💢 လုံးပါး 💢 - မင်းလူ
မေလကို "ကုန်ရာသီ" ဟု သူက သတ်မှတ်ထား၏။
အကုန်အကျများသောလ ဖြစ်သောကြောင့် ဒီလိုဆိုလိုခြင်းဖြစ်၏။
တခြားအချိန်တွေမှာ ရှောင်လွှဲလို့ရသည်။
မင်္ဂလာဆောင်မှာ အဖိတ်ခံရတာမျိုး။ လက်ဖွဲ့စရာငွေကမရှိ။
ဒီအခါမှာ ကျန်းမာရေးအကြောင်းပြပြီး မသွားဘဲနေလို့ရသည်။
မေလ၏ ကိစ္စတွေကတော့ ဘယ်လိုမှ ရှောင်လွှဲလို့ ရွှေ့ဆိုင်းလို့
ရသော ကိစ္စမဟုတ်။ မေလသည် မိုးကြိုကာလဖြစ်၏။ ဒီတော့
မိုးမကျမီ အိမ်ကို ပြင်ဆင်ရတော့သည်။ ဓနိမိုးတွေဆိုလျှင် ပြီးခဲ့
သော တစ်မိုးတွင်းလုံးမိုးဒဏ်ခံရပြီး တစ်နွေလုံးအပူဒဏ်ကြောင့်
ကြွပ်ရွနေခဲ့သည်။ လာမယ့်မိုးတွင်းမှာ ခံနိုင် မခံနိုင်စစ်ဆေးရသည်။
လဲသင့်တာလဲ ဖာသင့်တာဖာရသည်။
ဒီနှစ် မေလဆန်းမှာ မိုးတစ်ကြိမ်ရွာသည်။ ဧည့်ခန်း တည့်တည့်မှ
သွပ်ပြားက ရေ ဒရဟောယိုသည်။ လက်သမားဆရာခေါ်ပြတော့
သွပ်ပြားက ဇကာပေါက်ဖြစ်ရုံမက ဆွေးပြီး အက်ကွဲနေသည်။
သွပ်အဟောင်းနဲ့ သစ်နည်းနည်းပါးပါး ဝယ်လိုက်ရတာနဲ့
လက်သမားခပေးလိုက်ရတာနဲ့ သူ့အတိုင်းအတာအရ
တော်တော်ထိသွားသည်။
နောက်တစ်ခုက ဘယ်လိုမှရှောင်လွှဲလို့မရဘဲ မဖြစ်မနေ
ကုန်ကျရမည့်ကိစ္စဖြစ်သည်။ အိမ်ခေါင် မိုးယိုတာကမှ
မိုးရေကျတဲ့နေရာအောက်ကို ခွက်တွေ ပုံးတွေ ခံထားလို့ရသေး၏။
ခုကိစ္စက ဒီလို မဟုတ်။
မေလဆန်းပြီဆိုတာနဲ့ ဗလာစာအုပ်ကြော်ငြာတွေ ခပ်စိတ်စိတ်
တွေ့လာရ၏။ ကုန်သည်တွေကလည်း အဖြူနှင့်အစိမ်း
ပိတ်စတွေ ဘောလ်ပင် . . ကွန်ပါဘူး . . ကျောပိုးအိတ်တွေ
လှိမ့်သွင်းလာကြသည်။
ပြည့်စုံသူတွေ အတွက်ကတော့ အရေးမကြီး။ စူပါမတ်ကက်တွေ
ပလာဇာတွေ တစ်ပတ်ပတ်လိုက်ရုံနဲ့ လိုချင်တာအကုန်လုံး
တပွေ့တစ်ပိုက်ကြီး အပြည့်အစုံဝယ်လို့ရသဖြင့် အဆင်ပြေသည်။
မတတ်နိုင်သူအဖို့တော့ ရင်မောရသည်။ မဝယ်မဖြစ်ကို အရင်ဝယ်။
ကျန်တာကို နောက်အဆင်ပြေမှ ဝယ်ဖို့ တေးထားရသည်။
ဒီနှစ်အတွက် ဘတ်ဂျက်က ပိတ်သွားပြီဖြစ်၍
ကျောင်းဝတ်စုံ ဝယ်မပေးနိုင်တော့။
မနှစ်က ကျောင်းဝတ်စုံကလေးတွေကိုပဲ ပြန်လည်အသုံးတော်
ခံခိုင်းရပေဦးမည်။
ကျောင်းအင်္ကျီအဖြူတွေက တစ်နွေလုံးခေါက်သိမ်း
ထားသဖြင့် ဝါကျင့်ကျင့်ဖြစ်နေပြီ။ ပြန်လျှော်ပြီး မဲနယ်လေးဆိုးပေးမှ
ဖြူလဲ့လဲ့ဖြစ်သွားမည်။ ထို့ကြောင့် သမီးအကြီးက အင်္ကျီတွေကို
ဗီရိုလေးထဲမှ ထုတ်သည်။ တစ်ထည်ကို ဖြန့်ကြည့်လိုက်
ပြီးနောက် . . . *ဟင် ... ဘယ်လိုဖြစ်တာလဲ။ အင်္ကျီမှာ
အပေါက်ကလေးတွေဖြစ်နေပြီ*
အမေလုပ်တဲ့သူက...
"ဘယ်မှာလဲ ပြစမ်း" ဆိုပြီး
ယူကြည့်သည်။
*ပိုးကိုက်တာ.. သိပ်တော့မများပါဘူးသမီးရယ်။
လေးငါးပေါက်ပါ။ သေးသေးလေးတွေပဲ မသိသာပါဘူး*
သမီးကြီးက နှမြောသည့်လေသံဖြင့်...
"အဲ့ဒါကြောင့် အမေ့ကို ပရုပ်လုံးဝယ်ခဲ့ပါလို့ပြောတာပေါ့"
"အေးဟယ်... အမေလည်း ဝယ်မယ်။ ဝယ်မယ်နဲ့ဟာ..
စျေးရောက်လို့ ဟင်းလျာဝယ်လိုက်တာနဲ့ ပိုက်ဆံက
ကုန်ကုန်သွားလို့ ပရုပ်လုံးဝယ်တဲ့စခန်းကို မရောက်ဘူး။ ဒါနဲ့
အစ်ကို မြို့ထဲထွက်မှာ မဟုတ်လား။ ကြုံရင်ဝယ်ခဲ့စမ်းပါ။
တော်ကြာ တခြားအဝတ်တွေပါ ပိုးကိုက်ကုန်လိမ့်မယ်" ဟု
သူ့ဘက် လှည့်ပြောသည်။ ဒီမိန်းမတော်တော်လူလည်ကျသည်
အိမ်သုံးစရိတ်ထဲက လျော့သွားမှာစိုးလို့ သူ့ဘက်ကို တာဝန်လွှဲချ
ခြင်း ဖြစ်၏။ ဒါကိုလည်း အပြစ်တော့မဆိုသာ။ မိန်းမအနေနဲ့က
စျေးသွားတဲ့အခါ ဘာဝယ်ချက်ရကောင်းမလဲဆိုတာထက်
လက်ထဲမှာရှိတဲ့ ငွေနဲ့ ဘာဝယ်ရင် လောက်ငှမလဲလို့
စဉ်းစားနေရတဲ့အခြေအနေကိုး။
# # #
ကားပေါ်ကဆင်းပြီး အနော်ရထားလမ်းအတိုင်း လျှောက်လာခဲ့သည်။ ဆိုင်တွေမှာ ကျောင်းသား ကျောင်းသူများနှင့်
ပတ်သက်သော ပစ္စည်းတွေချည်း များနေသလားထင်မိသည်။
ထိုအရာများသည် သူ့ကို လှောင်ပြောင်နေသလား ထင်ရ၏။
ထို့ကြောင့် ဆိုင်တွေကို မကြည့်မိအောင်သတိထားပြီး
လျှောက်လာသည်။ ထိုအခါကျမှပင် ပရုပ်လုံးဝယ်ဖို့ကို
သတိရလာပြန်သည်။
ပလက်ဖောင်းပေါ်မှာခင်းထားသော လမ်းဘေးဆိုင် ကလေးမှာ
ပရုပ်လုံးအထုပ်ကလေးတွေ တွေ့သည်။
*ဘယ်လောက်လဲ* မေးတော့
*တစ်ထုပ် တစ်ရာပါ*
ပရုပ်လုံးကလည်း စျေးမသေးပါလား။ တစ်ထုပ်မှာ ရှစ်လုံးလား
ဆယ်လုံးလားပါမည်။ ကလေးတွေရဲ့ ဗီရိုရော သူတို့ဗီရိုအတွက်ပါ
ဆိုလျှင် အနည်းဆုံးနှစ်ထုပ်တော့ ဝယ်ရမည်။
သူ တွေသွား၏။ အိတ်ထဲမှာ ငွေသုံးရာကျော်သာပါသည်။
ပရုပ်လုံး နှစ်ရာဖိုးဝယ်လိုက်လျှင် တစ်ရာကျော်သာကျန်မည်။
လမ်းစရိတ်နဲ့ ဆေးလိပ်ဖိုးနုတ်လျှင် လက်ဖက်ရည်သောက်စရာ
တောင်မှ ကျန်ပါ့မလား။
သူ့စိတ်ကူးက မဂ္ဂဇင်းတိုက်သွားပြီးလျှင် လေထန်ကုန်းမှာ
ထိုင်မည်။ လက်ဖက်ရည်တိုက်မယ့်လူနဲ့တွေလျှင် ကိစ္စမရှိ။
ကိုယ့်ထက်မွဲတဲ့လူနဲ့တွေ့လျှင်ခက်မည်။ မဂ္ဂဇင်းတိုက်မှာတော့
စာမူခ ရစရာရှိ၏။ သို့ရာတွင် သိပ်မကျိန်းသေ။ တိုက်မှာ
အယ်ဒီတာတွေ ရှိချင်မှရှိမည်။ ဒီတော့ လောလောဆယ်မှာ
ငွေကို မသုံးရဲသေး။ စာမူခရပြီဆိုမှ အပြန်ကျလျှင် ပရုပ်လုံး
ဝယ်သွားမည်ဟု ဆုံးဖြတ်လိုက်ပြီး ဆက်လျှောက်လာခဲ့၏။
ထင်တဲ့အတိုင်း မဂ္ဂဇင်းတိုက်မှာ အစောင့်ကောင်လေး
တစ်ယောက်တည်း ထိုင်နေသည်။ စာမူခမရတော့။
သူ့စိတ်သည် နှစ်ခွဖြစ်နေသည်။ လေထန်ကုန်းသွားထိုင်ရ
ကောင်းမလား။ ပရုပ်လုံးဝယ်ပြီး အိမ်ပဲတန်းပြန်ရမလား။
ဘာပဲဖြစ်ဖြစ် သူ့ခြေလှမ်းတွေက လေထန်ကုန်းဘက်ကို
အလိုအလျောက် သွားနေမိ၏။
သူ ဆိုင်ထဲဝင်သွားသည်။ ကဗျာဆရာတစ်ယောက်
အဖော်တစ်ယောက်နှင့် ထိုင်နေသည်။ သူက စားပွဲမှာ
ဝင်ထိုင်ရင်း လက်ဖက်ရည်မှာမည်အပြုတွင် ကဗျာဆရာက
"လက်ဖက်ရည် မမှာတော့နဲ့ဗျ"
"ဟင် ... ဘာဖြစ်လို့လဲ"
"နေအုံးဗျာ .. အရင်မိတ်ဆက်ပေးအုံးမယ် .. ဟောဒါက"
သင်္ဘောသားဟုဆိုသည်။ သူ့စာဖတ် ပရိသတ်တစ်ယောက်တဲ့။
"အဲ့ဒါ ခင်ဗျားကိုတွေ့ချင်နေတာ ကြာပြီတဲ့။ လေထန်ကုန်းမှာ
စာရေးဆရာတွေ ဆုံတတ်တယ်ဆိုလို့ စောင့်နေတာ။
တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားကရောက်လာတော့ အဆင်ပြေသွား
တာပေါ့။"
"သြော် .. ဟုတ်လား"
ဟု ပြော၍ ပြုံးပြနှုတ်ဆက်ပြီး လက်ဖက်ရည်မှာဖို့
လက်ထောင်လိုက်စဉ် ကဗျာဆရာက...
"မမှာနဲ့တော့လေဗျာ။ ခုပဲ သွားကြတော့မှာ"
"ဘယ်ကိုသွားမှာလဲ"
"ဒီလိုပါဆရာ.. ဆရာ့ကို ကျတော်ပြုစုချင်လို့ပါ။"
"ဟာ... နေပါစေ.. ရပါတယ်"
ကဗျာဆရာက . . "ခင်ဗျား အဲ့လိုငြင်းလိမ့်မယ်လို့
သူ့ကို ပြောပြထားပြီးသား။ သူကလည်း
အဲ့လိုငြင်းရင် မရရအောင် ခေါ်ပေးလို့ ကျွန်တော့်ကို
တာဝန်ပေးထားပြီးသား။ ကဲ .. ငြင်းမနေနဲ့တော့။ ထ"
# # #
သင်္ဘောသားက သူ့ကားလေးနှင့် တင်ခေါ်သွားသည်။
စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ ရောက်သွားသည်။
ဆိုင်က (သူ့အနေဖြင့် ပြောရလျှင်) အတော်သားနားသည်။
ခန်းမကျယ်ကြီးထဲမှာ စားပွဲတွေအများကြီးခင်းထားသည်။
စားပွဲတော်တော်များများမှာ လူပြည့်နေသည်။ ဒါနဲ့များ
ငွေရှာရခက်တယ်လို့ ညည်းကြသေးတယ် ဟု သူတွေးမိသည်။
သင်္ဘောသားက ဝီစကီမှာသည်။ ကဗျာဆရာကလည်း
အပြင်းပဲသောက်မည်ဟု ဆိုသည်။ သူကတော့ ကြုံတောင့်
ကြုံခဲ ဖြစ်သော ဘလက်လေဘယ်ကို သောက်ချင်သော်လည်း
အခုတစ်လော အရက်ပြင်းသောက်လျှင် နောက်တစ်နေ့
လည်ချောင်းနာတက်သောကြောင့် ဘီယာပဲမှာလိုက်သည်။
*ကျွန်တော်က တော်တော်စိတ်ဓါတ်ကျနေတဲ့အချိန်ပေါ့ဆရာ
အလုပ်ထဲမှာလည်း အဆင်မပြေဘူး။ အဲ့ဒီအချိန်မှာ ဆရာရေးတဲ့
ဝတ္ထူလေး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အခြေခံလူတန်းစားတွေ
ရုန်းကန် လှုပ်ရှားနေကြတဲ့အကြောင်းလေ။ အဲ့ဒီမှာ ကျွန်တော်
အတွေးတစ်ခုပေါက်သွားတယ်။ သူတို့တောင် ဘဝကို
ရှင်သန်အောင်နေနိုင်ကြသေးတာ။ ငါ ဘာလို့အရှုံးပေးရမှာလဲ
ဆိုတဲ့ တွန်းအား တစ်ခုရလိုက်လို့ ဆက်ကြိုးစားရာက
ဒီအခြေအနေကလေး ရောက်လာတာပါပဲ .. ဒါကြောင့်"
သင်္ဘောသားက ဘာကြောင့် သူ့ကို ပြုစုချင်ရသလဲဆိုသော
အကြောင်းကို စားရင်းသောက်ရင်း ပြောပြနေသည်။
နည်းနည်းညဉ့်နက်လာတော့ စင်ပေါ်မှတီးဝိုင်းက
အရှိန်မြင့်လာသည်။ အပြင်းစားသီချင်းတွေ.. တီးလုံးတွေ..
အကတွေနှင့် မြိုင်လာသည်။
အမှန်အတိုင်းဝန်ခံရလျှင် သူများကျွေးတာမွေးတာ
စားလေ့သိပ်မရှိသဖြင့် အားနာသော်လည်း စားလို့သောက်လို့
ကောင်းတာတော့ သေချာသည်။
အစကတော့ ဘီယာတစ်လုံးလောက်သာ
ဝတ်ကျေတန်းကျေ သောက်မလို့ပါပဲ။ သင်္ဘောသားက
အတင်းမှာပေးသဖြင့် နောက်တစ်လုံး ..
ဒုတိယတစ်လုံးကုန်လုလုမှာ စားပွဲထိုးလေးက
နောက်တစ်လုံးလာချပေးပြန်တယ်။
"ဟာ.. တော်လောက်ပါပြီ"
"သောက်ပါဆရာရယ်.. ကျွန်တော်ကျေနပ်အောင်
များများသောက်စမ်းပါ။ မူးသွားလည်း အိမ်တိုင်ရာရောက်
ထမ်းပို့ပေးမယ်"
"ဘီယာပဲဗျာ.. ဆီးသွားလိုက်ရင် ပြန်ကျသွားမှာပါ"
ကဗျာဆရာကပါ ဝင်ပြောသည်။
ဒီတော့မှပင် ဗိုက်ထဲမှာ ဘီယာတွေများပြီး
ဆီးသွားချင်နေကြောင်း သတိပြုမိသည်။ ထို့ကြောင့် အိမ်သာဆီကို
ထထွက်လာခဲ့သည်။
အမယ်.. အိမ်သာကလည်း အတော်သားနားတာပါပဲလား။
နံရံကပ်ကြွေပြားတွေနဲ့ သန့်ရှင်းသပ်ရပ်တောက်ပြောင်နေ၏။
ဒီထဲမှာ စားပွဲတစ်လုံးချပြီး စာထိုင်ရေးနေလို့တောင်ရတယ်ဟု
တွေးရင်း ကြွေခွက်ရှေ့မှာ ရပ်လိုက်သည်။
ထိုစဉ်မှာပင် သူ့နှာခေါင်းထဲသို့ အနံ့တစ်ခုတိုးဝင်လာသည်။
ငုံ့ကြည့်လိုက်တော့ ဆီးသွားဖို့ ပြုလုပ်ထားသော
ကြွေခွက်ထဲမှာ ပရုပ်လုံးတွေကို မြင်လိုက်ရ၏။
အတော်များသည်။ အလုံးနှစ်ဆယ် သုံးဆယ်တောင်
ကမယ်မထင်။ ဆီးသွားရမှာကိုတောင် အားနာသလိုလို
ဖြစ်သွားမိ၏။ ခုနေများ ဒီပရုပ်လုံး တွေကို
ရေစင်အောင်ဆေးပြီး အိတ်ထဲထည့်ယူသွားလိုက်ရရင် ... ဆိုသော
ကြံကြံဖန်ဖန်အတွေးက ခေါင်းထဲဝင်လာသေးသည်။
အိမ်သာထဲမှာတော့ သူတစ်ယောက်တည်းသာရှိသည်။
⬛
မင်းလူ
စိမ်းရောင်လွင်မဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၃
#မင်းလူရဲ့အမာခံပရိတ်သတ်များပေ့ခ်ျ မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
ခိုင်နီလာမောင်
0 Comments