ချက်ကြီးအတွက် အရက် - ဝင်းဖေ (ဝတ္ထုတို)

ဆရာဝင်းဖေရဲ့ ဝတ္ထုတိုနဲ့ ဆရာမောင်သာချိုရဲ့ ဆောင်းပါး နှစ်ပုဒ်တွဲ ဖြစ်ပါတယ်။

ချက်ကြီးအတွက် အရက်
******************

ဝင်းဖေ

တောင်ကုန်းကလေးကို ကျော်ပြီး တက်လာတဲ့ ဆရာဘမင်းကို မြင်ကတည်းက ချက်ကြီး ပျာယာခတ် သွားတယ်။ ဆရာဘမင်း ဆိုတာက ချက်ကြီးတို့ တဲကို လာတတ်တယ် ဆိုပေမယ့် တစ်လ တစ်ခါ၊ နှစ်လ တစ်ခါ ဆိုသလိုပါ။ လာတိုင်း လာတိုင်း ဆရာဘမင်းက သိပ်စကားပြောတာ မဟုတ်ပါဘူး။ ချက်ကြီးတို့ တဲမှာ ထိုင်မယ်၊ အရက်ရှိရင် သောက်မယ်။ မရှိရင်လည်း ရှိတာ ချကျွေးရင် စားမယ်၊ ချက်ကြီးတို့ လင်မယားကို နည်းနည်းပါးပါး ဆုံးမမယ်။ သူ့မှာ ပါလာတဲ့ စာအုပ်ကို ဖတ်မယ်။ ဒါမှမဟုတ် အလွန် စိတ်လိုလက်ရ ရှိရင် စကားနည်းနည်း ပြောမယ်။ ပြောပြန်ရင်လည်း သူ ပြောချင်ရာ ပြောတာပါ။ များသောအားဖြင့်ကတော့ ချက်ကြီးတို့ လင်မယား နားမလည်နိုင်တာတွေပါပဲ။

ဘာပဲပြောပြော ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ် အထင်ကြီးနေတာ သေချာတယ်။ ချက်ကြီးကို သုံးလေးခါလောက် ကယ်ခဲ့ဖူးတယ်။ ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့ နှက်တဲ့ ကိစ္စတို့၊ သူ့မြေ ကိုယ့်မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့ ကိစ္စတို့၊ ချက်ကြီး မြမေကို ခိုးသွားတုန်းက အချုပ်ခံရတဲ့ ကိစ္စတို့၊ ဒါပါပဲ။ ဆရာဘမင်းက ကျောင်းဆရာလေ။ တောကျောင်းဆရာပေါ့။ ကြေးစဉ်ရွာက ကျောင်းထိုင်ဆရာတော် ပြီးရင် ဆရာဘမင်း ဩဇာ အရှိဆုံးပဲ။ 

ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ် ကျော်လာပြီ မဟုတ်လား။ ဗဟုသုတကလည်း သိပ်ရှိတယ်လို့ ပြောတယ်။ ဒါက ရွာကလူတွေ ပြောကြတာပါ။ ချက်ကြီး ကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေ ရှိတယ်ဆိုတာ ဂဃနဏ သိတာ မဟုတ်ပါဘူး။ ဘာပဲပြောပြော ဆရာဘမင်းကို ချက်ကြီး လွှတ် အထင်ကြီးတယ်။ လွှတ် ရိုသေတယ်။ လွှတ် ကြောက်တယ်။ ချစ်လည်း ချစ်ပါတယ်။

ဆရာဘမင်း ချက်ကြီးတို့ ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး ဖြစ်နေပြီ။ လုံချည်ဟောင်း တစ်ထည်နဲ့ ကပျာကယာ ဖုန်ခါ ပြီးနေပြီ။ အကြမ်းအိုး ပြေးယူပြီး ချထားနှင့်ပြီ။ မြမေတို့ ရွာသာဘက် သွားနေလို့ပေါ့။ နို့မို့ မြေပဲလေး ကြော်ခိုင်းရ ကောင်းသား။

ဆရာဘမင်း တဲပေါ် တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ၊ ဘာမှလည်း မမေးသေး။ ခင်းထားတဲ့ သင်ဖျာပေါ်လည်း မထိုင်။ ကပြင်နဲ့ အိမ်ရှေ့ခန်း အကြား တစ်ပေလောက် အနိမ့်အမြင့် ဖြစ်နေတဲ့ နေရာလေးမှာပဲ ထိုင်ချလိုက်တယ်။ ဦးထုပ်ကို ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်။ ဆရာဘမင်းကို ချက်ကြီးက အကြောက် လွန်၊ အရိုအသေ လွန်နေတော့ သင်ဖျာပေါ် ထိုင်ပါ ဆရာ၊ ဘာညာနဲ့ လောကဝတ်တောင် မပြောရဲပါဘူး။ ကြိုက်သလို ထိုင်လိုက်တာကိုပဲ ကြည့်နေ ရတယ်။ သူ့ကို ဘာမှ မပြောသေးဘဲ အချိန် ကြာလာတော့မှ ကြောက်ကြောက်နဲ့ မေးရတယ်။

“ဆရာကြီး နေကောင်းတယ်နော်”

ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့်ဘူး၊ ဖြေလည်း မဖြေပါဘူး။ သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ် အတော်ကြာမှ ... 

“နေကောင်းလို့ မင်းဆီ လာနိုင်တာပေါ့ကွ” 

“ဟုတ်ကဲ့” 

တစ်ခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော။ ခဏကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်။ ချက်ကြီးက အဲဒီ ဦးထုပ်ကို အဝင်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး။ အိမ်ရဲ့ အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချ လိုက်တယ်။ ဒီတော့မှ ဆရာဘမင်းဆီက အသံ ထွက်လာပြန်တယ်။

“မြမေရော”

“'ဟုတ်ကဲ့၊ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ဝင်လာရင်း ...”

“'မြမေ အိမ်မှာ ရှိ မရှိသာ ဖြေစမ်းပါကွာ”

“ဟုတ်ကဲ့၊ မရှိဘူး ခင်ဗျ”

“မင်းဆီမှာ အရက် ရှိလား”

“အဲ ... ကျွန်တော်လည်း သတိတော့ရသား၊ ဒါပေမဲ့”

“ရှိသလား၊ မရှိဘူးလား မေးတာပါကွာ”

“ဟုတ်ကဲ့၊ မရှိဘူး ဆရာ၊ ဒါပေမဲ့ ကျွန်တော့်မှာ ပိုက်ဆံ”

“မလိုပါဘူးကွာ၊ ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်”

“ကျွန်တော် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဆရာ”

“နေပါစေကွာ၊ သွားရမှာ ဝေးလိုက်တာ၊ နေကလည်း ပူသေး၊ ပြီးတော့ မစောင့်နိုင်ဘူးကွ”

“ဟုတ်ကဲ့” 

ဆရာဘမင်းက ဒါဆို ဒါပဲ၊ အထွန့်မတက်နဲ့၊ သူက ကြိုက်တာ မဟုတ်ဘူး။ ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရတယ်။ ဆရာဘမင်းက အပြင်မှာ နေပူနေတာကို ခဏ ကြည့်နေသေးတယ်၊၊ ပြီးမှ ... 

“မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား”

“ဟုတ်ကဲ့၊ ရှိပါတယ်”

“ပေးစမ်း”

ချက်ကြီးက အရက်ပုလင်း အလွတ်ကို အမြန်ဆုံး ယူပေးလိုက်တယ်။ တော်ပါသေးရဲ့၊ ပုလင်းက ဆေးပြီး ကြောပြီးသား၊ သန့်သန့် ရှင်းရှင်းပဲ။ ဒါပေမဲ့ ဆရာဘမင်းက သေသေချာချာ ပြန်ကြည့်သေးတယ်။ ပြီးတော့မှ ရေအိုးစင် ရှိရာကို သူ့ဟာသူ ထသွားတယ်။ ချက်ကြီးလည်း ဘာမှ ဝင်မပြောရဲတော့ ဒီအတိုင်း ကြည့်နေရတယ်။ ဆရာဘမင်းက အရက်ပုလင်းထဲကို ရေအိုးစင်က ရေတွေ အပြည့် ထည့်လိုက်တယ်။ ပြီးတော့မှ သူ့နေရာသူ ပြန်ထိုင်တယ်။ အရက်ပုလင်းကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်တယ်။ နောက်ပြီး ပုလင်းဝကနေ နမ်းကြည့်တယ်။ အရက် စစ် မစစ် နမ်းကြည့်တဲ့ ဟန်ပဲ။ ပြီးတော့မှ ချက်ကြီးကို လှမ်းကြည့် ပြီး ... 

“ပေးစမ်း၊ အဲဒီ ထင်းရှူးသေတ္တာလေး၊ ဒီနားယူခဲ့” 

ချက်ကြီးက ဆပ်ပြာသေတ္တာငယ်လေးကို ယူပြီး ရွှေ့ပေးလိုက်ရတယ်။ ဒီတော့ ဆရာဘမင်းက ပုလင်းဝကို ထပ်ပြီး နမ်းကြည့်ပြန်တယ်။ ပြီးတော့မှ သေတ္တာလေးပေါ်ကို ပုလင်းကို တင်လိုက်တယ်။

“မင်းမှာ ဘာမြည်းစရာ ရှိသလဲ”

“ရှိတယ် ခင်ဗျ၊ ပဲလှော်ကြော်ကို ကြက်သွန်နဲ့ သုပ်လိုက်မယ်”

“အေး ... ကောင်းတယ်၊ ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက်လည်း ယူခဲ့ကွာ”

“ဟုတ်ကဲ့”

ချက်ကြီး တတ်နိုင်သမျှ မြန်အောင် လုပ်ပေးပါတယ်။ ပဲလှော်ကြော်သုပ်ကို ချပေးနေတုန်း ... 

“ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက် မြန်မြန် လုပ်ကွာ”

“ဟုတ်ကဲ့” 

ချက်ကြီး ခုမှ စဉ်းစားမိတယ်။ ရေပုလင်းလည်း ရှိနေပြီ။ နောက်ထပ်လည်း ရေထည့်ဖို့ မတ်ခွက်ပေးဦး ဆိုတော့ ဘယ်လိုလဲ။ ဘာမှ စဉ်းစားမနေနဲ့၊ ဆရာက ပေးဆို ပေးလိုက်၊ စကားရှည်မနေနဲ့။ 

“ဖန်ခွက်ဟောင်းလေးနဲ့ ရေထည့်ဖို့ မတ်ခွက်ကို ယူလာခဲ့တော့၊ လုပ်ကွာ မြန်မြန်၊ မတ်ခွက်ထဲ ရေထည့်စမ်း”

“ဟုတ်ကဲ့” 

ချက်ကြီး ရေခပ်အပြီး လှည့်ကြည့်တော့ ဆရာဘမင်းက ပုလင်းထဲက ရေကို ဖန်ခွက်ဟောင်းလေးထဲ ဂရုတစိုက် ငှဲ့ထည့်နေပြီ။ သူ့ ကြည့်ရတာ အရက်ငှဲ့နေတဲ့ အတိုင်းပါပဲ။ တကယ်တော့ ရယ်စရာကြီး။ ဒါပေမဲ့ ချက်ကြီးမှာတော့ ရယ်ဖို့ သတိတောင် မရပါဘူး။ ချက်ကြီးအဖို့ ဆရာဘမင်း မေးရင် ဖြေလိုက်၊ ခိုင်းရင် လုပ်လိုက်၊ တောင်းရင် ပေးလိုက်။ ဘာမှ အထွန့်တက် မနေနဲ့။ အထွန့်တက်မိလို့ အငေါက်ခံရပေါင်းလည်း များလှပြီ။ သူ ပြောတဲ့အတိုင်း လျှောက်လုပ်လို့ အကျိုးခံစားရပေါင်းလည်း များလှပြီ။ 

မတ်ခွက်ကို ချပေးနေတုန်း ဆရာဘမင်းက ဖန်ခွက်ကို နှုတ်ခမ်း တေ့ပြီး စသောက်ပါတယ်။ ချက်ကြီး သေသေချာချာ သတိထားမိပါတယ်။ ဆရာဘမင်းဟာ အတော်ပြင်းတဲ့ ချက်အရက်ကို သတိနဲ့ သောက်နေတဲ့ပုံ။ တကယ့်အစစ်ပဲ အဲဒီလို မော့ချပြီးတဲ့နောက် ချက်ချင်းဆိုသလို မတ်ခွက်ထဲက ရေတစ်ကျိုက်ကို ကပျာကယာ သောက်ချလိုက်ပါတယ်။ ဘယ်လိုလဲ၊ ရေနဲ့ ရေနဲ့ ရောသောက်နေတာ၊ ဒါပေမဲ့ ချက်ကြီးမှာ အံ့ဩတဲ့ အမူအရာတောင် မပြရဲပါဘူး။ ဣနြေ္ဒရရနဲ့ အလယ်တိုင်နား ပြန်လာပြီး ထိုင်နေလိုက်ရတယ်။

ဆရာဘမင်းက ပဲလှော်ကြော်သုပ်ကို စမြည်းနေပြီ။ 

“ချက်ကြီး၊ မင်း ဘာလုပ်စရာရှိလဲ လုပ်၊ လုပ်၊ မင်းလုပ်စရာ ရှိတာသာလုပ်၊ ငါတော့ အိုကေသွားပြီ”

ချက်ကြီး ခပ်မြန်မြန်ပဲ အိမ်နောက်ဘက်ကို ထွက်ခဲ့တယ်။ နေစမ်းပါဦး၊ ဆရာဘမင်းက ဘယ်လိုလဲ။ ပုလင်းထဲမှာ ကျန်နေတဲ့ အရက်နံ့ ကလေးနဲ့ ရေနဲ့ ရောပြီး ရသေ့စိတ်ဖြေ လုပ်နေတာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ ပုလင်းက မြမေ ဆေးထားလို့ အရက်နံ့လည်း မရှိပါဘူး။ စောစောက နမ်းတောင် ကြည့်မိသေးတာပဲ။ ထားပါလေ။ သူ့ဟာသူ ဘာလုပ်လုပ်ပေါ့။ ဆရာဘမင်း လုပ်နေတာတွေကို အရင်ကလည်း ချက်ကြီး နားမလည်ခဲ့တာ များပါတယ်။

ပြောလို့သာ ပြောရတယ်။ ချက်ကြီး အိမ်တွင်း အိမ်ပြင် လုပ်စရာ ရှိတာ ဆက်လုပ်ရင်း ဆရာဘမင်းကို လှမ်းလှမ်း ကြည့်မိတာတော့ အမှန်ပဲ။

ဆရာဘမင်းကတော့ မှန်မှန်ပဲ။ ပုလင်းထဲက ဖန်ခွက်ထဲကို ငှဲ့လိုက်၊ မော့ချလိုက်၊ မတ်ခွက်ထဲက ရေကို မျှောချလိုက်၊ ပဲလှော်ကြော် စားလိုက်နဲ့။ သူ့ဟာသူတော့ မိနေတာပဲ။ တစ်ခုတော့ ရှိတယ်နော်။ ပုလင်းတစ်ဝက် လောက်လည်း ကျိုးရော၊ ဆရာဘမင်းရဲ့ မျက်နှာကြီး တစ်ခုလုံးဟာ နီရဲ လာတယ်။ မျက်ထောင့်တွေလည်း နီလာတယ်။ ချက်ကြီးတော့ ဘယ်လိုမှကို နားမလည်တော့ဘူး။ ကြာတော့ ဆရာဘမင်း သောက်နေတာကို ကြည့်ပြီး သူ့ဟာသူလည်း တံတွေး မျိုချနေမိတယ်။ သူ့ကိုယ်သူ သတိ ထားမိသလား၊ မထားမိလားတော့ မပြောတတ်ဘူး။

နာရီဝက်လောက် ကြာတော့ တစ်ပုလင်း ပြတ်တာပဲ။

“ချက်ကြီးရေ”

“ခင်ဗျာ”

“လာစမ်းပါဦးကွာ၊ နောက်တစ်ပုလင်း ထပ်ထည့်စမ်းပါဦး”

“ဟုတ်ကဲ့” 

ပုလင်းထဲကို သောက်ရေအိုးထဲက ရေတွေ ဖြည့်ပေးနေတုန်း ချက်ကြီး နည်းနည်း စဉ်းစားကြည့်သေးတယ်။ ဘာစဉ်းစားလို့ ရမှာလဲ၊ ဒီကောင် ဘာကောင်မို့လို့ ဒါတွေ နားလည်နိုင်မှာလဲ။ မလိုပါဘူး၊ စဉ်းစားစရာလည်း မလိုပါဘူး။

ချက်ကြီးက ပုလင်းကို ထင်းရှူးသေတ္တာပေါ် ပြန်ချပေးတာ နည်းနည်း ကရော်ကမယ် ဖြစ်သွားတယ်။ နည်းနည်းပါ။ ဒါပေမဲ့ ...

“ခွေးမသား” 

ဟော ... ကြည့်။ ဆရာဘမင်းက ချက်ကြီးကို စ ဆဲပြီ။ ဒါကိုတော့ ချက်ကြီး ကောင်းကောင်းသိတယ်။ ဆရာဘမင်း မူးပြီဆိုရင် အဆဲကလေး ပါလာတတ်တယ်။ မမူးရင် ဘယ်တော့မှ မဆဲဘူး။ ခု ဆဲပြီ၊ သေချာတာပေါ့။ ဆရာဘမင်း မူးနေပြီ၊ မူးတာမှ တော်တော်မူးနေပြီ။ ခက်တာက ဘာသောက်ပြီး ဘာကြောင့် မူးရမှာလဲ။ ဒါလည်း ချက်ကြီး ဘယ်သိမလဲ။ ဘာဖြစ်ဖြစ်လေ၊ သူ့ဟာသူ ဘာကြောင့် မူးမူး သူ ကျေနပ်ရင် ပြီးတာပဲ မဟုတ်လား။

ချက်ကြီး ကြာကြား ဦးနှောက်ခြောက်စရာ မလိုပါဘူး။ ဆရာ ဘမင်း ခဏသာ ဆက်သောက်လိုက်ရတယ်။ ပုလင်းတစ်ဝက် ကျိုးသွား ပြန်တယ်။ ပဲလှော်ကြော်သုပ်လည်း သံပန်းကန်ပြား တစ်ဝက်ကျော် ပြုတ်သွားပြီ။ ဘာအဆက်အစပ်မှ မရှိဘဲ ချက်ကြီးကို ခွေးမသား ခွေးမသားနဲ့ သုံးလေးခွန်း ဆဲပြီးပြီ။ မျက်လုံးတွေလည်း အတော်ကြီး ရီဝေနေပြီ။ ဘေးမှာ ချထားတဲ့ ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး ဆရာဘမင်း နေရာက ထလိုက်တယ်။ ဖျတ်ခနဲ ရုတ်တရက် ထလိုက်လို့လားတော့ မပြောတတ်ဘူး၊ ယိုင်တောင် သွားလိုက်သေး။

ကောင်းကောင်း မတ်တတ်ရပ်မိပြီ ဆိုတော့ မျက်ထောင့်နီကြီးနဲ့ ချက်ကြီးကို ကြည့်တယ်။ ချက်ကြီးလည်း ဘာပြောမလဲ၊ ဘာတောင်းမလဲ ဆိုပြီး ပြန်ကြည့်ရင်း စောင့်နေရတယ်။

ဘာမှ မပြောပါဘူး။ ဘာမှလည်း မတောင်းပါဘူး။ ဖျတ်ခနဲ လှည့် ပြီး ချက်ကြီး အိမ်ပေါ်က ဆင်းလိုက်တယ်။

“သွားမယ်ကွာ”

“ဟုတ်ကဲ့ခင်ဗျ”

ဆရာဘမင်းဟာ ယိုင်တိုင် ယိုင်တိုင်နဲ့ ထွက်သွားတယ်။ ခြံဝမှာ ယိုင်သွားလို့ ခြံတိုင်ကို ကိုင်ထားလိုက်ရသေးတယ်။ ခဏနေမှ သူ့ကိုယ်သူ အနိုင်နိုင်ထိန်းရင်း ထွက်သွားတယ်။ တောင်ကုန်းကလေးကို ကျော်တော့မယ့် အချိန်မှာ သိုင်းကွက်တောင် နင်းသွားသေးတယ်။

ဆရာဘမင်း တောင်ကုန်း တစ်ဖက်ကို ရောက်ပြီး ပျောက်ကွယ်သွားတဲ့ အချိန်မှာ ချက်ကြီး သက်ပြင်း မချမိပါဘူး။ ဘယ် သက်ပြင်း ချနိုင်မလဲ၊ ကပျာကယာ ပုလင်းလက်ကျန် ရှိရာကို ပြေးရတာကိုး။

ပုလင်းက တစ်ဝက်တောင် ကျန်သေးတာပဲ။ ချက်ကြီးလည်း အာခေါင်ခြောက် နေတာကို စိတ်ရှည်ရှည်နဲ့ ထိန်းရင်း တစ်ခွက် ငှဲ့သောက် လိုက်တယ်။ မတ်ခွက်ထဲက ရေနဲ့ မျှောချလိုက်၊ အမြည်းစားလိုက်နဲ့ လက်ကျန်ကို ရှင်းနေတယ်။ ဘာမှ မကြာလိုက်ပါဘူး၊ ပုလင်းလည်း ကုန်၊ ပဲလှော်ကြော် ပန်းကန်လည်း ပြောင်၊ မတ်ခွက်ထဲက ရေတောင် မကျန်ဘူး။

ခဏနေတော့ မြမေလည်း ပြန်ရောက်လာတယ်။ အမြဲတမ်း မိန်းမ ကြောက်ရတဲ့ ချက်ကြီးက မူးပြီး ဆဲလို့တဲ့၊ လင်မယား နှစ်ယောက် ရန်ဖြစ် လိုက်ကြတာ ချက်ကြီး နောက်စေ့ကွဲသွားမှ ပွဲပြီးသွားဆိုပဲ။ 

ဝင်းဖေ 

မဟေသီ၊ ဇွန်၊ ၁၉၉၀။

မြန်မာဝတ္ထ္ထုတိုများရဲ့ မာတိကာ(Index) ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ မြန်မာဝတ္ထုတိုများကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့

________________________________

အရစ္စတိုတယ်နဲ့ ချက်ကြီးသောက်တဲ့ အရက်
********************************

မောင်သာချို

7Day Daily 
Fri, 2015-07-17 15:45
Issue No. အတွဲ (၁၄)၊ အမှတ် (၁၉)

(တစ်)

ယခုရက်များထဲ၌ အဝေးရောက် ကျွန်တော့်မိတ်ဆွေကဗျာဆရာ ကိုအောင်ဝေးကို သတိတရ ဖြစ်ရင်းက သူ့ကဗျာတစ်ပိုင်းတစ်စကိုပါ နှုတ်ကတီးတိုးရွတ်ဆိုမိလျက်သား ဖြစ်နေမိပါသည်။

ဆရာ့ကို ချစ်ပါတယ်
အမှန်တရား
ဓားသွားလိုလက်
ဆရာ့ထက် ပိုချစ်တယ်
အရစ္စတိုတယ်ရဲ့ စကား
စကားနောက်တရားပါ
ရာဇ၀င်ဖွဲ့
စာသင်ခဲ့ပြီ....စသည် စသည် စသည်ဖြင့်။

ကဗျာက ဆရာ့ဘ၀ကို ဖွဲ့ဆိုထားသည့် ကဗျာဖြစ်ပြီး ကမ္ဘာကျော် ကျောင်းဆရာကြီးများဖြစ်ကြသည့် ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်စသည့် ဂရိခေတ်၏ ထိပ်သီးပုဂ္ဂိုလ်ကြီးများကိုပါ ကဗျာထဲတွင် သင်္ကေတပြုလျက်ထည့်သွင်းရေးသားထားခဲ့ခြင်း ဖြစ်ပါသည်။

ဆရာ့ကို ချစ်ပါကြောင်း၊ သို့သော် အမှန်တရားကိုမူ ဆရာ့ထက်ပို၍ ချစ်ပါကြောင်း အရစ္စတိုတယ်က ပြောသည်ဆိုတော့ သူ့ဆရာပလေတိုကို ပြောကြောင်း ထင်ရှားနေပါသည်။ မူရင်းအင်္ဂလိပ်စာမှာက ဤသို့လာပါသည်။

I love my great teacher Plato. However I do love truth more than my teacher. ဟူ၍။

အရစ္စတိုတယ်၏ စိတ်သဘောထားက ကြက်သီးထစရာ ကောင်းလိုက်ပါဘိ။ ကျွန်ုပ်၏ ကြီးမြတ်သော ဆရာ့ကို ချစ်ပါလေသတဲ့။ သို့သော် အမှန်တရားကိုမူ၊ ဓမ္မကိုမူ ဆရာ့ထက်ပိုလို့ ချစ်ပါလေသတဲ့။ မကောင်းဘူးလား။

(နှစ်)

ဂရိခေတ်ကြီးထွန်းကားခဲ့စဉ်က ပညာမိုးကောင်းကင်အောက်တွင် ထိပ်သီးသုံးယောက်ရှိခဲ့ဖူးပါသည်။
ပထမပုဂ္ဂိုလ်က ဆိုကရေးတီး (Socrates) ။ ထို့နောက် ဆရာဆိုကရေးတီးကို တပည့်ပလေတို (Plato) က ဆက်ခံပါသည်။ ပလေတိုလွန်သော် သူ့ကို တပည့် အရစ္စတိုတယ် (Aristotle) က ဆက်ခံပါ သည်။

အရစ္စတိုတယ်သည် BC ၃၈၄ ၌ မွေးကာ ၃၂၂ ၌ အနိစ္စ ရောက်ပါသည်။ ကမ္ဘာကျော် စစ်ဘုရင် အလက်ဇန္ဒားသဂရိတ် (Alexander the Great) ၏ ဆရာ။ယုတ္တိဗေဒ၊ စိတ္တဗေဒ၊ ဇီဝဗေဒ၊ သင်္ချာ၊ ခန္ဓာဗေဒ၊ အနုပညာ၊ ကိုယ်ကျင့်တရားပညာ၊ နိုင်ငံရေးသိပ္ပံ စသည်ဖြင့် ပညာရပ်နယ်ပယ်ပေါင်းစုံ၌ ထိစပ်ကျွမ်းဝင်သော ပညာရှင်ကြီးပင် ဖြစ်ပါသည်။ ထိုပညာရှိကြီး၏ ဓမ္မနှင့် အမှန်တရားအပေါ်ထားရှိသော သဘောထားက အထက်တွင် တင်ပြထားခဲ့သည့်အတိုင်း ဆရာ့ထက် အမှန်တရားကို ပိုချစ်ပါလေသတဲ့။

(သုံး)

ယင်းနှင့် ဆက်စပ်ကာ သတိတရရှိဖို့ ကောင်းလာသည်က ၀တ္ထုတိုတစ်ပုဒ် ဖြစ်ပါသည်။ ဆရာဝင်းဖေ၏ လက်ရာ။ ပန်းချီလည်း ဆွဲ၊ ကာတွန်းလည်းရေး၊ ရုပ်ရှင်လည်း ရိုက်သူ စွယ်စုံရ အနုပညာရှင် ဆရာဝင်းဖေ၏ လက်ရာ။ ၀တ္ထုတိုကလေး၏ အမည်က ‘‘ချက်ကြီးအတွက် အရက်’’တဲ့။ အကျဉ်းမျှပြန်ပြောပါရစေ။

ချက်ကြီးက ကျောက်စရစ် တောခေါင်ခေါင်ရှိ ထန်းပင်ကြီးတို့ပတ်လည်ဝိုင်းနေသည့် တဲသာသာ အိမ်မည်ကာမတ္တကလေး၌ နေသူ။ သူ့ဆရာက ပါတီလိုလို၊ ကောင်စီလိုလို၌ ၀င်ထွက်သွားလာ အစည်းအဝေးတက်၊ အခမ်းအနားကျင်းပရာ လက်ဆွဲအိတ်ကလေးတစ်လုံးဆွဲကာ ရပ်ထဲရွာထဲ လူဝင်ဆံ့နေသူ။ ဗိုက်ပူပူကုပ်တိုတို လက်ဖ၀ါးနုနု။

တစ်ရက်မှာတော့ ဆရာဖြစ်သူ ထိုလူတွင်ကျယ် နေပူပူလွင်ပြင်ကြီးကို ဖြတ်ကာ ချက်ကြီး၏ တဲသို့ ရောက်လာပါသည်။ ချက်ကြီးရေ အရက်သောက်ရအောင်ကွာတဲ့။ ချက်ကြီးအိမ်မှာက အရက်မရှိ။ ချက်ကြီးကလည်း အရက်သောက်လေ့သောက်ထမရှိ။ ထို့ကြောင့် မရှိသည်ကိုမရှိပါကြောင်း မ၀ံ့မရဲနှင့်ပဲ ဖြေရရှာပါသည်။

ဆရာက ‘ဟမရှိတာကို ရှိအောင်လုပ်ရမှာပေါ့ကွ’ဟု ဆိုကာ မလှမ်းမကမ်းရှိ ရေအိုးကို ညွှန်ပြပြီး အဲသည့်အထဲက ရေကို ပုလင်းလွတ်တစ်လုံးထဲ၌ ထည့်လာရန် ခိုင်းပါသည်။ ချက်ကြီးကလည်း တစ်သဝေမတိမ်း ဆရာခိုင်းသည့်အတိုင်း လုပ်ပါသည်။ အေး...အဲဒါအရက်ပေါ့ဟတဲ့။ ထောင်ထားသည့် ရေပုလင်းကြီးကိုကြည့်ကာ အဲဒါ အရက်ပေါ့ဟု ဆိုတော့ ချက်ကြီး အံ့အားသင့်ရပါသည်။ ဆရာက ရေတစ်ခွက်ခပ်လာရန်လည်း ခိုင်းပါသေးသည်။

သည့်နောက်မှာတော့ ဆရာ အရက်သောက်နေသည့် မြင်ကွင်း။ ပုလင်းထဲက အရက်ဟုဆိုသည့် ရေများကို ခွက်ထဲသို့ ငှဲ့ထည့်လိုက် ရေနည်းနည်းရောလိုက် သောက်လိုက်။ တံတွေးတွေပျစ်ခနဲ ပျစ်ခနဲ လှမ်းထွေးလိုက်။ မျက်နှာကြီး ရှုံ့မဲ့သွားလိုက်။ ပဲလှော်ကလေးတွေ ကောက်မြည်း လိုက်။ စကားတွေ ဗလုံးဗထွေးပြောလိုက်။ ကြာတော့ ဆရာမူးပြီ။ ပုလင်းထဲရှိ သူကိုယ်တိုင်ထည့်ပေးထားသည့် ရေများကို ရေခွက်ထဲက ရေနှင့် ရေရေချင်းထပ်ရောကာ သောက်နေသည်ကို ချက်ကြီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ရှုမြင်နေရသည်မှာ မှန်သော်လည်း ချက်ကြီးတို့ မပြောတတ်သည့် ကုန်လုပ်ဆက်ဆံရေးတို့၊ အညမညတို့၊ သဘောတရားတို့၊ ဆိုရှယ်လစ်လူ့ဘောင်တို့လို ဧရာမ စကားလုံးကြီးများကို ပြောလေ့ရှိသူ ဆရာက မြိန်ရေရှက်ရေသောက်ရင်း မူးနေပြီဆိုလေသောအခါ ချက်ကြီးပင်လျှင် သွားရည်တများများ ကျလာပါတော့သည်။

ပုလင်းထဲ၌ တစ်ဝက်မရှိတရှိခန့် ရေ (သို့မဟုတ်) အရက်ဟုဆိုသော အရာများ ကျန်သည့်အချိန်တွင် ဆရာက များသွားပြီကွာဟု ဆိုပြီး ပြန်သွားပါတော့သည်။

ချက်ကြီးအပိုင်ပဲဟု ဆိုကာ သူ့ဆရာနှယ်လုပ်ရင်း သူ့ဆရာသဖွယ် မူးတူးတူး ဖြစ်လာပါလေသတဲ့။ ကိုယ်ကိုယ်တိုင် ခပ်ပေးထားသည့် ရေကိုပင် သြဇာကြီးသူ ဆရာက မှင်မောင်းကောင်းကောင်းဖြင့် သောက်စားမူးယစ်ပြခဲ့လေသောအခါ ချက်ကြီးလည်း မူးသလိုလိုဖြစ်ပါပြီ။ မူးကြောင် ရူးကြောင်စကားတွေကိုလည်း ပြောပါပြီ။ မိန်းမဖြစ်သူ ပြန်ရောက်လာလေသောအခါ သြော်...တော်က ဒါတွေသောက်နေတာကိုးဟု ဆိုကာ တွေ့ရာဖြင့် ကောက်ပြီး နှက်ထည့်လိုက်ရာ ချက်ကြီး ဟက်တက်ကွဲသွားပါလေသတဲ့။ ဒါသည်ပင် ဆရာဦးဝင်းဖေ၏ ၀တ္ထုတိုသံခိပ် ဖြစ်ပါသည်။

(လေး)

ဆရာက မဟုတ်က ဟုတ်ကကို စီမံခန့်ခွဲခိုင်းသည်။ ထိုမဟုတ် ကဟုတ်ကကိုပင် ဆရာကိုယ်တိုင်က ဟုတ်သယောင် ခင်းကျင်းကပြသည်။ ယင်းကို တပည့်က ဆရာက ဟုတ်နေမှဖြင့် ဟုတ်လို့ထင်ပါရဲ့ဟု ဆိုကာ ဟုတ်သယောင်ယောင်ထဲ၌ သူပါရောပါသွားခဲ့သည်။ သြဇာတို့၊ အာဏာတို့၊ ပါဝါတို့က ဆရာ့ဆီမှာကြီးနေခဲ့တာကိုး။

အရစ္စတိုတယ်ကတော့ ရှင်းသည်။ ဆရာ့ကို ချစ်တယ်။ သို့ သော် အမှန်တရားကိုတော့ ဆရာ့ထက်ပိုချစ်တယ်တဲ့။ ပညာသမားပီစွာ ဓမ္မဘက်က၊ တရားဘက်က၊ အမှန်ဘက်က၊ သစ္စာဘက်က။

ပညာခန်းခြောက်သူ ချက်ကြီးလိုလူတွေကမူ ဆရာ့သြဇာ၊ ဆရာ့အာဏာ အကြီးကြီး၏အောက်မှာ ရုန်းမထွက်သာဘဲ မဟုတ်တာကို လုပ်ပြခဲ့သည်မှန်ပါလျက် ထို မဟုတ်သည့်အတိုင်း တစ်သဝေမတိမ်း ဆက်လုပ်ရန် ဆုံးဖြတ်လေ့ ရှိကြပါလေသတဲ့။

သြော်...အရစ္စတိုတယ်နဲ့ ချက်ကြီးသောက်တဲ့ အရက်ခွက်များ။ ။

မောင်သာချို

7Day Daily webpage ကနေ ကူးယူပါတယ်။ 7Day Daily ကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ (ကျော်ဇင်လတ်)

Post a Comment

0 Comments