''ကျွန်တော် ဆရာမအကောင့်ကို ဘလော့ခဲ့တယ်''
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျွန်တော့် friend listထဲမှာ ဘယ်တုန်းကရောက်နေလဲ မသိဘူး။
ဒေါ်အုန်းကြည် တဲ့။
အင်္ဂလိပ်လို Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်။
သေချာကြည့်လိုက်တော့ ကျွန်တော် မူလတန်းတုန်းက
ဆရာမ။ တိတိကျကျ ပြောရ ရင် သူငယ်တန်းကနေ လေးတန်းအထိ ရင်ခွင်ပိုက်စနစ်နဲ့ ကျွန်တော်တို့အတန်းကို တောက်လျှောက် အတန်းပိုင်လုပ်လာတဲ့ဆရာမ။
တစ်မြို့ထဲပေမယ့် ရပ်ကွက်ချင်း ဝေးပါတယ်။
ဆရာမက အပျိုကြီး။
ခုတော့ အသက်ကြီးနေပါပြီ။
ငယ်ငယ်ကတည်းက သွားခေါခေါနဲ့။
ခု ပိန်တော့ သွားက ပိုငေါထွက်နေတယ်။
ဆရာမက ရုပ်တော်တော်ဆိုးပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
တတုံတုံနဲ့ messengerက စာတွေဝင်နေတယ်။
ဆရာမဒေါ်အုံးကြည်ပဲ နေမှာ။
တစ်နေ့ကလည်း ပြောပြီးပြီကို။
သူမေးတာတွေအကုန်ဖြေပြီးပြီလေ။
အခု ကျွန်တော် ကွန်ပြူတာတက္ကသိုလ်တက်နေတဲ့အကြောင်း။
ကောင်မလေးရည်းစား မရှိကြောင်း မထားကြောင်းလည်း ပြောပြရသေးတယ်။
ခုအရွယ်ပဲဗျာ ဆော်ရှိတာပေါ့။
ဆရာမက သူ့လက်ထဲတုန်းကလို ကလေးလေးမှတ်နေတာလား မသိဘူး။
တကယ် စိတ်လေပါတယ်။
သူ့စာကို ကျွန်တော် reply မလုပ်ချင်တော့ဘူး။
ကျွန်တော့် သူငယ်ချင်းတွေနဲ့ပဲ ဆက်ပြောခဲ့တယ်။
Daw Own Kyi ဆိုတဲ့ အကောင့်ရဲ့ ဆရာမဓါတ်ပုံအဝိုင်းလေး တက်လာတိုင်း seenမပြဘဲ လက်က အလိုလို ဆွဲချပစ်ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
အဖေ ကျွန်တော့်အဆောင်လာတယ်။
ကျွန်တော်လိုချင်နေတဲ့ Dell i 7လေး ပါလာတယ်။
ပါကင်လေးမို့ စျေးနှုန်းလေးကပ်ထားဆဲ။
900000/mmk တဲ့။
''ကိုးသိန်းလား အဖေ''ဆိုတော့ ''အေး'' တဲ့။
အဖေက လူရိုးကြီး
အမေက ကျနော့်ကိုမွေးပြီးပြီးချင်း ဆုံးသွားခဲ့တာ။
ခုထိ နောက်မိန်းမ မယူဘဲ ကျွန်တော့်ကို ခုခြေနေထိ ရောက်အောင် ပျိုးထောင်ပေးနေတာပါ။
''သား အဲဒီ ကွန်ပြူတာဝယ်ဖို့ ဒေါ်အုံးကြည်ဆီကငွေချေးလာတာ
မင်း အဲ့ဒါရှိမှ လေ့ကျင့်လို့ ရမယ်ဆိုလို့ ဆရာမက ကူညီလိုက်တာ။
ဆရာမကျေးဇူးတွေ များနေပြီ
သားနဲ့ ဖေ့ဘုတ်မှာတွေ့တယ် ဆို ဆရာမကပြောတယ်
ရိုရိုသေသေဆက်ဆံနော် သား''
''ဟုတ်'' လို့သာ ပြောပြီး laptopအသစ်လေးကိုပဲ
ကျွန်တော် ကလိနေခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&
ဒီနေ့ကျွန်တော် ဆရာမရဲ့ timelineထဲ ဝင်ကြည့်တယ်။
ပင်စင်နီးလာပေမယ့် သူ စာသင်ရတာ မငြီးငွေ့သေးတဲ့အကြောင်း စာတချို့ ရေးတင်ထားတယ်။
ဘုရားစာတွေ ဘုရားပုံတော်တွေ နဲ့ ပညာရေးသတင်းတွေ share ထားတယ်။
ပျင်းစရာကြီးပါ။ ဘာမှတော့ သိပ်ထွေထွေထူးထူး မရှိပါဘူး။
ဗုဒ္ဓဘာသာမှန်ရင် ဤပုံကို ရှယ်ပါတို့
ဒီအဘွားကို သနားရင် hiခဲ့ပါလား တို့လည်း
သူ share ထားတာပဲ။
တော်တော် အ တဲ့ဆရာမ ။
&&&&&&&&&&&&&&&&&&&&&&&&&&&
'hi သား''
''ဗျာ''
''ဒီလကုန်ရင် ဆရာမ ပင်စင် ယူပြီ''
''ဟုတ်''
''နောက်လ ထဲမှာ လုပ်မယ့် ကျောင်းသားဟောင်းတွေရဲ့အာစရိယပူဇော်ပွဲ သားလာဖြစ်လား''
''Tutorialတွေ ရှိတယ် ဆရာမ
ကျနော် မလာဖြစ်လောက်ဘူး
တကယ်လို့ လာလို့ရရင်တော့ ကျွန်တော် လာခဲ့ပါမယ်''
အဖေ က မှာထားတယ် ရိုရိုသေသေဆက်ဆံတဲ့။
ဆရာမကိုတွေ့ချင်လို့ဆိုတာထက်
လူမှုရေး ညံ့တယ် ထင်မှာစိုးလို့
ကျနော် အာစရိယပွဲ တက်ခဲ့တယ်။
တော်တော်စည်တယ်။
ကျနော် မမြင်ချင်ယောင်ဆောင်နေတဲ့ကြားက
ဒေါ်အုန်းကြည်က ကျနော့်ကို လှမ်းခေါ်တယ်။
''ဟာ ဆရာမ'' လို့ အံ့သြဝမ်းသာတဲ့ပုံစံ ဖမ်းပြီး
သွားနှုတ်ဆက်ရတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
Notificationတွေ တက်နေပါတယ် လို့ ကိုယ့် accကိုယ် စစ်လိုက်တော့
''အာကွာ ကျစ်! ''
ဒေါ်အုန်းကြည် လုပ်ချလိုက်ပြီ။
ဆရာမကတော့လေ. . .။
မနက်က အာစရိယပူဇော်ပွဲမှာ ရိုက်ခဲ့တဲ့ပုံကို
Tagတွဲပြီး တင်ထားတယ်။
Tagတာလည်း သူတစ်ယောက်ထဲမဟုတ်ဘူး
လူစုံပဲ။
''ကျွန်မအချစ်ဆုံးတပည့်လေး ကွန်ပြူတာတက္ကသိုလ်ကျောင်းသားလေးပါ''ဆိုပြီး တင်ထားတာ။
သွားခေါခေါ နဲ့ ရုပ်ဆိုးလိုက်တာ တကယ်ပါပဲ။
ကျွန်တော့် Uniက တီချယ်လေးတွေ တွေ့ရင် ရှက်စရာကြီး။
ကျွန်တော့် လက်တွေက ဖုန်း secreenပေါ်မှာ ခဏတာ အလုပ်များသွားတယ်။
နှိပ်ချလိုက်တယ် ချက်ချင်း။
_Remove Tag-
&&&&&&&&&&&&&&&&&&&&&&
ဒီနေ့ သူငယ်ချင်းတွေ အရက်သောက်ကြတယ်။
ကျွန်တော်မသောက်ဘူး အမြည်းစားတာ။
ဖေ့စ်ဘွတ်ပေါ် မှာ
အရက်ပုလင်းတွေ ဘီယာပုလင်းတွေကို ဓါတ်ပုံ ရိုက်ပြီး
ခု ခေတ်စားနေတဲ့ နီနီခင်ဇော်ရဲ့ မူး သီချင်းစာသားလေး ရေးတင်လိုက်တယ်။
''အရက်ကို ကြိုက်လို့ မသောက်ပါ
ဒဏ်ရာတွေဆေးတာ''
အဲ့လိုလေး postထားလိုက်တယ်။
တက္ကသိုလ်က သူငယ်ချင်းတွေကော တခြား fb friendတွေကောက ကွန်မန့်တွေပေးကြတယ်။
''သားရီး ကောင်းနေတယ်လား ''
''con con''
'' ဟျောင့် ငါ့ကျမခေါ်ဘူး''
အများကြီးပါပဲ ကွန်မန့်တွေ။
''အရက်သောက်တာဟာ လူယဉ်ကျေးတွေရဲ့ အလုပ်မဟုတ်ဘူး။
ငယ်ကတည်းက အရက်သေစာရဲ့ဆိုးကျိုးတွေ ပြောပြဆုံးမခဲ့ရက်နဲ့ ခုလို ပညာရှာချိန်မှာ အရက်သောက်ပြတာ အလွန်ဝမ်းနည်းမိတယ် သား။
ဒီပုံကို သားအဖေ မြင်ရင် ဘယ်လောက် ရင်နာလိုက်မလဲ။
ဆရာမ တောင် အတော်စိတ်မကောင်းဖြစ်ရ ရင်
သားအဖေ ဆိုရင်ကော ?
သား ပန်းတိုင်မရောက်ဘဲ လမ်းလွဲနေပါ့မယ်။
သား အမှန်မြင်နိုင်ပါစေ''
လာပြီ။
ဆရာမ ဒေါ်အုန်းကြည်ရဲ့ ကွန်မန့်။
စိတ်ပိန်ထှာ။
လူကို သူ့မူလတန်းကျောင်းသားများ မှတ်နေလားမသိဘူး။
လူငယ်ပဲ တစ်ခါတစ်လေသောက်တော့ကော ဘာဖြစ်မှာကျနေတာ. . .။
ကဲကြာပါတယ်ကွာ. . ဆိုပြီး
ကျနော် ဆရာမရဲ့ အကောင့်ကို အဲဒီညက ဘလော့ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&
ကျွန်တော် ပညာသင်ဆုရလို့
နိုင်ငံတော် အစီအစဉ်နဲ့ နော်ဝေး နိုင်ငံမှာ နည်းပညာတွေအကြောင်း လာပြီး လေ့လာရတယ်။
တစ်ခါတစ်ခါ အဖေ့ကို အရမ်းလွမ်းတယ်။
ဒီမှာ စားရသောက်ရတာ အဆင်မပြေဘူး။
အရင်ဆို အဖေက ငါးပိနဲ့ပဲကြားလှော်လေးတွေ ရောကြော်ပြီး အဆောင်ကို ပို့နေကြ။
အဖေက ကျွန်တော် ပညာတော်သင်လာရတော့ အတော်ပျော်နေခဲ့တာ။
အခု နေရတဲ့အဆောင်ဘေးမှာ Private KG Schoolလေးရှိတယ်။
သင်တန်းက နေ့လည်ဘက်မှဆိုတော့
ဘာရယ်မဟုတ်ဘူး။
စပ်စုမိတယ်။
ကိုယ့်နိုင်ငံလို မဟုတ်ဘူး ဒီမှာက။
ခေတ်မီ စက်ကိရိယာ သင်ထောက်ကူ ပစ္စည်းတွေ ပြည့်စုံလိုက်တာဗျာ။
ငယ်ငယ်က ဒေါ်အုန်းကြည်ကြီး ကတော့
လက်ရေးအဆွဲအသားသင်တာကို
သဲပုံတွေပေါ် လက်ညှိုးနဲ့ ထိုးပြီး လေ့ကျင့်ပေးခဲ့တာ
သတိရမိတယ်။
ဒီက ဆရာမတွေနဲ့ အတော်ကွာတယ်ဗျ။
တို့ဆရာမကတော့ သဲတွေ နဲ့ ညစ်တီးညစ်ပက် သင်ခဲ့တာ။ ခုလို စနစ်တကျ သင်ပေးနိုင်ရင်
ငါ ဒီထက်ပိုတော်ရင်တော်မှာ လို့လည်း တွေးမိသေး။
&&&&&&&&&&&&&&&&&&&&&&&&&&
ကလေးတစ်ယောက် အော်ငိုနေတယ်။
အသံကုန်ခြစ်ပြီး င်ိုနေတာ။
ဆရာမ လုပ်သူက ဖုန်းဆက်ခေါ်နေတာလဲ ကြားရတယ်။ အနီးစပ်ဆုံး ဘာသာပြန်ကြည့်တော့
ကလေးက ဝမ်းတွေ တောက်လျှောက်သွားနေတဲ့အတွက် အမေဖြစ်သူ လာပြီး သန့်ရှင်းရေး လုပ်ပေးစေချင်ကြောင်းနဲ့ သူလည်း အတော် စိတ်ပျက်မိကြောင်း ပြောနေတာ။
အမှတ်တမဲ့ ခေါင်းထဲမှာ ဆရာမဒေါ်အုံးကြည်ကို သတိရမိတယ်။
ကျွန်တော် ငယ်ငယ်က ခုလို ကျောင်းမှာ ဝမ်းတွေသွားတော့ အပျိုကြီးတန်မဲ့ မရွံမရှာပဲ ကျနော့်ကို သန့်ရှင်းရေး လုပ်ပေးခဲ့တာ။မိတဆိုးလေးဆိုပြီး ကျွန်တော့်ကို ပို သံယောဇဉ်ဖြစ်မိတာလဲ တခြားဆရာမတွေကို ပြောတာ ကြားဖူးတယ်။
ကျွန်တော်ထိုင်တဲ့နေရာဝန်းကျင်က ကလေးတွေကိုလည်း ကျွန်တော့်ကို နှာခေါင်းရှုံ့မှာစိုးလို့
ဒါဟာ လူတိုင်းဖြစ်တတ်တဲ့အကြောင်း ပြောပြပေးနေခဲ့တာလေး သတိရမိတယ်။
အင်း. . .
ဆရာမ နဲ့ အဆက်အသွယ်ပြတ်နေတာတောင် အတော်ကြာပြီပဲ။
&&&&&&&&&&&&&&&&&&&&&&&&&
ညနေသင်တန်းအပြန် ဖယ်ရီပေါ်ကဆင်းတော့
မိုးကသည်းနေပြီ။ထီးဆောင်းပြီး လျှောက်လာရင်း အဆောင်နားမှာ ကလေးတစ်ယောက် မိုးထဲလေထဲ ချမ်းတုန်နေတယ်။
ခနလေးနေတော့ ကားလေးတစ်စီး ထိုးရပ်ပြီး အဖေ ဖြစ်ဟန်တူသူက ကားပေါ်ကဆင်းလာပြီး ကပြာကယာနဲ့ကလေးကို ထွေးပွေ့ခေါ်သွားတာတွေ့ရတယ်။
''သား ဖေဖေက သားအတွက် မုန့်ဖိုးတွေ သွားရှာနေလို့
ကြိုတာ နောက်ကျနေတာ ဖြစ်မယ်။
ဆရာမ သားနဲ့အတူတူ စောင့်ပေးမယ်နော်''
မိုးရွာထဲမှာ ထီးနက်ကြီးကို ဆောင်းပြီး ကျောင်းရှေ့မှာ
ကျွန်တော်နဲ့အတူ အဖေ့ကို ကူစောင့်ပေးခဲ့တဲ့
ဆရာမကို သတိရမိတယ်။
တပြိုင်တည်းမှာပဲ သိလိုက်တာက
ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာ/မတွေဟာ
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ သင်ကြားရေးတွေမှာ နောက်ကျချင် ကျနေနိုင်ပေမယ့်
တပည့်တွေအပေါ်ထားတဲ့ စေတနာ ဂရုဏာ အနစ်နာတွေကတော့ ဘယ်နိုင်ငံက မှ လိုက်မမီပါလား လို့။
&&&&&&&&&&&&&&&&&&&&&&&&&&&&
'' ကျေးဇူးပြုပြီး အရေးပေါ်ဝတ်စုံကို ဝတ်ဆင်ထားကြဖို့
ကြေငြာအပ်ပါတယ်ရှင်''
လေယာဉ်က မောင်းနေရင်း စက်ချို့ယွင်းသတဲ့။
လူက လန့်သွားတယ်။
တလောကပဲ တပ်မတော်ပိုင်လေယာဉ်က ပျက်ကျထားတာ။ တွေးကြည့်ရင်း လန့်သွားတယ်။
ငယ်ငယ်လေးနဲ့မသေချင်သေးဘူး။သေလဲမသေရဲဘူး။
ပါးစပ်ထဲ အလိုလိုရေရွတ်မိတာက
''သိရသ္မိ ံမေ ဂါထာတော်''
''ကဲ အားလုံး လိုက်ဆို
ဒီဂါထာက အန္တရာယ်ကင်းစေတယ်
လိုက်ရွတ်ရမယ် မရတဲ့လူ ဒီကြိမ်လုံးနဲ့ ရိုက်မယ်''
ဆရာမ ဒေါ်အုန်းကြည် ငယ်ငယ်က ဒီဂါထာတော် ကို ရိုက်သင်ပေးခဲ့တာ သတိရမိတယ်။
ဆရာမကလည်း ဘုရားစာကို ရိုက်ပြီးသင်ရတယ်လို့ ဆိုပြီး စိတ်ထဲကနေ အပြစ်တင်ခဲ့ဖူးတယ်။
တကယ်တမ်း ဆရာမက ဘုရားစာက ကျောင်းစာလောက် အရေးမကြီးဘူးဆိုပြီးမကျက်မှာ စိုးလို့ တမင်အဲဒီလို သင်ခဲ့တာဆိုတာ အရွယ်ရောက်လာမှ နားလည်တတ်ခဲ့တယ်လေ။
''မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်''
လေယာဉ်ဘီးလုံးတွေ မြေပေါ်ကျမှ ကျနော် စိတ်ထဲ သက်ပြင်းချနိုင်တော့တယ်။
ဂါထာတော်တန်ခိုးနဲ့ ကံကောင်းလို့ မြန်မာပြည် ပြန်ရောက်တာရယ်။
ကျွန်တော် လေယာဉ်လှေကားအဆင်းမှာ ပါးစပ်ကနေ အသံထွက်ပြောမိတာက. . .
''ဆရာမကို ကျေးဇူးတင်ပါတယ်''
&&&&&&&&&&&&&&&&&&&&&&&&&&
'' သား မင်း ဆရာမ ဒေါ်အုံးကြည် ဆုံးတာ ဒီနေ့ ရက်လည်ပဲ ''
''ဗျာ''
ရုတ်တရက် ကြာလိုက်ရတဲ့ စကားကြောင့် ကျွန်တော်ဆွံ့အ သွားမိတယ်။
''မင်းဖို့ ကွန်ပြူတာဖိုးလိုတော့ အဖေ သူ့ဆီက ယူထားတဲ့ အကြွေးတွေလည်း မဆပ်နဲ့တော့ တဲ့
သာအတွက် သူဝယ်ပေးတယ်လို့ပဲ သဘောထားပါတယ် တဲ့''
''သား နဲ့သူ ဖေ့ဘုတ်မှာ မတွေ့တာကြာလို့
သူ သတိရကြောင်း ပြောပေးပါတဲ့''
''သူ သင်ပေးထားတဲ့ ဂါထာလေးလည်း အမြဲရွတ်ပါတဲ့
အဲဂါထာလေးက အန္တရာယ်ကင်းစေသလို စာမေးပွဲတွေလည်း အောင်မြင်စေတယ် တဲ့''
''မင်းဟိုမှာ စားရေးသောက်တာ အဆင်ပြေလားလဲ မေးတယ်
ပြန်လာမှ မင်းဖို့ သူကြော်ထည့်ပေးနေကြ
ပဲကြားနဲ့ငါးပိနဲ့ ကြော်ပေးအုံးမယ် တဲ့''
အဖေ့ ပြောစကားတွေ ကြားတစ်ချက် မကြားတစ်ချက်ပါ။
တကယ်ပဲ ဆရာမဒေါ်အုန်းကြည်ကို ဝန်ချတောင်းပန်ပြီး
ဆရာမကျေးဇူး တတ်နိုင်သလောက် ဆပ်မယ် ကြံပြီး
ပြန်လာတာပါ။
ဘယ်လို ဖြစ်ရတာလဲဗျာ
ဆရာမရယ် . . .သားကို ခွင့်လွှတ်ပါ။
&&&&&&&&&&&&&&&&&&&&&&&&&
ဆရာမ ရဲ့ အုတ်ဂူလေးက ထုံးသုတ်ထားကာစမို့ ဖွေးလွှလွှ။
ဒေါ်အုန်းကြည် အသက် ၆၂ နှစ် ဆိုတဲ့စာသားလေးက
ထင်းနေတယ်။
ကိုယ့်အပေါ်အရမ်းကောင်းခဲ့တဲ့ဆရာမ။
ကျေးဇူး ဆပ်ခွင့်မရတော့ပြီ။
အုတ်ဂူလေးကိုသာ ဆရာမ အမှတ်နဲ့ ရှိခိုးမိတော့တယ်။
မျက်ရည်တွေက တားမရဘုးဗျာ။
ဆရာမ အုတ်ဂူလေးမှာ မှီထိုင်းရင်း
အားရပါးရ ငိုပစ်ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&
ည က တိတ်ဆိတ်နေတယ်။
အဖေက ခေါင်းရင်းတန်းလျားမှာ ဘေးအိမ်က လာလည်တဲ့ ဦးကြီးတွေကို ကျွန်တော် ဟိုနိုင်ငံမှာ
ဘယ်လို နေရ ထိုင်ရ ဘယ်လို ပညာသင်ရတာတွေ။
နောက်နှစ်ကျောင်းပြီးရင် တက္ကသိုလ်ဆရာ ဖြစ်တော့မှာတွေကို အားရပါးရ ကြွားနေတယ်။
ကျွန်တော်ကတော့ unblock ပြန်လုပ်ထားတဲ့
Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်လေးထဲမှာ။
''ဆုံးမတာ ခါးလို့ထင်ပါတယ်
ကျွန်မကို တပည့်လေးတစ်ယောက်က ဘလော့သွားတယ်''
ဆိုတဲ့ postလေး ဖတ်ပြီး ထပ်ငိုမိတယ်။
နောက်ပိုင်း ပို့စ်တွေက တရားစာတွေ shareထားတာ။
ကင်ဆာပျောက်ကင်းစေသော ကုထုံးတွေ လည်း အများကြီး ရှယ်ထားတယ်။
ဆရာမ က ရင်သားကင်ဆာနဲ့ ဆုံးတာတဲ့လေ။
သူ့ကို Tag တွဲပြီး သူ့ ပုံလေးတွေ နဲ့ ဝမ်းနည်းကြောင်း postလေးတွေလည်း အများကြီးပဲ။
ဆရာမက ရုပ်သာဆိုးတာ စိတ်ထားလှတော့ လုပ်ဖော်ကိုင်ဖက်တွေကော တပည့်တွေကပါ ချစ်ကြတယ်ထင်ပါတယ်။
ကျွန်တော်ကသာ ဆရာမကို. . . .။
အတွေးတွေနဲ့ အတူ မျက်ရည်တွေက တားမရဘူးဗျာ။
ကျွန်တော် ဆရာမ ပုံလေး တစ်ပုံ save လိုက်တယ်။
သွားခေါခေါလေးနဲ့ ပြုံးနေတဲ့ ကျွန်တော့်ဆရာမ။
မျက်ရည်တွေ နဲ့အတူ ကျွန်တော် postလေးတစ်ခု တင်မိပါတယ်။
တင်ခဲ့တဲ့ ပိုစ်လေးက
'' ကျွန်တော် ဆရာမ အကောင့်ကို ဘလော့ခဲ့မိတယ် '' လို့ . . . ။
ကောင်းသိုက်စိုး(ကောင်း-မန္တလေး)
(ဤစာစုဖြင့် ဆရာ/ဆရာမ အားလုံးအား ဂါရဝပြုအပ်ပါသည်)
⛳#မောင်နီတာ_နခက
0 Comments