နွားတထောင် - ခင်နှင်းယု အပိုင်း (၅) ဇာတ်သိမ်းပိုင်း

#နွားတထောင်

အပိုင်း(၅)(ဇာတ်သိမ်းပိုင်း)

လေမုန်တိုင်းကား ကျလေပြီ။

မိသည် ဟစ်၍ဟစ်၍ အော်၏။ ရင်ထဲ ကျိတ်မနိုင်ခဲမရဖြစ်တိုင်း ခေါင်းအုံးတွေကို လွှင့်ပစ်၏။ အခန်းတံခါးများ ပိတ်ထား၍ မိအသံသည် အပြင်ကို ခပ်အုပ်အုပ်သာ ထွက်လာ၏။ မိသည် အစွမ်းကုန် ပေါက်ကွဲနေသလောက် မေမေက ငြိမ်သက်စွာ ကြည့်နေ၏။

“ကိုမောင်မောင်ကို မေမေက ခေါ်လိုက်ပြီပေါ့ ဟုတ်လား၊ မိ ကိုမောင်မောင်ကို မယူရတော့ဘူးလား ဟင်။ မေမေ သိပ်မတရားတာပဲ”

မိသည် ခုတင်ပေါ် ပစ်လှဲရင်း ရှိုက်၍ငိုပြန်၏။ ရှိုက်လွန်း၍ မိကိုယ်မှာ သိမ့်သိမ့်တုန်နေသည်။

ပတ်ဝန်းကျင်အခြေအနေများ အားလုံးပင် တူညီနေကြ၏။ မိ ဝမ်းမှ ကျွတ်စ အသံကုန်ဟစ်၍ ငိုသလို ယခုလည်း ဟစ်၍ငို၏။ ငယ်တုန်းက လက်ခြေများ ကလန်ကလန်နှင့် လှုပ်ရှားသလို ယခုလည်း စောင်တွေ ခေါင်းအုံးတွေကို လွှင့်ပစ်၍ ငိုနေ၏။

မမကြီးနှင့် ကိုအောင်မြင့်သည် မိကိုမွေးချိန်က မွေးခန်းအပြင်ဘက်တွင် ဒူးတုန်ရင်ခုန်၍ စောင့်နေသလို ယခုလည်း တထိတ်ထိတ်နှင့် အပြင်ဘက်တွင် စောင့်နေကြ၏။

မိ တသက်တာတွင် ခင်ခင်လေးသည် ဒါလောက် ရဲရင့်လိမ့်မည်ဟု သူတို့ မထင်ကြပေ။ ယခုတော့ ခင်ခင်လေးသည် ‘မိခင်’ အဖြစ်ကို ပိုင်ပိုင်နိုင်နိုင် ရင်ဆိုင်လိုက်၏။

မိ၏ ဒေါသနှင့် ပူဆွေးမှုများ ပေါက်ကွဲအံထွက်ချိန်တွင် သူသည် ငြိမ်သက်နေသည်မှ လွဲ၍ ဘာတလုံးမျှ မပြောပေ။ အမှန်တော့ မိ စိတ်ထဲတွင်လည်း တခါမျှ ဒါလောက်သတ္တိ မရှိဘူးခဲ့သော အမေသည် ယခုလို သူ့ကိုလာရောက် ရင်ဆိုင်သည်ကို အံ့ဩနေ၏။ ငိုရအော်ရလွန်း၍ မောလာကာ မိသည် တဖြည်းဖြည်း ငြိမ်ကျသွားသည်။ အိပ်ရာပေါ်တွင် လှဲရင်း ရှိုက်သံသာ တချက်တချက်ပေါ်လာ၍ ပါးပေါ်သို့ မျက်ရည်ကြောင်းများ စိမ့်၍ကျလာသည်။

ခင်ခင်လေးသည် ခုတင်ဘေးရှိ ကုလားထိုင်တွင် အသာဝင်ထိုင်၏။ တွတ်တွတ်ရဲနေသော မိမျက်နှာကို ကြည့်ရင်း ရင်ထဲမှာ ဆို့သွား၏။ သူသည် စိတ်ကို ပြန်တင်းလိုက်၏။

“မေမေ့မှာ အပြစ်တွေ အများကြီးရှိခဲ့ပါတယ်။ သမီးတယောက်ရဲ့ အမေဟာ သမီးအရွယ်ရောက်လာရင် လင်ယူသားမွေး၊ ရည်းစားထားတဲ့ ကိစ္စတွေကို သူငယ်ချင်းလို တိုင်ပင်သင့်တယ်။ မေမေကိုယ်တိုင် သမီးနဲ့ ဆွေးနွေးသင့်ပါတယ်။ သည်လိုမနေခဲ့တဲ့ မေမေ့မှာ အများကြီးအပြစ်ရှိတယ်။ မငိုပါနဲ့တော့ သမီးလေးရယ်။ မငိုပါနဲ့တော့ သမီးငိုတာကို မေမေမကြည့်ရက်ပါဘူး။ မေမေ့ရင်ထဲမှာလဲ မီးလောင်နေသလိုပါပဲ”

မိသည် ငြိမ်ကျလာကာ ခင်ခင်လေးစကားကို နားထောင်နေ၏။

“ဒါပေမယ့် တို့များဟာ မိန်းမတွေအနေနဲ့ တွေးသင့်ကြတာတွေ အများကြီးပဲ။ သမီးချစ်သူနဲ့ ခုခွဲရတော့မယ်ဆို ဘယ်လောက် ပူပန်စိတ်ဆင်းရဲလဲ၊ အဲသည်လိုပဲ သမီးနဲ့ လက်ထပ်မယ်လို့ ကြားရတဲ့ တင့်တင့်ရဲ့ စိတ်ဆင်းရဲမှုကလည်း သမီးထက်တော့ လျော့မှာ မဟုတ်ဘူး”

မေမေ့အသံသည် ကြည်လင်၍ အေးအေးဆေးဆေး ဖြစ်လာသည်။ မိ ရှိုက်သံမှာလည်း ဝေးလာသည်။

“ဟိုတယောက်အပေါ်မှာ သစ္စာဖောက်ပြီး ကိုယ့်ကိုချစ်ရင် သည်လူရဲ့ မေတ္တာကို ဘယ်လိုလုပ် ယူရမှာလဲကွယ်။ ကိုယ်က တရားဥပဒေအရ ဂုဏ်ပါဝါအရ ပိုင်နေပေမယ့် မေမေသာဆိုရင် တသက်လုံး စိတ်သန့်မှာ မဟုတ်ဘူး။ သည်တော့ မေမေ တခု တောင်းပန်ချင်တာက တို့များဟာ သူများ မျက်ရည်ပေါက်ကြီးငယ် ကျမှ လင်တယောက်ရတဲ့ အဖြစ်မျိုး မရောက်ပါရစေနဲ့ကွယ်”

ခင်ခင်လေး၏ နောက်ဆုံးစကားမှာ မိနှလုံးသားထဲသို့ ဝင်ရောက်သွား၏။ မိသည် မျက်လုံးကို မှေးကာ ဖြည်းဖြည်းလေး ရှိုက်နေ၏။ ဖရိုဖရဲဖြစ်နေသော ဆံစများကို ခင်ခင်လေးသည် သပ်၍ပေးလိုက်၏။

“သမီး ခဏအိပ်လိုက်ဦးနော်”

“သမီးတော့ ငိုနေမှာပဲ၊ အကြာကြီး ငိုနေမှာပဲ”

“ငိုပေါ့၊ ကိစ္စမရှိပါဘူး။ ငိုနိုင်ပါတယ်”

ခင်ခင်လေးသည် အခန်းထဲမှ အသာထွက်သွားသည်။ အပြင်ခန်းတွင် စောင့်နေသူ နှစ်ဦးသည် ခင်ခင်လေး ထွက်လာမှ ရင်ခုန်နည်းနည်း လျော့သွား၏။

“ဘယ့်နှယ်လဲ”

ကိုသည် အသံတိုးတိုးလေးနှင့် လှမ်း၍မေး၏။

“အဆင်ပြေပါတယ်”

ခင်ခင်လေးသည် ချက်ချင်းပင် သူ့အခန်းသို့ ဝင်သွား၏။ ကိုနောက်မှ လိုက်လာသောအခါတွင်မူ ခင်ခင်လေးသည် ရှိုက်ကာငင်ကာ ငိုနေပြန်သည်။

“ဘယ်လိုဖြစ်တာလဲ ခင်ခင်လေး”

ခင်ခင်လေးသည် ရှိုက်ပြန်၏။

“အဆင်တော့ ပြေပါတယ်။ မိန်းမတယောက် အနေနဲ့ သည်ကိစ္စကို ပြတ်ပြတ်သားသား ရင်ဆိုင်ရဲရတာကိုး။ သမီးတယောက် ဒါလောက် ငိုနေတာကို မြင်ရတဲ့ အမေဟာ ဘယ်စိတ်ချမ်းသာနိုင်မလဲ”

“ဟင် သမီးလေး သိပ်ငိုတယ်လား”

“ငိုတာပေါ့။ ကိုယ့်ချစ်သူ တယောက်လုံး ဆုံးရှုံးရတော့ ဘယ်သူ မငိုဘဲ နေမလဲ။ ပြီးတော့ မိန်းကလေးဆိုတာ ကိုယ့်ချစ်သူကို တမိုးအောက် တယောက်လို့ ထင်ကြတာချည်းပဲ။ ခင်ခင်လေး ငယ်တုန်းကဖြင့် မျက်မြင်ဒိဋ္ဌ တွေ့တာတောင် ကိုတင်အောင် တယောက် ခင်ခင်လေးအပေါ် သစ္စာဖောက်တယ်လို့ မယုံချင်သေးဘူး”

“သိပ်များ စိတ်ဆင်းရဲမှာလားကွယ်”

“ခဏပါပဲ၊ ခုတော့ ငိုဦးမှာပေါ့လေ”

ခင်ခင်လေးသည် တချက်ရှိုက်ရင်း မျက်ရည်များကို သုတ်လိုက်၏။

“ကိုယ့်ကြောင့် သူတပါး အသည်းလည်း မကွဲစေချင်ဘူး။ ဘာပဲဖြစ်ဖြစ် သည်တသက်မှာ သူတပါးကို နာကျင်ထိခိုက်အောင် မလုပ်မိပါစေနဲ့လို့ ဆုတောင်းပါတယ်”

“သမီးဟာ ခင်ခင်လေးကြောင့် စိတ်ဒုက္ခ ရောက်နေရတယ် ဆိုရင်ကော…”

“သူတဖက်သားကို မနာကျင်အောင်လို့ ကိုယ့်သမီးကို ဒုက္ခခံခိုင်းရတာပါ။ သမီးရဲ့ဒုက္ခဟာ ခင်ခင်လေးရဲ့ ဒုက္ခပါပဲ။ ခင်ခင်လေး ရင်ထဲမှာလည်း တကယ်နာနေပါတယ်။ ကိုယ့်ကိုယ်ကိုသာ အနာခံရမှာပေါ့။ ကိုယ်ကတော့ မဆိုးပါရစေနဲ့”

မငိုတော့ဘူးဆိုပေမယ့် ခင်ခင်လေးသည် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာပြန်သည်။ ခင်ခင်လေး ဘာကြောင့် ဒါလောက်ငိုသည်ကို ကိုနားလည်ပါ၏။

ကိုအောင်မြင့်နှင့် လက်ထပ်ဖို့ ခင်ခင်လေးကို နားချစဉ်က ခင်ခင်လေးသည် အပြင်းအထန် မေမေ့ရှေ့တွင် ငိုခဲ့၏။ သူ့ချစ်သူ ကိုတင်အောင်နှင့် ခွဲခွာရစဉ်က ခင်ခင်လေးသည် ငိုခဲ့၏။ ခင်ခင်လေးသည် သူ၏ ပူဆွေးရခြင်းမှာ ဘဝဘဝ၏ ဝဋ်ကြွေးများဟု ထင်၏။ ထို့ကြောင့် ဘဝဆက်သံသရာမှာဖြင့် ကွေကွင်းရခြင်းကြောင့်လည်း ဒုက္ခမတွေ့ပါရစေနှင့်။ သည်ဘဝ သည်မျှနှင့်သာ တန်လိုပါ၏။ သူကသာ လျော့လိုသည်။ နောက်ဘဝတွင် ဝဋ်လည်ဖို့ကိုတော့ ခင်ခင်လေးသည် ကြောက်၏။

သမီးကိစ္စတွင်လည်း ခင်ခင်လေးသည် သမီးကို လျော့စေချင်၏။ သူကိုယ်တိုင်ကလည်း အားမပေးလိုပေ။ ဒုက္ခဆင်းရဲအသီးသီးတွင် အကြင်လိုချင်ခြင်း အကြောင်းသည် ရှိ၏။ ထိုလိုချင်ခြင်းကို မရ၍ ခဏခဏ တောင့်တခြင်းသည် ကြီးစွာသော ဆင်းရဲပင် မဟုတ်ပါလား။ သူကိုယ်တိုင်ပင် တကြိမ်သောအခါက လိုချင်သည်ကို မရသော ဆင်းရဲကို ခံခဲ့ရ၏။ ထို့ကြောင့် သူတပါး၏ လိုသောအရာကို သူ မလုလိုတော့ပါ။

သီတင်းကျွတ်ချိန်တွင် မောင်မောင်သည် သစ်တောဝန်ထောက် အဖြစ်နှင့်ပင် မြစ်ကြီးနားသို့ ပြောင်းရွှေ့သွားလေသည်။ ထိုနှစ်အတွင်းမှာပင် တခြားမိန်းကလေးတယောက်နှင့် မောင်မောင် လက်ထပ်သွားတော့သည်။

မိသည် ယခင်ကလောက် လှုပ်လှုပ်ရှားရှား မရှိတော့ပေ။ စာမေးပွဲအောင်သွားပြီဖြစ်၍ အိမ်မှာပင် နေ၏။ အနေအထိုင်များမှာတော့ ယခင်ကလို မဟုတ်ဘဲ အားလုံးပြောင်းလဲလာ၏။

မိကို လက်ထပ်ပေးရန် စီစဉ်ချိန်တွင်မူ ခင်ခင်လေးသည် မတိုက်တွန်းချင်တော့ပေ။

“သည်နေရာမှာတော့ မမကြီးတို့လည်း အတင်းမတိုက်တွန်းပါနဲ့၊ သူက လက်ခံလိုတယ်ဆိုမှ သူ့ဆန္ဒအတိုင်း ဖြစ်ပစေပေါ့။ အမှန်ကတော့ ကိုယ်လုပ်တာဟာ တရားနိုင်သမျှ တရားပါစေလို့သာ ကြိုးစားရတာကိုး။ အိမ်ထောင်ရေးမှာကတော့ ကောင်းချင်မှ ကောင်းတယ်။ လူကြီးစီမံရာ နားထောင်တိုင်းလည်း ကောင်းချင်မှ ကောင်းတာပဲ”

မိကမူ အကယ်၍ သူသည် မမကြီး စီစဉ်ပေးသည့်အတိုင်း လက်ထပ်ရပါမူ၊ သူယူရမယ့်သူကို သူကိုယ်တိုင် တွေ့ချင်သည်ဟု တောင်းဆို၏။

မမကြီးသည် မျက်လုံးပြူးသွား၏။

“မိကိုယ်တိုင် သည်လူကို တွေ့ချင်တယ်။ ဘယ်နိုင်ငံက ပညာသင်ပြန်လာတာတွေ ဘာတွေ မလိုချင်ဘူး။ ပထမဆုံး မိ သူ့ကို တခုပြောချင်တယ်။ အဲသည်အကြောင်းကတော့ မိနဲ့ ကိုမောင်မောင်ရဲ့ အကြောင်းပဲ”

“ဟာ မပြောပါနဲ့ မိရယ်၊ ကိုယ်ဖြစ်ခဲ့ပြီးတဲ့ဟာပဲ”

ခင်ခင်လေး စိတ်ထဲတွင်မူ သူ့သမီးသည် သည်လိုနေရာတွင် ဒါလောက် ပွင့်လင်းလာလိမ့်မည်၊ ရဲရင့်လာလိမ့်မည် မထင်ပေ။ သမီး၏ စိတ်ဓာတ်ပြောင်းလာပုံကို သဘောကျသွား၏။ သူ့သမီးသည် ငယ်စဉ်က စိုးရိမ်ပူပန်ရသလောက် မဆိုးလှပါကလား။

“ဟုတ်တယ် ခင်ခင်လေးလည်း ဒါတော့ သဘောကျတယ်။ တွေ့နိုင်အောင် မေမေ စီစဉ်ပေးမယ်”

“အို ခင်ခင်လေးကလည်း ဘယ်လိုလုပ်တာလဲ”

မိသည် ဒေါ်ကြီးကို စိုက်၍ကြည့်ရင်း…

“မိ တသက်မှာ ယောက်ျားတစ်ယောက်ကို လိမ်ပြီး မယူချင်ဘူး။ မိ ဘာလုပ်ခဲ့ပါတယ် ဆိုတာကို ဖွင့်မပြောပြရသ​ရွေ့တော့ မယူဘူး”

ဒေါ်ကြီးသည် အတော်ခေါင်းကိုက်သွားသည်။

“ဖွင့်ပြောလို့ သည်ယောက်ျားလေးက စိတ်ပျက်သွားရင်…”

“ပျက်ချင်ပျက်လေ၊ ဖွင့်ပြောရမှာက မိရဲ့ ဝတ္တရားပဲ။ ဘာလို့ မေမေက အမှန်တရားကို အမြဲရင်ဆိုင်ရမယ်လို့ သင်သေးလဲ။ သည်တော့ မိ အားလုံး ဖွင့်ပြောရမှာပဲ။ မိကို ဒါတွေကြားရလို့ ခွင့်မလွှတ်နိုင်ဘူး။ မယူနိုင်ဘူးဆိုရင် စောစောက လက်လျော့ပေတော့။ မိမှာလည်း ဘာမှ ချွတ်ယွင်းတာမှ မဟုတ်ဘဲနဲ့။ ကိစ္စမရှိဘူး။ ယူပြီးကြတော့မှ အစက သည်လိုမှန်းမသိလို့ပါဆိုတဲ့ စကားလုံးမျိုးတော့ အသုံးမခံနိုင်ဘူး”

မိသည် မောင်မောင်တုန်းက လျော့လိုက်သည့်အတွက် ယခုတော့ တင်းတင်းမာမာပင် ပြော၏။

“ဟုတ်ပါတယ်၊ ပြောပါစေ မမကြီး။ ကိုယ်ချစ်ခဲ့တာဟာ ချစ်ခဲ့တာပါပဲ။ ခင်ခင်လေးရဲ့ သမီးမှာလည်း ဘာမှ ဣနြေ္ဒပျက်စီးလောက်အောင် ဖြစ်ပျက်ခဲ့တာမှ မဟုတ်ဘဲ”

မမကြီးသည် သားအမိနှစ်ယောက်လုံးကို လက်ထပ်ရမည့်သူအား သူ့အကြောင်းများကို ဖွင့်ပြောချိန်တွင် ဒေါ်ကြီးထင်သလို ဆိုးဆိုးရွားရွား မဖြစ်လာပေ။ ကိုအောင်မြင့်ကမူ ခင်ခင်လေးကို ပြောပြ၏။

“လောကကြီးမှာ သဝန်ကြောင် မနာလိုတဲ့ ယောက်ျားတွေ ပေါသလို သစ္စာရှိပြီး ခွင့်လွှတ်နိုင်တဲ့ ယောက်ျားတွေလည်း ရှိပါသေးတယ် ခင်ခင်လေး”

ကိုအောင်မြင့်ပြောသလိုပင် သူတို့သမက်လောင်းသည် မိ၏နောက်ကြောင်းများအတွက် ဘယ်လိုမျှ စိတ်အနှောင့်အယှက်မဖြစ်ပေ။

အမှန်တော့လည်း မိန်းကလေးတယောက်အပေါ်တွင် ထိုအကြောင်းမျှလောက် ခွင့်လွှတ်ရသည်မှာ မဆန်းလှပေ။ ဤမိန်းမ ထိုမိန်းမတို့၏ ယောက်ျားများတွင် မိန်းမများက ခွင့်လွှတ်ရမည့်အကြောင်းများကား အဆအထောင်မက များလှသေး၏။ ဤမိန်းမတို့အဖို့ ခွင့်မလွှတ်လျှင်လည်း ဘာများ တတ်နိုင်ဦးမည်နည်း။ 

မိ လက်ထပ်ပွဲသည် ဆောင်းဦးပေါက်တွင် ပြီးစီးသွား၏။ ခင်ခင်လေးသည် ယခုမှပင် သူ့ရင်မှာ အေးသွား၏။ အမှန်တော့ ဘေးအန္တရာယ် ထူပြောသော အပိုင်းမှ သူ့သမီးသည် လွတ်မြောက်ခဲ့လေပြီ။

အရွယ်ရောက်သည့်နေ့နှင့် အိမ်ထောင်မကျခင်နေ့ အတောအတွင်း အချိန်ပိုင်းသည် မိန်းကလေးတယောက်၏ဘဝကို အကောင်းဆုံးနှင့် အဆိုးဆုံးကို ဖြစ်စေနိုင်ပေသည်။

ဒါကြောင့် မေမေသည် သူ့အား အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့ခြင်းကို ခင်ခင်လေးသည် ယခုမှ သဘောပေါက်မိ၏။ လက်ထပ်ပြီး သုံးလလောက်တွင် မိ ခင်ပွန်းသည်မှာ အင်ဂျင်နီယာတယောက်ဖြစ်၍ ရခိုင်ပြည်နယ်တွင် စက္ကူစက် တည်ရန်အတွက် ပြောင်းရွှေ့ရတော့သည်။

မိတယောက် အိမ်မှာလျော့သွားမည်ဆိုတော့လည်း အားလုံး စိတ်မချမ်းမသာဖြစ်ရပြန်သည်။ သို့သော် ဆန်းသည်မှ မဟုတ်ဘဲ၊ အတောင်စုံကြလျှင် ပြန်ကြမြဲ ဓမ္မတာပင် ဖြစ်၏။ ဒေါ်ကြီးကမူ မိနှင့်မခွဲနိုင်၍ ရခိုင်ပြည်သို့ တပါတည်း လိုက်သွားတော့သည်။

နွေရာသီကုန်ခါနီးတွင် မိထံမှ စာတစောင်ရောက်လာသည်။ ကိုအောင်မြင့်သည် သမီးစာကို ခင်ခင်လေးအား ဖတ်ပြနေ၏။

“ခင်ခင်လေးရေ... သမီးလေးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုပါလား။ ဒါကြောင့် နည်းနည်း နေမကောင်းဘူးတဲ့”

“ဘုရားမ,တာဘဲ၊ ခင်ခင်လေးဖြင့် ဝမ်းသာလိုက်တာ”

“အေး သားဦးလေး မွေးပါစေ”

“ဟင့်အင်း ခင်ခင်လေးတော့ သမီးဦး မွေးပါစေလို့ ဆုတောင်းတယ်”

“ကြံကြံဖန်ဖန်ကွယ်၊ သားဦး ဆိုတော့ အားရှိတာပေါ့”

“ဒါကြောင့်မဟုတ်ဘူး၊ သမီးလေးမွေးမှ မရွှေမိ အားလုံးသိမယ်။ သမီးတယောက် မွေးလာရတဲ့အတွက် မိဘတွေမှာ ကာယစိတ္တဒုက္ခ ဘယ်လောက်များခံစားရတယ်ဆိုတာ မရွှေမိ သည်တော့မှ သိမှာပေါ့”

“တို့များ သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာလဲ သူသိလာမှာပဲနော်”

သမီးလေး မိသည် ဤဘဝဇာတ်ခုံတွင် ဆက်လက် စခန်းသွားရဦးမည်ပါတကား။

ခင်ခင်လေးသည် ဖျတ်ခနဲ တွေးလိုက်မိ၏။ မိ အတည်တကျ ဖြစ်နေသော နောက်ပိုင်းမှာပင် ဤအတွေးသည် ဤကဲ့သို့ ဝင်လာသောအခါ ခင်ခင်လေးသည် နည်းနည်းမော၍ သွားလိုက်သေးသည်။

“မောပေဦးတော့ မရွှေမိ”
----------
#ခင်နှင်းယု

Post a Comment

0 Comments