ထောင်ချချင်တယ်”

“အို ခင်ခင်လေးရယ်၊ သရဲများ ချောက်သလားကွယ်။ ခင်ခင်လေး ဘာဖြစ်တာလဲ၊ တို့သမီးဟာ ငယ်ပါသေးတယ်။ ကျောင်းနေရင်း ဘယ်နှယ့်ဖြစ်မလဲ”

“အဲသည် ငယ်ပါသေးတယ်ပေါ့ ကြောက်ရတာ”

“ကြောက်ရတယ်”

“ဟုတ်တယ်၊ တော်ကြာ ငယ်စိတ်နဲ့ အမှားအယွင်း ဖြစ်ကုန်မှဖြင့်”

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ဒါလောက်လည်း သိပ်မစိုးရိမ်နဲ့ဦး။ တို့သမီးရဲ့ အကဲလည်း ခတ်ပါဦး။ သူ မကြိုက်ဘဲနဲ့ မိန်းကလေးက လိုက်စပ်ပြီး ပေးစားတာတော့ ပေါလွန်းလှတယ်”

“ရှင် ခင်ခင်လေးတို့သမီးမှာ လိုချင်တဲ့လူတွေ ပြည့်နေပါတယ်”

“ဆိုင်းပါဦးကွယ်၊ တော်ကြာ ယောက်ျားလေး လိုချင်ရာကို တန်းစီပြရတဲ့ တန်းစီခံ မိန်းမတန်းစားထဲလည်း တို့သမီးကို အပါမခံနိုင်ဘူး”

“ဒါကြောင့် သင့်တော်တဲ့လူနဲ့ စောစောပေးစားချင်တာပေါ့”

“နေပါဦး၊ တို့များသမီးက အခု ဘာဖြစ်နေလို့လဲ”

ခင်ခင်လေးသည် ယခုလို မေးတော့မှ နည်းနည်းငြိမ်ကျသွား၏။ တကယ်တော့လည်း မိသည် ဘာမျှမဖြစ်သေးပါလား။

“မဖြစ်တော့ မဖြစ်သေးပါဘူး”

“အေးကွယ်၊ စောင့်ကြည့်ပါဦး”

* * *

မမကြီးသည် အိမ်သို့ နောက်တနေ့ မနက်စောစောမှ ပြန်ရောက်လာ၏။ မြင့်ကိစ္စသည် ချောချောမောမော ဖြစ်လာဟန်တူ၏။ မမကြီးမျက်နှာသည် ပေါ့ပါးရွှင်လန်းလျှက် ရှိ၏။

ခင်ခင်လေးသည် လက်ဖက်ရည်ပွဲပြင်ရင်း မမကြီးအတွက် ပေါင်မုန့်ကို ထောပတ်သုတ်နေသည်။

“မမကြီး ကိစ္စဘယ့်နှယ်လဲ”

“အားလုံးချောမောသွားပါတယ်။ ညက ညတွင်းချင်းပဲ လိုက်ရတယ်။ ဒေါ်မြိုင်ကြီးလည်း သွားခေါ်ရတာပေါ့။ တခု တော်သွားတာက သူငယ်လေးအမေက မေမေတို့နဲ့ ကျောင်းနေဖက်”

“ဘယ်သူလဲဟင်”

“ပဲခူးတိုင်းမင်းကြီးဟောင်း ဦးကန်ဘော်ရဲ့ သားပေါ့။ အိမ်ချင်းက သိပ်မဝေးဘူး မဟုတ်လား။ မရွှေလတ်က ဘယ်လိုပဲ ထိန်းထိန်း မိန်းကလေးက နောက်ဖေးတံခါး ဖွင့်ထားရင် ဘယ်လုံလိမ့်မလဲ၊ မမကြီးဖြင့် တသက်နဲ့တကိုယ် ခုလိုမပြောတတ်ဘူး။ ခုမှ စကားလုံးတွေ ထွက်လာလိုက်တာ မပြောပါနဲ့။ ကိုယ့်သွေးထိလာတော့ လူများ သိတတ်လိုက်တာနော်။ ပထမ ဒေါ်မြိုင်က သွားပြီး ဦးကန်ဘော်မိန်းမ ဒေါ်ကြည်ကြည်ကို သတင်းပို့ တီးခေါက်ထားရတာပေါ့။ နောက်မှ မမကြီး လိုက်သွားပြီး ဇာတ်စုံခင်းရတယ်”

“ရှက်စရာကောင်းလိုက်တာနော်”

“အမယ် မိဖုရားရယ်၊ ကိုယ့်လူက ပါနေပြီ မဟုတ်လား။ သည်အရှက်ထက် ဟိုအရှက်က ခက်တယ် အမိရေ။ ဒါတောင် သူငယ်လေးက နည်းနည်း အင်နေသေးတယ်”

“အောင်မယ် သူတို့လို လူတွေကများ”

“ဒါတော့ မဖြစ်နဲ့ခင်ခင်လေး။ ကိုယ့်မိန်းကလေးက ပါသွားပြီကိုး၊ ဒူးထောက်ရတာပေါ့။ ဖေဖေတို့ မေမေတို့မျက်နှာတွေ တသီကြီး ထုတ်ပြရသေးတယ်။ နောက်ဆုံး ဦးကန်ဘော်ကလည်း ဝင်ပြောပေးလို့ ချောချောမောမော ဖြစ်သွားတယ်။ ဒါတောင် မရွှေလတ်က ဘယ်လောက် တင်တောင်းရမလေး၊ ဘယ်လို မင်္ဂလာဆောင်ရမလေးနဲ့ ငါဖြင့် ငယ်ငယ်တုန်းကလိုသာ ဆိုရင် မိလတ်ကို ရိုက်မိသေးတယ်။ ယူတာကိုပဲ ရှိခိုးရဦးမယ်။ သိပ်ဈေးတင်မနေနဲ့လို့ မိရွှေလတ်ကို ပြောရသေးတယ်”

“ဘုရား… ဘုရား”

ခင်ခင်လေးသည် ဘုရားတမိ၏။ ဈေးတဲ့၊ ဈေးဆိုတော့ မြင့်မှာ လူမဟုတ်၊ လူသုံးပစ္စည်းပါကလား။

ခင်ခင်လေးသည် သူတို့ပတ်ဝန်းကျင်တွင် သမီးတယောက် လင်ရဖို့ အရေးအတွက် စခန်းသွားရပုံကို နှလုံးနာလှ၏။

“ခင်ခင်လေးဖြင့် သိပ်စိတ်ညစ်တာပဲ။ အိမ်က မရွှေမိအတွက် တွေးမိတိုင်း စိတ်မောတယ်။ ကျောင်းပဲ ထုတ်ရမလား”

“တယောက်က လာပြန်ပြီလား။ ဟိုတယောက် ကျောင်းနှုတ်ပြီး အိမ်ထဲသွတ်ထားတာ လုံလို့လား။ ခင်ခင်လေးတို့လိုသာဖြင့် ဝမ်းစာအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ မိန်းကလေးတွေ ဒုက္ခပဲ၊ ကိုယ့်ကိုကိုယ် ထိန်းနိုင်ဖို့သာ သင်ထားပေး။ သူတို့ကိုယ်ကို သူတို့ မထိန်းသိမ်းနိုင်ရင် ရှစ်ခေါဘဏီနဲ့စောင့်လည်း မိန်းကလေးတယောက်ကို လုံအောင် မစောင့်နိုင်ဘူးပဲ”

“မစောင့်နိုင်ဘူး ဟုတ်ပါရဲ့။ ဘယ်လိုစောင့်မှာလဲ”

ခင်ခင်လေးသည် သူ့ဘာသာ ငြိမ်၍ တွေးနေ၏။

“ဘယ်လိုပဲ ထိန်းထိန်း၊ အတွေ့ကျ ဘယ့်နှယ်ရှောင်မလဲ”

“အဲသည် အတွေ့ကိုပဲ အဝေးကရှောင်ရမှာပေါ့”

ခင်ခင်လေးသည် ငိုင်ကျသွားပြန်၏။

“တခြားမိဘတွေလည်း ငါ့လိုပဲပူသလား။ ငါကပဲ တိုးထူး၍ ပူနေသလား”

သူ့ကိုယ်သူ ပြန်မေး၏။

“သည်မှာ မမကြီးရဲ့ ကောလိပ်ကျောင်းကိုလည်း ကြည့်စမ်း၊ ကျောင်းပတ်ဝန်းကျင်မှာ စိတ်ကူးယဉ်စရာ အလွန်ကောင်းတာပဲ။ ကန်ရေပြင်နဲ့ မြက်ခင်းပြင်ကိုက အရွယ်ရောက်စ လူငယ်တွေအတွက် အတွေးယဉ်စရာ သိပ်ကောင်းတာပဲ”

“အဲသည်ကျောင်းမှာ မိလိုပဲ တခြားမိန်းမပျိုလေးတွေ စာသင်နေကြတယ်ဆိုတာလည်း သတိထားပါဦး ခင်ခင်လေးရယ်”

ခင်ခင်လေးသည် ဘာမျှ ပြန်မပြောနိုင်တော့ပေ။

* * *

“ထက်ကောင်းကင် မိုးဖျားက သွန်းလာ၊ ရွာမဲ့ရွှေမိုးကို စောင့်ကာ၊ ပိတောက်မြိုင်သင်းပျံ့လှိုင်လို့သာ၊ ငုံဖူး ငုံဖူးလွှာ…”

မိ သီချင်းသံသည် ခင်ခင်လေးတို့အခန်းဆီသို့ လွင့်၍လာ၏။ မိုးဦးဖြစ်၍ ညဉ့်မှာတိတ်နေ၏။ တဖြောက်ဖြောက်ရွာကျနေသော မိုးပေါက်သံသာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေသည်။

ညဦးတွင် မိအသံသည် မိုးပေါက်ကလေးများလိုပင် ရွှင်လန်းလှ၏။ ကိုအောင်မြင့်ကမူ သူ့သမီးလေးသည် လွန်ခဲ့သော အပတ်က ဘီအေ ပထမနှစ်အောင်စာရင်းကို သိရ၍ ပျော်နေသည်ဟု ထင်သည်။

ခင်ခင်လေး မျက်လုံးထဲတွင်မူ ရွှေရောင်တောက်နေသော ပိတောက်ပွင့်ငုံတို့ကို မြင်နေ၏။ မိုးတဖြိုက်ဖြိုက်ရွာလိုက်လျှင် မိုးပေါက်တို့သည် တောတန်းတလျှောက်ကို ခုန်ပေါက်၍ လှုပ်နှိုးလိုက်သလို တောပန်းရိုင်းကလေးတွေလည်း ပွင့်၍လာကြတော့မည်။ မြက်တို့လည်း အိပ်ရာမှ နိုး၍ စိုပြည်စိမ်းလန်းလာကြသည်။

ပင်ထက်မှ ပိတောက်ဖူးသည် မိုးရေစက်အကျတွင် လှပစွာ ပွင့်၍လာလေပြီ။ တောတန်းတလျှောက်တွင် ပိတောက်နံ့သည် သင်းပျံ့မွှေးကြိုင်၍ နေပေတော့မည်။ ပိတောက်နှင့် မိုးသည်လည်း ဓမ္မတာအလျောက် တွေ့ဆုံကြပေမည်။ မိုးမရွာလျှင်လည်း ပိတောက်ငုံသည် မိုးကိုမျှော်ပေမည်။

“ဟေမာရဂုံနန်းမှာ ပွင့်လန်းနေချင်ရှာ၊ ပေါ်လာကိုရွှေမိုးရာ၊ သဝေထိုးကာ၊ လှည့်စားလို့သာ နေအားတာ…ချစ်သူပန်းပွင့်လန်းဖို့ရာ၊ ကိုရွှေမိုးကို မျှော်ကိုးမိတာပါ… …”

မိ သီချင်းသံသည် ရွှင်၍နေ၏။ သူ့သမီးလေးသည် သီချင်းကို စိတ်ပါပါ ဆိုနေပုံရ၏။

“ကိုရွှေမိုးကို မျှော်ကိုးမိတာပါ…”

ခင်ခင်လေးသည် တလုံးစီ ဆိုလိုက်၏။ ကိုအောင်မြင့်မှာ သီချင်းဆိုနေသော ခင်ခင်လေးကို အံ့အားသင့်နေ၏။

“သီချင်းတွေဘာတွေ ဆိုလို့ပါလား”

ခင်ခင်လေးသည် ကို့ဘက်ကို လှည့်လိုက်သည်။

“သမီးလေး သီချင်းဆိုနေသံ ကြားလား…”

“ကြားတာပေါ့။ သမီးလေးအသံဟာ သိပ်အေးတာပဲနော်။ စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ စန္ဒရားတလုံးဝယ်ပေးရဦးမယ်”

“အေးတယ်၊ ပြီးတော့ ရွှင်တယ်၊ အဲဒါ ဘာဖြစ်လို့လဲသိလား။ သမီးလေးရဲ့ နှလုံးသားမှာ တခုခု ရှိနေပြီ…”

“ဘာပြောတယ်၊ သမီးမှာ ချစ်သူရှိနေပြီပေါ့”

“ဟုတ်တယ် ကြည့်ပါလား၊ သီချင်းကလည်း ပန်းဖူးလေးဟာ မိုးကို စောင့်နေတယ်တဲ့”

“အဲဒါနဲ့ပဲ သမီးမှာ ချစ်သူရှိရောလား”

“ကိုက ခက်ပါတယ်လေ၊ ခင်ခင်လေးလည်း မပြောချင်ဘူး”

“အေးပေါ့လေ၊ သမီးပျိုတွေရဲ့ စိတ်ကို အမေကပဲ လေ့လာနိုင်တာပေါ့”

ခင်ခင်လေးသည် သက်ပြင်းချရင်း ကို့ကို စိုက်ကြည့်ပြန်၏။ ကို၏ ဖြောင့်သောနှာတံသည် သမီးလေးတွင် ပါ၏။ သူ၏မို့သော ပါးနှင့် ဝိုင်း၍တောက်ပသောမျက်စိသည် သမီးလေးတွင်ရှိ၏။ သမီးသည် မိဘတို့ထံမှ အလှအပများကို အမွေအနှစ်ရထားသူဖြစ်၏။ ယခုအခါတွင် သမီးလေးအလှသည် ရွှင်လန်း၍နေပေပြီ။

တချိန်တုန်းကလည်း ခင်ခင်လေးသည် သမီးလေးလိုပင် လှပခဲ့၏။ သူ့အသည်းနှလုံးသည်လည်း အချစ်ဖြင့် ပြည့်ခဲ့ဖူး၏။ ကိုအောင်မြင့်ကို ခင်ခင်လေး ကြည့်မိပြန်သည်။

“ကိုတော့ ခင်ခင်လေးကို ဘယ်လိုထင်မလဲ မသိဘူး”

“မထင်ပါဘူး။ ခင်ခင်လေးတယောက် ပျော်အောင် မအိပ်နိုင်မှာကိုပဲ စိုးရိမ်တယ်”

“ခင်ခင်လေး အိပ်မှာပါပဲ၊ တခု ခက်နေတာက မိနဲ့ ခင်ခင်လေးဆက်ဆံပုံက မပွင့်လင်းဘူး။ ခင်ခင်လေး အပျိုတုန်းကဆို ဘယ်သူက စာပေးပေး မေမေ့ကို ပြတာပဲ။ မေမေကလည်း စာဖတ်ကြည့်ပြီး ခင်ခင်လေးကို ဝေဖန်ပြတယ်။ မေမေ့ကို ဆက်ဆံရတာက သည်လိုနေရာမျိုးကျရင် သူငယ်ချင်းကောင်းတယောက်လိုပဲ”

“ခင်ခင်လေး ရည်းစားကျတော့ မေမေက ဘာပြောသလဲ”

ခင်ခင်လေးသည် အိပ်နေရာမှ ကိုအောင်မြင့်လက်ကို လှမ်းဆုပ်လိုက်၏။ သူသည် သူ့ငယ်ချစ်အကြောင်းကို ပြန်ပြောရသည့်အတွက် ကို့ကို အားနာသလို ဖြစ်မိ၏။

“ကိုတင်အောင် အကြောင်းလား၊ သူ့စာလဲ မေမေ့ကို ပြပါတယ်။ မေမေက စာတွေအများကြီးကို ဖတ်တယ်။ ပထမတော့ မဝေဖန်ပါဘူး။ နောက် ခင်ခင်လေးက ကိုတင်အောင်ကို ပြန်ကြိုက်ချင်တယ်ဆိုတော့မှ မေမေက ဝေဖန်တယ်”

“ဘယ်လိုပြောလဲ”

“သည်သူငယ်ကို မေမေ့သဘောတော့ မကြိုက်စေချင်ဘူးတဲ့။ သမီးအပေါ်မှာ သစ္စာရှိမယ် မထင်ဘူးတဲ့”

“သစ္စာရှိမယ် မရှိဘူး မေမေက ဘယ်နှယ့်သိသလဲ”

“ကိုတင်အောင် ဓာတ်ပုံကိုကြည့်ပြီး ပြောတာပဲ၊ ဒါကြောင့် ခင်ခင်လေးက မေမေ့ကို အံ့ဩတာပေါ့။ သူက လောကမှာ မိခင်တယောက် ဖြစ်ထိုက်ပါတယ်။ သူစွပ်စွဲတာဟာ အသားလွတ်လို့ ထင်ရင်လည်း ခင်ခင်လေးဟာ ချစ်ချင်ရင် ပြန်ချစ်ပြီး စောင့်ကြည့်တဲ့။ ဒါပေမယ့် အတွေ့တော့ မခံနဲ့တဲ့။ မေမေပြောတာတွေဟာ နောက်တော့ သိပ်မှန်တယ်”

“တကယ်…”

“တကယ်ပေါ့။ ခင်ခင်လေးဖြင့် ခုထိလည်း တခါတခါ သူဖောက်ပြန်တာကို မယုံနိုင်ဘူး။ ခင်ခင်လေးလည်း ဒါကြောင့် စိတ်ပျက်ပြီး ဥပစာတန်းက ထွက်လိုက်တယ်။ ကိုတင်အောင်ဟာ ... တော်ပါပြီလေ၊ လူတယောက်ရဲ့ ဖောက်ပြန်ပုံကို ပြန်ပြီး မဖော်ပါရစေနဲ့တော့”

ခင်ခင်လေးသည် သူ့စကားကို ရပ်ပစ်လိုက်၏။

“ကဲ ဒါတွေ တွေးမနေပါနဲ့တော့၊ အိပ်တော့”

“အိပ်မှာပါပဲ၊ ခင်ခင်လေး လိုချင်တာက ခင်ခင်လေးဟာ ဘာမဆို မေမေ့ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်သလို မိဟာလည်း သည်ကိစ္စတွေမှာ တိုင်ပင်စေချင်တယ်”

“တခုကလည်း ခင်ခင်လေး မေမေက သမီးတယောက်သာ သူ့ကို သည်လိုကိစ္စမျိုးမှာ ဖွင့်ပြီး တိုင်ပင်အောင် လမ်းကြောင်းပေးပြီး သူငယ်ချင်းလို နေချင်နေမှာပေါ့။ ခင်ခင်လေးနေတာက တမျိုးကြီးပဲ”

“ဟုတ်တယ် ခင်ခင်လေးကိုယ်တိုင်ကလည်း သမီးကို ပွင့်ပွင့်လင်းလင်း မဆက်ဆံခဲ့မိဘူး”

“ကဲ အိပ်တော့ ခင်ခင်လေးရယ်”

ကိုသည် ခင်ခင်လေးကို ရင်ခွင်ထဲဆွဲသွင်း၍ သိပ်နေပြန်သည်။ ရင်ခွင်ထဲမှာ မှိန်းနေပေမယ့် ခင်ခင်လေး မျက်လုံးများထဲတွင်မူ အတိတ်ကို မြင်နေသည်။

ငယ်စဉ်ကအချစ်ကို တွေးတောရသည်မှာလည်း ချိုမြိန်စရာကောင်းလှ၏။ ခင်ခင်လေးရင်ထဲတွင် တခါတခါ အမှားကို တွေးမိ၏။ သူသည် သူ့ချစ်သူကို အတွေ့မခံ၍ ချစ်ဦးသူနှင့် လွဲရလေသလော။

ဆောင်း၏ တညကို ခင်ခင်လေးသည် ဘယ်တော့မျှ မမေ့ပေ။ ဆောင်းညသည် နှင်းမှုန်ပိတ်နေသော်လည်း လရောင်သည် နှင်းမှုန်များကို ထိုးဖောက်၍ သွန်ကျနေသည်။ ထိုညဉ့်တွင် မောင်သည် ခင်ခင်လေးကို တွေ့ရန် ချိန်း၏။ မောင်သည် ခင်ခင်လေးကို စောင့်နေ၏။ နှင်းစက်တွေမှာ မြက်ပင်လေးများပေါ်သို့ ကျနေ၏။ ငှက်ပျောရွက်နုနုပေါ်တွင် နှင်းစက်များသည် တဖိတ်ဖိတ် တောက်နေသည်။ ငှက်ပျောပင်ခြေတွင် မောင်သည် ငြိမ်၍စောင့်နေ၏။ မောင် စောင့်နေစဉ်က ခင်ခင်လေးသည် ပြတင်းမှရပ်၍ မောင့်ကို ကြည့်နေ၏။ ဆောင်းလေမှာ အေး၍ ကြမ်းလှသည်။ မောင်တယောက်တော့ ချမ်းရှာရော့မည်။ သို့သော် ခင်ခင်လေးသည် သူ့ခြေများကို ရွှေ့၍မရပေ။

လဝန်းသည် တဖြည်းဖြည်း အနောက်ဘက်သို့ စောင်း၍လာ၏။ ယခင်ကလို လဝန်းသည် ငွေရောင်မတောက်တော့ဘဲ ကြေးနီရောင်သို့ ပြောင်း၍လာ၏။ နှင်းမှုန်များသည်လည်း ပို၍သိပ်လာ၏။ နှင်းစက်များပြည့်နေသော ငှက်ပျောရွက်များသာ မောင့်အနားမှာ လှုပ်ရှားနေကြ၏။

ခင်ခင်လေးသည် မျက်ရည်တွေသာ ဝိုင်း၍ ခြံထဲမှ ထွက်သွားသော မောင့်ကို ကြည့်နေမိသည်။ သူ့ခြေထောက်များကမူ ပြတင်းနားမှ ရွှေ့၍မရပေ။ ထိုစဉ်ကတော့ မောင်သည် သူ့ကို အသည်းစွဲခဲ့ပေသည်။ လောကတွင် သဘာဝသည် ဘယ်လောက်ပင်လှလှ ခင်ခင်လေးအဖို့ ကြေးနီရောင်လနှင့် နှင်းစိုသော ငှက်ပျောရွက်အလှလောက် ဘယ်အလှကိုမျှ မမြတ်နိုးပေ။ ယခုတော့ အတိတ်တခုသည် ပြီးဆုံးခဲ့ပေပြီ။

* * *

ခင်ခင်လေးသည် ကို့ရင်ခွင်ထဲမှ အသာထလိုက်၏။ သမီးလေးအခန်း ရှိရာသို့ ထသွားမိသည်။ သမီးလေးသည် ဇာခြင်ထောင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ မှန်ပြတင်းမှ လရောင်သည် ဇာခြင်ထောင်ကို အရောင်ဟပ်၍ သမီးမျက်နှာသည် လင်း၍ လှပပေသည်။

“သမီးလေးကို မေမေဟာ သိပ်ချစ်တာပါပဲ”

ခင်ခင်လေးသည် တကယ်တော့ အရူးတယောက်ပင် ဖြစ်၏။

“သမီးလေး ကြေးနီရောင်လကို ဘယ်တော့မှ ထမကြည့်နဲ့နော်”

သူ့ကဲ့သို့ ချစ်ဦးသူ၏ သစ္စာဖောက်ခံရမည်ကို ခင်ခင်လေးသည် စိုးရိမ်မိသည်။ အပြင်တွင် လရောင်သည် တဖြည်းဖြည်း မှိန်လာ၍ မိုးသားများ ကောင်းကင်တွင် တက်လာကြပြန်သည်။ ခြေရင်းသို့ လျောကျနေသော စောင်ကို မိကိုယ်ပေါ်သို့ ဆွဲ၍ တင်လိုက်၏။ လရောင်မှိန်သွားပေမယ့် သမီးလေးမျက်နှာသည် မို့မို့ဝင်းနေသည်။ တနေ့သောအခါတွင် ဤပါးမို့မို့လေးများသည် တစုံတယောက်သော သူ၏ နှာခေါင်းအောက်သို့ ကျရောက်လိမ့်မည် မဟုတ်ပါလား။ ခင်ခင်လေးသည် ခြင်ထောင်ကို အသာဖိ၍ ထားခဲ့၏။

အပိုင်း(၄)ဆက်ရန်
------------------------
#ခင်နှင်းယု

Post a Comment

0 Comments