မြကြာဖြူ - ခင်နှင်းယု အပိုင်း (၁၇)

မြကြာဖြူ (ခင်နှင်းယု)
_______________

အပိုင်း (၁၇)

ရှယ်လီ အိမ်ရောက်တော့ တံခါးဝမှာ ကလေးမလေး မစီက တံခါးဖွင့်ပေးရင်း ပြောလိုက်သည်။ 

"မမလေး ... မမအင်နီ ဖျားလို့"

ကြားကြားချင်း ရှယ်လီသည် အပြေးအလွှား အပေါ်ထပ်ကို တက်လာသည်။ အင်နီ့ခုတင်ဘေးမှာ ယောက္ခမကြီး ဒေါ်စံကျော့ခိုင်နှင့် သား ဂျင်မီတို့ ထိုင်နေပါသည်။ 

"သမီး ဘာဖြစ်တာလဲ မာမီ၊ ရှယ်လီသွားတုန်းက နေကောင်းပါတယ်"

အဝတ်ပင်မလဲနိုင်ဘဲ ခုတင်နားကပ်ကာ အင်နီ့နဖူးကို စမ်းသပ်ကြည့်၍ အင်နီ့ခုတင်ဘေးတွင် ထိုင်လိုက်သည်။ 

"ထမင်းစားပြီး ဗိုက်ထဲက နာတယ်ဆိုပြီး အန်တယ်၊ အဖျားကလည်း ရှိလာတယ်၊ ဂျင်မီက အဖျား ၁၀၂ ကျော်လာတော့ ဆရာဝန် ဦးလှရွှေ ခေါ်ပြရင်ကောင်းမယ်ဆိုတာနဲ့ ချက်ချင်း ခေါ်ရတယ်။ သောက်ဆေးလည်း တိုက်၊ ဆေးလည်းထိုးတယ်"

ယောက္ခမကြီးက ပြောပြ၏။ 

"သားလည်း အဖျားက တော်တော်တက်လာတော့ ကြောက်လို့ခေါ်ခိုင်းရတာ၊ ဖျားရုံဖျားတာဆို တော်သေး၊ အန်လည်းအန်တယ်၊ ဆရာကြီးရောက်တော့ ၁၀၄ အထိ တက်လာတယ်။ ရေခဲတင်နေရတယ်၊ ခုမှ ရပ်လိုက်တာ၊ အဖျားနည်းနည်း ကျသွားပြီ"

ဂျင်မီကလည်း အခြအနေကို ရှင်းပြသည်။ 

"ရှယ်လီရောက်ပါပြီ မာမီ၊ မာမီ အိပ်ရေးပျက်တော့မယ်၊ နားတော့"

ဒေါ်စံကျော့ခိုင်က အင်နီ့နဖူးလေးကို စမ်းသပ်ကာ အပြင်ထွက်သွားသည်။ ရှယ်လီ အင်္ကျီလဲနေသည်အထိ အင်နီ ငြိမ်သက်စွာ အိပ်ပျော်နေဆဲ။

"သား ဂျင်မီလည်း သွားနားတော့၊ မာမီရှိတယ်"

ရှယ်လီသည် ခုတင်နား ပြန်ထိုင်လိုက်၏။ 

"မာမီရယ်... ညီမလေးက ကယောင်ကတမ်းတွေပြောတော့ သား စိုးရိမ်သွားတယ်"

"ဘာတွေပြောလဲ"

"ဒက်ဒီ ....ဒက်ဒီရေ ... နဲ့  ဒက်ဒီလို့ပဲခေါ်နေတယ်"

ရှယ်လီသည် ရင်ထဲမှာ နာကျင်သွားသည်။ သမီးနဖူးကို ထပ်မံစမ်းလိုက်သည်။ 

"ခု အိပ်ပျော်နေတာလား ... သတိလစ်နေတာလား ..."

"အိပ်ပျော်နေတာပါ မာမီ၊ ဆရာဝန်ုကြီး ဆေးတိုက်ခဲ့တယ်၊ သား သွားမယ်၊ တခုခု ထူးရင် သားကို ခေါ်လိုက်နော်"

"အေးပါ သားရယ်"

ဂျင်မီက အခန်းအပြင်ထွက်သွားသည်။ အင်နီ့မျက်နှာကို ရှယ်လီ ကြည့်ရင်း သူ အလိုလို ဝမ်းနည်းလာသည်။ သူ့သမီးလေးသည် ရင်ထဲမှ အဖေ့ကို တမ်းတသောဝေဒနာကို ဖျားသောအခါမှ ဖွင့်လှစ်တော့သည်။ 

ဟုတ်မှာပေါ့၊ သူတို့ဒက်ဒီကို သူတို့လွမ်းမှာပေါ့၊ တွေ့ချင်မှာပေါ့၊ သူ ဘယ်လိုပဲ ပြုစုပြုစု၊ အဘိုးအဘွားတွေ ဘယ်လိုပဲရှိရှိ သူတို့ဖခင်သည် တကယ်တော့ သူတို့အလိုလားဆုံး သူတို့တမ်းတအားကိုးသူဖြစ်မှာပေါ့။

သူ တညလုံး မအိပ်။ ၄နာရီကြား အဖျားတိုင်းသည်။ သာမိုမီတာကို ပါးစပ်ထဲ ထည့်ကာနီးမှာပင် အင်နီသည် လူးလွန့်ရာမှ "ဒက်ဒီ ...ဒက်ဒီ" ဟူ၍ ညည်းတွားရင်း တမ်းတသံကို ရှယ်လီ ကြားရ၏။ သူ မျက်ရည်တွေ ဝဲလာသည်။ 

"သမီး အဖျားတိုင်းရအောင်၊ မာမီ အနားမှာရှိတယ်"

အင်နီ ပါးစပ်ကလေးကို ဟတော့မှ သူ စိတ်အေးသည်။ အင်နီ သတိရလာပြီ။ နံနက်မိုးလင်းကာနီးမှာ အဖျား ၁၀၀ အထိ ကျသွားသည်။ အင်နီက ပြန်လည်အိပ်ပျော်သွားသည်။ 

"မာမီ သား အင်နီ့အနားမှာ စောင့်နေမယ်၊ ဘွားဘွားက ကော်ဖီ ဆင်းသောက်ပါတဲ့"

ဂျင်မီရောက်လာ၍ ရှယ်လီ အောက်ကို ဆင်းလာခဲ့သည်။ ထမင်းစားပွဲမှာ မာမီတယောက်တည်း ထိုင်နေသည်။ ဒက်ဒီ ဘယ်ကိုများ သွားပါလိမ့်။ စားပွဲဘေးမှာ ထိုင်လိုက်ရင်း ကော်ဖီကရားကို လှမ်းယူလိုက်သည်။ 

"ဒက်ဒီကော မာမီ"

"အစောကြီးကပဲ ရွှေတိဂုံဘုရား ထွက်သွားတယ်၊ သူ့မြေးအတွက် ယတြာချေမလို့တဲ့၊ ညက ရုတ်တရက်ဆိုတော့ အန်လည်းအန်တယ်၊ အဖျားက ရုတ်တရက်တက်တော့ မာမီတို့လည်း လန့်သွားတယ်၊ ဗိုက်အောင့်တယ်ဆိုတော့ ခွဲများခွဲရမလားလို့၊ ဆရာဝန်ကြီးကတော့ မခွဲရပါဘူးပြောတယ်"

ရှယ်လီသည် သက်ပြင်းချမိသည်။ မာမီတို့ ဒက်ဒီတို့ သူ့မြေးများကို ချစ်ကြပါသည်။ ကျေးဇူးကြီးလှပါသည်။ သူ ကော်ဖီကိုသောက်ရင်း စဉ်းစားနေမိသည်။ ဒီနေ့ တနင်္ဂနွေ၊ နောက်နေ့လည်း ဆိုင်မထွက်သေး။ သမီးအနားမှာ နေမည်။ သမီး အခြေအနေကြည့်၍ နောက်နေ့တွေမှာ မာမီကို ဆိုင်လွှတ်သင့် လွှတ်ရမည်။ 

"သမီးကို မာမီ တခုပြောချင်လို့"

ရှယ်လီ့ကိုယ်မှာ ကြက်သီးထသလိုဖြစ်သွားသည်။ တခါမှ ယောက္ခမ မာမီသည် သူ့ကို သမီးလို့မခေါ်။ ဒီတခါပဲ သမီးဟု ခေါ်သံကြား၍ သူ ကြည်နူးမိသည်။

"သမီး အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဧည့်ခံပွဲတွေ ညစာစားပွဲတွေ တက်ရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ညက ညဉ့်နက်လိုက်တာ"

ရှယ်လီသည် ဘာမှပြန်မပြော။ မာမီ ဘာကိုဆိုလိုသည်ကို နားစွင့်နေသည်။ 

"ညဉ့်က အင်နီကလည်း ဒက်ဒီ ...ဒက်ဒီနဲ့ သူ့ဒက်ဒီကို သတိရတယ်ထင်တယ်။ ကယောင်ကတမ်း ညည်းတာတောင် သူ့ဒက်ဒီကိုပဲ ခေါ်နေတယ်၊ မာမီ သနားလိုက်တာ"

သူ့ကို ငေါက်ငမ်း ဆူပူကြိမ်းမောင်းသံမပါဘဲ ပြောရင်း မာမီ့မျက်နှာက တကယ်ပဲ ညှိုးကျနေသည်။ ရှယ်လီ့နှလုံးသားမှာလည်း ဖျစ်ညှစ်ခံရသလို နာကျင်လာပါသည်။ 

"ဒီကလေးနှစ်ယောက်ဟာ မာမီထင်တာထက် လိမ္မာတယ်။ တခြားမြေးတွေ သူတို့မိဘနဲ့အတူနေရတော့ မာမီလည်း သံယောဇဉ်သိပ်မထားဘူး။ သူတို့နှစ်ယောက်ကိုတော့ လင်းရွှေအောင်မရှိလေတော့ မာမီတို့မှာ သံယောဇဉ်ပိုရတယ်၊ ရှယ်လီ သတိထားမိလား၊ လင်း အင်္ဂလန်ကို ထွက်သွားပြီးကတည်းက ရှယ်လီရဲ့သားသမီးတွေ လင်းအကြောင်း မင်းကို မမေးဘူးမို့လား"

"ဟုတ်တယ် မာမီ၊ ရှယ်လီအံ့ဩနေတာ၊ ဂျင်မီကမှ တခါ မေးသေးတယ်၊ စာမရေးဘူးလား တဲ့။ အင်နီက မမေးဘူး"

ရှယ်လီက သူ့ကလေးတွေသဘောကို နားမလည်နိုင်သောကိစ္စ။ သူပင် အံ့ဩယူသည်။ ဘာကြောင့် ဒီကလေးတွေ သူတို့ဒက်ဒီအကြောင်း မမေးပါလိမ့်ဟု သူ ခဏခဏ တွေးမိသည်။ 

"တကယ်တော့ သူတို့မောင်နှမ မာမီတို့ဆီလာလည်တိုင်း သူတို့အဖေအကြောင်း မေးလိုက်ကြတာ ..."

ရှယ်လီ အံ့အားသင့်သွားသည်။ 

"သူ့အဘိုးက သူ့မြေးတွေကို ပြောထားတယ်။ သားတို့မာမီဟာ ငွေကြေးရှာဖွေရနဲ့ အလုပ်များတယ်။ မာမီစိတ်ချမ်းသာစေချင်ရင် မင်းတို့ဒက်ဒီနဲ့ပတ်သက်ပြီး မာမီ့ကို ဘာစကားတလုံးမှ မမေးရဘူးလို့ သူတို့အဘိုးက မှာထားလို့ ရှယ်လီ့ကို သူတိုဒက်ဒီအကြောင်း မမေးတာ"

ရှယ်လီသည် မျက်ရည်တွေ ဝိုင်းလာသည်။ သူ့ယောက္ခမများသည် သူထင်သလိုမဟုတ်။ သူ့အပေါ် အင်မတန် ငဲ့ညှာကြသည်။ 

"အင်နီ့ကို မထုံတက်သေးလို့ ထင်ရပေမယ့် သူက လာရင် မာမီ့အနားကပ်ပြီး သူ့အဖေအကြောင်း လာပြီးမေးတယ်၊ ဘယ်တော့ပြန်လာမလဲ၊ သမီး စာရေးချင်တယ်နဲ့ မာမီတို့လည်း သလ်မာနဲ့အကြောင်းကလွဲလို့ အားလုံးပြောပြပါတယ်"

"သလ်မာနဲ့အကြောင်း မေမေတို့သိတယ်"

ရှယ်လီက ဖျတ်ကနဲမေးရင်း မျက်ရည်တွေ ကျလာသည်။ 

"မာမီ့ရဲ့မောင် ထွန်းလှအောင်ဆီက သတင်းစုံ မာမီတို့ကြားတာပေါ့။ အစိုးရအထောက်အပံ့နဲ့ သူ မလုံလောက်ဘူး။ မာမီတို့ ဝတ္တရားရှိတဲ့အတိုင်း သူ ပါရဂူဘွဲ့ရအောင် အစအဆုံးထောက်ပံ့ပါတယ်။ ဆွမ်းဆီးဆေးရုံရောက်မှ သူတို့ကို ထောက်ပံ့တာ ရပ်ဆိုင်းလိုက်တယ်"

ဒေါ်စံကျော့ခိုင်စကားကြားတော့ ရှယ်လီသည် ရှိုက်ရင်းမှ ပြန်ပြောလိုက်သည်။ 

"ရှယ်ခီ့ရင်ထဲမှာ လင်းအကြောင်းမမေးရက်လို့ မာမီတို့ကို မမေးတာ မပြောတာပါ။ လင်း အင်္ဂလန်ကို ထွက်သွားတဲ့နေ့မှာပဲ သလ်မာကို လက်ထပ်သွားတယ်ဆိုတာ ရှယ်လီ သိတာကြာပါပြီ။ ကလေးတွေကို ရှယ်လီ အသိမပေးပါဘူး။ သူတို့ဒက်ဒီကို အထင်သေးမှာစိုးလို့၊ မာမီတို့လည်း ထွန်းလှအောင် ပြောပြမှ သိရတာ၊ တို့များအားလုံး ရင်ထဲမှာ မျိုသိပ်ပြီး ဣနြေ္ဒဆည်နေရတာပါ။ ကလေးတွေ ရိပ်မိမိ မမိမိ မာမီတို့ပါးစပ်က ဖွင့်မပြောရအောင် ထိန်းသိမ်းခဲ့ပါတယ်"

ဒေါ်စံကျော့ခိုင်သည် ရင်ထဲမှ တင်းကျပ်နေသလို စိတ်လှုပ်ရှားနေသလို ဖြစ်ရာမှ တစုံတရာပြောဖို့ ဆက်လက်အားယူနေပြန်သည်။ 

"သမီးက ကုန်သည်ဆိုတော့ လူပေါင်းစုံ ဆက်ဆံနေရတာ၊ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံပဲ။ မာမီတို့ငယ်ငယ်က သီချင်းတခု လွတ်လပ်ရေး မရခင်က ကြားဖူးတယ်။ 'ရွှေကိုယူသည်၊ ငွေကို ယူသည်။ ပြီးတော့ လူကိုပါယူသည်' ဆိုတာ ကြားဖူးလား"

ဒေါ်စံကျော့ခိုင်အမေးကို ရုတ်တရက် ရှယ်လီက မဖြေပါ။ သူတို့ကပြားပတ်ဝန်းကျင်မှာ ဒီနိုင်ငံရေးသီချင်းတွေနဲ့ အနေဝေးခဲ့သည်။ ဒါပေမဲ့ သူ ဦးခင်ဆွေနှင့် ပြဿနာတက်တုန်းက ဒေါ်ခင်သက်တင်ဆိုပြသည်ကို ကြားဖူးသည်။ 

"မမ ဒေါ်ခင်သက်တင်ဆိုပြတာ ရှယ်လီ ကြားဖူးပါတယ်"

"အဲဒီသီချင်းက လယ်သမားတွေကို အဓိကပြောတာ၊ အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို သိမ်းပြီး အိန္ဒိယတောင်ပိုင်းက ချစ်တီးတွေကို ငွေထုပ်ငွေရင်းနဲ့ မြန်မာပြည်ခေါ်လာတယ်။ အထူးသဖြင့် လယ်ယာပေါတဲ့အောက်မြန်မာပြည်မှာ မြန်မာ့လယ်သမားတွေကို ငွေထုတ်ချေးတယ်။ မြန်မာတွေကလည်း လွယ်လွယ်ချေးပြီး လယ်တွေ ချဲ့ထွင်လုပ်ကြတယ်၊ စာမတတ်တဲ့လယ်သမားများကတော့ ငွေချေးစာချုပ်မှာ လက်မှတ်အစား ကြက်ခြေခတ်တွေ ခတ်ပြီး ချုပ်ရတယ်။ 

စပါးပေါ်ပြီဆို စပါးနဲ့ ချေးငွေပြန်ဆပ်ကြတယ်။ ချစ်တီးတွေက တင်းတောင်းမမှန်ဘဲ တင်း အကြီးကြီးတွေနဲ့ စပါးတွေ ခြင်ပြီး သိမ်းကြတယ်။ တချို့လယ်သမားတွေဆို ဝမ်းစာစပါးတောင်မကျန်အောင် အသိမ်းခံရတယ်။ ဒီတော့ နောက်နှစ်တွေအတွက် ကြွေးထပ်ယူနဲ့ ကြွေးသံသရာလည်ပြီး နောက်ဆုံးမဆပ်နိုင်ဘဲ လယ်မြေအသိမ်းခံရတယ်။ လယ်အသိမ်းမခံနိုင်တဲ့လူရဲ့သမီးတွေကို ချစ်တီးသိမ်းတာခံရတယ်။ စာချုပ်စာတန်းဆိုတာ စာမတတ်တဲ့ လယ်သမားအဖို့ ချစ်တီးလုပ်သမျှ ခံရတာပဲ၊ တို့ဆီက စပါးဆိုတာ ရွှေငွေတွေပေါ့၊ 'ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်'လို့ မျိုးချစ်စိတ်ရှိတဲ့လူတွေက သီချင်းစပ်ဆိုပြီး လယ်သမားတွေဘဝကို ဖော်ထုတ်ခဲ့တာ"

ဒေါ်စံကျော့ခိုင်က ခေတ္တနားလိုက်၏။ 

"မာမီ ရှည်ရှည်ဝေးဝေး စကားခံလာရတာက အဲဒီအချိန်က မိဘလယ်သမားတွေ စာမတတ်ပေမတတ် မအူမလည်မို့ ကိုယ့်သမီး နုနုထွတ်ထွတ် ချစ်တီးသိမ်းတာခံရတာ။ အခု သမီးလုပ်နေတဲ့ ကုန်သွယ်ရေးလောကမှာ မြန်မာအမျိုးသမီးတွေ စာတတ်ပေတတ် ခေတ်ပညာတတ်တွေပဲ၊ ဒါပေမဲ့ မာမီသိရသလောက် အခု လိုင်စင်ခေတ်မှာ ငွေရင်းရလိုတာက တကြောင်း၊ ဆက်ဆံရေးမှာ ထိန်းထိန်းသိမ်းသိမ်းမရှိတာနဲ့ နိုင်ငံခြားသားကုန်သည်တွေ ခြေတော်တင်ခံရတယ်၊ မိန်းကလေးအတော်များများ အငယ်ဘဝရောက်သွားကြတာ ပျက်စီးကြရတာ အတော်များတယ်လို့ မာမီသိရတယ်"

ရှယ်လီသည် ဒေါ်စံကျော့ခိုင်၏ ရှည်လျားသောမိန့်ခွန်းကြီး၏ အဆုံးသတ်မှာ ဘာကိုဆိုလိုသည်ကို နားလည်လိုက်ပါသည်။ 

"သမီးက အခု ကုန်သည်နိုင်ငံခြားသားပေါင်းစုံနဲ့လည်း ဆက်ဆံရတယ်၊ အစိုးရဌာန ဘဏ်တွေနဲ့လည်း ဆက်ဆံရပြီလေ၊ သမီးလုပ်ငန်းမှာ ကျွမ်းကျင်အောင်မြင်တယ်လို့ မာမီ ယူဆပါတယ်၊ ဒါပေမဲ့ သမီးက ငယ်သေးတယ်၊ ရုပ်ရည်က ချောတယ်၊ ဆက်ဆံရေးလည်းကောင်းတော့ အစစအရာရာ နိုင်ငံခြားသားရော မြန်မာအမျိုးသားတွေနဲ့ရော ဆက်ဆံရာမှာ သတိထားစေချင်တယ်၊ မာမီပြောချင်တာက အဘိုးအဘွားစကားနားထောင်ပြီး ဂျင်မီနဲ့အင်နီဟာ သူတို့အဖေအကြောင်း ရှယ်လီကို တလုံးမှ ဖွင့်ဟမမေးခဲ့ဘူး၊ သားနဲ့သမီးတို့ဟာ အလိုက်သိစွာနဲ့ သူတို့ဘက်က မျိုသိပ်ခဲ့တယ်၊ ရှယ်လီ့ဘက်က ..."

မာမီ စကားမဆက်သေးဘဲ ရပ်ထား၍ ရှယ်လီက ဖျတ်ကနဲ မာမီ့ကို လှမ်းကြည့်လိုက်သည်။ 

"သားနဲ့သမီးတို့ စိတ်ထိခိုက်မယ့်အလုပ်ဆိုရင် ဆင်ခြင်စေချင်တယ် ..."

မာမီက ဒါပဲ ပြောသည်။ 

"ဘယ်လို ... မာမီ ဘာကိုဆိုလိုတာလဲ၊ ရှယ်လီက သားသမီးတွေစိတ်ထိခိုက်အောင် လုပ်နေမိလို့လား"

ရှယ်လီက အလန့်တကြား မေးလိုက်၏။

"ကြိုတင်သတိပေးရတာ ရှယ်လီ၊ ရှယ်လီ့အရွယ်၊ ရှယ်လီ့ဂုဏ်နဲ့ နောက်အိမ်ထောင်ပြုနိုင်မယ့်အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ နောက်အိမ်ထောင်ပြုမယ်လို့ ကြံစည်တိုင်း အလိုက်သိတတ်တဲ့ သားသမီးနှစ်ယောက်အကြောင်းကို ထည့်စဉ်းစားပါ။ ဂျင်မီလည်း နောက်သုံးနှစ်ဆို ဆရာဝန်ဖြစ်တော့မှာ၊ အင်နီ ဒီဂရီရလာတော့ တမျိုးပေါ့။ အခုအချိန်မှာတော့ ကလေးတွေ ပညာသင်ဆဲ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ရှယ်လီ့မှာ ဒီလိုစိတ်မျိုး မရှိဘူးလို့လည်း ပြောမထားနဲ့၊ အရွယ်ရှိတဲ့မိန်းမတယောက်ဟာ လက်ထပ်ချင်စိတ် တချိန်ချိန်တခါခါမှာ ပေါ်လာတတ်တယ်၊ မာမီ ဒါပဲပြောချင်တယ်၊ အင်နီ့ကို သွားကြည့်လိုက်ဦးမယ်"

မာရသွန်မိန့်ခွန်းကြီးပြောသွားကာ မာမီ ထသွားတော့ ရှယ်လီ စားပွဲမှာ တယောက်တည်းကျန်ရစ်သည်။ လှုပ်တောင်မလှုပ်ချင်။ မာမီ့ရှေ့မှာ သူ ထိုင်နေတုန်းက ကျလာသောမျက်ရည်တွေက ခန်းခြောက်သွားပြီ။ သူ့သားသူ့သမီးများ သူ့အပေါ် အလိုက်သိတတ်စွာ နေတတ်သည်ကိုပဲ ကျေးဇူးတင်မိပါသည်။ 

ဘယ်လိုများလုပ်၍ သူတို့ဖခင်နှင့် သူတို့နီးစပ်အောင် လုပ်ပေးရပါ့။ မာမီက သူတို့သားနှင့်နီးစပ်ရေးကို တလုံးမှပြောမသွား။ သူ့ကိုသာ ကြိုတင်သတိပေးသွားသည်။ 

မာမီသတိပေးတာလည်း မလွန်၊ ငယ်ရွယ်လှပသော တခုလပ်မိန်းမတယောက်အဖို့ ဖြစ်နိုင်ချေတွေ အများကြီးရှိသည်မဟုတ်ပါလား။ အန္တရာယ်တွေ များလှသည်မှာတော့ မှန်သည်။ ဒါပေမဲ့ ယောက္ခမကြီး၏စကားလုံးများသည် သိမ်မွေ့ပါသော်လည်း သူ့အပေါ်မှာ အထင်သေးသောအယူအဆကို နောက်ကွယ်မှာ သိုသိပ်စွာ ဖုံးဖိထားသည်။ 

သူသည် အန္တရာယ်ကို ကြိုတင်ကာကွယ်သူတယောက်ပါ။ ဟံအေးကိုတောင် ညဉ့်အချိန် နှစ်ယောက်တည်း ပြန်ရန်မတော် စိတ်မချ၍ ပြန်လွှတ်ပြီး ဒေါ်ခင်သက်တင်ကို သူ ပြန်ပို့ခိုင်းခဲ့သည်။ ဒါပေမဲ့ သူဆိုရှယ်ကျခဲ့သော တက္ကသိုလ်နေ့များကို 
မာမီ တစွန်းတစ သိဟန်တူသည်။ 

သူသည် ယခု တက္ကသိုလ်ကျောင်းသူရှယ်လီ မဟုတ်တော့၊ သူ့မှာ ကပြားဟူသော ဗီဇသွေးနှင့် ရုပ်ရည်ပဲ ကျန်ရစ်ပါသည်။ သူ့ကိုယ်သူ မြွေလို အရေခွံလဲလိုက်၍ တက္ကသိုလ်မှာ ချွတ်ချခဲ့ပြီးပါပြီ။ သူတို့၏သား လင်းနှင့် လက်ထပ်ပြီးကတည်းက လင်းခြေရင်းမှာ ဝပ်ဆင်း၍ သူ၏အိမ်ထောင်ရှင်မအဖြစ် လင်းစိတ်ကြိုက် စာရင်းကိုက်အင်းကိုက် လင်းပေးသမျှငွေကြေးနှင့် စေ့စပ်စွာ သုံးစွဲလာခဲ့သူ။ 

သားတို့သမီးတို့ ရလာသည့်နောက်ပိုင်းမှာလည်း မိခင်ကောင်းတယောက်ပီသအောင် အိုးမကွာအိမ်မကွာနေလာသူတယောက်၊ ထိုစဉ်က ကတော်ပတ်ဝန်းကျင်မှာ တချို့ခေတ်စားသော ဖဲဝိုင်းတွေမှာပင် ပါခဲ့သောမိန်းမတယောက် မဟုတ်ခဲ့သည်ကို မာမီ သိစေချင်ပါသည်။ 

သူ ဘာမှ ပြန်မပြောတော့ပါ။ သူတို့အုပ်ထိန်းမှုအောက်မှာ သူ ရှိနေသေးသည် မဟုတ်ပါလား။ 

နောက်နေ့မှာ ဆိုင်ကိုမသွား။ ကျော်မင်းဝေနှင့်ပင် လွှဲထားသည်။ အင်နီအဖျားက ဖြစ်စလို သိပ်မတက်ပေမယ့် ၁၀၀မှာ တန်းနေသည်။ ဆရာဝန်ကြီးက မှန်မှန်လာကြည့်၍ အရည်ပဲတိုက်ရန် ညွှန်ကြားသည်။ 

အင်နီ့အပါးမှ ရှယ်လီ မခွာ၊ သမီးက နဂိုက ပျော့ပျော့မို့ ယခုလို ဖျားလိုက်တော့ အတော့်ကို ပျော့ခွေနွမ်းနယ်နေသည်။ 

သူ အင်နီ့ကို ရေပတ်တိုက် ခေါင်းဖြီးပေးကာ အဝတ်လဲပေးလိုက်၏။ ကြက်စွပ်ပြုတ် နံနက်စာတိုက်ပြီး ဆေးတိုက်ကာ သိပ်ထားလိုက်၏။ 

နေ့လယ်မှာ ဒေါ်ခင်သက်တင်ဆီက ဖုန်းလာသည်။ မွန်စီယာမီရှယ်နှင့် တွေ့ဆုံနိုင်မည့်ရက်ကို မေးသည်။ လာမည့်စနေမှာ မီရှယ် ပြန်မည်တဲ့။ သူ ညစာစားပွဲမှာတုန်းက သူ့ဆိုင်ကို လာရန်နှင့် အိမ်မှာ မုန့်ဟင်ခါးကျွေးမည်ဟူ၍ ဖိတ်ခေါ်စကားဆိုခဲ့သည်။ ဒီအစီအစဉ်တွေ သူ့ခေါင်းထဲမှာ ဘာမှမရှိတော့။ 

"မမရေ .... မွန်စီယာမီရှယ်ကို ကျေကျေလည်လည် ပြောပြလိုက်ပါ။ ရှယ်လီ့မှာ ထမင်းပွဲကအပြန် အင်နီ ရုတ်တရက်ဖျားလို့ ခုထိလည်း စိတ်မချရဘူး။ အနားက မခွာရသေးဘူး။ မီရှယ်နဲ့ရှယ်လီ တွေ့နိုင်တော့မယ် မထင်ဘူးနော် မမ ...တောင်းပန်ပေးပါ"

သူ ဖုန်းချလိုက်သည်။ ကုန်သွယ်ရေးကိစ္စအတွက်တော့ မီရှယ်နှင့်တွေ့ဖို့ လိုအပ်သည်။ ဒါပေမဲ့ သမီးက နေမကောင်းတာလည်းတကြောင်း၊ မာမီ သူ့အပေါ် ပြောစကားတွေက သံသယဝင်ဟန်ရှိသည်။ ဒါကြောင့် မီရှယ်နှင့် တွေဆုံဖို့ကိုလည်း သူ မစီစဉ်ချင်တော့ပါ။ ချိတ်လုံချည်တစ်ထည်ကိုပဲ ပက်ကင်လှလှ ထုပ်ကာ တောင်းပန်စာနှင့်အတူ မီရှယ်ထံ ဒေါ်ခင်သက်တင်ထံမှတဆင့် ပို့လိုက်သည်။

ဆက်ရန်
---------------------------------
ခင်နှင်းယု

Post a Comment

0 Comments